“အတွင်းကြေ”

Share |
“အတွင်းကြေ”
(ရေးသူ----မောင်သူ)


မွန်းကြပ်ပိတ်လှောင်နေတဲ့
တိုင်းပြည်ရဲ့ ပျိုမြစ်ခြင်းတွေဟာ
မသာလှည်းပေါ် ဒရွတ်ဆွဲတင်ခံရ
ခိုးကြောင်ခိုးဝှက်
ပြီးတော့ ရွံ့တွံ့တွံ့အမူအယာတွေနဲ့
ပစ္စက္ခဒုက္ခနွံထဲ အတွင်းကြေ ကြေနေခဲ့ရ။

မိခင်တို့ရဲ့ မျက်ရည်တွေကို
အစမ်းသပ်ခံကစားပွဲထဲ သွန်းလောင်းထည့်နေသူတွေက
သံသရာစက်ဝန်းကို မျက်ကွယ်ပြုဖို့
လီဗီယာသန့်(Leviathan)ကို အကိုးအကားပြုနေကြတော့
အသိတရားတွေဟာ ခါးသီးခဲ့ကြရပေါ့။

ရူးမိုက်မှုတွေဟာ ပြန့်ကျဲနေဆဲ
ဝရုန်းသုန်းကားအနာဂတ်ကိုလည်း နင်းချေထား
အချိန်ရဲ့ သမိုင်းအကျဉ်းကို ပြန်ကြည့်တော့
၁၈ နှစ်လို့ ပြောသူကပြော
၄၄ နှစ်လို့ ပြောသူကပြော
ကျွန်ဘ၀မှာ ပျော်ဝင်ကြပုံကတော့ အတူတူ။

ပြန်တွေးကြည့်မိ
မည်းညစ်ညစ်လမ်းမပေါ်
အသက်ဝိညာဉ်တွေ အတုံးအရုံးလဲပြိုကြတဲ့နေ့စွဲတွေကို
ကျည်ဆံ၊ ရိုင်ဖယ်၊ ခလုတ်၊ လက်ညှိုး၊ ပစ်မှတ်၊ လားရာ
နေခြည်နွေးနွေးအောက်
လျှပ်တပြက်ခြေဆန့်
နှလုံးကိုဆုတ်ဖြဲ
ဦးခွံကို ခြေမွ
လည်မျိုကိုဖောက်ထွင်း
ကျိန်စာသင့်ဝိညာဉ်တွေဟာ ရုပ်ခန္ဓာများကို ချန်ထားခဲ့။

အစုလိုက်အပြုံလိုက်အရည်ဖျော်ပစ်
ဒါကိုငြိမ်းချမ်းမှုလို့
တရားမဲ့နတ္ထိဝါဒီတွေက ကမ္ဗည်းတပ်ခဲ့။
ဒီမိစ္ဆာတွေပဲလေ
သွေးနဲ့လိမ်းခြယ်ထားပြီး
မျက်ရည်တွေနဲ့ထောက်ကိုင်ထားတဲ့
အလံတော်ကို
အစိတ်စိတ်အမွှာမွှာဆွဲဖြဲပစ်ခဲ့ကြတာ။

ဂုဏ်ဒြပ်မြင့်မားသူတွေကတော့
ဓမ္မကိုလက်ကိုင်ထားနေဆဲ
အနိဋ္ဌာရုံလေထုထဲ
တစစီပြန့်ကျဲနေတဲ့
နစ်နာချက်တွေကို သယ်ဆောင်ရင်း
မျှော်လင့်ချက်အရုဏ်ဦးဆီ
တရွေ့ရွေ့ခရီးဆက်နေကြပေါ့။

ဂေါ့ဒေါ့(Godot)ကို စောင့်နေကြသလိုမဟုတ်
လူ့အရိုင်းအစိုင်းတွေကို စောင့်နေသလိုမဟုတ်၊
ပကတိပုံဆောင်ခဲကို
မိခင်တိုင်းပြည်ရဲ့ အိပ်ဆောင်ပုခက်ထဲ
ချော့မြူသိပ်ဖို့
ဒုက္ခိတမြေလွှာကို
လွတ်မြောက်ခြင်းမြက်ခင်းပြင်နဲ့ စပ်ယှက်ဖို့နဲ့
အငွေ့ပျံသွားကြရသူများရဲ့ သစ္စာတရားကို
မျှဝေခံစားနိုင်ကြဖို့လေ။

ရေးသူ-----မောင်သူ။

(လွန်ခဲ့သော ၂ နှစ်ကျော်ကာလ အိုးဝေစင်္ကာပူ အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့ဖူးသော မောင်သူ၏ အတွင်းကြေ ကဗျာကို ပြန်လည် မျှဝေပါသည်။)

13 comments:

Ko Boyz said...

ကိုပေါ လက်တော်တော် တက်လာတယ်လို့ မဆုံးခင်လေးထိ တွေးနေတုန်း...။

ကိုပေါ said...

အာ..လာ…မား….ကိုဘွိုင်းဇ်…..(ကာတွန်းအောင်ရှိန်ထဲက “မျောက်စုတ်၊ မျောက်နာ၊ သေပေတော့” ဆိုတဲ့ အကွက်တောင် ပြေးမြင်လာပြီနော်။)…….တိုတို သန်းထီ မပေါက်ပါစေနဲ့ ဆုတောင်းလိုက်ရ…။

pandora said...

အေးဗျ..အဲလို မဖြစ်ချင်ရင် နောက်ဆို သူများလက်ရာတွေ တင်ရင် စာရေးသူနာမည်ကို အပေါ်မှာ တခါထဲရေးထားတာကောင်းတယ်။ နို့မို့ စာဆုံးတော့မှ ကိုပေါလည်းဟုတ်ဘူး ဆိုပြီး စာဖတ်သူတွေရင်မှာ ဟာတာတာကြီး ကျန်ခဲ့တတ်တာပေါ့နော။

(ကြုံတုန်း ဆရာလုပ်သွားခြင်း)

ကိုပေါ said...

>>>>ပန်ဒိုရာ.....ပညာရှိသတိ ခဏခ ဏ ဖြစ်ခဲပေါ့ဗျာ....အခုတော့ မောင်သူ့နာမည်ကို အပေါ်ကို အမြန်တင်လိုက်တယ်.....မြင်စေသတည်း.... ဟဲဟဲ။

khin oo may said...

အေးဗျာ..အချိန်မိကလေး ရေးသူမောင်သူ လို့မြင်လိုက်ရတယ်. အစကတည်းကလည်းထင်မိသားပါလေ။

ကိုပေါ said...

>>>> မခင်ဦးမေ...... အားပါး....ဒီတခါ တယ်လဲ အားပေးကြပါလားဟင်။

Dr. Yi Yi Win said...

ကိုပေါရေ..သူများပြောတာဒီလိုပဲငုံ့ ခံနေတော့မှာလား။ ကိုယ်ပိုင်ကဗျာလေးတွေရေးပြလိုက်ပါလား။(အချွန်နှင့် မသွားခြင်း)

ကေကေ said...

hi ကိုပေါ..

ကိုပေါ said...

>>>>Yu Wa Yi….. ဘယ်ငုံ့ခံမလဲဗျာ။ လာမယ် ကြာမယ်ပေါ့။ မြှောက်ပေးရင် ဘာမဆိုလုပ်တတ်သည်။

>>>> ကေကေ…. Hi ကေကေ…း-)

Ko Boyz said...

မြှောက်ပေးရင် - တက်အောင် ကတယ်ဆိုတဲ့ လူစားထဲမှာ ကိုပေါ ပါလိမ့်မယ်လို့ မထင်ခဲ့ဘူးဗျ...။ အခုတော့ ကိုယ်တိုင် ၀န်ခံနေတယ်ဆိုတော့လဲ
...
...
...
...












ကိုပေါရဲ့  လက်ရာတွေ စောင့်ကြည့်ရတော့မှာပေါ့ဗျာ...။

ကိုပေါ said...

>>>>ကိုဘွိုင်းဇ်……စပေ့စ်ဘား (Space Bar) ကို အကြာကြီး ဖိထားမိပုံရတယ်။ ဟုတ်ပ။ မြှောက်ပေးရင် သွေးတက်အောင်ကတတ်တယ်ဗျာ။ သွေး…သွေး…သွေးကယ်ပေလို့။

ko sai said...

Ko Paw

Could you please correct the spelling,Liviathan to Leviathan.

with regards
ko sai

ကိုပေါ said...

Hi Ko Sai,

Sorry for the mistake and thanks for pointing out. I have corrected it.

Pls pass my best regards to Maung Thu when you see him.

With best regards,
Ko Paw

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs