“စိုးရိမ်လိုက်ပုံက...”

Share |
အင်း... ဘာလိုလိုနဲ့ စင်္ကာပူကို ရောက်တာ ဆယ်နှစ်ပြည့်တော့မယ်။

ပီအာရ်မကျခင် အီးပီဘ၀က အတူနေခွင့်ရဘို့အတွက် မဒမ်ပေါက ကျောင်းတက်ရတယ်။ မဒမ်ပေါ ကျောင်းမပြီးခင်မှာတင် အလုပ်တဖက်နဲ့ ကျနော်ကလည်း NTU မှာ အချိန်ပိုင်းကျောင်းတက်တယ်။

အဲဒီတုန်းကဆိုရင် ကျနော်တို့အိမ်ဟာ စာအိမ်ကြီးပေါ့။ သူငယ်ချင်းတွေကလည်း အိမ်မှာအတူ စာလာလုပ်ကြ၊ တွက်ကြ၊ အဆိုင်းမင့် လုပ်ကြပေါ့လေ။ စာမေးပွဲနီးပြီဆိုရင် စာမေးပွဲပူ ပူနေကြတဲ့ အပူအိမ်ကြီးပေါ့။

အဲသည်ထဲမှာမှ ကျနော်က အလုပ်တဖက်၊ ကျောင်းတဖက် ဆိုတော့ ပိုပူရတယ်။ ဒါကို မဒမ်ပေါက မကြည့်ရက်လို့ ပြောရှာပါတယ်။

“ကိုကို...ချစ်လေးကျောင်းပြီးလို့ အလုပ်ရပြီ၊ ပီအာရ်လည်း ကျပြီဆိုရင် ကိုကို တလှည့်နားဦး၊ ချစ်အလုပ်လုပ်မယ်”....တဲ့။

အဲသလိုနဲ့ မဒမ်ပေါကျောင်းပြီးသွားတော့ အဲဒီ စကားလေး ထပ်ကြားရဦးမလားဆိုပြီး နားစွင့်နေတာ မဒမ်ပေါကလည်း အလုပ်ရပြီး၊ ပီအာရ်ကျပြီးကတည်းက ကျနော်တင်ခဲ့တဲ့ ပို့စ်တွေထဲကလို Double Thinker ဖြစ်သွားတယ်။ တခြားပြောချင်တာ မဟုတ်ပါဘူး... ရူးချင်ယောင်ဆောင်တာကို ပြောတာပါ။ ကျောင်းမပြီးခင်က ပြောခဲ့တဲ့ စကားကို ယောင်လို့မှ ထပ်မဟတော့ဘူးခင်ဗျ။ ရူးချင်ယောင်ဆောင်သွားရှာလေတယ်။

ကျနော်ကလည်း ဒီလိုတော့ ဘယ်အမေ့ခံနိုင်ပါ့မလဲ။ ကျနော့်အနေနဲ့ အလုပ်လုပ်လာတာ (မလေးရှားက ၂ နှစ်ခွဲပါ ထည့်တွက်ရင်) ၁၂ နှစ်လောက် ကြာလာပြီဆိုတော့ ခဏလောက် အလုပ်ကထွက်ပြီး နားချင်လာတယ်။ ဒါနဲ့ မဒမ်ပေါ နှုတ်ဆော့ခဲ့တာလေးကို အခွင့်ကြုံတိုင်း ရေနှူးပြီး မကြာခဏ ပြောပါများတော့ သူမခမြာလည်း မနေသာတော့ဘဲ “အင်း... ဒါဆိုလည်း သုံးလေးငါးလလောက် ခဏထွက်ပြီးတော့ နား။ ပြီးမှ... နောက်တလုပ်ပြန်ရှာတဲ့”။

သူ့ဆီက အဲသည်စကားရတာနဲ့ ကျနော့်မှာ ပျော်မယ်မှ မကြံရသေးဘူး... စီးပွားပျက်ကပ်ဆိုက်တာနဲ့ တိုးတော့တာပါဘဲ။ သိတယ်မို့လား.... အခုအချိန်မှာ အလုပ်ထွက်ပြီး နားတယ်ဆိုရင် နောက်တလုပ်ပြန်ရှာတဲ့အခါ အလုပ်ရဖို့ မသေချာတော့ဘူးလေ။ ခဏနားရုံမက နှစ်နဲ့ ချီပြီး နားရကိန်းရှိတယ်။ ဒါကို သိလျက်နဲ့ ဇွတ်အတင်း မျက်စိမှိတ်ပြီး အလုပ်က ထွက်လိုက်တယ်ဆိုရင်လည်း သားကျွေးမှု၊ မယားကျွေးမှုကို တာဝန်မသိတဲ့လူလို့ အထင်ခံရမှာကို စိုးရိမ်ရသေးတယ်လေ။

ဒီတော့..... မောင်ပေါတယောက် ကြံရာမရဖြစ်ပြီး တမျိုးလှည့်တွေးတယ်။

အင်း.... အခု စီးပွားပျက်တဲ့ ခေတ်ကာလကြီးမှာ ကုမ္ပဏီတွေက လူလျှော့နေကြတယ်။ ငါတို့ကုမ္ပဏီလည်း တနေ့ကျရင် လူလျှော့ရကိန်းရှိတယ်။ လူလျှော့တဲ့အထဲ ငါပါရင် ကောင်းမယ်လို့ မကြံကောင်းမစည်ကောင်း မျှော်လင့်မိပြန်တယ်။ (လူလျှော့လို့ ဖြုတ်တဲ့အထဲပါရင် ကိုယ့်ဆန္ဒနဲ့ကိုယ် အလုပ်ထွက်လိုက်တာမျိုးလို တာဝန်မသိရာ မရောက်ဘူး၊ ၀ိနည်းလွတ်တယ်လို့ ကျနော့်ဘာသာ လိုရာဆွဲ တွေးထားတယ်။း-)

နောက်ပြီးတော့ အဲသည်လို လူလျှော့တယ်ဆိုရင် လုပ်သက်တနှစ်ကို တလစာနှုန်း၊ သို့မဟုတ် လ၀က်စာနှုန်းနဲ့တွက်ပြီး အဲဒီအပေါ်မှာမှ အပိုတလစာ ဆောင်းပေးတာမျိုး ထုံးစံရှိတော့ ကျနော်က လုပ်သက်ဆယ်နှစ်ဆိုတော့ ဆယ့်တလ စာလောက် မြိုးမြိုးမြက်မြက်ကလေးရပြီး နားရမယ်ပေါ့။ ကိုယ့်ဘာသာစိတ်ထဲမှာ တွက်ရေးနဲ့ စက်သူဌေးလုပ်နေတာပေါ့။

အဲ...ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ မန်နေဂျာက တဌာနလုံးကို စာပို့တယ်။ စာထဲမှာ သောကြာနေ့ကျရင် အားလုံးရုံးတက်ကြဖို့နဲ့ အရေးတကြီး ထုတ်ပြန်ကြေညာစရာရှိတယ်လို့ ပြောထားတယ်။ အားလုံးကလည်း သတင်းကောင်းတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ လစာလျှော့တာသော်လည်းကောင်း လူလျှော့တာသော်လည်းကောင်း ဖြစ်မှာပဲ လို့ မျှော်လင့်ထားကြတယ်။

ကျနော်ကလည်း အဲသည်အကြောင်း မဒမ့်ကို အိမ်မှာ မျက်နှာသေလေးနဲ့ ပြောထားတယ်။ (စိတ်ထဲမှာတော့ ကျိတ်ဝမ်းသာနေတာပေါ့.....ဟိ။) မဒမ့်ကို ကျနော် ပြောပြနေတုန်း အနားမှာ သမီးလည်း ရှိနေတယ်။ သမီးရှိနေတဲ့ကိစ္စကိုတော့ သိပ်ပြီး အထူးတလည် အာရုံမထားမိပါဘူး။

ဟော...နောက်တနေ့မနက် ရုံးရောက်တော့ Network ထဲ ၀င်လို့မရတော့ဘူး။ ကျွန်တော့် Account ကို Disabled လုပ်ထားတာတွေ့ရတော့ သေချာပြီ။ ငါတော့ ပါပြီပေါ့လေ။ စိတ်ထဲမှာ ပီတိတွေ ဖြာနေတယ်။ ဒါပေမယ့် ဌာနထဲက အဖြုတ်ခံရတဲ့ နှစ်ယောက်ကို အောက်ထပ်က လာခေါ်သွားတော့ ကျနော်မပါဘူး။ ဟိုက်...တခုခုတော့ လွဲမှားနေပြီ။

အဲဒါနဲ့ ကွန်ပြူတာဌာနကို အကျိုးအကြောင်း ဖုန်းဆက်ကြည့်တော့မှ အဖြစ်အပျက်ကို ရေလည်တော့တယ်။ အဖြုတ်ခံရတဲ့သူတွေရဲ့ အကောင့်တွေကို ပိတ်ရာမှာ တခြားဌာနက ကျနော်နဲ့ နာမည်ခပ်ဆင်ဆင်တူတဲ့ အင်ဂျင်နီယာရဲ့ Account နဲ့ မှားပြီး ပိတ်မိတာပါ ဆိုတဲ့ ရှင်းပြချက်နဲ့အတူ တောင်းပန်စာ ရောက်လာတယ်။ အဲဒါနဲ့ ကျနော်လည်း ဒီတသုတ်မှာ ကံထူးသူ မောင်ရှင် မဖြစ်လိုက်ရတော့ဘူး။

ညနေရုံးဆင်းတော့.... ဧည့်သည်တယောက်ကို ထမင်းကျွေးဘို့ ချိန်းထားတာမို့ မြို့ထဲ သွားရတယ်။ တဖက်က ရုံးဆင်းလာမယ့် မဒမ်နဲ့လည်း အတူသွားဖို့ လမ်းမှာ ချိန်းထားရတာပေါ့။ မြို့ထဲရောက်တော့ ကျနော့်ဖုန်းက မြည်လာတယ်။ ကိုင်လိုက်တော့ အိမ်ကနေ သမီး လှမ်းဆက်တာ ဖြစ်နေတယ်။

ဖုန်းကိုင်လိုက်တော့ သမီးက....“ဖေဖေ ဒီနေ့ အလုပ်ပြုတ်သွားပြီလားဟင်”....တဲ့။ ချက်ချင်း တန်းမေးတော့တာပဲ။

ကျနော်ကလည်း စိတ်ထဲမှာ ....ဒီလိုတော့လည်း သမီးက ဘယ်ဆိုးလို့တုန်း၊ အရွယ်နဲ့မလိုက်အောင် ငါ့အတွက်တော့ ပူပန်ဖော်ရရှာသားပဲ... လို့ တွေးပြီး..... “ဖေဖေ အလုပ်မပြုတ်သေးပါဘူး သမီးရယ်” လို့ နှစ်သိမ့်တဲ့ အသံလေးနဲ့ ဖြေလိုက်တယ်။

အဲသည်မှာ သမီး ဆက်ပြောတာက....

“ဖေဖေ... အလုပ်မပြုတ်သေးဘူးဆိုရင် မီးကို ဂျူရောင်းပွိုင့် အောက်ထပ် Bee Cheng Hiang ဆိုင်က ၀က်သားကင် အချိုဝယ်လာ ပေးပါ”....တဲ့။

လက်စသတ်တော့..... ဒင်း စိုးရိမ်ပုံက ဒီလိုကိုး။

21 comments:

:P said...

ကလေးကို အလိုက်သိလို့ အမှတ်ပေးလိုက်ပြီ...။
အလုပ်ပြုတ်ရင် ဝက်သားကင် မမှာသင့်မှန်း သူ ချင့်ချိန်တတ်တယ်..။

ကိုပေါ said...

>>sin dan lar... မဒမ်ပေါကလည်း အလားတူပဲ ကောက်ချချပါတယ်။း-)

Anonymous said...

သမီးလေးတွေက သိတတ်ပါတယ်...
သားတွေသာ...(သိမ်းကျုံး ဆော်လိုက်ပြီကွ)

တားမြစ် ထားသော... said...

ရေးတတ်ပါတယ်ခင်ဗျာ။ ဖတ်လို့ကောင်းတဲ့ ပိုစ့်ပါပဲ။ သူလည်း စိုးရိမ်ရှာမပေါ့။း)

တစ်ခါတစ်လေမှ ရောက်တာဖြစ်လို့ ပိုစ့်တွေအများကြီးဖတ်သွားတယ်။ အားလုံးကို ကွန်မန့်မရေးနိုင်တော့ဘူးဗျ။

ဂျူလီပိုစ့်ကို သဘောကျတယ်။ ပိုစ့်ထက် ကွန်မန့်တွေက ပိုကောင်းနေတယ်။ နောက်ဆုံးနားက အေးမြတ်မြတ်ကိုပြောတာ ပိုရှင်းပါတယ်။ ကောင်းလည်းကောင်းပါတယ်။ တစ်ချို့ ကွန်မန့်တွေက လမ်းလွှဲနေသလိုပဲ။

Double Thinker အကြောင်းလည်း ကြိုက်တာပါပဲ။

သုခမိန်(E-Journal)

Life is for Success said...

Hi ko Gyi Paw,

Do not think bad way. this time still have a job means like win lottery. But employer they give u more jobs. This time is good time for employers, bad for workers.....

Anonymous said...

'ချစ်လေးကျောင်းပြီး၊ ပီအာရ၊ အလုပ်ရရင် ကိုကို ခဏနား' လို့ အစ်မကပြောတာ မူးတုန်းပြောတာ ကိုပေါရဲ့ ။ အဲဒါကိုတကယ်ယုံတော့ ကိုပေါမှာခံစားရမှာပေါ့။

ကိုပေါ said...

>> sonata-cantata .... ဒီဝါးလုံးရှည်က ထိချက် ပြင်းတယ်။ မှန်နေတော့ လွတ်အောင် မရှောင်နိုင်ဘူး။

>> တားမြစ်ထားသော ... ကျေးဇူးတင်ပါတယ်။ Double Thinker တွေအကြောင်းရေးပြီးတဲ့အခါ အဲဒီစာအုပ်ထဲမှာပါတဲ့ အချို့အခန်းလေးတွေကို ကောက်နှုတ်ဘာသာပြန်ဖို့ ရည်ရွယ်ချက် ရှိပါသေးတယ်။

>> Life is for Success .... အမှန်ပဲ။ ထွက်သွားတဲ့ လူတွေရဲ့ အလုပ်ကို ကျန်တဲ့သူတွေက တာဝန်ခွဲဝေယူကြရတာပေါ့။

>> KL ဘယ်သူပါလိမ့်... ဒါ အကြောင်းသိပဲ ဖြစ်ရမယ်။း-)

Anonymous said...

အဟား.. သမီးလေးက အဖေတူပဲ.. အစားပုပ်လေး..
အလုပ်မပြုတ်တာ သတင်းကောင်းပါ ကိုပေါရေ....
အိမ်မှာ နေရတာ ပျင်းစရာကြီးပါ... တပတ် နှစ်ပတ်ထက် ပိုမနေနိုင်ပါဘူး...

Ko Boyz said...

ကိုပေါ သမီးလေးက သိတတ်လိုက်ထှာ...။ ဒီပုံအတိုင်းဆို ကုတ်နဲ့ ကော်ထုတ်တောင် ကိုပေါ အလုပ်က ထွက်ဖြစ်မှာ မဟုတ်ဘူး..။ ထွက်မယ် ကြံတိုင်း ဘီးချန်ဟိန်းက ၀က်သကင်ကိုပဲ မြင်ယောင်လိုက်ပါပေါ့...။

khin oo may said...

တဖက်က ရုံးဆင်းလာမယ့် မဒမ်

(အဲဒါဆို ချစ်က အလုပ်လုပ်တယ်ဟုတ်) မရှင်းလို့မေးကြည့်တာပါ။

khin oo may said...

Ko Boyz ပြောတာလက်ခံတယ်။
ထွက်မယ်လုပ်တိုင်း သမီးလေး မျက်နှာမြင်ယောင်လိုက်နဲ့
အို အသင်လောက..သင်သည်ကျွန်ပ်အား ညျာတာမှူမရှိပါချေ။ (ကိုပေါကိုယ်စား)

Anonymous said...

“ကိုကို...ချစ်လေးကျောင်းပြီးလို့ အလုပ်ရပြီ၊ ပီအာရ်လည်း ကျပြီဆိုရင် ကိုကို တလှည့်နားဦး၊ ချစ်အလုပ်လုပ်မယ်”....တဲ့။
ကြက်သီးထ သွားသည်။
မိန်းမပြောသမျှ အယုံလွယ်သော ကိုပေါဟု ကောက်ချက်ဆွဲသွားသည်။
(မှတ်ချက်။ Australia နဲ့ America လာရင် သမီးကြိုက်တဲ့ Bee Cheng Hiang က ဝက်သားကင်တွေ မသယ်လာဖို့ ကြော်ငြာထိုးပါရစေ။ လေဆိပ်တွေမှာ အသိမ်းခံရတဲ့အပြင်၊ ဒဏ်ငွေချခံရလိမ့်မယ်လို့ သတိပေးလိုပါတယ်။)

Anonymous said...

အလုပ်လုပ်နေသူတွေက အလုပ်မပြုတ်ပါစေနဲ့ဆုတောင်းတယ်။ အလုပ်မရသေးသူများက အလုပ်မြန်မြန်ရပါစေ ဆုတောင်းကြတယ်...ကိုပေါ ကျတော့ တမျိုးပါလား။

ကြည်

သက်ပိုင်သူ said...

ဟား.. ဟား..... စာအိမ်
အပူအိမ်တဲ့... ချစ်စရာလေး............။
ကိုပေါကြီး အိမ်လာလည်ဦး.. ၀က်သားကင်အချိုပါ ၀ယ်ခဲ့။ ဟီဒ.......... ဟီး

Moe Cho Thinn said...

ဒီလောက် သိတတ်တဲ့ သမီးလေး..၀က်သားကင် နေ့တိုင်း ကျွေးသင့်တယ်။ (သမီးဖက်က ရှေ့နေ လိုက်သွားသည်)

ZT said...

ပြုတ်ချင်ပြုတ်ကွာလို့ တွေးတဲ့သူတွေ မပြုတ်ဘူး ထင်တယ်။ ကျွန်တော်လည်း အဲဒီလို တွေးနေတာ အခုထက်ထိ မပါသေးတဲ့ အပြင် ပရော့ဂျက် အသစ်တောင် ထပ်ရလိုက်သေးတယ်။ :D

Zephyr said...

Congratulations to have a great, well-behaved daughter ...!!

But I wonder why you want to quit from job ....

Now, the prices are going up and job hunting also is becoming more difficult ...in Singapore ...

Anyway, I feel happy for your daughter .. she is so good ... so intelligent ...

And I wish to treat her what she wishes to have if I get chance to treat....

I am now living in Bedok and working at Eunos as a Software Engineer.

Wishing you and your family all the best .

Thant said...

ကိုပေါသမီးလေးက သိတတ်လိုက်တာ ။ တော်လည်းတော်တယ် ။ ရုံးဆင်းချိန်ကိုမှန်းပြီးကွက်တိဆက်တာ ။ တစ်ချက်ခုတ် နှစ်ချက်ပြတ် ။ အလုပ်မပြုတ်တော့ ကောင်းတာပေါ့ ။ အလုပ်မရှိဘဲနေရတဲ့ဘဝလောက်ပျင်းဖို့ကောင်းတာမရှိဘူး ။

ကိုပေါ said...

>> မုန်းစရာ … မဒမ်ပေါက ပိုအစားပုပ်တာခင်ည။ ဟာ… အိမ်မှာနေရတာ မပျင်းပါဘူး။ ပိုက်ဆံသာ လုံလုံလောက်လောက်ရှိမယ်ဆိုရင် အခုကတည်းက အနားယူလိုက်ချင်ပါရဲ့။

>> Ko Boyz … ကိုဘွိုင်းဇ်ရယ်…အဲသည်လို သံယောဇဉ်နှောင်ကြိုးတွေ အထပ်ထပ် ချည်နှောင်တာကြောင့် ကျွန်ုပ်မှာလည်း တရားဓမ္မ၌ မွေ့လျော်ချင်သော်လည်းး တောမထွက်နိုင်ဘဲ ရှိချေတာပေါ့။း-)

>> khin oo may ဒီတခါ ဦးစံရှားလုပ်တာ တော်၏။ မှန်၏။ ဂျူဝယ်အင်ကမ်း ၀မ်းကစ်ဒ်။ လောကကြီးက အမှန်ပင် ညှာတာထောက်ထားခြင်းမရှိပါပေ။

>> CMA …. မိန်းမစကား နားထောင်ငြား ကမ်းပါးကျောက်စောင်း ပုစွန်အောင်း၏…တဲ့ဗျ။

ကိစ္စမရှိ။ သြစတေးလျကို လာဖြစ်ရင် အဲသည်ကျမှ သမီးကို ၀က်ကောင်လုံးကင်ကျွေးတော့မယ်။

>> ကြည် … ဟုတ်တယ်။ ကျနော့်မှာ အလုပ်လုပ်ရမှာကို အချိန်မှားပြီး ငြီးငွေ့မိသလို ဖြစ်နေတယ်ခင်ဗျ။

>> သက်ပိုင်သူ … အံမယ်လေး…ချစ်စရာလေးတဲ့။ မဒမ်ပေါဆိုရင် ကျောင်းဆိုတဲ့ အသံကို ကြားတောင် မကြားချင်တော့ဘူးတဲ့။ စာလုပ်ရမှာ ပျင်းလို့။

>> Moe Cho Thinn …. သမီးကိုတော့ အိမ်မှာအတူနေတဲ့ သူ့အဖွားက ၀ယ်ကျွေးမကျွေးမသိ။ အဖေလုပ်သူကတော့ နေ့တိုင်းလိုလို ၀က်သားဟင်းနဲ့ ထမင်းစားမိတယ်။ (ကိုယ့်ကိုယ်ကို ရှေ့နေပြန်လိုက်ထားရတာ။) သမီးကလည်း သူ့ရပိုင်ခွင့်တွေတော့ သူသိပြီး ကောင်းစွာလည်း အသုံးချလေ့ရှိပါတယ်။

Zephyr …. မှန်ပါတယ်။ ယခု ကုန်ဈေးနှုန်းနဲ့ကတော့ မထွက်သင့်ပါဘူး။ ကျနော်လည်း ခဏတဖြုတ်လောက် နားချင်တာပါ။ တောက်လျှောက်တော့ မနားနိုင်သေးဘူးပေါ့ဗျာ။အဲ…တိုတို ပထမဆုပေါက်ရင်တော့ အမြဲတမ်း နားပြီဗျိုး။

သမီးကတော့….လိမ္မာပါတယ်။ စူပါမားကက်တွေက အရုပ်တွေကို ခဏလောက် ပွေ့ဖက်ကြည့်လိုက်ရရင် သူက ကျေနပ်တယ်။ အတင်းအကြပ်မပူဆာဘူး။ သမီးက အရုပ်တွေဘာတွေ ၀ယ်ခိုင်းရင် ၀ယ်မပေးဖြစ်တဲ့အခါမျိုးမှာ ကျနော်ကလည်း (အပြောင်အပြက်) ငိုပြရ်တယ်ဗျ။ “အံမယ်လေး…ဒီလိုသာဖြင့် ငါ့ပိုက်ဆံတွေတော့ သွားပါပြီ။ မွဲပါပြီပေါ့…အီးဟီးဟီး”…ပေါ့။ သမီးကလည်း အဲဒါဆိုရင် ရယ်လိုက်ရတာနဲ့ သူ့မှာ ကျေနပ်သွားရော။

မိတ်ဆွေလည်း အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Thant …. အဲဒီအချိန်က သမီးကျောင်းဆင်းချိန်လည်း ဟုတ်တယ်လေ။ အလုပ်မရှိတဲ့ဘ၀မှာ ခဏလောက်တော့ နေကြည့်ချင်သား။ ၀င်ငွေမရှိမှာကို မပူရဘူးဆိုရင်ပေါ့လေ။

တန်ခူး said...

အကြံကြီးတဲ့ကိုပေါ… သမီးလေးစိတ်ပူလဲပူချင်စရာ… အဖေအကြောင်းသိနေတာကို…

Anonymous said...

I Really Don't understand Why Some-Myanmar-People said that..." Nothing To do & boring during No-Work-Period ""...

If U don't have to worry about $$$ For-A-While, ALOT OF THINGS TO DO, LEARN & ENJOY IN SPORE.....lah.....During once-in Lifetime free-Period..?

Your VALUABLE- EDUCATED- ADULT- LIFE is not supposed to " STRUGGLE, SUFFER, TIRED, Etc...EveryDays in other people' Country....

Wake Up..???

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs