နေတန်ရှာရန်စကီး(Natan Sharansky)က သူ့စာအုပ် ("The case for democracy")ထဲတွင် လူ့အဖွဲ့အစည်းနှစ်မျိုးအကြောင်းကို ဤသို့ ရှင်းပြထားသည်။
လွတ်လပ်သော လူ့အဖွဲ့အစည်းဟု ဆိုလိုက်လျှင် အခြေခံလွတ်လပ်ခွင့်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ယှဉ်တွဲမြင်တတ်ကြသည်။ သို့သော် မည်သည့်လူ့အဖွဲ့အစည်းတွင်မဆို ထိုလွတ်လပ်ခွင့်များသည် အကြွင်းမဲ့ လွတ်လပ်ခွင့်များမဖြစ်နိုင်ချေ။
ဥပမာ... အမေရိကားတွင် လွတ်လပ်စွာပြောဆိုပိုင်ခွင့်နှင့် ဘာသာရေးလွတ်လပ်ခွင့်ကို မည်သူမျှ မထိပါးမချိုးဖောက်သင့်သောအရာများအဖြစ် သတ်မှတ်ထားသည်။ သို့သော်လည်း လူပြည့်ကျပ်နေသော ကဇာတ်ရုံတခုအတွင်းတွင် မည်သူတဦးတယောက်ကမျှ “မီး...မီး”ဟု လွတ်လပ်စွာ အော်ချင်တိုင်း အော်ခွင့်ရှိသည်မဟုတ်။ အလားတူ ဘာသာရေး လွတ်လပ်ခွင့် အမည်သုံးကာ အိမ်ထောင်နှစ်ခု တပြိုင်နက် ထူထောင်ခြင်းကိုလည်း ခွင့်ပြုသည်မဟုတ်။
အမျိုးမျိုးအပြားပြားသော လွတ်လပ်ခွင့်များအတွက် သင့်လျော်သော နယ်နိမိတ်စည်းမျဉ်း(ဘောင်)များနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများသည် ပေါ်လစီပိုင်းဆိုင်ရာ စိတ်ဝင်စားဖွယ် ဆွေးနွေးငြင်းခုံမှုများကို ဖြစ်ပေါ်နိုင်စေသော်လည်း “လွတ်လပ်မှုကို အခြေခံသော လူ့အဖွဲ့အစည်း (free society)” နှင့် “အကြောက်တရားကို အခြေခံသော လူ့အဖွဲ့အစည်းနှစ်ခု (fear society)” အကြား အဓိက ခြားနားချက်ကိုမူ ဖော်ထုတ်နိုင်ခြင်း မရှိချေ။”
အဆိုပါခြားနားချက်ကို ယခင်ဆိုဗီယက်ပြည်ထောင်စု အကျဉ်းထောင်များတွင် အကျဉ်းကျခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ကောင်းကောင်းနားလည်ကြသည်ဟု နေတန်က ဆို၏။ ထိုသံတိုင်နောက်က အကျဉ်းသားများတွင် နိုင်ငံရေးအယူအဆအမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးမျိုး မတူညီကွဲပြားကြသော်လည်း ယုံကြည်ချက်တခုတွင်မူကား အားလုံးတူညီကြသည် ဟူ၏။ ထိုယုံကြည်ချက်မှာ “ကျွန်ုပ်တို့အားလုံးသည် လွတ်လပ်သော လူ့အဖွဲ့အစည်းတွင် နေထိုင်လိုကြသည်” ဆိုသော အချက်ဖြစ်သည်။ ထို့ပြင် အနာဂတ် ဆိုဗီယက်ပြည်ထောင်စုနှင့် ပတ်သက်၍ ဆန့်ကျင်ကွဲလွဲသောအမြင်များရှိပင်ရှိနေသော်ငြား “လွတ်လပ်မှု”ကို အဓိပ္ပါယ် ဖွင့်ဆိုရာတွင် အားလုံး သဘောတူညီကြသည်။
“လူ့အဖွဲ့အစည်းတခုအတွင်း မတူညီသောအတွေးအမြင်များကို ဖော်ထုတ်ပြသရာ၌ အဖမ်းဆီးခံရခြင်း၊ ထောင်ချခံရခြင်း၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရခြင်းစသည့် ဘေးအန္တရာယ်တို့ကျရောက်မည်ကို မစိုးရိမ်ရဘဲ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိပါက ထိုလူ့အဖွဲ့အစည်းသည် လွတ်လပ်သောလူ့အဖွဲ့အစည်းပင်ဖြစ်သည်”
နေတန်က ဆက်ပြောသည်မှာ...
“ဆိုဗီယက် နိုင်ငံရေးအကျဉ်းသား အတိုက်အခံတွေဟာ အနာဂတ်နိုင်ငံတော်နဲ့ ပတ်သက်လို့ အယူအဆတွေ ဘယ်လိုပဲကွဲပြားနေပစေ၊ အားလုံးနားလည်တဲ့ အချက်တခုကတော့...
လူ့အဖွဲ့အစည်းတခုဟာ (အမြင်မတူသူ)အတိုက်အခံတွေရဲ့ အခွင့်အရေးကို မကာကွယ် မစောင့်ရှောက်ဘူးဆိုရင် လတ်တလောမှာ ကိုယ့်အမြင်ကိုယ့်တန်ဘိုးတွေနဲ့ မည်မျှပင် ကိုက်ညီနေပါစေ...အဲဒီလူ့အဖွဲ့အစည်းဟာ အကြောက်တရားလွှမ်းမိုးတဲ့ လူ့အဖွဲ့အစည်းအဖြစ်ကို တဖြည်းဖြည်းနဲ့ ပြောင်းလဲသွားပြီး တချိန်ကျရင် လူတိုင်းကိုအန္တရာယ်ပေးလိမ့်မယ်...........ဆိုတဲ့အချက်ပါဘဲ။
ကျနော်တို့ အတိုက်အခံတွေဟာ ဘယ်လို လွတ်လပ်သောလူ့အဖွဲ့အစည်းမျိုးကို မျှော်မှန်းသလဲဆိုတဲ့ အချက်အပေါ်မှာ ကွဲလွဲကြပေမယ့် အတိုက်အခံအမြင်တွေကို ခွင့်ပြုထားတဲ့လူ့အဖွဲ့အစည်းဖြစ်နေသမျှကာလပတ်လုံး ကျနော်တို့ အသီးသီးရဲ့ အယူအဆတွေအတွက် လွတ်လပ်စွာ၊ လုံခြုံစွာ ဆက်လက်တိုက်ပွဲဝင်နိုင်မယ်ဆိုတဲ့အချက်ကို အားလုံးက အသိအမှတ်ပြုကြတယ်။”
လူ့အဖွဲ့အစည်းတခုတွင် အတိုက်အခံအမြင်ကို ခွင့်ပြုခြင်းရှိမရှိ စမ်းသပ်ရန် အကောင်းဆုံးနည်းလမ်းတခုမှာ “town square test” ခေါ် မြို့ရင်ပြင် စမ်းသပ်ချက်ပင်ဖြစ်သည်။ အဆိုပါစမ်းသပ်တွင်...
“လူတယောက်သည် မြို့လယ်ခေါင် ရင်ပြင်ကွက်လပ်သို့သွားရောက်၍ သူ၏အမြင်ကို ထုတ်ဖော်ရာ၌ အဖမ်းခံရခြင်း၊ ထောင်ချခံရခြင်း မရှိဘဲ (သို့မဟုတ်) ရုပ်ပိုင်းဆိုင်ရာ ဘေးအန္တရာယ်မကျရောက်ဘဲ လွတ်လပ်စွာ ထုတ်ဖော်နိုင်ပါသလား”
အကယ်၍ ထုတ်ဖော်နိုင်ပါက ထိုလူ့အဖွဲ့အစည်းသည် လွတ်လပ်သော လူ့အဖွဲ့အစည်း ဖြစ်သည်။ ထိုသို့ မဟုတ်ပါက အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းဖြစ်ပါသည်။
လွတ်လပ်သော လူ့အဖွဲ့အစည်းတွင် နေထိုင်ကြသူများက ဤစမ်းသပ်ချက်သည် ယေဘူယျ ကျလွန်းသည်ဟု ဆိုကောင်းဆိုကြပေမည်။ အဘယ့်ကြောင့်ဆိုသော် မလွတ်လပ်ဟု သတ်မှတ်ခံထားသော နိုင်ငံအချို့သည်လည်း ဤစမ်းသပ်ချက်အရဆိုလျှင် လွတ်လပ်သော လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲသတ်မှတ်ခံရတော့မည် ဖြစ်သောကြောင့်ဟု ဆိုသည်။
မြို့ရင်ပြင် စမ်းသပ်ချက်အရဆိုလျှင် အမျိုးသမီးများ မဲပေးခွင့် မရှိသော၊ အသားအရောင်ခွဲခြားနှိပ်ကွပ်မှုများရှိနေသော၊ စီးပွားရေးကို နိုင်ငံတော်က ချုပ်ကိုင်သော နိုင်ငံအများအပြားကို လွတ်လပ်သော လူ့အဖွဲ့အစည်းအဖြစ် သတ်မှတ်ရတော့မည် ဖြစ်သောကြောင့်ပင်တည်း။
ဤခိုင်လုံသော ဝေဖန်မှုမှ ထောက်ပြနေသည့်အချက်တခုမှာ “လွတ်လပ်သည်(free)”ဟူသော အဓိပ္ပါယ်ဖြင့် ကိုက်ညီပြည့်စုံသည့် လူ့အဖွဲ့အစည်းတိုင်းသည် “တရားမျှတသည်(just) ”ဟူသော အဓိပ္ပါယ်မသက်ရောက်။
သို့သော် မြို့ရင်ပြင် စမ်းသပ်ချက်သည် လွတ်လပ်သောလူ့အဖွဲ့အစည်းတခုဖြစ်ရန် အနိမ့်ဆုံးလိုအပ်သည့်အဆင့် ( the threshold of freedom)ကို ပြသသည်။
အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းများတွင်ကား ဤ အနိမ့်ဆုံးလိုအပ်သည့်အဆင့်ကို မကျော်ဖြတ်နိုင်သေးရုံမျှမက တရားမျှတမှုလည်း အမြဲလိုလို ခေါင်းပါးလျက်ရှိချေသည်။
(Natan Sharansky's The case for democracy စာအုပ်မှ ကောက်နှုတ်ဘာသာပြန်သည်။)

8 comments:
လူ့အဖွဲ့ အစည်း နှစ်မျိုး အကြောင်းကို သေသေချာချာဖတ်သွားပါတယ်။
ကြည်
မသိသေးတာတွေ မှတ်သားသွားတယ်ဗျို့ ။
တွေးကြည့်သွားတယ်.. အင်း.. "အနိမ့်ဆုံးလိုအပ်သည့်အဆင့်"
ကောင်းတယ်ကိုပေါ။ ဒါမျိုး များများ ရေးသင့်တယ်။
တန်ဖိုးရှိတဲ့ ဆောင်းပါးလေးအတွက် ကျေးဇူးပါကိုပေါရေ…
ကိုပေါ စပ်ခိုင်းတဲ့ကဗျာများ စပ်ပြီးပါပြီ. ဂုဏ်ထူးတောင်ထွက်မယ်ထင်တာဘဲ။
Post a Comment