Showing posts with label translation. Show all posts
Showing posts with label translation. Show all posts

ဒရိုင်ဘာ၊ ခရီးသည်များ နှင့် ကျနော်


တနင်္ဂနွေနေ့မှာ လစ်တဲလ်အိန္ဒိယ (Little India) ကို သွားတဲ့ ဘတ်စ်ကားပေါ်မှာ ဖြစ်ပါတယ်။ ကားပေါ်ကို ကျနော်တက်လိုက်တဲ့အချိန်မှာ တကားလုံး လူပြည့်သလောက်ရှိနေပါပြီ။ လူဖြူမိန်းမတယောက်ရယ်၊ ကျနော်ရယ်၊ ကျန်တဲ့ အယောက် ၈၀ လောက်က အိန္ဒိယလူမျိုးတွေနဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားတွေ။ နောက်မှတ်တိုင်တခုရောက်တော့ လူတွေ ထပ်တက်လာကြပြန်တယ်။ ကားရှေ့ပိုင်းမှာ လူတွေ ကြပ်ညှပ်တိုးဝှေ့နေတာကို မခံလိုတဲ့အတွက် ဘတ်စ်ကားရဲ့ အလယ်ဘက်ဆီကို ကျနော်အတတ်နိုင်ဆုံး ကြိုးစားပြီး နေရာရွှေ့ပါတယ်။ တတိတိနဲ့ ရွှေ့လာလိုက်တာ သုံးလေးမှတ်တိုင်လောက်အရောက်မှာ ကားအလယ်ပိုင်းကို ကျနော် အောင်မြင်စွာရောက်ရှိသွားပါတော့တယ်။

အဲဒီအချိန်မှာတော့ နောက်ထပ် ပါစင်ဂျာတွေ ထပ်တက်လို့မရအောင် ကားတစင်းလုံး ပြည့်သိပ်နေပါပြီ။ မှတ်တိုင်မှာ ဆင်းတဲ့လူလည်း မရှိတော့ဘူး။ အားလုံးက လစ်တဲလ်အိန္ဒိယကိုပဲ သွားမယ့်လူတွေချည်း။ ဒရိုင်ဘာက မြောက်ပိုင်းသံဝဲတဲ့ တရုတ်ဘာသာနဲ့ “ကျေးဇူးပြုပြီး အထဲကို တိုးပေးကြပါ” လို့ ခဏခဏ လှမ်းအော်ရှာတယ်။ အားဟား.... ဒီပုဂ္ဂိုလ်ဟာ တရုတ်ပြည်မကြီးကနေ မကြာခင်ကမှ အသစ်ခေါ်ခန့်ထားခံရတဲ့ လူသစ်ပဲဖြစ်ရမယ် လို့ ကျနော့်ဘာသာ တီးတိုးရေရွတ်မိပါတယ်။ သူ့ရဲ့ တောင်းပန်တိုးလျှိုးမှု အရာမထင်တာဟာလည်း ဘာမှ အံ့သြစရာတော့ မရှိပါဘူး။ ဒီကားပေါ်မှာ သူပြောတဲ့ တရုတ်စကားကို ကျနော်ကလွဲလို့ တခြား ဘယ်ခရီးသည်က နားလည်နိုင်မှာ မို့လို့လဲ။

ဒါပေမယ့် အတွင်းဘက်ကို ရွှေ့မပေးလိုခြင်းရဲ့ တခြားအကြောင်းရင်းတခုကလည်း ရှိသေးတယ်။ နိုင်ငံခြားသားအလုပ်သမားတွေပါတဲ့ ဘတ်စကားတစင်းမှာ မရှိဘူးဆိုရင် အနည်းဆုံး ၁၀-၂၀ ရာခိုင်နှုန်းလောက်က စင်္ကာပူကို မကြာခင်ကမှ ရောက်လာကြတဲ့ လူသစ်တွေ ဖြစ်နေတတ်တယ်။ ကျနော်တောင် သူတို့ကို ခွဲခြားပြနိုင်တယ်။ သူတို့ဟာ ဘတ်စ်ကားရှေ့ပိုင်းမှာ ကျောက်ချရပ်နေကြပြီး ကားဘယ်ကို ဦးတည်မောင်းနေသလဲဆိုတာကို မျက်ခြေမပြတ် ကြည့်နေကြတယ်။ သူတို့အနေနဲ့ လမ်းကြောင်း မှတ်မိဖို့ လိုတယ်လေ။ ဒရိုင်ဘာပြောတဲ့ ဘာသာစကားကို သူတို့နားလည်ရင်တောင် အထဲကို ရွှေ့ပေးမယ့်ပုံ လုံးလုံးမပေါ်ဘူး။

နယူတန် အဝိုင်းနားကို ရောက်လာတော့ ကားမှတ်တိုင်မှာ ခရီးသည်တချို့က ကားကို တားတယ်။ လူပြည့်နေတဲ့အတွက် ရှေ့ဝင်ပေါက်ကို ဒရိုင်ဘာက ခဲရာခဲဆစ် ဖွင့်ပေးရတယ်။ ဒါပေမယ့်လည်း ကားပေါ်ကို လူထပ်တက်ဖို့ဆိုတာက လုံးဝမဖြစ်နိုင်တော့ဘူး။ နောက်ဖက် ထွက်ပေါက်အနီး ကျနော်ရပ်နေတဲ့နေရာကနေ လှမ်းကြည့်ရင် လူတွေ ဘယ်လောက်များများ ကားပေါ်ကို တက်ဖို့ ကြိုးစားနေကြသလဲဆိုတာ မမြင်ရဘူး။ ကျနော့်ရဲ့မြင်ကွင်းကလည်း ဘေးပတ်ပတ်လည် တတောင်လောက်အထိပဲ ဘောင်ခတ်ခံထားရသလို ဖြစ်နေရတယ်။

ခဏနေတော့ ဒရိုင်ဘာက နောက်ပေါက်တံခါးကို ဖွင့်ပေးလိုက်ပြီး ကားအောက်က ခရီးသည်တွေကို နောက်ပေါက်က တက်ကြဖို့ အော်ပြောလိုက်တယ်။

လူနှစ်ယောက်တက်လာပြီး ကျနော့်ရှေ့မှာ တိုးဝှေ့နေရာယူလိုက်ကြတယ်။ နှစ်ယောက်စလုံး တရုတ်ပြည်မကြီးကလာတဲ့လူတွေ။ အရပ်ရှည်ရှည်၊ ထောင်ထောင်မောင်းမောင်း ပုဂ္ဂိုလ်တွေ။ မန်ချူးရီးယားပြည်နယ်ဖက်က လာပုံပဲ။ သူတို့ရဲ့ ဘတ်စ်ကားစီးကဒ်တွေကို ကဒ်ရီဒါ (reader) မှာ အသာ ကပ်လိုက်တယ်။ ဒါပေမယ့် ကဒ်ရီဒါက “ဒိ...ဒိ..ဒိ...ဒိ” လို့ ကျယ်လောင်စူးရှတဲ့ ပြတ်တောင်းတောင်း
မြည်သံတွေနဲ့အတူ မီးနီတွေ တဖြတ်ဖြတ်လင်းပြီး အင်္ဂလိပ်လို စာတန်းတခု ထိုးပြလာတယ်။ “Error... ရှေ့ပေါက်က တက်ပါ” ဆိုတဲ့ မှားယွင်းကြောင်းပြတဲ့ မက်ဆေ့ခ်ျမျိုးပေါ့။ ဒါပေမယ့် ကဒ်ရီဒါမှာ ဖြစ်ပျက်နေတာကို ဘယ်လိုမှ မတုန့်ပြန်တာကို ကြည့်ခြင်းအားဖြင့် ဒီလူနှစ်ယောက်ဟာ ကားခပေးတဲ့နေရာမှာ အမှားအယွင်းဖြစ်နေတာကို သတိမပြုမိကြောင်း လုံးဝသိသာထင်ရှားနေတယ်။ ပိုပြီး သေချာတာကတော့ သူတို့ဟာ အင်္ဂလိပ်လို တလုံးတပါဒမျှ နားမလည်ဘူး။ အဲဒီအတွက် ကဒ်ရီဒါမှာ ပြနေတဲ့ error မက်ဆေ့ခ်ျကိုလည်း နားမလည်နိုင်ကြဘူး။

ကြိုဆိုပါတယ်ခင်ဗျား။ စင်္ကာပူဆိုတဲ့ ဘာသာစကားဆိုင်ရာ လွဲချော်မှုတွေနဲ့ ပြည့်နှက်နေတဲ့ တိုင်းဌာနီကြီးက ကြိုဆိုပါတယ်။

ဒါနဲ့လည်း ဘတ်စ်ကားက နေရာက မရွေ့သေးဘူးခင်ဗျ။ အပြင်ဖက်မှာ တက်ချင်တဲ့လူတွေ ကျန်နေသေးပုံပဲ။ ဒရိုင်ဘာက အဲသည်လူတွေကို လှမ်းပြီးစကားပြောနေတယ်။ ဒါပေမယ့် ဆူညံသံတွေကြောင့် သူဘာပြောသလဲဆိုတာတော့ သဲသဲကွဲကွဲ မကြားရဘူး။ နောက်ဆုံးမတော့ အဲဒီ ကျန်နေသေးတဲ့သူတွေလည်း နောက်ပေါက်တံခါးဆီကို ရောက်လာကြတယ်။ သိပ်များများတော့မဟုတ်ပါဘူး။ စလုံးလင်မယား နှစ်ယောက်ပါပဲ။ အင်္ဂလိပ်စကားပြောတဲ့ တရုတ်မျိုးနွယ် စလုံးလင်မယား။ သူတို့ ကားပေါ်ကို တက်တယ်။ သူတို့ရဲ့ ကားစီးကဒ်တွေကို ကဒ်ရီဒါမှာ ဖြတ်ကနဲ ကပ်တယ်။ ကဒ်ရီဒါကလည်း သူတို့ကို စောစောကအတိုင်း အော်သံနဲ့ နှောက်ယှက်ပြန်တယ်။ အမျိုးသမီးဟာ လန့်သွားပြီး ဟန်ချက်ပျက်မလိုဖြစ်သွားတယ်။ ဘာပဲဖြစ်ဖြစ် ကားပေါ်ကိုတော့ သူတို့ ရောက်လာပြီ။ ကားတံခါးတွေလည်း ပိတ်ပြီးပြီ။ ဘတ်စ်ကားဟာ မှတ်တိုင်က ထွက်ခွာလာခဲ့ပြန်ပါတယ်။

“ဒါဆို ငါတို့ ကားခကို ဘယ်လိုပေးမလဲ” အမျိုးသမီးက သူ့ယောက်ျားကို မေးတယ်။ တကယ်တော့ အဖြစ်သဘော စကားမရှိ စကားရှာ မေးခြင်းမျှသာပါ။ “ကျမတို့ ဆင်းမယ့်မှတ်တိုင်ရောက်ရင် ရှေ့ပေါက်ကိုသွားပြီး ကျမတို့ ကားစီးကဒ်တွေကို သွားပြီး စကန်(scan)လုပ်ရမယ်လို့ ကျမထင်တယ်”

“အေးကွာ မီးစင်ကြည့်ကတာပေါ့” လို့ ယောက်ျားက ပြန်ဖြေတယ်။

“တကယ်တော့ ကျမတို့ဟာ နောက်ပေါက်က တက်ရဖို့မဟုတ်ဘူး”.... သူမဟာ ဆက်ပြောနေပြန်တယ်။.... “ကားဒရိုင်ဘာကလဲ၊ ဘာကြောင့်များ ကျမတို့ကို နောက်ပေါက်က တက်ခိုင်းရသလဲမသိဘူးနော်”

အဲဒီအချိန်မှာတော့ ကျနော်ဟာ စင်္ကာပူနိုင်ငံသားဖြစ်တဲ့အတွက် ဂုဏ်ယူရမလား၊ စိတ်အနှောင့်အယှက်ဖြစ်ရမလား မဝေခွဲနိုင် ဖြစ်သွားပါတော့တယ်။

-----------

ပြည်မကြီးတရုတ် ကားဒရိုင်ဘာဟာ “မဖြစ်ဖြစ်အောင်လုပ်မယ်” (can do attitude) ဆိုတဲ့ စိတ်ဓါတ်မျိုးကို ခံယူထားသူဖြစ်နိုင်ပါတယ်။ သူ့ရဲ့ ဘတ်စ်ကားမှာ လူအရမ်းပြည့်နေလို့ ပါစင်ဂျာတွေ အတွင်းကို မရွှေ့နိုင်တော့ရင် သူမှာ ရွေးချယ်စရာ နည်းလမ်းတွေရှိပါတယ်။ တနည်းက မှတ်တိုင်တွေမှာ လူတင်ဖို့ ထပ်မရပ်တော့တာမျိုး။ နောက်တနည်းက(ကားခပေးဖို့မဖြစ်နိုင်ရင်တောင်မှ) ခရီးသည်တွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကားပေါ်အပါတင်ခေါ်တဲ့နည်းမျိုး။ ကျနော့်အမြင်မှာတော့ သူက နည်းလမ်းအမှန်ကို ရွေးချယ်ခဲ့တယ်လို့ မြင်ပါတယ်။ လူတွေကို သူတို့သွားချင်တဲ့နေရာပို့ဆောင်ပေးဖို့က ဘတ်စ်ကားကုမ္ပဏီအတွက် ဒေါ်လာအနည်းငယ်ထပ်ရအောင်ကြံဆောင်ခြင်းထက် ပိုမိုအရေးကြီးတယ် မဟုတ်ပါလား။

ဒါပေမယ့်...အဲဒီ “မဖြစ်ဖြစ်အောင်လုပ်မယ်”ဆိုတဲ့ နည်းလမ်းဟာ တခါတလေတော့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ရတာမျိုးနဲ့လည်း ကြုံရတတ်တယ်။ ပြည်ပကနေလာရောက်အခြေချသူတွေအဖို့ စင်္ကာပူနိုင်ငံသားတွေကို သင်ပြပေးနိုင်တဲ့အရာ တခုရှိတယ်ဆိုရင် အဲဒါဟာ “ပြဿနာတရပ်ကို ဖြေရှင်းနိုင်ဖို့ဆိုရင် တခါတလေမှာ စည်းမျဉ်းစည်းကမ်းတွေကိုလည်း ချိုးဖောက်ဖို့ လိုတယ်” ဆိုတဲ့ သင်ခန်းစာပါပဲ။

စင်္ကာပူနိုင်ငံသားတွေဆိုတာ ကားနောက်ပေါက်ကတက်ဖို့အရေး ကားရှေ့ပေါက်မှာ တော်တော်ကြာအောင် ဖြောင်းဖျနားချယူရပါတယ်။ တခါ နောက်ပေါက်ကတက်ပြီးသည့်တိုင်အောင် အဲသည်လို စည်းကမ်းကို ချိုးဖောက်လိုက်ရတဲ့အတွက် အလွယ်တကူ ပြန်လည် တည့်မတ်ဖို့ နည်းလမ်းမရှိတဲ့အခါ စိတ်မသက်မသာ ဖြစ်နေကြသေးတာကို တွေ့ရတယ်။ ဒီအဖြစ်အပျက်ဟာ ရိုသားမှုရဲ့ ဂုဏ်ပုဒ်ကို မှတ်ကျောက်အတင်ခံတဲ့ အချက်ဖြစ်လို့ နှာခေါင်းရှုံ့ဖို့ မသင့်ပေမယ့် တဖက်မှာလည်း ကျနော်တို့တတွေဟာ စည်းမျဉ်းစည်းကမ်းတွေကို တရားသေဆုပ်ကိုင်လိုက်နာတတ်သူတွေ ဖြစ်မှန်းမသိ ဖြစ်ကုန်ကြပြန်ပါတယ်။ ကျနော်တို့ဟာ ကိုယ်တိုင်တီထွင်ကြံဆနိုင်ဖို့ ဝေးလို့... တီထွင်ဆန်းသစ်တဲ့ ဖြေရှင်းချက်နည်းလမ်းတွေကို အသားမကျတော့သလိုတောင် ဖြစ်နေပါတယ်။

-------------------

လစ်တဲလ်အိန္ဒိယကို ရောက်လုရောက်ခင်မှာ စောစောက ပြည်မကြီးတရုတ်နှစ်ယောက်ဟာ သူတို့ရဲ့ ကားစီးကဒ်တွေကို ထုတ်ကြပြန်ပါတယ်။ ကားပေါ်ကဆင်းတဲ့အခါ ကဒ်ရီဒါမှာ ကပ်ဖို့အတွက် အသင့်ပြင်တဲ့သဘောပေါ့။

ကျနော်က သူတို့ကို ဒုက္ခမရှာဖို့ ပြောလိုက်တယ်။ “မင်းတို့တက်တုန်းက ကဒ်ရီဒါက မင်းတို့ ကဒ်တွေကို ဖတ်မသွားဘူး။ ဒါကြောင့် ဆင်းတဲ့အခါ မင်းတို့ ထပ်ပြီး ကပ်ဖို့ မလိုတော့ဘူး”

“ဘာကြောင့် မဖတ်တာလဲ”.... တယောက်က ပြန်မေးတယ်။

ရှေ့ပေါက်မှာရှိတဲ့ ကဒ်ရီဒါကသာလျှင် ခရီးစဉ်အတွက် ကားစီးကဒ်ကို ဖတ်ကြောင်း ရှင်းပြရင်း....“ မင်းတို့တက်လာတုန်းက စက်က ဒိ..ဒိ...ဒိ..ဒိ ဆိုပြီး မြည်တာကို မှတ်မိလား”

“အင်း...မှတ်မိတယ်”... သူကပြန်ဖြေတယ်။

“မီးအနီလည်း လင်းတယ်”.... သူ့အဖော်က ဝင်ပြောတယ်။

“ဟုတ်တယ်။ အဲဒါဟာ မင်းတို့ကဒ်ကို လက်မခံဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ”

“ဒါဆို အခု ကျနော်တို့ကဒ်ထဲက ပိုက်ဆံမနှုတ်တော့ဘူးပေါ့”

“အေး၊ မနှုတ်တော့ဘူး။ မင်းတို့အတွက် ဒီခရီးဟာ အလကား စီးရတဲ့ခရီးပဲ” လို့ ကျနော်က ပြုံးပြီးပြောလိုက်တယ်။

“အိုး... ကောင်းလိုက်တာ” သူတို့နှစ်ယောက်စလုံးဆီက ပြိုင်တူအသံထွက်လာတယ်။ ဒီနေ့အဖို့ ကံကောင်းတဲ့ အချိန်ပိုင်းကလေးကို ပြက်ပြက်ထင်ထင် မှတ်သားမိတဲ့သဘော။

............................

အဲ... စလုံးလင်မယားကလည်း လစ်တဲလ်အိန္ဒိယမှာပဲ ဆင်းကြတယ်ခင်ဗျ။

“အားယိုး.... ကားကလည်း အရမ်းကြပ်တုန်းပဲ။ ဘယ်လိုလုပ် ရှေု့ကိုသွားပြီး စကန်(scan)လုပ်မလဲ” သူတို့ လင်မယားနှစ်ယောက်ကို နောက်က ဆင်းမယ့် ခရီးသည်တွေက တွန်းတိုက်တဲ့အတွက် နောက်ပေါက်ဆီကို ရွေ့ပါသွားရင်း အမျိုးသမီးက ပြောလိုက်တယ်။ ဘယ်သူဘယ်ဝါရယ်လို့ ဦးတည်ပြီး သတ်သတ်မှတ်မှတ် ပြောတာမျိုးတော့ မဟုတ်ပါဘူး။

“အရင် ဆင်းလိုက်ကြတာပေါ့ကွာ” လို့ သူ့ယောက်ျားက ပြန်ပြောတယ်။ “ပြီးတော့မှ ရှေ့ပေါက်က ပြန်တက်ပြီး စကန်လုပ်လို့ရမလားဆိုတာ ကြည့်တာပေါ့”

“ဒါပေမယ့် ရှေ့ပေါက်မှာလည်း လူတွေအများကြီး တိုးဆင်းနေကြတဲ့ဟာကို....” လို့ သူမက ပြောလိုက်တယ်။

အရာတိုင်းဟာ အားလုံးမှားယွင်းနေပါပြီ။ ဘယ်လောက်များ စလုံး မဆန်လိုက်သလဲလို့။

(စင်္ကာပူနိုင်ငံသား အက်တိဗစ် ဘလော့ဂါ Alex Au ရေးသားသော The driver, the passengers, and me ပို့စ်ကို ဘာသာပြန်ပါသည်။)
Read more

“ထူးပေဆန်းပေသည်…”

(စင်္ကာပူနိုင်ငံမှာ ၉ နှစ်ကြာ နေထိုင်သွားခဲ့တဲ့ ဂျာမန်နိုင်ငံသားတယောက်ရဲ့ လေ့လာတွေ့ရှိချက်တွေလို့ အဆိုရှိပါတယ်။ ဟုတ်မဟုတ် မသေချာပါ။ ဒါပေမယ့် စင်္ကာပူကအခြေအနေတွေကို တော်တော်လေး မှန်ကန်စွာ ထင်ဟပ်ပြနိုင်ပြီး ပြုံးချင့်စဖွယ်လည်းဖြစ်လို့ ဘာသာပြန်လိုက်ပါတယ်။)

၄၄ နှစ်ကြာ စီးပွားရေးနဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာအရ အောင်မြင်မှုရခဲ့တဲ့နောက်ပိုင်း စင်္ကာပူနိုင်ငံသားတွေမှာ ထူးဆန်းတဲ့ အပြုအမူ အလေ့အထတွေ ဖြစ်ပေါ်လာပါသတဲ့။

သူတို့ဟာ အိမ် (သို့မဟုတ်) တိုက်ခန်း တခန်းကို ငွေအမြောက်အမြား ပေးဝယ်ပြီး ပရိဘောဂတွေနဲ့ နန်းတော်ကြီးတမျှ ပြင်ဆင်တတ်ကြပါသတဲ့။ ဒါပေမယ့် အဲဒီ အိမ်မှာ နေတဲ့အချိန်က နည်းပါးပြီး အပြင်မှာ၊ အထူးသဖြင့် အလုပ်ထဲမှာ အချိန်ဖြုန်းတာ များပါတယ်။ သူတို့ရဲ့ သန်းချီတန်တဲ့ ပိုင်ဆိုင်မှုတွေကို အမှန်တကယ် စံစားနေကြသူတွေကတော့ သူတို့အိမ်က အိမ်ဖော်များသာ ဖြစ်ပါသတဲ့။

သူတို့ဟာ မော်တော်ကားတွေကို ဈေးကြီးပေးဝယ်ယူကြတယ်။ ကမ္ဘာပေါ်မှာ မော်တော်ကားဈေး အမြင့်ဆုံးနိုင်ငံလို့တောင် ဆိုနိုင်ပါတယ်။ ဝယ်ပြီးတာနဲ့ အဲဒီကားကို အိမ်မှာပဲ ရပ်ထားတော့တယ်။ အပြင်မှာ ထုတ်မောင်းဖို့ အင်မတန်ဈေးကြီးပါတယ်။ ERP လို့ခေါ်တဲ့ လမ်းဂိတ်ကြေးကောက်တဲ့ ဂိတ်တွေဟာ အများအပြား ရှိနေပြီး မော်တော်ယာဉ် ရပ်နားခကိုလည်း နေရာတိုင်းလိုလိုမှာ ပေးရပါတယ်။ ဒါကြောင့်မို့ သူတို့ကားကို အိမ်မှာ ရပ်ထားပြီး အဖိုးအခသက်သာစွာနဲ့ အဆင်ပြေတဲ့ အများသုံး သွားလာရေးစနစ် (ဘတ်စ်ကား၊ MRT စသည်) ကိုပဲ သုံးကြဖို့ တွန်းအား အပေးခံရပါတယ်။

စင်္ကာပူနိုင်ငံသားတွေ ခရီးထွက်ကြတဲ့အခါ ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုမယ့်အစား ရှော့ပင်း (ဈေးဝယ်) ထွက်ကြပါတယ်။ အံ့သြဖို့ကောင်းတာကတော့ စင်္ကာပူက တရုတ်တန်းနဲ့ ညဈေးတွေမှာ ဈေးသက်သက်သာသာနဲ့ ပေါပေါလောလော ဝယ်လို့ရတဲ့ပစ္စည်းတွေကို နိုင်ငံခြားမှာ အသည်းအသန် ဈေးဆစ်ပြီး ဝယ်ယူတတ်ကြပါတယ်။ ပြီးတော့… အဲဒီလို ဈေးဆစ်ပြီး ဝယ်နိုင်ခဲ့တာကိုပဲ ပျော်နေတတ်ကြပါသေးတယ်။

စင်္ကာပူနိုင်ငံသားအများစုဟာ ရှင်သန်နိုင်ဖို့ အသည်းအသန် မနည်းရုန်းကန်နေကြရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်လို့ ထုတ်ဖော်ပြောကြားမိရင် “မကျေနပ်ရင် ထွက်သွားလိုက်” လို့လည်း အပြောခံရတတ်ပါသေးတယ်။ ချမ်းသာကြွယ်ဝပြီး စင်္ကာပူက ဘဝကို အင်မတန် သဘောကျနှစ်သက်နေပါတယ်ဆိုတဲ့ နိုင်ငံသားများကတော့ အရေးအကြောင်းဆိုရင် ဒီသုခဘုံကလေးကနေ အလျှင်အမြန်ထွက်သွားနိုင်ဖို့ နိုင်ငံရပ်ခြားမှာ အိမ်တွေယာတွေ ဝယ်ယူထားကြပါတယ်။

စင်္ကာပူနိုင်ငံသားအများစုဟာ ဒီနိုင်ငံကနေ ရွှေ့ပြောင်းပြေးနိုင်ဖို့ စဉ်းစားနေကြတယ်။ ပြင်ဆင်နေကြတယ်။ အဲဒီအချိန်မှာ အခြားနိုင်ငံများမှ ရွှေ့ပြောင်းအခြေချလာသူ လူသစ်များကတော့ သူတို့နေရာကို အစားထိုးဝင်ရောက်နေကြလေရဲ့။

အထူးဆန်းဆုံးကတော့ စင်္ကာပူနိုင်ငံသားတွေဟာ သူတို့ အစိုးရရဲ့ ပေါ်လစီတွေနဲ့ပတ်သက်ပြီး အမြဲတစေ ငြီးတွားပြောဆိုနေတတ်ကြပေမယ့် ရွေးကောက်ပွဲလည်း ရောက်ရော ဒီအစိုးရကိုပဲ မဲထည့်ပြီး အာဏာပြန်လည် အပ်နှင်းတတ်ကြပါတယ်။

မူရင်းကို ဖတ်ရှုရန်။.............။ The Bizarre Behaviour of Singaporeans
Read more

“ကျေးဇူးတရား ဆိုရာဝယ်”

နအဖ စစ်အစိုးရက သတင်းစာတွေထဲမှာ သူ့ကိုယ်သူ ချစ်စနိုးလေးနဲ့ ရည်ညွှန်းပုံများ.. “နိုင်ငံတော်” တဲ့။

ဥပမာ ပြရရင်…“နိုင်ငံတော်ရဲ့ စေတနာကို နားလည်ကြဖို့”၊ “နိုင်ငံတော်အနေဖြင့် အကြိမ်ကြိမ် သည်းခံခွင့်လွှတ်ခဲ့ကြောင်း”၊ “နိုင်ငံတော်ရဲ့ သဘောထားကြီးမှုကို အခွင့်ကောင်းယူပြီး”၊ “နိုင်ငံတော်ရဲ့ အမြော်အမြင်ကြီးမှုကြောင့်သာ”…. စသဖြင့်ပေါ့လေ။

နိုင်ငံတော် ဆိုလို့ ပြောရင်းနဲ့ မှတ်မိတာတခု ရှိသေးတယ်။ ညနေဖက် ရေဒီယိုကနေ လာတတ်တဲ့ စစ်သီချင်းတပုဒ်မှာဆိုရင်….

“နိုင်ငံတော်….
နိုင်ငံတော်…..
မထိနဲ့…….
မီးပွင့်သွားမယ်”
……တဲ့။

အဲသည် သီချင်းမှာ “နိုင်ငံတော်” ဆိုတဲ့ စာသားကို သရဲပူးသလို ကတုန်ကယင် အသံရှည်ဆွဲ ဆိုလာရာက “မထိနဲ့…” ဆိုတဲ့ နေရာအရောက်မှာ ၀မ်းခေါင်းသံကြီးနဲ့ ရုတ်တရက် ကြုံးအော်လိုက်ပုံများ ရေဒီယိုနားထောင်နေရင်းက ပက်လက်လန် လဲကျသွားမတတ် လန့်ဖြတ်သွားမိတယ်။

စစ်အစိုးရဟာ စစ်အစိုးရပေါ့။ ဘာ…နိုင်ငံတော်လဲ။ နိုင်ငံတော်လို့ ဆိုရအောင် ဒင်းတို့ကို ဘယ်ပြည်သူ၊ ဘယ်လူထုကမှ ရွေးချယ်တင်မြှောက်ထားတာ မဟုတ်ဘူး။ အမေရိကန်တို့ ဘာတို့မှာလို State’s support, State’s involvement စသဖြင့် သုံးနှုန်းစရာအကြောင်းလဲ မရှိဘူး။

စစ်အစိုးရက အဲဒီလို သူ့ကိုယ်သူ နိုင်ငံတော်လို့ အမည်ပေးထားပြီး သူ့ကိုဆန့်ကျင်ရင်ပဲ နိုင်ငံတော်အပေါ် ဆန့်ကျင်ပုန်ကန်သူများ၊ နိုင်ငံတော်အပေါ်သစ္စာမရှိသူများ စသဖြင့် စွတ်စွဲချင်သေးတယ်။

နိုင်ငံတော်က သတ်သတ်။ စစ်အစိုးရက သတ်သတ်ပါ။ စစ်အစိုးရမဟုတ်ဘဲ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့အစိုးရဖြစ်နေပါစေဦး။ အဲသည်အစိုးရကို ဝေဖန်လို့ရပါတယ်။ အကြမ်းမဖက်နည်းနဲ့ ဆန့်ကျင်လို့ရပါတယ်။ အဲသည်အစိုးရအပေါ်မှာ သစ္စာစောင့်သိစရာမလိုပါဘူး။ ကျေးဇူးတရားဆိုတာ ဝေလာဝေး။ ကျေးဇူးတင်ရင်းတင်ရင် အစိုးရက သူ့ကိုရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူတွေကိုသာ ကျေးဇူးတင်ရမယ်။

အဲဒီလိုပဲ။ ကျေးဇူးတရားနဲ့ ပတ်သက်လို့ ကျနော်နှစ်သက်တဲ့ Singaporemind ဘလော့ဂ်မှာ စင်္ကာပူနိုင်ငံသား ဘလော့ဂါတယောက်ကလည်း သူ့အမြင်ကို ဟောဒီလို ရေးသားထားပါသေးတယ်။

(ကောက်နှုတ်ဘာသာပြန်ဆိုချက်)
“ အစိုးရအပေါ်ဝေဖန်တာကို ကျေးဇူးမသိတတ်ခြင်းနဲ့ လာရောက် ရောထွေးပြောဆိုနေတာကိုက ဒီလူတွေ မှားနေပြီ။ ဘလော့ဂါအများစုဟာ အောက်မှာ ဖော်ပြထားတဲ့ ကိစ္စတခုခုအတွက် အစိုးရကို ဝေဖန်ကြတာပါ။ စီးပွားရေးအရ တန်းတူညီမျှ မရှိခြင်း၊ လူနေမှုစားရိတ်မြင့်တတ်ခြင်း၊ ဆင်းရဲနွမ်းပါးသူများနဲ့ သက်ကြီးရွယ်အိုများအတွက် ထိရောက်တဲ့အကူအညီတွေ ချို့တဲ့နေခြင်း၊ ၀င်ငွေနည်းပါးသူများအတွက် အနည်းဆုံးလစာနှုန်းထား သတ်မှတ်ချက်မရှိခြင်း၊ ပြည်ပအလုပ်သမားအမြားအပြားကို ငှားရမ်းသုံးစွဲမှုကြောင့် မိမိနိုင်ငံသားအများစုအပေါ်မှာ သက်ရောက်တဲ့ ဆိုးကျိုးများကို ထောက်ပြလိုခြင်း တို့ကြောင့် ဖြစ်ပါတယ်။

အချို့ဘလော့ဂါများအနေနဲ့ မိမိတို့ အကျိုးစီးပွားအတွက် ဒီကိစ္စတွေအပေါ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးဖို့တောင်းဆိုတာဖြစ်ပြီး အများစုကတော့ တရားမျှတမှုကို ချစ်မြတ်နိုးတဲ့ စိတ်အရင်းခံရယ်၊ နောက်ပြီး စင်္ကာပူနိုင်ငံကို စင်္ကာပူနိုင်ငံသားတွေအတွက် နေချင့်စဖွယ် နေရာတခု ဖြစ်လာစေချင်တဲ့ ဆန္ဒကို အခြေခံပြီး အစိုးရကို ဝေဖန်ရေးသားနေကြတာဖြစ်ပါတယ်။

ဘာကြောင့် ဒီဘလော့ဂါတွေသာလျှင် အမှန်တကယ် ကျေးဇူးသိတတ်သူများဖြစ်ကြောင်းနဲ့ ဘယ်သူတွေဟာ ကျေးဇူးမသိတတ်သူတွေလဲ၊ ဘာကြောင့်လဲဆိုတာ ကျနော် ရှင်းပြပါ့မယ်။

အခု သက်ကြီးရွယ်အိုဖြစ်နေကြတဲ့ မျိုးဆက်ဟာ ဒုတိယ ကမ္ဘာစစ်အတွင်းက ကလေးသာသာ အရွယ်ပဲ ရှိကြပါမယ်။ ပညာကောင်းကောင်း မတတ်ကြပါဘူး။ ဒါပေမယ့် အလုပ်ကြိုးစားကြတဲ့ မျိုးဆက်ပါ။ သူတို့ဟာ ဆင်းရဲမွဲတေမှုအောက်မှာ ကြီးပြင်းလာခဲ့ကြတယ်။ ဒါပေမယ့် ၁၉၈၀ ခုနှစ်များဆီမှာ ကမ္ဘာ့ပထမတန်းစား လုပ်အားစုတရပ်အဖြစ် ကြိုးစားတက်လှမ်းနိုင်ခဲ့ကြတယ်။ အဲဒီ လုပ်အားစုတွေပါပဲ…. အလုပ်ခွင်မှာ တခါမှ သပိတ်မမှောက်ခဲ့ကြဖူးဘူး၊ အလုပ်ချိန်သုံးဆိုင်းကို မငြီးမငြူ လက်ခံခဲ့ကြတယ်။ လုပ်ခနည်းနည်းရတာတွေ၊ ပင်ပန်းတဲ့အလုပ်တွေ၊ ရှည်လျားတဲ့ အလုပ်ချိန်တွေ… ဘာတခုကိုမှ မငြင်းဆန်ခဲ့ကြဘူး။ အဲဒီအတွက် စင်္ကာပူဟာ ဒီကနေ့ ဒီလိုအနေအထားကို ရောက်လာခဲ့တယ်။

သူတို့ရဲ့ လုပ်အားကြောင့် စင်္ကာပူဟာ ဒီကနေ့ အခြေအနေ အောင်မြင်မှုကို ရရှိလာခဲ့ပြီး ကျနော်အပါအ၀င် ငယ်ရွယ်တဲ့ စင်္ကာပူမျိုးဆက်တွေဟာ သူတို့ရဲ့ ပေးဆပ်ခဲ့မှုအပေါ် ကျေးဇူးတင်မဆုံး ဖြစ်နေရာတာပေါ့။ ဒါကြောင့်မို့ ဒီလိုသက်ကြီးရွယ်အိုတွေအနေနဲ့ သူတို့ရဲ့ ဘ၀နေ၀င်ချိန်မှာ အလုပ်တွေ မရပ်မနား လုပ်နေရမယ့်အစား အေးအေးလူလူ အနားယူနိုင်စေချင်တာပေါ့။ ဒါကြောင့်မို့ စင်္ကာပူနိုင်ငံသား သက်ကြီးရွယ်အိုတွေ အိုကြီးအိုမကျမှ အမှိုက်ပုံးကို မွှေနှောက်ပြီး အလူမီနီယံ အအေးဘူးခွံတွေ ရှာဖွေနေတာကို မြင်ရတဲ့အခါ ကျနော့်ရင်ထဲ နာကျင်မိတာပေါ့။ ပီအေပီခေါင်းဆောင်တွေကတော့ ဒီအသက်အရွယ်အုပ်စုရဲ့ နိုင်ငံတော်အပေါ် ပေးဆပ်ခဲ့မှုတွေကို မေ့လျော့နေဟန်ရှိပြီး ဒီအိုကြီးအိုမတွေကို အင်အားချိနဲ့ပြီး မသန်မစွမ်းတော့တဲ့အချိန်အထိ အလုပ်ကို ပိုမိုကြိုးစားလုပ်ဖို့၊ အလုပ်ချိန်ပိုရှည်ကြာစွာလုပ်ဖို့ တိုက်တွန်းနေတာကို တွေ့ရတယ်။ သူတို့ကို လုံလောက်တဲ့ ကူညီမှုတွေ ပေးဖို့ကိုလည်း ငြင်းဆိုနေပါတယ်။

ကျနော်ဟာ စင်္ကာပူနိုင်ငံကို သန့်ရှင်းနေအောင် သန့်ရှင်းရေးအလုပ်သမားအဖြစ် တာဝန်ထမ်းနေကြတဲ့ ထောင်ပေါင်းများစွာသော နိုင်ငံသားတွေ၊ ဘတ်စ်ကားဆရာတွေ၊ စာရေးစာချီတွေ… အစရှိတဲ့ ကျနော်တို့ စီပွားရေးရဲ့ ကျောရိုးသဖွယ်ဖြစ်တဲ့ အင်အားစုတွေကို ကျေးဇူးတင်ပါတယ်။ ဒါကြောင့်မို့လည်း ဒီလူတွေအနေနဲ့ အချိန်ပြည့်အလုပ်တွေအတွက် ထိုက်တန်တဲ့၊ သင့်တင့်လျောက်ပတ်တဲ့ လစာနှုန်းထားတွေ ရသင့်တယ်လို့ ယူဆပါတယ်။ လူနေမှုစားရိတ်တွေကတော့ မြင့်တက်သွားပြီး သူတို့ရဲ့ လစာတွေ၊ လုပ်အားခတွေကတော့ လျော့ကျသွားလို့ ယက်ကန်ယက်ကန် ရုန်းကန်နေရတဲ့ အနေအထားမှာ မထားရစ်ခဲ့သင့်ပါဘူး။

အလုပ်တွေ၊ ကုမ္ပဏီတွေဟာ သူတို့ပေးဆောင်ရတဲ့ မြင့်တက်လာတဲ့ နေရာငှားရမ်းခတွေ၊ ရေမီးသုံးစွဲခတွေ၊ မြင့်တက်လာတဲ့ အစိုးရ၀န်ဆောင်မှုနှုန်းထားတွေကို ကာမိအောင် စောစောက ပြည်သူတွေရဲ့ လုပ်ခတွေကို လျှော့ချနိုင်ဖို့ ပြည်ပက အလုပ်သမားတွေကို မနားတမ်း တင်သွင်းနေတာမျိုး မလုပ်သင့်ပါဘူး။ ဒါကြောင့်မို့ ကျနော်တို့လို လူငယ်ဘလော့ဂါတွေဟာ ဒီလူတန်းစားရဲ့ အရေးပါပုံနဲ့ ကျေးဇူးတရားကို နားလည်တဲ့အတွက် (သူတို့ကို ဆင်းရဲတွင်းမှာ နစ်မနေစေချင်တဲ့အတွက်) ဒီလူတွေအပေါ် ပိုမိုထိခိုက်နစ်နာစေတဲ့ စင်္ကာပူအစိုးရရဲ့ နိုင်ငံခြားသားအလုပ်သမားဆိုင်ရာ ပေါ်လစီကို ဝေဖန်ထောက်ပြနေရခြင်း ဖြစ်ပါတယ်။

ဒါဆိုရင် စင်္ကာပူနိုင်ငံသားတွေအပေါ်မှာ ကျေးဇူးတရားမသိတတ်တာ ဘယ်သူတွေလဲ။
အဲဒီလူတွေဟာ နိုင်ငံခြားသားတွေကို ဒလဟော တင်သွင်းလိုက်ခြင်းအားဖြင့်သာလျှင် စင်္ကာပူကြီး တိုးတက်ဖွံ့ဖြိုးမယ်ဆိုပြီး လောင်းကြေးထပ် ကစားနေသူတွေဖြစ်တယ်။ သူတို့လုပ်ရပ်ကြောင့် သူတို့နဲ့ တနိုင်ငံတည်းသား စင်္ကာပူလူမျိုးတွေအတွက် မညီမျှတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာစေခဲ့တယ်။ အဲဒီကျေးဇူးမသိတတ်သူတွေဟာ ဘယ်သူတွေလဲဆိုရင် စင်္ကာပူနိုင်ငံကြီးကို ထူထောင်ရာမှာ စင်္ကာပူနိုင်ငံသားတွေရဲ့ ပေးဆပ်ခဲ့ရမှုတွေကို မေ့ပျောက်ထားကြသူတွေဖြစ်တယ်။ အဲဒီ ကျေးဇူးမသိတတ်သူတွေဟာ ဘယ်သူတွေလဲဆိုရင် စင်္ကာပူနိုင်ငံမှာ ၀င်ငွေကွာဟချက် အဆန်မတန်ကြီးထွားပြီး စင်္ကာပူမိသားစုအများအပြားကို ဒုက္ခရောက်အောင် ဖန်တီးသူများသာဖြစ်တယ်။ တချိန်တည်းမှာပဲ အဲဒီကျေးဇူးမသိတတ်သူများဟာ သူတို့အသက်မွေးဝမ်းကြောင်းအတွက် သူတို့ကိုယ် သူတို့ ကမ္ဘာပေါ်မှာ အမြင့်ဆုံးလစာများ ပေးထားကြသူတွေဖြစ်တယ်။ သူတို့တတွေက ကျနော်တို့လို သာမန် စင်္ကာပူနိုင်ငံသားတွေအပေါ်မှာ ကျေးဇူးသိတတ်မှုလုံးဝမပြတဲ့အချိန်မှာ ကျနော်တို့က သူတို့ကို ဘာကြောင့်များ ကျေးဇူးပြန်တင်နေရဦးမလဲ။

မူရင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။
Read more

“လူ့အဖွဲ့အစည်း နှစ်မျိုး”

နေတန်ရှာရန်စကီး(Natan Sharansky)က သူ့စာအုပ် ("The case for democracy")ထဲတွင် လူ့အဖွဲ့အစည်းနှစ်မျိုးအကြောင်းကို ဤသို့ ရှင်းပြထားသည်။

လွတ်လပ်သော လူ့အဖွဲ့အစည်းဟု ဆိုလိုက်လျှင် အခြေခံလွတ်လပ်ခွင့်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ယှဉ်တွဲမြင်တတ်ကြသည်။ သို့သော် မည်သည့်လူ့အဖွဲ့အစည်းတွင်မဆို ထိုလွတ်လပ်ခွင့်များသည် အကြွင်းမဲ့ လွတ်လပ်ခွင့်များမဖြစ်နိုင်ချေ။

ဥပမာ... အမေရိကားတွင် လွတ်လပ်စွာပြောဆိုပိုင်ခွင့်နှင့် ဘာသာရေးလွတ်လပ်ခွင့်ကို မည်သူမျှ မထိပါးမချိုးဖောက်သင့်သောအရာများအဖြစ် သတ်မှတ်ထားသည်။ သို့သော်လည်း လူပြည့်ကျပ်နေသော ကဇာတ်ရုံတခုအတွင်းတွင် မည်သူတဦးတယောက်ကမျှ “မီး...မီး”ဟု လွတ်လပ်စွာ အော်ချင်တိုင်း အော်ခွင့်ရှိသည်မဟုတ်။ အလားတူ ဘာသာရေး လွတ်လပ်ခွင့် အမည်သုံးကာ အိမ်ထောင်နှစ်ခု တပြိုင်နက် ထူထောင်ခြင်းကိုလည်း ခွင့်ပြုသည်မဟုတ်။

အမျိုးမျိုးအပြားပြားသော လွတ်လပ်ခွင့်များအတွက် သင့်လျော်သော နယ်နိမိတ်စည်းမျဉ်း(ဘောင်)များနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများသည် ပေါ်လစီပိုင်းဆိုင်ရာ စိတ်ဝင်စားဖွယ် ဆွေးနွေးငြင်းခုံမှုများကို ဖြစ်ပေါ်နိုင်စေသော်လည်း “လွတ်လပ်မှုကို အခြေခံသော လူ့အဖွဲ့အစည်း (free society)” နှင့် “အကြောက်တရားကို အခြေခံသော လူ့အဖွဲ့အစည်းနှစ်ခု (fear society)” အကြား အဓိက ခြားနားချက်ကိုမူ ဖော်ထုတ်နိုင်ခြင်း မရှိချေ။”

အဆိုပါခြားနားချက်ကို ယခင်ဆိုဗီယက်ပြည်ထောင်စု အကျဉ်းထောင်များတွင် အကျဉ်းကျခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ကောင်းကောင်းနားလည်ကြသည်ဟု နေတန်က ဆို၏။ ထိုသံတိုင်နောက်က အကျဉ်းသားများတွင် နိုင်ငံရေးအယူအဆအမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးမျိုး မတူညီကွဲပြားကြသော်လည်း ယုံကြည်ချက်တခုတွင်မူကား အားလုံးတူညီကြသည် ဟူ၏။ ထိုယုံကြည်ချက်မှာ “ကျွန်ုပ်တို့အားလုံးသည် လွတ်လပ်သော လူ့အဖွဲ့အစည်းတွင် နေထိုင်လိုကြသည်” ဆိုသော အချက်ဖြစ်သည်။ ထို့ပြင် အနာဂတ် ဆိုဗီယက်ပြည်ထောင်စုနှင့် ပတ်သက်၍ ဆန့်ကျင်ကွဲလွဲသောအမြင်များရှိပင်ရှိနေသော်ငြား “လွတ်လပ်မှု”ကို အဓိပ္ပါယ် ဖွင့်ဆိုရာတွင် အားလုံး သဘောတူညီကြသည်။

“လူ့အဖွဲ့အစည်းတခုအတွင်း မတူညီသောအတွေးအမြင်များကို ဖော်ထုတ်ပြသရာ၌ အဖမ်းဆီးခံရခြင်း၊ ထောင်ချခံရခြင်း၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရခြင်းစသည့် ဘေးအန္တရာယ်တို့ကျရောက်မည်ကို မစိုးရိမ်ရဘဲ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိပါက ထိုလူ့အဖွဲ့အစည်းသည် လွတ်လပ်သောလူ့အဖွဲ့အစည်းပင်ဖြစ်သည်”

နေတန်က ဆက်ပြောသည်မှာ...

“ဆိုဗီယက် နိုင်ငံရေးအကျဉ်းသား အတိုက်အခံတွေဟာ အနာဂတ်နိုင်ငံတော်နဲ့ ပတ်သက်လို့ အယူအဆတွေ ဘယ်လိုပဲကွဲပြားနေပစေ၊ အားလုံးနားလည်တဲ့ အချက်တခုကတော့...

လူ့အဖွဲ့အစည်းတခုဟာ (အမြင်မတူသူ)အတိုက်အခံတွေရဲ့ အခွင့်အရေးကို မကာကွယ် မစောင့်ရှောက်ဘူးဆိုရင် လတ်တလောမှာ ကိုယ့်အမြင်ကိုယ့်တန်ဘိုးတွေနဲ့ မည်မျှပင် ကိုက်ညီနေပါစေ...အဲဒီလူ့အဖွဲ့အစည်းဟာ အကြောက်တရားလွှမ်းမိုးတဲ့ လူ့အဖွဲ့အစည်းအဖြစ်ကို တဖြည်းဖြည်းနဲ့ ပြောင်းလဲသွားပြီး တချိန်ကျရင် လူတိုင်းကိုအန္တရာယ်ပေးလိမ့်မယ်...........ဆိုတဲ့အချက်ပါဘဲ။

ကျနော်တို့ အတိုက်အခံတွေဟာ ဘယ်လို လွတ်လပ်သောလူ့အဖွဲ့အစည်းမျိုးကို မျှော်မှန်းသလဲဆိုတဲ့ အချက်အပေါ်မှာ ကွဲလွဲကြပေမယ့် အတိုက်အခံအမြင်တွေကို ခွင့်ပြုထားတဲ့လူ့အဖွဲ့အစည်းဖြစ်နေသမျှကာလပတ်လုံး ကျနော်တို့ အသီးသီးရဲ့ အယူအဆတွေအတွက် လွတ်လပ်စွာ၊ လုံခြုံစွာ ဆက်လက်တိုက်ပွဲဝင်နိုင်မယ်ဆိုတဲ့အချက်ကို အားလုံးက အသိအမှတ်ပြုကြတယ်။”

လူ့အဖွဲ့အစည်းတခုတွင် အတိုက်အခံအမြင်ကို ခွင့်ပြုခြင်းရှိမရှိ စမ်းသပ်ရန် အကောင်းဆုံးနည်းလမ်းတခုမှာ “town square test” ခေါ် မြို့ရင်ပြင် စမ်းသပ်ချက်ပင်ဖြစ်သည်။ အဆိုပါစမ်းသပ်တွင်...

“လူတယောက်သည် မြို့လယ်ခေါင် ရင်ပြင်ကွက်လပ်သို့သွားရောက်၍ သူ၏အမြင်ကို ထုတ်ဖော်ရာ၌ အဖမ်းခံရခြင်း၊ ထောင်ချခံရခြင်း မရှိဘဲ (သို့မဟုတ်) ရုပ်ပိုင်းဆိုင်ရာ ဘေးအန္တရာယ်မကျရောက်ဘဲ လွတ်လပ်စွာ ထုတ်ဖော်နိုင်ပါသလား”

အကယ်၍ ထုတ်ဖော်နိုင်ပါက ထိုလူ့အဖွဲ့အစည်းသည် လွတ်လပ်သော လူ့အဖွဲ့အစည်း ဖြစ်သည်။ ထိုသို့ မဟုတ်ပါက အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းဖြစ်ပါသည်။

လွတ်လပ်သော လူ့အဖွဲ့အစည်းတွင် နေထိုင်ကြသူများက ဤစမ်းသပ်ချက်သည် ယေဘူယျ ကျလွန်းသည်ဟု ဆိုကောင်းဆိုကြပေမည်။ အဘယ့်ကြောင့်ဆိုသော် မလွတ်လပ်ဟု သတ်မှတ်ခံထားသော နိုင်ငံအချို့သည်လည်း ဤစမ်းသပ်ချက်အရဆိုလျှင် လွတ်လပ်သော လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲသတ်မှတ်ခံရတော့မည် ဖြစ်သောကြောင့်ဟု ဆိုသည်။

မြို့ရင်ပြင် စမ်းသပ်ချက်အရဆိုလျှင် အမျိုးသမီးများ မဲပေးခွင့် မရှိသော၊ အသားအရောင်ခွဲခြားနှိပ်ကွပ်မှုများရှိနေသော၊ စီးပွားရေးကို နိုင်ငံတော်က ချုပ်ကိုင်သော နိုင်ငံအများအပြားကို လွတ်လပ်သော လူ့အဖွဲ့အစည်းအဖြစ် သတ်မှတ်ရတော့မည် ဖြစ်သောကြောင့်ပင်တည်း။

ဤခိုင်လုံသော ဝေဖန်မှုမှ ထောက်ပြနေသည့်အချက်တခုမှာ “လွတ်လပ်သည်(free)”ဟူသော အဓိပ္ပါယ်ဖြင့် ကိုက်ညီပြည့်စုံသည့် လူ့အဖွဲ့အစည်းတိုင်းသည် “တရားမျှတသည်(just) ”ဟူသော အဓိပ္ပါယ်မသက်ရောက်။

သို့သော် မြို့ရင်ပြင် စမ်းသပ်ချက်သည် လွတ်လပ်သောလူ့အဖွဲ့အစည်းတခုဖြစ်ရန် အနိမ့်ဆုံးလိုအပ်သည့်အဆင့် ( the threshold of freedom)ကို ပြသသည်။

အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းများတွင်ကား ဤ အနိမ့်ဆုံးလိုအပ်သည့်အဆင့်ကို မကျော်ဖြတ်နိုင်သေးရုံမျှမက တရားမျှတမှုလည်း အမြဲလိုလို ခေါင်းပါးလျက်ရှိချေသည်။

(Natan Sharansky's The case for democracy စာအုပ်မှ ကောက်နှုတ်ဘာသာပြန်သည်။)
Read more

“ကျနော့်အတွင်းရေးမှူးမလေးကို အလုပ်ဖြုတ်ပစ်ရသည့်အကြောင်း”

ပြီးခဲ့တဲ့ နှစ်ပတ်က ကျနော့်ရဲ့ ၄၅ နှစ်ပြည့်မွေးနေ့။ အဲဒီနေ့ မနက်က စိတ်ထဲမှာ သိပ်တော့ မကြည်သာဘူး။ နံနက်စာစားဖို့ ထမင်းစားခန်းထဲ ၀င်သွားတော့ ကျနော့်စိတ်ထဲမှာ ကျနော့်ဇနီးက ကြည်ကြည်နူးနူးနဲ့ “ဟက်ပီး ဘာ့သ်ဒေး” လို့ ဆီးပြောလိမ့်မယ်၊ ပြီးတော့ ကျနော့်အတွက် လက်ဆောင်တခုလည်းပေးလိမ့်မယ်...လို့ မျှော်လင့်ထားတယ်။ ဒါပေမယ့် “ဟက်ပီးဘာ့သ်ဒေး” နေနေသာသာ “ဂွဒ်မောနင်း” လို့တောင် နှုတ်ဆက်ဖော်မရဘူး။

ကျနော့်စိတ်ထဲမှာပဲ မှတ်ထားလိုက်ပါတယ်။ ဘယ်လို ဇနီးမျိုးလဲ သိရတာပေါ့။ အနည်းဆုံးတော့ ကျနော့်ကလေးတွေကတော့ မှတ်မိမှာပဲလို့ ဖြေတွေးတွေးမိတယ်။ ဒါနဲ့ ကလေးတွေ နံနက်စာစားဖို့ ၀င်လာကြတယ်။ ကလေးတွေကလည်း တခွန်းမှတောင် ဟ ဖော်မရဘူး။ ကျနော်လည်း နံနက်စာကို ခပ်သုတ်သုတ်စားပြီး ရုံးကို ထွက်လာခဲ့လိုက်တယ်။ ကျနော့်မှာ စိတ်အားလည်းငယ်၊ ၀မ်းကလည်းနည်းပေါ့။

ရုံးထဲ ၀င်လိုက်တော့ ကျနော့်အတွင်းရေးမှူးမလေး ဂျက်နက်က “ဂွတ်မောနင်း...ဘော့စ်။ ဟက်ပီးဘာ့သ်ဒေး” လို့ ဆီးနှုတ်ဆက်တယ်။ ဒီတော့မှ ကျနော်လည်း နည်းနည်း စိတ်သက်သာရာရသွားတယ်။ အနည်းဆုံး တယောက်ကတော့ ကျနော့်မွေးနေ့ကို မှတ်မိဖော်ရသေးတဲ့အတွက် မဆိုးလှသေးဘူးလို့ တွေးမိတယ်။ နေမွန်းတည့်ချိန်အထိ ကျနော် အလုပ်တွေကို ဖိလုပ်နေလိုက်တယ်။ မွန်းတည့်ကာနီးမှာ ဂျက်နက်က အခန်းတံခါးလာခေါက်တယ်။

သူမက... “ ဒီနေ့ အပြင်မှာ တော်တော် သာယာတယ်။ ဒီနေ့က ရှင့်မွေးနေ့လည်းဖြစ်တယ်။ ဒီတော့ ရှင်နဲ့ကျမ နှစ်ယောက်တည်း နေ့လည်စာ သွားစားရအောင်”...လို့ ပြောလာတယ်။

“အေး....ဒီနေ့ ကြားရသမျှထဲမှာတော့ အကောင်းဆုံးဘဲ၊ လာသွားကြစို့”.....လို့ ကျနော်က ပြန်ပြောလိုက်တယ်။

ကျနော်တို့ နေ့လည်စာအတူ သွားစားကြတယ်။ ခါတိုင်းသွားနေကျ နေရာတွေကို မသွားဘူး။ မြို့ပြင်က တိတ်ဆိတ်ပြီး သီးသန့်ကျတဲ့ နေရာလေးတနေရာမှာ သွားစားဖြစ်တယ်။ မာတီနီ နှစ်ခွက်စီသောက်ဖြစ်ကြပြီး အစားအသောက်ကိုလည်း တော်တော်လေး ခံတွင်းတွေ့တယ်။

ရုံးကို အပြန်လမ်းမှာ သူမက ပြောလာတယ်။

“ဘော့စ်....ရှင်သိတဲ့အတိုင်း ဒီနေ့က အင်မတန် လှပတဲ့ နေ့တနေ့။ ကျမတို့ ရုံးကို ပြန်သွားဖို့ရော လိုသေးလို့လား”

ကျနော့် ရင်ထဲမှာ ဒိတ်ကနဲ ဖြစ်သွားပြီး... “ဟာ....မလိုပါဘူး။ ဘာဖြစ်လို့လဲ” လို့ လှိုက်မောစွာ ပြန်မေးတဲ့အခါ သူမက....

“ဒါဖြင့် ကျမ အခန်းကို သွားကြရအောင်လေ။ အဲသည်ရောက်ရင် ရှင့်ကို ကျမ မာတီနီ တခွက် ထပ်ပြီး စပ်ပေးမှာပေါ့”

ဒီလိုနဲ့ ကျနော်တို့ သူမအခန်းကို သွားကြတယ်။ မာတီနီ တခွက်စီ ထပ်သောက်ကြပြီး စီးကရက်ကိုယ်စီ ရှိုက်ဖွာနေတုန်းမှာ သူမက...

“ ဘော့စ်.... ရှင် ဘယ်လိုမှ မအောက်မေ့ဘူးဆိုရင် ကျမလေ.. အိပ်ခန်းထဲခဏ၀င်ပြီး သက်တောင့်သက်သာရှိမယ့် ပေါ့ပေါ့ပါးပါးအ၀တ်အစားလေးတစုံလောက် လဲလိုက်ချင်တယ်၊ ဖြစ်တယ်မို့လား”

(ကျနော်....တိုး၍ တိုး၍ ရင်ခုန် စိတ်လှုပ်ရှားစွာဖြင့်)...... “အိုကေ”

ဒါနဲ့ သူမလည်း အိပ်ခန်းထဲကို လှစ်ကနဲ ၀င်သွားတယ်။ ခြောက်မိနစ်လောက် ကြာတော့ အခန်းထဲက သူမ ပြန်ထွက်လာတယ်။ မွေးနေ့ကိတ်ကြီးတလုံးကို လက်နှစ်ဖက်နဲ့ မ ပြီးတော့ သယ်လာတယ်။ သူမ နောက်မှာက ကျနော့်မိန်းမနဲ့ ကလေးတွေ...။ အားလုံးဟာ ဟက်ပီးဘာ့သ်ဒေး သီချင်းကို သံပြိုင်အော်ပြီး သီဆိုလာကြတယ်။

အဲသည်အချိန်မှာ ကျနော်က ဆိုဖာပေါ်မှာ ထိုင်လို့......။ ကျနော့်ကိုယ်ပေါ်မှာ အ၀တ်အစားဆိုလို့ ဗလာ။ ခြေအိတ်ကလွဲပြီး ဘာဆိုဘာမှ ရှိမနေခဲ့ဘူး။

( အင်တာနက်ပေါ်က “Why I fired my secretary” ဆိုတဲ့ ဟာသ တခုကို ဘာသာပြန်ပြီး တင်ပေးလိုက်ပါတာပါ။ အချို့လည်း ဖတ်ဘူးပြီးသား ဖြစ်မှာပါ။ )
Read more

“ရူးချင်ယောင်ဆောင်သူများ......အပိုင်း(၂)”

(Natan Sharanski ရေးသားသော "The case for democracy" စာအုပ်မှ ကောက်နှုတ်ဘာသာပြန်သည်။)


အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းအတွင်း (fear society)ရှိ အတွေးအခေါ်အမှားများကို ဖော်ထုတ်ပေးနိုင်သည့် နိုင်ငံရေးနှင့်ဆိုင်သော ရယ်စရာအဖြစ်အပျက်များ၊ ဟာသများသည် ရူးချင်ယောင်ဆောင်သူများ (double thinkers) ဘ၀တွင် ရင်ဆိုင်ကြုံတွေ့နေရသော ကိုယ်တွင်းလွန်ဆွဲမှု(တင်းမာမှု)များကို အတန်အသင့် လျှော့ချပေးနိုင်သည်။

ထိုရယ်စရာအဖြစ်အပျက်များ၊ ဟာသများ လူထုအကြားသို့ ဆောင်ကြဉ်းပျံ့နှံ့ပုံနည်းလမ်းမှာမူ အဆိုပါလူ့အဖွဲ့အစည်းအတွင်းရှိ အကြောက်တရားလွှမ်းမိုးမှု အနည်းအများစံချိန်ပေါ်တွင် မူတည်သည်။ တခါတရံ အသိုင်းအ၀ိုင်းငယ်များကြားတွင် ပျံ့နှံ့သလို၊ ရံဖန်ရံခါတွင် ကျယ်ဝန်းသော လူ့အဖွဲ့အစည်းကြားထဲအထိ ပျံ့နှံ့တတ်သည်။ တခါတရံ တဆင့်စကား တဆင့်နားဖြင့် ပျံ့နှံ့လေ့ရှိပြီး ရံဖန်ရံခါတွင်မူကား ရေးသားချက်အသွင်မျိုးဖြင့် ပျံ့နှံ့တတ်သည်။

ယင်းနိုင်ငံရေးဟာသများ ပျံ့နှံ့သည့် အတိုင်းအတာပမာဏသည် အဆိုပါ လူ့အဖွဲ့အစည်းအတွင်း ရှိနေသည့် ရူးချင်ယောင်ဆောင်သူများ အရေအတွက် ပမာဏကို တိုင်းတာနိုင်သော အရာတခုဆိုလည်း မမှားနိုင်ပေ။

စာအုပ်များ၊ ကဗျာများ၊ ပြဇာတ်များ၊ အနုပညာများ နှင့် ဂီတများတွင် ထိပ်တန်းပညာရှင်အသီးသီးသည် ရူးချင်ယောင်ဆောင်သူများနှင့် အတိုက်အခံ (dissident) များအကြားတွင် တည်ရှိသော နယ်နိမိတ် စည်းမျဉ်းကို အချိန်ပြည့် စမ်းသပ်လျက်ရှိသည်။ အစိုးရ၏ ပေါ်လစီအပြောင်းအလဲတခုကြုံသည်နှင့် အဆိုပါ နယ်နိမိတ်စည်းမျဉ်းကို ချဲ့ထွင်ရန် ပညာရှင်အသီးသီးသည် သူ့ထက်ငါ အပြိုင်အဆိုင် ကြိုးစားတတ်ကြလေသည်။

ထိုသို့ အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းအတွင်း တိတ်တဆိတ် အတွင်းကျိတ်ပြောင်းလဲနေသော လက္ခဏာများနှင့် ဖြစ်စဉ်များကို အထူးကျွမ်းကျင်သူပညာရှင်အချို့အနေဖြင့် နားလည်သိမြင်နိုင်သော်လည်း အဆိုပါလူ့အဖွဲ့အစည်း၏ပြင်ပမှ လေ့လာသူများအဖို့မူကား ရူးချင်ယောင်ဆောင်သူများနှင့် အမှန်တကယ်ယုံကြည်သူများ(True believer) ကို ခွဲခြားသိမြင်ရန် ခဲယဉ်းပေသည်။ ပြင်ပမှ လေ့လာသူအနေဖြင့် ထိုအုပ်စု နှစ်ခုလုံးသည် အာဏာရအစိုးရ၏ မူဝါဒကို လက်ခံကျင့်သုံးနေသယောင်သာ မြင်တွေ့ရသည်။ အမှန်တကယ်တွင်မူကား အုပ်စုတခုကသာလျှင် အမှန်တကယ် လက်ခံကျင့်သုံးနေခြင်းဖြစ်သည်။ ထို့ကြောင့် ပြင်ပလေ့လာသူတဦး၏ အမြင်၌ အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းတွင် လူနှစ်မျိုးနှစ်စားသာ ပါဝင်သည်။ တမျိုးမှာ အစိုးရကို ထောက်ခံသူများနှင့် နောက်တမျိုးမှာ အတိုက်အခံများဖြစ်သည်။ အကယ်၍ အတိုက်အခံများအပေါ် ပေးသော အပြစ်ဒဏ်မှာ အင်မတန်ကြီးလေးပါက အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းတွင် အတိုက်အခံဟူ၍ လုံးဝ ရှိတော့မည် မဟုတ်ချေ။

၁၉၃၀ ခုနှစ်များဆီက ဆိုဗီယက်ပြည်ထောင်စုတွင် အတိုက်အခံလုံးဝမရှိချေ။ အနည်းဆုံး အနောက်တိုင်းနိုင်ငံများမှ သတိထားမိသော အတိုက်အခံဟူ၍ မရှိချေ။ သို့ဖြစ်လျှင် စတာလင်၏ စစ်ဖိနပ်အောက်တွင် နေထိုင်ကြရသော လူသန်းပေါင်း ၁၅၀ လုံးသည် အမှန်တကယ် ယုံကြည်သူများချည်းသာ ဖြစ်နေသောကြောင့်ပေလောဟု တွေးတောစရာ ဖြစ်လာပေသည်။

သို့တည်းမဟုတ် (ပို၍ ဖြစ်နိုင်ချေရှိသည်မှာ) အတိုက်အခံများ ပျောက်ကွယ်နေခြင်းသည် စတာလင်လက်ထက်က အတိုက်အခံနိုင်ငံရေးသမားများကို အကျဉ်းချုံး အပြစ်ဒဏ်စီရင်မှုများ ပြုလုပ်ခဲ့သောကြောင့်ဆိုင်လျှင် သာ၍ မဖြစ်နိုင်သလော။

အကြောက်တရားလွှမ်းမိုးသောလူအဖွဲ့အစည်းတွင် ရှိသော အတိုက်အခံ အရေအတွက်သည် ယင်းလူ့အဖွဲ့အစည်းတွင် အတိုက်အခံများကြုံတွေ့ရသော အန္တရာယ်ပမာဏကို ညွှန်းဆိုနေသည့် အချက်အလက်တခုဖြစ်သည်ဆိုလျှင် ပို၍ ယုတ္တိမရှိပြီလော။

ဥပမာပြဆိုရလျှင်....၁၉၇၀ ခုနှစ်များဆီ ရောက်လာသောအခါ ဆိုဗီယက်ပြည်ထောင်စုတွင် ရှိသည့် လူ့အဖွဲ့အစည်းသည် ၁၉၃၀ ခုနှစ်များဆီနှင့် နှိုင်းစာလျှင် အတန်ငယ် ဖိနှိပ်မှု လျော့နည်းသည့် လူ့အဖွဲ့အစည်းဖြစ်သည်။ ထိုအခါ အတိုက်အခံ ရာဂဏန်းမျှ စတင်ပေါ်ပေါက်လာခဲ့သည်။ အကယ်၍သာ မဟတ္တမဂန္ဓီသည် စတာလင် (သို့မဟုတ်) ဟစ်တာလာ အစိုးရကို ဆန့်ကျင်ခဲ့ရပါက သူ၏ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုသည် မစခင်ကတည်းက အဆုံးသတ်ခဲ့မည်သာဖြစ်သည်။ သူ့အတွက်ကံကောင်းသည်မှာ သူဆန့်ကျင်ရသည့် ဗြိတိသျှလူ့အဖွဲ့အစည်းသည် အရင်းရှင်ပင်ဖြစ်သော်ငြား ပိုမို လစ်ဘရယ်ကျသော၊ ဒီမိုကရေစီကျသော လူ့အဖွဲ့အစည်း ဖြစ်နေခြင်းပင်။

ကြောက်ရွံ့သော လူ့အဖွဲ့အစည်းတွင် နှိပ်ကွပ်မှုများ ပြင်းထန်လှပါက ပြင်ပမှ လှမ်းကြည့်အကဲခတ်သူအဖို့ အမှန်တကယ်ယုံကြည်သူများချည်းသာ ထိုလူ့အဖွဲ့အစည်းတွင်ရှိမည်ဟု မြင်ရပေမည်။ အမှန်တကယ်တွင်မူကား ထောင်ပေါင်းများစွာသော၊ သောင်းပေါင်းများစွာသော၊ သန်းပေါင်းများစွာသော ရူးချင်ယောင်ဆောင်သူများသည် ကြောက်ရွံ့မှုအောက်တွင် နေထိုင်လျက် ရှိကြပေသည်။ ထိုလူ့အဖွဲ့အစည်းတွင် ရူးချင်ယောင်ဆောင်သူ အရေအတွက်ပမာဏကို အတိအကျသိရန် မလွယ်ကူသော်လည်း သေချာသည့် အချက်တခုတော့ရှိသည်။ ယင်းမှာ ရူးချင်ယောင်ဆောင်သူများ အရေအတွက်သည် နေ့စဉ်နှင့်အမျှ ဒီရေအလား တိုးပွားလျက် ရှိခြင်းပင်။

ဤသို့ဖြစ်ရသည်မှာ ကြောက်ရွံ့သောလူ့အဖွဲ့အစည်းတွင် ထားရှိသော ကန့်သတ်ပိတ်ပင်မှုများသည် အမှန်တကယ်ယုံကြည်သူများကို အာဏာရအစိုးရနှင့် တဖြည်းဖြည်းဝေးကွာသွားစေပြီး ရူးချင်ယောင်ဆောင်သူများအဖြစ်သို့ ကူးပြောင်းလာစေရန် စေ့ဆော်သော အကြောင်းခြင်းရာများစွာကို ဖြစ်ပေါ်စေကြောင့်ပင်တည်း။

ထိုကဲ့သို့ အစိုးရနှင့် တကြိမ်တခါ ကွဲထွက်သွားပြီးပါက အသစ်စက်စက်ဖြစ်ပေါ်လာသော ရူးချင်ယောင်ဆောင်သူများသည် အစိုးရအပေါ်တွင် ယခင်က ကဲ့သို့ တဖန်ပြန်လည် သစ္စာစောင့်သိရန် အင်မတန်ခဲယဉ်းသွားပေသည်။ ဤသည်မှာ အစိုးရအနေဖြင့် ၄င်းတို့ကို အချိန်ပြည့် စည်းရုံးနေသည့်ကြားကပင် ဖြစ်သည်။ ဤအကြောင်းကို နောက်ပိုင်းတွင် ဖတ်ရှုရပါမည်။
Read more

“ရူးချင်ယောင်ဆောင်သူများ.....အပိုင်း(၁)”

( Natan Sharanski ရေးသားသော The Case for Democracy" စာအုပ်မှ ကောက်နှုတ် ဘာသာပြန်သည်။ Double Thinkers ဆိုသော အင်္ဂလိပ်စကားလုံးကို နှစ်ခွတွေးသူ၊ ဒွိအမြင်ရှိသူဟု ပြန်ဆိုရမည်ဖြစ်သော်လည်း မိတ်ဆွေတယောက်ပြောပြသော ရူးချင်ယောင်ဆောင်သူများ ဆိုသည့် အသုံးအနှုန်းကို သဘောကျသဖြင့် ထိုအတိုင်း သုံးစွဲလိုက်ပါသည်။)

အမြင်မတူမှုကို ပိတ်ပင်တားဆီးထားသော နေရာတိုင်းတွင် လူ့အဖွဲ့အစည်းသည် အုပ်စု သုံးခု ကွဲထွက်သွားသည်။ အုပ်စုတခုမှာ လက်ရှိအာဏာပိုင် အဖွဲ့အစည်းအပေါ် သစ္စာရှိသော သူများပါဝင်သည်။ ထိုသူတို့သည် လက်ရှိအာဏာရအဖွဲ့အစည်း၏ ဆောင်ရွက်ချက်များကို သဘောရိုးလက်ခံယုံကြည်သည်။ ထိုသူများမှာ အမှန်တကယ် ယုံကြည်သူများ (True Believers) ဖြစ်သည်။

အခြားအုပ်စုတွင်မူ အပြစ်ပေးခံရနိုင်သည့် အန္တရာယ်ရှိသော်ငြား အာဏာရအဖွဲ့အစည်း၏ လမ်းစဉ်ကို ဆန့်ကျင်အံတုလိုသော အတိုက်အခံ(dissident)များ ပါဝင်သည်။

ဤအုပ်စုနှစ်ခုစလုံးတွင် ပါဝင်သော သူများအားလုံး၌ ၄င်းတို့၏ စိတ်တွင်းမှ အတွေးနှင့် ပြင်ပတွင် ထုတ်ဖော်ပြောကြားချက်များမှာ ကွာဟမှုမရှိ၊ တထပ်တည်းကျသည်။

သို့သော် တတိယအုပ်စုတွင် ပါဝင်သူများမှာ အထက်ပါ အုပ်စုနှစ်ခုနှင့်မတူဘဲ ၄င်းတို့ စိတ်တွင်းတွင် တွေးထင်သည့်အတိုင်း မပြောဆိုကြ။ ဤတတိယအုပ်စုတွင်ပါဝင်သူများသည် လက်ရှိအာဏာရပါတီ၏ အယူဝါဒကိုကား ယုံကြည်မှုမရှိတော့ချေ၊ သို့သော် ဆန့်ကျင်ဖက် အမြင်များကို လှစ်ဟထုတ်ဖော်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးများကို ကြောက်ရွံ့ကြသည်။ ၄င်းတို့ကား ရူးချင်ယောင် ဆောင်သူများ ( Double thinkers ) ပင် ဖြစ်တော့သည်။

စတာလင် သေတော့ ကျနော် ငါးနှစ်သားပဲ ရှိသေးသည်။ သူ့အသုဘနေ့တွင် ကျွန်တော်တို့မြို့၌ တပ်ဆင်ထားသော လော်စပီကာများမှ ၀မ်းနည်းကြေကွဲဖွယ် သီချင်းသံများကို ညံနေအောင် ဖွင့်ထားပြီး လမ်းတိုင်းတွင်လည်း ရဲဘော်စတာလင်၏ ပုံတူကားချပ်ကြီးများကို အစီအရီထောင်ထားသည်။ ကျနော့် ဖခင်က ကျနော့်အကို (၇ နှစ်သားအရွယ်) နှင့် ကျနော့်အား တအိမ်တည်းအတူနေ အခြားမိသားစုနှစ်စု မကြားနိုင်လောက်သည့် နေရာသို့ ခေါ်၍ စကားပြောသည်။

“ငါ့သားတို့...ဒီနေ့ဟာ မင်းတို့ အမြဲ သတိရနေရမယ့် နေ့ထူးနေ့မြတ်ကြီးဖြစ်တယ်” ဟု ဖခင်က ပြောသည်။

သူကဆက်လက်၍ ရှင်းပြသည်မှာ “ငါတို့ခေါင်းဆောင်ကြီး၊ ငါတို့ အာစရိ” စသဖြင့် လူတိုင်းက ရည်ညွှန်းခေါ်ဝေါ်နေကြသော ထိုပုဂ္ဂိုလ်သည် လူသန်းပေါင်းများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သူဖြစ်ပြီး ဂျူးလူမျိုးများကို နောက်ထပ် ထပ်မံချေမှုန်းရန် ကြံစည်နေသူလည်း ဖြစ်သည်။ ယခုအခါ ထို သားသတ်သမားမှာ သေဆုံးသွားပြီဖြစ်၍ ကျွန်ုပ်တို့အဖို့ ကံကောင်းသည်ဟု သူကပြောသည်။

အထက်ပါ ခြောက်ခြားစဖွယ် ဖွင့်ချမှုကြီးကို ပြုလုပ်ပြီးသောအခါ ဖခင်က ကျွန်တော်တို့အား မည်သူတဦးတယောက်ကိုမျှ ဤအကြောင်းများကို ပြန်လည်ပြောဆိုခြင်းမပြုရန်နှင့် အခြားကလေးသူငယ်များကဲ့သို့ပင် ပြုမူပြောဆိုရန် အလေးအနက်မှာကြား နှုတ်ပိတ်သည်။ ဤသို့ဖြင့် နုနယ်လှသေးသော ငါးနှစ်သားအရွယ်မှာပင် ကျွန်ုပ်သည် စတာလင်အား ချီးမွန်းထောပနာသော ဘုန်းတော်ဘွဲ့သီချင်းများကို ကျွန်ုပ်၏ အတန်းဖော် ကလေးများနှင့်အတူ သံပြိုင်သီဆိုရင်း၊ သေဆုံးသွားသော “သားသတ်သမား”အတွက် ဟန်ဆောင်ကြေကွဲမျက်ရည်များကို ကျပြရင်း ဆိုဗီယက် ပြည်ထောင်စု၏ “ရူးချင်ယောင်ဆောင်သူများ” လောကသို့ ကနဦး ၀င်ရောက်ခဲ့ပါသည်။

ကျွန်ုပ်ကဲ့သို့ပင် “ရူးချင်ယောင်ဆောင်သူများ၏ ကမ္ဘာလောက”အကြောင်း အလားတူ ဖြစ်ရပ်မျိုးကို ဆူဆန် အက်ဇာဒိ ( Sousan Azadi ) ကလည်း သူမ၏ “အီရန်နှင့် ဝေးရာ ၊ အယာတိုလာ (ဘာသာရေးခေါင်းဆောင်) များ လက်မှ အမျိုးသမီးတယောက်၏ ထွက်ပြေးလွတ်မြောက်မှု” စာအုပ်တွင် ပြောပြထားသည်။

ကျမသားကို ကျမ အသေအချာ မှာထားတယ်။ ကျောင်းမှာ ဆရာတွေက အိမ်ကအကြောင်းတွေကို မေးရင် ဘာတခုမှ မပြောပြရဘူး။ ကျမတို့အိမ်မှာ ဒီဟာရှိသလား၊ ဟိုဟာ ရှိသလား စသဖြင့် ဆရာကမေးလာရင် ဘာပဲမေးမေး အမြဲတမ်း မရှိဘူး လို့ပဲဖြေရမယ်..စသဖြင့်မှာထားတယ်။ တနေ့ကျတော့ သားက ကျောင်းက ပြန်လာပြီး ကျမကို ဂုဏ်ယူဝမ်းမြောက်စွာပြောတယ်။

“မေမေ၊ ဒီနေ့ ကျောင်းမှာ ကောင်းတာတခု သား လုပ်ခဲ့တယ်။ ဆရာက သားကို “ကိုရမ်ကျမ်းမြတ်” တအုပ်ပြပြီး သားတို့အိမ်မှာ ဒါမျိုးရှိသလားလို့မေးတော့ သားက “မရှိဘူး” လို့ ဖြေခဲ့တယ်”

သားက ကျမ ခိုင်းတဲ့အတိုင်း သူဖြေခဲ့ရလို့ သူ့မျက်နှာကလေးက အင်မတန် ဂုဏ်ယူဝင်းပနေချိန်မှာ ကျမဟာ ရင်နာနာနဲ့ပဲ သားကို အိမ်မှာသိမ်းထားတဲ့ (ကျမလက်ထပ်စဉ်က) ကိုရမ်ကျမ်းစာအုပ်ကို ထုတ်ပြရတယ်။ ပြီးတော့ သားကိုလည်း မျက်နှာထိ မျက်နှာထားနဲ့ ဆူရတယ်။ နောက်ကို အိမ်မှာ ကျမ်းမြတ်စာအုပ် မရှိဘူးလို့ ဘယ်တော့မှ မပြောရဘူးလို့ ပြင်းပြင်းထန်ထန် သတိပေးရတယ်။

“သား....မေမေတို့အိမ်မှာ ဘယ်တုန်းကမှ ဘုရားမရှိခိုးရင်တောင် လူတွေကိုတော့ မေမေတို့ အိမ်မှာ ဘုရားမှန်မှန်ရှိခိုးပါတယ် လို့ ပြောရမယ်” လို့ ကျမက သားကို မှာရတယ်။

တချိန်တည်းမှာပဲ ရှင်သန်မှုအတွက် သားကို အသက်ငယ်ငယ်လေး ကတည်းက လိမ်ညာပြောဘို့ သင်ကြားပေးနေရတဲ့ ကျမကိုယ်ကျမလည်း အင်မတန် နာကျည်းမုန်းတီးမိတာပေါ့ရှင်”......


၁၉၇၀ ခုနှစ်များဆီက မြောက်ကိုရီးယားမှ တိတ်တဆိတ်ခိုးထုတ်ယူလာသော စာတစောင်တွင် မြောက်ကိုရီယားနိုင်ငံသားတဦးက သူ့အနေဖြင့် ရူးချင်ယောင်ဆောင်ခြင်း၏ အနုပညာကို မည်သို့မည်ပုံ တတ်ကျွမ်းလာခဲ့သည်ကို ရှင်းပြထားသည်။

“ ခင်ဗျားစိတ်ထဲရှိတဲ့အတိုင်း ကျယ်ကျယ်လောင်လောင် ထုတ်ပြောလိုက်ရင် ခင်ဗျားအနေနဲ့ သေဖို့သာ ပြင်ပေတော့။ တကယ်လို့ တခုခုပြောစရာရှိတယ်ဆိုရင် မျက်လုံးနဲ့ စကားပြောရတာ ပိုမိုလွယ်ကူတယ်ဆိုတာကို ကျနော်နားလည်လာတယ်။ ကျနော်ဟာ ကျနော့်နှုတ်ခမ်းတွေနဲ့မြင်ပြီး ကျနော့် မျက်စိနဲ့ စကားပြောတတ်ဖို့ သိနားလည်လာခဲ့ပါတယ်။”

ရူးချင်ယောင်ဆောင်သူများသည် ၄င်းတို့၏ အတွေးနှင့် စကားလုံးများအကြား ကွာဟနေမှုအတွက် အမြဲတစေ တင်းမာမှု၊ လွန်ဆွဲမှု ဖြစ်နေကြရသည်။ ထိုသူများသည် အာဏာပိုင်များခွင့်မပြုသည့်အရာကို ပြောဆိုခြင်းမှ အမြဲတစေ ရှောင်ကြဉ်ကြသည်။ တချိန်တည်းမှာပင် သူတို့မယုံကြည်သော အရာတခုကို မပြောလိုဘဲ ရှောင်ကွင်းနိုင်ရန် တတ်နိုင်သမျှ ကြိုးစားအားထုတ်ကြသည်။

သို့သော် အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းများတွင် ရူးချင်ယောင်ဆောင်သူများအဖို့ ၄င်းတို့ မပြောချင်သည်များကို မပြောပဲ နေချင်တိုင်း နေနိုင်သည့် အခွင့်အရေးကို မရ။ ထိုလူ့အဖွဲ့အစည်းများသည် အောက်ခြေလူတန်းစား၏ သစ္စာရှိကြောင်း ဖွင့်ဆိုပြောကြားမှုကို အစဉ်မမြဲ ဖိအားပေး တောင်းဆို တတ်သောကြောင့်ပင်တည်း။

မူကြိုကျောင်းများ၊ ကျောင်းများ၊ တက္ကသိုလ်များ၊ အလုပ်ခွင်များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ လူထုစည်းဝေးပွဲများနှင့် အခြားနေရာတိုင်းလိုပင် ရူးချင်ယောင်ဆောင်သူများအနေဖြင့် အစိုးရ၏ မူဝါဒကို ကြက်တူရွေးလို ရွတ်ပြနိုင်ရန်လိုအပ်ပြီး ယုံကြည်ချက်အမှန်များကိုမူ သိုဝှက်ထားရန် လိုပေသည်။ ဤကဲ့သို့ မိမိဘာသာ ဆင်ဆာပိတ်ပင်မှုသည် ရူးချင်ယောင်ဆောင်သူများ၏ နေ့စဉ်ဘ၀တွင် ခွဲခွာ၍မရအောင် ကြုံတွေ့နေရရာ တဖြည်းဖြည်းနှင့် အတွေးနှင့် အပြော အကြား တင်းမာမှု လွန်ဆွဲမှုမှာ သတိမထားမိလောက်အောင်ပင် အသားကျလာတော့သည်။

ရူးချင်ယောင်ဆောင်သူများအနေဖြင့် အမှန်တကယ် လွတ်လပ်လာသောအခါမှသာလျှင် ယခင်က မိမိတို့အနေဖြင့် မိမိဘာသာဆင်ဆာပိတ်ပင်မှုများကြောင့် အဘယ်မျှအထိ အတွေအခေါ်ပိုင်းဆိုင်ရာ ကျွန်ဘ၀ ကျရောက်ခဲ့ရသည်ဆိုသောအဖြစ်ကို သိမြင်နိုင်လာကြပေသည်။

(အပိုင်း ၂ ကို ဆက်လက်တင်ပြပါမည်။)
Read more

“စင်္ကာပူက ပြောင်းလဲမည့် အခိုက်အတန့်ကို စောင့်မျှော်ခြင်း”

(Ngee Ann ပိုလီတက္ကနစ်၊ mass communication ဘာသာရပ် ပထမနှစ်တွင် တက်ရောက်သင်ယူနေသော စင်္ကာပူနိုင်ငံသား အသက် ၁၇ နှစ်အရွယ် Dhevarajan Devadas ရေးသားသော ဆောင်းပါးအား ဘာသာပြန်ဆိုပါသည်။ မူရင်းကို ဘလော့ဂ်၏ ဘယ်ဘက်ကော်လံ ထိပ်စည်းတွင် တင်ထားပေးပါသည်။)



နိုဝင်ဘာလ ၄ ရက်နေ့က သမိုင်းတခု ထူထောင်ခဲ့သည်ကို ကျွန်ုပ်တို့အားလုံး မြင်တွေ့ခဲ့ရသည်။ အမေရိကန်ပြည်ထောင်စုက ၄င်း၏ ပထမဦးဆုံး လူမဲသမ္မတကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ တချိန်က လူမဲနိုင်ငံသားများကို ကျွန်အဖြစ်သာ သတ်မှတ်ဆက်ဆံခဲ့သော တိုင်းပြည်တပြည်အနေဖြင့် ယခုအခါတွင် အာဖရိကန်သွေးစပ်သော အမေရိကန်တဦးအား တိုင်းပြည်၏ အမြင့်မားဆုံး ရာထူးသို့ တင်မြှောက်ခဲ့သည်။ သာမန်အားဖြင့် နိုင်ငံရေးတွင် စိတ်မပါသော လူငယ်မဲဆန္ဒရှင်များစွာအား သူတို့၏ ဆန္ဒမဲပေးပိုင်ခွင့်တည်းဟူသော ဒီမိုကရေစီအခွင့်အရေးကို အသုံးချစိမ့်သောငှာ အသစ်တဖန် ဆွဲဆောင် စည်းရုံးနိုင်ခဲ့သော မစ္စတာ အိုဘားမား၏ လူတိုင်းစိတ်နှလုံးကို သိမ်းကြုံးနိုင်သော စည်းရုံးမဲဆွယ်ပွဲများအတွက် ၄င်းအား ကျွန်ုပ်ဦးညွတ်ဂုဏ်ပြုလိုက်ပါသည်။

ရှီကာဂိုမြို့ ဂရန့်ပန်းခြံတွင် ပြောကြားခဲ့သော သူ၏ အောင်ပွဲခံမိန့်ခွန်းမှာ လူတိုင်းကို ဆွဲဆောင်နိုင်ပြီး ပါတီ၂ရပ်ကို သွေးစည်းညီညွတ်စေခဲ့ပုံမှာ ကျွန်ုပ်ရင်တွင်းသို့ ရိုက်ခတ်စေခဲ့သည်။ စင်္ကာပူတွင်ကား ထိုအချက် ချို့တဲ့ပျောက်ကွယ်နေသည်ကို တွေ့ရသည်။ ပီအေပီ ခေါင်းဆောင်များသည် မဲဆွယ်စည်းရုံးမှုကိုလည်းကောင်း၊ ဆန္ဒမဲအတွက် အကျိတ်အနယ်ကြိုးစားဘို့ကိုလည်းကောင်း အထူးတလည် အလေးမထား။ မဲဆွယ်ပွဲကာလတွင် စင်္ကာပူနိုင်ငံသားများအား ၄င်းတို့ကို ထောက်ခံကြရန် တောင်းဆိုသော်လည်း ရွေးကောက်ပွဲပြီးသည့်နောက် ငါးနှစ်လုံးလုံးတွင်မူ ကျွန်ုပ်တို့အားလုံးအပေါ်တွင် အထက်စီးဖြင့် ထင်သလိုပြုမူဆက်ဆံလေတော့သည်။ အရေးကြီးသည့် ဆုံးဖြတ်ချက်များကို ပြုလုပ်ရာတွင် ပြည်သူလူထုအား အဓိပ္ပါယ်ပြည့်ဝသော တိုင်ပင်ညှိနှိုင်းမှုမျိုး မလုပ် (ကာစီနိုကိစ္စကို သတိရကြပါ)။ ထို့အပြင် စီးပွားပျက်ကပ်ကာလအတွင်း ပြည်သူလူထုအနေဖြင့် အစိုးရအကူအညီကို မျှော်ကိုးရကောင်းသလောဟု ကျွန်ုပ်တို့အား ဆူပူကြိမ်းမောင်းမှုပင် ပြုလိုက်သေး၏။ (Minibonds နှင့် High notes ကိစ္စများကို သတိရပါလေ။)

မစ္စတာအိုဘားမားက ၄င်း၏ မိန့်ခွန်းတွင် “ခင်ဗျားတို့ထောက်ခံမှုကိုရဘို့ ကျနော့်အနေနှင့် ဆက်လက်ကြိုးစားရဦးမည်ဖြစ်သော (ကျနော့်ကို မဲမထည့်ခဲ့သော) အမေရိကန် ပြည်သူများ.. ခင်ဗျား....။ ကျနော်ဟာ ခင်ဗျားတို့ရဲ့ ထောက်ခံမှုကို မရခဲ့သေးပေမယ့် ခင်ဗျားတို့ရဲ့ အသံတွေကိုလည်း ကျနော် ကြားပါတယ်။ ခင်ဗျားတို့ရဲ့ အကူအညီကိုလည်း ကျနော် လိုပါတယ်။ ကျနော်ဟာ ခင်ဗျားတို့ရဲ့ သမ္မတလည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

သို့သော် စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း ဂိုချုပ်တောင်ကတော့ အတိုက်အခံကို ထောက်ခံမဲထည့်မိသည့် မဲဆန္ဒနယ်များအား ၄င်းတို့၏ အိပ်ခ်ျဒီဘီ အိမ်ယာရပ်ကွက်များသည် မဖွံ့ဖြိုးသည့် လူဆင်းရဲရပ်ကွက်ဘ၀ ရောက်သွားမည်ဟု ပေါ်ပေါ်ထင်ထင်ပင် ခြိမ်းခြောက်ပြောဆိုခဲ့သည်။ သူ့စကားအတိအကျကို ဖော်ပြရလျှင် “ခင်ဗျားတို့ရဲ့ အိုးအိမ်ဖွံ့ဖြိုးမှုဟာ ခင်ဗျားတို့ ရွေးချယ်မှုကြောင့်ဘဲ နောက်ကျ ကျန်ရစ်ခဲ့လိမ့်မယ်။ လူဆင်းရဲ ရပ်ကွက်ဘ၀ ရောက်သွားမယ်။ အဲဒါ ကျုပ်ပါးချင်တဲ့ သတင်းစကားဘဲ”

ဤစကားများကို ၁၉၉၆ ခုနှစ် ရွေးကောက်ပွဲကိုယ်စားလှယ် အမည်စာရင်း တင်သွင်းသည့်နေ့တွင် သူက ပြောကြားခဲ့ခြင်းဖြစ်သည်။ စင်္ကာပူနိုင်ငံသားများကို သူ့ပါးစပ်မှ ဤကဲ့သို့ လက်လွတ်စပယ် ခြိမ်းခြောက်ပြောဆိုရဲသည်မှာ အကြောင်းရှိသည်။ ထိုသို့ ထင်သလို ပေါ်ပေါ်ထင်ထင် နှိပ်ကွပ်ပြောကြားလျှင်လည်း စင်္ကာပူနိုင်ငံသားများသည် မကျေနပ်ကြောင်း ကန့်ကွက်ပြောဆိုကြလိမ့်မည်မဟုတ်။ အချိန်တန်လျှင် ပီအေပီကိုသာ မဲထည့်မည်ဖြစ်ကြောင်း သူ့အနေဖြင့် ယုံကြည်မှုအားကြီးသောကြောင့်သာ ဖြစ်ပေမည်။

အိုဘားမားသည် သူ၏ ပြိုင်ဘက်ဖြစ်သော ဂျွန်မက်ကိန်းက ဂုဏ်ပြုစကားဆိုလာသောအခါ လူကြီးလူကောင်းပီသစွာပင် ကျေးဇူးတင်ကြောင်းပြောပြကာ နောင်အနာဂတ်တွင် ၄င်းနှင့်အတူ လက်တွဲလုပ်ဆောင်သွားရန် ကတိက၀တ်ပင် ပြုလိုက်သေးသည်။

ဝန်ကြီးချုပ်လီရှန်လွန်းအနေနှင့် အတိုက်အခံများအား ထိုကဲ့သို့ အပြိုင်အဆိုင် အကျိတ်အနယ် မဲဆွယ်ပွဲအတွက် ကျေးဇူးတင်စကားပြောကြားဖို့ ဆိုသည်မှာ ကျွန်ုပ်အနေနှင့် အိပ်မက်ထဲတွင် မြင်မက်မှသာ ဖြစ်နိုင်ပါလိမ့်မည်။ သူ့အနေနှင့် လူစုလူဝေးရှေ့တွင် ရပ်ပြီး “အတိုက်အခံဘက်မှ ထိုက်ထိုက်တန်တန် ယှဉ်ပြိုင်ခဲ့တဲ့ (ဒီနေရာမှာ စာဖတ်သူကြိုက်တဲ့ အတိုက်အခံပါတီတခု နာမည်ထည့်ဖတ်လိုက်ပါ၊)ပါတီမှ အတိုက်အခံများကို ကျနော့်အနေနဲ့ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်၊ ကျနော်တို့အားလုံးရဲ့ အိမ်လို့ ခေါ်ဆိုစရာဖြစ်တဲ့ တိုင်းပြည် အနာဂတ်မှာ တိုးတက်ရေး၊ ကြွယ်ဝချမ်းသာရေးအတွက် အတိုက်အခံများနှင့်အတူ လက်တွဲ ဆောင်ရွက်သွားဖို့ ကတိပေးပါတယ်” လို့တော့ ပြောထွက်မည်မထင်။ ပီအေပီခေါင်းဆောင်များတွင် ထိုသို့သော ခန့်ညားမှုမျိုး၊ ကြီးမြတ်မှုမျိုး ဘယ်တော့မရှိ။

ပီအေပီသည် ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲအတွက် ၄င်း၏ ရွေးကောက်ပွဲကြေညာစာတမ်း (menifesto)ကို အမည်တပ်ပုံမှာ “အတူယှဉ်တွဲနေထိုင်ပြီး ရှေ့သို့ ချီလျက်”။ သို့သော် သူတို့၏ ကတိကို သူတို့တည်ရန် ပျက်ကွက်ခဲ့သည်။

၁။ ပီအေပီ အစိုးရသည် ကျွန်ုပ်တို့နိုင်ငံရှိ ဂေး (gay) အသိုင်းအ၀ိုင်းအား တူညီသော အခွင့်အရေးကို ပေးရန် ငြင်းဆိုခဲ့သည်။

၂။ ပီအေပီအစိုးရသည် စင်္ကာပူနိုင်ငံသားအားလုံး၏ အခွင့်အရေးများဖြစ်သော လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့် နှင့် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းပိုင်ခွင့်တို့ကို ကာကွယ်ရန် ပျက်ကွက်ခဲ့သည်။

၃။ ပီအေပီအစိုးရသည် ပြည်သူလူထုအား ဂျီအိုင်စီ နှင့် တင်းမားဆက် ဟိုးလ်ဒင်း တို့၏ ဘဏ္ဍာရေးမှတ်တမ်းအပြည့်အစုံကို ထုတ်ဖော်ပြောကြားရန် ပျက်ကွက်ခဲ့သည်။ ကျွန်ုပ်တို့ ငွေကြေးများကို ရင်းနှီးမြှုတ်နှံထားသော မြို့နယ်ကောင်စီများမှ ဘဏ္ဍာရေးထုတ်ပြန်ကြေညာချက်များနှင့် အိုးအိမ်ဆောက်လုပ်ရာတွင် ကုန်ကျငွေများကို ထုတ်ဖော်ပြောဆိုရန် ပျက်ကွက်ခဲ့သည်။

၎။ ပီအေပီမဲဆန္ဒနယ်များတွင် နေထိုင်သူများ ခံစားခွင့်ရှိသော အိုးအိမ်မွမ်းမံမှုဆိုင်ရာ အခွင့်အရေးများကို ပတုံပါစား နှင့် ဟောင်းဂန့် နယ်နိမိတ်အတွင်း နေထိုင်သူများ မရစေရန် ငြင်းပယ်ခဲ့သည်။ ယင်းမှာ ထိုနိုင်ငံသားများ၏ တူညီစွာ ရပိုင်ခွင့်ကို ချိုးဖောက်ခဲ့ခြင်းပင် ဖြစ်လေသည်။

၅။ စင်္ကာပူ၏ နိုင်ငံရေးနယ်ပယ်တွင် တဖက်သတ်လွှမ်းမိုးရေးဖန်တီးကျင့်သုံးကာ ပီအေပီပါတီဝင်မဟုတ်သော နိုင်ငံရေးသမားများမှ အဓိက အခန်းကဏ္ဍမှ ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းမှုကို မပါဝင်နိုင်စေရန် ပိတ်ပင်ဟန့်တားထားသည်။ ဤအချက်ကြောင့်ပင် စင်္ကာပူနိုင်ငံသားများအပေါ်တွင် အများပြည်သူနှင့်ဆိုင်သော ကိစ္စရပ်များ၌ ပါဝင်ပတ်သက်ခွင့်မပေးဘဲ ငြင်းပယ်ထားသကဲ့သို့ရှိပြီး နိုင်ငံရေးရပ်ဝန်းနှင့် နိုင်ငံရေးဖြစ်စဉ်တို့မှ ကျွန်ုပ်တို့အား ကင်းကွာနေအောင် ဖန်တီးထားသကဲ့သို့ ရှိသည်။

ပီအေပီခေါင်းဆောင်များ၊ အထူးသဖြင့် သက်တော်ရှည်ဘိုးဘိုးကြီး လီကွမ်းယူ အမြဲပြောလေ့ရှိသည်။ အနောက်နိုင်ငံများ၏ ပုံစံ ဒီမိုကရေစီစနစ်သည် စင်္ကာပူအတွက် မကောင်း။ အဘယ့်ကြောင့်ဆိုသော် ဒီမိုကရေစီစနစ်သည် လူတဦးချင်းအကျိုးအတွက် ရှေးရှုလွန်းသည်။ စင်္ကာပူ ပုံစံ နိုင်ငံရေးအသွင်သဏ္ဍာန်သည်ကား လူတဦးချင်းအကျိုးထက် လူ့အဖွဲ့အစည်းအကျိုးကို ပိုမို ရှေ့တန်းတင်သည် ဟူသတည်း။

ယခုအခါ ဘားရက်အိုဘားမားသည် လီကွမ်းယူ၏ ညာလုံး၊ဖြီးလုံး၊ ဖြန်းလုံးကို ချေဖျက်လိုက်ပြီ ဖြစ်သည်။ အခြေအနေက လိုအပ်လာခဲ့လျှင် အမေရိကန်ပြည်ထောင်စုသည် အများအကျိုးကို ရှေ့တန်းတင်သော၊ တချိန်တည်းမှာပင် လူတဦးချင်း၏ အခြေခံလွတ်လပ်မှုများကို ကာကွယ်ပေးသော သမ္မတတဦးကို တင်မြှောက်နိုင်စွမ်းရှိကြောင်း၊ တင်မြှောက်လိမ့်မည်ဖြစ်ကြောင်း ကို အိုဘားမားက ပြသခဲ့ပြီးဖြစ်သည်။

စင်္ကာပူတွင် ပီအေပီက လုပ်ဆောင်ပေးရန်ပျက်ကွက်ခဲ့သော၊ လုပ်ဆောင်ပေးရန်ငြင်းဆိုခဲ့သော အရာမှန်သမျှအား အိုဘားမားသည် အမေရိကားတွင် လုပ်ဆောင်ရန် ကတိပေးနေသည်။ နောင်လာမည့် လေးနှစ်အတွင်း မဲထည့်ခွင့်ရမည့် စင်္ကာပူနိုင်ငံသား လူငယ်တဦးအနေဖြင့်မူ နိုင်ငံရေးအရ တင်းကြပ်မှု၊ တမင်သက်သက် ဖိနှိပ်မှု နှင့် ခြိမ်းခြောက်မှုများထက် မျှော်လင့်ချက်ကိုပေးစွမ်းနိုင်မှု၊ အများပြည်သူပါဝင်နိုင်မှု၊ အပြောင်းအလဲများကသာ ပိုမို ဆွဲဆောင်နိုင်သည်ဟု ထင်မြင်ယူဆမိသည်။

ကျွန်ုပ်သည် စင်္ကာပူ၏ အိုဘားမားနှင့် ကျွန်ုပ်တို့အတွက် အပြောင်းအလဲကို စောင့်မျှော်လျက်ရှိပါသည်။
မူရင်းကို ဖတ်ရှုရန်။ Awaiting Singapore’s moment of change
Read more

“ဥပဒေနှင့်မညီသော ဥပဒေ”

(စင်္ကာပူ ဒု-၀န်ကြီးချုပ် ဝေါင်ကန်ဆင်းပြောကြားချက်နှင့်ပတ်သက်၍ စင်္ကာပူလူမျိုး နာမည်ကျော် ဆောင်းပါးရှင် Alex Au (yawningbread) ရေးသားသော Burmese patriots "undesirable", says Singapore government ဆောင်းပါးအား ဘာသာပြန်ဆိုသည်။)

စင်္ကာပူအစိုးရမှ မြန်မာအတိုက်အခံများအား နှင်ထုတ်ခြင်း” ဆိုတဲ့ ဆောင်းပါးထဲမှာ ၄င်းတို့တိုင်းပြည်ကို အုပ်ချုပ်နေသော စစ်အစိုးရအား ဆန့်ကျင်သော နိုင်ငံရေးလှုပ်ရှားမှုများ၏ ရလဒ်အဖြစ် မြန်မာအချို့ကို စင်္ကာပူအစိုးရက နှင်ထုတ်ခဲ့ခြင်းအကြောင်းကို “ယောင်းနင်းဘရက်ဒ်”က ရေးသားခဲ့သည်။ ထိုဖြစ်ရပ်သည် ယခုသီတင်းပတ်အတွင်း ပါလီမန်တွင် ထပ်မံတင်ပြဆွေးနွေးစရာဖြစ်လာခဲ့သည်။ ဒု-၀န်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဖြစ်သူ ဝေါင်ကန်ဆင်းက စထရိတ်စ်တိုမ်းစ်နှင့် တူဒေးသတင်းစာများထဲတွင် ရေးသားထားသည့်အတိုင်း အစိုးရ၏ လုပ်ရပ်ကို ကာကွယ်ပြောကြားခဲ့သည်။

မနေ့က ထုတ်ပြန်ခဲ့သော သူ၏ သတင်းထုတ်ပြန်ချက်ထဲတွင် မစ္စတာဝေါင်း ပြောကြားချက်မှာ မြန်မာနိုင်ငံသားများသည် ၄င်းတို့၏ နိုင်ငံရေးဦးတည်ချက်များ ပြည့်ဝရေးအတွက် ဆန္ဒပြပွဲများကဲ့သို့သော တရားမ၀င် လှုပ်ရှားမှုများကို ပြုလုပ်ခြင်းဖြင့် စင်္ကာပူ၏ ဥပဒေကို မထီမဲ့မြင် ပြုလုပ်ခဲ့သည် ဆို၏။

ဤသည်မှာ ဥပဒေဘောင်အတွင်းမှသာ လုပ်ဆောင်ရန် စင်္ကာပူရဲတပ်ဖွဲ့မှ အကြိမ်ကြိမ်အဖန်ဖန် သတိပေးသည့်ကြားမှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဆို၏။

“အိုဘီပီ သည်သာ စင်္ကာပူတွင် ရှိသော တဖွဲ့တည်းသော မျိုးချစ်အဖွဲ့မဟုတ်။ ထို့ပြင် အိုဘီပီသည်ဟာ မြန်မာ့အရေးကို စိုးရိမ်ပူပန်စိတ်ဖြင့် လှုပ်ရှားမှုများကို ကမကထပြု ဆောင်ရွက်သော တဖွဲ့တည်းသောအဖွဲ့အစည်းမဟုတ်။ သို့သော်လည်း ဥပဒေကို လိုက်နာဆောင်ရွက်သော အခြားအဖွဲ့အစည်းများကဲ့သို့မဟုတ်ဘဲ အိုဘီပီသည် ဗြောင်ကျကျပင် ကျွန်ုပ်တို့၏ ဥပဒေများကို အစဉ်တစိုက် ဖီဆန်ရန် ဆုံးဖြတ်ခဲ့သည်။”

ယင်းကဲ့သို့သော လှုပ်ရှားမှုများမှ တခုသည် ပြီးခဲ့သောနှစ်က အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွင်း နိုဝင်ဘာလ ၂၀ ရက်နေ့တွင် လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ လူလေးဆယ်ခန့်သည် ဘန်နာများကို ကိုင်ဆောင်လျက် စစ်အစိုးရအား မကျေနပ်မှုများကို ဖော်ပြရန် အောချာ့ဒ်ပရိတ် ဟိုတယ်ရှေ့ ပလက်ဖောင်းပေါ်သို့ ထွက်ခဲ့ကြသည်။

ယင်းအဖြစ်အပျက်ကို ကိုးကား၍ မစ္စတာဝေါင်းက ပြောကြားသည်မှာ “ယင်းအုပ်စုသည် အများပြည်သူနှင့် သတင်းမီဒီယာများ၏ အာရုံစိုက်မှုကို ရရှိစေရန် တမင်သက်သက် ရည်ရွယ်ကာ ထိပ်သီဆွေးနွေးပွဲကျင်းပရာ ရှန်ဂရီလာ ဟိုတယ်အနီးနေရာကို ရွေးချယ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်” ဟူ၏။ ( “ဟဲ့…. ဆန္ဒပြပါတယ်ဆိုနေမှ ဘယ်..လူမသိ၊ သူမသိ ချောင်ထဲမှာ သွားပြနေလို့ဖြစ်မလဲဟဲ့”…။ ပုံ- ဘာသာပြန်သူ)

“၄င်းတို့၏ ဥပဒေနှင့်မညီသော အပြုအမူကြောင့် ကျွန်ုပ်တို့၏ လုံခြုံရေးများကို မလိုလားအပ်သော အာရုံထွေပြားမှုဖြစ်ပေါ်စေပြီး ထိပ်သီးဆွေးနွေးပွဲတက်ရောက်လာသော ကိုယ်စားလှယ်တော်ကြီးများ (ထိုအထဲတွင် အချို့မှာ အာဆီယံအစိုးရခေါင်းဆောင်များပါသည်)အတွက် စီမံထားသော လုံခြုံရေးအစီအစဉ်များကို ထိပါးစေသည်။”
-စထရိတ်စ်တိုင်းမ်စ်သတင်းစာ၊ ၁၈ ရက် စက်တင်ဘာလ ၂၀၀၈ ခု
(မြန်မာ့အရေးလှုပ်ရှားသူများ “ဥပဒေကို ဖီဆန်” ဆိုသော သတင်းမှ)

စထရိတ်စ်တိုင်းမ်စ်နှင့် တူဒေးတွင် ဖော်ပြခဲ့သော သတင်းအပြည့်အစုံကို ဒီမှာ ဖတ်ရှုနိုင်ပါသည်။

စထရိတ်စ်တိုင်းမ်စ်သတင်းစာတွင် အိုဘီပီမှ ကမကထပြုခဲ့သော “ဥပဒေနဲ့မညီသည့်” လုပ်ရပ်များကို အခြားမြန်မာအဖွဲ့များမှ ပြုလုပ်ခဲ့သော “ဥပဒေနဲ့ညီသည့်” လုပ်ရပ်များနှင့် နှိုင်းယှဉ်ကာ စာရင်းဇယားနှင့်တကွ ဖော်ပြထားပေသည်။ ဇယားမှတဆင့် အလွယ်တကူ တွေ့မြင်နိုင်သည်မှာ အောက်ဒိုး (ပြင်ပတွင်) ပြုလုပ်သော လှုပ်ရှားမှုမှန်သမျှသည် “ဥပဒေနှင့်မညီ”သည့်လုပ်ရပ်ဖြစ်ပြီး အဆောက်အဦးထဲတွင် ပြုလုပ်သမျှကိုမူကား ခွင့်ပြုသည် ဆိုသည့်အချက်ကို ဖြစ်သည်။ ထိုအကြောင်းကို နောက်ပိုင်းတွင် ဆွေးနွေးမည်။

နိုင်ငံတနိုင်ငံသည် တိုင်းပြည်ထဲသို့ ဘယ်သူဝင်သင့်သည်၊ ဘယ်သူ့ကို နှင်ထုတ်သင့်သည် စသဖြင့် ဆုံးဖြတ်ပိုင်ခွင့်ရှိပါလား…။ ရှိပါသည်။ ထိုအချက်နှင့်ပတ်သက်၍ အငြင်းပွားစရာမရှိပါ။ မေးမြန်းစရာရှိသည်မှာ ဘယ်သူ့ကို နှင်ထုတ်သင့်သည်ဟု ဆုံးဖြတ်ရာတွင် မည်သည့်အချက်အလက်များအပေါ် အခြေခံစဉ်းစား၍ ဆုံးဖြတ်သနည်း ဆိုသည့်မေးခွန်းဖြစ်သည်။ အကယ်၍ ထိုဆုံးဖြတ်ချက်သည် ကြိုက်သလိုဆုံးဖြတ်ချက် (သို့မဟုတ်) ကျိုးကြောင်းမခိုင်လုံဘဲ ဆုံးဖြတ်ချက် ဖြစ်နေခဲ့လျှင် သင့်တော်ပါမည်လော။

“လူဝင်မှုကြီးကြပ်ရေးမှ အာဏာပိုင်များသည် ဤအုပ်စုငယ်အား မလိုလားအပ်သော ပုဂ္ဂိုလ်များအဖြစ် ယူဆကာ ၄င်းတို့အား နှင်ထုတ်ဘို့ မှန်ကန်စွာ ဆုံးဖြတ်ခဲ့သည်။

…..၄င်းတို့၏ ယခုဖြစ်ရပ်ကို မီဒီယာနှင့်တကွ ပြည်ပရှိ မသိနားမလည်သော အဖွဲ့အစည်းများမှတဆင့် နိုင်ငံရေးသဘောသက်ရောက်အောင် လုပ်ဆောင်နေမှုအား မစ္စတာဝေါင်းက ရှုတ်ချလိုက်သည်။

သူက ၄င်းတို့သည် လူဝင်မှုကြီးကြပ်ရေး၏ အရေးယူမှုအား နိုင်ငံရေးအရအရေးယူမှုဟု လုပ်ကြံပြောကြားနေသည်ဟု စွပ်စွဲလိုက်သည်။
------- စက်တင်ဘာလ ၁၈ ရက် ထုတ် တူဒေးသတင်းစာပါ 'Undesirable' persons should leave, House told သတင်းကို ကိုးကားသည်။

အထက်တွင် တွေ့ခဲ့ရသည့်အတိုင်း ဝေါင်း၏ပြောဆိုချက်မှာ ထိုသူများသည် စင်္ကာပူ၏ ဥပဒေများကို အစဉ်တစိုက် ချိုးဖောက်ခဲ့သည် ဆိုခြင်းဖြစ်သည်။ ဤနေရာတွင် ကျွန်ုပ်တွေးမိသည်မှာ စင်္ကာပူနိုင်ငံသားများအနေဖြင့် ၄င်းတို့ဖာသာ ပြန်မေးသင့်သည်မှာ “ဤဥပဒေများကိုယ်တိုင်က မည်မျှ ဥပဒေနှင့် ညီပါသနည်း” ဆိုသည့်မေးခွန်းဖြစ်သည်။ သို့တည်းမဟုတ် ၄င်းဥပဒေများကို အနက်အဓိပ္ပါယ်ပြန်ဆိုရာတွင် (ဥပဒေကို အသုံးချဘို့ စဉ်းစားရာတွင်) အဘယ်မျှ ဥပဒေနှင့် လျော်ညီစွာ စဉ်းစားဆုံးဖြတ်ပါသနည်း ဟူသော မေးခွန်းဖြစ်သည်။ အကယ်၍ ဥပဒေကိုယ်တိုင်က ဥပဒေနှင့်မညီညွတ်ပါက စင်္ကာပူအစိုးရ၏ လုပ်ရပ်သည် စာရိတ္တပိုင်းဆိုင်ရာတွင် ကောင်းမွန်မှန်ကန်သည်ဟု မည်သို့မျှ အကြောင်းပြ၍ မရတော့သောကြောင့်ဖြစ်သည်။

ဥပဒေနှင့်မညီသော ဥပဒေများ

ဤဆွေးနွေးပွဲတွင် ဥပဒေများကိုယ်တိုင်က ဥပဒေနှင့်မညီနိုင်ဆိုသော အယူအဆကို ဆုပ်ကိုင်မိရန်အရေးကြီးပေသည်။ ဥပမာတခုပေးရလျှင်…. အတိုက်အခံပါတီတခုတည်ထောင်ခြင်းအတွက် မဖြစ်မနေသေဒဏ်ပေးရမည်ဟု ပါလီမန်တွင် ဥပဒေတရပ်ကို ပြဋ္ဌာန်းလိုက်ပါက အများပြည်သူအနေဖြင့် ထိုဥပဒေ၏ မတရားမှု၊ မှားယွင်းမှုကို အကြီးအကျယ် အံ့အားသင့်တုန်လှုပ်ကြပေမည်။ တရားမျှတမှုကို အစစ်အဆေးမခံနိုင်သော၊ တိမ်းမှားယွင်းစောင်းနေသော ဥပဒေများသည် ဥပဒေနှင့်မညီသော ဥပဒေများဖြစ်သည်။ အလားတူပင် အခြေခံလူ့အခွင့်အရေးမူဝါဒများဖြင့် ဆန့်ကျင်နေသော ဥပဒေများသည် ဥပဒေနှင့်မညီသော ဥပဒေများပင်ဖြစ်လေသည်။

ဥပမာအနေဖြင့် အပြည်ပြည်ဆိုင်ရာ အထွေထွေလူ့အခွင့်အရေးကြေညာစာတမ်းကို ကြည့်ပါ။

အပြည်ပြည်ဆိုင်ရာ အထွေထွေ လူ့အခွင့်အရေးကြေညာစာတမ်းဆိုသည်မှာ အဘယ်နည်း။


အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းသည် လူသားမျိုးနွယ်စုတရပ်လုံးတွင် ပါဝင်သော အဖွဲ့ဝင်အားလုံး၏ အခြေခံကျသော၊ ခွဲခွာဖဲ့ထုတ်၍မရသော အခွင့်အရေးများကို အပြည်ပြည်ဆိုင်ရာမျှ သဘောတူစာချုပ်ရေးထိုးထားခြင်းဖြစ်သည်။ ၁၉၄၈ ခု၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှ လက်ခံအတည်ပြုကာ ဤကြေညာစာတမ်းသည် လူသားတို့၏ သတ်သတ်မှတ်မှတ်ရပိုင်ခွင့်များ၊ လွတ်လပ်မှုများနှင့်ပတ်သက်၍ နိုင်ငံများအကြား ပထမဦးဆုံးအကြိမ် သဘောတူညီချက်ပင်ဖြစ်သည်။

ဤလူ့အခွင့်အရေးများထဲတွင် နှိပ်စက်ညှင်းပမ်းမှုမှ ကင်းလွတ်ပိုင်ခွင့်၊ ဥပဒေရှေ့မှောက်တွင် တန်းတူညီမျှ အခွင့်အရေးရပိုင်ခွင့်၊ တရားမျှတသော တရားစီရင်မှုကို ရပိုင်ခွင့်၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားပိုင်ခွင့်နှင့် လွတ်လပ်စွာတွေးခေါ်ခွင့်၊ ယုံကြည်ကိုးကွယ်ခွင့်၊ တွေးတောကြံစည်ခွင့်၊ ဖော်ထုတ်ခွင့်တို့ကဲ့သို့သော လူမှုရေးနှင့်နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများပါဝင်သည်။ ကြေညာစာတမ်းပါ အခွင့်အလမ်းများတွင် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဖြစ်သော စားဝတ်နေရေးနှင့် ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများ၊ လူမှုလုံခြုံရေးများ၊ အလုပ်လုပ်ခွင့်၊ လုပ်အားခနှင့်ထိုက်တန်သော လုပ်ခရပိုင်ဆိုင်ခွင့်၊ သမဂ္ဂများဖွဲ့စည်းပိုင်ခွင့်နှင့် ပညာသင်ကြားခွင့်တို့လည်း ပါဝင်ပေသည်။

လူမျိုးတိုင်း၊ နိုင်ငံတိုင်းအတွက် တပြေးတည်းစံထားစရာ စံချိန်စံညွှန်းအဖြစ် ရည်ရွယ်ခဲ့သည့်အားလျော်စွာ လွန်ခဲ့သည့် နှစ်ပေါင်းငါးဆယ်အတွင်းတွင် ဤအထွေထွေလူ့အခွင့်အရေးကြေညာစာတမ်းသည် အပြည်ပြည်ဆိုင်ရာဥပဒေထုံးတမ်းစဉ်လာတွင် သမိုင်းမှတ်တိုင် မှတ်ကျောက်တခုဖြစ်လာပြီး အစိုးရတိုင်းအနေဖြင့် ၄င်းမူဝါဒအပေါ်တွင် လိုက်နာကျင့်သုံးရန် လိုအပ်ချက်တရပ်ဖြစ်လာခဲ့ချေသည်။

ယခု ဝေါင်ကန်ဆင်းက မြန်မာများ ချိုးဖောက်သည်ဟုပြောနေသော ဥပဒေမှာ လွတ်လပ်စွာ စုဝေးပိုင်ခွင့်ကို စည်းကြပ်သော ဥပဒေဖြစ်နေသည်။ ဝေါင်းအဆိုအရ ထိုမြန်မာများသည် အစိုးရထံမှ ခွင့်ပြုချက်လိုင်စင်မပါဘဲ ဆန္ဒပြခြင်းကို ကမကထပြုခဲ့သည်ဆိုသည်။

ထိုကဲ့သို့ ပြင်ပတွင် စုဝေးပိုင်ခွင့်ကို စည်းကြပ်သောဥပဒေသည် လူအများစု၏ အကျိုးစီးပွားအတွက် (ဥပမာ လူအများလုံခြုံရေးအတွက်) လိုအပ်သည်၊ ထို့ကြောင့် စုဝေးခြင်းမပြုလုပ်မီ ခွင့်ပြုချက်လိုင်စင် တောင်းခံရန်လိုအပ်သည် စသဖြင့် အကြောင်းပြချက်ပေးရန် ဖြစ်နိုင်ပေသည်။ အခြား အစိုးရကို ဆန့်ကျင်သော အဖွဲ့အစည်းများကဲ့သို့မဟုတ်ဘဲ ယောင်းနင်းဘရက်ဒ်အနေဖြင့် ထိုဥပဒေ ထားရှိရခြင်းကို မူဝါဒအားဖြင့် ထောက်ခံပါသည်။

သို့ရာတွင် ထိုလိုင်စင်ကို ချင်ဂေး စီတန်းလှည့်လည်ပွဲကဲ့သို့ အစိုးရက အားပေးမြှင့်တင်သော လှုပ်ရှားမှုများမှလွဲ၍ မည်သည့်အခါကမျှ လိုင်စင်ထုတ်ပေးခြင်းမရှိခဲ့သည်မှာ အဖြစ်မှန်ပင်ဖြစ်သည်။ ထိုကဲ့သို့ ထပ်တလဲလဲ ပြင်းထန်စွာ ပယ်ချခြင်း (လိုင်စင်ချမပေးခြင်း)ဖြင့် ဥပဒေ၏ မူလ ရည်ရွယ်ချက်ကို ဖောက်ဖျက် ဖျက်ဆီးရာရောက်ပေသည်။ မူလက ကျိုးကြောင်းဆီလျော်သည့် အကြောင်းပြချက်ဖြစ်သည့် အများစုလုံခြုံရေး ဖြစ်ရတော့မည့်အစား အတိုက်အခံများ (သဘောထားအမြင်မတူညီသူများ)ကို နှိပ်ကွပ်ရန်ဖြစ်လာခဲ့ချေသည်။ ဤသည်မှာ အပြည်ပြည်ဆိုင်ရာတွင် လက်ခံကျင့်သုံးနေသော ဥပဒေဖြစ်သည့် အထွေထွေလူ့အခွင့်အရေး ကြေညာစာတမ်းပါ အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ဤဥပဒေ၏ အဓိပ္ပါယ်ကို အစိုးရက ပြန်ဆိုပုံ (တနည်း) အသုံးချပုံမှာ ဥပဒေနှင့်မညီ ဖြစ်နေသည်။

အကယ်၍ ဥပဒေကိုယ်၌က သို့မဟုတ် ဥပဒေကို အသုံးချပုံက ဥပဒေနှင့်မညီခဲ့လျှင် အစိုးရ၏ စွတ်စွဲချက်ဖြစ်သော “ဤဥပဒေများကို မြန်မာများက မျက်ကွယ်ပြုခြင်းသည် ဥပဒေနှင့်မညီ” ဆိုသော ပြောဆိုချက်သည် တရားမျှတသော၊ သမာသမတ်ကျသော ပြောဆိုမှုဖြစ်နိုင်ပါဦးတော့မည်လော။ အလားတူပင် ဤအကျိုးအကြောင်းမခိုင်လုံသော အကြောင်းပြချက်သည် မြန်မာများကို နှင်ထုတ်ရခြင်းအတွက် တရားမျှတသော အကြောင်းပြချက်ကောင်းတခု ဖြစ်နိုင်ပါဦးမည်လော။

တစုံတယောက်အား ဥပဒေချိုးဖောက်သဖြင့် အပြစ်ပေးမည်ဆိုလျှင် ထိုချိုးဖောက်သည်ဆိုသော ဥပဒေကိုယ်၌က မတရားသည့်ဥပဒေဖြစ်နေခဲ့ပါက ထိုချိုးဖောက်သူအား အပြစ်ပေးသင့်ပါသလော။

သံရုံးပိတ်ခြင်း

ကျွန်ုပ်တို့ ပြည်တွင်းသတင်းစာများတွင် မဖော်ပြသော သတင်းများမှာ ပြည်ပရှိ ကျွန်ုပ်တို့၏ သံရုံးများသည် ယခုအခါ ဆန္ဒပြသူများ၏ ဦးတည်ချက် ဖြစ်လာခဲ့ခြင်းဖြစ်သသည်။ ထိုဆန္ဒပြပွဲများသည် ဝေါင်းပြောသလို မသိနားမလည်သော ပြည်ပရောက်အဖွဲ့အစည်းများမှ လူအာရုံစိုက်လာစေရန်နှင့် မီဒီယာများမှ အာရုံစိုက်လာစေရန် ကမကထလုပ်ပြီး ပြုလုပ်ခဲ့ရခြင်းဖြစ်ပေမည်။

ဤဓါတ်ပုံများမှာ သြဂုတ်လ ၂၉ ရက်နေ့က လန်ဒန်ရှိ ကျွန်ုပ်တို့၏ ဟိုင်းကော်မစ်ရှင် (သံရုံး)အပြင်ဖက်တွင် ဆန္ဒပြခဲ့သော ပုံများဖြစ်သည်။ ဤဆန္ဒပြပွဲကြောင့် သံရုံးအမှုထမ်းတဦး သံရုံးအပြင်ထွက်ကာ နေ့လည်ဘက် သံရုံးပိတ်ကြောင်း နို့တစ်စာ ကပ်ရသည်အထိ ဖြစ်ခဲ့သည်။ (ဓါတ်ပုံကို မူရင်းဆောင်းပါးတွင် သွားကြည့်ပါရန်)

စက်တင်ဘာလ ၁ ရက်နေ့ကလည်း အိန္ဒိယပြည် နယူးဒေလီမြို့ရှိ စင်္ကာပူသံရုံးရှေ့တွင် ဆန္ဒပြပွဲဖြစ်ခဲ့သည်။

ဤအဖြစ်အပျက်များနှင့်ပတ်သက်၍ အရေးတကြီး မေးသင့်သည့် မေးခွန်းမှာ လန်ဒန်နှင့် နယူးဒေလီရှိ ကျွန်ုပ်တို့၏ သံရုံးများအပြင်ဘက်တွင် ကြွေးကြော်သံဆိုင်းပုဒ်များကိုင်ဆောင်၍ ဆန္ဒပြခဲ့သူများသည် “ဥပဒေနှင့်မညီသော”လုပ်ရပ်များကို ပြုလုပ်နေခြင်းလော၊ ထို့အတွက် သူတို့ကို ဗြိတိသျှအစိုးရနှင့် အိန္ဒိယ အစိုးရများမှ တိုင်းပြည်က နှင်ထုတ်မည်လောဆိုသည့် မေးခွန်းဖြစ်ပါသည်။

အကယ်၍သာ ၄င်းတို့အနေဖြင့် အဆိုပါကံကြမ္မာမျိုးကို ခံရနိုင်ဘွယ်မရှိဟု ကျွန်ုပ်တို့ တွေးထင်ခဲ့လျှင် ကျွန်ုပ်တို့ဘာသာ ကျွန်ုပ်တို့ အောက်ပါအတိုင်း ပြန်မေးကြည့်သင့်သည်။

“စင်္ကာပူက ဘာကြောင့် သူများနဲ့ မတူရသလဲ၊ ဥပဒေနဲ့ညီခြင်း၊မညီခြင်းအပေါ် ကျွန်ုပ်တို့၏ ခံယူချက်(အတွေးအခေါ်) သည် ဘာကြောင့် သူများနှင့်မတူ တမူထူးဆန်းနေရပါနည်း။”
မူရင်းဖတ်ရှုရန်။
Read more

“နောက်ထပ် ရှက်စဖွယ်မသမာမှုကြီးတခု”

(တနင်္ဂနွေ၊ စက်တင်ဘာ ၂၁၊ ၂၀၀၈ ခုနှစ်)

ခဲဆိပ်သင့်နေသော ကလေး ကစားစရာအရုပ်များ၊ အဆိပ်သင့်တိရိစ္ဆာန်အစားအစာများ၊ သွားတိုက်ဆေးများနှင့် အခြား အန္တရာယ်မကင်းသည့် ကုန်ပစ္စည်းများ ထုတ်လုပ်ခဲ့ခြင်းအတွက် ပေါ့ဆသော လုပ်ထုံးလုပ်နည်းများနှင့် ရာဇ၀တ်မှုမကင်းသော လုပ်ရပ်များကို ကြီးကြပ်ရေးအဖွဲ့များနှင့် ကုန်ပစ္စည်းထုတ်လုပ်သူများက နှိမ်နင်းတိုက်ဖျက်သွားမည်ဟု တရုတ်အာဏာပိုင်များက ကတိပေးခဲ့သည်။ သို့သော် ယခုနောက်ဆုံးဖြစ်ပျက်ခဲ့သည့် အဆိပ်သင့် ကလေးနို့မှုန့်များထုတ်လုပ်ခြင်းဟူသော မသမာမှုကြီးသည် တရုတ်ပြည်အနေဖြင့် ၄င်းတို့ ထုတ်ကုန်ပစ္စည်းများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လုံလောက်သော ကြိုးပမ်းအားထုတ်မှုမျိုး မပြုလုပ်သေးသည့်အချက်ကို ထိတ်လန့်ခြောက်ချားစဘွယ် အချက်ပေးရာရောက်ပေသည်။ ထို့ပြင် အခြားတိုင်းပြည်များမှ ကုန်ပစ္စည်းတင်သွင်းသူများနှင့် အရည်အသွေးကြီးကြပ်သူများအား ၄င်းတို့၏ သတိရှိမှုကို မလျှော့ချမိစေရန် အချက်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

၎င်း အဆိပ်သင့်နို့မှုန့်ကြောင့် တရုတ်ပြည်တွင် ကလေးသူငယ်များစွာ သေဆုံးခဲ့ရပြီး ၆၀၀၀ ကျော် ဘေးဥပါဒ်သင့်ခဲ့ရသည်။ အများစုမှာ ကျောက်ကပ်တွင် ကျောက်တည်ခြင်းနှင့် ကျောက်ကပ်လုံးဝပျက်စီးမှုကို ခံစားနေကြရသည်။ ဤဖြစ်ရပ်မှာ အစိုးရနှင့်တကွသော အလုပ်ဌာနကြီးများ၏ ခေါင်းဆောင်များအနေဖြင့် ၄င်းတို့အား လုံခြုံရေးနှင့် ပတ်သက်၍ ယုံကြည်ကိုးစားမိသော မိသားစုပေါင်းများအပေါ်တွင် ရှက်စဘွယ် ၀တ္တရားပျက်ကွက်မှုကြီးပင် ဖြစ်သည်။

နို့မှုန့်ဖော်စပ်မှုများတွင် မယ်လမိန်းဟုခေါ်သော အန္တရယ်များသည့် ဓါတုပစ္စည်း တမျိုးပါဝင်နေသည်။ ၄င်း ဓါတုပစ္စည်းသည် တခြားမဟုတ်။ ယခင်နှစ်က အမေရိကန်ရှိ ခွေးနှင့်ကြောင် ထောင်ပေါင်းများစွာကို နာမကျန်းဖြစ်စေခဲ့သော လက်သည်တရားခံလည်း ဖြစ်သည်။ အဖြစ်နိုင်ဆုံးအရာတခုမှာ နွားနို့အရောင်းအ၀ယ်ပြုလုပ်သူများသည် စရိတ်စက လျှော့ချရန်အတွက် နွားနို့ကို ရေရောမည်။ ထို့နောက် နွားနို့အရည်အသွေးကို စစ်ဆေးရာတွင် ပရိုတိန်းဓါတ်ပါဝင်မှုနှုန်းထား မြင့်တက်နေစေရန် မယ်လမိန်းကို ရောထည့်ကြခြင်းဖြစ်ပေမည်။

ယခုအခါ တစထက်တစ ထင်ရှားလာသည့်အချက်မှာ အဓိက နို့ထွက်ပစ္စည်းကုမ္ပဏီကြီးတခုဖြစ်သော “စန်းလူ အုပ်စု” သည် ဤပြဿနာကို လွန်ခဲ့သည့် လပေါင်းများစွာကပင် ကြိုတင်သိရှိနေခဲ့သည် ဆိုသော အချက်ဖြစ်သည်။ ၄င်းကုမ္ပဏီတည်ရှိရာ မြို့နယ်မှ အာဏာပိုင်များအနေဖြင့်လည်း ဤပြဿနာကို လွန်ခဲ့သည့် သီတင်းပတ်ပေါင်းများစွာကပင် ကြိုတင်သိရှိနေခဲ့ပါလျက် ပြည်သူလူထုအား ကြိုတင်သတိပေးခြင်း တစုံတရာမပြုခဲ့ (သို့မဟုတ်) ကုန်ပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည် ခေါ်ယူသိမ်းဆည်းရန် ဖိအားပေးခဲ့ခြင်းလည်း မရှိခဲ့ ဟူသော အချက်သည်လည်း ယခုအခါ ထင်ရှားလာသည်။ အကဲခတ်ဝေဖန်သူများက သုံးသပ်သည်မှာ ဒေသဆိုင်ရာ အာဏာပိုင်များသည် အိုလံပစ်ပွဲတော်၏ အသရေကို ညှိုးနွမ်းစေမည့် နာမည်ဆိုးထွက်လာမည့်အရေးကို စိုးရိမ်နေခဲ့ကြခြင်းဖြစ်ရမည်။ ပြီးခဲ့သော သီတင်းပတ်တွင်မှသာ ဗဟိုအစိုးရမှစတင်၍ စွမ်းစွမ်းတမံ တုန့်ပြန်ဆောင်ရွက်လာခဲ့လေသည်။

ထိုအချိန်မှစ၍ အာဏာပိုင်တို့အနေဖြင့် ပစ္စည်းများကို ပြန်လည် ခေါ်ယူခြင်း၊ သင်္ကာမကင်းသူများကို ဖမ်းဆီးခြင်း၊ မြို့တော်ဝန်တယောက်အပါအ၀င် ဒေသဆိုင်ရာ အစိုးရအရာရှိအချို့ကို အလုပ်မှ ဖြုတ်ပစ်ခြင်း တို့ကို ပြုလုပ်လျက်ရှိသည်။ ယခင်က ထိပ်သီးကုမ္ပဏီကြီးအချို့အား ခွင့်ပြုထားသော မိမိဘာသာကြီးကြပ်စစ်ဆေးပါခွင့်များကိုလည်း အရည်အသွေးကြီးကြပ်ရေးမှူးများက ပြန်လည်ရုတ်သိမ်းလိုက်သည်။ ယခင်က ပြဿနာတရပ်ဖြစ်လာတိုင်း တိုးတိုးတိတ်တိတ်နှင့် ဖုံးကွယ်လေ့ရှိသော လုပ်နည်းလုပ်ဟန်နှင့် မတူ တမျိုးတဘာသာခွဲထွက်ကာ ယခုအခါ တရုတ်ပြည်အနေဖြင့် ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးအား အဆိပ်သင့်မှုအကြောင်းကို အသိပေးဖော်ရပေသည်။

ယခုအချိန်တွင်မူ စုံစမ်းစစ်ဆေးသူများသည် ကုမ္ပဏီ ၂၀ ထက်မနည်းက ထုတ်လုပ်သော ကလေး နို့မှုန့်များတွင် မယ်လမိန်ပါဝင်နေကြောင်း တွေ့ရှိခဲ့ရပြီဖြစ်ပေသည်။ ၄င်းအထဲတွင် တရုတ်ပြည်၏ အကြီးမားဆုံး နို့ထွက်ပစ္စည်းကုမ္ပဏီကြီးအချို့လည်း ပါဝင်သဖြင့် ပြဿနာမှာ ထင်ထားသည်ထက် ပိုမိုကြီးမား ကျယ်ပြန့်နိုင်ကြောင်း ညွှန်ပြနေလေသည်။

ဤဖြစ်ရပ်သည် ကုန်ပစ္စည်းတင်သွင်းသူအပေါင်းအတွက် အလေးနက်ဆုံးသော သတိပေးမှုကြီးတခုကို ဆောင်ကျဉ်းလာသည်။ တရုတ်ကုန်ပစ္စည်းများကို ၀ယ်ယူနေသော ကုမ္ပဏီများ နှင့် သွင်းကုန်များကို စစ်ဆေးရသော အစိုးရခန့်အပ်သည့် အရည်အသွေးကြပ်မတ်သူများအနေဖြင့် တရုပ်ကုမ္ပဏီများ၏ လုပ်နည်းလုပ်ဟန်များကို ကြပ်မတ်ရာတွင် အစဉ်သတိရှိရမည်ဆိုသည့်အချက်ဖြစ်သည်။ ကမ္ဘာတလွှားရှိ စားသုံးသူများအနေဖြင့် မုချရှိလိမ့်မည်ဟု စိတ်ချယုံကြည်ထားသော ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်သည့် စံနှုန်းများကို အကြီးဆုံးနှင့် အကောင်းဆုံးဟု ယူဆရသော ကုမ္ပဏီကြီးများကပင် ကိုက်ညီခြင်းမရှိဘဲ လွဲချော်တတ်သောကြောင့်ပင် ဖြစ်သည်။

(International Herald Tribune သတင်းစာမှ အယ်ဒီတာ့အာဘော်ကို ဘာသာပြန်သည်။ မူရင်းကို ဖတ်ရှုရန်)
ပူးတွဲဖတ်ရှုရန်။
Read more

“ဒု-၀န်ကြီးချုပ်ပြောကြားချက်နှင့် စပ်လျဉ်း၍”



(မြန်မာ့အရေးလှုပ်ရှားသူများနှင့် ပတ်သက်၍ စင်္ကာပူနိုင်ငံ ဒု-၀န်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဖြစ်သူ ဝေါင်ကန်ဆင်း၏ ပြောကြားချက်အပေါ် စင်္ကာပူနိုင်ငံသားတဦး တုန့်ပြန်ရေးသားချက်အား ဘာသာပြန်သည်။)
စင်္ကာပူတွင် ငြိမ်းချမ်းစွာ စုဝေးခြင်း၊ ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့သော မြန်မာမျိုးချစ်များအား ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့် ပါမစ်များ သက်တမ်းတိုးမပေးရခြင်း၏ နောက်ကွယ်မှ တကယ့် သဘောထားအမှန်ကို ဒု-၀န်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဝေါင်ကန်ဆင်းမှ အတည်ပြုပြောကြားသွားခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် “ဥပဒေများအား အစဉ်တစိုက် ဖီဆန်ခြင်း”သည် စင်္ကာပူတွင် အလုပ်လုပ်ကိုင်လျက်ရှိသော (သို့မဟုတ်) ပညာသင်ယူနေသော မြန်မာအချို့အား ၄င်းတို့၏ နေထိုင်ခွင့်များ ကုန်ဆုံးသည့်အခါ ထွက်သွားရန် ပြောကြားရခြင်း၏ နောက်ကွယ်က အကြောင်းရင်းမှန် ဖြစ်ကြောင်း ဒု-၀န်ကြီးချုပ်ဝေါင်းက အတည်ပြုသည်။ ( စက်တင်ဘာလ ၁၈ ရက်နေ့ထုတ်….စထရိတ်စ်တိုင်းမ်စ် သတင်းစားပါ “မြန်မာလှုပ်ရှားသူများသည် ကျွန်ုပ်တို့ ဥပဒေများအား ဖီဆန်သည်” ဆိုသော သတင်းကို ကိုးကားသည်။)
ဒု-၀န်ကြီးချုပ်သည် ပါလီမန်တွင် နိုမင်နိတ်တက် အမတ်တယောက်ဖြစ်သူ ယူနစ်အော်လ်ဆင် တင်ပြလာသော မေးခွန်းကို တုန်ပြန်ရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ သူမ၏ မေးခွန်းမှာ “မြန်မာစစ်အစိုးရမှ စင်္ကာပူအစိုးရအား မြန်မာစစ်အစိုးရဆန့်ကျင်သူများအပေါ် နှိပ်ကွပ်နှိမ်နင်းရန် (သို့မဟုတ်) ၄င်းတို့၏ နေထိုင်ခွင့်များကို ငြင်းပယ်ရန် ဖိအားပေးခြင်း၊ တောင်းဆိုခြင်းများ ရှိခဲ့သလော” ဟူသော မေးခွန်းပင်ဖြစ်သည်။
ဒု-၀န်ကြီးချုပ်၏ ထုတ်ပြန်ကြေညာချက်မှာ ကျွန်ုပ်တို့အတွက် အထူးတလည် အံ့အားသင့်စရာ မဟုတ်ပေ။ မေးစရာ ရှိသည်မှာ “ကျွန်ုပ်တို့အားလုံး သိပြီးသားအချက်ကို အတည်ပြုရန် အစိုးရသည် အဘယ်ကြောင့် ဤမျှကြာမြင့်စွာ အချိန်ယူခဲ့ရသနည်း” ဆိုသည့် အချက်ဖြစ်သည်။
ယခုနှစ် ဇွန်လနဲ့ သြဂုတ်လများအတွင်းက မြန်မာမျိုးချစ် ၆ ဦး၏ ရီအင်ထရီပါမစ်၊ အီးပီ၊ ဒဗလျူပီ နှင့် အလည်အပတ် နေထိုင်ခွင့်များကို စင်္ကာပူလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များနှင့် အလုပ်သမားအင်အားဝန်ကြီးဌာနမှ ငြင်းပယ်ခဲ့စဉ်အခါက မည်သည့်အကြောင်းပြချက်မျှ အာဏာပိုင်များဘက်မှ ပေးခဲ့ခြင်းမရှိ။ အယူခံလွှာ (appeal)ကို ပယ်ချသည့်အခါတွင်လည်း မည်သည့်အကြောင်းပြချက်မျှမပေး။ ယခုကဲ့သို့ တကယ့်အကြောင်းရင်းမှန်ကို ပြောပြနိုင်ရန် အစိုးရအနေဖြင့် အဘယ်ကြောင့် ကာလကြာမြင့်စွာ အချိန်ယူခဲ့ရသနည်း။
မြန်မာနိုင်ငံသားတို့သည် “ပြင်ပတွင် ဆန္ဒပြခြင်းများ” ကဲ့သို့သော တရားမ၀င်သည့် လှုပ်ရှားမှုများဖြင့် ၄င်းတို့၏ နိုင်ငံရေးရည်မှန်းချက်များကို ဖော်ဆောင်ခဲ့သည်ဟုလည်း ဒု-၀န်ကြီးချုပ်က ပြောကြားခဲ့သေးသည်။
ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ လူငါးယောက်ထက်ပို၍ စုဝေခြင်းကို တားမြစ်သော ဥပဒေသည် မျှတ၏၊ မမျှတ၏ကို အကဲဖြတ်ရန်မဟုတ်။ သို့မဟုတ် အတိုက်အခံများကို နှိပ်ကွပ်ရာတွင် ဤဥပဒေကို လိုသလိုထုတ်ယူသုံးစွဲသလောဆိုသည့်အချက်ပေါ်တွင် အထောက်အထားနှင့်တကွ ပြောဆိုသုံးသပ်ရန်လည်းမဟုတ်။ ဤကိစ္စများနှင့်ပတ်သက်၍ ကျွန်ုပ်အမြင်ကို စာဖတ်သူများအနေဖြင့် ကာလကြာမြင့်စွာကပင် နားလည်သဘောပေါက်ပြီး ဖြစ်သည်။
ကျွန်ုပ်ထောက်ပြလိုသောအချက်မှာ အာဏာပိုင်များအနေဖြင့် မြန်မာမျိုးချစ်များအပေါ်တွင် စာနာထောက်ထားငဲ့ညှာခြင်း အလျဉ်းကင်းမဲ့သည့်အချက်ကိုပင် ဖြစ်သည်။
ပြည်ပရောက်မြန်မာမျိုးချစ်များသည် စစ်အစိုးရမှ ရဟန်းရှင်လူများအပေါ် သတ်ဖြတ်ခြင်းကို ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ထို့အတူ စစ်အစိုးရရေးဆွဲသော အခြေခံဥပဒေအား အတည်ပြုရန်ကြိုးစားသည့် အတုအယောင် လူထုဆန္ဒခံယူပွဲအား ဆန့်ကျင်ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။ ဤအရေးများသည် တိတ်ဆိတ်မနေဘဲ ထုတ်ဖော်ပြောဆိုသင့်သော အရေးကိစ္စများဖြစ်သည်။ မြန်မာတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် မိသားစုပေါင်းများစွာကို ထိပါးနေသော အရေးကိစ္စများလည်း ဖြစ်သည်။ သို့စင်လျက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သော မြန်မာလူမျိုးများအပေါ်တွင် အဘယ်ကြောင့် အစိုးရသည် ၄င်း၏ သိနားလည်စိတ် ခေါင်းပါးမှု၊ အကြင်နာတရားခေါင်းပါးမှုကို ပြသခဲ့ရသနည်း။ ၄င်းမျိုးချစ်မြန်မာတို့သည် ၄င်းတို့၏ လှုပ်ရှားမှုများကို ငြိမ်းချမ်းစွာ ပြုမူခဲ့ကြသည်။ ၄င်းတို့ကြောင့် အများပြည်သူအား အနှောက်အယှက်မဖြစ်စေခဲ့၊ အဆင်မပြေမှုများအားလည်း မဖြစ်စေခဲ့။ သို့စင်လျက် အဘယ်ကြောင့် ၄င်းတို့အား သာမန်ရာဇ၀တ်သားများနှင့် တတန်းတစားတည်းထားကာ ဆုံးဖြတ်သနည်း။
ဒု-၀န်ကြီးချုပ်က ပြောလိုက်သေးသည်။ “မြန်မာတို့သည် စင်္ကာပူဥပဒေများကို ချိုးဖောက်စဉ်က ချိုးဖောက်ခဲ့ပြီး နောက်တွင် စင်္ကာပူ၌ နေထိုင်ခွင့်ကို ၄င်းတို့၏ ရပိုင်ခွင့်သဖွယ် ဖီဆန်ကာ တောင်းဆိုခဲ့ကြသေးသည်” ဟူ၏။
ဤပြောကြားချက်သည် ပုံကြီးချဲ့ကာ တဖက်သတ်ပြောကြားမှုဖြစ်သည်။ မြန်မာမျိုးချစ်များအနေဖြင့် စင်္ကာပူတွင် နေထိုင်ခွင့်သည် ၄င်းတို့ ရပိုင်ခွင့်ဖြစ်သည်ဟု ၄င်းတို့ယူဆကြောင်း မည်သည့်အခါကမျှ တိုးတိုးတိတ်တိတ်သော်လည်းကောင်း၊ လူသိရှင်ကြားသော်လည်းကောင်း ပြောကြားခဲ့ဘူးခြင်းမရှိ။ သြဂုတ်လ ၂၂ ရက်နေ့က ပင်နင်ဆူးလား အိတ်ဇဲရှားဟိုတယ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ မျိုးမြင်မောင်မှ အထူးတလည်ဇောင်းပေးပြောကြားခဲ့သောအချက်မှာ ၄င်းတို့အနေဖြင့် အထူးမျက်နှာသာပေးမှုများကို တောင်းဆိုနေခြင်းမဟုတ်ကြောင်း၊ ၄င်းတို့အား တရားမျှတစွာ ဆက်ဆံမှု (right to be treated fairly) ကိုသာ တောင်းဆိုခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒု-၀န်ကြီးချုပ် ပြောကြားသည့် နောက်တချက်မှာ “၄င်းတို့သည် ယခုကိစ္စကို မီဒီယာမှတဆင့်၊ အကြောင်းရင်းမှန်ကို သေချာမသိသော ပြည်ပအဖွဲ့အစည်းများမှတဆင့် နိုင်ငံရေးအသွင်မရောက် ရောက်ရန် ကြိုးပမ်းနေကြသည်။ ထိုသို့ကြီးပမ်းရာတွင် ၄င်းတို့အား စင်္ကာပူမှ နှင်ထုတ်ခြင်းသည် နိုင်ငံရေးအရ တွန်းအားကြောင့်ဖြစ်သည်ဟု တမင်လုပ်ကြံလီဆည်ခဲ့ကြသေးသည်” ဆိုခြင်း ဖြစ်သည်။
ကျွန်ုပ်အမြင်အရဆိုလျှင် ဤကိစ္စကို နိုင်ငံရေးအသွင်မရောက် ရောက်အောင် ဖန်တီးနေသူမှာ မြန်မာမျိုးချစ်များမဟုတ်။ ဒု-၀န်ကြီးချုပ်ကိုယ်တိုင်သာဖြစ်သည်။ လူအများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် မိသားစုများစွာအပေါ် ဘေးအန္တရာယ်ကျရောက်နေပြီဆိုလျှင် ၄င်းတို့၏ ဘေးဒုက္ခကို အများသိစေရန် အများရှေ့မှောက်သို့ ထွက်ခြင်းသည် မှားယွင်းသည်ဟု ဆိုနိုင်မည်လော။ အကယ်၍ စင်္ကာပူနိုင်ငံသားအချို့အနေဖြင့် ပြည်ပနိုင်ငံတခုတွင် ယခုကဲ့သို့ မတရားပြုမူခံခဲ့ရမည်ဆိုလျှင် ဒု-၀န်ကြီးချုပ်အနေဖြင့် ၄င်းစင်္ကာပူနိုင်ငံသားများအား သူတို့ဒုက္ခအား ရေငုံနှုတ်ပိတ်နေစေရန် မျှော်လင့်နေဦးမည်လော ဟု မေးစမ်းချင်ပါသည်။
မူရင်းကို ဖတ်ရှုရန်။
Read more

“ပြည့်နား၊ ပြည့်မျက်စိကို ဖောက်ထုတ်ခြင်း”

International Herald Tribune သတင်းစာရဲ့ Opinion ကဏ္ဍမှာ နေ့စဉ် အယ်ဒီတာ့အာဘော် နှစ်ပုဒ်တင်လေ့ရှိပါတယ်။ အဲဒီအယ်ဒီတာ့အာဘော်တွေဟာ ကျစ်ကျစ်လစ်လစ်နဲ့ အကြောင်းအရာတခုလုံးအပေါ်မှာ ခြုံငုံမိသွားအောင် အမြဲရေးနိုင်တာကို တွေ့ရပါတယ်။ တပုဒ်ကို စာတမျက်နှာစာဘဲ ရှိတယ်။ အင်္ဂလိပ်စာနဲ့ မြန်မာစာကို ရိုးရိုးရှင်းရှင်းနဲ့ ကျစ်ကျစ်လစ်လစ်ရေးတတ်အောင် လေ့လာနေဆဲ ကျနော့်အတွက် အဲသည်နှစ်ပုဒ်ကို အမြဲလိုလို ဖတ်ရှုဖြစ်ပါတယ်။

ဒီကနေ့မနက် ဖတ်ရတဲ့ အယ်ဒီတာ့အာဘော် တပုဒ်က စိတ်ဝင်စားစရာကောင်းလို့ ကျနော်ဘာသာပြန်လိုက်ပါတယ်။ ခေါင်းစဉ်က “Killing the messengers in Putin’s Russia” ပါ။

ရုရှားပြည်ထောင်စုရဲ့ မွတ်ဆလင်လွှမ်းမိုးရာ ကော်ကေးဆပ်ဒေသမှာ သတင်းသမားတယောက်ဖြစ်တဲ့ မာဂိုမက် ယက်ဗ်လိုယက်ဗ်ဟာ အာဏာပိုင်တွေကို အနှောင့်အယှက်ပေးနေခဲ့တယ်။ ယက်ဗ်လိုယက်ဗ်ဟာ အဲဒီဒေသက အာဏာပိုင်တွေရဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ အတိုက်အခံနိုင်ငံရေးသမားတွေအပေါ် အကြမ်းဖက်နှိမ်နင်းနေမှုကို Ingushetia.ru ဆိုတဲ့ ၀က်ဆိုက်တခုထောင်ပြီး ဝေဖန်နေခဲ့တယ်။ သူ့ကို အာဏာပိုင်တွေက နှုတ်ဆိတ်သွားအောင် လုပ်နိုင်ခဲ့ပေမယ့်လည်း သူတို့သုံးစွဲခဲ့တဲ့ လုပ်နည်းလုပ်ဟန်က လှစ်ဖော်ပြသလိုက်တာကတော့ ရုရှားရဲ့ နယ်စွန်နယ်ဖျားကစလို့ ကရင်မလင် ပြသာဒ်ဘုံဖျားအထိ အမြစ်တွယ်နေခဲ့တဲ့ လူဆိုးဓမြဂိုဏ်းဆန်ဆန် ပြုမူလှုပ်ရှားတတ်တဲ့ အကြမ်းဖက်ဇာတ်ရုပ်ကြီးပါဘဲ။

သြဂုတ်လ ၃၁ ရက်နေ့က ယက်ဗ်လိုယက်ဗ်ဟာ အရင်က ကေဂျီဘီ ဗိုလ်ချုပ်ဟောင်းဖြစ်ဘူးသူ၊ ပြီးတော့ဝန်ကြီးချုပ် ဗလာဒီမာ ပုတင်ရဲ့ လုပ်ဖော်ဟောင်းလည်းဖြစ်ခဲ့ဘူးသူ အစ်ဂူရှေးရှားပြည်နယ်မှူး မူရတ် ဇိုင်ယာဇီကော့ဗ်နဲ့အတူ လေယာဉ်တစီးတည်းစီးပြီး အဲဒီဒေသရဲ့ မြို့တော်ကို ပျံသန်းခဲ့ပါတယ်။ အဲဒီလို ၀က်ဆိုက်ကတဆင့် အာဏာပိုင်တွေကို ခိုးလိုးခုလု ဖြစ်အောင်လုပ်ခဲ့တဲ့သူဟာ လေယာဉ်ပျံပေါ်မှာ ပြည်နယ်မှူးနဲ့ အချေအတင် ငြင်းခုန်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ လေယာဉ်လည်းဆိုက်ရော…သူ့ကို ရဲကားတစီးပေါ်တွန်းတင်ပြီး ခေါ်ဆောင်သွားတာကို ခံရတယ်။ နောက်တော့ သူ့အလောင်းကို လမ်းနဘေးမှာ တွေ့ရတယ်။ ခေါင်းမှာ ကျည်ဆံတစ်တောင့် ၀င်နေတယ်။ အဲသည်မှာ အာဏာပိုင်တွေအနေနဲ့ လံကြုပ်ဇာတ်လမ်းတခုကို ထုတ်ပြန်ရပါတယ်။ ယက်ဗ်လိုယက်ဗ်ဟာ သူ့ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရဲအရာရှိတွေထဲက တယောက်ရဲ့ သေနတ်ကို လုယူလို့ကြိုးစားရင်း မတော်တဆ ပစ်ခတ်မှုဖြစ်ပြီး သေသွားတယ်ဆိုတဲ့ မယုံနိုင်စရာ လံကြုပ်ဇာတ်လမ်းတခုကိုပါ။

စတာလင်လက်ထက်က အသတ်ခံခဲ့ရတဲ့ သူတွေကို အမှတ်ရနေစေဘို့ ရည်ရွယ်ရင်းနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ မင်မိုရီယယ်လို့ခေါ်တဲ့ ရုရှားလူ့အခွင့်အရေးအဖွဲ့အစည်းက လုံးဝမညှာမတာဘဲ ဝေဖန်လိုက်ပါတယ်။ ယက်ဗ်လိုယက်ဗ် အသတ်ခံရမှုကို “အစိုးရကြီးမှူးတဲ့ အကြမ်းဖက်မှုကြီး” လို့ ခေါ်ဆိုလိုက်ပါတယ်။ သတင်းသမားများကို ကာကွယ်စောင့်ရှောက်တဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့ကြီးတရပ်ဖြစ်တဲ့ နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ကလည်း ထိတ်လန့်တုန်လှုပ်မိကြောင်းဖော်ပြပြီး အဖြစ်အပျက်မှန်ကို ဖြေရှင်းချက်ပေးဘို့ ဥရောပသမဂ္ဂကို တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။

နယ်ခြားမဲ့သတင်းထောက်များအဖွဲ့ဟာ အစိုးရတရပ်ကနေ သတင်းသမားတွေကို ကြောက်ရွံ့သွားအောင်၊ နှုတ်ပိတ်သွားအောင် အကြမ်းဖက်မှုတွေ အသုံးပြုနေတဲ့အပေါ် မီးမောင်ထိုးပြရင်းနဲ့ အများပြည်သူရဲ့ သိရှိပိုင်ခွင့်ကို လျော်ကန်သင့်မြတ်စွာ အကာအကွယ်ပေးနေခြင်းဖြစ်ပါတယ်။ ရုရှားမှာဆိုရင် အဲသည်လို မီးမောင်းထိုးပြဘို့ အရမ်းကိုလိုနေပါတယ်။ ၁၉၉၀ ခုနှစ်ကစလို့ ရုရှားပြည်တလွှားမှာ အသက်ခံရတဲ့၊ ဒါမှမဟုတ်၊ ပျောက်ဆုံးသွားတဲ့ သတင်းသမားပေါင်း ၂၉၁ ယောက်ထက်မနည်း ရှိပါတယ်။ အမှုအနည်းငယ်မှာသာ တရားခံကို ဖော်ထုတ်အရေးယူနိုင်ခဲ့ပါတယ်။

မင်မိုရီယယ်အဖွဲ့က ထုတ်ပြန်ကြေညာချက်ဟာ မဝေးလှသေးတဲ့အတိတ်က အဖြစ်အပျက်ဟောင်းတွေကိုပါ ပြန်ပြောင်းသတိရစေပါတယ်။ အဲသည်အချိန်က ကရင်မလင်နန်းတော်မှာ အုပ်ချုပ်နေတဲ့လူဟာ တကယ့်အဆုံးစွန် ထိပ်သီးအကြမ်းဖက်သမားကြီးပေါ့။ အင်ဂူရှေးရှားပြည်မှာ ဒီဝက်ဆိုက်တည်ထောင်သူအသတ်ခံရတဲ့ ဖြစ်ရပ်ဟာ ဒီကနေ့ ကရင်မလင်နန်းတော်မှာ အုပ်ချုပ်နေတဲ့အစိုးရရဲ့ စရိုက်သဘာဝကို ထင်ဟပ်ပြရာရောက်နေပါတယ်လို့ ရုရှားလူ့အခွင့်အရေးအဖွဲ့က အခုလို ထုတ်ပြန်ကြေညာခြင်းဖြင့် သတိပေးနေခဲ့တာလည်း ဖြစ်ပါတယ်။

နောက်တက်တဲ့ အမေရိကန်သမ္မတအနေနဲ့ ပုတင်နဲ့ သူရဲ့ ကေဂျီဘီအပေါင်းအပါဟောင်းတွေ ဖန်တီးခဲ့တဲ့ အာဏာစနစ်နဲ့ ပက်သက်လို့ မင်မိုရီယယ်အဖွဲ့က ထောက်ပြတဲ့အချက်တွေကို အသေအချာ စောကြောဆန်းစစ်ကြည့်ဘို့ လိုပါလိမ့်မယ်။ အမေရိကန်ခေါင်းဆောင်သစ်ဟာ အမျိုးသားအကျိုးစီးပွားကို ဦးတည်တဲ့ အခြေခံပေါ်မှာရပ်တည်ပြီး ကရင်မလင်နဲ့ အပေးအယူ လုပ်ကောင်းလုပ်ရပါလိမ့်မယ်။ ဒါပေမယ့် ပုတင်ရဲ့ အတွင်းသဏ္ဍာန်နဲ့ သူ့အစိုးရရဲ့ တရားဥပဒေစိုးမိုးရေးကို ဘယ်လိုသဘောထားသလဲဆိုတဲ့အချက်တွေအပေါ်မှာ အလှည့်ဖြားမခံရဘို့တော့ လိုပါလိမ့်မယ်။


ဒီသတင်းကို ဖတ်ရပြီး နာရီပိုင်းအတွင်းမှာဘဲ တိုက်တိုက်ဆိုင်ဆိုင် စင်္ကာပူက စထရိတ်စ်တိုင်းမ်စ် သတင်းစာမှာပါတဲ့ စက်ရပ်သတင်းတခုကို သွားဖတ်ရပြန်ပါတယ်။ မူရင်း လင့်ခ်တွေကို ပို့စ်အဆုံးမှာ ထည့်ပေးထားပါတယ်။

အတိုချုပ်ကတော့ စင်္ကာပူမှာမကြာခင်က ဖြစ်သွားခဲ့တဲ့ လီကွမ်းယူနဲ့ ချီဆွန်းဂျွမ်တို့အကြား အသရေပျက်မှုတရားခွင်အကြောင်းနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေရှင်များအဖွဲ့ (ဘားကောင်စီ)ရဲ့ အစီရင်ခံစာအကြောင်းတို့ကို ရေးသားဖော်ပြခဲ့တဲ့ ဝေါစထရိတ်ဂျာနယ်ကို စင်္ကာပူအစိုးရက တရားစွဲတော့မယ်ဆိုတဲ့ သတင်းပါဘဲ။ စင်္ကာပူအစိုးရဟာ သည်အမှုမျိုးကို တခြားလွတ်လပ်တဲ့တိုင်းပြည်က တရားရုံးတော်တွေမှာ တရားမစွဲဆိုရဲပါဘူး။ သူ့နိုင်ငံက သူချုပ်ကိုင်ထားတဲ့ ကင်ဂရူးကုတ် လို့ခေါ်တဲ့ ဘက်လိုက်တဲ့ တရားရုံးတွေမှာဘဲ စွဲရဲတာပါ။ လီကွမ်းယူကိုယ်တိုင် ဂုဏ်ယူဝံ့ကြွားစွာပြောခဲ့တာ ရှိပါသေးတယ်။ သတင်းစာတွေ သူ့ကို ဝေဖန်ရေးသားလာရင် သူ့အနေနဲ့ သတင်းစာတွေရဲ့ အထိနာဆုံးနေရာဖြစ်တဲ့ ထုတ်ဝေသူအိပ်ကပ်ကို ဦးတည် ထိုးနှက်မယ်ဆိုတာပေါ့။ သူလုပ်လေ့ရှိတာကတော့ အဲဒီသတင်းစာတွေရဲ့ စင်္ကာပူမှာ ဖြန်ချီပိုင်ခွင့်လိုင်စင်ရုတ်သိမ်းမယ်၊ ခွင့်ပြုစောင်ရေ လျှော့ချမယ်။ အသရေပျက်မှုနဲ့ တရားစွဲ လျော်ကြေးတောင်းမယ်၊ အခုနောက်ဆုံး FEER နဲ့ အမှုစပြီးတဲ့နောက်မှာ စင်္ကာပူအစိုးရအနေနဲ့ နိုင်ငံခြားသတင်းစာတွေ ဒီမှာ ဖြန့်ချီချင်ရင် ဒီပို့စစ် တင်ရမယ်ဆိုတဲ့ ဥပဒေ သတ်မှတ်လိုက်တယ်။ ဒါမှ သူတို့တရားစွဲတာကို တရားလာမဆိုင်ရင် အဲဒီ ဒီပို့စစ်ငွေကို အပိုင်သိမ်းလို့ရမှာကိုး။

သည်အဖြစ်အပျက်တွေ ကြားရဖတ်ရတော့ နေဘုန်းလတ်အပါအ၀င် သတင်းသမားတွေ၊ ဘလော့ဂါတွေကို မတရား ဖမ်းဆီး၊ ချုပ်နှောင်၊ ထောင်ချခဲ့တဲ့ နအဖ အစိုးရကိုလည်း သတိရမိတယ်။ ရွံလည်း ရွံရှာမိတယ်။ စက်လည်း စက်ဆုပ်မိတယ်။

ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်အစိုးရမဆို လွတ်လပ်စွာ ထုတ်ဖော်ရေးသားပိုင်ခွင့်ကို တနည်းမဟုတ်တနည်းနဲ့ ချုပ်ထိန်းကန့်သတ်ဘို့ ကြိုးစားလာမယ်ဆိုရင် ကျနော်တို့အနေနဲ့ အများအကျိုးစီးပွား၊ ကိုယ့်အကျိုးစီးပွားအတွက် ကန့်ကွက်သင့်ကြပါတယ်။

တိုင်းပြည်တပြည်မှာ စားဝတ်နေရေးချောင်လည်ရင်တော်ပြီ။ ဘယ်အစိုးရတက်တက် ထမင်းဝရင်တော်ပြီ ဆိုတဲ့အတွေးအခေါ်မျိုးဟာ လွတ်လပ်တဲ့လူမျိုးရဲ့ အတွေးအခေါ်မျိုးမဟုတ်။ ကျွန်စိတ်ဝင်နေသူတွေရဲ့အတွေးအခေါ် (တနည်းပြောရလျှင်) ကျွန်စော်နံသော အတွေးအခေါ်သာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

မလွတ်လပ်တဲ့အနေအထားတခုမှာ အာဏာရပါတီကို မျက်စိမှိတ်ထောက်ခံသူတွေဟာ မြန်မာပြည်က ကြံဖွံ့တွေနဲ့ ဘာမှ မကွာခြားဘူးဆိုတာ သဘောပေါက်ကြဘို့လိုပါလိမ့်မယ်။
ပူးတွဲဖတ်ရှုရန်။
Read more

“စင်္ကာပူအစိုးရက မြန်မာအတိုက်အခံများအား နှင်ထုတ်ခြင်း”

(စင်္ကာပူနိုင်ငံသား အလွတ်ဆောင်းပါးရှင် Alex Au (www.yawningbread.org) ရေးသားသော ဆောင်းပါးကို တိုက်ရိုက် ဘာသာပြန်ဆိုပါသည်။)

(သတင်းစာရှင်းလင်းပွဲ (၀ဲမှယာ) ကိုသူရိန်ဝင်း၊ မငွေဇင်စိုး၊ ကိုမျိုးမြင့်မောင်)

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက စင်္ကာပူရဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျော့ဂ်ျယိုး ဦးဆောင်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဉာဏ်ဝင်းကို “ရွှေဝါရောင်တော်လှန်ရေးအတွင်း အင်အားသုံးပြီး ရက်ရက်စက်စက် နှိမ်နင်းမှုကို အင်မတန် စက်ဆုတ် ရွံရှာမိကြောင်း” ထုတ်ဖော်ပြောကြားခဲ့ကြတယ်။ ပြီးတော့ စစ်အစိုးရကို “ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းစွာကူးပြောင်းနိုင်ရေးအတွက် ကြိုးပမ်းဘို့” တိုက်တွန်းခဲ့ကြတယ်။

စင်္ကာပူရဲ့ ၀န်ကြီးချုပ် လီရှန်လွန်းကလည်း တခြားအာဆီယံခေါင်းဆောင်တွေနဲ့ ပြောဆိုဆွေးနွေးခဲ့တယ်။ “ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံကိုလည်း စာရေးဦးမယ်”လို့တောင် အာဆီယံရဲ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ ထည့်ပြောခဲ့တယ်။ အဲသည်တုန်းက စင်္ကာပူဟာ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌပေါ့။ ဒီလို စကားလုံးပြင်းထန်တဲ့ ထုတ်ပြန်ကြေငြာချက်ဟာ စင်္ကာပူရဲ့ ရပ်တည်ချက်ကို ပြတ်ပြတ်သားသားပြလိုက်တဲ့ မျှော်လင့်ဘွယ်ကောင်းတဲ့ အရိပ်လက္ခဏာတခုလို့လည်း လူတွေက တွေးထင်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့ရဲ့ ဖြောင့်မတ်ခြင်းအကြောင်းကို လေလုံးထွားလေ့ရှိတဲ့ စင်္ကာပူအစိုးရအနေနဲ့ ဒီတခါမှာရော ပြောသလို တကယ်ဘဲ ရိုးသားရဲ့လား။

ဟော…ပြီးခဲ့တဲ့ လက အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူးကို ထိုင်းနိုင်ငံလက်ကို လွှဲပြောင်းပေးအပ်ပြီးတာနဲ့ စင်္ကာပူရဲ့ ခွေးမြီးကောက်ကျည်တောက်စွပ်တဲ့ သဘောအမှန်က ဘွားကနဲ ပေါ်လာခဲ့တော့တယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ နာမည်ပျက်နေတဲ့ စင်္ကာပူရဲ့ ဂုဏ်သိက္ခာကို ထည့်မစဉ်းစားရာကျတဲ့ လုပ်ရပ်လည်းဖြစ်တယ်။ အဲဒါကတော့ အပေါင်းပါ ပုလင်းတူဗူးဆို့ အာဏာရှင်အစိုးရတရပ်ကို ဆန့်ကျင်နေသူ၊ စည်းရုံးလှုပ်ရှားသူ မည်သူ့ကိုမဆို စင်္ကာပူအစိုးရက ဒဏ်ခတ်အပြစ်ပေးတတ်ခြင်းဘဲ။

စင်္ကာပူအစိုးရ၏ တကယ့်အယူဝါဒကတော့ “ကမ္ဘာတလွှားမှာရှိတဲ့ အာဏာရှင်တွေ စည်းလုံးညီညွတ်ကြ” ဆိုတဲ့ ဆောင်ပုဒ်ဖြစ်ပုံရတယ်။

ပြီးခဲ့တဲ့လက မြန်မာလူမျိုးခြောက်ယောက်ဟာ စင်္ကာပူကနေ မောင်းထုတ်ခံရတာသော်လည်းကောင်း၊ ဒါမှမဟုတ် သူတို့ရဲ့ နေထိုင်ခွင့်လက်မှတ်တွေကို သက်တမ်းတိုးတဲ့အချိန်မှာ ငြင်းပယ်ခြင်းခံရတာသော်လည်းကောင်း ကြုံတွေ့ကြရပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ စင်္ကာပူ လူဝင်မှုကြီးကြပ်ရေးဌာနဟာ မည်သည့်အကြောင်းပြချက်ကိုမျှမပေးပါဘူး။ ဒီလို ရေငုံနှုတ်ပိတ်နေခြင်းကြောင့်ပင်လျှင် အစိုးရမှာ မကောင်းတဲ့ အကြံအစည်တခုရှိနေလို့… လို့ မှတ်ယူလို့ ရပါတယ်။ သြဂုတ်လ ၂၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ “ဒီလို အလုပ်ခံရတဲ့လူတွေမှာ တူညီတဲ့ အချက်တွေ ရှိတယ်” လို့ မျိုးမြင့်မောင်က ပြောကြားခဲ့တယ်။

ခြောက်ယောက်စလုံးဟာ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို စင်္ကာပူရဲက တောင်းယူ မှတ်သားခြင်းခံခဲ့ရတယ်။ ဒီဖြစ်ရပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ မြန်မာအဖွဲ့အစည်းကနေဦးဆောင်ပြုလုပ်ခဲ့တဲ့ တခု သို့မဟုတ် တခုထက်ပိုသော လှုပ်ရှားမှုတွေမှာ ရဲက တောင်းယူမှတ်သားခဲ့တာဖြစ်တယ်။ အဲဒီနောက်ပိုင်းမှာလည်း သူတို့တဦးချင်းဟာ တကြိမ်ထက်မနည်း တန်လင်းရဲစခန်းကို စုံစမ်းမေးမြန်းဘို့ ဆင့်ခေါ်ခြင်းခံခဲ့ရတယ်။

စင်္ကာပူမှာရှိတဲ့ မြန်မာလူမျိုးတွေဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ တဒါဇင်မကတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အော့ချာ့ဒ်လမ်းမပေါ် လမ်းလျှောက်ခဲ့ကြတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စင်္ကာပူမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကာလမှာ တန်လင်းလမ်းမပေါ်မှာ ဆန္ဒပြခဲ့ကြတယ်။ အခြေခံဥပဒေအတွက် အတုအယောင်လူထုဆန္ဒခံယူပွဲကို ကန့်ကွက်ဘို့ လက်မှတ်ရေးထိုးပွဲလုပ်ခဲ့ကြတယ်။ ရန်ကုန်မြို့ရဲ့ လမ်းမတွေအပေါ်မှာ သေကြေခဲ့ရတဲ့ ရဟန်းရှင်လူတွေအတွက် မီးထွန်းဆုတောင်းပွဲတွေ လုပ်ခဲ့ကြတယ် လို့ မျိုးမြင့်မောင်က ပြောပါတယ်။ အားလုံးသော လှုပ်ရှားမှုတွေဟာ အင်မတန် ငြိမ်သက်အေးဆေးစွာ ပြုလုပ်ခဲ့ခြင်းပါ။ တချိန်တည်းမှာဘဲ အဲဒီလှုပ်ရှားမှုတွေဟာ စစ်အစိုးရရဲ့ ကောက်ကျစ်မှု၊ လူမဆန်မှုတွေအပေါ်မှာ မြန်မာနိုင်ငံသားတွေခံစားရတဲ့ နက်ရှိုင်းတဲ့ ဒေါသကို ရောင်ပြန်ဟပ်တဲ့ အဖြစ်သနစ်တွေလည်း ဖြစ်ပါတယ်။

သူ့ပညာရေးအတွက် ထောက်ပံ့ပြီး နောက်တော့ သူ့ကိုမောင်းထုတ်ခြင်း

အစိုးရက မောင်းထုတ်တဲ့ ခြောက်ယောက်အနက် တယောက်ဟာ အမှန်စင်စစ်မှာ စင်္ကာပူမှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေမှာ ၃နှစ်တိတိ လုပ်ပေးပါမယ်လို့ ၀န်ခံကတိနဲ့ ပညာရေးဝန်ကြီးဌာနက ပညာသင်စားရိတ်ထောက်ပံ့ပြီး စာချုပ်ချုပ်ဆိုထားသူ တဦးဖြစ်ပါသည်။ မောင်စိုးသီဟဟာ ဒီနှစ်မှာ စင်္ကာပူအမျိုးသားတက္ကသိုလ် (အင်န်ယူအက်စ်)က ဘွဲ့ရပြီးတဲ့အခါ စတင်အလုပ်လုပ်ဘို့ မျှော်မှန်းခဲ့ပါတယ်။

သူ့ရဲ့ ကျောင်းသားအဖြစ်နေထိုင်ခွင့်ဟာ ဘွဲ့ရတာနဲ့ ကုန်ဆုံးခဲ့ပါတယ်။ ဒါကြောင့် အလုပ်ရှာဖွေဘို့အတွက် Long Term Social Visit Pass ကို လျှောက်ထားခဲ့ပါတယ်။ ဒါဟာ သမားရိုးကျ လုပ်ရိုးလုပ်စဉ်ပါ။ “သာမန်အားဖြင့် တာရှည်အလည်အပတ်ဗီဇာရရှိထားသူများဟာ ၆ လ၊ တနှစ်တန်သည် စင်္ကာပူမှာ နေထိုင်ပြီး အလုပ်ရှာဖွေနိုင်ကြပါတယ်” လို့ မျိုးမြင့်မောင်က ပြောပါတယ်။ ဒါပေမယ့် စိုးသီဟကို ကျတော့ သူ့လျှောက်ထားချက်ကို အကြောင်းပြချက်တစုံတရာမပေးဘဲ အစိုးရက ပယ်ချလိုက်ပါတယ်။

အဲဒီအချိန်တွေနဲ့ တပြိုင်တည်းလိုလိုမှာဘဲ အဲဒီလူရွယ်ဟာ အလုပ်တခုကို အောင်အောင်မြင်မြင် ရှာဖွေရရှိသွားပါတယ်။ ဟိုင်းယောင် စက်မှုလက်မှုကုမ္ပဏီဟာ သူ့ရဲ့ ပထမဦးဆုံးအလုပ်ကို သူ့ကို ခန့်အပ်ဘို့အသင့်ဖြစ်နေပြီး သူ့အတွက် အလုပ်လုပ်ကိုင်ခွင့် (အီးပီ)ကိုလည်း အီလက်ထရွန်းနစ်လျှောက်ထားရေးနည်းစနစ်နဲ့ ချက်ချင်းလျှောက်ထားပေးပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဗီဇာသက်တမ်းကုန်ဆုံးနေပြီဖြစ်တဲ့အတွက် စိုးသီဟ ဟာ စင်္ကာပူကနေ ထွက်ခွာသွားခဲ့ရပါတယ်။ ဟိုင်းယောင် က လျှောက်ထားပေးတဲ့ အီးပီဟာလည်း ယခု သီတင်းသုံးပတ်ကြာတဲ့အထိ တစုံတရာအကြောင်းမထူးသေးပါဘူး။

အခုဆိုရင် စိုးသီဟ ဟာ ကမ္ဘောဒီးယားမှာ သူ့ရဲ့ စုဆောင်းငွေပေါ်မှာ ရပ်တည်ပြီး တဖြည်းဖြည်း လုံးပါးပါးနေပြီ ဖြစ်ပါတယ်။

အလုပ်ရှင်က လိုအပ်နေတယ်။ ဒါပေမယ့် အစိုးရက “ထွက်သွား” လို့ပြောတယ်။

အလားတူဘဲ နောက်ထပ် ရယ်စရာကောင်းလောက်အောင် အဓိပ္ပါယ်မဲ့တဲ့ အစိုးရရဲ့ လုပ်ရပ်ကိုတော့ လှိုင်မိုးရဲ့ ဖြစ်ရပ်မှာ တွေ့နိုင်ပါတယ်။ သူဟာ ၂၀၀၆ ခု ဇူလိုင်လကစလို့ စန်းကြူ (စင်္ကာပူ) ကုမ္ပဏီ လိမိတက်မှာ Technical supervisor အဖြစ် အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ သူကိုင်ထားတဲ့ အက်စ်ပါ့စ် ဟာ နိုင်ငံခြားသား ကျွမ်းကျင်သူများအတွက် ချပေးတဲ့ နေထိုင်ခွင့်အဆင့်အတန်းတခုဖြစ်ပါတယ်။ ဒီနှစ် ဇူလိုင်လမှာ ကုမ္ပဏီက သူ့ကို ဆက်လက်အလုပ်ခန့်ထားလိုတဲ့အတွက် သူ့ရဲ့ အက်စ်ပါ့စ်ကို သက်တမ်းတိုးဘို့ လျှောက်ထားခဲ့ပါတယ်။ ဒါပေမယ့် ဒီလျှောက်ထားချက်ကိုလည်း ဖြေရှင်းချက်မပေးဘဲ ပယ်ချခဲ့ပါတယ်။

ဒါကြောင့်မို့ သူဟာလည်းဘဲ အလည်အပတ်ဗီဇာနဲ့ ခဏတဖြုတ်သာ စင်္ကာပူမှာ ဆက်လက်နေထိုင်ခွင့်ရခဲ့ပါတယ်။

လှိုင်မိုးဟာ နီအမ်း ပိုလီတက္ကနစ်မှာ စက်မှုဘာသာနဲ့ ဒီပလိုမာအတွက် အချိန်ပိုင်း ကျောင်းတက်နေသူလည်းဖြစ်တယ်။ သူ့ရဲ့ စာမေးပွဲက သြဂုတ်လ ၁၄ ရက်ကနေ ၂၄ ရက်အတွင်း ကျရောက်တယ်။ သူ့စာမေးပွဲပြီးဆုံးသည်အထိ ဗီဇာသက်တမ်းရရှိစေရန် သူဟာ လျှောက်ထားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ လျှောက်ထားချက်ကိုလည်း အကြောင်းပြချက်တစုံတရာ မပေးဘဲ ပယ်ချခဲ့တယ်။

အခုဆိုရင် သူဟာလည်း မလေးရှားမှာ လုံးပါးပါးနေပါပြီ။

(သြဂုတ်လ ၂၂ ရက်နေ့က အိတ်ဇဲရှားဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကိုမျိုးမြင့်မောင် သတင်းထုတ်ပြန်ချက်ကို ဖတ်ကြားနေပုံ)

မျိုးမြင့်မောင်ဟာ အခြားအဖြစ်အပျက်နှစ်ခုအကြောင်းကိုလည်း သူ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ အသေးစိတ်ပြောကြားသွားပါသေးတယ်။ အဲဒီအကြောင်းအပြည့်အစုံကို ဒီမှာ ကြည့်နိုင်ပါတယ်။

စင်္ကာပူဟာ “ပါရမီရှင်”တွေကို ရှာဖွေ ငှားရမ်းနေတုန်းဘဲ

အဲဒီ သတင်းထုတ်ပြန်ချက်မှာ မပါဝင်တဲ့ အဖြစ်အပျက်တခုကတော့ သူရိန်ဝင်းရဲ့ အဖြစ်အပျက်ပါ။ သူ အမြဲတမ်းနေထိုင်ခွင့် (ပီအာရ်) လျှောက်ထားစဉ်က ကြုံတွေခဲ့ရတဲ့ သူ့အတွေ့အကြုံကို မျှဝေဘို့အတွက် သူဟာ သတင်းစာရှင်းလင်းပွဲမှာ ရှိနေခဲ့ပါတယ်။

သူရိန်ဝင်းဟာ စင်္ကာပူက ပုဂ္ဂလိက ကုမ္ပဏီတခုမှာ တနှစ်ကျော်ကျော် နှစ်နှစ်နီးပါး လက်ထောက်အင်ဂျင်နီယာအဖြစ်နဲ့ အလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။ သူဟာ ပြည်ပရောက်မျိုးချစ်မြန်မာများအဖွဲ့ (အိုဘီပီ)က အမှုဆောင်အဖွဲ့ဝင်တယောက်လည်း ဖြစ်ပါတယ်။

ဒီနှစ် ဧပြီလအတွင်း သူဟာ ပီအာရ်လျှောက်ထားတဲ့အခါကျတော့ စင်္ကာပူလူဝင်မှုကြီးကြပ်ရေးကနေပြီး သူ့ကို ဇွန်လမှာ အင်တာဗျူးလာတွေ့ဘို့ ဖိတ်ကြားခြင်းခံရပါတယ်။

အံ့သြစရာကောင်းတာက ဖိတ်ထားတဲ့အတိုင်းရောက်သွားတဲ့အခါမှာတော့ နှစ်နာရီခွဲ ကြာတဲ့ အင်တာဗျူးမှာ သူ့ရဲ့ ပီအာရ်လျှောက်ထားခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ သူ့ အရည်အချင်းတွေ၊ သူ့စာရွက်စာတမ်းတွေနဲ့ပတ်သက်လို့ ဘာတခုမှ အမေးမခံရပါဘူး။ အဲဒီအစား စစ်မေးတဲ့ အရာရှိနှစ်ယောက်ဟာ သူရဲ့မျိုးချစ်မြန်မာလှုပ်ရှားမှုတွေအပေါ်မှာဘဲ အထူးတလည် အာရုံစိုက်မေးမြန်းခဲ့ပါတယ်။

“သူတို့က ကျနော့်ကို မေးတယ်။ အိုဘီပီရဲ့ ခေါင်းဆောင်ဟာ ဘယ်သူလဲ၊ အဖွဲ့ဝင် ဘယ်နှစ်ယောက်ရှိသလဲ၊ ဘယ်သူတွေလဲ၊ နာမည်တွေက ဘယ်သူတွေလဲ၊ မင်းတို့ ဘယ်နေရာတွေမှာ တွေ့ဆုံ ဆွေးနွေးကြသလဲ…စသဖြင့်မေးတယ်။ ကျနော့်ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေအကြောင်းကိုလည်း မေးမြန်းတယ်”

အဲဒီလိုမေးမြန်းရင်းတနေရာအရောက်မှာ သူ့အနေနဲ့ အိုဘီပီရဲ့လှုပ်ရှားမှုတွေကို သူတို့ကို ကြိုတင်သတင်းပို့နိုင်မလားလို့ မေးတယ်။ သူရိန်ဝင်းဘယ်လိုဖြေခဲ့သလဲတော့ ကျနော်မသဲကွဲပါဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ အစိုးရအေးဂျင့်တွေ ဘာတွေ ကြံစည်နေသလဲဆိုတာက ပိုအရေးကြီးတယ်မဟုတ်လား။

သူရိန်ဝင်းဟာ မတ်လတုန်းက စစ်အစိုးရရဲ့ လူထုဆန္ဒခံယူပွဲနဲ့ ဒီမိုကရေစီနည်းလမ်းမကျတဲ့ အခြေခံဥပဒေကို ကန့်ကွက်ဘို့ လက်မှတ်တွေကောက်ခံခဲ့တယ်။ အဲသည်လို လုပ်နေတုန်းမှာ အစိုးရအရာရှိတချို့ဟာ သူ့ကိုယ်ရေးအချက်အလက်တွေကို မေးမြန်းသိမ်းယူပြီးတော့ နောက်ဆက်တွဲ သူ့ကို ရဲစခန်းမှာ စစ်ဆေးမေးမြန်းဘို့ ဆင့်ခေါ်ခဲ့တယ်။

အဲဒီလို လှုပ်ရှားမှုအမျိုးမျိုးမှာ ပါဝင်ခဲ့လို့ ရဲကနေ ကိုယ်ရေးအချက်အလက်တွေ တောင်းယူ မှတ်တမ်းတင်ခံရတဲ့ မြန်မာအရေအတွက် အတိအကျကို မသိရပါဘူး။ ဒါပေမယ့် မျိုးမြင့်မောင်က “အရေအတွက် ၅၀” ခန့် ရှိမယ်လို့ ခန့်မှန်းပါတယ်။ အခုဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကိုထောက်ရှုရင် အဲဒီကျန်တဲ့လူတွေလည်း အလားတူ အဖြစ်မျိုး ကြုံတွေ့နိုင်ဘွယ်ရှိပါတယ်။

တခြား သူတို့ကို လက်ခံမယ့် တိုင်းပြည်တပြည်ကို ရှာတွေ့ဘို့ဆိုတာ မလွယ်ကူပါဘူး။ ဒါဆိုသူတို့ မြန်မာပြည်ကို ပြန်သွားရမှာလား။ သူတို့ကို စင်္ကာပူကနေ ဖိအားပေးထွက်သွားစေခဲ့ရင် “စင်္ကာပူအစိုးရကိုယ်၌က တချိန်က ရှုတ်ချခဲ့တဲ့ အကြမ်းဖက်နှိပ်ကွပ်မှုမျိုးရဲ့ အန္တရာယ်ကို ဒီလူတွေ ကြုံတွေရအောင် တွန်းပို့နေတာနဲ့ အတူတူဘဲ” လို့ မျိုးမြင့်မောင်က ဆိုပါတယ်။

မျိုးမြင့်မောင်ဟာ ဒီဖြစ်ရပ်တွေကို “ပြည်နှင်ဒဏ်ပေးခြင်း (deportation)” လို့ သုံးနှုံးရာမရောက်အောင် သတိထားပြီး အထူးအလေးပေးပြောကြားသွားပါတယ်။ သူ့ထောက်ပြချက်အရ ဒီဖြစ်ရပ်တိုင်းဟာ နေထိုင်ခွင့်သက်တမ်းတိုးမပေးခြင်းသာလျှင်ဖြစ်တယ်။ စင်္ကာပူအစိုးရအနေနဲ့ ဒီကိစ္စတွေမှာ သဘောကျ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတာ သူ့အနေနဲ့ ၀န်ခံတယ်။ နောက်ပြီး နိုင်ငံခြားသားတွေအနေနဲ့ စင်္ကာပူမှာ နေထိုင်ခွင့်ကို ဖိအားပေးတောင်းဆိုပိုင်ခွင့်မရှိဘူးဆိုတဲ့အချက်ကိုလည်း လက်ခံတယ်။ ဒီသတင်းစာရှင်းလင်းပွဲရဲ့ ရည်ရွယ်ချက်ဟာ ဒီဖြစ်ရပ်တွေရဲ့ လားရာ (ရေစီးကြောင်း)ကို အများသိအောင် မြှင့်တင်ပေးလိုခြင်းနဲ့ စင်္ကာပူအစိုးရအား သက်တမ်းတိုးမပေးရခြင်းရဲ့ အကြောင်းပြချက်တွေကို တောင်းဆိုလိုခြင်းဖြစ်တယ်။

တကယ်တော့ သူဟာ သံတမန်နည်းပရိယာယ်ကို သုံးနေခြင်းမျှသာဖြစ်တယ်။

ကျနော့်အနေနဲ့ကတော့ (ယောင်းနင်းဘရက်ဒ်အနေနဲ့ကတော့) စင်္ကာပူနိုင်ငံသားတဦးဖြစ်တဲ့အတွက် သံတမန်နည်းပရိယာယ်တွေဘာတွေ သုံးနေစရာမလိုဘူး။ ဒီတော့ ပေါ်တင်ဘဲ ပြောမယ်။ တကယ်တော့ ဒီအဖြစ်အပျက်တွေဟာ ပြည်နှင်ဒဏ်ပေးတာနဲ့အတူတူဘဲ။ ဒီလှုပ်ရှားသူတွေရဲ့ အသက်အိုးအိမ်ကို အန္တရာယ်ကျရောက်အောင် ပြုလုပ်လိုက်ခြင်းဖြင့် စင်္ကာပူအစိုးရဟာလည်း “နာဂစ်မုန်တိုင်းအတွင်းက အပြည်ပြည်ဆိုင်ရာအကူအညီတွေကို ဘေးဒုက္ခခံရတဲ့ ပြည်သူတွေထံပေးပို့ပေးမယ့်အရေးမှာ တားဆီးပိတ်ပင်တဲ့ မြန်မာစစ်အစိုးရလိုဘဲ” ယုတ်မာပက်စက်တဲ့ ရွံရှာစဖွယ် အစိုးရတရပ်ဖြစ်တယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ရပ်ကို ဖော်ထုတ်တဲ့လူတွေကို ဒဏ်ခတ်ခြင်းဖြင့် စင်္ကာပူအစိုးရဟာ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ လူမဆန်တဲ့၊ လူသားဂုဏ်သိက္ခာကို ညှိုးနွမ်းအောင်ဖောက်ဖျက်နေတဲ့ ရာဇ၀တ်မှုတွေမှာ အလိုတူအလိုပါ ကူညီထောက်ပံ့ပေးနေရာကျတယ်။

ဒါတွင်မက အခုလို နှင်ထုတ်မှုဟာ ကိုယ်ကျင့်တရားရှုထောင့်ကကြည့်ရင် မှားယွင်းရုံ၊ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းရုံ၊ ရွံရှာစဖွယ်ကောင်းအောင် မှားယွင်းရုံမျှမက မိမိအကျိုးစီးပွား ရှုထောင့်က ကြည့်ရှုရင်လည်း မယုံကြည်နိုင်လောက်အောင် မိုက်မဲရာကျတယ်။

ဒီမြန်မာစစ်အစိုးရဟာ အမြဲတမ်း အာဏာကို ဆုပ်ကိုင်ထားနိုင်မယ်လို့ ကျနော်တို့ ထင်နေသလား။ မဖြစ်နိုင်ဘူး။ တနေ့ ဒီစစ်အစိုးရ သေချာပေါက် ပြုတ်ကျသွားပြီးတဲ့နောက်မှာ ကျွန်ုပ်တို့က နာကျင်ထိခိုက်အောင်လုပ်လိုက်တဲ့ ဒီလူငယ်လူရွယ်၊ မိန်းမငယ်တွေဟာ နောက်အစိုးရသစ်ရဲ့ တစိတ်တပိုင်းဖြစ်လာနိုင်ခြေ အတော်များပါတယ်။ အဲဒီအခါမှာ သမိုင်းရဲ့ မှားယွင်းတဲ့ ဘက်ခြမ်းမှာ ရပ်တည်ခဲ့တဲ့ စင်္ကာပူအတွက် ဘယ်လိုများ အကျိုးဖြစ်ထွန်းနိုင်ပါမလဲ။

ကျနော်တို့အစိုးရထဲမှာ ဘယ်လို မိုက်မဲတဲ့ ပုဂ္ဂိုလ်တွေများ ပါဝင်နေပါလိမ့်။

ယောင်းနင်းဘရက်ဒ်

(ဘာသာပြန်သူမှတ်ချက်။ ။ နောက်ဆုံး ယနေ့ကြားသိရသော သတင်းအရ သြဂုတ်လ ၂၂ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပါဝင်ခဲ့သော လှုပ်ရှားသူနှစ်ဦး၏ ရီအင်ထရီပါမစ်နှင့် အက်စ်ပါ့စ်တို့ကို စင်္ကာပူအစိုးရက ယနေ့တွင် သက်တမ်းတိုးပေးလိုက်ကြောင်း သိရသည်။)

မူရင်းကို ဖတ်ရန်။
Singapore shows Burmese dissidents the door

ယှဉ်တွဲ ဖတ်ရှုသင့်သော အင်္ဂလိပ်ဘာသာ ဆောင်းပါးများ။

Read more

“သူတို့အမြင်”

(စင်္ကာပူရှိ မြန်မာ့အရေးလှုပ်ရှားသူများနှင့်ပတ်သက်၍ နိုင်ငံခြား မီဒီယာများတွင်လည်း ယခုတလော ဆောင်းပါးများ၊ သတင်းများရေးသားကြရာ စင်္ကာပူနိုင်ငံသားနှစ်ဦး၏ အမြင်များကို ကြိုးစား၍ ဘာသာပြန်လိုက်ပါသည်။ တဦးမှာ အစိုးရအာဘော်ဖြစ်သော စထရိတ်စ်တိုင်းမ်စ် သတင်းစာမှ သတင်းထောက် ကိုးခံဘင်း၏ မျိုးချစ်စိတ်နှင့်ပတ်သက်သော ဆောင်းပါးဖြစ်သည်။ အမျိုးသားနေ့မတိုင်မီတရက်အလိုတွင် စထရိတ်စ်တိုင်းမ်သတင်းစာမှာ ဖော်ပြပါရှိသည်။ နောက်ဆောင်းပါးတခုမှာ စင်္ကာပူနိုင်ငံသား အလွတ်ဆောင်းပါးရှင်တဦး၏ ဆောင်းပါးဖြစ်သည်။ မြန်မာ့အရေးလှုပ်ရှားသူများအပေါ် စင်္ကာပူအစိုးရမှ အရေးယူခြင်းအား ဝေဖန်ရေးသားထားခြင်းဖြစ်သည်။ ၄င်း၏ ဆောင်းပါးထဲတွင် ကိုးခံဘင်း၏ ဆောင်းပါးကိုလည်း ရည်ညွှန်းထားပါသည်။ မူရင်း အင်္ဂလိပ်ဘာသာအတိုင်းဖတ်ရှုလိုသူများအတွက် ပို့စ်အဆုံးတွင် လင့်ခ်များ ထည့်ပေးထားပါသည်။)

(၁) “မျိုးချစ်စိတ်ဟာ ငါမဆိုင်စိတ်ဓါတ်အကြားမှာ မရှင်သန်နိုင်”............ကိုးခံဘင်း (စထရိတ်စ်တိုင်းမ်စ်)

ကျနော့်ကိုယ်ကျနော် ရဲရဲတောက်မျိုးချစ်တဦးလို့ မခေါ်ဆိုနိုင်ပေမယ့် သာမန်မျိုးချစ် စင်္ကာပူနိုင်ငံသားတယောက်ထက်တော့ တပြားသားမှ လျော့တယ်လို့ ဘယ်တုန်းကမှ ကိုယ့်ကိုယ်ကို မထင်မှတ်ခဲ့ပါဘူး။

ဘာဘဲဖြစ်ဖြစ် ကျနော်ဟာ ပြဋ္ဌာန်းထားတဲ့အတိုင်း စစ်မှုထမ်းခဲ့တယ်။ ၀င်ငွေခွန်ကို မဆိုင်းမတွ ပေးဆောင်လေ့ရှိတယ်။ စင်္ကာပူအကြောင်းကို ဝေဖန်တတ်တဲ့ နိုင်ငံခြားသားမိတ်ဆွေတွေနဲ့ စကားလက်ဆုံကျတိုင်း အများနဲ့မတူ တမူထူးခြားတဲ့ စင်္ကာပူရဲ့ လုပ်နည်းလုပ်ဟန်တွေဘက်က မှန်မှန်ကြီး ခုခံကာကွယ်ပြောကြားလေ့ရှိပါတယ်။

အမျိုးသားသီချင်းတွေဖြစ်တဲ့ “ငါ့ကို အားထားလိုက်ပါ စင်္ကာပူ” တို့၊ “စင်္ကာပူအတွက် မားမားမတ်မတ်ရပ်ခြင်း” တို့တွေကို ကြိုက်တဲ့အချိန် အော်ဆိုနိုင်လောက်အောင်လည်း အဖြစ်ရှိပါတယ်။ အမျိုးသားနေ့တွေတိုင်းလိုလိုမှာ ကျနော့်အခန်းပြူတင်းပေါက်ဘောင်ကနေ နိုင်ငံတော်အလံကိုတောင် ချိတ်ဆွဲထားတတ်ပါတယ်။

ဒါပေမယ့် ဒီလောက်နဲ့ လုံလောက်ပြီလား။ ဒီအချက်တွေဟာ ကျနော့်ကို မျိုးချစ်စင်္ကာပူနိုင်ငံသား တယောက် ဖြစ်စေသလား။ စင်္ကာပူအပေါ် အကျိုးသက်ရောက်မှုရှိတဲ့ အရေးကြီးကိစ္စတွေမှာ ကိုယ်နဲ့မဆိုင်သလို အေးအေးဆေးဆေး ဘာသိဘာသာနေတတ်ကြတဲ့ ကျနော်တို့တတွေဟာ ကိုယ့်ကိုယ်ကို မျိုးချစ်စိတ်ရှိသူတွေလို့ ကြွေးကြော်နိုင်ကြပါသလား။

လွန်ခဲ့တဲ့ ဧပြီလကတည်းက ဒီမေးခွန်းတွေအပေါ်မှာ ကျနော် အတွေးသံသရာချဲ့နေခဲ့ပါတယ်။ အဲဒီအချိန်က ကျနော်ဟာ ဒီမှာရှိတဲ့ မြန်မာသံရုံးရှေ့မှာပြုလုပ်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒပြမှုကို သတင်းယူနေရတဲ့အချိန် ဖြစ်ပါတယ်။

အခုအချိန်မှာ အတည်ပြုပြီးသွားပြီဖြစ်တဲ့ အဲဒီတိုင်းပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသစ်ကို မဲထည့်ကြစဉ်က ဖြစ်ပါတယ်။

နိုင်ငံသားတွေထဲက ဒါဇင်အနည်းငယ်ဟာ မဲထည့်ရမည့်အခွင့်အရေးကို ဆုပ်ကိုင်ပြီး စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ (ဘာသာပြန်သူမှတ်ချက်။ လူ ၂၀၀၀ ကျော် တက်ရောက်သော ပွဲတခုအား ဒါဇင်အနည်းငယ်ဟု ရေးသားသည့် သတင်းစာမျိုးမှာ ကမ္ဘာပေါ်တွင် စထရိတ်စ်တိုမ်းစ်နှင့် မြန်မာ့အလင်း နှစ်မျိုးသာ ရှိမည်ဟု ကျနော်ထင်မိသည်။)

တနေ့တာကုန်ဆုံးလို့ လူစုမခွဲခင်မှာ သူတို့ဟာ အင်မတန် စိတ်တက်ကြွဘွယ်ကောင်းတဲ့ သူတို့ရဲ့ နိုင်ငံတော်သီချင်း “ကမ္ဘာမကြေ” ကိုသီဆိုပြီး အဆုံးသတ်ဘို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ရင်ထဲကို စီးကူးပြီး ထိမှန်လာတဲ့ ခံစားချက်တွေကြောင့် ကျနော်ဟာ အနီးမှာရှိတဲ့ ကျနော်တို့စင်္ကာပူနိုင်ငံသားသတင်းထောက်တယောက်ကို မေးခဲ့မိပါတယ်။ “ခင်ဗျားအနေနဲ့ နိုင်ငံတော်သီချင်းကို နောက်ဆုံးအကြိမ်အဖြစ်သီဆိုခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ၊ နေပါဦးဗျ။ ခေါင်းစဉ်က ဘာပါလိမ့်၊ မာရီ ကီတာ မို့လား။”

ဟုတ်ပါတယ်။ ခေါင်းစဉ်နဲ့ ပတ်သက်လို့ ကျနော်မှားယွင်းခဲ့ပါတယ်။ မာရီ ကီတာ ဆိုတာဟာ “လာကြဟေ့၊....ကြစို့” ဆိုတဲ့ အဓိပ္ပါယ်ရပြီး အဲဒီစကားနှစ်လုံးဟာ နိုင်ငံတော်သီချင်းရဲ့ စစချင်း အဖွင့်စာသား နှစ်လုံးဖြစ်ပါတယ်။ တကယ့်ခေါင်းစဉ်ကတော့ “မာဂျူလာ စင်္ကာပူရ” သို့တည်းမဟုတ် “ရှေ့သို့ စင်္ကာပူ” ဖြစ်ပါတယ်။ ဘယ်လောက် စိတ်အနှောက်အယှက်ဖြစ်ဘွယ်ကောင်းလိုက်တဲ့ မှားယွင်းမှုလဲဗျာ။

မြန်မာသံရုံးရှေ့ အဲဒီနေ့ကပွဲမှာ ကျနော့်အနေနဲ့ သိနားလည်ခွင့်ရလိုက်တဲ့ တခြားအရာတခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ “မျိုးချစ်စိတ်ဆိုတာမှာ ငါမဆိုင်စိတ်ဓါတ်အတွက် နေရာမရှိဘူး” ဆိုတဲ့အချက်ပါဘဲ။

မှန်ပါတယ်။ မြန်မာတွေ စင်္ကာပူက လမ်းပေါ်မှာ လူစုလူဝေးနဲ့ စုဝေးကြတဲ့အတွက် လူစုလူဝေးဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာ ရောက်လို့ မှားတယ်လို့ ဆိုကောင်းဆိုနိုင်ပါတယ်။

ဒါပေမယ့် သူတို့ရဲ့ အမိမြေအတွက် နိုင်ငံရေးမှာ ပါဝင်ပတ်သက်လိုတဲ့ သူတို့ရဲ့ ခိုင်ကျည်တဲ့ သန္နိဋ္ဌာန်နဲ့ ဆန္ဒပြင်းပြမှုကို ကျနော့်အနေနဲ့ မလေးစား၊မကြည်ညိုဘဲ မနေနိုင်အောင်ဖြစ်ရပါတယ်။

ဒီလိုဘဲ နောက်ထပ် မျိုးချစ်စိတ်ဓါတ် ဥပမာတခုကတော့ ပြီးခဲ့တဲ့ မေလက တရုတ်နိုင်ငံသားတွေက ထုတ်ဖော်ပြသလိုက်တဲ့ အင်တာနက်ပေါ်က ဒေါသတကြီး တုန့်ပြန်မှုပါ။ တိဘက်အရေးကိစ္စမှာ တရုပ်နိုင်ငံရဲ့ ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး တရုတ်ပြည်ကို ၀ိုင်းဝန်းရှုတ်ချတဲ့အခါ တုန့်ပြန်ကြတဲ့ တုန့်ပြန်မှုပါ။

စင်္ကာပူနိုင်ငံအနေနဲ့လည်း နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်ပေါ်ခဲ့လို့၊ အကြပ်အတည်းဆိုက်လာလို့ လိုအပ်လာတဲ့အခါ မြန်မာနိုင်ငံသားတွေ လုပ်ဆောင်ခဲ့ကြသလို ဘဲ စင်္ကာပူနိုင်ငံသားတွေကရော ပါဝင်ပတ်သက်ကြပါ့မလား။ တရုတ်ပြည်လို မမျှမတ ဝေဖန်မှုကို ခံရတဲ့အခါ တရုတ်နိုင်ငံသားတွေ လုပ်ခဲ့သလို စင်္ကာပူနိုင်ငံသားတွေကရော ခုခံကာကွယ်ကြပါ့မလား။

စင်္ကာပူနိုင်ငံသားတွေလည်း ထွက်လာကြလိမ့်မယ်လို့ ကျနော် မျှော်လင့်ချင်ပါတယ်။ ဒါပေမယ့် အရင်က ကောက်ခံခဲ့တဲ့ စစ်တမ်းတွေအရကြည့်ရင်တော့ ကျနော့်အနေနဲ့ သိပ်မကျိန်းသေလှဘူး။

၂၀၀၆ ခုနှစ် မတ်လအတွင်းက အသက်၂၁ နှစ်ကနေ ၃၄ အကြား စင်္ကာပူနိုင်ငံသား ၄၁၃ ယောက်ကို စထရိတ်စ်တိုင်းမ် သတင်းစာက စစ်တမ်းကောက်ကြည့်ခဲ့တယ်။ အဲဒီနှစ်က မေလမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွင်း သူတို့ရဲ မဲဆန္ဒနယ်ဟာ ယှဉ်ပြိုင်အရွေးခံတဲ့ အတိုက်အခံပါတီမရှိလို့ မဲပေးခွင့်မရခဲ့ရင် စိတ်မပျက်ဘူးလို့ ဆယ်ဦးမှာ ခြောက်ဦးက ဆိုပါတယ်။

စစ်တမ်းအကောက်ခံရသူရဲ့ ထက်ဝက်ကျော်က သူတို့နယ်က လွှတ်တော်အမတ်ဟာ ဘယ်သူဘယ်ဝါလဲလို့ မသိကြဘူး။ ပါလီမန်ထဲမှာ လက်ရှိ ရှိနေတဲ့ ပါတီသုံးခုရဲ့ အမည်ကို ဆယ်ယောက်အနက် နှစ်ယောက်ကဘဲ မှန်မှန်ကန်ကန် ဖြေနိုင်ကြတယ်။

အဲသည်လောက် နိုင်ငံရေးအသိခေါင်းပါးနေရင် (ငါမဆိုင် သလိုနေကြရင်) ကျနော်တို့ဟာ မျိုးချစ်စိတ်ရှိတယ်လို့ ကြွေးကြော်နိုင်ပါဦးမလား။ သေချာပါတယ်။ မကြွေးကြော်နိုင်ပါဘူး။
ဘာကြောင့် ဒီအခြေအထိ ဆိုက်ရောက်သွားရသလဲ။

ဖြစ်နိုင်တဲ့ အကြောင်းရင်းတခုကတော့ စင်္ကာပူနိုင်ငံသားအများစု၊ အထူးသဖြင့် ငယ်ရွယ်တဲ့ မျိုးဆက်သစ်ဟာ လိုလေသေးမရှိတဲ့ ဘ၀ကို ခံစားခဲ့ကြရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ အဲဒါကလည်း သူတို့ရဲ့ ဘ၀တွေကို ထောင့်ပေါင်းစုံကနေ စောင့်ရှောက်ပေးတဲ့ စွမ်းဆောင်ရည်ပြည့်တဲ့ အစိုးရရဲ့ ကျေးဇူးကြောင့်ပါ။

အများစုဟာ သူတို့ရဲ့ အလုပ်အကိုင်နဲ့ မိသားစု တိုးတက်ရေးကို တည်ဆောက်ရင်းနဲ့ဘဲ ကျေနပ်နှစ်သိမ့်နေကြတာကို တွေ့ရပါတယ်။ အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးမှန်သမျှကို နိုင်ငံရေးနယ်မှာ လှုပ်ရှားကစားနေကြသူတွေထံမှာသာ လုံးလုံးလွှဲအပ်ထားတယ်။ အဲဒီလို စိတ်ဓါတ်မျိုးဟာ သာမန် အေးချမ်းတည်ငြိမ်နေတဲ့အချိန်မှာ ပြဿနာမရှိလှပေမယ့် စင်္ကာပူမှာ ဆိုးရွားကျပ်တည်းတဲ့အခြေအနေတွေ ကျရောက်လာခဲ့ရင် ဘယ်လိုလုပ်ကြမလဲ။
အခုလို အမျိုးသားနေ့အခါသမယမှာ ကျနော်တို့တွေ မျိုးချစ်စိတ်ပိုပြီးရှိလာအောင် ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့အပေါ် ကျနော့်စိတ်ကူးတွေကို မျှဝေချင်ပါတယ်။

ပထမဆုံးအနေနဲ့ လက်ရှိအခြေအနေတွေနဲ့ ပြည်တွင်းကိစ္စရပ်တွေကို အာရုံစိုက်ရပါမယ်။ အထူးသဖြင့် စင်္ကာပူရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများဖြစ်တဲ့ ဦးနှောက်ယိုစီးမှုလိုပြဿနာမျိုး၊ အသက်အရွယ်အိုမင်းကြီးရင့်လာသူများပြဿနာလိုမျိုး ကိစ္စတွေကိုပေါ့။ အဲဒီပြဿနာတွေဟာ စင်္ကာပူကို ထိခိုက်နိုင်တယ်ဆိုရင် တနေ့ကျရင် သင့်ကိုလည်း ထိခိုက်လာမှာ အမှန်ဘဲ။

ဒေသခံ သင့်ခ်-တင့်ခ် တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ အခြားအဖွဲ့အစည်းတွေက ကမကထပြုတဲ့ နှီးနှောဖလှယ်ပွဲတွေ၊ ဟောပြောပွဲ တွေကို တက်ရောက်ပါ။ ပါဝင် ပတ်သက်ပါ။

အဲသည်လို တက်ရောက်ခြင်းဖြင့် ကိစ္စရပ်တွေအကြောင်း ပိုမိုလေ့လာခွင့် ရလာပါလိမ့်မယ်။ အဲသည် ဗဟုသုတဟာ လွတ်လပ်ရေးရပြီးကတည်းက စင်္ကာပူအနေနဲ့ ဘယ်လောက်အထိ လျှောက်လှမ်းခဲ့ရသလဲဆိုတဲ့အချက်ကို ပိုမိုနားလည်စေပြီး ကျနော်တို့ ခက်ခက်ခဲခဲ ရယူထားတဲ့ အောင်မြင်မှုကို ဘာကြောင့် ကာကွယ်သင့်သလဲဆိုတာကိုပါ သဘောပေါက်စေပါလိမ့်မယ်။

တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ကိုလည်း ထက်သန်လာစေအောင် လှုံ့ဆော်နိုင်ပြီး နိုင်ငံရေးမှာ ပိုမို သိနားလည်စွာ ပါဝင်လာအောင်လည်း တွန်းအားပေးနိုင်ပါလိမ့်မယ်။

တချိန်တည်းမှာဘဲ အစိုးရရဲ့ အမျက်တော်ရှမှာကို မစိုးရိမ်ရဘဲ တဦးတယောက်အနေနဲ့သော်လည်းကောင်း၊ အဖွဲ့အစည်းအနေနဲ့သော်လည်းကောင်း လွတ်လွတ်လပ်လပ် မှတ်ချက်ချခွင့်၊ ပါဝင်လှုပ်ရှားခွင့်ရတဲ့ ပတ်ဝန်းကျင်မျိုးလိုအပ်နေပါတယ်။

အဲဒီလို လိုအပ်နေတဲ့ ခွင်ကို ချဲ့ထွင်နိုင်ဘို့အတွက် ယခုအခါ နိုင်ငံရေးဘလော့ဂ်များ၊ အွန်လိုင်းစီတီဇင်လို လူမှု-နိုင်ငံရေး အင်တာနက်စာမျက်နှာများ နဲ့ အနုပညာမြင်ကွင်းများ စသဖြင့် ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ထွက်ပေါ်လာတာကို တွေ့ရပါတယ်။

နိုင်ငံရေးအရ ပိုမိုတက်ကြွတဲ့ နိုင်ငံသားတဦးဟာ အာဏာရပီအေပီပါတီအတွက်ရော၊ အတိုက်အခံပါတီများအတွက်ပါ အကျိုးရှိတာ အမှန်ပါ။

အနည်းဆုံးတော့ နိုင်ငံရေးကို စိတ်မ၀င်စားတဲ့ အစိမ်းသက်သက် နိုင်ငံသားတဦးကို ပါလီမန်ထဲကို အမတ်အဖြစ် ချက်ချင်းကြီး ဆွဲသွင်းစရာမလိုတော့ဘူးပေါ့။

ကျနော့်အနေနဲ့ကတော့ ပထမဦးဆုံးအဆင့်အနေနဲ့ အမျိုးသားနေ့အခမ်းအနားမှာ နိုင်ငံတော်သီချင်းကို တီဗီကနေ တိုက်ရိုက်လွှင့်ထုတ်နေတုန်းမှာ စိတ်ဝင်တစားနားထောင်မယ်၊ ပြီးတော့ စာသားတွေကို အသေအချာ နားလည်အောင် စဉ်းစားကြည့်မယ်လို့ စီစဉ်ထားတယ်။

(၂) “ပြန်လည်ပေးဆပ်ချိန် ရောက်လာပြီလော”...........လျောင်ဇီဟျမ်း (တီအိုစီ)

စင်္ကာပူအာဏာပိုင်များမှ ဗီဇာသက်တမ်းတိုးမြှင့်မပေးရန် ဆုံးဖြတ်လိုက်သည့်နောက်ပိုင်း စင်္ကာပူမှ ထွက်ခွာသွားရသူ မြန်မာအရေးတက်ကြွသူသုံးဦးအကြောင်းနှင့် ရီအင်ထရီ ပါမစ် သက်တမ်းတိုးပေးခြင်းမခံရသော အမြဲတမ်းနေထိုင်ခွင့်(ပီအာရ်)ရထားသူ မြန်မာသုံးဦးအကြောင်း သတင်းများကို ရည်ညွန်းပါသည်။

ယမန်နှစ်က ရဟန်းရှင်လူထောင်ပေါင်းများစွာအား ရက်ရက်စက်စက် မနားမနေ သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းတို့အပေါ် စင်္ကာပူနှင့်အာဆီယံအပါအ၀င် တကမ္ဘာလုံးက မယုံနိုင်လောက်အောင် စိုးရိမ်ထိတ်လန့်ခြင်းကို ပြသခဲ့ကြသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းလိုလိုမှာပင် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။ မြန်မာလူမျိုး တစ်သိန်းခန့် နေထိုင်ရာ စင်္ကာပူတွင်လည်း မြန်မာနိုင်ငံသားများ၊ စင်္ကာပူနိုင်ငံသားများ နှင့် နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များ အားလုံးသည် မြန်မာစစ်အစိုးရ၏ လုပ်ရပ်အား ကန့်ကွက်သည့်အနေဖြင့် လူစုလူဝေးမျိုးစုံ စုဝေးကာ ဆန္ဒပြခဲ့ကြသည်။

ကျွန်ုပ်တို့၏ ကျောင်းသားများကိုယ်တိုင်ပင် တက္ကသိုလ်ကောလိပ်များ၌ မြန်မာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ကို ပြီးခဲ့သောနှစ် အောက်တိုဘာလက ဖိနှိပ်ခံမြန်မာပြည်သူများအကြောင်း လူအများအာရုံပြုမိစေရန်ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
( TOC’s report). ကို ဖတ်ပါရန်။

အာဆီယံပဋိညာဉ် စာတမ်းပါ လူ့အခွင့်အရေးအဖွဲ့အစည်းနှင့်ပတ်သက်၍ အခန်း ၁၄ ၌ နိဒါန်းအနေဖြင့် ဖော်ပြရာတွင်...

....ဒီမိုကရေစီ၏ စည်းမျဉ်းစည်းကမ်းများ၊ တရားဥပဒေအတိုင်း တသွေမတိမ်းလိုက်နာမှု နှင့် ကောင်းမွန်သော အုပ်ချုပ်မှု တို့ကို စွဲစွဲမြဲမြဲ လိုက်နာပြီး လူ့အခွင့်အရေးနှင့် အခြေခံကျသော လွတ်လပ်မှုကို လေးစားခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း......
....ဟူ၍ ပါရှိသည်။

သို့စင်လျက် မြန်မာ့အရေးတက်ကြွသူများကို ယခုကဲ့သို့ အရေးယူပြလိုက်ခြင်းဖြင့် ကျွန်ုပ်တို့သည် ကျန်သည့် တကမ္ဘာလုံးကို မည်သို့ အချက်ပြရာ ရောက်သနည်း။ အထူးသဖြင့် ပြီးခဲ့သောလကအထိ အာဆီယံဥက္ကဋ္ဌနေရာကို ယူခဲ့သော စင်္ကာပူအနေဖြင့် ကျန်သည့် တကမ္ဘာလုံးကို မည်သည့် အဓိပ္ပါယ်သတင်းစကားမျိုး ပါးရာရောက်နေပါသနည်း။

ဗီဇာသက်တမ်းတိုးမပေး၍ ထွက်ခွာသွားရသူများအဖို့.....၄င်းတို့သည် မြန်မာပြည်သို့ ပြန်လို့ ဖြစ်နိုင်ပါဦးမည်လော။ ၄င်းတို့၏ လုံခြုံရေးနှင့် အသက်အန္တရာယ် စိတ်ချရပါ၏လော။ ယခုကဲ့သို့ အချိန်တိုတိုအတွင်း အကြောင်းကြားမှုကြောင့် ဗြုန်းစားကြီး ထထွက်သွားရသူတို့အဖို့ အခြားတိုင်းပြည်တခုတွင် နေထိုင်ခွင့်အခြေအနေတခု ရရန်လွယ်ကူမည်မဟုတ်ချေ။ ဤသို့ဆိုလျှင် ၄င်းတို့သည် ယာယီ ဒုက္ခသည်ဘ၀ဖြင့် အဆုံးသတ်သွားရမည် မဟုတ်တုံလော။

အလားတူပင်...အရေးယူခံရသော ပီအာရ် (အမြဲတမ်းနေထိုင်ခွင့်ရသူ) များအတွက်လည်း ထွက်ခွာသွားပြီးလျှင် ပြန်ဝင်ခွင့်ရတော့မည် မဟုတ်၍ စင်္ကာပူနိုင်ငံတွင်းတွင်သာ ခြေချုပ်မိနေမည်ဖြစ်သည်။ ၄င်းတို့သည် အခြားနိုင်ငံတနိုင်ငံတွင် နေထိုင်ခွင့်မရရှိပါက စင်္ကာပူမှ ထွက်ခွာသွားနိုင်တော့မည်မဟုတ်ချေ။

စင်္ကာပူတွင် မည်သည့်ဥပဒေကို ချိုးဖောက်သည်ဟူ၍ တခါမျှ တရားစွဲဆို မခံခဲ့ရဘဲ ယခုကဲ့သို့ ပြုမူခံရသော မြန်မာနိုင်ငံသားမျိုးချစ်များအတွက် ကျွန်ုပ်သည် အထူးတလည် စိတ်မကောင်းဖြစ်ရပါသည်။ ၄င်းတို့ ကျူးလွန်ခဲ့သော တခုတည်းသော ပြစ်မှုမှာ (ပြစ်မှုဟု ဆိုနိုင်ခဲ့လျှင်) ၄င်းတို့တိုင်းပြည်အား ချစ်သည့်စိတ်၊ ၄င်းတို့ တိုင်းသူပြည်သားများနှင့် တိုင်းသူပြည်သားများ၏ ဒုက္ခကို ထပ်တူထပ်မျှ စာနာ၍ တသွေးတသားထဲရှိမှု တို့ကို ထုတ်ဖော်ပြသခဲ့မိခြင်းသာ ဖြစ်သည်။

စင်္ကာပူအာဏာပိုင်တို့၏ ယခု လုပ်ရပ်သည် လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ တက်ကြွသူများနှင့် ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၏ ရှုတ်ချခြင်းကို ဖိတ်ခေါ်နေသကဲ့သို့ ရှိချေသည်။

ကျွန်ုပ်တို့တိုင်းပြည်သည် မြန်မာစစ်အစိုးရအား ထောက်ခံအားပေးနေပါသည်ဆိုခြင်းကို တကမ္ဘာလုံးအား တနည်းတဖုံ ပြသရာ ရောက်မနေပါသလော။

ကျွန်ုပ်တို့တိုင်းပြည်သည် မြန်မာလူမျိုးဆန္ဒပြသူများကို နှိပ်ကွပ်ရာ တခုတည်းသော တိုင်းပြည် ဖြစ်မနေပါပြီလော။

ဤလုပ်ရပ်ကြောင့် စင်္ကာပူ၏ ပထမတန်းစား နိုင်ငံဟူသော ဂုဏ်ပုဒ်သည် ကမ္ဘာ့အလယ်တွင် ၀င့်ထည်နိုင်ပါဦးမည်လော။

အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များအစည်းအရုံး (IBA)က ထုတ်ပြန်သည့် စင်္ကာပူ၏ လူ့အခွင့်အရေးနှင့် တရားဥပဒေဆိုင်ရာ အစီရင်ခံစာတွင်ပါရှိသော စွတ်စွဲချက်များအား မှန်ကန်သည်ဟု ဖြည့်ဆည်းပေးရာ ရောက်မနေပါသလော။

စင်္ကာပူ၏ ၄၃နှစ်ပြည့် မွေးနေ့တွင် ကျွန်ုပ်ဂုဏ်ယူပါသည်။ မက်စ်ဆီလာမက်လွတ်မြောက်ထွက်ပြေးခြင်းသည် စိတ်အနှောက်အယှက်ဖြစ်စဖွယ် ရှိသော်လည်း ကျွန်ုပ်တို့ ဘာမျှ မတတ်နိုင်သော ကိစ္စဖြစ်သည့်အတွက် ရှိစေတော့။ ယခုကဲ့သို့ မြန်မာများအား အရေးယူခြင်းမှာမူ ဘယ်သူမပြုမိမိမှုဆိုသကဲ့သို့ ကျွန်ုပ်တို့ အရှက်အိုးကို ကျွန်ုပ်တို့ဘာသာ ခွဲရာ ရောက်နေသည်။

အနောက်ဒီမိုကရေစီနိုင်ငံများသည် စင်္ကာပူနိုင်ငံအား မနှစ်ခြိုက်ကြဆိုသော ပြောကြားချက်များအား (စထရိတ်တိုင်းမ်းစ်၊ သြဂုတ် ၉) ကျွန်ုပ်မထောက်ခံသော်ငြား၊ ယခုလုပ်ရပ်ကြောင့်မူ ကမ္ဘာတလွှားမှ လူများ စင်္ကာပူအပေါ် ကြိုက်နှစ်သက်မှု ပိုမိုနည်းပါးသွားစေတော့မည်မှာ အမှန်ပင်ဖြစ်သည်။

ဤအကြောင်းနှင့် စပ်လျဉ်း၍ စထရိတ်စ်တိုင်းမ်စ် သတင်းစာပါ သတင်းထောက် ကိုးခံဘင်း၏ (“Patriotism wilts in apathy’s harsh glare”, ST, Aug 8) ကို ကျွန်ုပ်တို့အားလုံး ဖတ်ရှုသင့်ကြပေသည်။ ဆောင်းပါးတွင် လျော်ကန်သင့်မြတ်စွာ မေးထားသည်မှာ....

“စင်္ကာပူနိုင်ငံသည် နိုင်ငံရေးမတည်မငြိမ်မှုကြောင့် ဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်တွေ့နေရပြီဆိုပါက ယခု မျိုးချစ်မြန်မာလူမျိုးများ ပြုမူသကဲ့သို့ စင်္ကာပူနိုင်ငံသားအလုံအလောက်က ပြုမူကြပါမည်လော” ဟူ၍ပင်ဖြစ်သည်။

စင်္ကာပူအစိုးရအနေဖြင့် သြဂုတ်လဆန်းပိုင်းတွင် အာဆီယံဥက္ကဋ္ဌရာထူးကို ထိုင်းနိုင်ငံလက်သို့ လွှဲပြောင်းပေးပြီးသည့်အချိန်တိုင်အောင် စောင့်ဆိုင်းနေပြီးမှ ယခုကဲ့သို့ အရေးယူခြင်းကို ပြုလုပ်သလောဟု မစဉ်းစားဘဲမနေနိုင်အောင်ရှိသည်။

အကယ်၍ ထိုအတိုင်းသာ မှန်ပါက ဤဖြစ်ရပ်သည် အလွန်တရာ ၀မ်းနည်းဘွယ်ကောင်းသည့် ကိစ္စဖြစ်သည်။

အဘယ့်အကြောင့်ဆိုသော် အာဆီယံလူ့အခွင့်အရေးကော်မတီအတွက် အစိုးရ၏ ထောက်ခံမှုသည် အစစ်အမှန်ထောက်ခံမှုမဟုတ်ဘဲ သင်္ကြန်အမြောက်ကဲ့သို့ လူကြားကောင်းရုံ ဟန်ပြသက်သက်သာဖြစ်နေသည့် အတွက်ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် မြန်မာစစ်အစိုးရ အာဏာရနေစဉ်အတွင်း မြန်မာ့မြေပေါ်သို့ မြန်မာ့အရေးလှုပ်ရှားသူများပြန်လည် ခြေချလိုက်ပါက ကြောက်မက်ဘွယ်အကျိုးဆက်များ ရှိလာမည်ကို သိသိနှင့် ကျွန်ုပ်တို့သည် သူတို့၏ ဗီဇာများကို တိုးမပေးခဲ့ခြင်းကြောင့်ဖြစ်သည်။

ဤသို့ဆိုရင် အခြားနိုင်ငံသားတွေက ကျွန်ုပ်တို့အား အမြဲတစေ မုန်းတီးနေခြင်းအတွက်ကို ဘာများ အထူးတလည် အံ့သြနေစရာ ရှိပါသေးသနည်း။

ကျွန်ုတို့ မေးခွန်းထုတ်ရမည်မှာ ကျွန်ုပ်တို့အစိုးရသည် အဘယ်ကြောင့် မြန်မာစစ်ဗိုလ်ချုပ်များ ဆေးဝါးကုသခွင့်တောင်းခံလာသည့်အခါ ခွင့်ပြုလေ့ရှိပြီး၊ ထိုစစ်ဗိုလ်ချုပ်များက သူတို့၏ ပြည်သူများအပေါ် မတရားသတ်ဖြတ်နှိပ်စက်ညှင်းပန်းမှုကို ထုတ်ဖော်ပြောကြားလာသည့် မြန်မာကျောင်းသားများ၊ မြန်မာ့အရေးတက်ကြွသူများကိုမူကား အဘယ်ကြောင့် နှိပ်ကွပ်ရသနည်း ဆိုသည့် မေးခွန်းများပင်ဖြစ်ပါတော့သည်။

မူရင်းကို ဖတ်ရှုရန်.....
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs