Showing posts with label sharing. Show all posts
Showing posts with label sharing. Show all posts

ကျုံးသွင်းခံရသော ဆင်ကြီးတကောင်

(ဂျီမေးလ်ထဲကို ဒီကနေ့ ထပ်မံရောက်ရှိလာတဲ့ စာတစောင်ကို မျှဝေလိုပါတယ်။ ကျနော် အင်မတန် နှစ်သက်ထောက်ခံမိတဲ့ သုံးသပ်ချက်တွေ ဖြစ်ပါတယ်။ ရေးသားသူက “ဇော်ဝင်း ၈၈မျိုးဆက်” ဖြစ်ပါတယ်။ အရင်တပုဒ်ကိုလည်း သူပဲ ရေးတာပါ။ ကျနော်ကိုယ်တိုင်ရေးရရင် အဲသည်လောက် စေ့စပ်ကောင်းမွန်အောင် မရေးနိုင်ဘူးဆိုတာ ဝန်ခံလိုပါတယ်။ ရေးသားသူကိုဇော်ဝင်းကို လေးစား ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒီစာကို ပြည်တွင်းမှာရှိတဲ့ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်တွေထံ ဆယ့်ရှစ်ရက်နေ့ အစည်းအဝေးမတိုင်ခင် ဖြန့်ဝေနိုင်ရင် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ သူတွေကို လက်လှမ်းမီသမျှ ကူညီဖြန့်ဝေပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ (ကိုပေါ) )

ကျုံးသွင်းခံရသော ဆင်ကြီးတကောင်
ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း

မကြာသေးခင်က ကြံ့ဖွံ့ အစိုးရ ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သေနင်္ဂဗျူဟာ မြောက် ရွှေ့ကွက်များဆောင်းပါးကို ကျွန်တော် ရေးခဲ့ပါတယ်။ အဲဒီ ဆောင်းပါးမှာ NLD မှတ်ပုံတင်ရေးပြဿနာကို စူးစိုက် မရေးသားနိုင်ခဲ့တဲ့ အတွက် အခုဒီဆောင်းပါးကို ထပ်ရေးတာ ဖြစ်ပါတယ်။

ကျွန်တော် NLD ပါတီဝင် မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာ့ နိုင်ငံရေးမှာ ၁၉၈၈ ခု မတ်လ ၁၃ ရက်နေ့ကတည်းက စတင် ပတ်သက်လာပြီး ကနေ့ အထိ နိုင်ငံရေးကို ကိုယ့်အစွမ်း ရှိသ လောက် ဆောင်ရွက်နေသူ တယောက်ပါ။ အရင် ဆောင်းပါးနဲ့ ပတ်သက်ပြီး စာဖတ်သူ တွေရဲ့ မှတ်ချက်တွေထဲမှာ အမျိုးမျိုး ထင်မြင်ချက်တွေ ပေးကြတာတွေ့လို့ ကိုယ်တတ်နိုင် သလောက် ရှင်းပြတာပါ။ ဒီ့ထက် တိတိကျကျ ပြောမပြ နိုင်တာကိုလည်း နားလည်ပေးကြ စေချင်ပါတယ်။

တချို့က ဆိုကြပါတယ်။ NLD မှတ်ပုံတင်ရေး၊ မတင်ရေးဟာ သူ့ပါတီ အတွင်းရေးမို့ ကိုယ်နဲ့ မဆိုင်၊ ကိုယ့်မှာ ဝင်ရောက်စွက်ဖက်ခွင့် မရှိလို့ ဆိုကြပါတယ်။ အဲဒီအချက်ကို သဘော မတူ နိုင်လို့ ဒီဆောင်းပါးကို ရေးတာဖြစ်ပါတယ်။

မှတ်ပုံတင်ရေး၊ မတင်ရေးသည် တတိုင်းပြည်လုံးရဲ့ အရေး

NLD မှတ်ပုံတင်ရေး၊ မတင်ရေးဟာ တနိုင်ငံ လုံးရဲ့ အရေး၊ လူတိုင်းရဲ့ အရေးပါ။ ဖြစ်လာမယ့် အကျိုးဆက်တွေကို NLD သာမက အများပြည်သူပါ ရင်ဆိုင် ကြရမှာပါ။ ဒါ့ကြောင့် အားလုံး ဆွေးနွေးကြပါ။ စဉ်းစားကြပါ။ သူ့ပါတီ အရေး သူ့ဖာသာ စဉ်းစားပါစေဆိုပြီး လွှတ်ထား လိုက်လို့လည်း နောင်ဖြစ်လာမယ့် အကျိုးဆက်တွေဟာ ကျွန်တော်တို့ ခေါင်းပေါ် ကျမလာ ဘဲ နေမှာ မဟုတ်ပါဘူး။

ဒီတော့ ပြောဖို့ တာဝန်ရှိတယ်ထင်လို့ ပြောပါမယ်။ ပြောပါရစေ။

ဆင်ကို ကျုံးသွင်းရန် ကြံ့ဖွံ့ မုဆိုး ကြံစည်ပြီ

ဒီနေ့အချိန်မှာ ကြံ့ဖွံ့အစိုးရဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုတဲ့ ဆင်ကြီးကို အဘက်ဘက်ကနေ ပြေးပေါက် ထွက်ပေါက် မရှိအောင် ပိတ်ဆို့ထားပါတယ်။

ပါတီဝင်တွေကိုလည်း ဖမ်းပြီး ထောင်ချတယ်။ ရွေးကောက်ပွဲ ဝင်လို့မရအောင်လည်း သူ့တပါတီတည်း အတွက် အထူးသီးသန့်စဉ်းစားပြီး ဥပဒေတွေနဲ့ ပိတ်ဆို့တားဆီး ကာရံပါတယ်။ ပါတီ တရားဝင် ရပ်တည်လို့မရအောင်လည်း ဥပဒေသုံးပြီး ညစ်ပါတယ်။

အဲသလို အဘက်ဘက်က ပိတ်ဆို့ပြီးတဲ့နောက် ခုချိန်မှာတော့ ဘက်တဘက်မှာ လမ်းကျဉ်း ကျဉ်းလေး တပေါက်ကို ဖွင့်ပေး လိုက် ပါတယ်။ အဲဒီလမ်းကျဉ်းကျဉ်းလေးဆီကို မသွားဘဲ မနေနိုင်အောင် တခြားဘက်တွေကနေ ဝိုင်းဝန်း ခြောက်လှန့်ပေးနေတဲ့ အလုပ် ကိုလည်း လုပ်နေပါတယ်။ ပြည်ထဲရေး ဝန်ကြီးက NLD ဟာ တရားမဝင်တော့တဲ့ ပါတီ ပါလို့ ပြောတာ ဟာ ခြောက်ထုတ် ပေးနေတာပါ။ “သဘောထားတင်းမာတဲ့သူတွေက အခြေအနေတွေ နောက်ပြန်ဆုတ်အောင် လုပ်နေတယ်” လို့ The voice ဂျာနယ် က ပြောတာကလည်း ခြောက်ထုတ်ပေး နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီတခုရဲ့ ခေါင်းဆောင် သာမက အမျိုးသား ခေါင်း ဆောင်ဖြစ်ပါတယ်လို့ ပြောတာဟာလည်း ဒေါ်စုကို NLD နဲ့ခွဲထုတ်နေတာပါ။ ဒါတွေအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို လမ်းကျဉ်းလေးထဲ မဝင်၊ ဝင်အောင် ခြောက်လှန့်ပို့ဆောင်ပေးနေတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

အဲဒီလမ်းကျဉ်းကျဉ်းလေး ကနေ သွားရင် ရောက်မယ့် နေရာက ဆင်ဖမ်းတဲ့ ကျုံးကြီးထဲကို ဖြစ်ပါတယ်။

ဖွင့်ပေးလိုက်တဲ့ လမ်းကျဉ်းလေးက ပါတီ မှတ်ပုံတင်ရေး လမ်းကျဉ်းဖြစ်ပြီး၊ မောင်းပို့နေတဲ့ ကျုံးကြီးကတော့ ၂၀၀၈ အခြေခံဥပဒေ ကျုံးကြီးဖြစ်ပါတယ်။

ပါတီမှတ်ပုံတင်ရေး ဥပဒေမှာ “ထိန်းသိမ်းစောင့်ရှောက်” အစား “လေးစားလိုက်နာ” လို့ ပြင်ပေးလိုက်ပါတယ်။ “ထိန်းသိမ်းစောင့်ရှောက်” နဲ့ “လေးစားလိုက်နာ” ဆိုတာ တကယ်တော့ သိပ်မကွာလှပါဘူး။ ဒါပေမဲ့ အဖွဲ့ချုပ်ခေါင်းဆောင်တွေ အနေနဲ့ ကတော့ “ထိန်းသိမ်းစောင့်ရှောက်” ရ မယ့် အစား “လေးစားလိုက်နာ” ရုံက တော်သေးတယ်လို့ ဆိုပါတယ်။ လိုက်နာတာကတော့ ပြဌာန်းထားတဲ့ ဥပဒေတရပ်ကို နိုင်ငံသားတိုင်း လိုက်နာရမှာပဲလို့လည်း ဆိုပါတယ်။ အများပြည်သူ သဘောမတူတဲ့ မတရားတဲ့ အမိန့် အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ ဆိုတဲ့ စကားနဲ့ အခုစကားဟာ ဘယ်လောက် တောင် ကွာခြားလှပါသလဲ။ နိုင်ငံသားကောင်းပီသစွာ ဥပဒေ မှန်သ မျှကို တရားသည် ဖြစ်စေ မတရားသည်ဖြစ်စေ အမြဲတန်းလိုက်နာမယ်လို့ တရားသေ ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ ဥပဒေ ဘောင်တွင်း က NLD ပါတီကြီးကို အစိုးရက ဥပဒေ တမျိုးပြီး တမျိုးထုတ် အရူးလုပ်နေပါလိမ့်မယ်။

ထားပါတော့။ ဒီ “လေးစားလိုက်နာ” စကားလုံးကို အကျယ် မဆွေးနွေးတော့ပါဘူး။ ဒီစကားလုံး နှစ်လုံး အဓိပ္ပါယ် ခြားနားမှု ရှိမရှိဆို တာဟာ သူတို့လက်ထဲမှာပါ။ ဒီအစိုးရလက်ထက်မှာ ဥပဒေဆို တာ မျှော့ကြိုးပါ။ ဒီ့ထက် မကတဲ့ စကားလုံးတွေကိုလည်း လိုသလို ချုံ့ခဲ့၊ ချဲ့ခဲ့ဖူးပါပြီ။

နောက်တချက်က ထောင်ကျနေတဲ့သူတွေကို ပါတီထဲကနေ ထုတ်ပစ်ဖို့ မလိုတော့ဘူး ဆိုတဲ့ အချက်ပါ။ မှန်ပါတယ်။ ဒီအချက်ကတော့ အစိုးရဘက်က တကယ် လိုက်လျော လိုက်တဲ့ အချက်ပါ။ သူတို့ဖွင့်ပေး၊ ဟပေးလိုက်တဲ့ လမ်းလို့လည်း ဆိုနိုင်ပါတယ်။ ငါးမျှားချိတ်မှာ သူတို့ တပ်ပေး ဆင်ပေးလိုက်တဲ့ အစာလည်းဖြစ်ပါတယ်။ ( ဒါပေမဲ့ တချို့ပြောဆိုနေကြသလို ထောင်ကျနေသူတွေ ရွေးကောက်ပွဲဝင် နိုင်မယ်၊ မဲပေး နိုင်တော့မယ် ဆိုတာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ ဥပဒေ ကသပ်သပ်ပါ။ အဲဒီမှာ ဘာမှ ပြင်မပေးပါဘူး။)

ဥပဒေကို ပြင်ဆင်လိုက်တဲ့ နေရာမှာ အဓိကကျတဲ့ အချက်တချက် ရှိပါတယ်။ အဲဒါ ကတော့ မှတ်ပုံတင်ပြီးရင် ကြားဖြတ်ရွေးကောက်ပွဲ မှာတောင် သုံးနေရာ မဖြစ်မနေရ ရွေးကောက်ပွဲဝင်ရမယ်ဆိုတာပါပဲ။ (ဒီအချက်ကို သေသေချာချာ ဖတ်ကြည့် စေချင် ပါတယ်။ တချို့ နားလည်မှု လွဲနေကြပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ သုံးနေရာ မဝင် မနေရလို့ ပြောတာပါ။) ဒါကိုကြည့်ရင် အစိုးရက ဘာလိုချင် နေတယ် ဆိုတာ အရှင်းကြီးပါ။ ၂၀၁၅ အထိတောင် မစောင့်နိုင်ဘူး၊ အခုကြားဖြတ်ရွေးကောက်ပွဲမှာပဲ ချက်ချင်း ရွေးကောက်ပွဲဝင်ရမယ်၊ မဝင်ရင်တော့ မှတ်ပုံတင်ခွင့် မပေးနိုင်ဘူး ဆိုတဲ့ သဘောထားဟာ အထင်အရှားပါပဲ။

မှတ်ပုံတင်ရင် ဘာဖြစ်မလဲ။

ဒီဥပဒေအရ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ ပါတီခေါင်းဆောင်အားလုံးသာမ က ပါတီဝင်တိုင်းဟာလည်း လက်မှတ် ရေးထိုးကြရမှာဖြစ်ပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းပုဒ်မ ၁၂ (က) အပိုဒ်ခွဲ ၆ ၊ ပုဒ်မ ၁၀ (ဈ) ( ဥပဒေ ပြင်ဆင်ချက်မှာ ပုဒ်မ ၁၀ (ဇ) အဖြစ်ပြောင်းလဲထား) တို့ အရ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ လက်မှတ်ရေးထိုးမထားတဲ့သူကို ပါတီက သိပါလျက်နဲ့ ထုတ်ပယ် မပစ်ဘဲ လက်ခံထားခဲ့ရင် အဲဒီပါတီကိုယ်တိုင်ဟာ တရားဝင်ပါတီ အဖြစ်ရပ်တည်ခွင့် ဆုံးရှုံးမှာ ဖြစ်ပါတယ်။

ဒီတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မှတ်ပုံတင်ပြီးရင် “ အခြေခံဥပဒေကို မလေးစား မလိုက်နာနိုင်တဲ့သူတွေ ပါတီကထွက်ကြ” လို့ အမိန့် ထုတ်ရတော့မှာပါ။ အဲသလို အမိန့် မထုတ်ရင် ဥပဒေကြောင်းအရကတော့ ပါတီ အနေနဲ့ ရထားတဲ့ မှတ်ပုံတင်ခွင့်လေးက ပြန်ဆုံးရှုံးရဦးမှာပါ။

ဒါပေမဲ့ အခြေခံဥပဒေကို မလေးစား မလိုက်နာနိုင်တဲ့သူတွေ ပါတီကထွက်ကြလို့ ပြောရင် အဲဒီပါတီဟာ ဒီမိုကရေစီ ကျတဲ့ ပါတီ ဖြစ်နိုင်ပါဦးမလား။ လွတ်လပ်စွာ အမြင်ကွဲလွဲခွင့် မရှိတဲ့ ပါတီဟာ ဒီမိုကရေစီ ပါတီ ဖြစ်နိုင်ပါဦးမလား။ စစ်အစိုးရ အလိုကျ အခြေခံ ဥပဒေကို လေးစား လိုက်နာဖို့ ငြင်းဆိုတဲ့သူကို ပါတီက ထုတ်ပယ်ရမယ်ဆိုရင် ဒီပါတီဟာ ဒီမိုကရေစီ ပါတီလို့ ဆိုနိုင်ပါတော့မလား။ ဒါဟာ အလေးအနက် စဉ်းစားသင့်တဲ့ အချက်ဖြစ်ပါတယ်။ ပါတီမှတ်ပုံတင်ခွင့်နဲ့ ပါတီရဲ့ ဒီမိုကရေစီ အနှစ်သာရကို လဲလှယ်ပေး ရမယ် ဆိုရင် ဘာကို ရွေးချယ်ကြမလဲ။ အားလုံးစဉ်းစားကြဖို့ပါ။ မှတ်ပုံတင်လိုက်တဲ့ ပါတီဟာ တချိန်က ကျွန် တော်တို့ တလေးတစား မဲပေးခဲ့ ကြတဲ့ NLD နဲ့ တူနိုင်ပါဦးမလားဆိုတာ ကျွန်တော်တို့ စဉ်းစားစရာ ဖြစ်လာမှာပါ။

ဒါကို စကားကပ်ပြောနေတယ်လို့ ယူဆလို့မရပါဘူး။ မှတ်ပုံတင်ပြီးရင် အခြေခံဥပဒေကို လေးစားလိုက်နာ ပါမည်လို့ လက်မှတ်ရေးထိုးဖို့ ငြင်းဆိုတဲ့သူကို ပါတီက ထုတ်ပယ်ပေးဖို့ စစ်အစိုးရမှာ တောင်းဆိုခွင့်ရှိပါတယ်။ ဥပဒေအရ မည်သို့ပင်ဆိုသော်ငြား ဦးသိန်းစိန်က တော့ စိတ်ကောင်းနှလုံးကောင်းနဲ့ မသိချင်ယောင်ဆောင် နေပါလိမ့်မယ်လို့ ယူဆ (assume လုပ်) ပြီး မှတ်ပုံတင်လိုက်လို့ မဖြစ်ပါ။ ဖြစ်နိုင်ချေ ရှိတာ အားလုံးကို ထည့်သွင်း စဉ်းစားဖို့ လိုပါလိမ့်မယ်။

ဒီတော့ တကယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မှတ်ပုံတင်လိုက်မယ် ဆိုရင် ပါတီ တခုလုံးဟာ ၂၀၀၈ အခြေခံဥပဒေကို လေးစား လိုက်နာသော ပါတီဖြစ်သွားပြီလို့ ဆိုရပါ လိမ့်မယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဟာ ဦးခင်မောင်ဆွေရဲ့ NDF ပါတီလို ဖြစ်လာ ပါ လိမ့်မယ်။

၉၀ ရလဒ် စွန့်ပြီလား

အဆိုးဆုံး အချက်က ကြားဖြတ်ရွေးကောက်ပွဲမှာ သုံးနေရာ ဝင်ပြိုင်ရမယ်ဆိုတဲ့ အချက်ပါ။ မူလဥပဒေအရ ဆိုရင် ၂၀၁၅ ခုကျမှ ရွေးကောက်ပွဲ ဝင်မဝင် ဆုံးဖြတ်ရမှာပါ။ ခုတော့ အဲဒီအထိ မစောင့်နိုင်လို့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဝင်မနေရဆိုပြီး ဥပဒေကို ပြင် လိုက်ပါတယ်။ ဒီလို တဘက်စောင်းနင်း ဥပဒေထွက်လာတာကိုကြည့်ရင် လွှတ်တော်ကို သူတို့ ထင်သလို လုပ်နေတယ်ဆိုတာလည်း အထင်အရှားပါပဲ။

မှတ်ပုံတင်ရစေဦးတော့၊ ရွေးကောက်ပွဲ မဝင်ရဘူးဆိုရင်တောင် အခြေအနေက သိပ်အဆိုးကြီးမဟုတ်သေးပါဘူး။ ခုတော့ မှတ်ပုံတင်ချင် ရင် ရွေးကောက်ပွဲ ဝင်ကိုဝင်ရမယ်ဆိုတဲ့ အချက်ကို ဥပဒေ အသစ်ပြင်ထည့်သွင်းလိုက်တဲ့ အချက်ဟာ NLD ကို မကွဲကွဲအောင် တမင် သွေးထိုးတာဖြစ်ပါတယ်။ NLD ကို ၂၀၀၈ ခုအခြေခံဥပဒေအောက် မရောက်ရောက်အောင် ဇွတ်ပို့နေတာလည်း ဖြစ်ပါတယ်။

ဦးဝင်းတင်က ပါတီမှတ်ပုံတင်တာနဲ့ ရွေးကောက်ပွဲဝင်တာကို သီးခြားစီခွဲစဉ်းစားရမယ်လို့ ဒီဥပဒေမူကြမ်းကို စတင် တင်သွင်းစဉ်အခါ တုန်းက မီဒီယာမှာ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကြံ့ဖွံ့အစိုးရဟာ NLD ကို အဲဒီအခွင့်အရေး ပေးမှာ မဟုတ်ပါဘူး။ မပေးချင်လို့ ဥပဒေထဲမှာ အပိုဒ်သစ် တမင်ထပ်တိုးထားတာပါ။

ဒီတော့ ပြင်ဆင်ထားတဲ့ ဥပဒေနဲ့အညီ NLD ဟာ ပါတီ တရားဝင် ရပ်တည်ချင်ရင် ကြားဖြတ်ရွေးကောက်ပွဲမှာ သုံးနေရာ ဝင်ပြိုင်ရပါမယ်။ အဲသလို သုံးနေရာ ဝင်ပြိုင်လိုက်ရင် ၉၀ ရွေးကောက်ပွဲ ရလဒ်ကို တရား ဝင် စွန့်လွှတ်ပြီးသား ဖြစ်သွားပါပြီ။ ကြားဖြတ် ရွေးကောက် ပွဲလည်း ဝင်ပြိုင်ဦးမယ်၊ ၉၀ ရလဒ်လည်း မစွန့်နိုင်ဘူးဆိုပြီး လုပ်နေလို့ မရပါ။

ဒါကိုသိလို့လည်း အစိုးရက သုံးနေရာမှာ မဖြစ်မနေ ဝင်ပြိုင်ခိုင်းနေတာပါ။

NLD ကို ကြားဖြတ်ရွေးကောက်ပွဲမှာ မဝင်မနေရ အတင်းဝင်ခိုင်းနေပေမဲ့ နေရာများများမှာ ဝင်ပြိုင်ခွင့်လည်း မပေးချင်ပါဘူး။ နေရာများများမှာ ဝင်ပြိုင်ပြီး NLD တော်တော်များများ လွှတ်တော်ထဲရောက်လာမှာကိုလည်း တဘက်က ကြောက်ပါသေးတယ်။ ကြည့်ပါ။ NLD ပါတီကို နေရာ ၇၀-၈၀ မှာ ဝင်ပြိုင်ခွင့် ပေးရမှာ စိုးလို့ လောလောလတ်လတ်မှာကိုပဲ ဥပဒေ ပြင်ဆင်ဖို့ မူကြမ်း တခု လွှတ်တော်မှာ တင်နေပါတယ်။ လစ်လပ် နေရာ ၇၀-၈၀ မကျန် အောင်လုပ်မယ့် ဥပဒေပါ။ သမ္မတတို့၊ ဝန်ကြီးတို့ကို လွှတ်တော် ကိုယ်စားလှယ် အဖြစ်က နှုတ်ထွက်ပေးရမယ်ဆိုတဲ့ မူလ ဥပဒေကို ပြင်ဆင်ဖို့ မူကြမ်းတင်နေတာဖြစ်ပါတယ်။ သမ္မတတို့ ၊ ဝန်ကြီးတို့ဟာ လွှတ်တော် ကိုယ်စားလှယ် ဆက်ဖြစ်နေရင် ကြားဖြတ် ရွေးကောက်ပွဲမှာ သူတို့နေရာတွေ မလပ်တော့အောင်လုပ်တာပါ။ လစ်လပ် မယ့်နေရာ နည်းသွား အောင် လုပ်နေတာပါ။ NLD ကို အရိုးအရင်းလေးကိုက်ဖို့ ပေးရမှာကိုတောင် မသဒ္ဓါသေးလို့ အရိုးမှာကပ်နေတဲ့ အသား လေးကို ခြစ်ယူနေတဲ့ လုပ်ရပ်ပါ။ သမ္မတကြီးရဲ့ စေတနာကို ဒါလောက်ဆိုရင်ပဲ နားလည်ဖို့ ကောင်းလှပါပြီ။

NLD ပါတီကို ကြားဖြတ်ရွေးကောက်ပွဲမှာ နေရာတချို့ကို မစို့မပို့ ပေးလိုက်ရုံနဲ့ တသက်လုံး အရှက်ကွဲခဲ့ရရုံသာမက အမျိုးမျိုး ခြောက်လှန့်နေခဲ့တဲ့ အဲဒီ ၉၀ အိပ်မက်ဆိုးကြီး ပျက်ပြယ် သွားအောင်လုပ်ရေးဟာ အစိုးရရဲ့ ရည်မှန်းချက်ပါ။ အဲသလိုသာ ရသွားမယ်ဆိုရင် စစ်အစိုးရ အတွက်တော့ သိပ်အရတော်လှတယ်လို့ ဆိုရမှာပါ။

မှတ်ပုံမတင်ရင် ဘာဖြစ်မလဲ

အခု ရွေးရမယ့် လမ်းက နှစ်လမ်းပါ။ မှတ်ပုံတင်မလား၊ ဒါမှ မဟုတ် မှတ်ပုံမတင်ဘူးလား။

မှတ်ပုံမတင်ရင် ကြံ့ခိုင်ရေး အစိုးရ၊ စစ်အာဏာရှင် စနစ်နဲ့ ၂၀၀၈ အခြေခံဥပဒေတို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရှေးယခင်က အတိုင်း ရန်သူ လို သဘောထား ပါလိမ့်မယ်။ နောက်ဆုံးအဆင့်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ဖမ်းပြီး အကျယ်ချုပ်ချ၊ နိုင်ငံရေး သမားတွေ အကုန်လုံးပြန်ဖမ်းပြီးထောင်ချ၊ သေနတ်မိုး ဓါးမိုး အုပ်ချုပ်တဲ့ အခြေ အနေဆီ ပြန်ရောက်ချင် ရောက်ပါလိမ့်မယ်။ ဒီမိုကရေစီ သမားတွေအနေနဲ့ အဲသလို ပြန်ဖြစ် မှာ စိုးရိမ်လို့ NLD ကို မှတ်ပုံတင်စေချင်ကြတယ်ဆိုတာကိုလည်း ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ မှတ်ပုံတင်ပြီးရင်၊ ရွေးကောက်ပွဲဝင်ပြီးရင်ရော ဒါမျိုးတွေကို ရှောင်လွဲနိုင်ပြီလို့ ဆိုနိုင်ပါ သလား။

စစ်အာဏာရှင်စနစ် တည်ရှိမှုကို ခြိမ်းခြောက်နေသမျှမှာ စစ်အစိုးရဟာ ဖိနှိပ်မှုတွေကို လုပ်နေဦးမှာပါ။ ဒါက စစ်အစိုးရဘက်က ရှောင်လွှဲမရတဲ့ ဘဝပေး အခြေအနေပါ။

ကျွန်တော်တို့ ဘက်က အခြေအနေကိုလည်း ကြည့်ရအောင်။ ဒီမိုကရေစီကို လိုလားနေသမျှမှာ ကျွန်တော်တို့ဟာ စစ်အာဏာရှင် စနစ် တည်ရှိမှုကို ခြိမ်းခြောက်နေရမှာပါ။ ဒါကိုလည်း ကျွန်တော်တို့ဘက်က ရှောင်လွှဲလို့မရပါ။

ဒါဟာ ဒီမိုကရေစီနဲ့ စစ်အာဏာရှင်ကြားက ရှောင်လွှဲ မရတဲ့ ပဋိပက္ခပါ။ ဒါ့ကြောင့် ဒီမိုကရေစီ အရေးကို လက်မလွှတ်သေးသမျှမှာ ဒေါ်အောင် ဆန်းစုကြည်ကို ဖမ်းမယ့် အန္တရာယ်၊ နိုင်ငံရေးသမားတွေကို ဖမ်းမယ့် အန္တရာယ်ကို ကျွန်တော်တို့ ရှောင်လွှဲမရ၊ ရင်ဆိုင်နေရဦးမှာပါ။

တတိယအုပ်စုများက ကျွန်တော်တို့ကို အကြံပေးနေတာက “ဗိုလ်သန်းရွှေ ၊ ဗိုလ်သိန်းစိန်၊ ဗိုလ်တင်အောင်မြင့်ဦးတို့ရဲ့ အသက် အိုးအိမ် စည်းစိမ်ကို မထိခိုက်စေရ၊ စစ်အာဏာရှင် စနစ်ကိုသာ ကျွန်တော်တို့ ဖြိုချမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ဗိုလ်ကြီးများ မစိုးရိမ်ကြပါနဲ့ ကျွန်တော်တို့ကို ယုံကြည်ကြပါ” လို့ ပြောခိုင်းနေတာဖြစ်ပါတယ်။ ဒီလိုပြောရင် ပြေလည်သွားနိုင်မယ်လို့ တတိယအုပ်စုက တွေးပုံရ ပါတယ်။ တတိယအုပ်စုဟာ စစ်အာဏာရှင်ရဲ့ အင်အားကို ပိုတွက်ပြီး ကြောက်ရွံ့ ကြပေမဲ့ စစ်အာဏာရှင်စနစ်ရဲ့ အတွေးအခေါ်ကိုတော့ လျှော့တွက်နေပါတယ်။ စစ်အာဏာရှင်တွေ ဟာ တကယ်တော့ သူတို့ ထင်သလို သူတို့ရဲ့ အသက်အန္တရာယ်ကို ကြောက်လို့ အာဏာ မစွန့်နိုင်တာ မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ကနေ ဆံခြည်တမျှင်မှ လျှော့မပေးနိုင်လို့ တင်းခံ နေတာပါ။

အစိုးရဘက်က နားလည်မှု ရှိလာနိုး၊ ပြောင်းလဲလာနိုး မျှော်လင့်ပြီး ကိုယ့်ဘက် က တဆင့်ပြီး တဆင့် ကျွန်တော်တို့ အလျော့ပေး သွားမယ်ဆိုပါတော့။ နောက်ဆုံး အားလုံး လျော့ပြီး သွားတဲ့ အချိန်မှာ ဘာမှ ဖြစ်မလာရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ အဲဒီ အချိန်ကျမှ နောက်ပြန်ဆုတ်ချင်တယ်ဆိုရင် ကျွန်တော်တို့ အတွက် ဆုတ်လမ်းရှိတော့မှာ မဟုတ်ပါ။ အဲဒီဆုတ်လမ်း မရှိတော့တဲ့ အခြေအနေရောက်အောင် စစ်အစိုးရကတွန်းပို့ နေတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မဖမ်းဖို့၊ နိုင်ငံရေးသမားတွေကို မဖမ်းဖို့၊ ပြည်သူတွေကို မနှိပ်စက်ဖို့ အတွက် စစ်အစိုးရကို ချော့နေမှ ဖြစ်မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး ဟာ တခုခုတော့လွဲနေပြီ လို့ ဆိုရတော့မှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို မဖမ်းရဲအောင်၊ နိုင်ငံရေးသမားတွေကို မဖမ်းရဲအောင် လုပ်နိုင်မှသာ ကျွန်တော်တို့ အတွက် အစစ်အမှန် လုံခြုံမှုကို ရနိုင်မှာပါ။

ကိုယ့်ရဲ့လုံခြုံရေးဟာ စစ်အစိုးရရဲ့ စိတ်ကောင်းနှလုံးကောင်း ရှိမရှိ အပေါ်မှာ မှီခိုနေရတယ် ဆိုရင် အဲဒါကို တကယ်လုံခြုံတယ်လို့ မဆိုနိုင်ပါဘူး။ အဲဒါမျိုးကို ကျားသနားမှ နွားချမ်းသာ မယ့် လုံခြုံရေးလို့သာ ဆိုနိုင်ပါလိမ့်မယ်။

ကိုယ့်မှာ စစ်အစိုးရကို ယှဉ်တိုက်နိုင်မယ့် လက်နက်အင်အားလည်း မရှိဘူး၊ လမ်းပေါ်ထွက် ဆန္ဒပြရင်လည်း စစ်အစိုးရက ပစ်သတ်မှာပဲ။ ဒါ့ကြောင့် စစ်အစိုးရနဲ့ ပြေပြေလည်လည် ဆက်ဆံတဲ့ နည်းက အကောင်းဆုံးပါလို့ တချို့က ဆိုကြပါတယ်။ ဒါဟာ အစိုးရ အကြိုက် အတွေးအခေါ်ပါ။ အစိုးရ ဖြန့်ပေးနေတဲ့ အတွေးအခေါ်ပါ။ ပိုပြီးတိကျအောင် ပြောရရင် တတိယ အုပ်စုကနေ တဆင့် ဖြန့်ပေးနေတဲ့ အတွေးအခေါ်ပါ။ စစ်အစိုးရနဲ့ မပြေလည်ချင် လို့ ပြောနေတာ မဟုတ်ပါဘူး။ အခုပြောတဲ့ ပြေလည်နည်းဟာ ကျားသနားမှ နွားချမ်းသာ မယ့် ပြေလည်နည်း ဖြစ်နေလို့ ပြောနေတာပါ။ စစ်အစိုးရ စိတ်ကောင်းနှလုံးကောင်းရှိမှ ချမ်းသာရမယ့် နည်းလမ်းဖြစ်နေပါတယ်။ တကယ်တန်း စစ်အစိုးရသာ စိတ်ကောင်းနှလုံး ကောင်းရှိနေရင် တွေ့ဆုံဆွေးနွေးနေစရာတောင် မလိုပါဘူး။ ဒီမိုကရေစီ ရပြီးတာ ကြာလှ ပါပြီ။ “စစ်အစိုးရက မယုံနိုင်သေးလို့ပါ၊ သူယုံကြည်လာအောင် လုပ်ရမယ်” လို့ တတိယ အုပ် စုတွေက ပြောနေပါတယ်။ ဟုတ်ကဲ့။ ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံလိုက်မှသာ စစ်အ အစိုးရက ယုံကြည်နိုင်မှာပါ။ ၂၀၀၈ အခြေခံဥပဒေကို ပြင်ခိုင်းနေသေး သမျှမှာ စစ်အစိုးရ က ယုံကြည်နိုင်မှာ မဟုတ်ပါဘူး။ ဒီသဘောထားကို စစ်အစိုးရက အကြိမ်ကြိမ် ပြသ ပြီးပါပြီ။ ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံလို့ကတော့ ဒေါ်အောင် ဆန်းစုကြည်မှ မဟုတ်ပါဘူး။ ဘယ်သူ့ကို မဆို လက်ခံပါတယ်။ ကုန်ကုန်ပြောရရင်၊ လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့ အစည်းတွေကိုတောင် ၂၀၀၈ အခြေခံဥပဒေကို လက်ခံမယ်ဆိုရင် စစ်အစိုးရက ကြိုဆိုမှာပါ။ ဒါပေမဲ့ ဒါဟာ ကျွန်တော်တို့ ရွေးချယ်သင့်တဲ့ လမ်းမဟုတ်ပါဘူး။ ဒီမိုကရေစီ သမားရဲ့ လမ်း မဟုတ်ပါဘူး။ တတိယအုပ်စုတို့ ဗဟုတို့ရဲ့လမ်းပါ။

NLD မှတ်ပုံတင်ရင်တော့ စစ်သား တမတ်သားပါဝင်တဲ့ ၂၀၀၈ အခြေခံဥပဒေ ဘောင်ထဲကို ကြားဖြတ်ရွေးကောက်ပွဲ အပြီးမှာ လူနည်းစု အဖြစ် ပါဝင် ပူးပေါင်း ရပါလိမ့်မယ်။

ဒါ့အပြင် စစ်အစိုးရဟာ ၂၀၀၈ အခြေခံဥပဒေ ဘောင်ထဲကို လာပါလာပါ လက်ယပ်ခေါ်ပေမယ့် တကယ်တန်း ဝင်ရောက်လာတဲ့ အခါ ဦးထွန်းအောင်ကျော်တို့လို စစ်အစိုးရ သတင်းစာ တွေ ထဲမှာ ဆောင်းပါးရေးနေတဲ့ နိုင်ငံရေး သိပ္ပံ ဘောဂဗေဒ ကျောင်း တော်သားကြီးတွေ၊ ကိုအေးလွင်တို့လို စီးပွားရေးပိတ်ဆို့မှု ဖွင့် ပေးဖို့ တောင်းဆို ပေးသူတွေ ကိုတောင်မှ မျက်နှာသာ မပေး နေရာ မပေးဘူးဆိုတာ ကိုလည်း သတိထားဖို့ လိုပါတယ်။ တကယ်တန်း ရွေးကောက်ပွဲဝင်ခဲ့တဲ့ NDF အခု ဘာဖြစ် နေသလဲ ဆိုတာ ကိုလည်း ကြည့်ဖို့ လိုပါမယ်။ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ NDF ဟာ ရွေးကောက်ပွဲ မဝင်တဲ့ NLD လောက်တောင် နိုင်ငံရေး လုပ်ခွင့်ရပါရဲ့လား။ ရွေးကောက်ပွဲဝင်ခဲ့တဲ့ NDF ကို ရွေးကောက်ပွဲ မဝင်တဲ့ NLD လောက် တောင်မှ စစ်အစိုးရက အရေးတယူ ဆက်ဆံပါ ရဲ့လား။

မှတ်ပုံတင်လိုက်ရင် အစိုးရနဲ့ ပြေလည်ချင် ပြေလည်ပါလိမ့်မယ်။ အစိုးရနဲ့ ပြေလည်ဖို့ အဓိက၊ အစိုးရနဲ့ နားလည်မှု ရဖို့က အဓိက ဆိုရင်ဖြင့် မှတ်ပုံတင်တဲ့ နည်းလမ်းဟာ အကျိုးရှိနိုင်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရနဲ့ ပြေလည်ပြီးရင် ဒီမိုကရေစီ စနစ်ဆီကို ငြိမ်းချမ်း စွာ အသွင်ကူးပြောင်းသွားမှာလား။ ဒါမှ မဟုတ် စစ်အာဏာရှင်စနစ်ထဲကို ငြိမ်းချမ်းစွာ ပေါင်းစည်းသွားမှာပါလား။

အန္တရာယ်ရှိတာကတော့ မှတ်ပုံတင်လိုက်မယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေအောက် ကို ချည်ပြီးတုတ်ပြီး အနေအထားနဲ့ ကျရောက်သွား နိုင်တဲ့ အန္တရာယ်ပါ။

ဒါ့ကြောင့် ဘယ်သူမဆို NLD မှတ်ပုံတင်သင့် မတင်သင့်ကို စဉ်းစားမယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို တခေါက်လောက် ပြန်ဖတ်စေချင်တယ်လို့ အကြံပြုချင်ပါတယ်။

NLD ပါတီအတွက် အဓိက စိန်ခေါ်ချက် နှစ်ရပ်

အခုအချိန်မှာ NLD အတွက် နံပါတ်တစ် အရေးကြီးဆုံးအချက်က ပါတီမကွဲဖို့ပါ။ ပါတီသစ်ထောင်ဖို့ တိုက်တွန်းသူတွေရှိနေကြတာကို လည်း အားလုံးအသိပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီတခုရဲ့ ခေါင်းဆောင် မဖြစ်သင့်ဘူး၊ တမျိုးသားလုံးရဲ့ ခေါင်းဆောင်ဖြစ်သင့်တယ်လို့ ပြောနေကြတာလည်း အားလုံးအသိပါ။ တကယ်တော့ ရည်ရွယ်ချက်က ရှင်းရှင်းလေးပါ။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခွဲထုတ်နေတာပါ။ မကွဲကွဲအောင် လုပ်နေတာပါ။ NLD အနေနဲ့ လူသိရှင်ကြား တရားဝင် ကွဲပြဲတာမျိုး မဖြစ်အောင် တားဆီးဖို့လိုသလို တက်ကြွလှုပ်ရှားသူတွေ စိတ်ပျက်ပြီး ဘေးထွက် ထိုင်သွားတာမျိုး မဖြစ်အောင် ထိန်းသိမ်းဖို့လည်း လိုပါတယ်။ ကွဲတာလူမသိစေချင်လို့ တချို့လူတွေ စိတ်ပျက်ပြီး ဘေးထွက် ထိုင်သွား ကြမယ်ဆိုရင် လည်း တိုင်းပြည်အတွက်ကတော့ နစ်နာဆုံးရှုံးတာပါပဲ။

NLD အတွက် နံပါတ်နှစ် အရေးကြီးတဲ့ အချက်က ၂၀၀၈ အခြေခံဥပဒေ လက်အောက်ကို ချည်ပြီးတုတ်ပြီး ကျရောက်သွားတဲ့ အဖြစ်မျိုး မဖြစ်ဖို့ပါ။ ၂၀၀၈ အခြေခံဥပဒေ ပင်စည်ကို၊ ကျောရိုးကို ပြင်ခွင့်မရတော့ပဲ သူ့ဘောင်ထဲဝင်၊ သူ့အရိပ်ကို ခိုပြီး ဟိုအကိုင်းလေးခုတ်ဖို့ကြိုး စားလိုက်၊ ဟိုအတက်ကလေးချိုးဖို့ ကြိုးစားလိုက်လုပ်ရင်း တနိုင်ငံလုံး စစ်ကျွန်ဘဝကို အကာအကွယ်မဲ့ ကျရောက်သွားမယ့် အဖြစ်ကို ရှောင်ရှားနိုင်ဖို့ အရေးကြီးပါတယ်။ အဲသလို အခြေအနေမျိုးဖြစ်သွားရင် ပါတီဟာ နိုင်ငံရေး အညွန့်တုံးတဲ့ ဘဝကို ရောက်သွားမှာပါ။

နိုင်ငံရေးပါတီတခုဟာ မူကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်ရင် အစိုးရဖျက်ပေမယ့် လွယ်လွယ်နဲ့ မပျက်ပါဘူး။ မူပျောက်ရင် ပါတီအလိုလို သေးသိမ် မှေးမှိန်ပြီး တဖြည်းဖြည်း လုံးပါးပါး ပျောက်ကွယ်တတ်ပါတယ်။ မြန်မာ့သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာပါ အဲသလို အစဉ်အလာ နမူနာတွေ အများကြီး ရှိပါတယ်။


၂၀၀၈ အခြေခံဥပဒေသည်သာ အခရာ

လွှတ်တော်ထဲမှာ စစ်သား တမတ်သား ပါဝင်မှာကို သဘောတူရင်၊ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီက အချိန်မရွေး အာဏာသိမ်းမှာကို သဘောတူရင် NLD မှတ်ပုံတင်တာကို လည်း ထောက်ခံလို့ ရပါပြီ။ အဲဒါတွေကို သဘောမတူနိုင်ရင်တော့
NLD မှတ်ပုံတင်ရေးဟာ ရင်လေးစရာကြီးပါ။ ဒီမိုကရေစီပါတီ ဆိုတာ တရားဝင် မှတ်ပုံတင် ရမှာပဲ ဆိုတဲ့ အခြေခံလောက်ကိုတွေးပြီး လွယ်လွယ် မဆုံးဖြတ်ကြစေလိုပါ။

စစ်အစိုးရ အဖို့မှာတော့ ၂၀၀၈ အခြေခံဥပဒေကို ရထားတာဟာ လိုတရ ဆေးကြိမ်လုံးကို ရထားသလိုပါပဲ။ နောက်ဆုံး ကုန်ကုန်ပြောရရင် ၂၀၁၅ မှာ NLD ရွေးကောက်ပွဲဝင်ပြီး တနိုင်ငံလုံးမှာ အနိုင်ရသွားရမယ်ဆိုပါတော့။ ( ဥပမာပြောတာပါ၊ တကယ်တန်းမှာ သူတို့ ဒါမျိုး နောက်တခါ ထပ် အဖြစ် မခံပါဘူး။ NLD မပါဘဲနဲ့တောင် ၂၀၁၀ တုန်းက ဘယ် လောက် ရုပ်ပျက်ဆင်းပျက် မဲခိုးခဲ့သလဲ ဆိုတာ အားလုံး အသိပါ။ ) တကယ်လို့ ၂၀၁၅ မှာ NLD အနိုင်ရ သွားရင် တောင်မှ ပြဿနာရှာပြီး အာဏာ ပြန်သိမ်းလိုက်ရင် ၂၀၀၈ ခု အခြေခံဥပဒေအရ တရားဝင်နေပါသေးတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ သူတို့ အတွက် အဲသလောက် အာမခံချက်ရှိပါတယ်။ ဒါ့ကြောင့် ၂၀၀၈ ခုအခြေခံဥပဒေကြီးကို သိပ်တရားဝင်စေချင် နေတာပါ။ NLD ကိုယ်တိုင် လက်ခံထားတဲ့ အခြေခံဥပဒေပါလို့ နိုင်ငံတကာကို ပြောချင်နေတာပါ။ အဲသလို ပြောနိုင်ဖို့ အတွက် အခုကြိုးစားနေတာပါ။

ဒီတော့ NLD ပါတီ မှတ်ပုံတင်မတင်ဆိုတဲ့ ပြဿနာရဲ့ အဖြေဟာ ၂၀၀၈ အခြေခံဥပဒေကို လက်ခံ၊ မခံဆိုတဲ့ စိန်ခေါ်မှုသာ ဖြစ်တယ်လို့ ဆိုချင်ကြောင်းပါ။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
Read more

ဒီကနေ့ လူထုလိုလားချက်နဲ့ ရွှေဂုံတိုင်မူ

(မိုးမခဘလော့ကနေ ကူးယူ ဖော်ပြပါတယ်။ ရေးသူက မောင်ခင်အေးတင့်(မဒေါက်) ဖြစ်ပါတယ်။)
ဒီကနေ့ လူထုလိုလားချက်နဲ့ ရွှေဂုံတိုင်မူ
မောင်ခင်အေးတင့်(မဒေါက်)
နိုဝင်ဘာ ၈၊ ၂၀၁၁

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်တဲ့ဥပဒေ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်က လွှတ်တော်နှစ်ရပ်လုံးက ပြန်လည် ပြင်ဆင်ခဲ့ပြီး ပြင်ဆင်မှုသုံးခု ပြုလုပ်ထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို သမ္မတ ဦးသိန်းစိန်က သောကြာနေ့မှာ လက်မှတ်ထိုး ထုတ်ပြန် လိုက်ပါတယ်။

ပြင်ဆင်မှုသုံးခုပါတဲ့ ဥပဒေသစ်က “အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုတဲ့နေရာမှာ “ထိန်းသိမ်းစောင့်ရှောက်” စကားရပ်အစား “လေးစား လိုက်နာ” ဟုပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီတခုဟာ အနည်းဆုံး မဲဆန္ဒနယ်သုံးနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ရမယ်ဆိုတဲ့ ကန့်သတ် ချက်နဲ့ ထောင်ဒဏ်ကျခံနေသူများ နိုင်ငံရေးပါတီဝင်မဖြစ်ရ ကန့်သတ်ချက်တို့ကို ပယ်ဖျက်ပေးထားပါတယ်။ ဒီပေါ်ထွက်လာတဲ့ ဥပဒေသစ်အပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှတ်ပုံတင်မတင် အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဒီဆောင်ရွက်နေမှုတွေအားလုံးက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အစီအမံရဲ့အောက်က သွားနေတာဆိုတော့ ၂၀၀၈အခြေခံဥပဒေဆိုတာကို ပြန်ဆန်းစစ်ကြည့်မိပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ဆိုတာက မူလကနဦး အခြေခံဥပဒေ (၁၀၄) ချက်ကအစပြုလို့ အမျိုးသားညီလာခံကျင်းပပုံ၊ အတည်ပြုပုံအဆုံး အားလုံးကို နအဖစစ်အုပ်စုက စိတ်ကြိုက်ချမှတ် ရေးဆွဲအတည်ပြုခဲ့တာပါ။ ပြောရရင်တော့ စစ်အုပ်စုက သွန်လိုသွန် မှောက်လိုမှောက် လုပ်ခဲ့တဲ့ စစ်အခြေခံဥပဒေ ၂၀၀၈ပါ။ တခဏလေးအတွင်းမှာ ပြည်သူလူထု(၁)သိန်းကျော် (၂)သိန်းနီးပါးလောက် သေကြေပျက်စီးပြီး လူ(၁)သန်းနီးပါးလောက် အိုးအိမ်မဲ့ စားစရာမဲ့ နေစရာမဲ့ဘ၀ကို တမဟုတ်ချင်း ရောက်သွားခဲ့ရတဲ့ နာဂစ်လေမုန်တိုင်းကြီး တိုက်ခတ်ဝါးမျိုသွားတဲ့အချိန်မှာတင်ကို စစ်ကောင်စီဗိုလ်ချုပ်တွေက ၉၂.၄၈ ရာခိုင်နှုန်းဆိုပြီး အဓမ္မအတည်ပြုလိုက်တဲ့ စစ်သမ္မတနိုင်ငံထူထောင်ရေး စစ်အခြေခံဥပဒေ ဖြစ်ပါတယ်။

၁၉၇၄ ဖွဲ့စည်းပုံတုန်းကလည်း ၉၀.၁၁ရာခိုင်နှုန်း ရတယ်လို့ ကြေညာတယ်၊ တပါတီအာဏာရှင်စနစ်နဲ့ အုပ်ချုပ်တယ်။ ပြန်ချုပ်ပြောရင် ၂၀၀၈ မေလ(၁၀) ရက်နေ့မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်တယ်။ နာဂစ်ကြောင့် အဲဒီဒေသအတွင်းမှာရှိတဲ့ မြို့နယ်(၄၇)ခုကိုတော့ မေလ(၂၄)ရက်နေ့မှာ ဆန္ဒကောက်ယူ ခဲ့တယ်။ နောက်ဆုံး မေလ(၂၉)ရက်မှာတော့ ၉၂.၄၈ ရာခိုင်နှုန်း ရတယ်လို့ ကြေညာလိုက်တယ်။ စစ်အာဏာရှင်စနစ်နဲ့ပဲ ဆက်အုပ်ချုပ်သွားမယ်လို့ ဗြောင်စိမ်ခေါ်လိုက်တာပါပဲ။ ၂၀၀၈အခြေခံဥပဒေထဲက အချို့အချက်တွေကို စိပ်ခွဲကြည့်ရင် ဒီလိုမြင်ရတွေ့ရပါတယ်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်တပ်ကို အကြွင်းမဲ့အာဏာ ပေးအပ်ထားတာပါ။ အကြောင်းကတော့ အခြေခံဥပဒေရဲ့ အဓိကကျောရိုးအဖြစ် “နိုင်ငံတော်၏ အနာဂတ် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် စစ်တပ်က အစဉ်တစိုက် ပါဝင်သွားမည်” ဆိုတဲ့ ဥပဒေဆိုင်ရာခံတပ်၊ ပုဒ်မ ၂၀(ခ)မှာလည်း “တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲစီရင် ဆောင်ရွက်ပိုင်ခွင့်ရှိသည်” လို့ ပြဋ္ဌာန်းထားတာကြောင့် ဖြစ်ပါတယ်။

အဆိုးဆုံးကတော့ ဒီ၂၀၀၈ဖွဲ့စည်းပုံက အမြင့်ဆုံးအာဏာကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အပ်နှင်းထားတဲ့အချက်ပါပဲ။ စုစုပေါင်းအဖွဲ့ ၀င်(၁၁)ဦးမှာ အရပ်သားဆိုလို့ ကြံ့ဖွတ်ပါတီဝင် တဦးသာပါပြီး ကျန် ၁၀-ဦးစလုံးက စစ်တပ်ကချည်း ဖြစ်ပါတယ်။

အဓိက လုပ်ငန်းစဉ်(၄)ရပ် ချမှတ် ပြဋ္ဌာန်းထားပါတယ်။

(၁) ပုဒ်မ ၃၄၂အရ ကာကွယ်ရေးဦးစီးချုပ်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ရွေးချယ်အတည်ပြုပြီး သမ္မတက ခန့်အပ်ပေးမှာ ဖြစ်ပါ တယ်။

(၂) နိုင်ငံတ၀န်းလုံးမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ရင် ပုဒ်မ ၄၁၇၊ ၄၁၈အရ သမ္မတက အာဏာကြီး(၃)ခုစလုံးကို ကာကွယ်ရေးဦးစီးချုပ်ဆီ လွှဲပြောင်းပေးရန် လုပ်ဆောင်ရပါမယ်။

(၃) အရေးပေါ်အခြေအနေကာလမှာ ကာကွယ်ရေးဦးစီးချုပ်က တိုင်းပြည်ကို အများဆုံး(၂)နှစ်အထိ အုပ်ချုပ်နိုင်သလို ထိုကာလကျော်လွန်တဲ့အခါမှာ လည်း အခြေခံဥပဒေ ပုဒ်မ ၄၂၁၊ ၄၂၇၊ ၄၃၁တို့အရ အာဏာ၃ ရပ်စလုံးကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက သမ္မတကိုယ်စား ကျင့်သုံးမှာ ဖြစ်ပါတယ်။

(၄) ပုဒ်မ ၄၂၉အရ ယင်းကောင်စီက အရေးပေါ်အခြေအနေကို ရုတ်သိမ်းပြီး (၆)လအတွင်း ရွေးကောက်ပွဲကျင်းပပေးရေး လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်” ဟု ပုဒ်မ ၂၀(စ)နဲ့ ထပ်ဆောင်း ထားလိုက်ပါသေးတယ်။ အချုပ်ကတော့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ခြိမ်းခြောက်လာတယ်လို့ စစ်ဗိုလ်ချုပ်တွေက ယုံကြည်ယူဆရင် အချိန်မရွေး အာဏာပြန်သိမ်းနိုင်ခွင့်ကို ဖန်တီးပေးထားတဲ့ စစ်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်နေတာပါပဲ။

အဲဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က မှတ်ပုံပြန်တင်မတင် အဆုံးအဖြတ်ပြုရမှာပါ။

ဒီချုပ်ဘက်ကိုကြည့်မယ်ဆိုရင်လည်း ၂၀၁၀ ဧပြီလ(၂၉)ရက်နေ့က လူမျိုးစုံပြည်သူတရပ်လုံးရဲ့ ဆန္ဒနဲ့ထပ်တူထပ်မျှဖြစ်တဲ့ ၂၀၁၀ရွေးကောက်ပွဲ မှတ်ပုံ မတင်ရေး သမိုင်းဝင်ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား အတိအလင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများစုသဘောတူညီမှုနဲ့ ဆုံးဖြတ်ခဲ့တာပါ။ အဖွဲ့ချုပ်ရဲ့သစ္စာတရားနဲ့ ပြည်သူ့စွမ်းအားကို နက်နက်ရှိုင်းရှိုင်း ယုံကြည်အသိအမှတ်ပြုပါတယ်ဆိုတာကို ပြသလိုက်တာပါပဲ။

အန်န်အယ်လ်ဒီဟာ မြန်မာပြည်တ၀ှမ်းလုံးမှာရှိတဲ့ လူမျိုးစုံပြည်သူလူထုတရပ်လုံးက ၁၉၉၀ခုနှစ် မေလ ရွေးကောက်ပွဲကနေ ရွေးချယ်တင်မြှောက်ခဲ့တဲ့ အနိုင်ရပါတီဖြစ်ပါတယ်။ မဲပေးနိုင်ခွင့်ရှိသူ ဦးရေ သန်း(၂၀)မှာ (၁၅)သန်းက အတည်ပြုရွေးကောက် တင်မြှောက်ထားတာပါ။ တပ်မတော်သားများပါ မဲဆန္ဒပြု မဲထည့်ရွေးကောက်ထားတဲ့ပါတီ ဖြစ်နေတာမို့ တပ်မတော်သားများကိုလည်း ကိုယ်စားပြုပါတယ်။ (၈၂)ရာခိုင်နှုန်းနဲ့ကို ပြတ်ပြတ်သားသား အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

ဒါ့ပြင် ၂၀၁၀ မတ်လ ၂၉-ရက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုဦးစီးအဖွဲ့ အထူးအစည်းဝေးကို ဒေါ်အောင်ဆန်းစုကြည် မှာကြားတဲ့အချက် ၆ ချက်ထဲက အချို့အချက်ကို ထပ်မံကိုးကား ဖော်ပြချင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝ လက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်

ဒီ၂၀၀၈ ဖြစ်စဉ်အဆင့်ဆင့်ကို ပြန်ကြည့်ရင်ပဲ စစ်အုပ်စုက အတင်းအဓမ္မ နည်းမျိုးစုံသုံးပြီး မရမက အတည်ပြုထားတဲ့အတွက် လုံးဝ လက်ခံနိုင်ဖို့ မရှိ ဘူး၊ တပြိုင်နက်တည်းမှာ အမျိုးသားပြန်လည်ရင်ကြားစေ့နိုင်ရေးအတွက် နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးမှသာ တိုင်းပြည်ရဲ့ အရပ်ရပ်အခြေအနေတွေကို မှန်ကန်စွာ ဖြေရှင်းနိုင်မယ်ဆိုတာကို ရေးသားဖော်ပြထားတဲ့ ရွှေဂုံတိုင်ကြေညာချက်ကို ဆက်လက် ကိုင်စွဲထားမှသာ တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာတွေ ကို ငြိမ်းချမ်းတဲ့နည်းလမ်းကသာ အဆုံးအရှုံး အထိအခိုက် အနည်းဆုံးနဲ့ ဖြေရှင်းနိုင်မယ်လို့ ပြောထားတာပါ။

တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝ လက်မခံနိုင်ပါ၊ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီ နည်း မကျ။

ထုတ်ပြန်လိုက်တဲ့ ဥပဒေတွေဟာ ဥပဒေကြောင်း ဥပဒေသဘောအရ ဥပဒေမမြောက်ပါဘူး၊ အကြောင်းကတော့ ဥပဒေတရပ်မှာ အခြေခံအချက်တချို့ ရှိပါတယ်။ ထုတ်ပြန်လိုက်တဲ့ဥပဒေဟာ ရှေ့ကိုမျှော်ကိုးပြီး နိုင်ငံသူနိုင်ငံသားအားလုံးအတွက် ထုတ်ပြန်တဲ့သဘောမျိုး ဖြစ်ရမှာဖြစ်ပြီး လူတဦး တယောက် အတွက် ရည်ရွယ်ပြီး ထုတ်ပြန်တာမျိုး မဖြစ်ရပါဘူး။ တဦးတယောက်အတွက်ကို ရည်ရွယ်ထုတ်ပြန်ထားတယ်လို့ ယူဆစရာမျိုး မဖြစ်စေရပါ။

နောက်တခုက ဒီဥပဒေတွေဟာ လွတ်လပ်မျှတသင့်တော်မှု ရှိရပါမယ်၊ အခုဟာက ပါတီအဖွဲ့အစည်းတခုကို တိုက်ရိုက် ပိတ်ပင်တားဆီးထားတာဖြစ်တဲ့ အတွက် သင့်တော်မျှတမှု လုံးဝမရှိပါဘူး။ အဲဒါကြောင့် တရားမျှတမှုမရှိ တဖက်သတ်ရေးဆွဲထားတဲ့ ဥပဒေအတိုင်း လက်ခံပြီး မှတ်ပုံတင်လိုက်မှသာ နဂို မှတ်ပုံတင်ပြီးသား တရားဝင်ပြီးသားကိစ္စဟာ ပျက်ပျယ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုလိုမှတ်ပုံမတင်ခြင်းဟာ ဥပဒေသဘောအရ ပါတီဟာ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီဖြစ်တယ်၊ တရားဝင်နိုင်ငံရေးပါတီဖြစ်တယ် ဆိုတာကို အတိအလင်း ဖော်ပြလိုက်တာဖြစ်တဲ့အတွက် မှတ်ပုံတင်ဖို့ကို လုံးဝမလိုပါဘူး။ ဆရာကြီးဦးဝင်းတင်ကလည်း အရေးတော်ပုံကြီးမှာ မှတ်ပုံတင်ထားပြီးလို့ ဘယ်မှာမှ ထပ်တင်စရာ မရှိဘူး၊ တင်လိုက်မှသာ ပျက်သွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက် ၏ ကိုယ်ပိုင်ပစ္စည်းလည်း မဟုတ်

အဖွဲ့ချုပ်ဟာ အားလုံးနဲ့ သက်ဆိုင်တယ်၊ ပြည်သူလူထုတရပ်လုံးနဲ့ သက်ဆိုင်တယ်လို့ ပြောတာသာဖြစ်ပြီး မိမိရဲ့ အမွေပိုင်ပစ္စည်းမဟုတ်ဘူးဆိုတာကို သိစေချင်တာပါ။ အဲဒီတော့ မိမိဆန္ဒအတိုင်း လုပ်ချင်သလို လုပ်လို့မရပါဘူး၊ မဖြစ်ပါဘူး ဆိုတာပါပဲ။ ပြည်သူလူထုရဲ့ဆန္ဒကို လေးစားဖို့လိုတယ်လို့ ပြော တာပါ။

အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်

အဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲကနေ တပြည်လုံးအတိုင်းအတာအနေနဲ့ ရွေးချယ်လိုက်တဲ့ ပြည်သူလူထုရဲ့ တရားဝင် မင်းန်ဒိတ်ရထားတဲ့ အနိုင်ရပါတီ ပြည်သူ့အားနဲ့ရပ်တည်ထားတဲ့ပါတီ ဖြစ်တဲ့အတွက် ဘယ်သူမှ လာဖျက်သိမ်းလို့ မရပါဘူး၊ အာဏာပိုင်တွေက အာဏာကို တလွဲအသုံးချပြီး ဖျက်သိမ်း ရင်တောင် ဘယ်တော့မှ မပျက်နိုင်ဘူး၊ ဖျက်သိမ်းလို့လည်း မရသလို ဖျက်သိမ်းပိုင်ခွင့်လည်း မရှိပါဘူး၊ ကိုယ်တည်ထောင်ထားတဲ့ ပါတီကို ကိုယ်ကိုယ် တိုင် ဖျက်မှသာ ပျက်မှာဖြစ်ပါတယ်။ ပြည်သူတွေ ထောက်ခံနေသရွေ့ အဖွဲ့ချုပ်ဟာ ရှင်သန်နေမှာသာ ဖြစ်ပါတယ်။

ဟော အခု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပြင်ဆင်တဲ့ဥပဒေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှတ်ပုံတင်/မတင် ဆုံးဖြတ်ရတော့မှာပါ။ ဒီ ပြင် ဆင်ချက်သုံးခုနဲ့ အစားထိုးလိုက်ရုံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လက်ခံလိုက်ရမှာပါလား။ မှတ်ပုံပြန်တင်လိုက် တော့မှာလားဆိုတာ အဖွဲ့ချုပ်အနေနဲ့ အသေအချာကို ပြန်လည်သုံးသပ် စဉ်းစားအဖြေပေးရပါလိမ့်မယ်။ ရွှေဂုံတိုင်ကြေညာချက်ကို ဘာကြောင့်ထုတ်ပြန် ရတာလဲ၊ ရွှေဂုံတိုင်ရဲ့အနှစ်သာရက ဘာလဲ စသဖြင့် အဖွဲ့ချုပ်ရဲ့ အီးစီတွေကတဆင့် အဆင့်ဆင့်သော တိုင်းအဆင့် ပြည်နယ်အဆင့် မြို့နယ် ရပ်ကွက်ကျေးရွာ အုပ်စုအဆင့်ထိ အမျိုးသားပြည်သူတရပ်လုံးရဲ့ အသံတွေ၊ ဆန္ဒတွေကို နားထောင်ကောက်ယူ ဆုံးဖြတ်ပြုရမယ် ဖြစ်ပါတယ်။

ရွှေဂုံတိုင်ကြေညာစာတမ်းရဲ့ အနှစ်ချုပ်ကတော့ အချက်(၄)ချက် ရှိပါတယ်။

တစ်တချက်က နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရေး၊

နှစ်အချက်က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊

သုံးတချက်က ၁၉၉၀မေလရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အကောင်ထည်ဖော်ရေးနဲ့

နောက်ဆုံး လေးအချက်က အမျိုးသားပြန်လည်ရင်ကြားစေ့နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး ဖြစ်ပါတယ်။

ကျနော် စဉ်းစားကြည့်တယ်။ မှတ်ပုံတင်လိုက်ရင် နဲ့ မှတ်ပုံမတင်ဘဲ ဒီအတိုင်းဆက်နေလိုက်ရင် ဘာဖြစ်လာမလဲဆိုတာကိုပါ။

မှတ်ပုံတင်လိုက်ရင်တော့ ရွှေဂုံတိုင်ကြေညာစာတမ်းဟာ စက္ကူစုတ်ဘ၀ရောက်သွားမှာပဲ။ ၁၉၉၀ရွေးကောက်ပွဲရလဒ်ကို စွန့်လွှတ်လိုက်တာဟာ အမျိုးသား ပြည်သူတရပ်လုံးရဲ့ ကတိက၀တ်ကို ချိုးဖေါက်လိုက်သလို တခဲနက် အားကိုးယုံကြည် လေးစားထောက်ခံ တန်ဘိုးထားမှုကို လစ်လျူရှု့ပစ်ပယ်လိုက်တာနဲ့ အတူတူဖြစ်သွားမှာပါ၊ ပြည်သူလူထုတရပ်လုံးက အခက်အခဲအမျိုးမျိုးကြားက မိမိတို့ရဲ့ ဆန္ဒမဲတပြားကို အပ်နှင်းပေးခဲ့တဲ့ လူထုမဲန်းဒိတ်ကြီးကို ဂရုမစိုက် ချေဖျက်လိုက်တာ ဖြစ်သွားမှာပေါ့၊ ခပ်ကြမ်းကြမ်း ရမ်းရမ်းပြောရင် အမျိုးသားပြည်သူလူထုကြီးကို စော်ကားမော်ကား သစ္စာဖျက် လုပ်လိုက်တာပါပဲ။

ဒါ့ပြင် အနှစ် ၂၀ တလျှောက်လုံး ကိုင်စွဲရပ်ခံလာတဲ့ ၁၉၉၀ရွေးကောက်ပွဲရလဒ်ကို တခဏလေး မိနစ်ပိုင်းလေးအတွင်းမှာ ကိုယ့်ဘာသာကိုယ် ဖျက်ဆီးပစ် လိုက်သလို ၂၀၀၈အခြေခံ ဥပဒေအတိုင်း လေးစားလိုက်နာ ဖော်ဆောင်ပါ့မယ်လို့ စစ်ဗိုလ်ချုပ်တွေကို အသနားခံလိုက်တာနဲ့လည်း မကွဲပြားလှပါဘူး။ ၂၀၁၀ မတ်လ(၂၉)ရက် ဒီချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးက နံပါတ်နှစ်အချက်ဟာလည်း သူ့အလိုလို ကွယ်ပျောက်သွားရတော့မှာပါ။

ချုပ်လိုက်ရင် တော့ ရွှေဂုံတိုင်မူကို စွန့်လွှတ်လိုက်ပါပြီ၊ တဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈အခြေခံဥပဒေအတိုင်း တလေးတစား လိုက်နာသွားပါ့မယ်လို့ ၀န်ခံကတိပေး လိုက်တာလို့ကော မပြောနိုင်ဘူးလား။ ဒီလိုဆိုရင်တော့ ပြည်သူ့လိုလားချက်နဲ့ အံချော်တိမ်းစောင်းသွားစရာ ရှိပါတယ်။

မှတ်ပုံမတင်ဘူးဆိုရင်တော့ အမျိုးသားပြည်သူလူထုတရပ်လုံးရဲ့ ဘ၀လွတ်မြောက်ရေးအတွက် ပြည်သူလူထုရဲ့ သဘောဆန္ဒ လိုလားချက်နဲ့အညီ ရွှေဂုံတိုင်မူကို ဆက်လက်ဆုပ်ကိုင်ပြီး လူထုတရပ်လုံးရှေ့ကနေ မားမားမတ်မတ် ရပ်တည်ဦးဆောင်သွားဖို့သာ ရှိပါတယ်။ မဲဆန္ဒရှင်ပြည်သူတရပ်လုံးက အူလှိုက်သည်းလှိုက် ၀မ်းပမ်းတသာ ၀ိုင်းဝန်းကြိုဆို ထောက်ခံကြမှာ မလွဲဧကန်ပါပဲ။

လုပ်လက်စအလုပ်တွေကို ဖုတ်ဖက်ခါ ပစ်ချထားခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နောက်ကနေ စည်းကမ်းတကျ ကိုယ့်တာဝန်ကိုယ် ကျေပွန်စွာနဲ့ မလွဲမသွေ လိုက်ပါလိမ့်မယ်ဆိုတာ အခိုင်အမာ အလေးအနက်ကို ယုံကြည်ပါတယ်။ တကယ်တော့ ဘယ်ခေတ်စနစ် ရာဇ၀င်သမိုင်းကိုကြည့်ကြည့် အံ့မခန်း စွမ်းအားပိုင်ရှင် အမျိုးသားပြည်သူလူထုကြီးကသာ သမိုင်း စာမျက်နှာတွေကို ဖွင့်လှစ်ခဲ့တာချည်း ဖြစ်ပါတယ်။ လတ်တလော နိုင်ငံရေးအနေအထားကလည်း ဒီအတိုင်း တောင်းဆိုနေတယ်လို့ ယူဆပါတယ်။ ဒါတွေက ကျနော့်ရဲ့ယူဆချက် အမြင်သဘောထားမျှသာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မှတ်ပုံတင်မတင် ဆုံးဖြတ်ချက်က ဒီကနေ့ လူထုနိုင်ငံရေး အထုအထည် အားအင်ကို ဖြစ်ပေါ်ဖန်တီး စေမှာ ဖြစ်တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်လိုတုန့်ပြန်မှာပါလဲ။
Read more

ကြံ့ဖွံ့ အစိုးရ ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သေနင်္ဂဗျူဟာမြောက် ရွှေ့ကွက်များ

(မြန်မာ့နိုင်ငံရေးနှင့်ကျနော်၏အမြင်... အပိုင်း (၄) နှင့် (၅) ကို မအားလပ်သဖြင့် ဆက်မရေးနိုင်ခင်စပ်ကြား အီးမေးလ်မှတဆင့် ဖတ်ရှုရသော ဆောင်းပါးတပုဒ်ကို ဖတ်ရှုရသည့်အခါ အင်မတန် နှစ်ခြိုက်၍ သဘောချင်းလည်း တိုက်ဆိုင်လှသည့်အလျောက် ကူးယူဖော်ပြအပ်ပါသည်။ မူရင်း အီးမေလ်းပို့သူမှာ John Steward ဆိုသူဖြစ်ပြီး ဘားမားတူဒေး အီးဂရုပ်ထဲသို့ ထပ်မံ လက်ဆင့်ကမ်းပေးပို့သူမှာ ကိုသားဆွေဖြစ်ပါသည်။ ရေးသူအမည်ကို မသိပါ။ သိသူများ ကော်မန့်ကဏ္ဍတွင်ဖော်ပြပေးလျှင် ကျေးဇူးပါ။ ခွင့်မတောင်းပဲ မျှဝေလိုက်သည့်အတွက် ကာယကံရှင်များ ခွင့်လွှတ်ကြပါကုန်။ Updated Info: An anonymous reader has informed in the comment section that "ဒီဆောင်းပါးကို facebook မှာ တွေ့ခဲ့တာပါ။ ဇော်ဝင်းဆိုတဲ့ facebook account မှာပါ။ ရေးသူဇော်ဝင်း ၈၈ ကျောင်းသားဟောင်းလို့ အဲဒီမှာ ရေးထားပါတယ်။ အောက်တိုဘာ ၃၁ ရက်နေ့ ရက်စွဲနဲ့ အဲဒီပို့စ်ကို တင်ထားပါတယ်။".Thanks for your info.)

”ကြံ့ဖွံ့ အစိုးရ ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သေနင်္ဂဗျူဟာမြောက် ရွှေ့ကွက်များ”


ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်

အများပြည်သူက ရွေးကောက် တင်မြှောက်ထားသည့် အစိုးရဟု မိမိကိုယ်ကိုယ် တွင်တွင် ကြော်ငြာနေသော ကြံ့ဖွံ့ အစိုးရနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကြား နိုင်ငံရေး စစ်တုရင် ကစားပွဲမှာ ယခုအခါ အတော်ပင် ဇာတ်ရှိန်တက် နေ လေပြီ။ ကြည့်ရှုရသော ပရိသတ်အဖို့မှာလည်း အသည်းတယားယား၊ ရင်တဖိုဖို ဖြစ်ကြရသည်။ အဘယ်ကြောင့် အသည်းယားရသနည်း ဆိုပါမူ ကျွန်တော်တို့သည် သာမန်ပွဲကြည့်ပရိသတ်မျှသာ မဟုတ်ဘဲ၊ ပွဲ၏ အနိုင်အရှုံးရလဒ်အကျိုးကို ကျကျနန ခံစားကြရမည့်သူများလည်း ဖြစ်နေသောကြောင့်ပင်။ သည်ပွဲသည် သာမန် ကစားပွဲမဟုတ်။ ကျွန်တော်တို့၏ ကံကြမ္မာကို လောင်းကြေး ထပ်ထားရသော ကစားပွဲဖြစ်နေလေသည်။

ယခု အချိန်တွင် အများပြည်သူ အတွက် မျက်စိလည်စရာ ကောင်းလောက်အောင် ကစားကွက်ရှုပ်ထွေးလှပေသည်။ အမှန်တကယ်ပင် မျက်စိလည်သူ အကြည့်မှားသူတွေလည်း တော်တော်ပင် များပြားနေလေသည်။ အဘယ်ကြောင့် ထိုသို့ အမြင်ရှုပ်ထွေးကြပါသနည်း။ ရွှေ့ကွက်များမှာ ယခင်ကနှင့် မတူ တမူထူးခြားနေသောကြောင့် ဖြစ်သည်။

ယခင်က စစ်အစိုးရသည် အကြမ်းနည်းသက်သက်ကိုသာ အသုံးပြုသည်။ စစ်အစိုးရကို ဆန့်ကျင်တာ ဘာမှ မရေးရ။ ဘာမှ မပြောရ။ ဘာမှ မလုပ်ရ။ ထိုကဲ့သို့ လုပ်ရပ်တခုခု လုပ်လျင် ထောင်သွင်း အကျဉ်းချမည်။ လမ်းပေါ်မထွက်ရ။ ဆန္ဒမပြရ။ လမ်းပေါ်ထွက် ဆန္ဒပြလျင် ပစ်သတ်မည်။ လမ်းပေါ်ထွက် ဆန္ဒပြ သော လုပ်ရပ်သည် (လက်နက်ကိုင် တော်လှန်သော အလုပ်မှ တပါး) စစ်အစိုးရ အဆက်ဆက်အဖို့ အကြောက်ဆုံးလုပ်ရပ် ဖြစ်သည်။ အတိုချုပ်ပြောရလျင် ထောင်ချလိုက်မည်နှင့် သတ်ပစ်လိုက်မည် ဆိုသော နည်းများမှာ စစ်အစိုးရ၏ အဓိက နည်းဗျူဟာ ဖြစ်ခဲ့သည်။

စစ်အစိုးရဘက်က ပြောင်းလဲဖို့ ခြေလှမ်းပြင်လာခြင်း

၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုနောက်ပိုင်းတွင်မူ စစ်အစိုးရ၏ မဟာဗျူဟာ စတင်ပြောင်းလဲလာသည်။ ၁၉၈၈ နောက်ပိုင်းတွင် အကြီးမား ဆုံးသော လှုပ်ရှားမှုကြီး ဖြစ်သည့် ၂၀၀၇ လှုပ်ရှားမှုသည် စစ်အစိုးရကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည်။ စစ်အစိုးရအနေနှင့် အနှစ် နှစ် ဆယ်ကျော်ကြာကျင့်သုံးခဲ့သော အချိန်ဆွဲလိမ်ညာ၊ လှည့်ဖျား၊ ထောင်ချ၊ လူသတ်အလုပ်သည် ရေရှည်ဆက်သွား၍ အလုပ် မဖြစ် နိုင် တော့ဟု သဘောပေါက်လာခဲ့သည်။ ထို့ကြောင့် ၂၀၀၇ ခုနှစ် အရေးတော်ပုံပြီးသည်နှင့် အခြေခံဥပဒေတွေ၊ ရွေးကောက်ပွဲတွေကို သွက်သွက်လက်လက် အကောင်အထည်ဖော်တော့သည်။ ယခင်က နှစ်ပေါင်းတရာကြာအောင်ပင် အချိန်ဆွဲတော့မည်ဟု ထင်ရသော လမ်းပြမြေပုံမှာ ရုတ်တရက် အရှိန်ရပြီး သွက်လက် မြန်ဆန်လာသည်။

ဤသို့ဖြင့် အခြေခံဥပဒေ တရပ်ထွက်ပေါ်လာသည်။ သို့သော် ထိုအခြေခံဥပဒေမှာ ကမ္ဘာ့သမိုင်းတွင် ဒီမိုကရေစီ မကျဆုံးသော အခြေခံဥပဒေတရပ် အဖြစ် ပေါ်ထွက်လာခြင်းဖြစ်သည်။ စစ်သား တမတ်သားက မည်သူမျှ မရွေးကောက် ပဲ လွှတ်တော်ထဲတွင် မိန့်မိန့်ကြီး ကြိုတင်နေရာယူနိုင်သော အခွင့်ကို ပေးအပ်ထားသည်။ စစ်တပ်က မကြိုက်လျင် အချိန်မရွေး အာဏာ သိမ်းခွင့်ကိုလည်း ပေးထားသည်။ ထို အခြေခံဥပဒေမှာ လွတ်လွတ်လပ်လပ် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပခွင့်ရခဲ့လျင် ၁၀ ရာခိုင်နှုန်းမျှပင် ထောက်ခံမဲရနိုင်စရာ မရှိသော်လည်း သေနတ်မိုးဓါးမိုးပြီး ၉၂ ဒသမ ၄ ရာခိုင်နှုန်းကထောက်ခံသည်ဟု မဲခိုးကြေငြာပစ်လိုက်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဦးဆောင်နိုင်မှု အရည်အချင်း

ထိုကဲ့သို့သော အရေးကြီးသည့် သမိုင်းကာလများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဘယ်နေရာ ဘယ်အခန်းကဏ္ဍကနေ ရပ်တည်ခဲ့ပါသနည်။ တိုင်းပြည်အတွက် အလွန်အရေးကြီးလှသော ၂၀၀၇ ခုအရေးတော်ပုံနှင့် အခြေခံဥပဒေ ဆန္ဒခံယူပွဲကာလ နှစ်ခုစလုံးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာမူ ပြည်သူလူထုကို အရည်အချင်း ပြည့်မီသော ဦးဆောင်မှု မပေးနိုင်ခဲ့ပါ။ ၂၀၀၇ ခုနှစ် အရေးတော်ပုံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တာဝန်ပျက်ကွက်ခဲ့ခြင်းမှာ အလွန်ဆိုးဝါးလှသော ပျက်ကွက်မှုကြီး ဖြစ်ခဲ့ သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် လူထုလှုပ်ရှားမှုကို ထောက်ခံကူညီမှုမပြုရုံသာမက စစ်အစိုးရအကြိုက်နောက်ကပင် လိုက်ဆွဲ တားမြစ်ခဲ့ပါသေးသည်။

၂၀၀၇ ခုအရေး အခင်းတွင် သံဃာနှင့် ၂၀၀၇ ခု ဗကသ ကျောင်းသားများက ထိန်းသိမ်းဦးဆောင် သွားနိုင်သောကြောင့်သာ စစ်အစိုးရကို တုန်လှုပ်ခြောက်ခြားစေခဲ့ခြင်းဖြစ်သည်။ ၈၈ မျိုးဆက်ကျောင်း သားများမှာမူ ၂၀၀၇ ခု အရေးတော်ပုံ၏ အစပိုင်းကာလတွင် အဓိက ဦးဆောင်သူများ ဖြစ်ခဲ့ကြသော်လည်း ပွဲဦးကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရသည်။ ဆက်လက်၍ ဦးဆောင်မှု မပေးနိုင်ခဲ့။

၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲကာလတွင်မူ သံဃာနှင့် ၂၀၀၇ မျိုးဆက် ဗကသ ကျောင်းသားများပါ ထောင်သွင်း အကျဉ်းချထားခြင်း ခံခဲ့ရသည်။

ထိုကာလ၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင်မူ အစပိုင်း၌ NLD သည် အတန်အသင့် ဦးဆောင်မှုပေးနိုင်ခဲ့သည်။ သို့သော် နာဂစ်မုန်တိုင်း တိုက်ခတ် လိုက်သောအခါ နိုင်ငံရေး ကို ရှေ့တန်းမတင် ပြည်သူလူထု အရေးကို ရှေ့တန်းတင်မည်ဟု ကြွေးကြော်ကာ လူမှုရေးဘက်သို့ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးလှည့် လိုက်သည်။ NLD သဘောထားကြီးလှပါပေသည်။ လူကြီးလူကောင်း ဆန်လှပါပေသည်။ သို့သော် ယင်းကာလ NLD ခေါင်းဆောင်များသည် နိုင်ငံရေး မျက်နှာစာတွင် စစ်အစိုးရကို ရင်ဆိုင်တိုက်ပွဲဝင်ဖို့ ဝန်လေးနေကြပြီး နာဂစ် ဟူသော အကြောင်းပြချက်ကောင်းကောင်းရသွားသည့် အတွက် စိတ်သက်သာရာပင် ရသွားသလားဟု သံသယဝင်ဖွယ် ဖြစ်ပေသည်။ သူတို့သည် အခြေခံဥပဒေ ဆန္ဒခံယူပွဲကို လှည့်မကြည့်တော့ပေ။ သို့သော် စစ်အစိုးရမှာမူ သူ့ရည်ရွယ်ချက်ကို မျက်ခြေ အပြတ်မခံ။ လူတွေသေ၊ အလောင်းတွေ ရေမျောနေသည့် ကြားကပင် အခွင့်ကောင်းယူကာ ထောက်ခံမဲတွေ မရမနေလုယက်ယူခဲ့လေ သည်။ NLD သည်လူကြီးလူကောင်းဘွဲ့ရ၍ စစ်အစိုးရမှာ လူဆိုးရာထူး တရစ်တက် သွား သည်။ တကယ်တန်း အနစ်နာကြီး နစ်နာခဲ့ကြရသည်မှာ ပြည်သူ တရပ်လုံးဖြစ်ခဲ့ကြသည်။ ပြည်သူတို့မှာကား နှစ်ခါရှုံးခဲ့ကြရလေ သည်။ NLD သည်လူကြီးလူကောင်းဘွဲ့ ရခဲ့သော်လည်း တိုင်းပြည်အတွက် နိုင်ငံရေး တာ ဝန်ကျေပွန်ခဲ့သည်ဟုကား မဆိုနိုင်ချေ။

အခြေခံဥပဒေကို အတည်ပြုနိုင်ပြီးသည့်နောက် စစ်အစိုးရ အဖို့မှာ အစစအရာရာ ချည်ပြီး တုတ်ပြီးဖြစ်လေပြီ။ သို့သော် ထိုမျှနှင့် မရောင့်ရဲပါ။ ရွေးကောက်ပွဲ ကို မတရားဥပဒေအမျိုးမျိုးထုတ်ပြန်ပြီး ညစ်ပြန်သည်။

ထိုကာလတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အလွန်ထူးခြားသော ရွှေဂုံတိုင်ကြေငြာချက်ကို ထုတ်ပြန်နိုင်ခဲ့သည်။ ရွှေဂုံတိုင် ကြေငြာချက်သည် သေအံ့မူးမူး ဖြစ်နေသော NLD ကို ပြန်လည် အသက်ဝင်စေခဲ့သည်။ ခေါင်းဆောင်မှုမဲ့နေသော တက်ကြွ လှုပ်ရှားသည့် NLD နယ်ခေါင်းဆောင်များကို လမ်းညွှန်မှုပေးနိုင်ခဲ့သည်။ ဦးဝင်းတင်သည် NLD ကို နိုင်ငံရေးသဘောတရား ဦးဆောင်မှု ပေးနိုင်သူ၊ လမ်းကြောင်းမှန်ကို လမ်းညွှန်ပြသနိုင်သူဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကျယ်ပြန့်သော လူထု ထောက်ခံ မှု အင်အားကို ရရှိထားသူကား မဟုတ်ပါ။

ဦးဝင်းတင်ခေါင်းဆောင်သော NLD သည် ရွှေဂုံတိုင် ကြေငြာချက်ကို ထုတ်ပြန်နိုင်သော်လည်း ၂၀၁၀ ရွေးကောက်ပွဲကို အကြောင်း ပြုပြီး NLD ပါတီကွဲထွက်ခဲ့သည်။ သို့သော် ထိုအကွဲမှာလည်း သိပ်မဆိုးလှ။ ထို အကွဲ ကြောင့် ပါတီမှာ အားလျော့ မသွား သည့်အပြင် ပိုမိုအားကောင်းလာသည်။ NLD သည် ဦးအောင်ရွှေ၏ အပျော့ဆွဲ အယူကို ဆက်ခံသော ထိပ်တန်းခေါင်းဆောင်များကို ဆုံးရှုံး ခဲ့ရ သော်လည်း ယင်းတို့ အစား အခြားအုပ်စုကို လျော်ကြေး အဖြစ် ပြန်လည် ရရှိခဲ့သည်။ ထိုအခြားအုပ်စုကား အပျော့ဆွဲ သမားတို့၏ ဖယ်ကြဉ်ထားခြင်းကို ခံခဲ့ရ သည့် တက်ကြွသော နယ်ခေါင်းဆောင်များဖြစ်သည်။ အစည်းပြေနေသော နယ်ဗဟို ကော်မတီဝင်များကို ပြန်လည် စုစည်း နိုင်ခဲ့ကြသည်။ NDF ကွဲထွက်သွားသည့် အတွက် NLD မှာ ပို၍ပင်သန့်စင်လာသည်။


၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အစိုးရသည် အစဉ်အလာမပျက် မဲဆက်လက်ခိုးကာ ကြံ့ဖွံ့ပါတီကို မတရား အနိုင်ပေးလိုက်ပြန်ပါသည်။ သည်အထိ စစ်အစိုးရ၏ ကစားကွက်မှာ ယခင်ကစားကွက်များနှင့် မထူးခြားသေး။ ၄င်းတို့ ရွှေ့မြဲထုံးစံဖြစ်သော အလိမ်အညစ် အကွက် များသာ ဖြစ်ချေသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်သည်။ ဒါလည်း မထူးခြားသေး။ ဆက်ဖမ်းဖို့ရာ မည်သို့မျှ အကြောင်းပြချက် ရှာမရ တော့သောကြောင့် လွှတ်ပေးလိုက်ခြင်းသာ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီးနောက်

ပြည်သူတွေဘက်က တုန့်ပြန်ပုံကတော့ထူးခြားသည်။ ဒေါ်အောင်ဆန်းစုကြည်လွတ်လာသည်နှင့် ပြည်သူလူထုသည် ပြန်လည် လှုပ်ရှား လာသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နယ်ရုံးများ၊ လယ်သမား အရေး အလုပ်သမားအရေး လှုပ်ရှားသူများ၊ လူငယ်ကွန်ယက်များ စည်စည်ကားကားပြန်ဖြစ်လာသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လူထုခေါင်းဆောင် ဖြစ်သည်။ လူထုကို နိုးကြားစေနိုင်သော၊ ယုံ ကြည်မှု ပေးနိုင်သော ခေါင်းဆောင်ဖြစ်သည်။ လူထုကို ထိုသို့သော ယုံကြည်မှု၊ နိုးကြားမှုမျိုးကို ဒေါ်အောင်ဆန်းစုကြည်မှ တပါး အခြား မည်သူ မျှ မပေးနိုင်ပါ။ ယင်းအချက်သည် ဒေါ်အောင်ဆန်းစုကြည်၏ ထူးခြားချက်၊ အားသာချက်ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်လာချိန်မှာ စီအာပီပီက ဒုတိယပင်လုံညီလာခံဟူသော အမည်ဖြင့် အစိုးရကို ထိုးစစ်ပြန်ဆင်ရန် ပြင်ဆင် နေချိန်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သက်တမ်းတလျောက်လုံးတွက် စစ်အစိုးရ တီးပေးသော ဆိုင်းချက်ကို လိုက်ကနေကြ သည့်ဘဝ ကျရောက်နေရာမှ ပထမဆုံးအကြိမ်အဖြစ် အတိုက်အခံဘက်က ဦးဆောင်သော ရွှေ့ကွက်ကို စတင်ရွှေ့ရန် ပြင်ဆင် ခြင်းဖြစ်သည်။ သို့သော် စီအာပီပီ အတွက် စည်းရုံးရေး အင်အားနှင့် လူထုထောက်ခံမှုမှာ သိပ်အားမကောင်းလှ။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်လွတ်လာသည်။ လူထုက ဝမ်းသာအားရဆီးကြိုကြသည်။ ထိုအခါ ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုရင်းစွဲ ရှိပြီး ဖြစ်သည့်အပြင် လူထုထောက်ခံမှုအားကို ရယူလိုသော စီအာပီပီတို့သည် ဒုတိယပင်လုံညီလာခံကို ဒေါ်အောင်ဆန်းစုကြည့်လက် ထိုးအပ်လိုက်သည်။ စင်စစ် ထိုဒုတိယညီလာခံမှာ အစိုးရကို စိန်ခေါ်သော လုပ်ရပ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ထိုစိန်ခေါ်နည်းကို သိပ်မကြိုက်ဟု ထင်ရသည်။

ထိုစိန်ခေါ်နည်းသည် စစ်အစိုးရနှင့် ထိပ်တိုက် ရင်ဆိုင်သော လမ်းကြောင်းကို ဦးတည်စေလိမ့်မည်ဟု ယူဆသလား မဆိုတတ်။ ဒုတိယ ပင်လုံ ညီလာခံအစား လူတွေကိုယ်တိုင် တွေ့ဆုံစရာ မလိုအပ်အောင် ၂၁ ရာစုနည်းပညာများကို အသုံးပြုမည်ဟု ဆိုသည်။ ညီလာခံ ကိုလည်း ၂၁ ရာစု ပင်လုံညီလာခံဟု အမည်ပြောင်းပေးသွားမည်ဟု ဆိုသည်။ အဘယ်ကြောင့် ၂၁ ရာစု နည်းပညာများကို အသုံးပြုရန် လိုအပ်ပါသနည်း။ ဘာ့ကြောင့် ၂၁ ရာစု နည်းပညာများကို အသုံးပြုလိုပါသနည်း။ ထိုအချိန်က မိုဘိုင်းဖုန်းကိုမျှ မည်သို့ အသုံးပြု စကား ပြောရမှန်းမသိသော ဒေါ်အောင်ဆန်းစုကြည်သည် အင်တာနက်တွေ၊ ဗီဒီယို ကွန်ဖရင့်တွေ၊ ဆိုရှယ်ကွန်ယက်တွေ နှင့် ပင်လုံညီလာခံကို မည်သို့ ဆက်စပ် အသုံးချလိုပါသနည်း။

ဒေါ်အောင်ဆန်းစုကြည်သည် လူတွေ စုဝေးတွေ့ဆုံသော နည်းကို မကြိုက်သောကြောင့် ဒုတိယပင်လုံညီလာခံကို နာမည်ပြောင်း ၊ နည်းဗျူဟာ ပြောင်းလိုက်ခြင်းပေလော။ သို့မဟုတ် လူတွေစုဝေးသော နည်းမှာ ဖြစ်နိုင်ချေရှိမည် မထင်သောကြောင့် ပုံစံပြောင်းဖို့ ပြောဆိုခြင်းပေလော။ သို့တည်းမဟုတ် ဒုတိယပင်လုံကြောင့် အစိုးရနှင့် ထိပ်တိုက်တွေ့ပြီး သူ့ကို အကျယ်ချုပ်ပြန်ချမှာ စိုးသောကြောင့် ပေလော။ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရ။ မည်သို့ ရှေ့ဆက်စခန်းသွားမည်ကိုလည်း မသိရချေ။

အစိုးရက တော့ ဒုတိယပင်လုံကို တော်တော်ကြောက်ရွံ့ပုံရသည်။ ညီလာခံ မလုပ်ဖို့ သတင်းစာထဲကနေ ဆောင်းပါးရေး တားမြစ် ခဲ့သည်။ ခြိမ်းခြောက်မှု အပြစ်တင်မှုတွေကိုလည်း စုံစေ့အောင် ထည့်သွင်းရေးသားသည်။

အစိုးရ၏ တားမြစ်ချက်မှာ ထိရောက်သည်ဟု ဆိုရမည်လောမသိ။ ဒုတိယပင်လုံညီလာခံမှာ သင့်တော်သော အချိန်တချိန်ချိန်တွင် အကောင်အထည်ဖော်မည်ဟု အချိန်ဆွဲရင်းနှင့် တဖြည်းဖြည်း ကြန့်ကြာခဲ့ရာ ယခုတိုင် ပြန်ပေါ်မလာတော့ချေ။ ဒေါ်စုကိုယ်တိုင် သိပ် စိတ်မပါသောကြောင့် ဒုတိယပင်လုံ မှေးမှိန်သွားခြင်းလော။ အစိုးရ၏ ဟောက်စားလုပ်ကွက် ပြီပြင်သောကြောင့် မှေးမှိန်သွားခြင်းလော။ သို့မဟုတ် အစိုးရသစ်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လက်တွဲ ခေါ်ဆောင်ချိန်တွင် မိတ်မပျက်လိုသောကြောင့် တမင် မှိန်ထားခြင်း လော။ ထို့အပြင် အခြားတွေးတောဖွယ်အချက်တခုမှာ ဒုတိယပင်လုံ နှောင့်နှေး ကြန့်ကြာမှု အပေါ်တွင် စီအာပီပီတို့ က ကျေနပ် ကြည်ဖြူကြပါ၏လော ဆိုသည့် အချက်ဖြစ်သည်။ စီအာပီပီတို့ကို ဒေါ်စုတို့ အကြေ အလည် ဆွေးနွေးပြီးမှ အားလုံးသဘောကျ ဆိုင်းငံ့ ထားခြင်းလော။ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်ကို မလွန်ဆန်နိုင်သောကြောင့် ဆိတ်ဆိတ်နေကြသလော။ ထိုမေးခွန်းတို့၏ အဖြေမှာ သိပ်မရှင်းလှပါ။ သို့သော် စီအာပီပီတို့မှာ ဒေါ်စုဘာလုပ်လုပ် ခေါင်းညိမ့်ကြမည့်သူများတော့ ဟုတ်ဟန်မတူပါချေ။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးထွက်မည်၊ စည်းရုံးရေးခရီးစဉ်စမည်ဟု ထုတ်ပြောလာသည်။ စစ်အစိုးရက မကြိုက်၊ ကြောက်သည်။ သတင်းစာထဲမှာ ဆောင်းပါးရေးပြီး ကန့်ကွက် တားမြစ်ပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်က ဘယ်သူမကြိုက်ကြိုက် ထွက်မည်ဟု ပြောသည်။ သို့သော် အပြောသာဖြစ်သည်။ တကယ်တန်းတွင်မူ ပဲခူးလောက်ကို စတိသဘောလောက်မျှသာ ခရီးထွက်ပြီး ရပ်သွားပြန်သည်။ အစိုးရ၏ ဟောက်စား လုပ်ကွက် ထပ်မံ အောင်မြင်သွားပြန်သလော။ တွေးတောဖွယ် ဖြစ်သည်။

စစ်အစိုးရ ပြောင်းတော့ပြောင်းမည်၊ အကောင်းကို ဦးတည် မတည် မသေချာ

ထို့ထက် ပိုထူးခြားသော ရွှေ့ကွက်တို့ကို တွေ့မြင်လာရသည်မှာ အစိုးရသစ် ပေါ်ထွက်လာပြီး နောက်ပိုင်းဖြစ်သည်။ ဘောင်းဘီချွတ် သမ္မတကြီး ဦးသိန်းစိန်သည် အစိုးရသစ်၏ မူဝါဒကြေငြာသော မိန့်ခွန်းတွင် ဆင်းရဲမှုလျော့ချရေးဟူသော စကားမျိုးကို ပြောလာသည်။ သည်တိုင်းပြည်ဆင်းရဲတွင်းနက်နေသော အချက်ကို သည်မိန့်ခွန်းဖြင့် ပထမဆုံးအကြိမ် ဝန်ခံလိုက်လေသည်။ ထို့နောက် ပြည်တွင်း စစ်မီးဟူသည် မည် သူ့အတွက်မျှ အကျိုးမရှိဟူသော အချက်မျိုးကို ပြောလာသည်။ ဒီမိုကရေစီဆိုသော စကား၊ မတူကွဲပြားသော အမြင်ရှိသူများနှင့် စကား ပြောဆိုစည်းရုံးမည်ဟူသော သဘောထားမျိုးကို ထုတ်ဖော်ပြောဆိုလာသည်။ သည်ရွှေ့ကွက်ကား အမှန် ထူး ခြားသော ရွှေ့ကွက်ဖြစ်သည်။ အာဏာရှင်ပါးစပ်က ဒီမိုကရေစီ စကား ထွက်လာပေပြီ။

ထိုမိန့်ခွန်းကို ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူများက ပထမဆုံး ထောက်ခံလိုက်ကြသည်။ ထို့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုဆိုလိုက်သည်။

ထို့နောက်တွင်မူ ရွှေ့ကွက်တို့မှာ တဖြည်းဖြည်းပိုပြီးပညာသား ပါလာသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံပွဲ ပြန်လုပ်သည်။ ထို့နောက် ဆင်းရဲမှုလျော့ချရေး ဆွေးနွေးပွဲသို့ဖိတ်သည်။ သမ္မတ ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြသည်။ သို့သော် တွေ့ဆုံပွဲများတွင် ဘာတွေ ဆွေးနွေးကြသည်ကို ပြည်သူတွေ မသိကြရ။ နှစ်ဘက်စလုံးက သတင်းထိန်ချန် ထားကြသည်။ ဆွေးနွေးပွဲ မပြီးခင်တွင် ဝေဖန်သံ တွေကြောင့် ဆွေးနွေးပွဲကို အနှောင့်အယှက် မဖြစ်ရလေအောင် သတင်းတို့ကို ထိန်ချန်ထားသည်ဟု ယူဆရသည်။ တကယ်တော့ ဝေဖန်သံတွေကြောင့် ဆွေးနွေးပွဲကို အနှောင့် အယှက်ဖြစ်မည် ဆိုသော အတွေး အခေါ် မှာ ဝေဖန်မှုကို ကြောက်သော စစ်အစိုးရ၏ အတွေးအခေါ်ဖြစ်သည်။ ရှိစေတော့။ ၂၃ နှစ် စောင့်ဆိုင်းခဲ့ပြီးနောက် နည်းနည်း ပိုစောင့်ရသည်မှာ သိပ်မထူးတော့ဟုသာ ဆိုရတော့မည်။

ဆွေးနွေးပွဲတွင် ဘာတွေ ဆွေးနွေးကြသည်ကို မသိရသော်ငြား ပြောစကား ဆိုစကားတို့ကတော့ ထူးခြားလာသည်။

မြန်မာနိုင်ငံ သည် အပြောင်းအလဲ လမ်းစပေါ်သို့ရောက်နေပါပြီဟု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြောလာသည်။ ဘာပြောင်းလဲပါသ နည်း။ တိတိကျကျ မသိရပါ။ အစိုးရ၏ အပြောအဆို ပြောင်းလဲလာသည်ကို ဆိုလိုသလော။ သို့မဟုတ် ဒေါ်စုနှင့် ဦးအောင်ကြည် အကြား၊ ဒေါ်စုနှင့် ဦးသိန်းစိန် အကြားတွင် အများမသိသော သဘောတူညီချက် တခုခု ရထားလေသလော။ ပြည်သူတို့ မသိရသေး။

သို့သော် အစိုးရ၏ လက်တွေ့လုပ်ပုံကိုင်ပုံတို့မှာမူ မပြောင်းလဲသေးပါ။ တိုင်းရင်းသားတို့နှင့် ထိုးစစ်ကို တိုးမြှင့် ဆင်နွှဲလေသည်။ နိုင်ငံရေး အကျဉ်းသားတို့ကို နှစ်ရှည်ထောင်ဒဏ်များထပ်မံချလေသည်။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ထောင်ဒဏ် ၁၀ နှစ်ချလိုက်ခြင်း၊ စည်သူဇေယျကို လောလောလတ်လတ် ထောင်ဒဏ် ၁၀ နှစ် ထပ်ချလိုက် ခြင်းသည် ထင်ရှားသော သာဓက တရပ်ဖြစ်သည်။ ထိုသို့သော အစိုးရသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆောင်ရွက်တော့မည်ဟု အဘယ်ကြောင့် ဒေါ်စုက ယုံကြည်ရပါသနည်း။ အစိုးရနှင့် ဒေါ်စု အကြားတွင် တကယ်ပင် ထိရောက်သော အပေးအယူ တခုခု သဘောတူထားပြီးပြီလော။ သို့မဟုတ် အစိုးရကို ပြောင်းလာစေချင်သော ဆန္ဒနှင့် အားပေး ဆွဲခေါ်နေခြင်းသက် သက်လော။ တခုခု သဘောတူထားပြီးပြီ ဆိုလျင် မထောင်းတာ။ ကိုယ့်ဆန္ဒနှင့် ဆွဲခေါ်နေခြင်းမျှသာ ဆိုပါမူ ဒေါ်အောင်ဆန်းစုကြည် သည် လူထုကို မျှော်လင့်ချက်မှား ပေးနေသလို ဖြစ်နိုင်ပေသည်။

ဒုတိယအုပ်စု လမ်းစဉ်လော၊ တတိယအုပ်စု လမ်းစဉ်လော

ထိုမျှမကသေး။ အာရပ်ကမ္ဘာမှာလို လူထုလှုပ်ရှားမှုမျိုး မြန်မာပြည်အတွက် မလိုအပ်ပါဟု ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူး တခုတွင် ထုတ်ပြောလိုက်သည်။ ထူးပါသည်။ လူထုခေါင်းဆောင်သည် လူထုကို ငြိမ်ငြိမ်နေဖို့ ပြောကြားလိုက်ခြင်းဖြစ်ပါသလော။ အရပ်သား နာမည်ခံ စစ်အစိုးရအဖို့မှာ ဝမ်းသာလိုက်မည့်ဖြစ်ခြင်း။ ဒေါ်အောင်ဆန်းစုကြည် ယနေ့ သည်လို လှုပ်ရှားခွင့်ရလာအောင် လမ်းပေါ်တက် အသက်ပေးခဲ့ကြသော ၂၀၀၇ သံဃာနှင့် ကျောင်းသားများစိတ်ထဲတွင် မည်သို့ရှိကြမည်နည်း။ ထိုအချက်ကို ဒေါ်အောင် ဆန်းစုကြည် ထည့်သွင်း စဉ်းစားခဲ့ပါသလော။

လူထုလှုပ်ရှားမှုသည် တွေ့ဆုံဆွေးနွေးရေးကို ပျက်စီးစေမည့် အရာမဟုတ်။ တွေ့ဆုံဆွေးနွေးရေးကို အထောက်အပံ့ပြုမည့်အရာဟူ သော အချက်ကို ဒေါ်စုယုံကြည်ဟန်မတူ။ “တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်နိုင်ရန် အစိုးရဘက်က ကိုယ့်ကို ယုံဖို့လိုသည်၊ ယုံကြည်မှု တည်ဆောက်ရမည်၊ အစိုးရ အထင်မှားမည့် လုပ်ရပ် အပြောအဆို အပြုအမူမျိုးကို ရှောင်ကြဉ်ရမည်” ဟူသော အောင်နိုင်ဦး၊ တင်မောင်သန်း၊ ဇော်ဦး အစရှိသည့် ဗဟုတို့၏ အယူအဆမျိုးကို ဒေါ်အောင်ဆန်းစုကြည် နှစ်သက်ပုံရသည်။ “စစ်တပ်နှင့် ဆက်ဆံရာတွင် ကိုယ့်လက်ကို သူမြင်အောင် ထုတ်ပြထားရမည်” ဟူသော နေဝင်းမောင်၏ အယူအဆမျိုးကို လက်ခံသည့် အဆင့် အထိတော့ မရောက်တန်ရာသေးဟု မျှော်လင့်မိသည်။

သို့သော် အာရပ်ကမ္ဘာလို လှုပ်ရှားမှုမျိုးမလိုအပ်ပါ ဟူသော အပြောမှာ ကြံ့ဖွံ့ အစိုးရအထင်မှားမှာ စိုးသောကြောင့် မျက်နှာချိုသွေးလိုက် သော စကားဟု ထင်မြင်စရာဖြစ်ပါသည်။

နိုးကြားတက်ကြွသော လူထုကို “ငြိမ်ငြိမ်နေကြပါ၊ သင်တို့ကို ဖိနှိပ်နေသူကို မဆန့်ကျင်ကြပါနှင့်၊ သင်တို့ လိုချင်သော အရာကို ကျွန်မက အေးအေးဆေးဆေး ဆွေးနွေးပြီး ရယူပေးပါမည်” ဟူသော အနက်ဆောင်သည့် စကားမျိုးကို ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့လေပြီ။ လူထုကို ငြိမ်ခိုင်း ခဲ့သည့် အတွက် ဆွေးနွေးပွဲများ အောင်မြင်ခဲ့လျင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတရပ်လုံးနှင့်အတူ ကျွန်တော်လည်း လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုရန် အသင့်ရှိပါသည်။ ထိုသို့မဟုတ်ဘဲ ဆွေးနွေးမှုများမှ ဘာမျှ မရဘဲ ငြိမ်နေမိသည့်အတွက် အခွင့်ကောင်းများကို လက်လွှတ်ဆုံးရှုံးခြင်းသက်သက်သာ ဖြစ်ခဲ့ပါမူ ထိုသို့ငြိမ်ခိုင်းခဲ့သည့် အတွက် ဒေါ်စုတွင် တာဝန်ရှိသည်ဟု ဆိုရပါလိမ့်မည်။

ကျွန်တော့်အမြင်ကို ပြောရလျင် ဒေါ်စုသည် ပြည်သူလူထု၏ အင်အားထက် ဗဟုနှင့် တတိယအုပ်စုတို့၏ အတွေးအခေါ်ကို ပိုယုံကြည်ပုံရသည်။ လူထု၏ အင်အားထက် စစ်အစိုးရ၏ လက်နက်အင်အားကို ပိုအထင်ကြီးဟန်ရှိသည်။ လူထု လမ်းပေါ်ထွက်လျင် သွေးထွက်မည်။ သေမည်။ စစ်အစိုးရကသာ အနိုင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်တွေးထင် ပုံ ရသည်။ ထိုသို့ လူထုသွေးမြေကျလျင် သူ့ကို လက်ညှိုးထိုးကြမှာကို ဒေါ်အောင်ဆန်းစုကြည်ကြောက်ပုံရသည်။ လူထုကို ခေါင်းဆောင်ပြီး လူထုနှင့်အတူ လမ်းပေါ်ထွက်ရမှာကိုလည်း ကြောက်ပုံရသည်။ ဒေါ်အောင်ဆန်းစုကြည်တွင် အားကြီးသော အာဏာရှင်ကို ဆန့်ကျင်ရဲသော သတ္တိ၊ ထိပ်တိုက်ရင်ဆိုင်ဝံ့သော ခွန်အား နည်းပါးလာပြီဟု ထင်ရသည်။ လူထုကို မကြောက်ကြ နှင့်ဟု မကြာခဏပြောတတ်သော ဒေါ်အောင်ဆန်းစုကြည်မှာ လူထုထက်ကြောက်တတ်ပုံရသည်။ ကိုယ့်လွတ်မြောက်မှုအတွက် အသက်စွန့်တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေသော လူထုမှာ ခေါင်းဆောင်ကဆွဲထားသောကြောင့် စိတ်လျော့ထားရသော အဖြစ် ရောက် နေသည်။ တိုက်ပွဲမဝင်ဘဲ ဦးသိန်းစိန်ကို တရားချပြီး ဒီမိုကရေစီ ရမည်ဆိုလျင်တော့ အတိုင်းထက်လွန် တံခွန်နှင့် ကုက္ကားပါပေ။ သို့သော် ထိုသို့ လွယ်လွယ်နှင့် ရနိုင်ပါမည်လော။ ရနိုင်မရနိုင်ဆိုသည်ကို ယခုထက်တိုင် စမ်းသပ်၍ မပြီးစီးနိုင်သေးပါသလော။ ၂၃ နှစ် သင်္ခန်းစာဖြင့် မသိနိုင်သေးပါသလော။

ဆွေးနွေးပွဲကို အဓိက သေနင်္ဂဗျူဟာ အဖြစ် ဆုပ်ကိုင်ပြီး လူထုတိုက်ပွဲကိုပင် ဟန့်တားရလောက်အောင် ဆွေးနွေးပွဲများကနေ ဒေါ်အောင်ဆန်းစုကြည် ဘာတွေများ ရရှိထားပါသနည်း။ ကျွန်တော်တို့ မသိသော အာမခံချက် တစုံတရာကို ဒေါ်စု ရရှိထားပြီး ဖြစ်ပါသလော။ အကယ်၍ ဒေါ်စု တစုံတရာရရှိထားလျင် ထိုရရှိထားသော တစုံတရာသည် ဘာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များသိရှိကြပါသလော။ စီအီးစီများကို ချပြဆွေးနွေးထားပြီး ဖြစ်မည်ဟု ကျွန်တော် ယုံကြည် မျှော်လင့်မိပါသည်။ ဒေါ်စုသည် အာဏာရှင်ဆန်သော တကိုယ်တော် အလုပ်မျိုးကို မလုပ်ဟုထင်ပါသည်။ မလုပ်ဟု မျှော်လင့်မိပါသည်။

ဆွေးနွေးပွဲ၏ ရလဒ်ကို ကျွန်တော် ကြားသိခွင့်ရသမျှအပေါ်မှ အကောင်းမြင်နှင့် ပြောရပါမူ ယခုနောက်ဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံပြီးနောက်တွင်မူ အစိုးရဘက်က အနည်းငယ် အလျော့ ပေးလိုက်သော လက္ခဏာတရပ်ကို ထူးထူးခြားခြား တွေ့မြင်လာရသည် ဟုဆိုရပါမည်။ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပေး လိုက်ခြင်းဖြစ်သည်။ အနည်းငယ်ဟု ပြောရခြင်းမှာ တချက်ကို ပြင်ပေးလိုက်သော်လည်း၊ နောက်တချက်ကိုမူ ထုံးစံအတိုင်း မလိမ့်တ ပတ် ဆက်လုပ်နေသေးသောကြောင့် ဖြစ်သည်။ ထောင်ကျနေသူများကို ပါတီမှ ထုတ်ပစ်ရမည်ဟူသော စည်းကမ်းချက်ကို ပြင်ပေး လိုက်သည်။ ယင်းကား အလျော့ပေးလိုက်သော အချက်။ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်ဟူသော အချက်အစား၊ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်ဟု ပြင်ပေးလိုက်သည်။ ယင်းကား မလိမ့်တပတ်လုပ်လိုက်သော အချက် ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် မှတ်ပုံတင်ရေး မတင်ရေးကို ပါတီကိုချပြ ဆွေးနွေးပြီး ဆုံးဖြတ်မည်ဟုဆိုသည်။ လေးစားလိုက်နာပါမည်ဟူ သော အချက်ကို ပြင်ဆင်ပေးရန်တောင်းဆိုသော အသံကိုကား မကြားရပါချေ။ ဘာ့ကြောင့် မတောင်းပါသနည်း။ တချက်ရလျင် တော်ပြီ၊ ကျေနပ်လောက်ပြီဟု သဘောထားသောကြောင့်ပါလော။ သို့မဟုတ် တောင်းလည်း ရမည်မဟုတ်ဟု ယူဆသောကြောင့်လော။ သို့မဟုတ် မှတ်ပုံတင်လိုဇောကြီးလွန်းသောကြောင့် အညှာလွယ်သွားပါသလော။

စစ်အစိုးရသည်ကား ၂၀၀၈ အခြေခံဥပဒေကို တပြားသားမျှ အပွန်းမခံပါ။ တကယ့် အနှစ်သာရသည် ၂၀၀၈ အခြေခံဥပဒေပင် ဖြစ်ကြောင်း စစ်အစိုးရ ကောင်းကောင်းသိသည်။ တကယ်တန်း အဆုံးအဖြတ်ပေးနိုင်သော အရာမှာ ၂၀၀၈ အခြေခံဥပဒေ ပင် ဖြစ်ကြောင်း စစ်အစိုးရ ကောင်းကောင်းသိသည်။ ဒီမိုကရေစီဘက်ကမူ ၂၀၀၈ အခြေခံဥပဒေကို မပြင်သေးသမျှ ကျန်သော ဟန်ပြ လုပ်ရပ်မှန်သမျှသည် ဘာမျှမဟုတ်ဟူသော အချက်မျိုးကို ရှင်းရှင်းလင်းလင်း ဆုပ်ကိုင်ထားပုံမရ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြောင်းလဲမှု၏ အစသို့ရောက်နေပါပြီဟု ပြောနေသည့် ကြားထဲကပင် အစိုးရသည် စိတ်ပျက်စရာ အပြုအမူကို ထပ်မံ ပြုမူလိုက်ပြန်သည်။ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်ကိုသာ တွန့်တိုစွာ လွှတ်ပေးလိုက်သောကြောင့် အကောင်း မြင်ပြီး အမှတ်ပေးလိုသော သူတို့သည်ပင် မှန်းချက်နှင့် နှမ်းထွက် မကိုက်ဖြစ်ရပြန်ပါသည်။ နောက်ထပ် လွှတ်ပေးဦးမလိုလို လေသံ ပစ်ပြီး ယီးတီးယားတားလုပ်သော အလုပ်ကိုလည်း ထုံးစံအတိုင်းလုပ်ပြန်ပါသည်။

အမာဂိုဏ်း၊ အပျော့ဂိုဏ်း

ယနေ့ စစ်အစိုးရထဲတွင် အမာဂိုဏ်းနှင့် အပျော့ဂိုဏ်းဟူ၍ ဂိုဏ်းနှစ်ခုကွဲနေသည်ဟူသော အမြင်မှာ အတော်ပင် ခေတ်စားလှသည်။ သိန်းစိန်က အပျော့၊ တင်အောင်မြင့်ဦးကအမာ၊ စိုးသိန်းက အပျော့၊ ဇော်မင်းက အမာဟူသော အပြောတို့မှာ လူပြောများလှသည်။ တကယ်ပင် ထိုသို့ ကွဲပြားနေပါသလား။

စစ်အစိုးရ အတွင်းတွင် ထိုသို့ အပျော့အမာကွဲနေသောကြောင့် ခက်ခက်ခဲခဲ ညှိနှိုင်းလုပ်ကိုင် နေရသည်ဟု ဦးသိန်းစိန်က ဒေါ်အောင် ဆန်းစုကြည်ကို ပြောလိုက်သလား မသိပါ။ ဒေါ်အောင်ဆန်းစုကြည်က ဘာမျှ ပြန်မပြောပြသောကြောင့် ထိုအကြောင်းကိုလည်း ကျွန်တော်တို့ ဘာမျှ မသိရပါ။

အကယ်၍ ဦးသိန်းစိန်က ထိုကဲ့သို့ ပြောခဲ့လျင် သူ့အပြောနှင့်ပင် ယုံကြည်လိုက်ရမလား ဆိုသည်မှာလည်း စဉ်းစားစရာ ပြဿနာ တခု ဖြစ်ပါသည်။

စစ်အစိုးရ အဖွဲ့အတွင်းတွင် အပျော့အမာ ကွဲမကွဲကို ဆန္ဒစွဲ လုံးဝကင်းစင်စွာဖြင့် တိတိကျကျ သုံးသပ်နိုင်ရန်မှာ မလွယ်လှပါ။

သို့သော် ကျွန်တော့် တဦးတည်းအမြင်ကို ပြောရလျင် ထိုဇာတ်လမ်းသည်၊ စစ်အစိုးရထွင်သော ဇာတ်လမ်း၊ ဗိုလ်သန်းရွှေရေးသော ဇာတ်လမ်းဟု သာ ယူဆပါသည်။ တကယ်တန်း သိန်းစိန် တင်အောင်မြင့်ဦး အားပြိုင်နေလျင်၊ စိုးသိန်း ဇော်မင်း ခွပ်နေကြလျင်၊ ရွှေမန်း ကျော်ဆန်း စားခွက်လုနေကြလျင်၊ အရပ်သားအမည်ခံ အစိုးရသည် ယခုလို ပေါ်လစီတခုပြီး တခု လျောကနဲ လျောကနဲ ထုတ်ပြ နိုင်ပါမည်လော။ တယောက်ကတင် တယောက်ကဖျက် ဖြစ်နေဖို့ မသင့်ပါလား။ အထူးလုပ်ပိုင်ခွင့် ရထားသော မင်းအောင်လှိုင်တို့ အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီကရော ယခုလို ငြိမ်ငြိမ်လေး ကုပ်နေပါမည်လား။ သူတို့ သည်လောက် ငြိမ်နေ ခြင်းမှာ သူတို့ချင်း သိပ်စည်းလုံးနေ သောလက္ခဏာဟု မဆိုနိုင်ပါသလော။

သူတို့ ဘာကို လိုချင်သလဲ။ ငါတို့ ဘာကို လိုချင်သလဲ။

သို့ဆိုလျင် ကြံ့ဖွံ့ အစိုးရသည် ဘာတွေ လိုချင်သောကြောင့် ယခုလို လုပ်ဇာတ်မျိုးခင်းနေပါသနည်း။ ဒီမိုကရေစီကို သူတို့လည်း လိုလား ပါကြောင်း အဘယ်ကြောင့် အသံလွှင့်နေပါသနည်း။

ကြံ့ဖွံ့ အစိုးရသည် လူထု လှုပ်ရှားမှုကို ကြောက်သည်။ ၂၀၀၇ ခုနှစ်မတိုင်ခင်ကတုံးကတော့ လူထုသည် ကြောက်နေပြီဟုထင်သည်။ နိုင်ငံရေးဝေဖန် သုံးသပ်သူဆိုသူတို့ကလည်း ထိုအတိုင်းပြောကြသည်။ သတင်းမီဒီယာသမား အများစုကလည်း ထိုအတိုင်းပြောကြသည်။ ထို့ကြောင့် လည်း အလွန်ပင် မထီမဲ့မြင်ပြုကာ ကုန်ဈေးနှုန်းကျဆင်းရေး တောင်းဆိုနေသည့်ကြားက ဓါတ်ဆီဈေးကို တက်ပြလိုက်သည်။ တကယ်တန်း ၂၀၀၇ ခု အရေးအခင်းကြီးဖြစ်ပြီးသောအခါ စစ်အစိုးရသည် အကြောက်လွန် လာပြန်လေသည်။ နောက်တခါ သံဃာကို သတ်ခိုင်းလျင် စစ်တပ်ကွဲတော့မည်ကို သူသိသည်။ အာရပ်ကမ္ဘာမှာ လူထုလှုပ်ရှားမှု ဖြစ်လာတော့ အစိုးရမှာ ပိုကြောက်လာသည်။ လူထုလှုပ်ရှားမှုတို့၏ ကူးစက်တတ်သော သဘောသဘာဝကို သူတို့ အသိဆုံးဖြစ်သည်။ မြန်မာပြည်သူတွေ မကျေနပ်ကြတာကိုလည်း သူတို့ပင် အသိဆုံး ဖြစ်သည်။

ထို့ကြောင့်သူတို့ သေနင်္ဂဗျူဟာကို ပြောင်းလာသည်။ ထို့အပြင် အာဆီယံမှာ ဥက္ကဌနေရာယူချင်သည်။ IMF နိုင်ငံတကာ ငွေကြေး အဖွဲ့ထံမှ ချေးငွေရချင်သည်။ အမေရိကန်တို့၏ ပိတ်ဆို့ အရေးယူမှုကို ပယ်ဖျက်ပေးစေချင်သည်။ ထိုမျှမက ဖြစ်နိုင်လျင် အမေရိ ကန်နှင့် ရွှေလမ်းငွေလမ်း ပြန်ဖောက်ချင်သည်။ အောက်ခြေစစ်သားတွေ၏ ယုံကြည်ကိုးစားမှုကိုလည်း ပြန်ရချင်သည်။ ထိုအချက်များ ကား ကြံ့ဖွံ့ အစိုးရ အသွင်ဆောင်ထားသော စစ်အစိုးရ၏ အန္တိမ ရည်မှန်းချက်များပင် ဖြစ်သည်။ ထိုအန္တိမ ရည်မှန်းချက်များကို ရရှိဖို့ အတွက် ဒီမိုကရေစီစကားကို အာဏာရှင်များပါးစပ်က ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

စစ်အစိုးရအနေနှင့် ထိုအချက်များကိုသာ ရမည်ဆိုပါက ဘာကို ပေးရပေးရ ပေးမည်ဖြစ်သည်။ ထိုအချက်များကိုသာရမည်ဆိုပါက နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးရမည်ဆိုလျင်လည်း သူတို့ပေးနိုင်ပါလိမ့်မည်။ ဈေးမတည့်သေးလို့သာ ဈေးကိုင်နေခြင်း ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အားလုံးနှင့် ယာယီ အပစ်အခတ်ရပ်စဲရမည်ဆိုလျင်လည်း ရပ်စဲနိုင်ပါလိမ့်မည်။ ရပ်လည်း ရပ်စဲချင်သည်။ သို့သော် သူတို့ ရပ်စဲချင်သည်မှာ ယာယီသာ ဖြစ်သည်။ ထာဝရတော့ မဟုတ်။ တိုင်းရင်းသားတွေဘက်က လွယ်လွယ် နှင့် အညာမခံတော့သောကြောင့်သာ ယာယီ အပစ်ရပ်စဲရေးမှာ ရှည်ကြာခက်ခဲ နေခြင်းဖြစ်သည်။

သို့သော် သူတို့ မပေးနိုင်သော အချက်သုံးချက်ရှိနေပါသေးသည်။

၁။ အခြေခံဥပဒေကို ပြင်မပေးနိုင်။ သည်အချက်သည် အဓိက အကျဆုံးအချက်ဖြစ်သည်။ ဒါကို ပေးလိုက်ရလျင် ဒီမိုကရေစီ ပေးလိုက်ရ ခြင်းမည်ပါသည်။

၂။ တိုင်းရင်းသားတွေအားလုံးနှင့် ( ယာယီ အပစ်အခတ် ရပ်စဲရေး ထက် အဓိပ္ပါယ်ပြည့်ဝသော ) ထာဝရငြိမ်းချမ်းရေး မလုပ်နိုင်။ တိုင်းရင်းသားတို့၏ နိုင်ငံရေး လိုလားချက် တခုမျှမပေးဘဲ ယာယီ အပစ်အခတ်ရပ်စဲထားရသော ငြိမ်းချမ်းရေးမျိုးကိုသာ ဆက်လက် အချိန်ဆွဲပြီး ပေးထားလိုသည်။

၃။ လွတ်လွတ်လပ်လပ် ဆန္ဒပြခွင့်၊ လွတ်လွတ်လပ်လပ် ရေးသားခွင့်၊ လွတ် လွတ်လပ်လပ် ဟောပြောခွင့်၊ လွတ်လွတ်လပ်လပ် အဖွဲ့အစည်း တည်ထောင်ခွင့် အစစ်အမှန်များကို မပေးနိုင်။ ထိုအချက်များကို ပေးလိုက်ရလျင်လည်း ဒီမိုကရေစီ တစိတ်တဒေသ ပေးလိုက်ရခြင်းဖြစ်သောကြောင့် မပေးနိုင်ခြင်းဖြစ်သည်။

စစ်အစိုးရဘက်က ထိုအမြင်မျိုးရှိရိုးမှန်ခဲ့လျင် ကျွန်တော်တို့ဘက်ကလည်း ယင်းနှင့် ဆန့်ကျင်ဘက် အမြင်မျိုးရှိဖို့လိုပါသည်။ ထိုအချက် သုံးချက်ကို မရသေးသမျှ ဒီမိုကရေစီ မရသေးဟု ခံယူပြီး ထိုသုံးချက်ရရှိရေးကို အထောက်အပံ့ဖြစ်စေသော ဘယ်နည်းလမ်းကို မဆို အသုံးပြုသွားရန်ဖြစ်ပါသည်။

စစ်အစိုးရ လုပ်ချင်ရာလုပ်ပါစေ။ ဆွေးနွေးနေသမျှ မဆန့်ကျင်ကြနဲ့။ ယုံကြည်မှု ပျက်ပြားလိမ့်မယ်။

စစ်အစိုးရက တဘက်က ဆွေးနွေးပွဲကို ပြသည်။ တခြားတဘက်မှာတော့ ဖမ်းစရာရှိတာဖမ်းသည်။ ထောင်ချစရာရှိတာကို ထောင်ချ သည်။ တိုက်စရာရှိသော နေရာတွင် တိုက်သည်။ သတ်စရာရှိသောလူတွေကိုလည်း သတ်နေပါသေးသည်။

ဒီမိုကရေစီဘက်မှာတော့ ဆွေးနွေးပွဲကို တဘက်မှာ ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းနှင့် လုပ်နေသည်။ ထိုအချိန်တွင် စစ်အစိုး ရထံမှ ကိုယ်လိုချင်သောအရာကို ကိုယ့်အင်အားပြပြီးတောင်းဆိုမှရမည်ဟု ယုံကြည်သူတွေက အသက်နှင့်ရင်း၍ လမ်းပေါ်ထွက် ဆန္ဒ ပြ ကြသည်။ ထိုသို့ ဆန္ဒပြကြသူများကို ဒီမိုကရေစီ ဘက်တော်သားဆိုသူများကလည်း အပြစ်တင်သည်။ တတိယအုပ်စုဆိုသူများကလည်း အပြစ်တင်ကြသည်။ သူတို့လုပ်တာနှင့် ဆွေးနွေးပွဲပျက်တော့မည်ဟု ဆိုသည်။ ထိုအပြစ်တင်မှုမှာ တရားမျှတပါ၏လော။ ၄င်း အပြင် ထို ဆန္ဒပြပွဲများမှာ ဆွေးနွေးပွဲကို ပိုမိုအားကောင်းစေသလား၊ ပျက်ပြားစေမှာလား ဆိုသော အချက်မှာ အထူး အလေးအနက် စဉ်းစားအပ် သော အရာဖြစ်ပါသည်။

စစ်အစိုးရကို သူတို့ အလိုကျ အလျော့ပေး ဆွေးနွေးကြဖို့ ပြောဆိုကြသူတိုင်း အမြဲလက်ကိုင်ထားသော ဆင်ခြေစကားတခု ရှိပါသည်။ ယင်းကား ဒါကလွဲပြီး တခြားဘာမျှ လုပ်စရာမရှိဟူသော စကားဖြစ်ပါသည်။ စင်စစ် ထိုစကားသည် လူထုလှုပ်ရှားမှုကို မယုံကြည် သော ကြောင့် ပြောသောစကားသာဖြစ်ပါသည်။ တခြားရွေးချယ်ရန်နည်းလမ်းမှာ လူထုလှုပ်ရှားမှု ဖြစ်ပါသည်။ ၈၈ အရေးအခင်း မအောင်မြင်၊ ၂၀၀၇ လှုပ်ရှားမှု အကျိုးမရှိဟု ထိုသူတို့ ပြောကြပါသည်။ တကယ်တော့ ဒီနေ့ ရရှိထားသောအသီးအပွင့်မှန်သမျှသည် ထိုအရေးအခင်း ကြီးနှစ်ခု၏ ရလဒ်များသာ ဖြစ်ကြောင်း မည်သူမျှ မငြင်းနိုင်ကြပါ။ ၈၈ အရေးအခင်းသာ မရှိလျင် နိုဗဲ ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဆိုသော ခေါင်းဆောင်ပင် မရှိနိုင်ဟု ဆိုချင်ပါသည်။ ကျောင်းသားများနှင့် ကျောင်းသားသမဂ္ဂမှာ ဘာဆုတခုမှ မရပါ။ သို့သော် ကျောင်းသားများနှင့် ကျောင်းသားသမဂ္ဂ၏ ဒီမိုကရေစီရေး ဆောင်ရွက်ချက်များမှာ ဒေါ်အောင်ဆန်းစုကြည်ထက် ပိုပါသည်။ ထိုအချက် ကို အနောက်နိုင်ငံများက မသိသော်လည်း ကျွန်တော်တို့ ပြည်သူများသိပါသည်။

လူထုလှုပ်ရှားမှုသည် နောင်တွင်လည်း ငြင်းဆန်၍ မရနိုင်သောအရာ အဖြစ် ထပ်မံ ပေါ်ထွက်လာပါဦးမည်။ ကြံ့ဖွံ့ အစိုးရ မရိုးသား ကြောင်း၊ ဆွေးနွေးပွဲနှင့် အလုပ်မဖြစ်နိုင်ကြောင်း ထင်ရှားလာသော တနေ့တွင် အားလုံးသည် လူထုလှုပ်ရှားမှုကို တောင်းဆိုလာကြ ပါလိမ့်ဦးမည်။ သို့သော် ထိုအချိန်တွင် ကြံ့ဖွံ့ အစိုးရသည် အားလုံးကို ချည်ပြီးတုတ်ပြီး ချိုးနှိမ်ပြီး ဖြစ်နေမှာကို ကျွန်တော် စိုးရိမ်မိ ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လူထုလှုပ်ရှားမှုကို နှစ်သက်ပုံမရပါ။ နိုင်ငံရေးအရ အလွန်ကြပ်တည်းသော ကာလမျိုးတွင်ပင် လူထုကို ဆန္ဒထုတ်ဖော်ကြပါ။ လမ်းပေါ်ထွက်ကြပါဟု ဘယ်တော့မှ တည့်တည့်မပြော။ လူထုကို ကိုယ့်ဖာသာ လုပ်ယူမှ ရမည်ဟု စောင်းပါးရိပ် ခြည်လောက်သာ ပြောသည်။ ထိုအချိန်မျိုးသည်လည်း လူထုအနေနှင့် လမ်းပေါ်မထွက်နိုင်လောက်အောင် အခြေအနေ သိပ်ကြပ်တည်း နေသော ကာလမျိုးဖြစ်တတ်ပါသည်။ တကယ်တန်းလူထုမှာ အခွင့်သာလာသော ယခုလိုအချိန်မျိုးတွင်မူ လူထုကို လမ်းပေါ်မထွက် အောင် ဆွဲထားပြန်ပါသည်။ လူထုကို ဘာလုပ်စေချင်ပါသနည်း။ လူထုကို ဘာလုပ်ရမှန်းမသိဘဲ လမ်းပျောက်နေစေချင်ပါသလား။ ဒီမိုကရေစီ ရမရဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် နှစ်ဦးတည်းအပေါ်တွင်သာ မူတည် ပါသလား။ တိုင်းရင်းသားများကို သတ်ဖြတ်နေချိန်တွင် အခြေအနေတွေ တိုးတက်နေပါပြီဟု ပြောဆိုနေခြင်းမှာ အဖြစ်မှန်နှင့် ကိုက်ညီပါ၏လော။ သို့မဟုတ် တိုးတက်မှုရှိ မရှိ တိုင်းတာပြောဆိုနေသော “အခြေအနေတွေ” ဆိုသော အရာတွေထဲတွင် တိုင်းရင်းသားများကို ထည့်သွင်း စဉ်းစားမထားခဲ့လေ သလော။

စစ်အစိုးရဘက်တွင် အပျော့အမာ ကွဲမကွဲ ဆိုသည်ကို ကျွန်တော်တို့ မသိပါ။ ကျွန်တော်တို့သိသည်မှာ ဒီမိုကရေစီဘက်တွင် အပျော့အ မာကွဲတော့မည့် အရိပ်လက္ခဏာများ ထွက်ပေါ်နေသည်ဆိုသည့် အချက် ဖြစ်ပါသည်။ တက်ကြွသူ လူငယ်များ၊ တက်ကြွသူ NLD အဖွဲ့ ဝင်များသည် ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးပွဲကို ရာနှုန်းပြည့် ပုံပြီး လွှတ်ပေးထားရမှာကို တော်တော် စိုးရိမ်နေကြပုံ ပေါ်လာနေ ပါသည်။ ယခု ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲထောက်ခံနေသူများမှာ တတိယအုပ်စု၊ ဗဟု၊ NDF နှင့် ရွေးကောက်ပွဲ ဝင်သူများ၊ အခြေခံဥ ပဒေကို ထောက်ခံသူများဖြစ်နေကြပါသည်။ ထိုသို့ အမြင်ကွဲပြားမှုဖြစ်နေကြခြင်းမှာလည်း အကြောင်းတိုက်ဆိုင်၍ ဖြစ်ပေါ်လာခြင်းမ ဟုတ်ဘဲ အစိုးရက အစီအစဉ် ရှိရှိ ခွဲနေခြင်းသာဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တယောက်ထဲ သဲ့ယူခွဲထုတ်ဖို့ ကြံစည်နေပါသည်။ NLD စီအီးစီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ခွဲခြား ဆက် ဆံနေပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပြပြီး ကျန် စီအီးစီတို့ကို မတူမတန်သလို နေပြသည်။ တက်ကြွသူများကို ရန်သူလို ဆက်ဆံသည်။ ထပ်ပြီး ထောင်ချဖမ်းဆီးပြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် NLD ခေါင်းဆောင်ထက်ပိုသည်။ အားလုံး၏ ခေါင်း ဆောင်ဆိုသော စကားမျိုးကို တတိယအုပ်စုနှင့် NDF တို့ကတဆင့် အသံလွှင့်ပေးသည်။ တိုင်းရင်းသားတို့နှင့် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ခွဲခြားဆက်ဆံပြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးနေချိန်တွင် တိုင်းရင်းသားတို့ကို အင်တိုက်အားတိုက် တိုက်ခိုက် သတ်ဖြတ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ရလျင် အမေရိကန်၊ အာဆီယံ၊ အိုင်အမ်အက်ဖ်တို့ကိုလည်း ရပြီဟု စစ်အစိုးရက တွက်ချက်ပုံရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ကို ရပြီး ဒီမိုကရေစီ မပေးရလျင် စစ်အစိုးရ အတွက် အကောင်းဆုံးဖြစ်သည်။ ဒီမိုကရေစီ ဘက်တော်သားများဘက်က ပြောရလျင် အဆိုးဆုံးဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီရေးအတွက် အရေးပါဆုံးပုဂ္ဂိုလ် ဖြစ်နေသေးသောကြောင့်ပင်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေးတွင် အရေးပါခဲ့ပြီး နောင်တွင်လည်း အရေးပါ နေဦးမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆို သော် သူသည် တိုင်းရင်းသားများအပါအဝင် လူထု အများ၏ ထောက်ခံမှုကို ရရှိထားသူ ဖြစ်သောကြောင့်ပင်။ အားလုံးကို ညီညွတ်အောင် စုစည်းပေးနိုင်မည့်သူမှာလည်း သူသာ ဖြစ်ပါသည်။ လက်နက်ကိုင် နှိမ်နင်းနေသော အစိုးရကို ရင်ဆိုင်ရန် ညီညွတ်ရေး သည် အရေးကြီးသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည်လည်း အရေးကြီးသည်

သို့သော် ထိုသို့သော အရေးကြီးသည့် လူထုခေါင်းဆောင် မျိုးသည် မမှားနိုင် ပါဟုကား မည်သူမျှ အာမမခံနိုင်ပါ။ ထိုသို့သော လူထု ခေါင်းဆောင် မျိုးသည် အညာမခံရနိုင်ဟု မည်သူမျှ အာမမခံနိုင်ပါ။ လူထုခေါင်းဆောင် မှားခဲ့လျင် ကျွန်တော်တို့ အားလုံး မှားကြ ပါလိမ့်မည်။ နှစ်ပေါင်းများစွာ ပိုမို ကြန့်ကြာ ပါလိမ့်မည်။ ထို့ကြောင့် လူထုခေါင်းဆောင်အား လူထုအားဖြင့် ပြန်လည် တည့်မတ် ပေးကြဖို့မှာ အားလုံး၏ တာဝန်သာဖြစ်ပါသည်။


Read more

" ဒီခေတ် "


" ဒီခေတ် "

နောက်ဖေးလမ်းကြားထဲ
တဘုတ်ဘုတ်ပြစ်ချခံနေရတဲ့
ယုံကြည်ချက်တွေကို
ပလပ်စတစ်ကောက်သလို
လိုက်ကောက်နေရတဲ့ခေတ်။

Pragmatic မြောင်းကြီးထဲ
ကိုင်စွဲခဲ့တဲ့ တန်ဖိုးတွေ၊
ခိုင်မာခဲ့တဲ့ ရပ်တည်ချက်တွေ၊
ပေးဆပ်ခဲ့ရတဲ့ ဘဝတွေ၊
အထွေးလိုက် အပြုံလိုက်မျောပါနေတာကို
ငေးကြည့်နေရတဲ့ခေတ်။

ရေးသူ - MDP
Read more

စစ်ကြေညာချက်

(ဒေါက်တာလွဏ်းဆွေ၏ ဘလော့ဂ်တွင် တင်ထားသော ဆောင်းပါးရှင် အက်ဆစ်၏ အာဘော်ကို သဘောကျ ထောက်ခံသဖြင့် ကျနော့်ဘလော့ဂ်တွင် ထပ်မံ မျှဝေဖော်ပြပါသည်။ အက်ဆစ်သည် မည်သူမည်ဝါမှန်း ကျနော်လုံးဝမသိပါ။ သို့သော် အက်ဆစ်၏ အာဘော်သည် ကျနော်၏ သဘောထားနှင့် ယနေ့အချိန်တွင် တထပ်တည်းကျကြောင်း ပြောလိုပါသည်။ (ကိုပေါ) )

အက်ဆစ်၏ အာဘော် “စစ်ကြေညာချက်”

စစ်ကြေညာချက်
အက်ဆစ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပြောချင်ရေးချင်စိတ် ကုန်ခန်းနေတာ ကြာလှပါပြီ။ သို့ပေမယ့်လည်း ဒေါ်စုဟာ မြန်မာပြည်အရေးကို ပရောဟိတ်ဆန်ဆန် အဓိပတိလိုတမျိုး၊ သူတော်ကောင်းမကြီးလိုတဖုံ၊ ငြိမ်း ချမ်းရေးမိခင်ကြီးလိုတသွယ် မိမိကိုယ်ရေးကိုယ်တာလိုတနည်းနဲ့ အသုံးချလုပ်ကိုင်နေတာတွေကို မခံရပ်နိုင် တဲ့အဆုံး အခုလိုစာတွေ ထပ်ရေးဖြစ်ရတာပါပဲ။ အခုအချိန်မှာ စစ်အာဏာရှင်တွေနဲ့ ရွှေလမ်းငွေလမ်းဖောက် နေချိန်မှာ ထိလွယ်ရှလွယ်တဲ့ကိစ္စတွေ မပေါ်ပေါက်စေချင်တဲ့ ဒေါ်စုကို တာဝန်သိအောင်တော့ ပြန်လည်ပြော ချင်နေခဲ့တာပါ။ ဒါဟာလည်း ဒေါ်စုကို ချစ်လို့မုန်းလို့မဟုတ်ဘဲ ဆင်းရဲမွဲတေနေတဲ့ ပြည်သူတွေ၊ လွတ်မြောက် ရေးကို မျှော်လင့်နေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ မဆုတ်မနစ် ချီတက်နေကြတဲ့ တိုက်ပွဲဝင်နေကြတဲ့ ပြည် တွင်းပြည်ပက မြန်မာပြည်လွတ်မြောက်ရေး လုပ်ဆောင်နေသူတွေနဲ့အတူ ရပ်ခံနေချင်တဲ့ အက်ဆစ်ရဲ့ စိတ် ဆန္ဒတွေကြောင့်ပါပဲ။

ဒေါ်စုရဲ့လုပ်ရပ်တွေဟာ တရားလွန်နေပြီလို့ ဆိုရပါလိမ့်မယ်။ သူ့ရဲ့ ၂၃ နှစ်တာ မြန်မာ့နိုင်ငံရေးလုပ်ခဲ့တဲ့ကာ လအတွင်း ပြည်သူတွေရဲ့သွေးတွေ၊ ချွေးတွေ၊ ဒုက္ခတွေ၊ သောကတွေကနေ ရလာတဲ့ ကျော်ကြားမှုတွေကို ခု တုံးလုပ်ပြီး ဒီကနေ့မှာ ပြည်သူကို သစ္စာဖောက်နေပြီလို့ပဲ ခပ်ရှင်းရှင်းဆိုလိုက်ချင်ပါတော့တယ်။ ဒေါ်စုကို တာ ၀န်သိအောင်လို့ ပြောလိုက်တော့ အက်ဆစ်ဆိုတဲ့ မင်းကကော ဘယ်လောက် တာဝန်တွေယူပြီးလို့လဲလို့ ဆို နိုင်ပါတယ်။

“အခုဆိုရင် ဒေါ်စုဟာ နောက်ဆုံးဇရာပိုင်းကို ရောက်လာခဲ့ပြီ။ တိုင်းပြည်မှာ အုပ်ချုပ်မယ်ဆိုရင် အစိုးရ ၆ ဆက်လောက် ပြီးသွားတော့မယ့်အချိန်မှာ သူကတော့ စစ်အာဏာရှင်ဆီမှာ လက်ဝါးဖြန့်တောင်းနေတုန်းပါပဲ။ လူထုတိုက်ပွဲကိုလည်း မယုံကြည်၊ လက်နက်ကိုင်တိုက်ပွဲကိုလည်း အားမပေးနဲ့ မြန်မာ့နိုင်ငံရေးကို ဘေးတိုက် လိုက်ပါနေတာပဲ တွေ့နေရပါတယ်။”

သေချာတာက အက်ဆစ်ဟာ ပြည်သူကပေးထားတဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ရထားသူမဟုတ်ပါဘူး။ ပြည်သူ ပေးတဲ့တာဝန်တွေ ကျေစေရပါမယ်ဆိုတဲ့ ကတိစကားတွေ ပေးထားသူမဟုတ်ပါဘူး။ ပြည်သူကို အဓိပတိကြီး လိုလုပ်ပြီး အပေါ်စီးကနေ မောက်မောက်မာမာ မချေမငံ မစော်ကားခဲ့၊ မသရော်ခဲ့တာလည်း အမှန်ပါ။ အထူး သဖြင့် လူထုခေါင်းဆောင်ဆိုတဲ့ တာဝန်ကို မယူထားဘူးဆိုပါတော့။ ဒီတော့ လူထုခေါင်းဆောင်တာဝန်ကို ယူထားသူကတော့ အက်ဆစ်ထက် ပိုပြီးတာဝန်ရှိလိမ့်မယ်ဆိုတာ ရှင်းနေပါတယ်။ ငြင်းချင်သူရှိလည်း ငြင်း နိုင်ပါတယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါတယ်။ အဲသလို သဘောထားကွဲလွဲခွင့် ရှိတဲ့အလျောက် လည်း သာမန်လူဖြစ်တဲ့ အက်ဆစ်က မိမိဆန္ဒကို အခုလို လွတ်လပ်စွာ ထုတ်ဖော်လိုက်တာပါပဲ။ ဒီတော့ စာ ရေးသူရဲ့ သဘောထားအမြင်တွေကို စာဖတ်သူတွေကသာ ဆုံးဖြတ်ပါလိမ့်မယ်။ သို့ပေမယ့် ဒေါ်အောင်ဆန်း စုကြည်ဆိုတဲ့ လူထုခေါင်းဆောင်ဂုဏ်ပုဒ်ကို ရယူထားသူကတော့ လူထုနဲ့ကင်းကွာတဲ့ ခေါင်းဆောင်ဖြစ်လို့မ ရတာ သေချာပါတယ်။

မြန်မာပြည်သူတွေဟာ ဖိနှိပ်ရက်စက်မှုအလွန့်အလွန်ကြီးမားတဲ့ အာဏာရှင်လက်အောက်မှာ မ၀ရေစာ စားပြီး လူဖြစ်နေရသူတွေပါ။ မြန်မာပြည်သူတွေက တပါတီအာဏာရှင်ကို မကြိုက်လို့ ၁၉၈၈ ခုနှစ်မှာ လူထုအုံကြွမှု လုပ်ခဲ့ပြီး အာဏာရှင်ကို ဖြုတ်ချခဲ့တယ်။ အဲဒီ လူထုရဲ့အာဏာရှင်ဆန်ကျင်ရေးလှိုင်းလုံးကြီးကို အခန့်သင့်စီး လာပြီးမှ လူထုထက် ပိုသိတယ်ဆိုတဲ့သူတွေ၊ လူထုဆန္ဒကို မျက်ကွယ်ပြုသူတွေ၊ လူထုကို ဘာမှ ဦးဆောင်မှု မပေးနိုင်သူတွေဟာ လူထုရဲ့ဒဏ်ခတ်ခြင်းကို မလွဲမသွေခံရမှာကတော့ အသေအချာပါပဲ။ ဒီထဲမှာ ဒေါ်အောင် ဆန်းစုကြည် မပါစေချင်ပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်မှာ ခရီးသွားလမ်းကြုံရင်း ပါလာခဲ့တဲ့ လူထုခေါင်းဆောင်တယောက်ဆိုရင် မှားမယ်မထင်ပါ။ အနစ်နာခံခဲ့ရတာတွေ ရှိခဲ့သလို အရင်က ပြောရဲဆိုရဲတွေရှိခဲ့လေတော့ ဗိုလ်ချုပ်သမီး ဆိုတဲ့အသိနဲ့ လူထုက ချစ်ခင်လေးစားခဲ့တာပါ။ အနစ်နာခံရတယ် ဆိုပေမယ့် တခြားနိုင်ငံရေးအကျဉ်းသားတွေထက်တော့ သူက ကောင်းမွန်စွာ နေထိုင်ခဲ့ရသူပါ။

တကယ်တမ်း မြန်မာပြည်သူလူထု လိုချင်တာက သူတို့ရဲ့အနာဂတ်ကို ကောင်းမွန်အောင် လုပ်ဆောင်ပေး မယ့်ခေါင်းဆောင် (တိုင်းပြည်အုပ်ချုပ်သူ) တွေကို လိုချင်ခဲ့တာပါ။ ၂၃ နှစ်ကာလကို ပြန်သုံးသပ်ကြည့်ရင် ဒေါ်စုမှာ အဲဒီအရည်အချင်းတွေ ပါလာခဲ့ပုံမရပါဘူး။

ဘာကြောင့်လဲဆိုတော့ သူ့မှာ သူ့ရဲ့လုပ်ရပ်တွေကို ဆုံးခန်းတိုင်အောင်လုပ်ဆောင်နိုင်တဲ့ အရည်အချင်းတွေ မရှိခဲ့ဘူး။ လုပ်နိုင်စွမ်းအားနည်းတာမဟုတ်ဘူးနော်။ လုပ်ကိုလုပ်နိုင်စွမ်းမရှိသူဆိုတာ ဒီကနေ့ကာလမှာ သက် သေပြနေပါပြီလေ။ သူ့အနေနဲ့ မြန်မာလူထုနဲ့ နိုင်ငံတကာက ထောက်ခံတဲ့ အားတွေ နည်းနည်းနောနော ရခဲ့ တာမဟုတ်ပါဘူး။ နိုဘယ်ဆုအပါအ၀င် သူရရှိခဲ့တဲ့ ဆုပေါင်းများစွာဟာ သူတော်ခဲ့လို့၊ သူတတ်ခဲ့လို့၊ သူအနစ် နာခံခဲ့လို့ ဆိုတာထက် ဖိနှိပ်မှုရက်စက်မှုယန္တရားကြီးအောက်မှာ စတေးခံနေရတဲ့ မြန်မာလူထုတွေရဲ့ သရုပ် သကန်တွေကြောင့်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အသက်တွေ၊ သွေးတွေ၊ ချွေးတွေ၊ သောကတွေ၊ ပူပန်မှုတွေနဲ့ သွန်းထုလုပ်ထားတဲ့ ရွှေစင်ရုပ်တွေက သူ့ရင်ဝအနီးမှာ ရောက်ရှိလာကြတာပါ။

ဒေါ်စုရဲ့ နိုင်ငံရေးရပ်တည်ချက်တွေဟာ အချိန်ကာလအလိုက် တခုချင်း ပြောင်းလဲနေပြီး တခုခုကို စောက်ချ လုပ်ကိုင်ခြင်းမျိုးမရှိတာကိုလည်း တွေ့ရပါတယ်။ သူဟာ လူထုကို နိုင်ငံရေးပရောဟိတ်ကြီးလို တရားပြ ဟော ကြားပြီး ဇွဲရှိဖို့၊ အနစ်နာခံဖို့၊ ညီညွတ်ဖို့ ဆိုခဲ့ပေမယ့်လည်း သူပြောထားတာတွေနဲ့ ညီအောင် သူမလုပ်နိုင်ခဲ့ပါ ဘူး။ သူ့ရဲ့တလျှောက်လုံးလုပ်ခဲ့တဲ့ နိုင်ငံရေးကိစ္စရပ်တွေမှာ သူဟာ ဘာကိုမှ အဆုံးသတ်လုပ်ဆောင်နိုင်တာ မျိုး မရှိခဲ့တဲ့အတွက် ဘာအောင်မြင်မှုကိုမှ မရခဲ့ပါဘူး။ အခုဆိုရင် ဒေါ်စုဟာ နောက်ဆုံးဇရာပိုင်းကို ရောက် လာခဲ့ပြီ။ တိုင်းပြည်မှာ အုပ်ချုပ်မယ်ဆိုရင် အစိုးရ ၆ ဆက်လောက် ပြီးသွားတော့မယ့်အချိန်မှာ သူကတော့ စစ်အာဏာရှင်ဆီမှာ လက်ဝါးဖြန့်တောင်းနေတုန်းပါပဲ။ လူထုတိုက်ပွဲကိုလည်း မယုံကြည် လက်နက်ကိုင်တိုက် ပွဲကိုလည်း အားမပေးနဲ့ မြန်မာ့နိုင်ငံရေးကို ဘေးတိုက်လိုက်ပါနေတာပဲ တွေ့နေရပါတယ်။

“ယုံကြည်မှုတည်ဆောက်တယ်ဆိုတာ အချိန်ကာလသတ်မှတ်ချက် ရှိရမယ်။ အာဏာရှင် မယုံကြည်မချင်းတည်ဆောက်နေတဲ့ တွေ့ဆုံမှုတွေဟာ မြန်မာလူထုကို
နေ့စဉ် ချောက်ကမ်းပါးစွန်း ရောက်အောင်လုပ်နေသလို၊ အာဏာရှင်သက်ဆိုးရှည်ဖို့ အချိန်ကာလဆွဲဆန့်ပေးနေသလို ဖြစ်နေပါတယ်။”


၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ပြည်သူက သူမပါတီလက်ထဲ အာဏာကုန်လွှဲအပ်ခဲ့တယ်။ ဒါလည်း တာဝန်မ ကျေခဲ့ပါဘူး။ ဒေါ်စုဟာ ပြည်သူလွှတ်တော်ကြီးပေါ်ပေါက်ဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့တယ်။ ဒါကိုလည်း ပြီးဆုံးအောင် မလုပ်နိုင်ခဲ့ပါဘူး။ ရွှေဂုံတိုင် အပါအ၀င် ကြေညာချက်ပေါင်းများစွာကို ထုတ်တယ်၊ တနေ့ကို သဘောထားတမျိုးစီ ထွက်နေလို့ ပြည်သူတွေနဲ့ နိုင်ငံတကာလည်း မျက်စိလည်ခဲ့ရပါပြီ။

၂၀၀၈ ခုနှစ် ဖွဲစည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနဲ့ဆိုလို့ မဲမပေးဘဲ မဲမသမာမှု ဖော်ထုတ်ကြသူတွေ လည်း ထောင်နန်းကို စံနေကြရပါပြီ။ သူကတော့ သူပြောဖူးတာကို အမှတ်ရပုံမပေါ်ပါဘူး။ အကျယ်ချုပ်က ထွက်လာခါစက ပင်လုံတဲ့၊ အခုတော့ တိုင်းရင်းသားတွေလည်း ဘယ်ဗမာကိုမှမယုံရဲတော့တဲ့ ပင်လုံဆိုတဲ့ အ ခြေအနေကို ဆိုက်ရောက်သွားခဲ့ရလေပြီ။ သွေးလှူ၊ ရေဝေ၊ ရေတွင်းတူး၊ အိတ်ခ်ျအိုင်ဗွီ၊ ပညာရေး၊ လူမှုရေး၊ ဧရာဝတီအရေး၊ ငြိမ်းချမ်းရေး ... စသဖြင့် ရောက်တတ်ရာရာ ပြောဆိုနေလေတော့ နောက်က ထောက်ခံအား ပေးနေတဲ့ အင်အားတွေက ဘာလုပ်လို့ ဘာကိုင်ရမှန်း မသဲကွဲတော့ဘဲ အာဏာရှင်ဆန်ကျင်ရေးတွေ လုပ်တဲ့ လုပ်ငန်းတွေဟာ မှေးမှိန်လာခဲ့ရပါတယ်။ နောက်တနေ့မှာ ဘာခေါင်းစဉ်ပြောင်းမလဲဆိုပြီး ရင်တမမနဲ့ စောင့် နေကြသူတွေလည်း ရှိနေကြပါတယ်။

မနေ့တနေ့က ရှိသမျှ အင်အားလေးတွေကို စုစည်းပြီး မြန်မာ့နိုင်ငံရေးကို ကမ္ဘာက သိအောင် ဖော်ထုတ်ခဲ့ကြ တဲ့ အန်အယ်ဒီက တက်ကြွသူတွေ၊ ၈၈ မျိုးဆက် ၂၀၀၇ မျိုးဆက်တွေ၊ နိုင်ငံရေးအကျဉ်းသားမိသားစုတွေအ နေနဲ့ ဘုရားမှာ ဆုတောင်းတာကို စေတနာကောင်းနဲ့ အားလုံးကောင်းဖို့လုပ်တာ ကောင်းပါတယ်ဆိုပြီး ပေါ့ ပျက်ပျက်ပြောခဲ့တာကြောင့် လူထုတိုက်ပွဲကိုပျယ်ရယ်ပြုတာလားဆိုပြီး ခေါင်းဆောင်တယောက်အဖြစ် သတ် မှတ်လို့တောင် မရတော့တဲ့အခြေအနေပါ။

ဒါဟာ လူထုတိုက်ပွဲ အစပါ။ ဒါတွေ ဘာကြောင့်ဖြစ်ရသလဲ ဆိုတာတော့ တွေးခေါ်စဉ်းစားတတ်ဖို့ လိုအပ်ပါ တယ်။ ဒါဟာ ဒေါ်စုနဲ့ အာဏာရှင်တိုရဲ့ ဖက်လှဲတကင်း အကျိုးစီးပွားတွေကို အနှောက်ယှက်ပေးမယ့် အရာ တွေ မဟုတ်ပါဘူး။ စိုးရိမ်မကင်းဖြစ်ရတယ်ဆိုတာတော့ မသုံးစေချင်လှဘူး။ ကိုယ့်အလုပ် ကိုယ်လုပ် ကိုယ့် သမိုင်း ကိုယ်ရေးကြတာ ကောင်းပါတယ်။

သူတို့တတွေ ဘုရားတွေမှာ ဆုတောင်းမေတ္တာပို့နေတာတွေဟာ ကောင်းတဲ့အလုပ်၊ ဘာသာရေးအလုပ်ကို လုပ်နေတာထက် ရည်မှန်းချက် အများကြီးပိုတယ်ဆိုတာကို မြင်အောင်ကြည့်တတ်ဖို့ လိုပါတယ်။ ဒါကြောင့် လည်း ထောင်မကြောက်တန်းမကြောက် လှုပ်ရှားဆောင်ရွက်ခဲ့ကြတာပါ။ သူတို့ဟာ သူတို့နိုင်ငံမှာ ဖြစ်ခဲ့တဲ့ လှုပ်ရှားမှုတွေ၊ အရေးတော်ပုံတွေကို မမေ့လျော့ဘူးဆိုတာ ပြသဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့အ တွက် နိုင်ငံရေးအရ တောင်းဆိုတိုက်ပွဲဝင်နေသူတွေပါ။ သူတိုရဲ့နောက်မှာ မမြင်နိုင်စွမ်းတဲ့ လူထုထောက်ခံမှု အားတွေ ရှိနေပါတယ်။ သူတို့တွေဟာ လူထုခေါင်းဆောင်အမည်ခံထားတဲ့ ဒေါ်စုထက် သူတို့တာဝန်ကိုသူတို့ ပိုသိကြသူတွေပါ။ ဘယ်သူမှ ပေးအပ်မထားတဲ့ တာဝန်တွေကို တာဝန်သိသိ သူတို့ထမ်းဆောင်နေကြတာပါ။

ခေါင်းဆောင်ဆိုတာ ပြတ်သားတဲ့စကားကို ဆိုရမှာဖြစ်ပြီး ပြောတဲ့အတိုင်းလည်း လုပ်ဖို့လိုအပ်ပါတယ်။ ဟိုတ မျိုး ဒီတမျိုး ပြောနေတာမျိုးမဖြစ်သင့်ပါ။ ချမှတ်ထားတဲ့ လမ်းစဉ်တွေအပေါ်မှာလည်း ခိုင်ခိုင်မာမာ လျှောက်ဖို့ လိုပါတယ်။ ဒေါ်စုနဲ့ အန်အယ်ဒီခေါင်းဆောင်ကြီးတွေဟာ ၂၃ နှစ်တာကာလတလျှောက်လုံးမှာ ပြည်သူအ တွက် ဘာမှဆောင်ကြဉ်းမပေးနိုင်ဘဲ အခုထိ ပါတီတရားဝင်မှတ်ပုံတင်နိုင်ရေး တောင်းဆိုနေတာတွေဟာ လူ ထုလိုအပ်ချက်နဲ့ ဆန်ကျင့်နေတာကို တွေ့ရပါတယ်။ နိုင်ငံရေးတက်ကြွလွန်းလို့ ထုတ်ပယ်ထားတဲ့ ပါတီတွင်း က တက်ကြွလှုပ်ရှားသူတွေကိုတော့ ခေါ်ယူစကားပြောဖို့အတွက် အချိန်မပေးနိုင်ဘဲ စစ်အာဏာရှင်တွေနဲ့ ပေါင်းဖက်လုပ်ကိုင်စားသောက်နေတဲ့၊ လူထုလယ်ယာတွေသိမ်းတဲ့ အခွင့်ရေးသမား မက်စ်မြန်မာ ဇော်ဇော် တို့လိုလူတွေနဲ့ အရောတ၀င်နေချင်နေတာကတော့ အတော်လေးကို အကျည်းတန်အရုပ်ဆိုးလွန်းပါတယ်။ ဒေါ်စုဟာ ဒီအတွေးအခေါ်တွေလောက်နဲ့ နိုင်ငံရေးသမားမလုပ်သင့်ပါဘူး။

နေ့စဉ် လူထုအသံတွေက ဘာပြောနေလဲ၊ ဘာတွေခံစားနေရလဲ၊ ဘာတွေဖြစ်ချင်နေလဲဆိုတာကို နားထောင် ကြည့်ပါ ဒေါ်အောင်ဆန်းစုကြည်။ လူထုလိုလားတာ တိုင်းပြည် စစ်အာဏာရှင်လက်အောက်က လွတ်မြောက် ဖို့၊ လူအခွင့်အရေး အပြည့်အ၀ရရှိဖို့၊ လူနေမှုအဆင့်အတန်းတွေ မြင့်မားဖို့ပါ။ အာဏာရှင်နဲ့ပေါင်းပြီး ရွှေလမ်း ငွေလမ်းဖောက်၊ အတူယှဉ်တွဲ ပေါင်းဖက်ဖို့၊ အာဏာခွဲဝေယူဖို့၊ အလုပ်တွဲလုပ်ဖို့ မဟုတ်ပါဘူး။ မိတ်ဆွေတဦး က ပြောဖူးတယ်။ ဗုဒ္ဓနဲ့ မာရ်နတ် တူတာ တွဲလုပ်တာ၊ မတူတာ ခွဲလုပ်တာ မရှိခဲ့ဘူးတဲ့။

“ပုဂ္ဂိုလ်ရေးကို ဘာမှမပြောချင်ပေမယ့် အာဏာရှင်နဲ့ ပေါင်းဖက်စီးပွားလုပ်နေသူတွေကို ကမ္ဘာကတောင် ကိုယ့်အကျိုးစီးပွားမပါဘဲ ဆန့်ကျင်အရေးယူနေချိန်မှာ ဒေါ်စုရဲ့လုပ်ရပ်ကြောင့် နိုင်ငံရေးတက်ကြွသူတွေရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းမှုတွေ ဖြစ်ခဲ့ရပါလားဆိုတာ ပြန်လည်ဆန်းစစ်သင့်ပါတယ်။”

တိုင်းပြည်အခြေအနေက သေရေးရှင်ရေးအနေအထားနဲ့ ပြည်တွင်းစစ်တွေဖြစ်၊ နိုင်ငံရေးတက်ကြွသူတွေက အဖမ်းခံပြီး ဆန္ဒတွေထုတ်ဖော်၊ နိုင်ငံရေးအကျဉ်းသားတွေက ပိုပြီးညှင်းပန်းနှိပ်စက်ခံနေရချိန်မှာ ဘောလုံးပွဲ ကို အေးအေးဆေးဆေး သွားကြည့်နိုင်တဲ့ ဒေါ်စုဟာ နိုင်ငံရေးသမားတယောက်ရဲ့ လုပ်သင့်တဲ့အလုပ်၊ မလုပ် သင့်တဲ့အလုပ် ဆိုတာကိုတောင် ခွဲခြားသိနိုင်သူ မဟုတ်တန်ရာဘူး။ ပုဂ္ဂိုလ်ရေးကို ဘာမှမပြောချင်ပေမယ့် အာဏာရှင်နဲ့ ပေါင်းဖက်စီးပွားလုပ်နေသူတွေကို ကမ္ဘာကတောင် ကိုယ့်အကျိုးစီးပွားမပါဘဲ ဆန့်ကျင်အရေး ယူနေချိန်မှာ ဒေါ်စုရဲ့လုပ်ရပ်ကြောင့် နိုင်ငံရေးတက်ကြွသူတွေရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းမှုတွေ ဖြစ်ခဲ့ရပါလားဆို တာ ပြန်လည်ဆန်းစစ်သင့်ပါတယ်။

အန်အယ်လ်ဒီပါတီကြီးမှာလည်း တကိုယ်တော်ခေါင်းဆောင်အဖြစ် ဒေါ်စုဟာ မသိမတတ်တာ မရှိဘူးဆိုပြီး လုပ်ချင်ရာလုပ်နေတာကို ပါတီဝင်တွေ၊ ပါတီခေါင်းဆောင်တွေ နှုတ်ပိတ်နေပေမယ့် မြန်မာပြည်သူလူထုကို ဂ ရုမစိုက် အလေးမထားဘဲ လူထုကို စော်ကားဖို့အထိတော့ မလုပ်သင့်ဘူးလို့ ယူဆပါတယ်။ ဒေါ်စုဟာ သာမန် မိန်းမတယောက် မဟုတ်ပါဘူး။ နိုင်ငံရေးသမား၊ ပါတီခေါင်ဆောင်၊ လူထုခေါင်းဆောင်ဆိုတဲ့ ၀ိသေသတွေ တပ်ထားခြင်းခံထားရသူပါ။

မြန်မာပြည်နိုင်ငံရေးဟာ ငြိမ်ငြိမ်နေကြပါ၊ ကျမ အာမခံပါတယ်၊ အပြောင်းအလဲတွေ မြင်နေရပါတယ်လို့ ပြော နေ၊ အာမခံနေလို့ ရတဲ့အရာမဟုတ်ဘူးဆိုတာ သိစေချင်လှတယ်။ မြန်မာ့နိုင်ငံရေးဟာ ဒေါ်စုရဲ့ ကိုယ်ရေး ကိုယ်တာကိစ္စမဟုတ်ဘူးလေ။ တတိုင်းပြည်လုံးကိစ္စဖြစ်တယ်။ တိုးတိုးတိတ်တိတ် လုပ်ရမယ့်ကိစ္စမဟုတ်ဘူး။ တိုင်ပင်ရမယ်၊ အသိပေးရမယ်၊ အများဆုံးဖြတ်ချက်ကို အသိမှတ်ပြုရမယ်။ ဒါမှသာ ဒီမိုကရေစီစနစ်ကို ဖော် ဆောင်နိုင်မှာဖြစ်တယ်။

အာဏာရှင်ဆီက ဘယ်လိုသဘောတူညီချက် ရတယ်၊ ဘယ်လိုအချက်အလက်ကတော့ လက်ခံလို့ရတယ် ဘယ်လိုအချက်အလက်ကတော့ လက်ခံလို့မရဘူး၊ ညှိနှိုင်းနေတယ်ဆိုတာ သိကိုသိရမယ်။ လူသိရှင်ကြား ထုတ်ဖော်ရမယ်။ ကမ္ဘာ့ဖြစ်ရပ်တွေမှာ နှစ်ကိုယ်ကြား တိုးတိုးတိတ်တိတ် ဆွေးနွေးခဲ့တာ မရှိခဲ့လေဘူး။ ရှိခဲ့ တယ်ဆိုရင်လည်း အချိန်ကာလတခုမှာ ထုတ်ပြောမယ်ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ ဘယ်အတိုင်းအတာထိ ကိုယ့်ဘက်က တောင်းဆိုမှုတွေရပြီ ဆိုတာတော့ အသိပေးရမှာပဲ။ အခုတော့ ကုလမသဂ္ဂကတောင် မမြင်ရ သေးတဲ့တိုးတက်မှုတွေ ဒေါ်စုက မြင်တွေ့နေရပြီဆိုတာကတော့ လက်ဝါးချင်းပေါင်းရိုက်နေသလားလို့တောင် စဉ်းစားရမလို ဖြစ်နေပါပြီ။

အရင်တုန်းကလည်း ဗိုလ်ချုပ်ခင်ညွန့်နဲ့ ယုံကြည်မူတွေတည်ဆောက်တယ်ဆိုပြီး တိုးတိုးတိတ်တိတ် လုပ်ခဲ့ကြ တယ်။ လမ်းတံတားစီမံကိန်းတွေ သွားကြည့်၊ တပ်မတော်သားတွေကို အားပေးနဲ့ တိုင်းရင်းသားလက်နက် ကိုင်တွေနဲ့ ကျောင်သားတပ်ဖွဲ့တွေကို စော်ကားတဲ့ အပြုအမူတွေကို လုပ်ခဲ့ဖူးပါတယ်။ ဒေါ်စုကို နိုင်ငံရေးအရ တကယ်ထောက်ခံအားပေးနေတာ ကျောင်းသားတွေ၊ တိုင်းရင်းသားတွေပါ။ ဆက်ဆံရေးဝန်ကြီး ဦးအောင် ကြည်နဲ့ ယုံကြည်မှုတွေ တည်ဆောက်နေတာလည်း အချိန်ကာလ မနည်းလေတော့ဘူး။ ယုံကြည်မှုတည် ဆောက်တယ်ဆိုတာ အချိန်ကာလသတ်မှတ်ချက်ရှိရမယ်။ အာဏာရှင် မယုံကြည်မချင်း တည်ဆောက်နေတဲ့ တွေ့ဆုံမှုတွေဟာ မြန်မာလူထုကို နေ့စဉ် ချောက်ကမ်းပါးစွန်းရောက်အောင် လုပ်နေသလို၊ အာဏာရှင်သက် ဆိုးရှည်ဖို့ အချိန်ကာလဆွဲဆန့်ပေးနေသလို ဖြစ်နေပါတယ်။ တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင် အသုံးချ တောင်ခံဦးမယ်ဆိုပဲ။ ဒေါ်စုကို ခေါင်းဆောင်လုပ်ခိုင်းနေတာပါ။ အသုံးချခံဖို့အတွက် ခေါင်းဆောင်တင်ခဲ့ကြ တာမဟုတ်ပါဘူး။

ဒါပေမယ့် တိုင်းပြည်လွတ်မြောက်ရေး လိုချင်ရင် ကိုယ့်ဖာသာကြိုးစားရမယ်ဆိုတဲ့ တာဝန်မဲ့ ပုတ်ထုတ်စကား တွေကိုသာ ဟောကြားတတ်လေတော့ စိတ်ပျက်မိပါတယ်။ ဟောပြောတဲ့ စကားတွေမှာလည်း ရှေ့နောက်မ ညီလေတော့ ဆင်ခြင်တုံတရားနည်းစွာ ပြောနေတာလို့ပဲယူဆလာမိပါတယ်။ တကမ္ဘာလုံးမှာ အာဏာရှင်တွေ ကို လူထုက တော်လှန်နေချိန်မှာ မြန်မာပြည်က ဘယ်ဟာနဲ့တော့ နှိုင်းလို့မရဘူး၊ ဘယ်ဟာနဲ့တော့ မတူလေ ဘူးဆိုတာမျိုးတွေ ပြောနေတာဟာ ကိုယ့်ဖာသာ အသုံးမကျမှုတွေကို ဖာထေးနေသလို ဖြစ်နေပါတယ်။ နိုင်ငံ တကာက တော်လှန်ရေးတွေနဲ့ တူခြင်းမတူခြင်းဆိုတာထက် လူထုလှုပ်ရှားမူကို လက်မခံဘူးဆိုတာတွေကို တွေ့လာရတော့ လူထုခေါင်းဆောင်က မြန်မာပြည်အပြောင်းအလဲကို မဲသမာမှုတွေနဲ့ ရယူထားတဲ့ ကြံ့ဖွတ် တွေနဲ့ပေါင်း လွှတ်တော်တက်ပြီး ပေါင်းလုပ်ရင် ရတယ်ဆိုတဲ့ အတွေးအခေါ်တွေနဲ့များ လုပ်နေပါပေါ့လားလို့ စိတ်မသက်သာဖြစ်ရတယ်။

အန်အယ်လ်ဒီပါတီကို ခေါင်းဆောင်ထားတဲ့ ဒေါ်စုဟာ ၉၀ ရွေကောက်ပွဲရလဒ်ကိုလည်း အသေအချာ မဆုပ် ကိုင်ခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်၊ ဖွဲ့စည်းပုံကို ပြင်ပါလို့ဆိုပြီးမှ ခုတော့ ပါတီကို တရားဝင် မှတ်ပုံတင်နိုင်ခွင့်ရရေး ကြိုးစားနေတာကတော့ ရှက်တတ်ရင် လဲသေလိုက်ဖို့သာ ကောင်းနေပါပြီ။ ဒါမှမဟုတ် ရင် အပြစ်ကင်းချင်တဲ့ သူတော်ကောင်းမကြီးလုပ်ပြီး ဘုရားရိပ်တရားရိပ်မှာ အေးဆေးစွာနေပါတော့။ ဘုရား အလုပ်၊ တရားအလုပ် လုပ်နေတဲ့ သံဃာတွေတောင် အသတ်ခံ အဖမ်းခံပြီး လူထုကျွေးတဲ့ ဆွမ်းတနပ်အ တွက် တာဝန်ကျေနေကြချိန်မှာ ကိုယ့်တာဝန်ကိုယ်မသိတဲ့ လူထုခေါင်းဆောင်အမည်ခံထားတဲ့ ဒေါ်အောင် ဆန်းစုကြည်ရေ ... နိုဘယ်ဆုကို ပေးခဲ့တယ်ဆိုတာ အကြမ်းမဖက်တဲ့ နည်းလမ်းတွေနဲ့ ရှေ့ဆုံးကနေ မားမား မတ်မတ် တိုက်ပွဲဝင်ဖို့အတွက် ပေးခဲ့တယ်ဆိုတာလောက်တော့ သိသင့်ပါတယ်။

လူထုအုံကြွမှုဖြစ်မှာလည်းကြောက်၊ လူထု လမ်းပေါ်ထွက်မှာလည်းစိုးရိမ်၊ အာဏာရှင်ကို လက်နက်ကိုင်တိုက် မှာလည်း မလိုလား၊ အာဏာရှင်ကို ဒူးထောက်အညံ့ခံပြီး အသုံးချခံဖို့ကိုပဲ စဉ်းစားခဲ့ရင် လွန်ခဲ့တဲ့ ၂၃ နှစ်က တည်းက အာဏာရှင်ထံ အညံ့ခံပြီး အပေးအယူလုပ်ခဲ့သင့်ပါတယ်။ အခုတော့ ကုန်လွန်ခဲ့တဲ့ အချိန်တွေအ တွင်းမှာ လူထုဘ၀တွေ အဆိုးဆုံးအခြေအနေ ရောက်နေတာတွေကို မြင်အောင်ကြည့်ပါ။ မမြင်နိုင်ရင် မလုပ် နိုင်ကြောင်း ၀န်ခံလိုက်ပါ။ မြန်မာ့နိုင်ငံရေးထဲမှာ မပါဝင် မပတ်သက်ပါနဲ့တော့။ သတ္တိရှိရှိနဲ့ လုပ်နိုင်တဲ့သူတွေ ကို အားပေးပါ။ တက်ကြွလှုပ်ရှားသူတွေရဲ့ နိုင်ငံရေးကို သေးသိမ်အောင် မလုပ်မိပါစေနဲ့။ လူထုအုံကြွမှုကို ဘယ်သူကမှ လုပ်ကြံဖန်တီးလို့ မရသလို တားဆီးလို့လည်း ရမှာမဟုတ်ပါဘူး။ ။

(၄ နှစ်မြောက် ရွှေဝါရောင်နှစ်ပတ်လည်နေ့က လှုပ်းရှားတက်ကြွခဲ့ကြသူတွေကို ဦးညွတ်ဂုဏ်ပြု လေးစားမှုနဲ့ ရေးသားပါ သည်။)

အက်ဆစ်
Read more

တော်စမ်းပါ ကျော်ဆန်းရာ


“တော်စမ်းပါ၊ ကျော်ဆန်းရာ... နင့်ပါးစပ်ကို ပိတ်ထားစမ်းပါ” တဲ့။

ဒီနေ့မနက် ဖေ့စ်ဘွတ်ခ်ထဲဝင်လိုက်တော့ ကြည့်လိုက်ရတဲ့ သီချင်းလေးကို သဘောကျတဲ့အတွက် ကျနော့်ဘလော့ဂ်လာဖတ်သူတွေ နားထောင်ရအောင် ထပ်မံ မျှဝေလိုက်ပါတယ်။ ဒီသီချင်းကို “ရဲရင့်ငယ်” အင်တာနက်စာမျက်နှာနဲ့ မျက်နှာစာအုပ်မှာ တင်ထားတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာလည်း ယူကျုကို ကြည့်လို့ရပြီဆိုတော့ ဒီလို သီချင်းလေးတွေ များများ ထွက်လာရင် ကောင်းမယ်လို့ တွေးမိပါတယ်။


ဖန်တီးသူရဲ့ စိတ်ကူး၊ သီဆိုထားတဲ့လူရဲ့ အသံနဲ့ စာသားလေးတွေကို ချီးကျူးလိုက်ပါတယ်။ နားဆင်ကြည့်ကြပါဦး။


Read more

“စမ်း မကြည့်သင့်သည့်အရာ”



ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နအဖ စစ်အစိုးရ ပြုလုပ်ကျင်းပပေးခဲ့တဲ့ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကြီး အပြီးမှာ ထွက်ပေါ်လာတဲ့ သတင်းအထွေထွေကို လိုက်ဖတ်ရင်း ရွေးကောက်ပွဲမတိုင်မီကာလက မိုးမခ ကာတွန်းဆရာ ပီကာဆို မောင်ရစ် ရေးဆွဲတဲ့ ကာတွန်းတကွက်ကို ပြန်မြင်ယောင်မိလို့ အင်တာနက်ပေါ်က ပြန်ရှာပြီး မျှဝေလိုက်ပါတယ်။

ကာတွန်းမောင်ရစ် - “ချေး” ဆိုသည်မှာ စမ်းပြီးတောင် စားကြည့်သင့်သည့်အရာ မဟုတ်ပါ
(စက်တင်ဘာ ၄၊ ၂၀၁၀)



အတန်တန် တားနေတဲ့ ကြားထဲက ကရဝိတ်ရေခဲမုန့်အမှတ်နဲ့ အားပါးတရကြီး ဟဲလိုက်ကြသူတွေ အခုတော့လည်း မြိုလို့မကျနိုင်တော့ဘူး ထင်ပါ့....း-)

ပူးတွဲဖတ်ရှုရန်။...........။

(၁) မင်းသမီး ၃ ပါးနှင့် NDF အရှုံးနှင့်ကြုံ

(၂) ကြံ့ဖွံ့ပါတီ၏ ကြိုတင်မဲကြောင့် တစည ဝက်ဝက်ကွဲရှုံးဟု ဆို

(၃) “NLD မှန်ပါတယ်” ဟု ဦးနေမျိုးဝေပြော

(၄) မဲမသမာမှုရှိနေသည့်အတွက် အန်ဒီအက်ဖ် ကန့်ကွက်ရန် ပြင်ဆင်

Read more

နားဝင်ပီယံ သူ့အသံ

ဟောဒီမှာ အသံဖိုင်လေးတဖိုင်။ အလွန်ဆုံး မိနစ်ဝက် (၃၂ စက္ကန့်)စာပဲ ကြာတာပါ။ မဖြစ်မနေ နားဆင်ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။

အဲဒီ အသံဖိုင်ထဲက ပီယဝါစာ ချစ်ဖွယ်သောစကားလေးကို ပြောဆိုနေတဲ့ အသံပိုင်ရှင်လေးဟာ ဘယ်ဒူ ဖြစ်မလဲဆိုတာ ပရိသတ်ကြီး ကိုယ့်ဘာသာပဲ ခန့်မှန်းကြည့်ကြပါ။ အနော် ကတော့ ထုတ် မပြောဝံ့ဘူးနော်။ သားသားကြောက်ကြောက်။ (အင်း ထုတ် မပြောဘူးလို့ ရည်ရွယ်ပေမယ့် ပရိသတ်အချို့ အတွေးချော်ပြီး လင်မယားရန်ဖြစ်တာလို့ ထင်နေပုံရတဲ့အလျောက် အောက်မှာ ဖြည့်စွက်ချက် ထပ် ထည့်ပေးလိုက်ပါတယ်။ သားသား ညစ်ညစ်။)



အပေါ်မှာ နားထောင်မရခဲ့ရင်... အောက်က ပလေယာ မှာ နားထောင်ကြည့်ပါ။



(ဘလော့ဂ်ပေါ်မှာ နားဆင်ရတာ အဆင်မပြေသူများ ...ဒီလင့်ခ်... မှာ အသံဖိုင်ကို ဒေါင်းလုပ် ယူလို့ရပါတယ်။ အဲဒီမှာ မရရင် မီဒီယာဖိုင်ယားမှာ တင်ထားပါတယ်။ ဒီမှာ ဒေါင်းလုပ်ကြည့်ပါ။ Bandwidth နည်းတဲ့အတွက် တခါတရံ နားဆင်မရရင် ခွင့်လွှတ်ပါ။)

နောက်ခံဘက်ဂရောင်းမှာ ပါတဲ့ ယောက်ျားသံကတော့ (စိတ်ထဲက မခံချိမခံသာ ဒေါသထွက်နေပုံရပေမယ့်လည်း) ပါးစပ်ကတော့ မတတ်သာတဲ့အလျောက် တောင်းပန်တိုးလျှိုး အောက်ကျို့ပြီး ပြေလည်ရာ ပြေလည်ကြောင်း ပြောနေရရှာတာကို ဘဝတူချင်း ကိုယ်ချင်းစာမိပါတယ်။

နောက်တခါ ပြည်သူ့ဂုဏ်ရည်ဆုပေးကြရင် အဲသည် ချိုသာသော အသံပိုင်ရှင်ကလေးကိုလည်း ပြည်သူ့ဂုဏ်ရည် စာရင်းမှာ ထည့်သွင်းစဉ်းစားပေးစေလိုပါတယ်ဗျာ။

အေးလေ.... သူ့ခမြာ အလုပ်တွေများလို့ စိတ်တိုနေရှာတာကို ရှင်တို့ကလဲ ... အဲလေ... ခင်ညားတို့ကလဲ နားလည်ပေးလိုက်ကြပါ။ ရှင်တို့နော်...ရှင်တို့....။ အင်း....ရှင်တို့နဲ့တော့ ခက်သေးတယ်။

ဖြည့်စွက်ချက်။............။ ချိုသာကြည်မြသော အသံရှင်ဟာ စင်္ကာပူမှာ မြန်မာလူမျိုးမှန်ရင် ခွင့် တကူးတက ယူပြီး မိမိဆန္ဒအလျောက် (သွားချင်လွန်းလို့) သွားရောက် စုဝေးတတ်ကြတဲ့၊ မိမိရဲ့ တနှစ်စာ စုဆောင်းထားသမျှ ချွေးနည်းစာထဲက အိတ်ထဲမှာ ပြောင်သလောက်နီးပါးကို (လှူချင်လွန်းလို့ လျှောက်လွှာရေးတင်ကာ) အလှူဒါနပြုလိုက်ကြရပြီးတဲ့နောက် တနေကုန်တနေခန်း ထိုင်စောင့်ကြရင်းနဲ့ မေတ္တာဘာဝနာများ ပွားများလေ့ရှိကြတဲ့ မကင်းရာ မကင်းကြောင်း ရုံးတခုရဲ့ ကောင်တာမှာ တာဝန်ယူရတဲ့ မမ ပါတဲ့။ ယောက်ျားသံကတော့ မြန်မာပြည်သူတဦးပါ။ သူ့အဆိုအရ အရင်နေ့က သူ့ကို အခြား ဝန်ထမ်းတယောက်က နောက်တနေ့ညနေ ပြန်လာဖို့ ချိန်းလိုက်တဲ့အတွက် လာတာဖြစ်ပါသတဲ့။ ဒါပေမယ့် မမလေးရဲ့ အဆိုအရ... ဖောင်တွေ ထပ်ရတာက မနက်ပိုင်းထပ်ရပြီး ညနေဖက်မှာ မနက်က ဖောင်ထပ်တဲ့ထားလူတွေကို ပြန်ပေးတာပါတဲ့။ ဒါပေမယ့် ဟိုလူက အရင်နေ့က ညနေပိုင်းလာခဲ့ဆိုလို့ အခုလို လာရတာဖြစ်တဲ့အကြောင်း၊ သူ့မှာလည်း အလုပ်တွေ ရှုပ်နေတဲ့အတွက် နောက်နေ့တွေမှာ ခွင့်ထပ်ယူပြီး လာဖို့ အခက်အခဲရှိကြောင်း၊ ဒါကြောင့်မို့ ဒီနေ့မှာ ဖောင်ကလေးကို လက်ခံပေးဖို့ တောင်းပန်တိုးလျှိုးတဲ့အတွက် အထက်ပါအတိုင်း အကောခံလိုက်ရခြင်း ဖြစ်ပါသတဲ့။

အဲသည်လို အားပါးတရ ကောပြီးတဲ့အခါ တံခါးဝနားမှာ စောင့်လေ့ရှိတဲ့ လုံခြုံရေးအဖိုးကြီးကို ခေါ်ပြီး အဲဒီလူကို ဆွဲထုတ်ခိုင်းတယ်လို့ သိရပါတယ်။ ပါးစပ်ကလည်း “This one. This one. Pull out!" လို့ အော်ပါသေးသတဲ့။

ကဲ.... ဒီလောက်ရှင်းပြရင် ရှင်တို့ အားလုံးဇာတ်ရည်လည်မယ်လို့ မျှော်လင့်ပါတယ်။ ရှင်တို့နော်...ရှင်တို့....ရှင်တို့နဲ့ခက်တယ်...ဟွန်း။ ဒုံး။


(အသံဖိုင်ထဲက အသံတွေကို နားထောင်ပြီးတဲ့အခါ ကြားရတဲ့အတိုင်း စကားလုံးအတိအကျနဲ့ ကွန်မင့်ကဏ္ဍမှာ Transcripts သဘောမျိုး ပြန်ရေးပေးနိုင်ခဲ့ရင် ကျေးဇူးတင်မှာ ဖြစ်ပါကြောင်း။)
Read more

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်သားဖွယ် စကား

ရှေ့ပို့စ်ထဲက ကွန်မင့်ကဏ္ဍမှာ အမည်မသိတယောက်က လာရောက် ညွှန်းဆိုသွားလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားလေးကို ရှာဖွေကြည့်ရှုမိပါတယ်။ လက်တလော ကျနော်တို့တွေ ရေးသားနေကြတဲ့ အကြောင်းအရာနဲ့ ထပ်တူထပ်မျှကျပြီး ကျနော်ကိုယ်တိုင်လည်း နှစ်ခြိုက်မိတဲ့အလျောက် ပို့စ်အတိုလေး အဖြစ် သီးသန့်တင်လိုက်ပါတယ်။

"It is not a sacrifice, it's a choice. If you choose to do something, then you shouldn't say it's a sacrifice, because nobody forced you to do it"
- Aung San Suu Kyi-

မြန်မာလို ဘာသာပြန်ဆိုကြည့်ရမယ်ဆိုရင်.....

“ဒါဟာ စွန့်လွှတ်အနစ်နာခံတာ မဟုတ်ပါဘူး။ ဒါဟာ ရွေးချယ်မှုပါပဲ။ သင်ဟာ တစုံတခုကို ပြုလုပ်ဖို့ ရွေးချယ်ခဲ့တယ်ဆိုရင် ဒါကို အနစ်နာခံတာပါလို့ သင့်အနေနဲ့ မပြောသင့်ဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်သူကမှ သင့်ကို ဒါလုပ်ရမယ်လို့ အတင်းဖိအားမပေးခဲ့တဲ့ အတွက်ဖြစ်ပါတယ်။”

ဒီ စကားကို ခေါင်းဆောင်တွေရဲ့ မှတ်သားဖွယ်ရာ စကားကောက်နှုတ်ချက်တွေမှာ ဖော်ပြထားခြင်း ခံရတာကို တွေ့ရပါတယ်။

ပူးတွဲဖတ်ရှုရန်။

(၁) “နှစ်သက်မိသော သူ့အမြင်”
(၂) ကျေးဇူးရှင် မှိုလိုပေါတဲ့ လောကကြီးအလယ်မှာ
Read more

“နှစ်သက်မိသော သူ့အမြင်”

ကျေးဇူးတရားအကြောင်း နောက်ထပ် ကိုယ်တိုင်ရေး ပို့စ်တပုဒ်မရေးခင်စပ်ကြား ရီတာကို ဘလော့ဂ်က သူမရဲ့ ကွန်မင့်တွေကို ပို့စ်အနေနဲ့ တင်ချင်ပါတယ်။

ဂါရဝေါစ.... ရိုသေထိုက်သောသူကို ရိုသေခြင်းဆိုတာမှာ အသက်ကြီးသူတွေကိုချည်း ရိုသေရမယ်လို့ ကျနော် မယူဆချင်ပါဘူး။ ကျနော့်တသက်တာမှာ တွေ့ကြုံဖူးသလောက် လူကြီးဖြစ်နေပြီး သုံးစားမရတဲ့လူတွေ တပုံကြီးရှိသလို ငယ်ရွယ်သူတွေဖြစ်ပေမယ့်လည်း လေးစားအပ်တဲ့လူတွေ ရှိနေတာ မကြာခဏ ကြုံဖူးပါတယ်။

ညီလင်းဆက်နဲ့ ရီတာကို တို့ရဲ့ အမြင်တွေနဲ့ပတ်သက်လို့ အကြိမ်တိုင်းမှာ ကျနော်နဲ့ အမြင်တူတာမျိုး မဟုတ်ပေမယ့်လည်း တချို့သော ကိစ္စတွေမှာ သူတို့ရဲ့ အမြင်တွေကို နှစ်သက်လေးစားမိပါတယ်။

အခု “ကျေးဇူးတရား”နဲ့ ပတ်သက်လို့ ရီတာရဲ့ ပို့စ် ကွန်မင့်ကဏ္ဍမှာ ကိုအင်ဒီမြင့်ရဲ့ ကွန်မင့်အပေါ် ရီတာ ပြန်ဖြေထားပုံက မှတ်သားစရာလည်းကောင်း၊ ကျွန်တော့်အနေနဲ့လည်း အင်မတန် နှစ်သက်မိတဲ့အလျောက် ရီတာ့ဆီမှာ ခွင့်တောင်းပြီး (ခွင့်ပြုချက်မရခင်မှာဘဲ) ကျနော့်ဘလော့ဂ်မှာ ပို့စ်တခုအနေနဲ့ သပ်သပ် တင်လိုက်ပါတယ်။ ကျနော်နှစ်ခြိုက်လက်ခံသော်လည်း စာဖတ်သူ မနှစ်ခြိုက်လိုက မနှစ်ခြိုက်ဘဲ နေနိုင်ခွင့် အပြည့်ရှိပါတယ်။

ကိုအင်ဒီရဲ့ ကွန်မင့်ကနေစလို့ ရီတာဖြေထားတဲ့ကွန်မင့်တွေကို အဆုံးထိ တောက်လျှောက် ပြန်လည် ဖော်ပြလိုက်ပါတယ်။

Andy Myint said...

စာတစ်ပုဒ်တည်းက အကြောင်းအရောတွေ အများကြီးထဲက ကျေးဇူးတင်တာနဲ့ ပက်သတ်ပြီး နည်းနည်း ၀င်ရှည်လိုက်ဦးမည်။ ဒီနေရာမှာ ဘိုတွေနဲ့ “ဗမာ”တွေ ကွာသွားတာက ဘိုတွေက သေးသေးကြီးကြီး လုပ်ပေး Thank You လိုက်တာပဲ။ ပြောပြီးလည်း ခဏပဲ ခံတယ်။ နောက်နေ့မှာ မင်းကိုငါ မနေ့က ကူညီထားတာလေ သွားပြောရင်တောင် မမှတ်မိဘဲ ဘာတွေ လာကြောင်နေတာလဲ ပြောထည့်လိုက်ဦးမည်။
တို့ဗမာများကတော့ ပါးစပ်က မသွက်ပေမယ့် စိတ်ထဲမှာ တစ်သက်လုံး စွဲစွဲမြဲမြဲ မှတ်နေရော။ ညီလင်းဆက်ပေးတဲ့ ဆရာဝန်တွေ ကျောင်းဆရာတွေ ဥပမာက ကောင်းတယ်။ ဆရာဝန်၊ ကျောင်းဆရာ အတန်းအစားထဲကဆို ကိုယ့်ကို ကုသပေး၊ သင်ကြားပေးတဲ့သူ မဟုတ်တာတောင် အဲဒီ အတန်းအစားဆို လေးစားပြီး ကျေးဇူးတွေ တင်နေလိုက်ကြတာထဲမှာ ကိုယ်ကိုယ်တိုင်တောင် ပါချင်တယ်။
စာဖတ်နာတဲ့သူကတော့ အတွေးအခေါ် (မှန်ချင်လည်း မှန်မည်။ မှားချင်လည်း မှားမယ်) တမူထူးပေမယ့် လောကမှာ လူသာမန်တွေက အများသားလား။ တကယ်ပြောချင်တာက “ကိုယ် လုပ်စရာရှိ လုပ်လိုက် လူတွေ ကျေးဇူးတင်အောင် အထင်ကြီးအောင် မလုပ်နဲ့”လို့ ပြောချင်တာကို “(ဥပမာ) လုပ်အားပေးတဲ့သူတွေ ဘလော့ရေးတဲ့သူတွေက အားယားနေလို့ လုပ်တာ စိတ်အပန်းဖြေလုပ်နေကြတာ နိုင်ငံရေးလုပ်နေသူတွေက သူ့ခံယူချက်နဲ့မို့ သူလုပ်နေတာ ကျေးဇူးတင်စရာ မလိုဘူး” လို့ ယူသွားမည့်လူတွေ ရှိနိုင်တာ ကိုယ်တွေ့ပဲလေ။
ကိုယ်ကိုယ်တိုင်က ကလေးအဖေမို့လားမသိ့ လူသာမန်တွေကို (ကိုယ်ကိုယ်တိုင်လည်း လူသာမန်ပါပဲ) ပြောတဲ့ အခါ ကလေးတွေကို ပြောပြသလို ရှင်းရှင်းရိုးရိုးနဲ့ တည့်မတ်မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကိုပဲ လျှောက်စေချင်တယ်။ ခပ်မြင့်မြင့် အတွေးအခေါ်တွေနဲ့ လူသာမန်တွေကို ရှုပ်ထွေးလမ်းမှားစေတာနဲ့ စာရင် ဒီလိုပဲ ကောင်းတယ်လို့ Personally ထင်တယ်လေ။ ဒီ ကျေးဇူးခံ ကျေးဇူးစား အကြောင်းအရာ တစ်ခုထဲမှ မဟုတ်ပါဘူး တခြားဟာတွေကိုလည်း ဒီလိုပဲ ပြောလေ့ရှိတာတွေ့မိမှာပါ။
ဒါနဲ့ စာမပေါက်တဲ့ ဗမာတွေထဲမှာ ကျွန်တော်လည်း ပါမယ်။ ရီတာက ကျေးဇူးတင်သင့်တယ် ဆိုတာလား မဆိုတာလားကို အသေအချာ မရသေးဘူး။ (ဒါကိုကလည်း စာရေးနည်း တစ်ခုပဲကိုး…)


June 8, 2010 10:17 AM
Rita said...

တကယ်တော့ ဒီ post အတွက် comment တွေ လာရင် ဘာမှ မပြန်ဘဲနေမယ်လို့ စဉ်းစားထားခဲ့တာပါ။ ခါတိုင်းပြန်နေကျ comment မျိုး (ဇွန် မေးထားတာမျိုး) ကိုတောင် မပြန်ဘဲ နေလိုက်တယ်။ နောက် မွန် ဆိုတဲ့ တစ်ယောက် ပို့တဲ့ comment ကိုလည်း သူ့ကို သေချာပြောပြပြီး မတင်ဘဲ ထားလိုက်တယ်။ မွန်က အကောင်းတွေ ရေးထားလို့ပါ။

ဒါပေမဲ့ ကိုအင်ဒီ comment ကိုတော့ ပြန်ချင်စိတ်ပေါက်မိလို့ရော၊ ပြန်သင့်တဲ့ comment ဖြစ်လို့ရော ပြန်ပါမယ်။

(တကယ်ပြောချင်တာက “ကိုယ် လုပ်စရာရှိ လုပ်လိုက် လူတွေ ကျေးဇူးတင်အောင် အထင်ကြီးအောင် မလုပ်နဲ့”လို့ ပြောချင်တာ)

အဲလို ပြောချင်တာလည်း မဟုတ်ဘူး ကိုအင်ဒီ။ ပြောလည်း ဘာမှ ထူးမှာ မဟုတ်ဘူး။ ကျွန်မ ဆိုလိုရင်းက "လုပ်စရာရှိတာ လုပ်နေတာပဲဖြစ်ဖြစ်၊ လုပ်ချင်တာကို လုပ်နေတာပဲ ဖြစ်ဖြစ် ကျေးဇူးခံ ကျေးဇူးစား ကျေးဇူးတရား ဆိုတာတွေ၊ အနစ်နာခံတယ်ဆိုတာတွေ မဆိုင်တာတွေ ထည့်ပြောနေရင် ပြောနေတဲ့ သူတွေဟာ စိတ်ကုန်စရာကြီး၊ ကျွန်မကတော့ အဲလိုလူမျိုးကို ရိုးသားတယ် မထင်တော့ဘူး။ မယုံကြည်ဘူး" လို့ ဆိုလိုချင်တာပါပဲ။ ကျေးဇူးတင်အောင် အထင်ကြီးအောင် လုပ်ချင်လုပ်၊ မလုပ်ချင် မလုပ်နဲ့။ သူ့သဘောအတိုင်းပါ။ အထင်ကြီးတာ မကြီးတာ၊ ယုံကြည်တာ မကြည်တာလဲ ကိုယ့်သဘောပဲပေါ့။ ဒါ ရှင်းပါတယ်။

ညီလင်းဆက် ဆီမှာ အဲဒီ စကားလုံးက ဘယ်ကနေ အရင်းခံလာသလဲ ကျွန်မ ထင်တာ ပြောကြည့်မယ်။ မီဒီယာနဲ့ အနုပညာသမား အပြန်အလှန် ကျေးဇူးရှိကြတယ် ဘာညာ ဘာညာကနေ စလာတယ် လို့ ထင်ပါတယ်။ ဘာဆိုင်လဲ။ မီဒီယာဘက်က မအောင်မြင်ခင်ပဲ တင်ပေးပေး၊ အောင်မြင်မှ တင်ပေးပေး မဂ္ဂဇင်း ဂျာနယ် ရောင်းရဖို့၊ သတင်းရဖို့ သူ့အလုပ် သူလုပ်တာပဲ။ ဒီလိုပဲ အနုပညာသမား ဆိုတာတွေဘက်ကလည်း ပေါင်းကူးတံတားခေါ်ခေါ်၊ အငှားပါးစပ်နဲ့ ပရိသတ်ကို စကားဆိုတယ်ပြောပြော သူ့အလုပ်သူ လုပ်တာပဲ။ အပြန်အလှန် အကျိုးပြုနိုင်တယ်ဆိုရင် အပြန်အလှန် အလေးထားကြပေါ့။ ဒါပါပဲ။ ပြီးတော့ ဖြစ်သွားတဲ့ကိစ္စက နှစ်ယောက်တည်းရဲ့ အရေးကိစ္စပဲ။ ဘယ်သူက ဘယ်ဘက်ကမို့လို့ ဘယ်လိုလူမျိုးတွေက ဘယ်လိုရပ်တည်တယ် ဆိုတာတွေ ဖတ်ရ သိရတာ အတော် လေ စရာပါပဲ။ ထားပါတော့။

June 8, 2010 11:46 AM
Rita said...

(ရီတာက ကျေးဇူးတင်သင့်တယ် ဆိုတာလား မဆိုတာလားကို အသေအချာ မရသေးဘူး)

ကျွန်မအနေနဲ့ တင်သင့်၊ မတင်သင့် ဆိုတဲ့ဘက်က ဘယ်တော့မှ ဆွေးနွေးမှာ မဟုတ်ဘူး ဆိုတာပါပဲ။ အဲဒါက ခံယူတဲ့သူနဲ့ ဆိုင်တဲ့ ကိစ္စမို့လို့ပါ။ ဒီနေရာမှာ ကျွန်မ ခံယူတာကို post ထဲမှာ ထည့်ပြောပြီးပါပြီ။ ဒါပေမဲ့ တိကျအောင် ထပ်ဖြည့်ချင်သေးတယ်။ ထပ်ပြောရင်တော့ အဲဒါ ကိုယ့်ကိုယ်ကိုယ် 'တင်' တာနဲ့ တူသွားမှာကိုလည်း သေချာပေါက် သိတယ်။ ဒါပေမဲ့ တမင်ကို ထပ်ဖြည့်ပြောပါမယ်။ မနေ့က နေ့လည် ရုံးအောက်က fab လုပ်တဲ့နေရာကို ဆင်းတော့ ကျွန်မလျှောက်လာမယ့်လမ်းမှာ ရှိနေတဲ့ စတီးလ် ပိုက်လုံးတွေကို ကျွန်မ လာနေတာမြင်လို့ ဘေးကို သေချာကပ်ပြီး ရှင်းပေးတဲ့ ဘင်္ဂလားဒေ့ရှ် အလုပ်သမားတယောက်ကိုလည်း ကျေးဇူးတင်တယ်။

(သူရှင်းမပေးလည်း ကျွန်မ ကျော်သွားလို့ ရတယ်။ ဘေးက ကွေ့ပြီး လျှောက်လို့ရတယ်။ ဒါ့ပြင် ကိုယ်တိုင်ကလည်း ကျော်သွားရလို့ အိနြေ္ဒပျက်မှာတွေ ဘာတွေလည်း ပူနေမယ့် အစားကို မဟုတ်ဘူး) အဲဒီ အလုပ်သမားကလည်း ကျွန်မဆီက မျက်နှာသာရနိုင်လို့၊ အခွင့်အရေးတခုခု ရနိုင်လို့ လုပ်ပေးတာ မဟုတ်ဘူး။ သူ့ ပင်ကိုဗီဇအရ စိတ်စေတနာကောင်းနဲ့ လုပ်ပေးတာလဲ ဖြစ်နိုင်တယ်။ ရုံးမှာက S'porean MD က စလို့ မိန်းမတွေကို ဦးစားပေးတာ ရုံးပေါ်မှာပဲဖြစ်ဖြစ်၊ ရုံးအောက်က အလုပ်သမားတွေရှေ့မှာပဲ ဖြစ်ဖြစ် သိသိမှတ်မှတ်ကို လုပ်ပြထားလို့ သူတို့မှာပါ အဲဒီ အကျင့် ကူးနေတာလဲ ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် မဆိုင်သလိုနေလည်း ဖြစ်တာကို မနေကြဘဲ လုပ်ပေးလိုက်တဲ့ အဲဒီ သေးသေးမွှားမွှားကိစ္စအတွက် ကျွန်မ ကျေးဇူးတင်တယ်။

ကိုအင်ဒီရဲ့ စကားလုံးကို ထပ်ပြန်ကောက်ပြီး ပြောရရင်၊ လုပ်ချင်လို့ပဲ လုပ်လုပ်၊ လုပ်သင့်လို့ပဲ လုပ်လုပ်၊ အနစ်နာခံတယ်ပဲ ပြောပြော၊ မခံဘူးပဲ ပြောပြော အဲဒီလို လုပ်နေတဲ့ (ပေးနေတဲ့) လူတွေကို ခံယူတဲ့ လူတွေဘက်က ကျေးဇူးတင်သင့် မတင်သင့် ကျွန်မ ဘယ်တော့မှ မဆွေးနွေးပါဘူး။ ဒါ ခံယူတဲ့ လူတွေရဲ့ စိတ်သဘောအတိုင်းပါပဲ။ လုပ်ပေးနေကြတဲ့ လူတွေနဲ့ ပတ်သတ်လို့ ကျွန်မ ဘယ်လိုခံယူလဲ ဆိုတာကိုပဲ ပြောတာပါ။

ခု လုပ်နေတဲ့ (ပေးနေတဲ့) လူဘက်က ပြောကြည့်ပါမယ်။ ဒါလဲ post မှာ ထည့်ရေးပြီးသားပါ။ ကိုယ်တိုင် ဘလော့ရေးနေတော့ ဘလော့ရေးတဲ့သူတွေ နေရာကပဲ ပြောထားပါတယ်။ ကျွန်မ ရေးချင်လို့ ရေးနေတဲ့ အချိန်မှာ ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ ကိုယ့် စိတ်ကျေနပ်မှုအတွက်ပဲ ရေးတယ်။ အင်္ကျီတစ်ထည် ဝတ်တာနဲ့ ဘာမှ မထူးဘူး။ ကြိုက်တဲ့လူက ကြည့်ပြီး နှစ်သက်ကြည်နူးနေမှာပေါ့။ မကြိုက်တဲ့လူက မျက်စေ့စပါးမွှေးစူးနေမှာပေါ့။ ကျွန်မကတော့ ကျွန်မ စိတ်ကျေနပ်မှုကို ဦးစားပေးလို့ လုပ်တာပါပဲ။

June 8, 2010 11:47 AM
Rita said...

ကျွန်မ တကူးတက စာရိုက်တင်ဖြစ်နေတဲ့ မောင်သစ်ဆင်း စာတွေရော... ဘယ်သူ့အတွက်မှ အနစ်နာခံလို့ အချိန်ပေးလို့ လုပ်ပေးနေတဲ့ ဂုဏ်ကျေးဇူးကြီး မဟုတ်ဘူး။ ကျွန်မ လုပ်ချင်လို့ လုပ်တာပါ။ ကိုယ့်ဘလော့မှာ ဒီစာတွေ ရှိစေချင်လို့ပါပဲ။ အဲဒါ ကျွန်မရဲ့ သူတို့အပေါ် နှစ်ခြိုက်တာ၊ သူတို့ အလုပ်ကို ဂုဏ်ပြုချင်တာတွေပါတဲ့အပြင် ကျွန်မနဲ့ ကျွန်မရဲ့ blog ID ကို ထူထောင်ချင်တဲ့စိတ်လဲ ကျိန်းသေ ငြင်းမရအောင်ပါတယ်။ (ဒီနေရာမှာ post တခုဖြစ်မယ့် စာမျိုး ရိုက်တင်တာ မပြောနဲ့။ side bar မှာ ချိတ်ထားတဲ့ ကိုယ်ဖတ်တဲ့ blog roll စာရင်းကစလို့ blogger နဲ့ blog ရဲ့ ID ကို ပြဖို့ဆိုတဲ့ ရည်ရွယ်ချက် ကျွန်မအတွက် အတိအကျပါတယ်)

ဒါပေမဲ့ ဂျူး ဝင်းငြိမ်း အင်တာဗျူး တင်တုန်းက hit သိသိသာသာ တက်ပေမယ့် မောင်သစ်ဆင်းစာတွေ တင်တော့ လျော့တောင် လျော့ပါတယ်။ သို့သော် တစ်အုပ်လုံး ရိုက်တင်ဦးမှာ။ hit ဘာလုပ်ဖို့လဲ။ ထက်ဝက်လျော့ချင် လျော့ပစေ။ ရိုက်တင်မှာ။ ဘာလို့ဆို ကျွန်မက ကြိုက်တယ်လေ။ ကိုယ်လိုပဲ ကြိုက်တဲ့လူတွေ များရင်တော့ ဝမ်းမြောက်စရာပေါ့။ မကြိုက်လို့ အများစုက လှည့်မကြည့်ဘူးဆိုတော့ ဝမ်းမမြောက်ဘူးပေါ့။ ဒါ့ထက်ပိုလို့ ဘာလုပ်ရမလဲ။ ကြိုက်စေချင်တဲ့၊ ကိုယ့်လို စိတ်ဝင်စားမှုတူတဲ့ လူတွေရှိရင် ဖတ်မိစေချင်တဲ့ စိတ်ရှိပေမယ့် ကိုယ် လုပ်ချင်တာကို လုပ်နေတာပါပဲ။ အချိန်ကုန်ခံလို့ အနစ်နာခံ ဖြန့်ဝေနေတာ မဟုတ်ရပါ။ အန္တရာယ်ကြီးပေမဲ့ တခု ပြောရဦးမယ်။ ဂျာနယ်ကျော်မမလေးရဲ့ သူလိုလူ စာအုပ် ပြန်ရိုက်ပါလား ပြောလာရင် လုံးဝ စဉ်းစားမှာ မဟုတ်ဘူး။ ဘာလို့ဆို လုံးဝ မကြိုက်လို့။ (ဒီနေရာမှာ ဒီစာလေးပဲ ဖြတ်ဖတ်လိုက်ပြီး၊ ဒါ ဂျာနယ်ကျော်စုံတွဲကို စော်ကားမော်ကားပြောနေတာလို့ လာရင်လည်း လာနိုင်တယ်။ ဒါပေမဲ့ အဲဒါနဲ့ ပတ်သတ်တဲ့ သဘောထားကို post တစ်ခုမှာ အတိအလင်းရေးပြီးသားမို့ ဒါလေးပဲ ဖြတ်ဖတ်ပြီး ဘာပြောပြော ဂရုစိုက်နေမှာ မဟုတ်ဘူး)

လုပ်နေတဲ့သူအတွက်မှာ ကိုယ်လုပ်လိုက်တာက သက်ရောက်မှု တခုခု ရှိသွားပြီ၊ လူသိသွားပြီ ဆိုတာနဲ့ ကျေးဇူးတင်တာတွေရော၊ မတင်တာတွေရော၊ ဆဲတာတွေရော၊ ဆိုတာတွေရော လာမှာပဲ။ ကိုယ်လုပ်ချင်လို့ကို လုပ်တဲ့ အလုပ်နဲ့ ပတ်သတ်လို့ အသိအမှတ်ပြုလာတာ၊ ကျေးဇူးစကားဆိုလာတာနဲ့ ကြုံရင် ဝမ်းမြောက်မိတာသာ မကဘဲ အဲဒီလူကို ကျေးဇူးတောင် ပြန်တင်မိဦးမယ်။ ကျွန်မကြိုက်လို့ ရိုက်တင်တဲ့ မောင်သစ်ဆင်းစာတွေ ဖတ်ပြီး သဘောကျတယ် ပြောရင် လာဖတ်တဲ့လူကို ကျွန်မ ကျေးဇူးတင်တယ်။

မနေ့က မမကွမ် စီဘောက်မှာပဲ ဒီ post ကို ဖတ်ပြီး zyt ဆိုတဲ့ nick နဲ့ တယောက်က လာပြောတယ်။ သူပြောတဲ့ စကားလုံးအတိုင်း ပြန်ပြောရရင်... ကျွန်မပြောတာ မှန်ပါတယ်တဲ့။ post ထဲမှာပါတဲ့ ဂျာနယ်ကျော်မမလေးအကြောင်း ရိုက်တင်နေတဲ့ မရွှေမိက လာဖတ်တဲ့လူတွေကို သူကတောင် ပြန်ကျေးဇူးတင်နေသေးတာ တဲ့။ ဒီသဘောတရားက ဘာမှ အကျယ်ပြောစရာမလိုဘဲ နားလည်နိုင်ပါတယ်။

လုပ်တဲ့သူတွေဘက်က ကိုယ့်ဘာသာ လုပ်ချင်လို့ လုပ်ချင်တာကို ရွေးလုပ်နေပြီး၊ မလုပ်ချင်တော့တာနဲ့ ရပ်လိုက်လို့ရတာကို ဘယ်သူ့ ကျေးဇူးတင်ခံနေချင်ရမလဲ။ ဘယ်သူ့ခေါင်းထဲမှာမှ အဲဒါမရှိဘူးလို့ ယုံကြည်တယ်။ ကျေးဇူးတင်ခံချင်လို့ပဲ ဖြစ်ဖြစ်၊ ကျေးဇူးခံ ကျေးဇူးစားသဘောနဲ့ လုပ်နေတာပဲဖြစ်ဖြစ် အဲဒါ သူ့လမ်းကြောင်းပဲ။ သူ့ခံယူချက်နဲ့ အဆင့်အတန်းပါပဲ။

June 8, 2010 11:48 AM
Rita said...

ခံယူသူဘက်မှာ ကိုအင်ဒီပြောတဲ့...
( “(ဥပမာ) လုပ်အားပေးတဲ့သူတွေ ဘလော့ရေးတဲ့သူတွေက အားယားနေလို့ လုပ်တာ စိတ်အပန်းဖြေလုပ်နေကြတာ နိုင်ငံရေးလုပ်နေသူတွေက သူ့ခံယူချက်နဲ့မို့ သူလုပ်နေတာ ကျေးဇူးတင်စရာ မလိုဘူး” လို့ ယူသွားမည့်လူတွေ ရှိနိုင်တာ ကိုယ်တွေ့ပဲလေ)
အဲလို ခံယူသွားအောင်လို့ ရည်ရွယ်ချက်ရှိရှိ ပြောလိုက်ရင်တောင် ဘယ်သူက နားယောင်ပါလိမ့်မလဲ လို့ ဆက်တွေးနေမိတယ်။ ထားပါတော့။ ဘယ်သူမှတော့ နားမယောင်ပါဘူး ဆိုတာ ကိုအင်ဒီလည်း သိပါတယ်။ ဆိုလိုရင်းကို တလွဲကောက်တာမျိုး ဖြစ်နိုင်ပါတယ်။ အဲလို ကောက်ယူတဲ့လူတွေရှိတာကို ဘာမှ မတတ်နိုင်ပါဘူး။ သူတို့ အတွေးအမြင်အတွက် ဘာလုပ်ပေးလို့မှ မရဘူးလို့ပဲ ယူဆမိတယ်။ မင်းကိုနိုင် ကိုတောင် ယောအတွင်းဝန်လို ပြောလိမ့်မယ်လို့ ကြည်ညိုစိတ်နဲ့ ထင်နေကြတဲ့လူတွေ ရှိနေသေးတာပဲ။ (ယောအတွင်းဝန် မြင်းထိန်းငတာနဲ့ ပတ်သတ်လို့ လုပ်လိုက်တဲ့ အကွက်ဟာ ကလေးကလားပါလားဆိုတဲ့ အတွေးမရှိဘူး။ ကျောင်းပြဋ္ဌာန်းစာမှာတောင် ပါလာသေးတာ ဒါထည့်ပြောလိုက်ရင် ဟုတ်လှပြီလို့ပဲ တွေးတယ်)

နောက်တခုက ကျေးဇူးတရားနဲ့ ပတ်သတ်တဲ့ ကိစ္စမှာ ဘာလို့ အဲဒီလို တလွဲကောက်ကြသလဲ။ ကျွန်မစဉ်းစားမိသလောက်က ဆိုလိုရင်းကို သေချာမစဉ်းစားနိုင်တာထက်၊ မစဉ်းစားချင်တာ နဲ့ သူများကို နှိပ်ကွပ်ချင်စိတ် များနေလို့ ဖြစ်နိုင်တယ်။ ဥပမာ- ဗမာဝတ်စုံ ဝတ်ခြင်း၊ မဝတ်ခြင်း။ ဝတ်တဲ့လူတွေ၊ ဝတ်သင့်တယ်လို့ ထင်တဲ့လူတွေဟာ သူတို့ဘာသာ ဝတ်ချင်လို့၊ ယဉ်ကျေးမှုကို ချစ်လွန်းလို့ ဆိုတာထက် ဒါကို နင်းပြီး မဝတ်တဲ့လူတွေကို ဆော်ချင်တဲ့ စိတ်က ဦးဆောင်တယ်။ ဒီလိုပဲ ခုကိစ္စမှာ သူများကို ကျေးဇူးတင်တတ်တာထက် လိုရာဆွဲပြီး ဆော်ချင်တဲ့ စိတ်က ဦးဆောင်နေတယ်လို့ မြင်မိတယ်။

သေချာစဉ်းစားကြည့်ရင် ကျေးဇူးတင်တဲ့စိတ် ဖြစ်ပေါ်ဖို့ (ကျေးဇူးစကားဆိုဖို့ မဟုတ်) ဆိုတာ ဘာခက်သလဲ။ အထူးသဖြင့် ကိုအင်ဒီပြောသလို အရိုးစွဲနေတတ်တဲ့ ဗမာတွေမှာ ဘာခက်သလဲ။ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်အနေအထားအရ၊ ဓလေ့ထုံးစံတွေအရ အလိုလို ကျင့်သားရနေကြတာပဲ။ နောက်တခု စေ့စေ့စပ်စပ် ထပ်ကြည့်လိုက်ပါ။ ကျေးဇူးတင်စိတ်ဟာ ဘယ်ကနေ ဖြစ်လာသလဲလို့။ ပုထုဇဉ်မှန်သမျှအတွက် ကိုယ်ကျိုးအတ္တကို ပြည့်စုံစေတဲ့အတွက် ကျေနပ်မိတဲ့စိတ်က ဖြစ်တယ်လို့ ထင်တယ်။ ပြီးတော့ ကိုယ့် စိတ်သဘောနဲ့ တွေ့တဲ့ အရေးကိစ္စတွေ လုပ်ဆောင်ပြတာ တွေ့ရတဲ့အခါ ဖြစ်မယ်ပေါ့။ ဆရာဝန်တွေ၊ ကျောင်းဆရာတွေကို ကျေးဇူးတင်ကြ လေးစားကြတာ အဲဒီသဘောတရားရဲ့ အပြင်ကို ထွက်သွားတာ ဘာရှိလို့လဲ။ ဆိုတော့ ကျေးဇူးတင်မိဖို့ တင်တတ်ဖို့ဆိုတာ အတ္တရှိတဲ့ လူတစ်ယောက်အတွက် ဘာများခက်လို့လဲ။ မတင်မိဖို့သာ ခက်တာပါ။

June 8, 2010 11:48 AM
Rita said...

ညီလင်းဆက်ပဲ ဖြစ်ဖြစ်၊ ညီလင်းဆက်လောက်မှ မဟုတ်တဲ့ဟာပဲ ဖြစ်ဖြစ်၊ ညီလင်းဆက်ထက် မကတဲ့ဟာပဲ ဖြစ်ဖြစ် (ဒီနေရာမှာ နာမည်အစား နောက်ပိုင်းမှာ နာမ်စားပြောင်းသုံးလို့ရတယ်။ တမင်ကို အဲဒီနာမည်ကို 3 ခါတိတိ ထည့်ချင်လို့ ထည့်ရေးတာ) သူတို့ ကျေးဇူးတင်စရာရှိတာ တင်ဖို့ ဘယ်သူကမှ ဝေဖန်စောကြော၊ တွန်းအားပေးထောက်ပြနေဖို့မလိုပါဘူး ထင်မိတယ်။

ကျေးဇူးတင်ရတာထက် ခက်ခဲတာ၊ လေးနက်တာ၊ လုပ်ဖြစ်အောင် လုပ်သင့်တာက ကျေးဇူးတင်စရာကောင်းတဲ့ ကောင်းမြတ်တဲ့ အမှုကိစ္စတစ်ခုကို ကိုယ့်အပေါ် ပြုဖူးသူအပေါ် သူလိုအပ်ရင် တတ်နိုင်တဲ့ဘက်က ပြန်ဆပ်နိုင်ဖို့ရယ်၊ ကိုယ့်ကို ကျေးဇူးပြုဖူးသူအပေါ်မှာ တိုက်ရိုက်တုန့်ပြန်ဖို့ မလိုရင်တောင် အဲဒီ အမှုကိစ္စကို ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်ကနေ လက်ဆင့်ပြန်ကမ်းနိုင်ဖို့ရယ်သာ ခက်တာပါ။

ညီလင်းဆက် စလိုက်တဲ့ ကိစ္စကနေ ကျေးဇူး ကျေးဇူး ကျေးဇူး တင်တတ်ရမယ်လို့ မိုးမွှန်အောင်ပြောနေတဲ့လူတွေ ကိုယ့်ဘာသာ လွယ်တာပဲ လုပ်နေသလား၊ မလွယ်တာပဲ လုပ်နေသလားဆိုတာ ပြောနေမယ့်အစား စဉ်းစားကြည့်တာ ပိုကောင်းမယ် ထင်မိတယ်။

ကိုအင်ဒီ comment ကို ပြန်ရင်းနဲ့ ကိုယ့်ဘာသာလဲ ပြန်စဉ်းစားမိသွားတဲ့ အတွက် ပတ်သတ်ရာ ပတ်သတ်ကြောင်းများကို ကျေးဇူးဥပကာရ အထူးတင်ပါကြောင်း ပြောလိုပါတယ်။ :)

comment ရေးခဲတဲ့ ကိုအင်ဒီဆီ တကူးတက ရေးသွားတဲ့ comment ရလို့လည်း တကယ်ဝမ်းမြောက်မိတာ ပြောချင်ပါတယ်။

(စာ ရေးပုံရေးနည်းနဲ့ ပတ်သတ်လို့ကတော့ ကလေးကို ပြောသလိုပဲ ရေးရေး၊ ဓမ္မာစရိယကို ပြောသလိုပဲ ရေးရေး နားမလည်တဲ့လူက လည်ကို မလည်ဘူး၊ အရိုးစွဲနေတဲ့လူက စွဲကိုစွဲနေမှာပဲ ဖြစ်လို့ သိပ်မထူးဘူး ထင်မိပါတယ်။ အတိုက်အခိုက်က ဘယ်လိုရေးရေး ဘယ်လိုလုပ်လုပ် လွတ်မှာမဟုတ်တဲ့ တူတူတော့ ကိုယ် အာရုံလာသလိုပဲ ဆက်ရေးမယ်။ အဲဒီ အတွက် စာဖတ်သူကို မလေးစားတာတွေ၊ ထည့်မတွက်တာတွေ ပြောလာခဲ့ရင်လည်း ခံပါတယ်။ ဟုတ်တယ်လေ။ ဘလော့ရေးတာ ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ ကိုယ့်အတွက် ကိုယ်လုပ်ချင်လို့ လုပ်နေတဲ့ အလုပ်ပါပဲ။

ဒါဖြင့် ရေးပြီး ဘယ်သူ့မှ ပြမနေနဲ့။ ကိုယ့်ဘာသာ သိမ်းထားလို့ ပြောလို့လည်း မရဘူး။ ဘာဖြစ်လို့ဆိုတော့ ကိုယ်ရေးတာကို သူများ ဖတ်စေချင်တာ၊ ပြချင်တာကိုက ရေးသူရဲ့ အတ္တနဲ့ ယှဉ်တဲ့ ဆန္ဒပဲ။ သူရဲ့ စိတ်ကျေနပ်မှု အတွက်ပဲ။ ဒါကိုမှ မကျေနပ်လို့ လာမဖတ်ကြလည်း ဘာမှ မတတ်ပါ။ မရေးဘဲ မတင်ဘဲတော့ နေမှာမဟုတ်လို့ ပြောလိုပါတယ်)

ကိုအင်ဒီရဲ့ comment ကို ပြန်တာ ဖြစ်ပေမယ့် တချို့ အကြောင်းအရာနဲ့ စကားလုံးတွေက ကိုအင်ဒီကို မရည်ရွယ်ဘူးဆိုတာ နားလည်မယ်လို့ ယုံကြည်မိပါတယ်။

Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs