“အဲသည်ခေတ်ကို မလွမ်းချင်တော့ဘူး”

Share |
အဆိုတော် မအေးမိရဲ့ သီချင်းတပုဒ်ကို ရှေးဦးစွာ ဖော်ပြလိုပါတယ်။ ကျနော်နားထောင်ဖူးတာကတော့ ဒေါ်မာမာအေး ပြန်လည်သီဆိုထားတာကိုပါ။ ဒေါ်မာမာအေးရဲ့ အသံသာမှု၊ အဆိုကျွမ်းကျင်မှုတို့ကြောင့် လွန်ခဲ့တဲ့ ၁၅ နှစ် လောက်က ခဏတဖြုတ် နားထောင်ခဲ့ရပေမယ့် အခုထိ နားထဲမှာ ကြားယောင်နေဆဲပါ။ တေးသွားအနေနဲ့ အင်မတန် နှစ်သက်ဖွယ်ကောင်းလှပါတယ်။ ကျနော့်မှာ သီချင်းမရှိတဲ့အတွက် စာသားလေးတွေကိုပဲ မှတ်မိသလောက် ဖော်ပြလိုက်ရတာကို သည်းခံခွင့်လွှတ်ပါ။

“သီဟာပျော်…. ညီလာတော်…. ရံရွေတော်နဲ့…..
မှန်ရဝေနန်းတော်…… စံလေမြန်းသော်…..။
မြန်မာဘုရင် ရှိစဉ်တုန်းက….
ရွှေဘုန်းတေးသွားဖွဲ့လို့ ဖြေဖျော်…. ရွှေဘုန်းတေးသွား ဖွဲ့လို့ဖြေဖျော်…. သွင်းသော်
ရွာစားမြို့စား အပ်နှင်းသော်…. ဂုဏ်ထူးဝိသေသနဲ့….. တော်သုံးနန်းသုံးစာဆိုတော်….။
တွေးမိတိုင်း အလွမ်းပေါ်…. ရှေးခေတ်က စာဆိုတော်……
အေးမိလေးမှန်းမျှော်…. တမ်းတလို့ ရည်ရော်……”

မအေးမိက ဒီသီချင်းကို မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်မှာ ကျရောက်နေစဉ်ခေတ်က သီဆိုခဲ့ဟန်တူပါရဲ့။ အရင်က ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်ထီးကိုယ့်နန်းနဲ့ နေလာခဲ့တဲ့ မြန်မာတွေ။ တိုင်းတပါးလက်အောက်ကို ရောက်နေရတဲ့အခါမှာ မပျော်ပိုက်တဲ့အတွက် အဆိုတော်တယောက်ဖြစ်တဲ့ မအေးမိအနေနဲ့ ရှေးခေတ်ဟောင်း နန်းတွင်းစာဆိုတော်ဘ၀ကို ပြန်လည်တမ်းတတဲ့သဘော သီဆိုထားပုံရပါတယ်။

“အမှုတော်ကျေလို့…. ဆုတော်ငွေတို့နဲ့….. မင်းမြတ်ကိုယ်တော် မြှောက်စားသော်…..
နန်းတွင်းသူလို့ကျော်….. နန်းတွင်းသူလို့ကျော်….. ရဝေရှင်ထွေးကဲ့သို့နော်….”


ရှင်ဘုရင်ခေတ်တုန်းက နန်းတွင်းစာဆိုအများဟာ ဘုရင်ရဲ့ ဘုန်းတော်ဘွဲ့ကိုပဲ အမျိုးမျိုး သီဆိုဆက်သွင်းကြရတာကလား။ ဘုရင်ကို မြှောက်ပင့်ရတဲ့ အလုပ်မျိုးပေါ့။ ဘုန်းတော်ဘွဲ့၊ ပန်းဘွဲ့၊ ရာသီဖွဲ့၊ တောဘွဲ့၊ တောင်ဘွဲ့တွေပဲ အရေးများကြတယ်။ ဒါပေမယ့် ၀န်ကြီးပဒေသရာဇာရဲ့ တျာချင်းတွေ၊ ရှင်ငြိမ်းမယ်တို့၊ မယ်ခွေတို့ရဲ့ ကဗျာတွေမှာတော့ ပြည်သူလူထုရဲ့ ဘ၀ကို ထင်ဟပ်ပေါ်လွင်တာတွေကို တွေ့ရတယ်။

“ငိုချင်တယ်မောင်ရေ….. နိုင်ငံနဲ့မြို့တော်….. သုဉ်းသုည ကြုံလာပြန်သော်”

“ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝနှင့်၊ သုဉ်းရပြန်လှစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ တို့တတွေသည်၊ သေသော်မှတည့်၊ သြော်ကောင်း၏” ဆိုတဲ့ ဆီးဘန်နီဆရာတော်ရဲ့ ကဗျာလို သူ့ကျွန်ဘ၀ရောက်နေလို့ ရှေးခေတ်ဟောင်းကို တမ်းတရှာတာလို့ နားလည်ပေးလို့ ရပါတယ်။

အဲဒီခေတ်က ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ဆိုတာ မြန်မာ့နိုင်ငံရေးလောကမှာ၊ မြန်မာ့လူမှုနယ်ပယ်မှာ အခုခေတ်လောက် နားရည်မ၀သေးဘူးကိုး။ တိုင်းတပါးလက်အောက်က လွတ်မြောက်ချင်စိတ်တော့ ပြင်းပျနေခဲ့ကြတယ်။

ဒါပေမယ့် အခုခေတ်အမြင်နဲ့ ပြန်ကြည့်ရင်တော့ ရှင်ဘုရင်ကိုချည်း တချိန်လုံး ဘုန်းတော်ဘွဲ့တွေနဲ့ ချီးမြှောက်နေရ၊ ရှင်ဘုရင်ရဲ့ ဗောင်းတော်ညိတ် စိတ်တော်သိရတဲ့ ခေတ်အခါကြီးကို ပြန်လည် မတမ်းတချင်တော့ဘူး။

ရှင်ဘုရင်လည်း လူပဲ။ သာမန်လူလည်း လူပဲ။ လူလူချင်း အောက်မကျို့နိုင်ဘူး။ ကိုယ်ကြည်ညိုလေးစားသူတဦးဆိုရင် ထိုက်တန်သလောက် အရိုအသေ ပေးရုံလောက်ပဲ လုပ်ချင်တယ်။ ပြားပြားဝပ်ဆိုတာမျိုးအထိတော့ စိတ်မပါဘူး။ ကျနော်လို လူမျိုး ဘုရင်ခေတ်မှာ လူမဖြစ်ခဲ့ရတာ အများကြီး ကံကောင်းတယ်လို့ ကိုယ့်ဘာသာကိုယ် ဖြေတွေး တွေးရတယ်။

ဟုတ်တယ်လေ။ ရှင်ဘုရင်တွေ သူတို့ကိုယ်သူတို့ နေမျိုးနွယ်လို့ ထင်မှတ်နေတာ၊ ဘုန်းသမ္ဘာရှင်လို့ ထင်မှတ်နေတာ၊ မိုးကျရွှေကိုယ်လို့ အခြောက်တိုက်ထင်မှတ်နေတာကို ကိုယ်က အလကားနေရင်း ဘုန်းတော်ဘွဲ့ သွားစပ်မပေးနိုင်ပေါင်။ သူ့အလိုနဲ့ ဆန့်ကျင်ပြီး ဘုဂလန့် နေပြန်ရင်လည်း သူ့မှာ သက်ဦးဆံပိုင် အာဏာရှိနေလေတော့ ရွှေစိတ်တော်ငြိုငြင်ပြီး ကိုယ့်မှာ အသက်နဲ့ကိုယ် အိုးစားကွဲရဦးမယ်။ မလွယ်ဘူး… မလွယ်ဘူး…. သက်ဦးဆံပိုင်ဘုရင်ခေတ်များတော့ ကန်တော့ဆွမ်းပါ။

ကြည့်ပါဦး။ အဲသည်ခေတ်က ဘုရင်တွေရဲ့ သြဇာကြီးပုံကို ရည်ညွှန်းပုံများ…. ရေ၊ မြေ၊ လေ သနင်းကို အစိုးရတော်မူသော နေလို လလို ဘုန်းသမ္ဘာတောက်ဖြာသည့်မင်းတဲ့။ သူမမွေးခင်ကတည်းက ရှိနေတဲ့ ရေ၊ မြေ၊ လေ ကိုတောင် အစိုးရချင်သေးတယ်။

ထားချေတော့။ ရှိစေတော့။ ဟိုးခေတ်က အမြင်အယူအဆကိုး။

ဒါပေမယ့် ခက်တာက ဒီဖက် ခေတ်ကြီးထဲရောက်တဲ့အထိ ထူးထူးခြားခြား ဘုရင်ရူး ရူးနေသူတွေက ရှိသေးတယ်။ ရေ၊ မြေ၊ လေ သနင်းကို အတင်းအဓမ္မ ချုပ်ကိုင်ပြီး မြေပေါ်မြေအောက် သယံဇာတမှန်သမျှကိုလည်း ရောင်းစားလို့ ကုန်ပြီ။ အဲဒီ ဘုရင်ရူးအတွက် ဘုန်းတော်ဘွဲ့ စပ်ရရင်လည်း “မှန်ပါ။ ဘုန်းတော်ကြောင့် အကုန်လုံး ပြောင်ပြီ ဖုယာ့” လို့ ရေးစပ်ရကိန်းရှိတယ်။

ဘုရင်ရူးသူက သူစားရလို့၊ သူမိသားစု တဘ၀စာ ကောင်းစားလို့ ရူးတယ်ပဲ ထားဦး။ အဲဒီ ဘုရင်ရူးတွေရဲ့ နောက်မှာ အရိုးအရင်းလောက်ကို ကိုက်ပြီး ဟုတ်ပါ့ဘုရား၊ မှန်ပါ့ဘုရားလုပ်နေတဲ့ သခင်အားရ ကျွန်ပါးဝတွေလည်း ရှိတတ်သေးတယ်။ အဲဒီလူတွေရဲ့ ဘ၀ကတော့ သနားဖို့ကောင်းပါတယ်။

လူတွေမှာ တိရိစ္ဆာန်ထက် သာလွန်တဲ့အချက်တွေရှိတယ်။ အဲဒီထဲမှာ အသိဉာဏ်ပညာကြီးခြင်းနဲ့ ကိုယ့်ကျင့်စာရိတ္တရှိခြင်းတို့လည်း ရှေ့ဆုံးက ပါတယ်။ ကိုယ်ကျင့်စာရိတ္တစံနှုန်းတွေထဲမှာမှ သူတပါးအပေါ်မှာ မတော်မတရား မလုပ်လိုခြင်း၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်ဓါတ်မျိုး မမွေးမြူတတ်ကြခြင်း၊ မကောင်းမှုကို လုပ်ရမှာ ရှက်ကြောက်တတ်ခြင်း (ဟိရိသြတ္တပ) စတဲ့ အချက်တွေပါဝင်ပါတယ်။

စောစောက ပြောခဲ့တဲ့ ဘုရင်ရူးများနဲ့ နောက်လိုက်နောက်ပါ ခြွေရံသင်းပင်းများမှာတော့ အဲဒီ ကိုယ်ကျင့်တရားစံနှုန်းတွေ ပျောက်ဆုံးနေတာကို သတိပြုမိတယ်။

ရခဲလှတဲ့ လူ့ဘ၀ကို လက်ဝယ်ပိုင်ပိုင် ရလာပေမယ့် စဉ်းစားဆင်ခြင်ဉာဏ်ပျောက်ဆုံးပြီး၊ ကိုယ့်ကျင့်စာရိတ္တစံချိန် ကျဆုံးနေတယ်ဆိုရင်ဖြင့် နောင်ဘ၀ရဲ့ လားရာကို အသာထားလို့ ယခုမျက်မှောက်ဘ၀မှာပင်လျှင် တိရိစ္ဆာန်နဲ့ မခြားနားလှပါကလားလို့ တွေးတောမိပါတယ်။

ဘလော့ဂ်ဖတ်လာ မိတ်သဟာ… ချမ်းသာကိုယ်စိတ် မြဲပါစေ။
လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။

မှတ်ချက်။...........။ ဒေါ်မာမာအေး ပြန်လည်သီဆိုထားတဲ့ မအေးမိရဲ့ သီချင်းကို လက်ဝယ်ရှိသူများ ကျနော်အား ကျေးဇူးပြု၍ မျှဝေပေးစေလိုပါသည်။

7 comments:

စိမ်း... said...

အရိုးအရင်းကလည်း တဆွေလုံးတမျိုးလုံး သူဌေးစားရင်းဝင်စေသကိုး.... ဒါကြောင့်ပေါ့ ... ဟီရိ ရော သြတပ္ပ ရော ပျောက်နေတာ...

Thant said...

အခုအချိန်သက်ဦးဆံပိုင်ဘုရင်ခေတ်ဆိုရင် ကောင်မလေးတွေတစ်ယောက်မှလွတ်မှာမဟုတ်ဘူး...ဟိ ။

Rita said...

“မှန်ပါ။ ဘုန်းတော်ကြောင့် အကုန်လုံး ပြောင်ပြီ ဖုယာ့”

အဲလေ.. အကုန်လုံး ဖတ်ရှုပြီးပါပြီ ဖုယာ့။
:D

Nge Naing said...

သက်ဦးဆံပိုင် ဘုရင်စံနစ်မှာကမှ မင်းကျင့်တရားဆိုတာကို လိုက်နာတာ ရှိသေးတယ်။ အခုနအဖ ကြီးစိုးတဲ့ ခေတ်ကတော့ သက်ဦးဆံပိုင် ဘုရင်ခေတ်တုန်းကထက် အများကြီး နှိပ့်ကျသေးတယ်။ ဒီတော့ ကိုပေါရေ သက်ဦးဆံပိုင်ဘုရင်ခေတ်မှာ လူဖြစ်ရတာထက် အခု နအဖခေတ်မှာ လူဖြစ်ရတာက ပိုဆိုးတယ်လို့ ကျွန်မက မြင်တယ်။ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင် အလောင်းဘုရား ကြီးစိုးခဲ့တဲ့ သက်ဦးဆံပိုင် ဘုရင်ခေတ်တွေတုန်းက သူများနိုင်ငံကို ရန်မူကျူးကျော်စော်ကားပြီး စစ်သွားတိုက်တာ တခုပဲ ပြောစရာရှိတယ်။ စစ်လိုက်တိုက်ရတာကလွဲပြီး ကျန်တဲ့နေရာမှာတော့ နအဖလက်ထက်မှာထက် ပိုပြီး တိုင်းသူပြည်သားတွေ ဘ၀လုံခြုံမှု၊ စိတ်ချမ်းသာမှု ပိုလိမ့်မယ်လို့ ထင်တယ်။

Naw said...

နောင်လာမယ့် ဘယ် ဂျင်နရေးရှင်းမှ ဒီလို အလွန်တရာမှ စိတ်ပျက်ဖွယ်စက်ဆုပ်ဖွယ်ခေတ်ဆိုးကြီးနဲ့ မကြုံရပါစေနဲ့ လို့ .....

PhotoVigor said...

I am so sorry for Burma. Once, it was the richest in SEA.
:(

ကိုတုတ် said...

အရူးဘုံမြှောက် ချေးခြောက် ကေါက်စား
ဆိုသလိုဘဲ
သန်းရွှေ နဲ. မိသားစုကတော.
ဘေးက မြှောက်ထိုးပင်.ကေါ်တွေကြောင်.
အရူး က လက်နှက် ကိုင်ပြီး ရမ်းချင်တိုင်း ရမ်းတာကို
ခင်ဗျားတို. ကျွန်တော်တို. ဘယ်လောက် သီးခံ နေကြအုံးမလဲ ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs