“ဒက်ဒီ၊ ဆရာမက ပြောတယ်၊ ရုပ်လှဘို့ထက် စိတ်လှဘို့က ပိုအရေးကြီးသတဲ့”
“သားရယ်….အဲဒါ အရုပ်ဆိုးတဲ့လူတွေရဲ့ လက်သုံးစကားပါ”
“Liar Liar” ဇာတ်ကားထဲမှာ ဇာတ်လိုက် သားအဖ အချီအချ ပြောနေကြပုံပါ။
အေးလေ…တွေးကြည့်တော့လည်း.... သူပြောတာ မှန်သားဘဲဗျ။ အရုပ်ဆိုးတဲ့လူတွေများ အဲသည်စကားကို တယ်လဲ ရေလဲနဲ့ သုံးကြသကိုး။ ကျနော်တို့တော့ ကိုယ့်အတွက်ဖြင့် အဲသည်စကားမျိုး သုံးခဲ့ရဘူးတယ်မှတ်ပေါင်။ သုံးချင်ရင်လည်း ကိုယ့်လောက် ဘ၀ပေးကုသိုလ် မကောင်းတဲ့သူတွေကို နှစ်သိမ့်တဲ့နေရာမှာဘဲ သုံးတယ်။ ကိုယ့်လို ရှေးဆုတောင်းမကောင်းတဲ့လူတွေကို နှစ်သိမ့်တဲ့ နေရာမှာ ဆိုပါတော့ဗျာ။
စာရှုသူမိတ်ဆွေ….သင်သည် အထက်ပါ စာပိုဒ်ကို ဖတ်ရှုရင်း သင်၏ နှုတ်ခမ်းထောင့်စွန်းကို အောက်သို့ကွေး၍ မသိမသာ မဲ့မိသည်ဆိုငြား….(သို့တည်းမဟုတ်) “အမယ်လေးဟဲ့….သူ့ရုပ်သူ့ရည်နဲ့ သူကဘဲ ပြောရတယ်ရှိသေး” ဟု ရယ်မောမိသည်ဆိုငြား…..ယခု လာမည့် နှစ်အတွင်း မိတ်ဆွေ ထီမပေါက်ပါစေနှင့်ဟု ကျနော် တိတ်တိတ်ကလေး မေတ္တာပို့ထားပါသည်။ နောက်တာပါဗျာ….လန့်မသွားပါနဲ့ဦး…တကတဲ။
ဒီကနေ့ ကျနော့်မိတ်ဆွေ တန်ခူးရဲ့ ဘလော့ဂ်မှာ “ကျမ မြင်ဘူးသော စာရေးဆရာများ” ဆိုပြီး ပို့စ်တခုတင်ထားတယ်။ အဲဒါကို ဖတ်ပြီးတော့ ကျနော်လည်း ပို့စ်တခု ရေးချင်လာတယ်။
ကျနော်ပထမဆုံး မြင်ဘူးတဲ့ စာရေးဆရာကြီးက တက္ကသိုလ်နေ၀င်း ပါတဲ့ဗျား။ အရင်တုန်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးအရာရှိပေါ့။ ၁၉၈၅ ခုနှစ်က ဆရာကြီးဟာ အခြားစာရေးဆရာများဖြစ်ကြတဲ့ ကောက်လှိုင်း၊ နွမ်ဂျာသိုင်း၊ သီရိ တို့နဲ့အတူ ကျနော်တို့ အလယ်တန်းကျောင်းကို စာပေဟောပြောပွဲ လာဟောတယ်။ ရှေ့တပို့စ်ကျော်မှာ ကြွားခဲ့သလို….အဲလေ….ရေးခဲ့သလို ကျနော်ဟာ အဲသည် အလယ်တန်းကျောင်းမှာ အင်မတန်ထူးချွန်တဲ့ ကျောင်းသားတယောက်ပေါ့ဗျာ။ စာရေးဆရာကြီးတွေကျောင်းကိုလာတော့ ကျောင်းအုပ်ဆရာကြီးက သူ့ရဲ့ ထူးချွန်လှတဲ့ တပည့်ကို မဟာအခွင့်အရေးကြီး တရပ်ပေးပါတယ်။ “ကိုပေါကြီး….ဆရာကြီး တက္ကသိုလ်နေ၀င်း ကို အိမ်သာလိုက်ပြလိုက်ကွာ…” တဲ့။
အညာကျောင်းက အိမ်သာတွေဆိုတာကလည်း တမျှော်တခေါ် ကွင်းပြင်ကြီးကို ဖြတ်ပြီးမှ ရောက်တာမို့လား။ ဆရာကြီးတက္ကသိုလ်နေ၀င်းက ဆရာတွေအတွက် သီးသန့်အိမ်သာကို အသွားလမ်းမှာ ကျနော့်ကို ဟိုမေးသည်မေးပေါ့ဗျာ။ “ဒါက ဘာစိုက်ခင်းလဲ၊ ကျောင်းက ပိုင်တာလား”…ဘာညာပေါ့။
တော်သေးတယ်။ ကျနော့်အနေနဲ့ အဲဒီတုန်းက သိန်းဖေမြင့်ရဲ့ “အမေ”ကို ကျောင်းမှာ မသင်ရပေမယ့်လည်း အစ်မတွေ စာအုပ်ထဲက ယူဖတ်ထားမိပေလို့သာပေါ့။ နို့မဟုတ်ရင် နာမည်ကျော် စာရေးဆရာကြီးရဲ့ “ချေး”ဟာ ဘယ်လိုရှိသလဲ မြင်ဘူးတယ်ရှိအောင် ၀င်ကြည့်ချင် ကြည့်နေမိဦးမှာ။
ဟော…. ဆယ်တန်းကျောင်းသားဘ၀မှာကျတော့ နောက်ထပ် နာမည်ကျော်စာရေးဆရာကြီး တဦးနဲ့ ထပ်တွေ့ခွင့်ရပြန်ပါတယ်။ ဆရာအောင်သင်းပါ။ တိုက်တိုက်ဆိုင်ဆိုင် အဲသည်တုန်းကလည်း အိမ်သာအသွားမှာ တွေ့တာဘဲဗျာ။ တိုက်ဘဲတိုက်ဆိုင်လွန်းတယ် ဆိုရမယ်။ အဝေးပြေးကားကြီး စီးပြီး အညာပြန်တုန်းမှာ “ပြလို့” လို့ခေါ်တဲ့ ရွာကလေးမှာ “ကျန်းမာရေးအတွက်” ကားခဏရပ်တော့ အိမ်သာအသွား ဆရာအောင်သင်းက အိမ်သာက ပြန်အလာ ပက်ပက်တိုးတာကိုး။ ဆရာက မဂ္ဂဇင်းအင်တာဗျူးဓါတ်ပုံတွေမှာပါတဲ့ စစ်ရောင်ဂျာကင်ကလေးနဲ့ပါဘဲ။ ကျနော်က “ဆရာဦးအောင်သင်းလားခင်ဗျ” လို့ နှုတ်ဆက်လိုက်ပါတယ်။ ဆရာက “ဟုတ်ပါတယ်။ ကျနော် အောင်သင်းပါ” တဲ့။ ပြီးတော့ မျက်မှန်အောက်ကနေ စိတ်ဝင်တစားကျနော့်ကို စိုက်ကြည့်ပြီး အကဲခတ်နေတယ်။ ကျနော်ကလည်း ၀မ်းသာအားရသာ နှုတ်ဆက်လိုက်တာ။ တကယ်တမ်းကျ ဘာပြောရမှန်း သိတာမဟုတ်ဘူး။ အဲဒါနဲ့ “ကျနော်က ဆရာ့စာဖတ်ပရိတ်သတ်ပါ။ ဆရာ့ကို မဂ္ဂဇင်းတွေထဲမှာ မြင်ဘူးလို့ပါ…” ဆိုပြီး စကားဝိုင်းက ဂွတီးဂွကျနဲ့ ပြီးသွားတယ်။ ကားပေါ်မှာ ဆရာနဲ့အတူ ပိုင်စိုးဝေနဲ့ အခြားစာရေးဆရာတချို့ပါလာတယ်။ တောင်တွင်းကြီးကို လွန်လို့ မိကျောင်းရဲ လမ်းခွဲမရောက်ခင်လေးမှာ ဆရာတို့ကို ကားတစီးလာကြိုတဲ့အတွက် ဆရာတို့ အဝေးပြေး ကားပေါ်က ဆင်းသွားလေရဲ့။
စင်္ကာပူ ရောက်ပြီးတော့… နာမည်ကြီး စာရေးဆရာ၊ ဆရာမ တချို့ကို စတင်တွေ့ခွင့် ညစာအတူစားခွင့်ရပါတယ်။ ကျနော်လည်း တန်ခူးလိုဘဲ စာရေးဆရာ၊ ဆရာမတွေဆိုရင် အင်မတန် လေးစားအထင်ကြီးတာဘဲ။ ကျနော်ကြိုက်တဲ့ ဆရာတွေဆိုရင် သူတို့ရဲ့ စာတွေကိုလည်း မှတ်မိနေတတ်တယ်။
ဒီနေရာမှာ ကျနော်အခြောက်တိုက် ဘ၀င်ကိုင်ပုံကို ကြုံလို့ ရေးပြရဦးမယ်။ ကျနော်က ဆရာကြီးရွှေဥဒေါင်းတသက်တာမှတ်တမ်းကိုဖတ်တော့ ခွန်အားရှိသောစာတွေဘာတွေအကြောင်းလဲ ဖတ်ရတာကိုး။ မြန်မာစာလောက်တော့ ဖြစ်ဖြစ်မြောက်မြောက် ရေးတတ်ပါတယ်လို့ စိတ်ထဲက ကိုယ့်ဟာကိုယ် ထင်နေခဲ့တယ်။နောက်ပြီး….သူများတွေတော့ ငါ့လောက် ရေးနိုင်မယ်မထင်ပါဘူးကွာလို့လည်း ကိုယ့်ဘာသာ စိတ်ထဲမှာ ကျိတ်ပြီး ထင်လိုက်သေးတယ်။ ဒါပေမယ့် တကယ် ဘလော့ဂ်ရေးတော့မှ အထင်နဲ့ လက်တွေ့ဟာ ပါစင်အောင်လွဲတော့တာဘဲ။ သူများဘလော့ဂ်တွေ သွားဖတ်ကြည့်တော့မှ…. ဟယ်၊ လက်စသတ်တော့ ငါအများကြီးလိုသေးပါကလား….ဆိုပြီး အမြင်မှန် ၀င်လာတော့တာကိုး။ စိတ်ကူးယဉ် ဆပ်ပြာပူပေါင်းလေးတော့ ပေါက်သွားတယ်ပေါ့ဗျာ။
ကျနော့်မိတ်ဆွေ တန်ခူးကတော့ အားပေးဖော်ရပါတယ်။ နင့်အရေးအသားက သုမောင် အတိုင်းဘဲတဲ့…အဟိ။ ငယ်ငယ်က သုမောင်ရဲ့ လုံးချင်းတွေကို အကြိုက်ကြီးကြိုက်ခဲ့ပြီး အခုအထိ ကွမ်းစကား ကို ဖတ်နေသေးတဲ့ ကျနော်အဖို့ တန်ခူးရဲ့ မှတ်ချက်ကြောင့် နှလုံးကို ဆီစိမ်ထားသလို ပီတိတွေ အဖြစ်ကြီး ဖြစ်နေတော့တာပေါ့။
အခုတော့ တန်ခူးပို့စ်မှာ စာရေးဆရာသုမောင်တို့ ညီအကိုတတွေရုပ်ရည်ကို သူ့အမေက မှတ်ချက်ချပုံဖတ်ရတော့မှ…. အင်း…. ငါ့ကို သုမောင်အတိုင်းဘဲ ဆိုတာ အရေးအသားကို ပြောချင်တာမှ ဟုတ်ပါလေစ…ဆိုပြီး သံသယ၀င်လာတော့တယ်။ သုမောင် ရုပ်ရှင်စရိုက်ဖြစ်ပုံအကြောင်း သူကိုယ်တိုင်ရေးထားတာ ဖတ်ဘူးတယ်မို့လား။ သူ့အဖေ ဒါရိုက်တာသာဓုက သူရိုက်မယ့် ဇာတ်ကားအတွက် မင်းသားအဆင်မပြေလို့ စိတ်ညစ်နေတုန်း သုမောင်ကို မြင်တော့…..“ငါ့သား၊ ရော့…ပိုက်ဆံ၊ ဆံပင်သွားညှပ်ချေစမ်း၊ မင်းကို ဒီကားမှာ မင်းသား တင်ရိုက်မယ်” လို့ ပြောသတဲ့။ သုမောင်ကလည်း သူ့အရည်အချင်းကို မယုံနိုင်ဘူးလေ။ “အဖေ၊ ဖြစ်ပါ့မလား” ဆိုတော့…. သာဓုက “ဘာလို့ မဖြစ်ရမှာလဲကွ။ မင်းကောင်းကောင်းလုပ်နိုင်ပါတယ်။ ဒီဇာတ်ကားထဲက ဇာတ်ရုပ်ဟာ မင်းနဲ့ အလိုက်ဖက်ဆုံးဘဲ။ ဘာကြောင့်လဲဆိုတော့…ငါ့သား…ဒီမယ် မင်းရုပ်ဟာ တကယ့်ကို မုန့်ဟင်းခါးသည် ရုပ်ကွ။”….တဲ့။
အဲဒါနဲ့ မနေနိုင်ဘဲ တန်ခူးဆီကို ဖုန်းဆက်တော့…. တန်ခူးက သူ့မျက်စိထဲမှာ စာရေးဆရာတိုင်းက ကြည့်ကောင်းတယ်တဲ့။ ဆင်ဝှေ့ရန်ရှောင် ၀ိနည်း လွတ်ဖြေတယ်။ တတ်လည်း တတ်နိုင်တဲ့ တန်ခူး။ ဒါပေမယ့် ကျနော့်မှာတော့ ကိုယ့်ကိုယ်ကို ကြည့်ကောင်းတယ်လို့ ထင်လာတဲ့ နောက်ထပ် စိတ်ကူးယဉ် ဆပ်ပြာပူပေါင်းကလေးတခု ထပ်ပေါက်သွားတာပေါ့ဗျာ။
ဘာဘဲဖြစ်ဖြစ်လေ……တကယ်တမ်းကျတော့ လောကကြီးမှာ ရုပ်လှဘို့ထက်၊ စိတ်လှဘို့က ပိုအရေးကြီးတာဘဲ….မဟုတ်ဘူးလားဗျာ။

9 comments:
ကိုပေါရေ… ပျော်စရာ ဒီpostလေးအတွက် ကျေးဇူးပါ… သုမောင်နဲ့ တူတယ်ဆိုတာ အရေးအသားကို ပြောတာပါ… အဖြစ်အပျက် ရိုးရိုးလေးတွေကို စိတ်ဝင်စားမှုရှိအောင် ရေးတတ်တဲ့ စတိုင်ကို သုမောင်နဲ့ တူတယ်ပြောတာပါ… ကျွန်မကတော့ ကျွန်မကြည်ညိုတဲ့သူတွေဆို မျက်စိထဲ ကြည့်ကောင်းတာ အမှန်ပဲ… သုမောင်ကို စာရေးဆရာအနေနဲ့ ရော ရုပ်ရှင်မင်းသား အနေနဲ့ ပါ နှစ်သက်ပါတယ်… ကျွန်မတို့  RITမှာတုန်းက သုမောင်နဲ့ တူတဲ့ အကိုကြီးကို RITသုမောင်၊ ပြေငြိမ်းနဲ့ တူတဲ့ အကိုကြီးကို RIT ပြေငြိမ်း၊ ကျော်ရဲအောင်နဲ့တူတဲ့ အကိုကြီးကို RITကျော်ရဲအောင်… အဲလို နာမည်ပေးထားပြီး သူတို့ တွေ တွေ့ ရင် လိုက်လိုက်ငေးဖူးတယ်… အဲဒီထဲမှာ RITသုမောင်ဆို ဆေးလိပ်သောက်တာ စကားပြောတာက အစ တူလွန်းလို့  ကျွန်မတို့  သိပ်သဘောကျခဲ့တာ…
ဟုတ်ပါတယ်။
ကျမလဲ ထောက်ခံပါတယ်။
ရှေးဆုတောင်းကိုပဲ ရိုးမယ်ဖွဲ့ကြပါစို့။
a yay a thar ko top lay sar tal byar
ဟားဟား ပျော်စရာPostလေးတင်ပေးလို့
ကျေးဇူးပါ..ဖတ်ရင်းပြုံးစိစိဖြစ်နေလို့ရှေ့စားပွဲက
Filipino မလေးကပေါက်
နေတယ်ထင်ပြီးကြည့်နေတယ်..အရေးအသားကလဲ
ဆရာသုမောင်လိုကောင်းပါတယ်..
အသစ်တွေလဲမျှော်နေပါတယ်..
အားပေးနေပါတယ်..
ကိုပေါရေ .. ကျွန်မအမြင်ကတော့ စိတ်လှဖို့က ပထမ အရေးကြီးဆုံးပါ .. ။ စိတ်ကလေးလှနေတဲ့ လူတစ်ယောက်ဟာ သူ့မျက်နှာလေးနဲ့ သူ့ပုံစံလေးကစ ငြိမ်းချမ်းပါတယ်။ စိတ်အလှက ပထမလို့ ကျွန်မ သတ်မှတ်ထားပေမယ့် မပြည့်စုံသေးသော အလှလို့ ခံယူမိပါတယ်။ စိတ်ကလေးလှပြီး ကြည်လင်အေးချမ်းနေပေမယ့် ရုပ်အလှအတွက်လည်း သပ်သပ်ရပ်ရပ်လေး မနေဘူးဆိုရင် သိပ်ကြည့်မကောင်းဘူး ဖြစ်နေမှာပေါ့နော်။ ပထမက စိတ်လှဖို့ ၊ ဒုတိယက သပ်သပ်ရပ်ရပ် လှလှပပလေးလည်း နေတတ်ဖို့ အရေးကြီးတယ်လို့ ကျွန်မက ကျွန်မကိုယ်ကျွန်မ အမြဲဆုံးမလေ့ရှိလို့ပါ။ ဒါမှ ပြည့်စုံတဲ့အလှလို့ ယူဆမိတာကိုး :P
ကိုပေါနော်....ထီ ထိုးထားလို့ တော်တော်ကြီး ကို မဝေဘန်မိအောင် စိတ်ထိမ်းထားရတာ....အရေးကတော့ကောင်းပါ့...ထီပေါက်ပြီးမှ ရုပ်ကြီးကို...ဝေဘန်ဦးမယ်...
NZ
ဟားဟား ကိုပေါရေ
ဝတ္ထုလေးရဲ့ အဆုံးသတ်လေးက တကယ်ပဲ လှပပါပေတယ်.... ခေါင်းစဉ်နဲ့လည်း လိုက်တယ်......
အမှတ်ပြည့် ပေးလိုက်ပြီ........
လူရည်ချွန်ကြီးက ..မိန်းမတော့ရသွားသားမဟုတ်လား..
သုမောင်နဲ့ တူတယ်ဆိုလို့ ..စင်္ကာပူမှာမုန့် ဟင်းခါးဆိုင်ကောင်းကောင်းမရှိသေးဘူး..
ကမောင်ရင် ပြောတာဟုတ်တယ်။ အထူးသဖြင့် အထမ်းလေးနဲ့ အိမ်တိုင်ယာရောက် ရောင်းတာ မရှိသေးဘူး။
Post a Comment