“မိတ်ဆွေတို့က ဘာလူမျိုးလဲ”
ရုတ်တရက် အင်္ဂလိပ်လိုမေးသံကြောင့် စလွယ်ဖြတ်နောက်ခုံကို လှည့်ကြည့်လိုက်တော့ ကျနော်တို့အား ပြုံးကြည့်နေသော အသက် ၄၅ နှစ်ခန့် ရှိသော တရုတ်အမျိုးသားတဦးကို တွေ့ရသည်။
“ဗမာလူမျိုးပါ၊ ဘာဖြစ်လို့ပါလဲ”
“သြော်၊ မိတ်ဆွေတို့ အချင်းချင်း စကားပြောသံကို ကြားရတော့ ဘာလူမျိုးလဲ စိတ်ဝင်စားလို့ပါ”
မှန်၏။ ဘတ်စ်ကားပေါ်တက်လာစဉ်ကတည်းက ကျနော်နှင့် ကျနော့်ဇနီး မဒမ်ပေါ ဟာ ဗမာလိုဘဲ တောက်လျှောက်ပြောလာကြတာကိုး။ သူ့ကို လှည့်ဖြေပြီး ရှေ့ကို ပြန်လှည့်မည်ရှိသေး။
“ဒါ ပီနန်ကို ပထမဦးဆုံးအကြိမ် လာလည်တာလား”
“မဟုတ်ပါဘူး။ ကျနော် အရင်ကဆိုရင် ပီနန်ကို သီတင်းပတ်ကုန်တိုင်းမှာ ရောက်လေ့ရှိပါတယ်”
“သြော်....မလေးရှားမှာ အလုပ်လုပ်နေတာလား”
“မဟုတ်ပါဘူး၊ စင်္ကာပူမှာ နေပါတယ်။ အခု ခဏလာလည်တာပါ”
ကျနော်သည် ကိုယ်ကို ခပ်စောင်းစောင်းထားပြီး ထိုသူအားလှည့်ဖြေနေရာမှ တည့်တည့်ပြန်ထိုင်ကာ ဇနီးနဲ့ စကားပြောရန်ပြင်၏။
မလေးရှားနိုင်ငံသားများသည် တရုတ်ဖြစ်စေ၊ မလေးလူမျိုးဖြစ်စေ ယဉ်ကျေးဖော်ရွေမှုအရာတွင် စင်္ကာပူနိုင်ငံသားများထက် အစစ သာပေသည်။ လွန်ခဲ့သည့် ဆယ်နှစ်ကျော်က မလေးရှားတွင် အလုပ်လုပ်နေသော ကျနော့်ထံသို့ မြန်မာဧည့်သည်တယောက်လာလည်ရာ ၄င်းကို လိုက်ပို့သော ဒေသခံ၏ကားဖြင့် ကွာလာလမ်ပူသို့ အသွားခရီးတလျှောက် မြို့ရွာအတော်များများသို့ သွားခဲ့ဘူးသည်။ မြို့ငယ်များမှ မလေးလူမျိုးများမှာ တောနယ်မှ မြန်မာလူမျိုးများနည်းတူ ဧည့်သည်လာသည်နှင့် အိမ်တွင်ရှိသမျှ မုန့်မျိုးစုံကို ချကျွေးကာ ဖော်ရွေမှုကို ပြကြ၏။
ယခုပင်လျှင် ပီနန်သို့မလာခင် တိုင်ပင်းဟုခေါ်သော မြို့ကလေးတွင် တောင်သွားတက်စဉ်ကလည်း လင့်ရိုဗာကားပေါ်တွင် အတူစီးနင်းလိုက်ပါလာသော တိုင်ပင်းမြို့ခံများမှာ ဖော်ရွေ၍ လမ်းခရီးတွင် ကူညီတတ်ကြလေသည်။
သူတို့သည် အိမ်နီးချင်းနိုင်ငံများမှ လာလည်သူများကို အထင်သေးဟန်မရှိ။ မောက်မာခြင်းမရှိ။
“အခု ပီနန်တောင်ကို သွားလည်မလို့လား”
စောစောက လူထံမှ မေးခွန်းသံထွက်လာလေသည်။ ကျနော်သည် ကိုယ်ကို တစောင်းလှည့်ကာ ဖြေရပြန်၏။
“မဟုတ်ပါဘူး။ ကျနော်တို့ ကယ်လော့စီ ဘုရားကျောင်းကို သွားမလို့ပါ”
“ဘယ်မှတ်တိုင်မှာ ဆင်းရမလဲ၊ သိရဲ့လား”
ကျနော်သည် ပီနန်ကို မရောက်သည်မှာ ကြာသည်ဖြစ်၍ ကားနံပါတ်များ၊ မှတ်တိုင်များကို မမှတ်မိတော့။ ယခု ဘတ်စ်ကားကို ကွန်မ်တာ ကုန်တိုက်အောက် ဘတ်စ်ကားဂိတ်မှ မေးမြန်းစုံစမ်းကာ တက်စီးလာခြင်းဖြစ်သည်။ ကယ်လော့စီ ဘုရားကျောင်းမှာ တောင်ကုန်းပေါ်တွင်ရှိပြီး အဝေးကပင်မြင်နိုင်သဖြင့် အနီးသို့ရောက်လျှင် ဆင်းရမည့်မှတ်တိုင်ကို မှတ်မိနိုင်ကောင်းသည်ဟု ယူဆကာ ဘတ်စ်ကားစီးလာခြင်းဖြစ်သည်။ သို့သော် ထိုသူက မေးနေသဖြင့်
“သိပ်တော့ မမှတ်မိဘူး။ ဒါပေမယ့် အဲသည်ကို ရောက်တဲ့အခါ ကျနော်မှတ်မိမှာပါ။” ဟု ကျနော်ကဖြေလိုက်တော့ ထိုသူက....
“ဘာမှမပူနဲ့။ ကျုပ်လည်း အဲဒီမှတ်တိုင်ကျရင်ဆင်းမှာ။ ကျုပ်ဆင်းရင် လိုက်သာ ဆင်းပေတော့”
“ကျေးဇူးတင်ပါတယ်ခင်ဗျာ”
ကျနော်သည် ထိုသူအား ကျေးဇူးတင်စကားပြော၍ ရှေ့သို့ တည့်တည့်မတ်မတ် ပြန်လှည့်ထိုင်ကာ မဒမ်ပေါနှင့် စကားပြောမည်ပြုသည်။ ကျနော်တို့ လင်မယားသည် ခရီးထွက်လျှင် ခရီးသွားအဖွဲ့များနှင့် သွားရသည်ကို မနှစ်သက်။ ထိုနည်းသည် ဈေးသက်သာသည်မှန်သော်လည်း ကျနော်တို့သည် နေရာတနေရာကို ရောက်ဘူးရန်သွားခြင်းထက် စိတ်အပန်းဖြေရန် သွားခြင်းမျှသာဖြစ်သည်။ ကိုယ်ထချင်တဲ့အချိန်ထ၊ ကိုယ်သွားချင်တဲ့အချိန်သွား၊ ကိုယ်သွားချင်တဲ့နေရာသွား၊ ကိုယ်နှစ်သက်သည့်နေရာမှာ ကိုယ်နေချင်သလောက်နေ၊ တခါတလေ ဘယ်မှမထွက်ဘဲ ဟိုတယ်ထဲမှာဘဲ အကြာကြီး နှပ်ချင်နှပ်နေတတ်တာမျိုး။
ယခုတခေါက် ပီနန်ကို လာရခြင်းမှာ မဒမ်ပေါကို လက်မထပ်မီက ကျနော်တယောက်တည်း သွားခဲ့ဘူးသော နေရာများကို အတူထပ်သွားကြဦးမည်ဟု ကတိပေးခဲ့ဘူးသောကြောင့် ဖြစ်သည်။
ကျနော်သည် လမ်းဘေးဝဲယာတွင် မြင်ရသော ပီနန်မြို့မှ ရှေးဟောင်းကျလှသည့် အဆောက်အဦးများကို မဒမ်ပေါအား ညွှန်ပြကာ လူတတ်ကြီးလုပ်မည့်ဆဲဆဲ နောက်ခုံမှ အသံထွက်လာပြန်သည်။
“အဲဒီ ကယ်လော့စီ ဘုရားခြေရင်းရောက်ရင် ဘာအစားအသောက် စားရမလဲ သိလား”
စောစောက ကိုဖော်ရွေက လှမ်းမေးခြင်းဖြစ်သည်။
“ဟုတ်ကဲ့။ အဲသည်မှာ ဒူးရင်းသီးနဲ့ ပီနန်လက်ခ်ဆာ ကောင်းတယ်လို့ ကြားဘူးပါတယ်ဗျာ။”
ကျနော်လည်း ၀တ်ကျေတန်းကျေ အပြုံးပန်းလေးဆင်ကာ ဖြေပြီး ရှေ့ကို ပြန်လှည့်သည်။
“စိတ်မပူနဲ့။ အကောင်းဆုံးဆိုင် ကျုပ်သိတယ်။ လိုက်ပြပေးမယ်။ ပီနန်မှာ အကောင်းဆုံး လက်ခ်ဆာဆိုင်”
သည်တခါတော့ ကျနော် စိတ်ညစ်စပြုလာပြီ။ ကိုယ့်လင်မယား အတူတူသွားသည့်ခရီးမှာ ဒီပုဂ္ဂိုလ်က ကျနော့်ကို ကထိန်မခင်းဘဲ အမေးအဖြေ လာလုပ်လျက်ရှိချေပြီ။ သူ၏ ဖော်ရွေမှုသည် ကျနော့်အား စိတ်ကသိကအောင့် ဖြစ်စပြုချေပြီ။ နောက်ပြီး သူက အာကျယ်ကြီးနဲ့ အော်အော်မေးနေတာဆိုတော့ ကျနော်ကလည်း ကားသံကို ဖုံးအောင် အော်ဖြေရင်း အနီးပတ်ဝန်းကျင် ခုံတွေမှာ ထိုင်လိုက်တာသည့် လူတွေကလည်း ကျနော်တို့ စကားဝိုင်းကို သတိထားမိစပြုလာပြီ။ စပ်စပ်စုစု အကြည့်တွေနဲ့ ကြည့်စပြုလာပြီ။
“နေပါစေခင်ဗျာ၊ ဒုက္ခမရှာပါနဲ့။ နောက်ပြီး ကျနော်တို့က နေ့လည်စာ စားလာတာလည်း မကြာသေးလို့ပါ”
ကျနော် အလိမ္မာသုံးပြီး ငြင်းသည်။ သို့သော် ပုဂ္ဂိုလ်က မရပ်။ မေးခွန်းတွေကလည်း မရပ်မနား။ စကားတွေကလည်း ဖောင်နေအောင်ပြောသည်။ ကျနော်တို့ လင်မယားသည် တတ်နိုင်လျှင် အတောင်ပေါက်ကာ ဘတ်စ်ကား ပြူတင်းပေါက်မှ ပျံထွက်ပြေးချင်လှပြီ။
သို့နှင့် တလမ်းလုံး နားဒုက္ခ၊ စိတ်ဒုက္ခရောက်ခဲ့ရသမျှ ကယ်လော့စီ ဘုရားကျောင်းရှိရာ တောင်ကုန်းပေါ်မှ ဘုံအဆင့်တွေနှင့် ကွမ်ယင်မယ်တော် ရုပ်တုကြီးကို လှမ်းမြင်လိုက်ရတော့မှ စိတ်သက်သာရာရတော့သည်။ သည်လိုနဲ့ တောင်ခြေ ဈေးကလေးနားက မှတ်တိုင်ရောက်တော့ ကဗျာကယာဆင်း။ လွတ်လပ်မှု အရသာကို ခံစားတော့မည်ရှိသေး...ပုဂ္ဂိုလ်က ဘေးနားက အမှီလိုက်လာပြီး....
“လာ၊လာ ကျုပ်လိုက်ပြပေးမယ်” တဲ့။
ကျနော်လည်း စိတ်ကို အတတ်နိုင်ဆုံး ဆွဲဆန့်၍....
“နေပါစေဗျာ။ ဒုက္ခမရှာပါနဲ့။ ကျနော် ဒီနားကို ရောက်ရင် အားလုံးမှတ်မိပါပြီ၊ ကျေးဇူးတင်ပါတယ်”
“ဟာ...ကိစ္စမရှိပါဘူး။ ကျုပ် အခု အားနေပါတယ်။ ဒီလို လိုက်ပြရတာ ဘာမှ အပန်းမကြီးပါဘူး”
အင်...ဇွတ်ကြီးပါလားနော်။ ခွာချလို့လည်း မရ။ ငြင်းလို့လည်းမရ။ ဘေးက မဒမ်ပေါကြည့်ရတာလည်း တော်တော် စိတ်ညစ်နေဟန်ရှိသည်။ မျက်နှာက ပြိုတော့မည့် မိုးလိုလို။
နောက်ဆုံးတွင် မပြောလျှင် ပြီးမည့်ပုံမရသဖြင့်....
“ဒီမှာ မစ္စတာ။ ခင်ဗျားရဲ့ ကူညီတတ်မှုကိုတော့ ကျနော်အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ဒီခရီးမှာ ကျနော်တို့ လင်မယားနှစ်ယောက်ဘဲ လွတ်လွတ်လပ်လပ် သွားပါရစေ။”
အဲသည်လို ပြောင်ပြောင်ဖွင့်ပြောလိုက်တော့မှ ငနဲသားလည်း မျက်နှာပျက်ပျက်နှင့် ကျန်ရစ်ခဲ့တော့သည်။ သြော်...မတတ်သာလို့ ပြောလိုက်ရပေမည့် ကျနော်တို့ စိတ်ထဲတွင်လည်း ကောင်းလှသည်မဟုတ်။
သူခမြာ ရိုးရိုးသားသား ကူညီချင်သည့်ပုံ ပေါက်ရှာပါသည်။ သို့သော် ကျနော်တို့ ငြင်းနေပါလျက် အလိုက်ကန်းဆိုးမသိ ဇွတ်အတင်း လိုက်လံကူညီဘို့ ကြိုးစားတာ တခုဘဲ ပြောစရာရှိသည်။
အခုပြန်စဉ်းစားကြည့်တော့ ဘာဘဲဖြစ်ဖြစ် သည်ပုဂ္ဂိုလ်က အများကြီးတော်ပါသေးသည်ဟု တွေးမိသည်။ သူ့အကူအညီကို မယူချင်သည့်ကိစ္စကို ပြောင်ပြောင်ဖွင့်ပြီး ပြောလိုက်ရုံနှင့် ကိစ္စပြီးသည်။
တချို့ကျတော့လည်း အနှစ် ၂၀ လုံးလုံး ဘယ်သူမှ မကူမကယ်ခိုင်းရပါဘဲနှင့် အတင်းရော၊ အဓမ္မရော ဇွတ် ၀င်ရောက် ကယ်တင်ပေးနေသည်မှာ အင်မတန် စိတ်ညစ်ဘွယ် ကောင်းလှသည်။ “တော်ပါတော့၊ မကယ်ပါနဲ့တော့” ဟု ပြောလို့လည်းမရ။ ပြောလျှင် ပြောသည့်ပါးစပ်ကို သေနတ်နဲ့ ပိတ်သည်။
ဆွေမင်း(ဓနုဖြူ)၏ ကာတွန်းဇာတ်ကောင် မြိုင်ရာဇာတွတ်ပီ ပစ်လွှတ်လိုက်သည့် ကျည်ဆံသင့်သွားသော သားကောင်များ ပြောသလို “မရှောင်ရင် လွတ်တယ်” ဆိုသော စကားကို ပြေးသတိရမိသည်။
ယခုလည်း....“မကယ်ရင် ကောင်းမယ်” လို့ ပြောရမည်လားမသိ။

17 comments:
တတ်နိုင်ပါပေ့ ကိုပေါရာ။ ဘာများလဲလို့ ဖတ်နေတာ။ အဆုံးသတ်ခါနီးမှ ထည့်သွားသကိုး။
ဒါနဲ့ ခင်ဗျားတို့ ၀ိုင်းကြီးသိမ်းသွားတော့ ကျနော့်မောင်လေး တေးမွန်လေးက ကိုပေါကို လွမ်းတယ် လို့တောင် ပြောနေတယ်။ ဒိုင်လည်း စိတ်မကောင်းပါဘူး။ အကောက်ကလေးတော့ ပေးပါဦး။ အမေ့မခံနဲ့လေ။ :)
ဟားဟား အိုဟင်နရီဝတ္ထုဖတ်ရတဲ့အတိုင်းဘဲ
ပြောရင်း နဲ့ နိုင်ငံရေးတွေ ပါလာပြီ
နိုင်ငံရေးဆိုတာနိုင်ငံသားတိုင်းရဲ့ နေ့ စဉ်ဘ၀အရေးဆိုတော့လဲ…ဖြစ်စဉ်တွေက သွယ်ဝိုက်သာဓက ဖြစ် နေတာပ..
အင်း… မကယ်ရင်တော့ကောင်းလိမ့်မည်
ကိုပေါ… ဘောလုံးကန်ကောင်းပုံရတယ်… အဆွဲလဲကောင်းတယ်… မထင်မှတ်ပဲ ဂိုးသွင်းတတ်တဲ့နည်းပညာလဲ ရှိတယ်… အဲလို ရေးတတ်ချင်တယ်… ကိုပေါသရုပ်ဖော် ပန်းချီလေးတွေလဲ ကြိုက်တယ်…
ကိုပေါ ..
စေတနာကို မစော်ကားနဲ့လေ.... ဟဲဟဲ
စေတနာတွေပါ...ဟင်းမကယ်ရင်ကောင်းမယ်
ခိုင်
ကောင်းလိုက်ချက်ဗျာ။ လွှတ်ကောင်းပဲ။
ရေးတတ်လိုက်တာ လို့ ဘဲပြောချင်ပါတော့တယ်...။
Lab ထဲကလူတွေ ကျွန်တော်ရယ်နေလို့ လှည့်ကြည့်ကုန်ပြီ။
ကိုပေါဆုံခဲ့တဲ့လူကတောင် တကယ် စေတနာရှိလို့ ကူချင်တာ ဖြစ်ချင်ဖြစ်ဦးမှာ
အတင်း ကယ်ချင်သူကို တီးပစ်လိုက်စမ်းပါရှင် ခပ်နာနာလေး...
ခုမှ ရောက်ဖူးတာပါ. ဖေးဖရိတ်ထဲ ထည့်လိုက်ပြီ။
Hi Ko Paw,
As usual, your post does not fail to give me food for thought. Like you did to this unwelcome helper, we must be prepared to say NO to the Burmese junta in a unanimous and strong voice. I do hope we will get the chance to get rid of this military rule in Burma in our time. I do not want to pass along the current type of Burma to my son.
Regards,
Ko Myo
လာဖတ်သွားသူများကို ကျေးဇူးတင်ပါတယ်။
တပုဒ်လုံး အစအဆုံး ဖတ်မိတာ ဒီတခါ ပထမဆုံးပါ။
ကပေါ ပြောလိုက်တော့ တိုင်းပြည်ကို ကယ်နေသူတွေ ဘာပြန်ပြောသလဲ...။ကနေ့ ကံမကောင်းပါလား..တဲ့လား။
သိလားကိုပေါ
ဒီတစ်ခေါက် တို့ရန်ကုန်က ပြန်လာောတ့ လေယဉ်မှာ window seat ထိုင်တယ။် အလည်က ခလေးမ ကလှူပ်တုတ်လှူတ်တုတ်နဲ့အငြိမ်မနေဘူး. ပိုက်ဆံအိတ်ကိုကိုင်လိုက်ချလိုက် လုပ်နေတယ။် လေယဉ်တက်ခါနီးမနေနိုင်တဲ့တို့ သတိပေးလိုက်တယ။်ပေါင်ပေါ်က ပိုက်ဆံအိတ်ကို အောက်ကိုချလိုက်ပါလို့။ဟုတ်ကဲ့သိပါတယ။် သမီးက စိတ်ပုတိးထုတ်မလို့ပါတဲ့၇ှက်လိုက်တာ။အလကားနနေ ကူညီချင်နေတဲ့တို့ဆရာကြီးလုပ်ရာကြသွားတယ။် နောင်ဆင်ခြင်မှ..လို့ဆုံးဖြတ်လိုက်တယ်။
အမြဲတမ်းနောက်ဆုံး
ဒီဘူတာဘဲဆိုက်တယ်။ မဆိုက်လို့မရဘူးလား။
Post a Comment