“ရေလယ်ခေါင် သောင်ထွန်း....”

Share |
လက်ဖက်စိုစား
သနပ်ခါးခြယ်
လွယ်အိတ်လွယ်
ဒါ...ကမ္ဘာမှာ မြန်မာပဲ လုပ်တာ
.............တဲ့။

၁၉၈၀-၉၅ ခုနှစ်များဆီတ၀ိုက်ထုတ်ဝေတဲ့ မြန်မာမဂ္ဂဇင်းတွေထဲက တခုမှာ ကဗျာဆရာတယောက်ရေးထားတဲ့ ကဗျာလေးပါ။

ဖတ်ကြည့်တော့ ဟုတ်သလိုလိုရှိသား။ ဒီလိုနဲ့ ကျနော့်ရင်ထဲမှာ ဒီကဗျာလေး နှစ်ပေါင်းများစွာ ကိန်းအောင်းလာခဲ့တာ ရာစီနား နဲ့တွေ့မှ ပွဲသိမ်းတော့တာကိုး။

ရာစီနားဆိုတာက စင်္ကာပူနိုင်ငံ ကော်မွန်းဝဲ့လ်သ် ဆိုတဲ့ ရပ်ကွက်မှာ ကျနော်တို့လင်မယား အိမ်ငှားနေတုန်းက အိမ်ရှင် မလေး (Malay) အမျိုးသမီး။ ရာစီနား သနပ်ခါးကြိုက်ပုံကတော့ တီဗီဖန်သားပြင်ပေါ်မှာ မြင်ရတဲ့ စိုးနန္ဒာထွန်းတို့၊ ထက်ထက်မိုးဦးတို့ ရှုံးသွားမယ်။

သိရသလောက် မလေးရှားက မလေးအမျိုးသမီးတွေလည်း သနပ်ခါးလိမ်းကြသဗျား။ ကျနော်တို့လိုပဲ ကျောက်ပျဉ်မှာ သွေးပြီး လိမ်းကြတာပေါ့။ အခုနောက်ပိုင်းမှာ သိပ်ခေတ်မစားတော့ပေမယ့် မလေးရှားရဲ့ တောဖက်ဒေသတွေ ချောင်ကျတဲ့နေရာတွေမှာ လိမ်းကြတုန်းခင်ဗျ။ ကျောက်ပျဉ်ကို စကားထာဝှက်ရင် “ရေလယ်ခေါင်သောင်ထွန်း နတ်သမီးနေတဲ့ကျွန်း”....တဲ့။

ကျနော်ငယ်ငယ်က အစ်မတွေကြားမှာ အငယ်ဆုံးမောင်လေးဆိုတော့ သနပ်ခါးတွေ မှုန်နေအောင်လိမ်းပေးခံရပြီး ကြက်တောင်စည်း၊ ဂါဝန်လေးနဲ့ မိန်းကလေးလို ပြင်ဆင်ပေးခံခဲ့ရတာကို ရေးရေးလေး မှတ်မိနေတယ်။

နောက်ပိုင်း အလယ်တန်းကျောင်းသားဘ၀မှာ သနပ်ခါးလိမ်းရမှာကို ရှက်လာတယ်။ ဒါပေမယ့် အထက်တန်းရောက်ပြန်တော့ မျက်နှာဝက်ခြံတွေပေါက်လာတာနဲ့ အိပ်ကာနီး တခါတလေ သနပ်ခါးလိမ်းတတ်သေးတယ်။

ဆယ်တန်းတုန်းက ကျနော့်သူငယ်ချင်း ကျော်ခင်ဆိုတဲ့အကောင် ကျောင်းလာတက်ရင် မျက်နှာပေါ်မှာ သနပ်ခါးတွေဆိုတာ ကျားနေတာပဲ။ သူ့ရဲ့ လင်ပန်းဝိုင်းလောက်ရှိတဲ့ မျက်နှာကြီးပေါ်မှာ ပါးကွက်ကြီးတွေသာမက နှာတံကလည်း အထင်းသား၊ နဖူးတည့်တည့်မှာလည်း ဗယာကြော်လောက် အရွယ်အစားရှိတဲ့ သနပ်ခါးအ၀ိုင်းတ၀ိုင်းပါသေးတယ်။ မျက်ခုံးမွှေးနှစ်ဖက်မှာလည်း သနပ်ခါးတွေဆိုတာ ကျွဲအမြီးမှာ ရွှံ့ကပ်သလို ပျစ်ခဲနေတာပဲ။

ဒီကောင်နဲ့က စက်မှုတက္ကသိုလ်မှာ ကျောင်းပြီးတဲ့အထိ မေဂျာတူ အတန်းတူ တက်ခဲ့ကြတာဆိုတော့ ဆယ်တန်းတုန်းက တတန်းတည်း အတူတက်ခဲ့တဲ့ ကောင်မလေးတွေက ကျနော်တို့နဲ့ အပြင်မှာ တခါတရံဆုံတွေ့ရင် “ကျော်ခင်တယောက် သနပ်ခါးလိမ်းတုန်းပဲလား” လို့ အမှတ်တရ မေးယူရလောက်အောင် သနပ်ခါးကြိုက်တဲ့ ပုဂ္ဂိုလ်ပါပဲ။

မြန်မာပြည်မှာ နေတုန်းကတော့ ကျနော့်မျက်စိထဲမှာ မိန်းကလေးတွေ သနပ်ခါးလိမ်းထားတာကို လှတယ်လို့ ခံစားမိတယ်။ မိန်းကလေးတွေဆီက သနပ်ခါးနံ့လေးသင်းနေတာကိုလည်း သဘောကျတယ်။

သီချင်းဆိုရင်လည်း “ရွှေဘိုသနပ်ခါးတုံးများ..ရန်ကုန်လိမ်းဖို့ယူ” တို့၊ “ညိုချောလေးရယ် ယဉ်ပါတယ်၊ ဘာကြောင့်များကွဲ့ ဖြူချင်တယ်၊ ညိုချောလေးရယ် ယဉ်ပါတယ်၊ ညိုလို့လှတဲ့ ညိုလှရယ်.....ညိုချောကို နံ့သာဖြူသတော့၊ မယ်ပပ မှိုင်လိမ့်မယ်....”တို့ စတဲ့ သီချင်းမျိုးလေးတွေကို ဆိုရ ညည်းရတာ အမော။

အခုတော့ အသက်အရွယ်တွေ ပြောင်းလဲခဲ့သလို အကြိုက်တရားတွေလည်း ပြောင်းလဲခဲ့ပြီ။ မိန်းကလေးတွေကို ပါးကွက်ကျားကြီးနဲ့ ဖြစ်စေ၊ သနပ်ခါးရေကျဲနဲ့ဖြစ်စေ မြင်ရတဲ့အခါ ကျနော့်မျက်စိထဲမှာ သိပ်လှတယ်လို့ မထင်တော့ဘူး။ ပကတိအသားအရေအတိုင်း မြင်တွေ့ရတာကို ပိုနှစ်သက်လာမိတယ်။ မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေလွှမ်းမိုးတဲ့ ယဉ်ကျေးမှုအောက်မှာ အနေကြာတာမို့ ကျနော့်ရဲ့ အကြိုက်ပြောင်းသွားတာလည်း ဖြစ်နိုင်ပါ တယ်။

ဒီနေ့ဒီအချိန် ကျနော့်ရှေ့မှာ သနပ်ခါးတွေ မှုန်နေအောင်လိမ်းထားတဲ့ မိန်းကလေးတွေကို တွေ့ရင် ဘာကြောင့်ရယ်မသိ....ကွမ်းယာဆိုင်ထိုင်တဲ့ အမျိုးသမီးလေးတွေကို ပြေးသတိရမိတယ်။ ဖြစ်နိုင်တာက ကွမ်းယာဆိုင်မှာ ကွမ်းယာရောင်းတဲ့ မိန်းကလေးတွေ အများစုကလည်း ရေမိုးချိုးသန့်စင်ပြီး သနပ်ခါးကို မှုန်နေအောင် လိမ်းကြလို့ပဲ ထင်ပါရဲ့။

သနပ်ခါးနဲ့ ပတ်သက်လို့ ဂျူးရဲ့ ၀တ္ထုတို တပုဒ်ထဲမှာ ဖတ်ခဲ့ရဖူးတယ်။ သူ့ဇာတ်လိုက်ကောင်မလေးက တိုးရစ်ဂိုက် လုပ်တာလေ။ နိုင်ငံခြားသားတွေက မြန်မာမတွေ သနပ်ခါးလိမ်းတာကို မြင်တော့ “ဘာအတွက် လိမ်းတာလဲ” လို့ မေးသတဲ့။ သူ့ဇာတ်လိုက်မကလေးက “အလှအပအတွက် လိမ်းတာပေါ့” လို့ ပြန်ဖြေတဲ့အခါ နိုင်ငံခြားသားတွေက မသိမသာ နှာခေါင်းရှုံ့ကြသတဲ့။

ဖြစ်နိုင်ပါတယ်။ ကိုယ့်မျက်စိထဲမှာ လှနေပေမယ့် သူတို့မျက်စိထဲတော့ လှချင်မှ လှမှာကိုး။ နောက်တော့မှ ကောင်မလေးက ပါးနပ်သွားပြီး “ဘာအတွက် လိမ်းတာလဲ” လို့ မေးလာတဲ့အခါတိုင်း..

နင်တို့ဆီမှာ အသားလှအောင် Skin Care တွေ လိမ်းကြသလိုပဲ ဒီမှာ သနပ်ခါးကို လိမ်းကြတယ်။ မြန်မာပြည်က နေပူတော့ သနပ်ခါးက နေမလောင်အောင် ကာကွယ်ပေးတယ်။ အသားအရေကို ချောမွေ့စေတယ်။ လိမ်းထားရင် အေးအေးမြမြလေး နေလို့ကောင်းတယ်။ ၀က်ခြံတို့ တင်းတိတ်တို့ ပျောက်စေတယ်။ ဟောဒီမှာ စမ်းကြည့်ပါလား

.....ဆိုပြီး ပြောပြောဆိုဆို သနပ်ခါးသွေးထားတာကို လက်ဖျံပေါ်မှာ လိမ်းပေး၊ မွှေးခိုင်းကြည့်၊ အေးမြတဲ့အထိအတွေ့ကို လက်တွေ့ခံစားခိုင်းကြည့်မှ နိုင်ငံခြားသားတွေလည်း “သနပ်ခါးတုံးတွေ၊ ကျောက်ပျဉ်တွေ၊ သနပ်ခါးအခဲတွေ” ပါ မှာယူသွားတဲ့အထိ ဖြစ်တယ်လို့ဆိုတယ်။

စင်္ကာပူမှာလည်း မဒမ်ပေါရဲ့ မိတ်ဆွေ စလုံးမက သနပ်ခါးကျောက်ပျဉ် လိုချင်တယ်ဆိုလို့ တခါ လူကြုံနဲ့ မှာယူဘူးပါရဲ့။ အိမ်မှာ အစမ်းသွေးကြည့်လိုက်တော့ လားလား... ဘိလပ်မြေတွေ အလိပ်လိုက်ထွက်လာတယ်။ အင်း....သူဟာက ကျောက်ပျဉ်မဟုတ်...ဘိလပ်မြေပျဉ်...အင်္ဂတေပျဉ်ကြီး ဖြစ်နေတာကိုး။ မစမ်းဘဲနဲ့ ပေးလိုက်မိရင်တော့ မျက်နှာပျက်စရာပဲ။

အခုတော့ စင်္ကာပူက တီဗီကြော်ငြာတခုမှာ “သနပ်ခါး” ကို အင်္ဂလိပ်လို စာလုံးပေါင်းနဲ့ မိတ်ကပ်၊ အသားလှမိတ်ကပ်တွေ ကြော်ငြာတာ တွေ့လိုက်ရတယ်။ သနပ်ခါးယဉ်ကျေးမှုက ဒီဖက်ကို ထိုးဖောက်လာတာများလားလို့လည်း တွေးလိုက်မိတယ်။

ဘာပဲဖြစ်ဖြစ်လေ....ကျနော်ပြောချင်တာက အကြိုက်တရားဆိုတာ ပြောင်းလဲတတ်တယ်။ တရားသေမရှိဘူး။ နောက်ပြီးတော့ တယောက်နဲ့တယောက် အကြိုက်တရားဆိုတာလည်း မတူနိုင်ဘူးဆိုတာကိုပါ။

4 comments:

ZT said...

သနပ်ခါးနံ့မွှေးတဲ့ ပါးပြင်နဲ့ မိတ်ကပ်နံ့မွှေးတဲ့ ပါးပြင် ဘယ်ဟာ ပိုနမ်းလို့ ကောင်းမလဲ မသိဘူးနော်။ ဟီးဟီး။

Thant said...

ရုံးက အစ်မတွေကတော့ သန့်ကိုဘာလိမ်းတာလဲလို့မေးတယ် ။ သနပ်ခါးလိမ်းတာဆိုတော့ သူတို့လဲ လိမ်းချင်လို့တဲ့ ။ အဲဒါနဲ့ တရုတ်က ကောင်မလေးတစ်ယောက် ၊ မလေးက တစ်ယောက် ၊ ဖိလစ်ပင်း က တစ်ယောက် နဲ့ စလုံးကအန်တီတစ်ယောက်အတွက် သနပ်ခါးတုံးနဲ့ ကျောက်ပြင်ဝယ်ပေးလိုက်ရတယ် ... ဟိ.

Kaung Kin Ko said...

ယဉ်ကျေးမှုတွေကတော့ ဒီလိုပဲ ဆက်တည်မြဲတဲ့ဟာ တည်မြဲ၊ ဝတ်မှုန်ကူးတဲ့ဟာကူး၊ ပြောင်းတဲ့ဟာပြောင်း၊ ပျောက်တဲ့ဟာပျောက်သွားမှာပဲ၊ အနိစ္စတရားပဲပေါ့ဗျာ။ ကိုယ်နှစ်သက်တဲ့ဟာကို မပျောက်ပျက်အောင်တော့ အနုပညာတွေနဲ့  သိမ်မွေ့ တဲ့ နည်းတွေနဲ့ အားဖြည့်ပေးရမှာပေါ့။ ကျောက်ခေတ်ကနေ ဒီလိုဖြစ်လာတာကိုက ယဉ်ကျေးမှုတွေကို အပြန်အလှန် မွေးစားလာခဲ့လို့ ပဲလေ။ သနပ်ခါးနံ့ ပါတဲ့ သီချင်းလေးတွေ၊ ကဗျာလေးတွေကိုတော့ ချစ်တုန်းပဲ။ ကိုယ်ချစ်တဲ့သူဆိုရင် သနပ်ခါးပဲ လိမ်းလိမ်း မိတ်ကပ်ပဲ လိမ်းလိမ်း ဘာမှ မလိမ်းပဲနေနေ အကုန်လုံး မွှေးမယ်ထင်တာပဲဗျာ။

ကိုပေါ said...

>>>>ZT..... ကောင်လေးကြည့်ရတာ ရည်းစားထားဘူးသေးပုံမပေါ်...ဟိ။

>>>>Thant..... ကြည့်ရတာ လူကလည်း လှလို့ ဖြစ်ပါလိမ့်မယ်။

>>>> ကောင်းကင်ကို.... မွှေးတုန်းချစ်တယ်..နံရင်ပစ်ပယ်...ဖူးငုံဖူးငုံ ချစ်ပန်းလေးကို...။ မှန်တာပေါ့ဗျာ ချစ်ဖို့ကတော့ လိုသေးတာပေါ့။ တော်ကြာ မချစ်သော်လည်း အောင့်ကာနမ်းနေရလျှင် မနိပ်သေးဘူးလေ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs