“အလောသုံးဆယ် ကိုပေါ”

Share |
“အလောသုံးဆယ်”….ဆိုတာ “အလယ်သုံးဇော” ကို ပြောတာတဲ့။

ဗုဒ္ဓဘာသာအလိုအရ ဘ၀ကူးပြောင်းကာနီး ဇောခုနစ်တန်ပြန်တဲ့အခါ ရှေ့ဆုံးနှစ်ဇောနဲ့ နောက်ဆုံးနှစ်ဇောကို ဖယ်လိုက်ရင် အလယ်သုံးဇောက လားရာဘ၀နဲ့ ပတ်သက်ပြီး မြင်တဲ့၊ ကပ်တဲ့ ဇောသုံးတန်တဲ့။ သေကာနီး ကပ်တဲ့ ဇောသုံးတန်ပေါ့။

အဲဒါကြောင့် တစုံတယောက်ကို “အလောသုံးဆယ် လုပ်မနေနဲ့”လို့ ပြောတာဟာ “သေတော့မှာမို့ ဒီလောက် အလျင်လိုနေရတာလား/လောနေတာလား” လို့ ဆိုလိုတာဖြစ်ကြောင်း ဦးအောင်သင်းရဲ့ စာပေစကားဝိုင်း တခုမှာ မှတ်သားဖူးပါတယ်။

ကျနော်လည်း ပြီးခဲ့တဲ့အပတ်က ပို့စ်တွေ တနေ့တပုဒ် အလောတကြီး တင်နေခဲ့မိတယ်။ အလောသုံးဆယ်ကိုပေါ…ပေါ့။

စာတပုဒ်ရေးပြီးသွားတဲ့အခါတိုင်းမှာ အချိန်ယူပြီး အထပ်ထပ်အဖန်ဖန် ပြန်စစ်ကြည့်ဖို့ထက် ပို့စ်အနေနဲ့ ဘလော့ဂ်ပေါ်ကို တင်လိုက်ချင်စိတ်က အားကြီးနေတာဆိုရင် ပိုမှန်မယ်။ နည်းနည်းပါးပါး ထပ်ပြီး အချိန်ယူ စောင့်ဆိုင်းလိုက်ဖို့ကို လုံးဝ စိတ်မရှည်တာမျိုးပေါ့။

အကျိုးဆက်အနေနဲ့ကတော့…… အခုပြန်ဖတ်တဲ့အခါ မိမိကိုယ်တိုင် မနှစ်သက်နိုင်တဲ့ အမှားတွေကို တပြုံတခေါင်း တွေ့ရပါတယ်။ ဥပမာ တခုလောက် ထုတ်နှုတ်ပြရရင် ရှေ့ကပ်လျက်ပို့စ်ထဲမှာ….

“ညနေရုံးဆင်းတော့.... ဧည့်သည်တယောက်ကို ထမင်းကျွေးဘို့ ချိန်းထားတာမို့ မြို့ထဲ သွားရတယ်။ တဖက်က ရုံးဆင်းလာမယ့် မဒမ်နဲ့လည်း အတူသွားဖို့ လမ်းမှာ ချိန်းထားရတာပေါ့။ မြို့ထဲရောက်တော့ ကျနော့်ဖုန်းက မြည်လာတယ်။ ကိုင်လိုက်တော့ အိမ်ကနေ သမီး လှမ်းဆက်တာ ဖြစ်နေတယ်။
ဖုန်းကိုင်လိုက်တော့ သမီးက....“ဖေဖေ ဒီနေ့ အလုပ်ပြုတ်သွားပြီလားဟင်”....တဲ့။ ချက်ချင်း တန်းမေးတော့တာပဲ။”………….လို့ ကျနော်ရေးထားတာကို တွေ့ရတယ်။

အဲဒီမှာ “ရုံးဆင်းတော့”၊“မြို့ထဲရောက်တော့”၊“ကိုင်လိုက်တော့”၊“ဖုန်းကိုင်လိုက်တော့”…စသဖြင့် “တော့” တွေကို ဆက်တိုက် ထပ်ဖန်တလဲလဲ သုံးထားတာကို တွေ့ရတယ်။ ပိုဆိုးတာက “ကိုင်လိုက်တော့” နဲ့ “ဖုန်းကိုင်လိုက်တော့” ဟာ ကပ်လျက်ဝါကျနှစ်ခုရဲ့ အစမှာ ရှေ့ဆင့်နောက်ဆင့်ဆိုသလို နှစ်ကြိမ်ထပ်ပြီး ပါသွားတယ်။

အဲဒီလိုမဟုတ်ဘဲ “ရုံးဆင်းတော့”၊ “မြို့ထဲရောက်ရုံရှိသေး”၊ “ဘယ်သူခေါ်သလဲ ကြည့်လိုက်တဲ့အခါ”၊ “ဖုန်းပေါ်မှာ” စသဖြင့် မတူညီတဲ့ အသုံးအနှုန်းလေးတွေကိုသာ တလှည့်စီ သုံးစွဲခဲ့ရင် ဖတ်ရတဲ့သူအဖို့ “တော့” တွေ တခုပြီးတခု ဆက်တိုက် ဖတ်ရတာမျိုးလို ငြီးစီစီ ဖြစ်စရာအကြောင်းမရှိဘူးပေါ့။

ဒါက ဥပမာ တခုပဲရှိပါသေးတယ်။ သုံးလိုက်တဲ့ စကားလုံးတွေရဲ့ ထိရောက်မှု၊ ပြောင်မြောက်မှု၊ အံဝင်ဂွင်ကျရှိမှုနဲ့ ၀ါကျ ကျစ်လစ်မှု၊ ချောမွေ့မှု စတာတွေပါ ထည့်တွက်လိုက်ရင် အမှားတွေ တပုံတပင်ကြီး တွေ့ရပါတယ်။ ဒါကြောင့် ဆယ်တန်းတုန်းက မြန်မာစာ ဂုဏ်ထူး မထွက်ခဲ့တာဖြစ်မယ်။ (ကြုံတုန်း ကြွားတာပါ။)

အဲဒီကနေ သင်ခန်းစာ တခုရလိုက်ပါတယ်။ စာတော့ များများရေးချင်ရေးပါ။ ဒါပေမယ့် ကိုယ်ရေးသမျှကို အချိန်ယူပြီး အထပ်ထပ်အခါခါ ပြန်စစ်ဖို့ လိုတယ် ဆိုတဲ့ သင်ခန်းစာပါ။ ဒါဟာ အင်မတန်ပျင်းရိသော မောင်ပေါတယောက်အတွက် ကြီးမားသော စိန်ခေါ်မှုတရပ်ပါဘဲ။

အရေးအသား ကျွမ်းကျင်ပြီး အမှားနည်းတဲ့လူမျိုးတွေအတွက် ဒီလောက် စစ်ဖို့ လိုချင်မှ လိုမှာ ဖြစ်ပေမယ့် ကျနော့်အနေနဲ့တော့ ပြန်စစ်ဖို့ လိုအပ်တာကို တွေ့ရပါတယ်။ ဘလော့ဂ်ဆိုတာမျိုးက မဂ္ဂဇင်းတွေလို တည်းဖြတ်ပြုပြင်ပေးမယ့် အယ်ဒီတာမင်းတွေ မရှိတဲ့အတွက် ကိုယ့်ရေးတဲ့စာကို ကိုယ့်ဘာသာ ပြန်စစ်ရုံမှတပါး အခြားမရှိပြီပေါ့လေ။

ဒါကြောင့် ဒီနေ့ကစပြီး တပတ်ကို ပို့စ် ၃ ပုဒ်လောက်ပဲ တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

တင်သမျှပို့စ်တွေကိုလည်း မတင်ခင်မှာ တတ်နိုင်သရွေ့ အထပ်ထပ် အခါခါ ပြန်စစ်ဖို့ ခဲနိဋ္ဌာန်၊ သဲနိဋ္ဌာန်၊ ရေနိဋ္ဌာန် ချလိုက်ပါတယ်။ မောင်ပေါထုံးစံက သံန္နိဋ္ဌာန်ချပြီးရင် မကြာခင်မှာပဲ ပြန်ပျက်တတ်လွန်လွန်းလို့။

15 comments:

Andy Myint said...

ကျွန်တော်တော့ စစ်မနေတော့ဘူး.. ရိုက်ပြီးတာနဲ့ တင်ချင်နေပြီ။ အချိန်ကလည်း မရဘူးလေ။ (ဒီလိုပဲ ဆင်ခြေ ပေးရတာပေါ့) နောက်နေ့ပြန်ကြည့်ရင် စိတ်တိုင်းမကျတာတွေ တွေ့ရရော။ အဲဒီ အချိန်မှာ အတော် များများက ဖတ်ပြီးနေပြီ။ ဘလော်ဂျာကလည်း အမှားတွေ တွေ့ရင် ပြောပြပါတယ်။ ကြီးကြီးမားမား ဆိုရင်တော့ ပြင်လိုက်တယ်။ တစ်ခါတစ်လေတော့လည်း ဒီအတိုင်းပဲ ထားလိုက်တာပဲ။ စာအုပ်တိုက် ပို့သလို (မလုပ်ဘူးပါဘူး ကြားဖူးတာ ပြောတာ) စာလုံး ပေါင်းမှားရင် ဖြစ်ဖြစ်၊ ရေးတာ မပြေပြစ် ၊ စိတ်ဝင်စားဖို့ မကောင်းလို့ ပယ်ချတာမျိုးဆိုရင်တော့လည်း စစ်မိရင် စစ်မိမည်။ တကယ်တော့ အဲဒါမျိုး ကြောက်လို့ တစ်ခါမှ ပို့ဖို့ စိတ်ကူးမရတာ။ ယောင်လို့တောင် စိတ်မကူးဖူးပါဘူး။ အစတုန်းကတော့ publish မလုပ်ခင် အစအဆုံး တစ်ခေါက် ပြန်ဖတ်သေးတယ်။ အခုဆို ဖတ်တောင် မဖတ်မိတော့ဘူး။ အဲဒီလို့ ဖြစ်နေရော။ ကိုပေါလည်း ဘလော်ဂျာ (Blogger + Manager) ခန့်ထားပေါ့။ Proof ဖတ်ဖို့။ အစတုန်းက ဘလော်ဂျာ ကို အရင် ပေးဖတ်သေးတယ် .. နောက်တော့ စာပေစိစစ်ရေးက တင်းကျပ်လာလို့ ရုံးမှာ ရေးပြီးတာနဲ့ တစ်ခါတည်း publish လိုက်တာပဲ.. ဟီးဟီး နောက်တာ.. ရေးပြီးတာနဲ့ တင်ချင်နေတာကို ပြောပါတယ်။

ကိုပေါ said...

Andy Myint... ကိုအင်ဒီရေ…

ကျနော့်ဘလော့ဂျာလည်း အိမ်မှာ ပို့စ်မတင်ခင် ဦးဦးဖျားဖျား ဖတ်ခွင့်ရရင်တော့ အမှားလေးတွေကို ပြင်ဆင်ပေးတတ်ပါတယ်။

ဒါပေမယ့် သူလည်း ဘလော့ဂျာပီပီ ခေသူမဟုတ်ပေါ့ဗျာ။ Proof ဖတ်ရုံလောက်နဲ့တော့ ဘယ်တင်းတိမ်နိုင်ပါ့မလဲ။ တဆင့်တက်ပြီး ကျနော့်ရဲ့ “အတွေးအခေါ်ပိုင်းဆိုင်ရာ” နဲ့ “အရေးအသားပိုင်းဆိုင်ရာ” ညံ့ဖျင်းမှုလေးတွေကို မသိမသာထောက်ပြလာတဲ့အခါ ကျနော်ကလည်း ပုရိသမာနနဲ့ အနာပေါ်တုတ်ကျသလို မခံချိမခံသာ နာတတ်လေတော့ နောက်ပိုင်းမှာ (စိစစ်ရေးနဲ့ ဝေဖန်ရေးကို ကျော်လွှားတဲ့အနေနဲ့) ဘလော့ဂျာအလစ်မှာ ဒရောသောပါး တင်လိုက်တာမျိုးလေးတွေ လုပ်လာရတော့တာပေါ့။ (အဟီး…. သွားမပြောနဲ့နော်…. ကျနော့်ဘလော့ဂျာ စိတ်ကောက်သွားလို့ ဘလော့ဂ် ရေးသားခွင့်ကို ပိတ်ပင်နေဦးမယ်။)

Anonymous said...

အော် သူတို့နှစ်ယောက်က ဘလောက်ဂျာ ကိုယ်စီနဲ့ဆိုတော့ ပြောအားရှိတာပေါ့လေ။ ဒါပေမဲ့ ကြည့်ရတာ ဘလောက်ဂျာ တွေကို ဦးစားပေးသလိုလိုနဲ့ ကိုယ်လုပ်ချင်တာကိုလုပ်နေကြတာပါပဲလား။အလောသုံးဆယ်ပိုစ့်ကိုဖတ်ပြီးသကာလ ကိုပေါ အမြင်မှန်ရနေပြီ ဟုဝမ်းသာမလို့ရှိသေး ............အင်း ....အင်း.....

ကြည်

Anonymous said...

ဘလော်ဂျာရှိကြောင်း ကြုံတုန်းဝင် ကြွားပါသည်။
နောက်ပိုင်း ဘလော်ဂျာ မအားတာများတော့ ကိုယ်လည်း လုပ်ချင်တာလုပ်.. :D

Rita said...

"ပုရိသမာနနဲ့ အနာပေါ်တုတ်ကျတဲ့"
ကိုပေါပဲ မကြာသေးခင်က ဣထိယ အခွင့်အရေးများ ဆွေးနွေးခဲ့လားလို့
မိန်းမလဲ လူပဲ ဘာပဲနဲ့
:D

တားမြစ် ထားသော... said...

ခဲ - ရေ - သဲ တို့နဲ့ ခိုင်မြဲစေသားပေါ့ဗျာ။ ကောင်းတဲ့အလုပ်ကိုး ...း)

သုခမိန်(E-Journal)

တန်ခူး said...

ကိုပေါလို ခဏခဏဖြစ်တတ်တယ်…
တခါတလေ မညီမညာ မလှမပ စာလုံးပေါင်းတွေက ကပေါက်တိကပေါက်ချာနဲ့ …
လာဖတ်တဲ့သူတွေ အားနာပြီးရင်း အားနာရင်းလေ…

khin oo may said...

ကိုပေါ။ မရေးအားဘူးဆိုရင်လေ.ဝန်ခံပါလေ။ ဟိုဟိုဒီဒီတွေ ဆင်ခြင်တွေ ရိုးနေပြီ။

khin oo may said...

ရေးကြပါ။ ရေးကြပါ။ အမှားများလေ အဖော်ရလေဘဲ။

khin oo may said...

စာကိုဖတ်ချင်ပါတယ်။ သဒ္ဒါ တွေ ကြိယာတွေ အရေးကြီးတာ မှန်ပေမဲ့ အခုလို မနည်း အသက်ရှူ လုပြီး ဘလော့နေရတဲ့ သူတွေ အားလုံးတွေ ချည်းဘဲမို့ နားလည် စာနာထားပြီးသားဘဲ။ သိတ်ဆန္ဒရှိရင်တော့လည်း လုပ်ပေါ့လေ။ အဓိက ကတော့ စာကို ဖတ်ချင်တာပါဘဲ။ စာမချောလဲကိတ်စ မရှိ။ လူချြောီ့ပီးသားဘဲ ။ဂရုသိတ် မစိုက်ပါနဲ့။ မဖတ်ရဘဲ နေလိမ့်မယ်။

Anonymous said...

အလောသုံးဆယ်လာဖတ်ပါတယ်

ကေကေ

Anonymous said...

ဘာမှမပူပါနဲ့ ကိုပေါရေ ...။ ဖြည့်စွက်ပြီးနားလည်ပါတယ် ...။ အခုလည်း ဖတ်ရတာ အဆင်ပြေသလို ... ဆိုလိုရင်းကိုလည်းနားလည်နေတာပါပဲ ..။

Anonymous said...

broken burmese languageပေါ့ဗျာ ကိစ္စမရှိပါဘူး

ကိုပေါ said...

>> Anonymous ... ကြည်.... ကွက်ကွက်ကွင်းကွင်းပါပဲ။ ဝေဖန်ထောက်ပြလိုက်တာ....ဟိ။

>> N3 ... ဂလိုလား။ နောင် ရာသီဥတုကောင်းမွန်ပြီး ခြေခင်းလက်ခင်းသာတဲ့အခါကျမှ ဘလော့ဂျာ ပြိုင်ပွဲ ကျင်းပပေးဦးမှပဲ။း-)

>> Rita .... ယောက်ျားလေးတို့မာန၊ မိန်းကလေးတို့ ဘဘာဝ...အခါလွန်တဲ့မိုးမို့ အငြိုးနဲ့ရွာ.......တဲ့။ ယောက်ျားလည်း လူပါပဲ ခင်ညာ။း-)

>> တားမြစ်ထားသော .... ခိုင်မြဲရမယ်လေ။ တပ်မတော် ခဲ၊သဲ၊ရေ စစ်ကြောင်းကြီးများ ချီတက်လာပြီ။း-)

>> တန်ခူး .... နောက်တခါ မညီညာရင် လာပြီ ဒဏ်ငွေကောက်မယ်။း-)

>> khin oo may .... အတင်း ၀န်ခံခိုင်းနေပုံထောက်ရင် အခုတလော တစခန်းထနေတဲ့ ဒေါက်တာဇာနည်နဲ့ ညီအစ်မ တော်သလားမသိ။ (သိချင်ရင် ဧရာဝတီ ၀က်ဆိုက်မှာ သွားဖတ်ပါရန်)။

လူချောပြီးသားကတော့ အများသိပြီးသားမို့ ဒီနေရာမှာ တခါထပ်ပြီးမပြောတော့ပါဘူး။း-)

>> ကေကေ .... အလောသုံးဆယ် မဖတ်ပါနဲ့။ စာကောင်းတို့မည်သည်မှာ ကြေကြေညက်ညက် ၀ါးစားပြီး မြိုချတန်သင့်လျှင် မြိုချရမည်တဲ့။း-)

>> Anonymous .... အင်း...ဟိုဘုန်းကြီး ပြောသလိုတော့ဖြစ်နေပြီ။ “ကျောင်းကို ငါ့ဟာငါ ရရစ်နဲ့ ကြောင်းတော့ ဘာဖြစ်သေးလဲ။ ဘယ်မအေပေးက အိမ် လို့ ဖတ်ချင်သေးလို့လဲ။”....ဆိုတဲ့ ဘုန်းကြီးလေ။

>> အောင်ကိုကိုထိုက် .... အဲဒီလိုနဲ့ ဘရုတ်ကင်းတွေ များနေပြီဗျ။

Anonymous said...

broken burmese များများလာရင် i feel မြန်မာပြည်ကမြေပဲယိုလမ်းတွေပေါ်ကားစီးနေရသလိုပဲ

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs