အခုတလော “ကျေးဇူးရှင်၊ ကျေးဇူးခံ၊ ကျေးဇူးစား၊ ကျေးဇူးစကား” ဆိုတာတွေ ကြားနေ တွေ့နေ ဖတ်နေရတယ်။ “ကျေးဇူး”ဆိုတာနဲ့ ပတ်သက်လာရင် ဝင်းဖေ ရေးသားတဲ့ “မျက်မှန်” ဆိုတဲ့ ဝတ္ထုတိုလေးတပုဒ်ကို အရင်ဆုံး ပြေးသတိရမိပါတယ်။ ကိစ္စရပ်ကလေးတခုအတွက် ကျေးဇူးရှိခဲ့ဖူးတာအပေါ် မပြီးနိုင်မစီးနိုင် အသားယူရင်း လိုတာထက်ပိုပြီး အခွင့်အရေးတွေယူနေတဲ့ လူတယောက်အကြောင်းနဲ့ အဲဒီဒဏ်ကို သည်းမခံနိုင်တော့လို့ ပေါက်ကွဲထွက်ရသူတယောက်အကြောင်း ကလောင်သွက်သွက်နဲ့ ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ရေးဖွဲ့ထားတဲ့ ဝတ္ထုတိုတပုဒ်ပေါ့။
မှန်ပါတယ်။ တချို့လူတွေဟာ သူ့ကျေးဇူးလေး နည်းနည်းလောက် ရှိခဲ့ဖူးရင်ပဲ တဖက်လူက တသက်လုံး အသက်ပေးပြီး ဆပ်ရတော့မယ့် အပေါက်မျိုး ချိုးတတ်တာ တွေ့ရဖူးတယ်။
တချို့လူတွေကျပြန်တော့ သူ့သဘောနဲ့သူ ဇွတ်အတင်းအဓမ္မ ဝင်ကူညီပြီး တဖက်လူရဲ့ ကျေးဇူးတင်တာကို အချောင် ခံချင်ကြတာမျိုးလည်း ရှိသေးတယ်။
ကြားဖူးကြမယ်ထင်ပါတယ်။။ “တိုင်းပြည်ကြီး ချောက်ထဲကျတော့ဖို့ လက်တလုံးအလိုမှာ အချိန်မီ ဝင်ပြီး ကယ်တင်လိုက်ရတယ်”….ဆိုတာမျိုးလေ။ အသားလွတ်ကြီး ကယ်တင်ရှင်အပေါက်မျိုး ဝင်ချိုးနေတာ။ ဒါမျိုးက နအဖ သာလျှင် မဟုတ်။ တော်လှန်ရေးသမားဆိုသူတွေထဲမှာလည်း ဒီအချိုးမျိုးနဲ့ လူတွေ တပုံကြီးရှိနေပြန်တယ်။ “မင်းတို့ ထောင်ကျခံခဲ့ဘူးလို့လား။ ငါတို့လောက် ပေးဆပ်ခဲ့ရဘူးလို့လား”…စသဖြင့်ပေါ့လေ။
ဒီလိုလူမျိုးတွေ ဘာကြောင့် ပေါ်ပေါက်လာရသလဲလို့ အကြောင်းရင်းကို စဉ်းစားကြည့်မိတယ်။
ကျနော့်အထင်မမှားဘူးဆိုရင်တော့ “ကျေးဇူးသိတတ်တာဟာ ကောင်းတယ်” ဆိုတဲ့ အယူအဆကနေ အစပြုတယ်လို့ တွေးမိပါတယ်။ ဒီအယူအဆကို လူမျိုးဘာသာမရွေး လက်ခံကျင့်သုံးကြတာပါ။ ဗုဒ္ဓဘာသာမှာဆိုရင် ကျနော်တို့တွေဟာ မိဘနဲ့ ဆရာသမားကို အနန္တောအနန္တငါးပါး ဂိုဏ်းဝင် ကျေးဇူးရှင်တွေဆိုပြီးတော့ ပူဇော်ကန်တော့ကြတယ်။ ပူဇော်ထိုက်သောသူကို ပူဇော်ခြင်း၊ သူ့ကျေးဇူးကို သိတတ်ခြင်း ဆိုတဲ့အတိုင်းဆိုတော့ အဲဒီအထိကတော့ ဟုတ်နေပါသေးတယ်။
ဒါပေမယ့် ကျနော်တို့မှာ ဘယ်အချိန်ကစပြီး ရလာခဲ့တဲ့ အလေ့အထ မှန်းတော့ မသိဘူး။ ကိုယ့်ကို ပညာသင်ပေးတဲ့ ဆရာတွေကိုသာမက တခြားအသက်မွေးဝမ်းကြောင်းနဲ့ လူတွေကိုပါ တွေ့ကရာ“ဆရာ” တပ်ပြီး ခေါ်နေကြတာကို တွေ့ရတယ်။ ဥပမာ ဆရာဝန်ကိုလည်း ဆရာလို့ပဲ ခေါ်တယ်။ စာရေးဆရာကိုလည်း ဆရာပဲ။ သတင်းသမားတွေကိုလည်း သတင်းစာဆရာပဲ။ ကားမောင်းတဲ့လူကိုလည်း ကားဆရာ၊ အသံချဲ့စက်ဖွင့်တဲ့လူကိုလည်း စက်ဆရာ၊ ပန်းပဲထုတဲ့လူကို ပန်းပဲဆရာ၊ ကုန်ကုန်ပြောရရင် ဆိုက်ကားနင်းတဲ့ လူကိုတောင် ဆိုက်ကားဆရာလို့ ခေါ်တတ်ကြပါတယ်။ (ဒီအကြောင်းနဲ့ ပတ်သက်လို့ လူထုစိန်ဝင်းက ဆောင်းပါးတပုဒ်ရေးဖူးပါတယ်။)
အဲဒီမှာတင် ဇာတ်လမ်းက နည်းနည်းရှုပ်လာပြီး ရောထွေးမှုတွေ စဖြစ်လာတယ်လို့ ယူဆရပါတယ်။ ဆရာဝန်က ဆေးကုပေးရင် ကုသခကို “ဉာဏ်ပူဇော်ခ” လို့ ခေါ်လာကြတယ်။ အစိုးရဆေးရုံက ဆရာဝန်မို့ ဆေးကုသခ ပေးစရာမလိုရင်တောင် ကျေးဇူးတင်လို့ဆိုပြီး လက်ဆောင် ပေးချင်ကြတယ်။ အဲဒီလက်ဆောင်ကိုလည်း “ကန်တော့လက်ဆောင်” လို့ ခေါ်ကြပြန်တယ်။ (နောက်ပိုင်း ကန်တော့လက်ဆောင် တွေ အဖြစ်ကနေ မူလသဘာဝ ပျောက်ပျက်ပြီး အဆုံးသတ်မတော့ အစိုးရဌာနဆိုင်ရာတွေအတွင်းမှာ အဓိက လာဘ်ပေးလာဘ်ယူ နည်းလမ်းကြီးတခုအဖြစ် ဆက်လက် အသုံးတော်ခံနေပါတော့တယ်။)
အလားတူပဲ…. “စာရေးဆရာ” တွေကိုလည်း စာမူခပေးတယ်ဆိုရမယ့်နေရာမှာ ဉာဏ်ပူဇော်ခဆိုတဲ့ အသုံးအနှုန်းကိုပဲ သုံးစွဲကြတယ်။ သတင်းစာဆရာတွေနဲ့ ပတ်သက်လို့လည်း ထို့အတူပဲ။ ဒါတွေဟာ ဝေါဟာရ သက်သက်ပဲ။ သိပ်အရေးမကြီးပါဘူးလို့ ထင်မယ်ဆိုရင်လည်း ထင်လို့ရပါတယ်။
ဒါပေမယ့် အဲဒီအလေ့အထကြီးဟာ ကျနော်တို့ လူမှုအသိုင်းအဝိုင်းကြားထဲမှာ ကြာရှည်မြင့်စွာ အမြစ်တွယ်လာတဲ့အခါ ကျောင်းဆရာ၊ ဆရာဝန်၊ စာရေးဆရာ၊ သတင်းစာဆရာ စတဲ့ လူတွေကို ကျေးဇူးရှင်ကြီးတွေလို့ ကျနော်တို့တွေက အမြင်မှာပါ မသိလိုက်မသိဘာသာ စွဲထင်မှတ်ယူလာတယ်။ တကယ်တော့ အဲဒီလူတန်းစားအသီးသီးမှာ လူကောင်းသူကောင်းတွေပါသလို အကျင့်မကောင်းတဲ့လူတွေလည်း တပုံကြီးရှိနေတယ်။ အကျင့်မကောင်းပေမယ့် အကြောင်းကြောင်းကြောင့် အဲဒီနယ်ပယ်ထဲမှာ ရောက်နေတဲ့လူတွေကို သူ့အသက်မွေးဝမ်းကြောင်းကို ထောက်ပြီး ကျေးဇူးရှင်ကြီးတွေသဖွယ် ဆက်ဆံနေရမှာတော့ သဘာဝ မကျဘူးပေါ့နော်။
နအဖ အစိုးရ တက်မလာမီခေတ်ကလည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ဝါဒဖြန့်ချီရေး ကောင်းမှုကြောင့် တောင်သူလယ်သမားတွေဟာ နေရင်းထိုင်ရင်း ကျနော်တို့ရဲ့ အသက်သခင် ကျေးဇူးရှင်တောင်သူဦးကြီးတွေ ဖြစ်လာကြတယ်။ ကုန်ကုန်ပြောရရင် လယ်သမားတွေနဲ့အတူ ရွှံ့ထဲမှာ ဒိုးတူပေါင်ဖက် ရုန်းနေကြတဲ့ နွားသတ္တဝါတွေကိုတောင် ကိုယ့်ရဲ့ အသက်သခင် ကျေးဇူးရှင်လိုလို ပြောလာကြတော့ လမ်းမှာ နွားတွေ့ရင်ပဲ ထိုင်ကန်တော့ရမလို ဘာလိုလို ဖြစ်လာတယ်။
ထားပါတော့။ ကျေးဇူးခံ၊ ကျေးဇူးစားလူတွေဖက်က မင်္ဂလာတရားနဲ့အညီ ကျေးဇူးတင်တယ်ပဲ ထား။ အဲ….. ကျေးဇူးရှင်တွေဖက်ကလည်း ကြာလာတာနဲ့အမျှ အကျင့်ပျက်ပြီး နည်းနည်းပါးပါး စိတ်ကြီးတော့ ဝင်လာကြတယ်လို့ ထင်မိတယ်။ ကိုယ့်ဆန္ဒအလျောက် ရွေးချယ်ခဲ့တဲ့ အသက်မွေးဝမ်းကြောင်းကို ဝတ္တရားအရ လုပ်ကိုင်တဲ့နေရာမှာတောင် နေရင်းထိုင်ရင်း ကျေးဇူးတင်ခံချင်တာမျိုးတွေ ရှိလာကြတယ်။ ပြည်သူ့အတွက်တို့၊ စာဖတ်ပရိသတ်အတွက်တို့၊ လူအများအတွက်တို့ စတဲ့ စကားတွေနဲ့ အသံကောင်းဟစ်လာကြတယ်။
သူ့ဘာသာသူ သေနတ်ကိုင်ချင်လို့ လက်ယားပြီးတော့ တပ်ထဲဝင်သွားတဲ့သူတွေကလည်း “အသက်သွေးချွေး စဉ်မနှေး၊ ပေးဆက်သည်မှာ တပ်မတော်ပါ” ဆိုတာမျိုး အော်လာကြတယ်။
တကယ်ကတော့ လူတယောက်ဟာ သူ့အလုပ်ကိုသူ မှန်မှန်ကန်ကန် လုပ်ဆောင်နေသရွေ့ သူ့အကျိုးအတွက်ရော၊ အများအကျိုးတွက်ရော သယ်ပိုးပြီးသား ဖြစ်ပါတယ်။ စစ်သားကလည်း စစ်သားအလျောက်၊ ဈေးသည်ကလည်း ဈေးသည်အလျောက်၊ အင်ဂျင်နီယာကလည်း အင်ဂျင်နီယာအလျောက်၊ အိမ်ရှင်မကလည်း အိမ်ရှင်မအလျောက်၊ လှေသမားကလည်း လှေသမားအလျောက်၊ ဆရာဝန်ကလည်း ဆရာဝန်အလျောက်၊ ကျောင်းဆရာကလည်း ကျောင်းဆရာအလျောက် သူ့နည်းနဲ့သူ လူ့အဖွဲ့အစည်းကို ညီတူညီမျှ ကျေးဇူးပြုနေကြသူတွေချည်းပါ။ မယုံလို့ရှိရင် ဈေးသည်တွေ၊ အိမ်ရှင်မတွေ မပါဘဲ စစ်သားတွေ၊ ဆရာဝန်တွေ၊ ကျောင်းဆရာတွေနဲ့ချည်း လူ့အဖွဲ့အစည်းကို တည်ဆောက်ကြည့်ပါ။ (ချွင်းချက်အနေနဲ့ လက်နက်ကိုင်တွေ မပါဘဲ လူ့အဖွဲ့အစည်း တည်ဆောက်မယ်ဆိုရင်တော့ ပိုပြီး အေးချမ်းသာယာမှုတဲ့ လူ့အဖွဲ့အစည်းကို ရမယ်လို့ ယုံကြည်မိပါတယ်။)
ဒီတော့ တခုခုကို လုပ်တယ်ဆိုရင် ကျေးဇူးတင်ခံချင်လို့ လုပ်တာထက် ကိုယ့်ရွေးချယ်မှုအလျောက်၊ ကိုယ့်ဝါသနာအလျောက်၊ ကိုယ့်ယုံကြည်မှုအလျောက်၊ လုပ်သင့်လုပ်ထိုက်တယ်လို့ ယူဆတဲ့အလျောက်၊ လုပ်တာမျိုးပဲ ဖြစ်သင့်တယ်လို့ မြင်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ညီလင်းဆက်တို့ ရီတာတို့ရဲ့ အယူအဆကို သဘောကျ နှစ်ခြိုက်မိပါတယ်။
ကျေးဇူးခံ၊ ကျေးဇူးစားတွေဖက်က ကြည့်ရင် ကျေးဇူးတင်တာဟာ မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ ကျေးဇူးမသိတတ်သူ၊ ကျေးဇူးကန်းသူအဖြစ်ထက်စာရင် ကျေးဇူးသိတတ်တာက ပိုကောင်းပါတယ်။ ဒါပေမယ့် ကျေးဇူးကို ဘယ်လို ပြန်ဆပ်မလဲ။ ဆပ်ပုံဆပ်နည်း နည်းလမ်းကျဖို့တော့ လိုမယ်ထင်ပါတယ်။ နောက်တပို့စ်မှာကျမှ ကျေးဇူးဆပ်ပုံဆပ်နည်းတွေအကြောင်း ကျနော်တွေးမိသမျှ ထပ်ရေးပါဦးမယ်။
ပူးတွဲဖတ်ရှုရန်.....
(၁) မျက်မှန် (ဝင်းဖေ)
(၂) ထက်ထက်မိုးဦး တကယ်ပဲ မလွန်ဘူးလား (ညီလင်းဆက်)
(၃) One Minute Interview (Ritako)
(၄) ကျေးဇူးတင်လိုက်ပါ (ဝီရှီမီ)
(၅) ကျေးဇူးတရား self-ownership and all that (ဝတုတ် -zizawa)

17 comments:
ဒီလိုလား..
"ဒါပေမယ့် ကျနော်တို့မှာ ဘယ်အချိန်ကစပြီး ရလာခဲ့တဲ့ အလေ့အထ မှန်းတော့ မသိဘူး။ ကိုယ့်ကို ပညာသင်ပေးတဲ့ ဆရာတွေကိုသာမက တခြားအသက်မွေးဝမ်းကြောင်းနဲ့ လူတွေကိုပါ တွေ့ကရာ“ဆရာ” တပ်ပြီး ခေါ်နေကြတာကို တွေ့ရတယ်။ ဥပမာ ဆရာဝန်ကိုလည်း ဆရာလို့ပဲ ခေါ်တယ်။ စာရေးဆရာကိုလည်း ဆရာပဲ။ သတင်းသမားတွေကိုလည်း သတင်းစာဆရာပဲ။ ကားမောင်းတဲ့လူကိုလည်း ကားဆရာ၊ အသံချဲ့စက်ဖွင့်တဲ့လူကိုလည်း စက်ဆရာ၊ ပန်းပဲထုတဲ့လူကို ပန်းပဲဆရာ၊ ကုန်ကုန်ပြောရရင် ဆိုက်ကားနင်းတဲ့ လူကိုတောင် ဆိုက်ကားဆရာလို့ ခေါ်တတ်ကြပါတယ်။"
စစ်ဗိုလ်တွေဌာနဆိုင်ရာရောက်လာတော့ ကျတော်တို့ကို ဆရာ - ဆရာ နဲ့၊တယ်လေးစားကြပါလားမှတ်တယ်။ နောက်မှသူတို့တပ်မှာနေတုံးက အကြပ်တွေကို ဆရာလို့ ခေါ်တာသိရတော့၊ အော် ငါတို့လဲ အကြပ်အဆင့်ဘဲရှိပါတော့လားလို့။
ဒါတောင်နောက်နှစ်များစွာဆက်လုပ်နေတယ်ဆိုတော့ - ငါတော်တော် ညံ့ပါလားလို့ သိရတော့တယ်။
ကျေးဇူး...လို့ပြောလိုက်မယ်..
ဒီပိုစ်ကို ကျွန်တော် ဖတ်လိုက်ရလို့ သဘောကျတာ
ကိုပေါသိရင် ရေးသူ ဖတ်သူ နှစ်ဦးသား ပိတိဖြစ်ရမယ်.
ဒီသဘော ဟုတ်တယ်ဟုတ်။
Good article....
တောင်သူလယ်သမားတွေဟာ နေရင်းထိုင်ရင်း ကျနော်တို့ရဲ့ အသက်သခင် ကျေးဇူးရှင်တောင်သူဦးကြီးတွေ ဖြစ်လာကြတယ်။ ကုန်ကုန်ပြောရရင် လယ်သမားတွေနဲ့အတူ ရွှံ့ထဲမှာ ဒိုးတူပေါင်ဖက် ရုန်းနေကြတဲ့ နွားသတ္တဝါတွေကိုတောင် ကိုယ့်ရဲ့ အသက်သခင် ကျေးဇူးရှင်လိုလို ပြောလာကြတော့ လမ်းမှာ နွားတွေ့ရင်ပဲ ထိုင်ကန်တော့ရမလို ဘာလိုလို ဖြစ်လာတယ်။
ကိုပေါကို ဘယ်သူမှတော့ ထိုင်မကန်တော့ခိုင်းဖူးထင်ပါတယ်။ အဲဒီနေရာမှာကျနော်နားလည်ထားတာပြောရရင် တောင်သူလယ်သမားကသူတို့အလုပ်သူတို့လုပ်တာပဲ။ သူတို့သာမလုပ်ရင်ကျနော်တို့ဆန်တွေဘယ်ကရမလဲ။ နိုင်ငံပြင်ပကနေ၀ယ်ရမယ်။ ဒါဆို ..ပိုဈေးကြီးမယ်. ဒီလောက်ပါပဲ။ ဘာပဲဖြစ်ဖြစ် တောင်သူတွေကြောင့် ဆန်စိုက်သူတွေကြောင့်ကျနော်တို့ ထမင်းစားနေရတာဆိုတာလဲမမေ့ပါနဲ့။ ကမ္ဘာပေါ်မှာသူတို့တွေသာမရှိခဲ့ရင်တွေးကြည့်လိုက်ပါ။ တကယ်တော့ အားလုံးဟာဆက်စပ်နေတာပါပဲ။ကျေးဇူးခံကျေးဇူးစားဆိုတာထက် အချင်းချင်းအပြန်အလှန် သိတတ်မှူလေးစားမှုရှိရပါမယ်
ကိုပေါအောက်မှာရေးထားသလို လူတိုင်းက သူတို့လုပ်တဲ့နေရာမှာ သူတို့တာဝန်သူတို့ကျေပွန်ရင်ပီးတာပါပဲ။
ဒီနေရာမှာ.. ငါကတန်ရာတန်ကြေးပေးလို့ကျေးဇူးတင်စရာမလိုဘူးဆိုလဲ လက်ခံနိုင်တဲ့ အတိုင်းအတာရှိသလို.. တခါတလေမှာ ...တန်ရာတန်ကြေးမပေးနိုင်တဲ့အခါမျိုးတွေ.. အတွက် သိတတ်မှုတွေရှိလာတာ ကျေးဇူးတွေတင်လာတာတော့ ရှိတတ်ပါတယ်။
ဥပမာ..တခါတလေ ..ဆရာဝန်က.. အသက်ကယ်ဖို့အရေးပေါ်အခြေအနေမှာ သူ့မှာသေရေးရှင်ရေး ကိုယ်ရေးကိုယ်တာရှိနေတယ်။ အိုကွာ..ကျနော်မအားဘူးလို့ငြင်းခဲ့မယ်ဆိုရင် ..တကယ်တော့ သူ့မှာငြင်းပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ သူမငြ်းပဲ လူနာအသက်ကိုကယ်မယ်။ ဒီလိုဆိုရင် ပိုက်ဆံထက်တန်ဖိုးဖြတ်လို့မရနိုင်တာတွေကို ငါက ပိုက်ဆံပေးထားတာပဲကွာဆိုပီး ဆုံးဖြတ်လိုက်မယ်ဆိုရင်တော့ ဒီလိုလူတွေရဲ့ ကျေးဇူးကို မခံရတာကို ပိုကျေနပ်မိတယ်။
ပီးတော့ ငါက မင်းတို့ကျေးဇူးရှင်ပဲကွာလို့ ထုတ်ဖော်ပြောတဲ့သူကိုတော့ ကျနော်လည်း မကြိုက်ဘူး။ ဒါပေမဲ့ ကျေးဇူးရှိတယ်လို့သတ်မှတ်ထားသူက ကျေးဇူးတင်ပီး သိတတ်မှု ဟိုတဖက်ကအကူအညီလိုတဲ့အခါ ပြန်လှန်ပီးကူညီတတ်မှုက ကျေးဇူးထက်ပိုအရေးကြီးပါတယ်။ ဒီအချိန်မှာလဲ ကျေးဇူးတငိခံရသူက ငါက ကျေးဇူးရှင်ဆိုပီး မဏပ်တိုင်တက်ပြနေရင်လည်း တဖက်ကကျေးဇူးသိတတ်သူ က အမြင်ကပ်မှာပါပဲ။ ဒီလိုပို့စ်တွေက ယတိပြတ်ပြောလို့မရဘူးထင်တယ်။ အခြေအနေအချိန်အခါပေါ်အများကြီးမှုတည်ပါတယ်။
ကျေးဇူးဆိုတာကလဲ တခါတလေမှာ တိုင်းတာလို့မရပါဘူး။ ကျေးဇူးဆိုတာထက် သိတတ်မှုက အရေးကြီးပါတယ်။
ပီးတော့ အနုပညာသမားဆိုတာ သူ့အလုပ်သူလုပ်တာမှန်ပေမဲ့ ပရိတ်သတ်နဲ့ ကျွန်းကိုင်းမှီနေတာပါ။ ပရိသတ်က အားမပေးရင် သူတို့ဘယ်လိုမှဆက်လက်ရပ်တည်လို့မရတဲ့အနေအထားပါ။ ဒါကြောင့်အနုပညာရှင်တွေဟာ ပရိသတ်ကို သူတို့ရဲ့ထမင်းရှင်အဖြစ်ကို သတ်မှတ်ထားသင့်တယ်ဆိုတာမမှားဘူးထင်ပါတယ်။ ပရိသတ်ဖက်ကတော့ ငါတို့က အနုပညာရှင်တွေရဲ့ထမင်းရှင်လို့ ဘယ်တော့မှပြောကြမှာ မဟုတ်ဘူးလို့ထင်ပါတယ်။ ပြောလာခဲ့ရင်တော့ ပရိသတ်မှားသွားမှာပါ။
ဒါပါပဲ..
ကျေးဇူးဆိုတာ ယတိပြတ်ပြောရခက်ပါတယ်။ အခြေအနေအချိန်အခါပေါ်မူတည်ပါတယ်။
စာဖတ်သူ
ဗမာတွေဟာ ကိုယ်မလုပ်ဘူးတဲ့... မလုပ်တတ်တဲ့အလုပ်ကို တခြားလူ လုပ်နိုင်လိုက်ရင် ဆရာလို့ခေါ်ကြတော့တာပဲ.... ဗမာတွေ မလုပ်တတ်တာတွေကလဲ ဒုနဲ့ဒေးပဲ...
တွေးချင်သလိုတွေး ရေးချင်သလိုရေးထားတဲ့ ဆောင်းပါးကို ဖတ်ချင်သလိုဖတ်ပြီး ထင်ချင်သလို ထင်လိုက်ပါပြီ။
ကြာလေပေါတဲ့ ကြာပေါလို့ ထင်ပြီး အရင်တုန်းက ရေးခဲ့တဲ့ဆောင်းပါးများအတွက် အထင်ကြီးမှုသည် ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း သတင်းပို့အပ်ပါသည်။
ကြာပေါတယောက် ဆက်လက်ပေါနိင်ပါစေ......
ကိုပေါတို့စာကို ဖတ်ပြီး ထပ်"ပွား"ထားတယ်။ အဓိကကတော့ နိုင်ငံရေးသမားတွေကို လူတွေက ကောင်းကောင်းဆိုးဆိုး ကြဉ်သွားမှာလည်း စိုးတယ်။
ကိုအန်ဒီပြောတာသဘောတူပါတယ် နိုင်ငံရေးသမားတွေ ထင်ပေါ်ခြင်လို့ နိုင်ငံရေးလုပ်စားသူတွေလည်းရှိပါတယ် ကျိမ်းသေတာကတော့ ဘယ်သူမှကျေးဇူးတင်ခံယုံလေးနဲ့ ဒီလောက်ခက်ခဲကျမ်းတမ်းတဲ့ (အခန့်မသင့်ရင် သေနိုင်တဲ့) အလုပ်ကိုရွေးချယ်ကြတာမဟုတ်ပါဘူး နိုင်ငံရေးသမားတွေမှာ ရည်ရွယ်ချက်အမျိုးမျိုးရှိနိုင်ပါတယ် ကိုယ့်နိုင်ငံကို ကိုယ်ဖန်တီးခြင်ကြစိတ်လည်းရှိနိုင်ပါတယ် ပြောရင်ပိုစ့်နဲ့ ချော်သွားနိုင်လို့မပြောတော့ပါဘူး ကိုပေါရဲ့ ဆိုလိုရင်းကို သဘောပေါက်မိပါတယ် မြန်မာပြည်မှာ စစ်တပ်က သူ့သဘောနဲ့သူ အာဏာသိမ်း ပြီးတော့ ပြည်သူလူထုနဲ့ ဆန့်ကျင်တာကိုအတင်းလုပ် ပြီးတော့ကျေးဇူး အတင်းတင်ခိုင်းနေတဲ့ သဘာဝတွေ့ရတော့ နောင်နိုင်ငံရေးအဖွဲ့စည်းတွေလည်း ဒီလိုအချိုးမျိုး ချိုးလာနိုင်ပါတယ် ခုတောင် ကြံ့ဖွံ့ အဖွဲ့အစည်းက နိုင်ငံဘဏ္ဍနဲ့ လမ်းဖောက် ငွေချေးပြီး သူ့အပေါ် ကျေးဇူးရှိတဲ့အနေနဲ့ မဲပေးပြီးကျေးဇူးဆပ်ခိုင်းတဲ့ ပုံစံတွေ့နေရတယ်
" တချို့လူတွေဟာ သူ့ကျေးဇူးလေး နည်းနည်းလောက် ရှိခဲ့ဖူးရင်ပဲ တဖက်လူက တသက်လုံး အသက်ပေးပြီး ဆပ်ရတော့မယ့် အပေါက်မျိုး ချိုးတတ်တာ တွေ့ရဖူးတယ်။ "
သိပ်မှန်တာပဲ...
ကျေးဇူးပါဆိုတဲ့ စကားကို လှိုက်လှိုက်လှဲလှဲ ဆိုတာမဆိုတာက လူတယောက်ချင်းစီရဲ့  attitude နဲ့ဆိုင်မယ် ထင်ပါတယ် ကိုပေါရေ။ ဥပမာ ဆိုက်ကားငှားစီးတဲ့အခါ ပိုက်ဆံ ပေးစီးတာအမှန်ပါပဲ။ ဒါပေမယ့် တချို့ များက လှိုက်လှိုက်လှဲလှဲ ကျေးဇူးစကား ပြောသွားကြတယ်။ တချို့ လည်း မပြောဘူး။ မပြောလို့လည်း သူ့ကို အပြစ်ပြောမလား။ ခက်တယ်ထင်တယ်နော့။ တခါတခါကျ ၀န်ဆောင်မှုပေးသူ ယူသူဆိုတဲ့ ဆက်ဆံရေးကြီးပဲ ရှိနေတာကို ကျွန်တော်တော့ သဘောမကျပါဘူး။ တဘက်မှာ ဒီကျေးဇူးကြီးနဲ့ ကိုင်တုတ် နေတာတွေကလည်း ကျောင်းဆရာတွေ၊ မီဒီယာဂုရုတွေ၊ ဆရာဝန်တွေ ခြုံပြောရရင် ကျေးဇူး ပိုင်ရှင်များအဖြစ် နေရာပေးခံရသူတွေဆီမှာ (အကုန်မဟုတ်ပါ) တွေ့တွေ့နေရတယ် ထင်ပါတယ်။
မှန်လိုက်တာအစ်ကိုရေ...
ဦးနေဝင်းတုန်းကလည်းဒီအချိုးပဲ၊
နအဖ လည်း ဒီအတိုင်းပဲ
အခု ကြံဖွတ် တွေလည်း ဒီအချိုးအတိုင်းပဲ လာပြန်ပြီ။
နဲနဲ အရိုင်းဆန်သွားရင်ခွင့်လွှတ်ပါဗျာ
ညီလင်းဆက်၊ ရီတာ၊ ကိုပေါ....
ခင်ဗျားတို့မိဘတွေကိုလဲကျေးဇူးတင်မနေနဲ့ ။ သူတို့ဟာသူတို့ ကိလေသာဖောင်းပွလို့ခင်ဗျားတို့လူဖြစ်လာတာ။ မယုံရင်မေးကြည့် ညီလင်းဆက်၊ ရီတာ၊ ကိုပေါတို့ ဖြစ်ရစေလို့ရည်ရွယ်ချက်မရှိဘူး။
အရိုင်းဆန်သူ
တကယ်တော့ ဗုဒ္ဓဘာသာမှာ ရတနာ သုံးပါး (ဘုရား၊ တရား၊ သံဃာ) ဘဲရှိပါတယ်၊ ဂိုဏ်းဆရာတွေက သူတို.ကို အလေးအမြတ်ပြုစေချင်တာနဲ. မိဘ နှင့် ဆရာ ကိုထည့်ပြီး အနန္တောအနန္တငါးပါး ဂိုဏ်းဝင် ကျေးဇူးရှင်တွေဆိုပြီးတော့ ခေါ်ဆိုလာကြတာပါ ၊ဆရာဆိုတာကလည်း ဂိုဏ်းဆရာ၊ ကျောင်းဆရာ ရောထွေးနေသလိုပါပဲ၊ တကယ့် ဆရာ ဆိုရင် တော့ ဗုဒ္ဓ ပဲဖြစ်မယ် ထင်ပါတယ်၊ "The Tathagatas (Buddhas) are only teachers " . (Dhammapada 276).
လယ်ထွန်ရာမှာ နွားကို အသုံးပြုရပါတယ် ၊ ယခုခေတ် ထွန်စက်ကို အသုံးပြုပေမဲ့ ရှေးခေတ် နှင့် ယခုခေတ် တစ်ချို.ဒေသ တွေ မှာ ကျွဲ ၊ နွား ကို အသုံးပြုရဆဲပါ ၊ သူထုတ်လုပ်လိုက်တဲ့ ဆန် နဲ. သူ.အသား ကို စားဖို.မသင့်ကြောင့် တစ်ချို. ဆရာတော်များ က အမဲသား (နွားသား) မစားဖို.ဆုံးမတာပါ၊ နွား ကို ထိုင်ကန်တော ဖို. မလိုသလို အမဲသား ရှောင်ခြင်း ၊ စားခြင်း က ပုဂ္ဂိုလ် တစ်ဦး ချင်းရဲ. ဆန္ဒပေါ်မှာ မူတည်ပါတယ်၊
ကျေးဇူးအကြောင်း ပြောရရင်တော့ တော်တော်ကျယ်ပြန်.ပါလိမ့်မယ် ၊
ကျေးဇူးတရား က တော့ ကူညီ ကတည်းက ဘာမှ မျော်လင့်ချက် မထား တဲ့ စိတ်ရင်းအမှန် နဲ. ကူညီ တာက အကောင်းဆုံး လို.ထင်ပါတယ်၊ မိဘ က သားသမီး ကို ပညာသင်၊ ဘွဲ.ရ ၊ အလုပ်ရ တဲ့ အထိ လုပ်ဆောင်တဲ့ ကျေးဇူးမျိုး ထင် ပါတယ်၊ ဘာမှ မျော်လင့်ချက်မထား တဲ့ ကူညီ မူမျိုးပါ၊ မိဘ အိုမင်း တဲ့ အချိန်မှာ သား သမီးများ က ကျေးဇူးတုန်.ပြန်၊ မတုန်. ပြန်ခြင်း ကလည်း တစ်ယောက်ခြင်းရဲ.
စိတ် သဘောထားအပေါ်မှာမူတည်ပါတယ်၊ မိဘတိုင်း လည်းကျေးဇူး ရှိမည်မထင်ပါ၊ ကိုယ့်သား၊ သမီး ကို ပြန်သတ်တဲ့ မိဘ တွေလည်းရှိပါတယ်၊ ဒါပေမဲ့ အများအား ဖြစ်တော့ မိဘများဟာ ကျေးဇူးရှိပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သား၊သမီး တွေ ကို ငယ်စဉ်ကတည်းက စောင့်ရှောက် လာရတဲ့ တာဝန်က တော်တော်ကြီးပါတယ်၊ နောက် တစ်ခုက ခရီးသွားရင်း (ကား ၊ရထား ၊ လေယာဉ်ပျံ) ပေါ်မှ ကူညီတဲ့ အကူအညီမျိုး ဖြစ်မယ်ထင်ပါတယ်၊ တစ်ခါဆုံပြီး နောက်တစ်ခါ ပြန်လည် မဆုံနိုင်တဲ့ အခြေအနေမျိုးပါ၊ အစကတည်းက စိတ်စေတနာ နဲ. ကူညီခြင်း က အကောင်းဆုံးပါပဲ၊ ကျေးဇူးတုန်.ပြန်၊ ကျေးဇူး သိတတ်ပါက ၀မ်းသာစရာ၊ ဒါပေမဲ. ကျေးဇူးကို ပြန်လည်မတုန်.ပြန်ရင်လည်း စိတ်ဆိုးစရာ၊ ဒေါသ ဖြစ်စရာ အကြောင်း မရှိပါ ၊ ယခုအချိန် မှာ နအဖ ၀န်ကြီးများ ကို မှီခိုပြီး ရပ်တည်နေတဲ့ စီးပွားရေးသမားများ က သူတို.ရဲ. ကျေးဇူးရှင် က ၀န်ကြီးများ ဖြစ်ပါတယ်၊ ကျေးဇူးလည်း သိတတ်ရပါတယ်၊ ကျေးဇူးမသိတတ်ပါက နောက်တစ်ခါ အခွင့်အရေး ရတော့မှာမဟုတ်ပါ ၊ တစ်ခါစား ၊ တစ်နပ်စားက ကျေးဇူးတရား မတုန်.ပြန်လို. ဒေါသနှင့်ယှဉ်တွဲပြီး ပေါ်ပေါက်လာတဲ့ စကားလို.တောင် ထင်ရပါတယ်၊ ကျေးဇူးသိတဲ့ အနေနဲ.ဒေါ်လာ ကို နိုင်ငံခြားမှာ ရှိတဲ့ သူတို.ရဲ. account ကိုထည်.ပေးရပါတယ် ၊ တစ်ချို.က မုန်.ပုံးနဲ.ဘဲ ကန်တော့ကြပါတယ်၊ ဒါပေမဲ. မုန်.ကိုထုတ်ပြီး ဒေါ်လာ (သို.မဟုတ်) ကျပ်ကို သိန်းနဲ.ချီပြီး မုန်.ပုံးထည့် ထဲ့ပြီး ပေးရပါတယ်၊ ချပေးတဲ့ ပါမစ် ၊ စီးပွားလုပ်ကိုင်ခွင့် ပေါ်မှ မူတည်ပြီး ပေးရပါတယ်၊ ကျေးဇူးရှင်များ နဲ. ကျေးဇူး သိတတ်သူများ ဖြစ်ပါတယ် ၊
ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ လူတန်းစားများလည်း ဖြစ်ပါတယ်၊ နောက်တစ်ခု က စစ်တပ်ထဲ ၀င်တဲ့ ကိစ္စပါ၊ ငတ်လို.ပဲ တပ်ထဲ ၀င်ဝင်၊ တိုင်းပြည် ချစ်လို.ပဲဝင်ဝင် လစာနဲ. အခြား အခွင့်အရေး ရယူ ထားတာဖြစ်ပါတယ်၊ You got paid job to do it. ကျွန်တော် သတိထားမိ သလောက် ကမ္ဘာ မှာ မြန်မာစစ်တပ် တစ်ခုတည်း သာ သူတို.ကို သူတို. ကျေးဇူး ရှင်ကြီး သဖွယ် ရပ်တည်နေတာပါ၊ တော်တော့် ကို စိတ်ပျက်ဖို. ကောင်းပါတယ်၊ အမေရိကန် တပ်တွေက သမ္မတ အမိန်.နဲ. မှားမှား၊ မှန်မှန် တိုက်ဆိုရင် တိုက်ရပါတယ်၊ ဗြိတိန်လည်း အတူတူပါပဲ၊ ပြည်တွင်း စစ်ဖြစ်နေတဲ့ အာဖဂန်နစ္စတန် ၊ အီရတ် တို. က စစ်သားတွေတောင် အမိန်.နာခံပြီး သူတို.ရဲ.တာဝန်ကို သူတို. ထမ်းဆောင် နေပါတယ်၊ ဘယ်နိုင်ငံတကာ တပ်ကမျှ သူတို.နိုင်ငံမှာ ငါတို.မရှိရင် မဖြစ်ဖူးလို. မပြောပါဘူး ၊ မြန်မာ တပ်မတော် ရဲ. mindset ကို ပြင်ဖို.လိုမယ်ထင်ပါတယ်၊ ဘာနဲ.တူသလဲဆိုရင် မြူနှီစပယ် က သန်.ရှင်းရေးသမားက မြို.တော်ကြီး သန်.ရှင်းနေတာ ငါ့ကြောင့်လို. ပြောနေသလိုပါပဲ၊ သူ.ကိုဘဲ ကျေးဇူး တင်နေရမလို ဖြစ်နေပါတယ်၊ တကယ်တော့ လစာ ယူထားရင် ထိုက်သင့်တဲ့ အလုပ်ကို တော့ လုပ်ရမှာပဲဖြစ်ပါတယ်၊ အားလုံး ကျန်းမာ ရွှင်လန်းပါစေ၊
politicians? either kyant phont suckers or oppositions morons,
just want to give them three slaps
in the face and one kick in the ass.
'...
နိုင်ငံရေးသမားတွေကို လူတွေက ကောင်းကောင်းဆိုးဆိုး ကြဉ်သွားမှာလည်း စိုးတယ်။
...'

MERCI BEAUCOUP
THANKS YOU SO MUCH
THIS ARTICLE IS SAME VISION OF ME ABOUT "THANKS"...........;
Post a Comment