“ကိုပေါ၊ နိုးပြီးလား။ လာကွ၊ မီးလှုံရင်း ရေနွေးကြမ်းသောက်လှည့်ဦး။”
ကျနော်အိပ်ယာမှ နိုးထလာသည်နှင့် လှမ်းခေါ်လိုက်သော ဆရာ့အသံ။ အချိန်က မနက် ၄ လေးနာရီ။ အစောကြီးရှိသေးသည်။
အသံလာရာကို လှမ်းကြည့်လိုက်တော့ အိမ်နောက်ဖေး မန်ကျည်းပင်အောက်က အုတ်ခဲသုံးလုံး ဖိုခနောက်ဆိုင်မီးဖိုမှာ ထမင်းအိုးတည်ရင်း မီးလှုံကာ မီးဖိုမှ မီးအလင်းရောင်ဖြင့် စာဖတ်လျက်ရှိသော ဆရာ့ကို တွေ့ရသည်။ ဆရာကိုယ်ပေါ်မှာ စောင်တထည်ပတ်လျက်။ ခေါင်းမှာကလည်း သိုးမွှေးဦးထုတ်ကို နားရွက်ပါဖုံးအောင် စွပ်လျက်။
ကျနော်လည်း အိပ်ယာမှ ကပျာကယာ လူးလဲထ။ သွားတိုက် မျက်နှာသစ်ပြီး မီးဖိုအနီးမှာ သွားထိုင်သည်။ ကျနော်လက်ထဲမှာလည်း စာအုပ်တအုပ်သယ်သွားရသည်။ ဆရာက စာဖတ်ရင်း ရေနွေးကြမ်းသောက်လိုက်၊ မီးဖိုထဲ ထင်းထည့်လိုက်။ ကျနော်ကလည်း အသာငြိမ်ပြီး စာအုပ်ဖတ်ရသည်။
ကျနော့်ဆရာမှာ အဲသည်အချိန်က သားသမီး ဘုစုခရု သုံးယောက်ရှိသည်။ ဆရာ့ဇနီးမှာ အလွန်ချော၏။ ဆရာက သူ့ဇနီးနှင့် သားသမီးတွေကို အရမ်းချစ်သည်။ ကျနော်သူ့အိမ်မှာ သွားနေစဉ်အတွင်း ဆရာသည် မနက်တိုင်းအစောကြီးထကာ ရေနွေးအိုးတည်၊ ထမင်းချက်ထားနှင့်ရင်း စာဖတ်နေတတ်သည်။ ဇနီးနှင့်ကလေးတွေ နိုးလာရင် ထမင်းပူပူနွေးနွေးကို ရွာထိပ်အကြော်ဖိုက မိုးလင်းကာနီး ဆရာသွားဝယ်လာသော အကြော်မျိုးစုံနှင့် နံနက်စာ အဆင်သင့်စားရုံပါဘဲ။ အဲသည်ကတည်းက ကျနော်က ဆရာ့ကို အားကျ၍ တနေ့ငါမိန်းမယူလျှင် ဆရာထက်မနည်း မိန်းမကို ချစ်မည်၊ ပြုစုမည်ဟု စိတ်ကူးခဲ့ဘူးသည်။ သို့သော် လက်တွေ့တွင်တော့ ဆရာ့ခြေဖျားကိုတောင် မမှီခဲ့ပါ။
အဲသည်တုန်းက ကျနော်က ခုနစ်တန်းကျောင်းသားအရွယ်။ လူရည်ချွန်ဖြေရန်အတွက် ဆရာ့အိမ်မှာ သွားအိပ်ရင်း ဗဟုသုတအတွက် စာအုပ်များ၊ သတင်းစာများကို ဖတ်ရှုလေ့လာရသည်။ အားကစားအတွက် လေ့ကျင့်ရသည်။ လေ့လာရသည်။ ဆရာက ကျောင်းမှာ ဘာသာရပ်ဆရာအဖြစ်သာမက အားကစားအတွက်ပါ တာဝန်တွဲဖက်ယူရပေသကိုး။
ကျနော့်ဘ၀ကို ထုဆစ်သောလူများထဲတွင် ဆရာသည်လည်း တယောက်အပါအ၀င်။
ကျနော်ခြောက်တန်းမှာ တစ်နှစ် ကျပြီးသည့်အခါ နောက်တနှစ်တွင် အတန်းထဲမှာ သူများထက် အစစ တပန်းသာနေသည်။ ကိုယ်က စာတွေကို သူများအရင် တနှစ်စောပြီး သင်ခဲ့ဘူးပြီးသားကိုး။
ဒါပေမယ့် ဆရာက ကျနော့်ကိုယ်ကျနော် ယုံကြည်မှုတွေ တိုးတက်လာအောင် အများကြီး စွမ်းဆောင်နိုင်သည်။ ကျနော်သည် နှစ်ကျတယောက်ဖြစ်သည့်အတွက်ကြောင့်မဟုတ်ဘဲ တကယ်အရည်အချင်းရှိသည့်အတွက်သာ အတန်းထဲတွင် ထိပ်ဆုံးက ရောက်နေသည်ဟု ကျနော့်ဘာသာ ယုံကြည်လာအောင် ပြုပြင်ပေးနိုင်စွမ်းရှိသည်။ သူလုပ်ပုံလုပ်နည်းမှာ ကျနော်အစမ်းစာမေးပွဲများတွင် အမှတ်အများဆုံးရနေပါက အတန်းထဲတွင် နှုတ်က ထုတ်ဖော်ချီးမွမ်းယုံမက ကျောင်းဝန်းအတွင်း သူနှင့် အခြားဆရာများ စကားပြောနေကြသည့်နေရာအနီးမှ ကျနော်ဖြတ်သွားလျှင်လည်း ကျနော့်ကို သူတို့အနီးသို့ ခေါ်၍....“ဒါ ကျနော့်အတန်းက ကိုပေါလေ။ ဒီကောင်တော်တယ်။ အရည်အချင်းရှိတယ်” စသဖြင့် တခြားဆရာတွေကို ပြောပြတတ်သည်။ ထိုအဖြစ်အပျက်သည် အသေးအဖွဲဟု ထင်ရသော်လည်း သချာင်္မဖြေနိုင်သဖြင့် ၆ တန်းတွင် တနှစ်ကျရှုံးဘူးသော ကျနော့်အား စိတ်ဓါတ်ကို ကျဆင်းမသွားစေဘဲ အမြင့်ဆုံးကို မြှင့်တင်ပေးနိုင်ခဲ့ပါသည်။ ရလာဒ်မှာ ကျနော်သည် ထိုအလယ်တန်းကျောင်းတွင် နေစဉ်တလျှောက်လုံး အမြဲတစေ နံပါတ် တစ် နေရာမှ တပြားသားမျှ မဆင်းတော့ချင်းဖြစ်သည်။
ဆရာက ကျောင်းစာကိုသာ ကျနော့်ကို လေ့ကျင့်ပေးသည်မဟုတ်။ အကျင့်စာရိတ္တကိုလည်း ပြုပြင်ပေးသည်။ တခါက မကွေးမြို့တွင်ပြုလုပ်သော မြို့နယ်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲသို့ ကျနော်တို့ မြို့နယ်ကလည်း သွားပြိုင်ကြသည်။ မင်းဘူးမှ မကွေးဘက်သို့ မြစ်အကူးတွင် လက်ထောက်မြို့နယ်ပညာရေးမှူး (ကျနော့်ယောက်ဖ) ၏ စက်ဘီးကို ကျနော်က မျက်နှာလိုအားရဖြင့် စက်လှေပေါ်မှ ထမ်း၍ ချပေးလိုက်သည်။
ဆရာက အသာကြည့်နေကာ...ညဘက် ထမင်းစားချိန် ရောက်တော့မှ....“ဟေ့၊ ကိုပေါ။ လက်ထောက်ပညာရေးမှူးစက်ဘီးကို ထမ်းချပေးတဲ့ လုပ်ရပ်က တကယ်တော့ မလိုအပ်ပါဘူးကွ။ မင်းက သူ့အခိုင်းအစေလည်း မဟုတ်ဘူး။ သူက မင်းထက် လူကောင်ကြီးပြီး သန်လည်း သန်မာပါတယ်။ မစွမ်းမသန်တဲ့ လူကို ကူညီတာဆိုရင်တော့ ကောင်းတာပေါ့ကွာ။ ဒီကိစ္စမှာတော့ မင်းက မလိုအပ်ဘဲ အောက်ကျို့လွန်းတယ်လို့ ဆရာ ထင်တယ်။ မင်းကျို့တာက ကိစ္စမရှိဘူး။ ဟိုပုဂ္ဂိုလ်က မင်းအောက်ကျို့ဆက်ဆံတာကို အရသာတွေ့ပြီး နောက်လူတွေဆီက အဲသည်လို ဆက်ဆံမှုမျိုးကို မျှော်လင့်လာရင် တခြားလူတွေအတွက် ကိစ္စရှိတယ်ကွ။ ” ....။
ကျနော့်ဆရာက အဲသည်လို။
ကျနော်တွေ့ဘူးသမျှတွင် ဆရာသည် ကျောင်းသားတွေကို ကျောင်းစာနှင့် မသက်ဆိုင်သော ပုံပြင်တွေ၊ သမိုင်းတွေ အကြောင်းကို အပြောဆုံးဆရာတဦးဖြစ်သည်။
အာဇာနည်နေ့ ဟောပြောပွဲလိုမျိုးမှာ ဗိုလ်ချုပ်တို့ အလုပ်ကြံခံရပုံကို တဆင့်ချင်း၊ တကွက်ချင်း လေယူလေသိမ်းဖြင့် ဆရာမို့ ဟောပြောပြီဆိုလျှင် ကျောင်းသားတွေရော၊ ဆရာတွေပါ ငြိမ်သက်ပြီး နားထောင်ရလောက်အောင် ဆရာက အပြောလည်းကောင်းသည်။
အမျိုးသားနေ့ အကြိုဟောပြောပွဲမျိုးဆိုရင် လက်ရွေးစင်ကျောင်းသားအချို့ကို ရွေးထုတ်ကာ “တကောင်းအဘိရာဇာ ဒို့ဗမာ သာကီမျိုးဟာ...မညှိုးဂုဏ်တေဇာ” အစချီတဲ့ သခင်ဘသောင်းရေးတဲ့ ဒို့ဗမာ သီချင်းကို အကျအန သင်ပေးကာ “မီးဒုတ် မီးဒုတ် ရှို့ရှို့....သခင်မျိုးဟေ့ ဒို့ဗမာ” စတဲ့ သီချင်းတွေ ကြွေးကြော်သံတွေကို ကြက်သီးမွေးညှင်းထလောက်အောင် လက်သီးလက်မောင်းတန်း ရွတ်ဆိုစေခဲ့သော၊ မာန်ပါပါနဲ့ ဟောပြောနိုင်ခဲ့သော ဆရာ။
သူ့အိမ်မှာ အင်္ဂလိပ်လိုနဲ့ မြန်မာလို ပူးတွဲပါသော ဂါးဒီယန်းစာအုပ်တွေ တထပ်ကြီးချပေးကာ အင်္ဂလိပ်စာ ဖတ်အားကောင်းအောင် လေ့ကျင့်ပေးပုံတွေ၊ ကျနော် အားကစားအတွက် ဘောလုံးကွင်းကို ပတ်ပြေးနေတော့ နာရီတလုံးနဲ့ စံချိန်မှတ်ပေးနေပုံတွေ၊ ကျနော် လူရည်ချွန်ရလို့ နွေရာသီအပန်းဖြေစခန်းကအပြန် အမှတ်တရ လက်ဆောင်တွေ ဆရာ့ဘို့ ၀ယ်သွားပေးတော့ သူ့တပည့်အတွက် ကျေနပ်ဂုဏ်ယူတဲ့ အကြည့်နဲ့ ပီတိဖြစ်နေပုံတွေ၊ ကျနော်တို့ ကျောင်းသားငယ်တွေနဲ့အတူ ခြင်းတ၀ိုင်းထဲ ခတ်ကာ “မဟာဒူး၊ ဖ၀ါး၊ ဖနောင့်၊ စလွယ်” စတဲ့ ခတ်ပုံခတ်နည်းတွေကို လှလှပပ ခတ်ပြခဲ့တာတွေ မျက်စိထဲမှာ မြင်ယောင်နေမိသည်။
ကျနော် ဘွဲ့ရအပြီး မလေးရှားက အလုပ်တခုမှ အရွေးချယ်ခံရ၍ နိုင်ငံခြားသို့ မထွက်မီ မိဘတွေရှိတဲ့ မွေးရပ်မြေကို ခဏပြန်တော့ လမ်းခုလပ် မြို့ကလေးတခုက ထမင်းဆိုင်မှာ ဆရာနဲ့ ဆရာကတော်ကို ဗြုန်းကနဲ သွားတွေ့သည်။ ဆရာက အဲသည်မြို့ကလေးမှာ အထက်တန်းကျောင်းအုပ်ဖြစ်နေသည်။ ဒါပေမယ့် ဆရာပုံက နွမ်းနွမ်းပါးပါး။ ကျနော်ကလည်း ထိုစဉ်တုန်းက ဘိုင်ကောင်ပီပီ ဆရာကို လက်အုပ်ချီကာ (လက်ချည်းသက်သက်) ထိုင်ကန်တော့ခဲ့ရသည်။ ဆရာ၏ ဆုပေးသံမှာ တုန်ခါနေပြီး တချိန်တည်းမှာ သူ့တပည့်နိုင်ငံခြားထွက်တော့မှာ၊ ကြီးပွားတော့မှာကို ၀မ်းသာအားရဖြစ်နေပုံရသည်။ ပြီးတော့ တခုမှာလိုက်သေးသည်။ “ငါတပည့်၊ မင်း နိုင်ငံခြားသူနဲ့တော့ အိမ်ထောင်မပြုပါနဲ့ကွာ။ မြန်မာလူမျိုးနဲ့ဘဲ အိမ်ထောင်ပြုပါ” တဲ့။ ဆရာ ဘာရည်ရွက်ချက်နဲ့ ပြောသလဲတော့ ကျနော် မေးမကြည့်ခဲ့တော့ပါ။
တနေ့က အစ်မနဲ့ ဖုန်းပြောရင်း ဆရာ့ကို အထူးသတိရ၍ ကျနော် ပို့ပေးထားသည့်ငွေဖြင့် ကျနော့်ကိုယ်စား ဆရာ့ကို သွားကန်တော့ပေးပါဟုပြောတော့....အစ်မက “ဆရာ လေဖြတ်ထား၍ အိပ်ယာထဲ လဲနေကြောင်း၊ တခါတရံ တချို့လူတွေကို သတိမရတော့ကြောင်း၊ ကျနော်တို့ မောင်နှမတတွေကိုတော့ မှတ်မိနေသေးကြောင်း၊ ဆက်ဆက် သွားကန်တော့ပေးမည်ဖြစ်ကြောင်း”တွေ ပြောပြသည်။ သည်အကြောင်းသိရတော့ ကျနော့်ရင်ထဲမကောင်း။ ဒါပေမယ့် ဆရာ့သားသမီးတွေ လိမ္မာပြီး မိဘအပေါ်သိတတ်ကြောင်း ကြားရတော့ ဆရာ့အတွက် ၀မ်းသာမိသည်။
ဆရာသည် ကျနော့်ဘ၀ကို မြှင့်တင်ပေးခဲ့သူ၊ ကျနော့်စာရိတ္တကို ပြုပြင်ပေးခဲ့သူ၊ ကျနော့်ကိုယ်ကျနော် ယုံကြည်မှု ရှိလာအောင် မြေတောင်မြှောက်ပေးခဲ့သူ။
ကျနော့်ဘ၀၀ယ် အကောင်းဘက်သို့ရောက်အောင် တွန်းပို့ပေးသူများအကြောင်းကို စဉ်းစားလိုက်တိုင်း ကျနော့်၏ အလယ်တန်းပြဆရာကို သတိရမိတော့သည်။
စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites | Blogs |
3 comments:
အကောင်းဆုံးလို့ ပြောလို့ရတဲ့ ဆရာ ကိုရတာ ကံကောင်းသလို ကျေးဇူးတရားသိတတ်တဲ့ တပည့်ကို ရတဲ့ဆရာဟာလည်း ကံကောင်းတာဘဲဗျ
ကိုယ့်မြန်မာပြည်က ဆရာပီသပြီး လေးစားတန်ဖိုးထားရတဲ့ ဆရာ၊ ဆရာမတွေ နွမ်းပါးကြတာ ကြားရ ဖတ်ရရင် အရမ်းပဲ စိတ်မကောင်းဘူး။ မတန်ဘူး။
ကိုပေါရေ… ဖတ်ရတာ တော်တော်စိတ်မကောင်းဘူး… ဆရာတကယ်လိုနေတဲ့ အချိန်မှာ ကိုပေါထောက်ပံ့ခွင့်ရတာ အရမ်းကံကောင်းပါတယ်… (ကိုပေါက တော်တာပေါ့… လူရည်ချွန်ဘယ်နှစ်ထပ်ကွမ်းလဲ… ကျွန်မကတော့ မြို့ နယ်အဆင့်ကနေ တိုင်းရောက်တိုင်းပြုတ်… ၀တ်ချင်ပြီးဝတ်ခွင့်မရခဲ့တာ လူရည်ချွန်ဝတ်စုံပေါ့)
Post a Comment