“ယိုကျလာသော အတွေးစများ”

Share |
ယိုသူမရှက် မြင်သူရှက်” တဲ့။

ဧကန္တတော့ တစုံတယောက်သည် လူမြင်ကွင်းတွင် ချေးထိုင်ပါခဲ့ဟန် တူသည်။

ဘာပဲဖြစ်ဖြစ် ဤဆိုရိုးစကားကိုကြည့်လျှင် မြန်မာလူ့အသိုင်းအ၀ိုင်းသည် လူမြင်ကွင်းတွင် ချေးယိုခြင်းကို ရှက်စရာဟု ယေဘုယျသဘော ယူဆလက်ခံထားကြောင်း သိနိုင်ပေသည်။

ရှေးအခါက နာမည်ကြီး ရဟန်းစာဆိုတဦး (ဘယ်သူလဲ???) ငယ်စဉ်ဘ၀ ဆွမ်းခံကြွရင်း မအောင့်နိုင်သဖြင့် လမ်းတွင်ပင် ထိုင်၍ မစင်စွန့်သည်ဆို၏။ မစင်စွန့်စဉ်အတောအတွင်း သပိတ်ကို ဦးခေါင်းတွင် စွပ်ထားလိုက်သေးသည်ဟူ၏။ အကြောင်းကို မေးသောအခါ “ဖင်က ရှက်တာမဟုတ်ဘူး။ ရှက်တာက မျက်နှာ။ မျက်နှာကို ကွယ်ထားလိုက်ရင် ရှက်စရာမလိုတော့ဘူး” အကြောင်းပြသည် ဟူသတတ်။ (သူ့အကြောင်းပြချက်နဲ့ သူတော့ ဟုတ်လို့ပ။)

သို့သော် သူ့အကြောင်းပြချက် ခိုင်လုံသလောဟူသည်မှာ စဉ်းစားစရာ ဖြစ်လာပြန်သည်။ အဘယ့်ကြောင့်ဆိုသော် ပွင့်ဖြူမြို့နယ် ကျောင်းတော်ဘုရား ၀န်းကျင်တွင် လည်ပေါ်အိမ်သာ အများအပြားရှိသောကြောင့်ပင်။ လည်ပေါ်အိမ်သာဟူသည် ခေါင်မိုးမရှိသော အိမ်သာ။ အိမ်သာထဲတွင် လူဝင်ထိုင်လိုက်ပါက အောက်ပိုင်းလုံခြုံသော်လည်း ပုခုံး လည်ပင်းနှင့် ဦးခေါင်းတို့မှာ အိမ်သာ အပေါ်ပိုင်း လူမြင်ကွင်းတွင် ပြူထွက်နေပေသည်။ ရုတ်တရက်ကြည့်လိုက်လျှင် စိန်ဗေဒါကြီး ပတ်ဝိုင်းထဲဝင်၍ လက်စွမ်းပြနေသလိုလို။

ကျနော်တို့မှာ ထိုအိမ်သာမျိုးနှင့် အသားမကျလှသော်လည်း ကျောင်းတော်ရာသူ၊ ကျောင်းတော်ရာသားတို့အတွက်ကား သည်ကိစ္စသည် ဖြစ်ရိုးဖြစ်စဉ်မျှသာ။ နေ့စဉ်နှင့်အမျှ အိမ်သာတက်ရင်း ခေါင်းကလေးတွေ ကိုယ်စီဖော်က အိမ်သာတက်နေသူအချင်းချင်း နှုတ်ဆက်စကားဆိုခြင်း၊ အလာပ သလာပ စကားပြောခြင်း၊ အတင်းတုပ်ခြင်းတို့ကို ပြုကြလေသည်။ ဤနေရာတွင် အထက်ကပြောခဲ့သည့် ကိုရင်ကြီး၏ “မျက်နှာက ရှက်သည်” ဆိုသော စကားမှာ မမှန်ကြောင်းကို တွေ့ရသည်။ သို့ရာတွင် အောက်ပိုင်းလုံခြုံနေသဖြင့် မျက်နှာက မရှက်လေသလောဟု ထပ်မံတွေးတောစရာရှိပေ၏။

တဖန် တီဇက်အေ၏ ပို့စ်တခု၌ အာရှသားကျောင်းသားတယောက်သည် ဂျာမဏီပြည်တွင် အိမ်သာတက်နေစဉ် အိမ်ရှင့်သမီးသည် ရေချိုးခန်းထဲဝင်လာကာ ၀တ်လစ်စလစ်ဖြင့် ရေချိုးသည် ဟူ၏။ ထိုအာရှသားမှာ အိမ်သာအိုးပေါ်၌ ညှစ်လက်စမဆုံးခင် ရှောင်ကြဉ်မပုန်းနိုင်သေး၍ ထိုင်ရမလို ထိုင်ရမလိုဖြစ်နေစဉ် ထိုမိန်းကလေး၏ မောင်ဖြစ်သူလည်း ထပ်မံဝင်ရောက်လာပြန်ကာ ၀တ်လစ်စလစ်ဖြင့် ရေအတူချိုးကြသည် ဆိုပြန်၏။ ထိုနေရာတွင် “မျက်နှာက ရှက်သည်၊ အောက်ပိုင်းက ရှက်သည်” ဆိုသော စကားများ မှန်မမှန်ကိုလည်း စဉ်းစားစရာ ဖြစ်လာပြန်သည်။

ချေးယိုခြင်း၊ အ၀တ်အစားမဲ့ခြင်း စသောကိစ္စများမှာ ရှက်သင့်သော ကိစ္စ ဟုတ်မဟုတ်ဆိုသည်ကား လူတဦးတယောက် (သို့မဟုတ်) လူ့အဖွဲ့အစည်းတခု၏ သတ်မှတ်ချက်ဖြစ်သဖြင့် တနေရာနှင့်တနေရာ မတူကွဲပြားနိုင်သော်လည်း အထက်ပါ ဖြစ်ရပ်များအပေါ် အခြေခံ၍ ကျွန်ုပ်အနေဖြင့် အတွေးစများ တသီတတန်းကြီး အချောင်ရလိုက်သည်။ ရေးစရာတွေလည်း ရလိုက်သည်။ ထိုအတွေးစများကို နားလည်နိုင်ရန်အတွက် စာရှုသူမိတ်ဆွေတို့အနေဖြင့် “လူမြင်ကွင်းတွင် ချေးပါခြင်း” သည် ရှက်စရာအမှုကိစ္စတခုအဖြစ် (သဘောတူတူ၊ မတူတူ) ယာယီ အစမ်းလက်ခံထားကြပါစို့။ (လက်မခံရင် လူမြင်ကွင်းကို ဆွဲထုတ်ပြီး အတင်းပါခိုင်းမယ်… ညှင်းညှင်း)

ပထမဦးဆုံး ကိုရင်ကြီးပြောသလို “မျက်နှာက ရှက်သည်” ဆိုသည်မှာ အချို့လူများအတွက်မှန်သည်ထင်၏။ အချို့လူများ၏ သဘာဝမှာ မိမိအမည်ရင်းဖြင့် မလုပ်ရဲသော၊ ရှက်စရာကောင်းသည်ဟု ယူဆသော အလုပ်များကို အမည်ဝှက်ဖြင့်သာဆိုလျှင် ရဲရဲကြီး လုပ်ဝံ့ကြသည်။ တနည်းပြောရလျှင် ရှက်စရာကောင်းသော အမှုကို ပြုတော့မည်ဆိုလျှင် အမည်ဝှက်ကို ဆွဲယူကာ အမည်ဝှက်၏ နောက်ကွယ်မှ ပြုမူ၊ပြောဆို၊ ရေးသားခြင်းပေတည်း။ အမည်ဝှက်ဖြင့် ပြုမူခြင်းသည် ကောင်းသည့်အမှုကို ပြုလုပ်ခြင်းဖြစ်ပါက အလွန်တရာ မွန်မြတ်လှသော်လည်း ဆိုးရွားသောအမှုကို အမည်ဝှက်နောက်ကွယ်တွင် ခိုလှုံပြီး ပြုကျင့်ပါက “ကိုရင်ကြီးတပါး ခေါင်းမှာသပိတ်စွပ်၍ လမ်းမအလယ် လူမြင်ကွင်းတွင် ချေးထိုင်ပါသည့်နှယ်” အကြည့်ရဆိုးလှပေသည်။

ဒုတိယအချက်မှာ “လည်ပေါ်အိမ်သာတက်သကဲ့သို့” အဖြစ်အပျက်တည်း။ တချို့သော လူများသည် ရှက်စရာအမှုကို ပြုနေသော်လည်း ထိုသို့ပြုနေသည့်အဖြစ်ကို မျက်စိဖြင့်တပ်အပ် မမြင်ရသရွေ့ မသိကျိုးကျင်ပြုကာ မျက်နှာပြောင်တိုက် လုပ်ဝံ့တတ်ကြပေသည်။ ဤနေရာတွင် ထိုသူတို့၏ လက်သုံးစကားမှာ “သိသာသိစေ၊ မမြင်စေနဲ့” ဟူသတည်း။

နောက်ဆုံးအချက်မှာ….. “တစုံတယောက် အိမ်သာတက်နေတုန်း အခြားတယောက်က ၀တ်လစ်စလစ်ဖြင့် ရေ၀င်ချိုးခြင်း” ကဲ့သို့ အမှုပင်တည်း။ အချို့သူများသည် လူမြင်ကွင်းတွင် မျက်နှာပြောင်ဖြင့် ချေးပါရသည်ကို မရှက်တတ်သကဲ့သို့ပင် လောကတွင် အချို့သူများသည်လည်း မကောင်းမှုကို ဆိတ်ကွယ်ရာတွင်သာမက လူမြင်ကွင်းတွင်ပါ မရှက်မကြောက်ပြုတတ်ကြပေသည်။

ဤသည်မှာ ကျွန်ုပ်၏ ဦးနှောက်မှ ယိုကျလာသော အတွေးစက်များ…အဲလေ…အတွေးစများပင်တည်း။

(မှတ်ချက်။……….။ ဤသို့ ပေါက်ကရပို့စ်ကို ရေးရကောင်းလားဟု စာဖတ်သူများ မျက်မာန်တော်ရှကြပါက ကျနော်အကောင်းစားလေး ကိုပေါအား ခွင့်လွှတ်ကြပြီး အိမ်သာအကြောင်းများကို မကြာမကြာ တခမ်းတနားရေးဖွဲ့လေ့ရှိသော ကိုဘွိုင်းဇ် အမည်ရှိ ဘလော့ဂါကိုသာ အပြစ်တင်တော်မူကြပါကုန်လော့။ ဤပို့စ်ကို ရေးရန် စေ့ဆော်သော အကြောင်းရင်းခံမှာ ဒင်း ဖြစ်ပါသည်။ ပို့စ်ကိုရေးရခြင်း အကြောင်းရင်းကို မေးတတ်လွန်းလို့ သူမမေးခင် ကြိုဖြေထားရတာ။ မှတ်ပလား..လီယိုနာဒိုဒါကိုဘွိုင်းဇ်။)

21 comments:

ZT said...

(ဘယ်သူလဲ ???) အဲဒါ။ ဗန်းမော် ဆရာတော်။ ဟဲဟဲ။ ဒီလောက်ကတော့ မှတ်မိသေးတယ်။

Myo Win Zaw said...

ကျွန်တော်ကြုံဖူးတာက ဂုန်နီအိတ်ကို အပေါ်အပြည့်ကာပြီး အောက်ပိုင်းလွတ်နေတဲ့ အိမ်သာပါ ဂုန်နီအိတ်မလောက်လို့လားတော့မသိ အိမ်သာကမြင့်ရတဲ့အထဲ အဝေးကလှမ်းကြည့်ရင် အောက်ပိုင်းတွဲလောင်းကိုထင်းကနဲဘဲ ဒါနဲ့ အိမ်ရှင် အဒေါ်ကြီးကို အောက်ပိုင်း နည်းနည်းနိမ့်ပြီး ပြန်ကာဖို့ ပြောတော့ သူက ရှက်တာကအပေါ်ပိုင်းပါ ငါ့တူရယ် မလုပ်ပါနဲ့လို့တားတယ်ဗျာ သူကတော့ ကိုပေါ ပြောသလို အရှက်ကမျက်နှာမှာပေါ့ ကျောက်ပန်းတောင်း ဆည်ပေါက်ကတော့ လွန်ခဲ့တဲ့ ၁၅နှစ်ကရောက်တော့ အိမ်သာတက်ခြင်လာ တယ် အချိန်က ညဦးပိုင်းဖြစ်တော့ ဆေးပေါ့လိပ်ပေးကာ အိမ်ရှင်ခေါ်တဲ့ သဲချောင်းထဲလိုက်သွားတယ် ပြီးတော့ ကိစ္စရှင်းပေါ့ လူသံကြားရင် ဆေးလိပ်မီးရဲအောင် ဖွာပြလိုက် သူလဲ တခြားနေရာသွား ဆေးလိပ် တဖွာဖွာနဲ့ ကိစ္စရှင်းတာပေါ့ ချောင်းရိုးတလျှောက် မှောင်မှောင်မည်းမည်း ဆေးလိပ်မီးတရဲရဲတွေ အများကြီးပေါ့ နံနက်ပိုင်းဘယ်လိုလုပ်သလဲလို့ အိမ်ရှင်မေးတော့ သဲချောင်းထဲစကော လေးယူသွားပေါ့တဲ့

တန်ခူး said...

တရုတ်ပြည်မှာဆို အိမ်သာက တံခါးမရှိ အကာမရှိတဲ့… ဒီအကြောင်းကို ဟိုတနေ့ ကပဲ အိမ်က အမျိုးသား သူ့ သွားတုန်းက အတွေ့ အကြုံပြောပြနေသေးတယ်…
ပေါက်ကရပို့ စ် မဟုတ်ပါဘူးကိုပေါရေ…
ရည်ရွယ်ချက်ကောင်းတဲ့ ပို့ စ်လေးပါ…

ဇနိ said...

ဒီမှာ တံခါးမရှိတဲ့ အိမ်သာ တွေ မျက်နှာခြင်းဆိုင်ထားတာ ထိုင်ဖူးတယ်...အစတော့ ရှက်ပေမယ့် နောက်တော့လည်း အိုကေသွားတာပါပဲ.. တစ်ယောက်နဲ့တစ်ယောက် မျက်နှာခြင်းဆိုင်ပေါ့ - မမြင်စေချင်ရင် သတင်းစာနဲ့ကာ.. မဟုတ်ရင် လူရှင်းတုန်း စောစောရှင်း..
း)

Anonymous said...

ကိုပေါ အလုပ်ရောလုပ်နိုင်ရဲ့လား

Ko Boyz said...

ပိန္နဲပင် ဆွဲထည့်ခံလိုက်ရတယ်...။
ပေါင်တာ့ရဲ ကယ်ပါ...။
တားကတော့ အကုန်ရှက်တယ်။ အိမ်သာတက်တာတောင် ဘေးခန်းက လူလာတက်နေရင် အီးတောင် ကျယ်ကျယ် မပေါက်ရဲဘူး။ မတော် အပြင်မှာ ဆုံမိရင် အီးကျယ်ကျယ်ပေါက်တာ ဒီကောင်ပေါ့ဆိုပြီး ကြည့်ခံနေရဦးမှာ...။ ရှက်ထှာ...။

Anonymous said...

နာ့ကိုချောင်းကျောနေရားတိဝူး...နာကျောဒါအရှေ့တိုမဲ
ကျောနေဒေါ့..နောက်က ပုချိုးရန်နေဒဲ့ကိစ္စကိုကျောဒါကို..
အော် ဒွတ်ခ..ဒွတ်ခ...

khin oo may said...

ရေဖွင့်ထားပါဒယ်။

ကိုပေါ said...

>>>>ZT..... ကျေးဇူးပဲဗျိုး။ ကျနော်က လုံးဝမမှတ်မိတော့ဘူးဗျ။

>>>>မျိုးဝင်းဇော်.... အဲသည်ချောင်းထဲ ရေမချိုးမိအောင် သတိထားမှ။

>>>>တန်ခူး..... အိမ်ကလူကို ပြောထား။ အန္တရာယ်ကို လွယ်မထားပါနဲ့လို့။

>>>>ဇနိ..... ရှေ့မျက်နှာ နောက်ထားပြီးတော့ဆိုတာ ဒီနေရာမှာ သုံးရမှာထင်တယ်။

>>>>အမည်မသိ.... စီးပွားပျက်ကပ် ဆိုက်နေပါတယ်ဆိုမှ။ ဘယ်မှာ အလုပ်လုပ်စရာရှိမလဲ။

>>>>ကိုဘွိုင်းဇ်.... ပိန္နဲပင်ကို ဆွဲထည့်တာမဟုတ်ပါဘူး။ လက်ပံသားကို ဓါးနဲ့ချိုင်တာပါ။ နောက်ဆိုရင် အိမ်သာထဲအီးပေါက်ချင်ရင် ဟဲန်းဖုန်းက Ring tone မြည်အောင် လုပ်ပြီး ရောချလိုက်။

>>>>အမည်မသိ.... သြော်...အရေးထဲ အိုးမလုံအုံပွင့်နေရသေးသကိုး။

>>>>မခင်ဦးမေ.... ကိုဘွိုင်းဇ်ကို အကြံပေးတာလား။

Ko Boyz said...

ဂျပန်မှာ ပတ်ဘလစ် အိမ်သာထဲ သီချင်းဖွင့်ထားပေးတယ်လို့ ပြောတယ်။ ဆိုတော့ သူတို့က အီးကျယ်ကျယ်ပေါက်တာ၊ ၀မ်းများများသွားတာ ဘေးလူ မသိဘူးလေ...။
နောက်ဆို ဖုန်းထဲက သီချင်းကို အကျယ်ကြီး ဖွင့်ထားမှ...။

ကေကေ said...

ကိုပေါရဲ့ အီးဋီကာကိုဖတ်သွားပါတယ်ဗျို့

ကိုပေါ said...

>>>> Boyz…. သင်ဟာလေ….အိမ်သာအကြောင်းကိုဆိုရင် သည်းခြေကြိုက်ပါတကား။ အိမ်သာအကြောင်းကိုပြောရမယ်ဆိုရင် မမောနိုင်မပမ်းနိုင်ပါတကား။

>>>> ကေကေ….. အီးဋီကာဖွင့်ရလိုက်ရတာ အသက်ရှူကို ကြပ်သွားတာပဲး-)

shin said...

Like your idea... you give to ko Boyz...ha ha ha...

Thant said...

ကိုပေါရဲ့စာကို အသက်အောင့်ပြီးဖတ်သွားပါတယ်း)

Ko Boyz said...

ဟွန့်... သူ့အိမ်သာပို့စ်ထဲမှာ အိမ်သာအကြောင်း မပြောလို့ နတ်သုဓ္ဒါအကြောင်း လာပြောရမှာလား ကိုကိုပေါငှဲ့...။

ကိုပေါ said...

>>>> shin….. ကိုဘွိုင်းဇ်အတွက် လက်ဆောင်မွန်လေ…း-)

>>>>Thant…. ပို့စ်က ဒီလောက်ရှည်တာ။ ကြားထဲမှာ နှစ်ခါလောက်တော့ နှာခေါင်းဖွင့်ပြီး တ၀ကြီး ရှူရှိုက်မိသေးတယ်မို့လား။း-)

>>>>ပုဂံပြည်မှ အိုဘွိုင်းဇ်ရာ….. အိမ်သာအကြောင်းပို့စ်တွင် နတ်သုဒ္ဓါအကြောင်း ပြောခြင်းငှာ မသင့်သော်လည်း သင်မူကား တဆိတ် မလွန်လွန်းပါစံ့။ ပဇာအရေးတို့နှင့် ပတ်သက်လာလျှင် ထမင်းမေ့ ဟင်းမေ့ ပြောနိုင်လွန်းခြင်းကို အတို့ကျွန် သတိထားမိသည်။ (ပုံ…. တူရွင်းတောင်ခြေမှ အညတရ ဓါးသမားလေး ကိုပေါ။)

Anonymous said...

“တစုံတယောက် အိမ်သာတက်နေတုန်း အခြားတယောက်က ၀တ်လစ်စလစ်ဖြင့် ရေ၀င်ချိုးခြင်း” ကဲ့သို့ အမှုပင်တည်း။ အချို့သူများသည် လူမြင်ကွင်းတွင် မျက်နှာပြောင်ဖြင့် ချေးပါရသည်ကို မရှက်တတ်သကဲ့သို့ပင် လောကတွင် အချို့သူများသည်လည်း မကောင်းမှုကို ဆိတ်ကွယ်ရာတွင်သာမက လူမြင်ကွင်းတွင်ပါ မရှက်မကြောက်ပြုတတ်ကြပေသည်။

WHO TOLD U “တစုံတယောက် အိမ်သာတက်နေတုန်း အခြားတယောက်က ၀တ်လစ်စလစ်ဖြင့် ရေ၀င်ချိုးခြင်း” IS SOMETHING "မကောင်းမှု"?

BTW IM Anonymous.

ကိုပေါ said...

Anonymous,

လူမြင်ကွင်း ချေးပါတာကို မကောင်းမှုလို့ ဘယ်သူမှ မပြောပါဘူး။ ရှက်ခြင်း မရှက်ခြင်းကို ပြောနေတာပါ။

ဒါကြောင့်လည်း အပေါ်ပိုဒ်မှာ လူမြင်ကွင်းထဲ ချီးယိုတာကို ရှက်စရာ လို့ (သဘောတူတူမတူတူ) အစမ်းသဘောလက်ခံကြဘို့ တိုက်တွန်းခဲ့တယ်။

တချို့လူတွေဟာ လူမြင်ကွင်းမှာ၊ တနည်း၊ တခြားလူရဲ့ မြင်ကွင်းအောက်မှာ ချေးယိုရတာ၊ အ၀တ်မဲ့ရတာကို မရှက်သကဲ့သို့ အချို့လူများဟာ မကောင်းမှုကို သူတပါးရဲ့ မြင်ကွင်းအောက်မှာ ပေါ်ပေါ်ထင်ထင်ပြုဝံ့ကြတယ်လို့ ရေးသားထားတာပါ။

Anonymous said...

I don't agree with you cause I'm from Kyaung Taw Yar and there is nothing like you said. Don't give msg like this cause you don't know anything.

ကိုပေါ said...

>>>> Hi Anonymous,
If you were from Kyaung Taw Yar, can you tell me please how is the huge Buddha's image in KTY pagoda is called, please? And also tell me the name of the man who opened the restaurant near the pagoda and he had daughter and sons who are very good "Chin Lone" players.

မျိုးမြင့်မောင် said...

စိတ်သာချ ကိုပေါ။ လုံးဝမပြောဘူး။ အဲဒီလို အမိဖမ်းလို့ကတော့ ဒီက ကြောက်လို့ တန်းနေအောင် ပြေးပြီပဲ။

(ဟဲဟဲ...Anonymous ကိုယ်စား ဖြေပေးတာ။)

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs