“နိုင်သလောက်ပဲ လုပ်ကြပါဗျိုး”

Share |
ဇန်န၀ါရီလ ၁ ရက်နေ့မှာ မင်္ဂလာဆောင်သွားတဲ့ သူငယ်ချင်း (သော်နဲ့မော်)ရဲ့ အိမ်တက်အလှူကို မနေ့က သွားစားဖြစ်တယ်။ ဘုန်းတော်ကြီးတွေကို အာရုံဆွမ်းကပ်ပြီး လူတွေကိုတော့ ထုံးစံအတိုင်းနေ့လည်စာ ကျွေးတာပေါ့။

အဲသည်သူငယ်ချင်းမှာ ချစ်စရာကောင်းတဲ့ အချက်တချက်ရှိတယ်။ အခြားမဟုတ်။ မင်္ဂလာဆောင်တုန်းကလိုဘဲ၊ ရင်းနှီးသူ လူအနည်းအကျင်းကိုပဲ ရွေးပြီး ဖိတ်ကြားထားတာ။ ကျနော်တို့က (ထုံးစံအတိုင်း) အစောကြီးရောက်သွားတော့ အိမ်ရှင်သူငယ်ချင်းနဲ့အတူ ပထမဦးဆုံး စားကြရတဲ့သူတွေ။ ထမင်းဟင်းကလည်း အလျှံပယ်၊ အချိုပွဲတွေနဲ့ စကားစမြည်ပြောရင်း နေ့လည်စာစားဖြစ်ခဲ့တယ် ဆိုပါတော့။ (ငပိထောင်းက ရှယ်ပဲဗျိုး။)

စင်္ကာပူက အလှူအိမ်တွေမှာ နေ့လည်စာ သွားစားခဲ့သမျှ ပွဲတွေအနက် ကျနော်စိတ်တိုင်းအကျဆုံး ပွဲ ၂ ပွဲမှာ ဒီကနေ့ပွဲကလည်း တပွဲပါ။ ကျန်တပွဲကတော့ ကျနော့်ကျောင်းနေဖက် သူငယ်ချင်းစုံတွဲတတွဲ (ထက်နဲ့စန္ဒာ)ရဲ့ သမီးလေးမွေးနေ့ပွဲတုန်းပါ။ အဲဒီအတွက် သက်ဆိုင်ရာ သူငယ်ချင်းတွေဖြစ်တဲ့ (သော်၊မော်၊ထက်နဲ့စန္ဒာ)ကို ကျေးဇူးတင်တယ်လို့ ဒီနေရာကနေ ထပ်လောင်းပြောလိုက်ပါတယ်။

အဲဒီပွဲနှစ်ပွဲကို စိတ်တိုင်းကျသလောက် စိတ်တိုင်းမကျခဲ့ရတဲ့ အလှူပေါင်း မြောက်မြားစွာအတွက် ကျနော့်မှာ ရေးစရာလေးတွေ ပေါ်လာခဲ့ပါတယ်။

စင်္ကာပူရောက် မြန်မာလူမျိုးတွေဟာ အိမ်တက်အလှူပွဲတွေ၊ သားသမီးမွေးနေ့မင်္ဂလာအလှူပွဲတွေ လုပ်တတ်ကြပါတယ်။ များသောအားဖြင့် အိမ်မှာပဲ ကျင်းပကြတာပေါ့။

တချို့သောအလှူရှင်တွေဟာ အိမ်အနေအထားနဲ့ လုံးဝမမျှအောင် မိတ်ဆွေတွေကို အများကြီး ဖိတ်ထားတဲ့အခါ ကြွရောက်ချီးမြှင့်ကြတဲ့ ကိုရွှေဧည့်သည်အပေါင်းခမြာ စားရဘို့အရေး ကိုယ့်အလှည့်ရောက်အောင် အကြာကြီး စောင့်ကြရတော့တာပေါ့။ ကျနော်လို ဟင်းနံ့ကျွေးနံ့ရရင် ဗိုက်ဆာတတ်သူမျိုးဆိုရင် အင်မတန် ဒုက္ခရောက်ပါတယ်။

တချို့အိမ်တွေမှာဆိုရင် အိမ်အတွင်းမှာ မဆန့်လို့ အိမ်အပြင်ကို ဆိုဖာတွေ၊ ကုလားထိုင်တွေ၊ ဖင်ထိုင်ခုံအပုတွေ ထုတ်ပြီး ထိုင်စောင့်ရတယ်။ တချို့ “ဘူဖေး”လိုမျိုး ကျွေးတာဆိုရင်တော့ မစောင့်နိုင်ကြတဲ့ ဧည့်သည်တွေက ကော်ရစ်ဒါမှာ၊ ဖိနပ်ချွတ်မှာ မိုးတိုးမတ်တတ်သော်လည်းကောင်း၊ ခုံပုလေးတွေမှာထိုင်၍သော်လည်းကောင်း စားကြရတာလည်း ရှိတယ်။

ကျနော့်(တဦးတည်း)အမြင်အရဆိုရင် အဲဒီ မြင်ကွင်းတွေဟာ အင်မတန် အကျည်းတန်၊ အရုပ်ဆိုးတယ်။ (သဘောတူချင်မှ တူကြပါ။) မြန်မာလူမျိုးမဟုတ်တဲ့ ဘေးအိမ်တွေက မြင်ရင်လည်း ကိုယ့်လူမျိုးအပေါ် အထင်သေးစရာဖြစ်မယ်။

စားပွဲဝိုင်းမှာ ထိုင်စားခွင့်ရတဲ့သူတွေကလည်း နောက်လူတွေကို အားနာတဲ့အတွက် အေးအေးလူလူ မစားနိုင်ကြရှာဘူး။ တချို့ အလိုက်မသိ အကြာကြီး ထိုင်စားနေတဲ့ လူမျိုးတွေလည်း ရှိတော့ရှိတယ်။ ဘာပဲဖြစ်ဖြစ် ဧည့်သည်အများစုမှာ အချင်းချင်း စကားစမြည်လည်း ကောင်းကောင်း ပြောခွင့်မသာတော့ဘူး။

ဒါက နေရာအခက်အခဲကိုပဲ ပြောသေးတာ။ တချို့အလှူရှင်ကျတော့လည်း အလှူလုပ်နေပြီး ပေသီးခေါက်နေကြသေးသဗျ။ ကျွေးမွေးတဲ့နေရာမှာ နှမြောတွန့်တိုစိတ်က မပျောက်ချင်ဘူး။ စင်္ကာပူမှာ ဘုန်းဘောလအော ၀ယ်လို့ရတဲ့ ကြက်သားလိုဟာမျိုးကိုတောင် ဧည့်သည်တယောက် ကြက်သားသေးသေးတတုံးကျ တွက်ချက်ပြီး ကျွေးချင်ကြတာ။ တခါကဆို ကျနော့်မှာ ကြက်သားပေါင်တုံးသေးသေးလေးနဲ့ပဲ ပြည့်စုံလိုက်ရတယ်။ နောက်ထပ် ထပ်တောင်းတော့လည်း မလာတော့ဘူး။ ဘယ်လိုလဲဗျာ..... ဧည့်သည်တွေကို မီးဘေး၊ လေဘေးဒုက္ခသည်စခန်းမှာ ကျွေးသလို ကျွေးကြတော့မလို့လား။

အအေးဆိုလည်း ခွက်ခြင်နဲ့ တိုက်သလား အောက်မေ့ရတယ်။ အဲဒါကလည်း သိပ်တော့ မဖြစ်သင့်ဘူးဗျ။ တကယ်တော့ လူတွေအနေနဲ့ ရှားရှားပါးပါး အားလပ်ရက်ကလေးမှာ အချိန်ကို ဖဲ့ပြီး ခင်မင်မှုနဲ့ လာကြရတာ။ တချို့ဆိုရင် အခြေအနေအရပ်ရပ်ကြောင့် တက္ကစီ ငှားပြီး လာကြရတာ။ အလာကြီးလာပြီးကာမှ အစားအသောက်ကလည်း မလောက်မငှ၊ နေရာကလည်း မလောက်မငှ၊ မိတ်ဆွေသူငယ်ချင်းအချင်းချင်းလည်း အေးအေးလူလူ စကားပြောခွင့်မရဆိုတာကျတော့ မဖြစ်သင့်ဘူးလို့ ကျနော်ထင်တယ်လေ။

တချို့ကျတော့လည်း နှမြောတွန့်တိုလို့ မဟုတ်ပေမယ့် လာဝိုင်းကူတဲ့ လူတွေရဲ့ စိတ်မထားတတ်မှုကြောင့်သော်လည်းကောင်း၊ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်သော်လည်းကောင်း အကွက်မစေ့ဘူး။ တချို့ဧည့်သည်တွေမှာ ဟင်းချိုမရလိုက်တာတို့၊ ဇွန်းမရှိတာတို့၊ အချိုပွဲ မစားလိုက်ရတာတို့တွေ ဖြစ်ကုန်တယ်။

တချို့ဧည့်သည်တွေမှာ ရှေ့က ရောက်နှင့်ပြီးတော့ အကြာကြီးစောင့်သော်လည်း နေရာမရနိုင်။ နောက်မှ ရောက်လာသူက ၀င်လာရင်းနဲ့ နေရာလွတ်မှာ အခန့်သား ၀င်ထိုင်သွားတာမျိုး။ အင်း....စောစောရောက်တဲ့ ဧည့်သည်ကို ခေါ်နှိပ်စက်တာနဲ့ တူမနေပေဘူးလား။

ဒါကြောင့်လည်း မွေးနေ့တွေ၊ အိမ်တက်တွေဆိုရင် ကျနော်က ကြိုမေးတတ်တယ်။ လူဘယ်နှစ်ယောက် ဖိတ်ထားသလဲပေါ့။ လူများတယ်ဆိုရင် ဘယ်လောက်ခင်ခင် မသွားတော့ဘူး။

ကျနော့်သဘောက အိမ်တက်တွေမှာ လူများများ ဖိတ်ချင်တယ်ဆိုရင်.....

(၁) စားပွဲ၊ ကုလားထိုင် အလုံအလောက် ငှားပါ။ မြန်မာတွေဟာ အခု စင်္ကာပူနေရာအနှံ့မှာ ရှိတဲ့အတွက် ကိုယ်နဲ့ တတိုက်တည်းမှာ ရှိတဲ့ မြန်မာတွေနဲ့ ရင်းနှီးရင် အကျိုးအကြောင်း ပြောပြငှားပါ။ ဒါမှမဟုတ် တနေရာရာက ပိုက်ဆံနဲ့ တနေ့တာအတွက် ငှားရမ်းပါ။

(၂) ကူလုပ်မဲ့ အိမ်သား များများစားစား မရှိရင်၊ ရင်းနှီးတဲ့ မိတ်ဆွေတွေထဲက အလှူနေ့ကျရင် လုပ်အားပေးဖို့ အကူအညီတောင်းပါ။

(၃) ကိုယ်ဘယ်လို ကျွေးချင်တာလဲဆိုတာ ဧည့်သည်တွေ မရောက်ခင်ကတည်းက (အလှူနေ့မတိုင်မီ တရက်ကတည်းက) အသေအချာ အစီအစဉ်ကို ဆွဲထားပြီး ကူညီမယ့်လူတွေကို သဘောပေါက်အောင် ပြောပြထားပါ။

(၄) ကျွေးတဲ့နေ့ကျရင် အိမ်ရှင်က အသေးစိတ် ၀င်မပါနဲ့တော့။ ဧည့်သည်တွေကို နှုတ်ဆက်နေရာချထားရမယ်။ ဧည့်ခံရမယ်။

(၅) အစားအသောက်ကို မှန်းထားတာထက် ပိုမှာယူပါ။ ပိုချက်ပါ။ ပိုရင် မိတ်ဆွေတွေကို ထုတ်ပိုးပြီး ဝေလိုက်လို့ရပါတယ်။ လိုနေရင်သာ မျက်နှာပူဖို့ ကောင်းတာပါ။

(၆) အရင်းနှီးဆုံး မိတ်ဆွေတွေကိုပဲ ရွေးဖိတ်ပါ။ သိပ်မရင်းနှီးတဲ့လူတွေကို သွားဖိတ်ပြီး ငြင်းရမှာ အားနာလို့လာရရင် လာရသူအဖို့လည်း မကောင်းသလို အိမ်ကြပ်တာပဲ အဖတ်တင်ပါမယ်။

(ရ) အိမ်က အရမ်းကျဉ်းတယ်ဆိုရင်ဖြင့် ဘုန်းကြီးကျောင်း သို့မဟုတ် အိမ်အနီးအပါးက အခမ်းအနားလုပ်လို့ရတဲ့နေရာ (void deck လိုမျိုး) မှာ အလှူကို လုပ်ပါ။ ကိုယ့်အိမ်က အခင်းအကျင်းနဲ့ ပရိဘောဂ ကို ကြွားချင်ရင် နောက်မှ မိတ်ဆွေတွေကို နည်းနည်းချင်း အလည်အပတ်ခေါ်ရင်း ကြွားပေါ့။

ကျနော်ဆိုလိုတာက အကုန်အကျများမှာစိုးလို့ဆိုရင်လည်း နိုင်သလောက်ပဲလုပ်ပါ၊ လူတရာကို မကောင်းတရောင်းကျွေးမယ့်အစား လူ ၅၀ ဆယ်ကို ကောင်းကောင်းမွန်မွန် ကျွေးလိုက်ပါ။

အဲ...... လူဘယ်နှစ်ယောက်ပဲဖြစ်ဖြစ်. နှမြောတတ်တယ်ဆိုရင်တော့ နာမည်ကောင်းလိုချင်မနေပါနဲ့တော့။ ဘုန်းကြီးလောက်ပဲ ပင့်ပြီး ဆွမ်းကပ်လိုက်တာဟာ အကောင်းဆုံးပါပဲ။

(အင်း.... ဒီပို့စ်ကို မနေနိုင်လွန်းလို့သာ ရေးလိုက်ရတာ။ စားပေါက်ပိတ်ကိန်းတော့ မြင်နေတယ်။)

ဘလော့ဖတ်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
အိမ်တက်အလှူ မင်္ဂလာယူ လာသူကိုလည်း ဧည့်ဝတ်ကျေ။

9 comments:

khin oo may said...

စလုံး အိမ်မှာ တစ်ခါ မှ အလူမလုပ်ဘူးပါ..အိမ်မှာ မလုပ်တော့ကျောင်းမှာလဲ မလုပ်ဘူးပါ။ သူများကဖိတ်လ္လဲု၁၀ ခါ ဖိတ်မှ တစ်ခ်ါသွားပါသည်။ နောက်ပိုင်း ဘယ်သူကမှ မဖိတ်တော့ပါ။ ကိုပေါဖိတ်လျင်တော့လာပါမည်။

khin oo may said...

ကျနော်တို့က (ထုံးစံအတိုင်း) အစောကြီးရောက်သွားတော့


(ယုံပါတယ်။ ယုံပါတယ်။ )

ကိုပေါ said...

>>>> မခင်ဦးမေ..... အာ.... မခင်ဦးမေကို ဖိတ်ရမှာပေါ့။ လူတထောင်လောက် ဖိတ်တဲ့ အိမ်တက်အလှူ လုပ်ဖြစ်တဲ့ အခါကျရင်လေ။ တန်းစီရမယ်။း-)

စောစောသွားရခြင်းအကြောင်းကတော့ “စောစောထသော ပိုးကောင်သည် ငှက်စာဖြစ်၏” ဆိုတဲ့ စကားပုံအတိုင်းပါပဲ။

khin oo may said...

ဟင်..အိမ်ဝယ်ပြီးတာ ကြာလှပြီ.. အိမ်တက် မလုပ်ရသေးဘူး.

ကိုပေါ said...

>>>> မခင်ဦးမေ..... အလှူလုပ်ဖြစ်ရင်လို့ ပြောတာ။ စကားပြော မွှားသွားလို့။ အိမ်တက်က လုပ်ပြီးသွားပြီခင်ည။ ဘုန်းကြီးကို အိမ်မှာဆွမ်းကပ်ပြီး လူတွေကိုတော့ အရှေ့ဘက်ကမ်းခြေမှာ BBQ pit တခု ငှားရမ်းပြီး ပျော်ပွဲစားထွက်လိုက်ပါတယ်။

M.Y. said...

အစစ်ပဲ..


နေရာအကျပ်အတည်းကတော့ စလုံးအိမ်တွေရဲ့ သဘာဝမို့ ခွင့်လွှတ်ရမှာပါပဲ။ မြန်မာ့ဓလေ့အစဉ်အလာ လဲထိန်းသိမ်းရဦးမှာကိုး။ နောက်တစ်ခုက တကယ်ခင်တဲ့လူအနည်းစုပဲရွေးဖိတ်တယ်ဆိုတာကလဲ၊အဖိတ်မခံရဘဲသတင်းကြားတဲ့လူက သူ တို့ ဟာတကယ်ခင်တဲ့ထဲမပါဘူးဆိုပြီး မခေါ်မပြော၊မိတ်ပျက်တဲ့အထိဖြစ်သွားနိုင်သေးတယ်လေ။ ဒါလဲကျွန်တော်တို့ မြန်မာ့ဓလေ့တစ်ခုပဲကိုး။

ကိုပေါတင်ပြချက်များကအလွန် သတိထားသင့်သော အချက်များဖြစ်ပါတယ်။ ဖိတ်တဲ့လူအရေအတွက်နဲ့ မျှအောင်
်၊စားပွဲဝိုင်းကိုလဲ ၊လေး၊ငါးဝိုင်းလောက်၊(ဖြစ်နိုင်ရင် အိပ်ခန်းကိုပါခဏရှင်းပြီး)စားပွဲခင်းထားမယ်။ ဒါဆို လူနှစ်ဆယ်လောက်တစ်ခါထဲဧည့်ခံနိုင်မယ်။ နောက်အရေးအကြီးဆုံးအချက်ကတော့ ဖိတ်ရမယ့်လူကတကယ်များများဖိတ်ချင်တယ်၊မဖိတ်လို့ လဲမဖြစ်ဘူးဆိုရင်တော့ အချိန်ခွဲပြီးဖိတ်သင့်တာပါပဲ။
လာတဲ့လူတွေလဲသဘောပေါက်မယ်လေ။ကိုယ့်ကိုဖိတ်တဲ့အချိန်ကျော်ထိနေချင်ရင်တော့ ခုနကလိုကော်ရစ်ဒါမှာချထားတဲ့ခုံအပိုတွေမှာစကားထိုင်ပြောလို့ ရမှာပဲ။
ရိုးရာလဲမပျက်အောင်၊အားလုံးလဲပျော်အောင်၊အလှုလဲထမြောက်အောင်တွေးကြည့်တာပါ။ မဟုတ်ရင်တော့ [(တစ်ခါတစ်လေမှာတချို့ သော)(ကွင်းစကွင်းပိတ်နှင့်ရေ၊းပါသည်)] ရွှေမြန်မာများ အိမ်တက်အလှုလုပ်တာဟာ၊ အလှုသဘောထက် ၀ယ်ထားတဲ့ အိမ်ကိုခေါ်ပြသလို သက်သက်ကြီးဖြစ်နေသလားလို့ ..

Life is for Success said...

Hi

I agree with u. here do any ah lu very difficult to do coz of space problem. The best way is arrange the timing, n then one time around maximum 7 person is the best way to do....

ကိုပေါ said...

>>>>ကမောင်ရင်.... “သူလည်းလေ လောကီသားပေမို့...” ဆိုသလိုပေါ့ ခင်ဗျာ။

>>>>Life is for Success.... ဟုတ်တယ်။ အချိန်အပိုင်းအခြားအလိုက် (သို့မဟုတ်) စားပွဲ ငါးဝိုင်းလောက် ဆိုရင် ပြဿနာပြေလည်နိုင်တယ်။

Anonymous said...

Ko Paw,

i can hear criticism and people cringing :)
that's the problem with urbanites and this country's space.
if i get invited to such event, i tried to go as late as possible :)
if the food is finished then its just my luck.
i don't want to stand and wait like u mentioned.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs