“ဒီနေ့… မင်း သမီး အင်္ကျီအသစ် ဝတ်ထားတယ်။ အဲဒါ ခလေးကို မလှဘူးလို့ မင်း သွားမပြောနဲ့နော်။ သူက အဲဒီအင်္ကျီနဲ့ သူ့ကိုယ်သူ အရမ်းလှတယ်လို့ ယူဆနေတာ။ မင်းကို ပြချင်လွန်းလို့ အခု သူဝတ်ထားတာတဲ့”
ရုံးမှ အိမ်သို့ အပြန်လမ်းတွင် မဒမ်ပေါက ကျနော့်အား တတွတ်တွတ် မှာကြားနေခြင်းဖြစ်သည်။ ကျနော်က သမီးကို စတတ်နောက်တတ်လွန်း၍ စိတ်အပူလွန်ကာ ကြိုတင် ပြောနေရခြင်းဖြစ်သည်။ သမီးကလည်း သူ့အမေနဲ့ သူ့အဖွားရဲ့ အထင်အမြင်တွေကို အလေးမထား။ ကျနော့်ထံက ချီးကျူးသံ၊ အတည်ပြုသံကိုသာ အစဉ်သဖြင့် ကြားချင်သူဖြစ်သည်။
အိမ်ရောက်တော့ ကရင်သင်တိုင်းအင်္ကျီလိုလို အနီရောင်အင်္ကျီအသစ်ကလေးကို ဝတ်ဆင်ထားသော သမီးက တံခါးလာဖွင့်ပေးသည်။
“ဟာ…. အင်္ကျီအသစ်ကလေးနဲ့ ငါ့သမီး တယ်လှပါကလား”
ဤသည်ကား မဒမ်ပေါ မှာထားသည့်အတိုင်း အတည်ပေါက် ပြောလိုက်ခြင်း။ ပြီးတော့မှ ထုံးစံအတိုင်း မနောက်ရလျှင် မနေနိုင်သဖြင့် နောက်ဆက်တွဲ ထပ်ပြောလိုက်သည်။
“အခုလိုဆိုတော့ သမီးက ကရင်မလေး နော်လဲမူ နဲ့ တူသွားတယ်”
လဲမူ ဆိုသည်မှာ စကားလိမ်ဖြင့် လူမဲ ဟု အသံထွက်သည်။ သမီးကို လူမဲနှင့်တူသည်ဟု ဆိုလိုခြင်း။ သမီးကလည်း ကျနော့်အထာကို ညက်နေသူပီပီ ချက်ချင်းဆိုသလို….
“ဖေဖေကလည်း ဝုတ်ပက် နဲ့ တူတယ်”
ဝုတ်ပက် ဆိုသည်မှာ “ဝက်ပုပ်” ကို ပြောင်းပြန်လှန်ထားသည့် အသံထွက် ဖြစ်ပါသည်။ မကြာခဏဆိုသလို သမီးနှင့် ကျနော်သည် ဗမာစကား စကားလိမ်များကို အပြန်အလှန် စတတ်၊ နောက်တတ်ပါသည်။
“သမီးက အသဲမား (=အသားမဲ)”
“ဖေဖေက ကီပလပ် (=ကပ္ပလီ)”
“သမီးက မဲသွေးခီး (=မီးသွေးခဲ)”
သမီးသည် စကားလိမ်များကို ကျနော့်လောက်တော့ မကျွမ်းကျင်သဖြင့် အတန်ငယ် စဉ်းစားပြီးမှ ပြောရသည်။ ယခုလည်း….
“ဖေဖေက ဖြုတ်……(ဤနေရာတွင် တိုးလို့တန်းလန်း ရပ်ဆိုင်းသွားပြီး ခဏကြာမှ)…..ဗ။ ဖြုတ်ဗ”
“ဘာလဲ….. ဖြုတ်ဗ….ဆိုတာ”
“ဖေဖေကလည်း နုံလိုက်တာ။ ဖြုတ်ဗ…ဖဗြုတ် (ဖားပြုတ်)ပေါ့”
ကျနော်တို့နှစ်ယောက် အရည်မရ အဖတ်မရ အချီအချပြောနေကြသည်ကို ဘေးက နားကြားပြင်းကပ်နေပုံရသော မဒမ်ပေါသည်ပင် ဤနေရာရောက်သောအခါ မနေနိုင်။ တခွိခွိ ရယ်မောလေတော့သည်။
မြန်မာစကားလိမ်များကို နေရာမျိုးစုံတွင် သုံးကြသည်။ နာမည်ကျော် ဦးပုညဆိုလျှင် တေးထပ်ထဲတွင်ပင် ထည့်စပ်လိုက်သေးသည်။
“ကျွတ်တမ်းကွယ် စာမလိပ်ချင်ဘု…..
အဝါဇိတ် မှိုင်းမှောင့်ညစ်ပေ…
ရိုင်းခေါင့် ဖြစ်ထွေ…”။
စာမလိပ်…..စိတ်မလာ။ အဝါဇိတ်….. အဝိဇ္ဇာ။ သြော်… တတ်လည်း တတ်နိုင်တဲ့ ဦးပုညပါကလား။
တသက်တာတွင် ကြုံတွေ့ခဲ့ရသော နာမည်များအနက် စကားလိမ်ဖြင့် ပြောင်းပြန်လှန်လိုက်လျှင် ရယ်စရာဖြစ်လာသော နာမည်(လိမ်)များကို သတိရမိပါသည်။
မလေးရှားတွင် အလုပ်လုပ်ခဲ့ကြစဉ်က ကျနော်တို့အထဲတွင် ကိုဉာဏ်စိုး ဆိုသည့် အစ်ကိုကြီးတယောက်လည်း ပါသည်။ ။ တခါတလေ ကိုဉာဏ့်ကို စချင်နောက်ချင်သည့်အခါ “သခင်ဉာဏ်စိုး” ဟု ခေါ်ကြပါသည်။ အကောင်း ခေါ်ကြခြင်းကား မဟုတ်ပေ။ ပြောင်းပြန်လှန်လိုက်လျှင် “သူခိုးဉာဏ်ဆင်” ဟု အသံထွက်သောကြောင့်ပင် ဖြစ်ပါသည်။
“သက်ထွေး” ဟူသော အမည်မှာလည်း သိပ်မကောင်း။ ပညတ်သွားရာ ဓါတ်သက်ပါပြီး လူပုံအလယ်တွင် အရယ်လွန်မိပါက ဒုက္ခရောက်နိုင်သောကြောင့်ပင်။
၁၉၉၆ ခုနှစ်ဆီက စက်မှုတက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုဖြစ်သောအခါ ပါမောက္ခချုပ် ဦးကြင်စိုး၏ ကိုင်တွယ်ပုံကို မကျေနပ်သော ကျောင်းသားအချို့က ကွယ်ရာတွင် ဆရာကြီးနာမည်အား (ပေါက်ပေါက်ရှာရှာ) ပြောင်းပြန်လှန်ခေါ်ဆိုကြသည်ကိုလည်း ကြားခဲ့ဖူးပါသေးသည်။
စကားစပ်မိ၍ ပြောရလျှင် တလောဆီက မငယ်နိုင်၏ ဘလော့ဂ်တွင် “ပေတောကုန်းမှ ကိုပေါတေနှင့် အင်တာဗျူး”ဟု ပို့စ်တခု တင်သောအခါ မိမိကို စောင်းပြောလေသလားဟု အပြေးအလွှား သွားဖတ်ရသေးသည်။ အဘယ်ကြောင့်ဆိုသော် ကျနော်၏ ဇာတိ ချက်မြှုတ် ရွာအမည်မှာ ပေတောရွာ ဖြစ်နေသောကြောင့်ပင်တည်း။ နာမည်ကလည်း ကိုပေါတေ…တဲ့။ ဟွန်း… တူစရာ ရှားလို့။ ပေတောကို ပြောင်းပြန်လှန်ထားပုံရသည်။
ယခုလည်း မြန်မာဘလော့ဂ်လောကမှ ဘလော့ဂါအချို့၏ နာမည်များကို (အားနေသည့်အလျောက်) ပြောင်းပြန်လှန်ကြည့်ရာ ရယ်ချင်စရာ အသံများထွက်လာသည်ကို တွေ့ရပါသည်။
နှစ်ကျပ်ခွဲအားကိုးဖြင့် စားကောင်းသောက်ဖွယ်ရာ ဓါတ်ပုံများကို တင်ဆက်နေသော ဘလော့ဂါ “သက်ဝေ” ၏ အမည်ကိုတော့ ခင်မင်သောအားဖြင့် ပြောင်းပြန်မလှန်ဘဲ ချန်လှပ်ထားခဲ့ရန် ဆုံးဖြတ်လိုက်ပါသည်။ အလားတူပင် မှတ်သားဖွယ်ရာ ထိုထိုစာကို တင်ဆက်လေ့ရှိသည့် “ကိုဧရာ” အားလည်း လေးစားသောအားဖြင့် ပြောင်းပြန်မလှန်မိရန် သန္နိဋ္ဌာန်ချလိုက်ပြန်ပါသည်။
“ချိုသင်း”ဟူသည့် ကဗျာဆန်သော နာမည်မှာမူ ပြောင်းပြန်အလှန် မတော်ပါက “ချဉ်သိုး” ဟု ဆန့်ကျင်ဖက် အနက်အဓိပ္ပါယ်ပင် ထွက်သွားတတ်ကြောင်း သတိပြုမိပါသည်။ စကားလိမ်အမှန်မှာ “ချင်းသို” ဖြစ်ပါသည်။
ခေဦးမင်…ကား….. ခေသော ဦးမင် မဟုတ်ချေပါတကား။
လစ်သူ… ဆိုသည်မှာ လစ်ပြေးသူ (သို့မဟုတ်) အလစ်သုတ်သူ (သို့မဟုတ်) အစိုးရဌာနတွင် ဝင်ရောက်လုပ်ကိုင်ဖူးသူသာ ဖြစ်ရချေမည်။
ညဥ့်ငှက်တို့အကြောင်းကို ခရေစေ့တွင်းကျ မြူးမြူးကြွကြွ ရေးသားတင်ဆက်တတ်သူ စိန်ရတုမှတ်တမ်းပိုင်ရှင်ကြီးအား “ကောက်ကြီးကျိုး”ဟု စကားလိမ်ဖြင့် ပြောင်းပြန်လှန် ခေါ်ဆိုရလျှင် လိုက်ဖက်မည်လော မသိ။
ဤသို့လျှင် (အားနေသည့်အလျောက်) ရောက်တတ်ရာရာ ရေးလိုက်ရပါသည်။

10 comments:
ရယ်လိုက်ရတာ။ ကျွန်မ နဲ့ ဖေဖေလည်း ငယ်ငယ်က အဲဒါမျိုး သိပ်ပြောတယ်။ ငယ်သေးတော့ လူကြီးတွေလို ဖျတ်ခနဲ မပြောနိုင်ခဲ့ပေမယ့်၊ အနိုင်မခံဘဲ မရ ရအောင်ကို ပြောခဲ့တာ။ :D
နာမည်အရင်းရော၊ အဖျားရော စကားလိမ်လုပ်ကြည့်တာ ရီစရာမဖြစ်ဘူး။ တေးသော်။
လှန်ချင်သလိုလှန်..
contributor တွေများလာပါလား........
အလိုလေးလေး...
ဘောလုံးပွဲ အကြည့်ကောင်းနေတာနဲ့ လာဖတ်တာ နောက်ကျနေလို့ ဒီပိုစ့်ကို အခုမှ တွေ့တယ်...
ကိုပေါရဲ့ ခင်မင်မှုကြောင့်သာ ကိုယ့် နာမည် ပြောင်းပြန်ဖြစ်မသွားတာ ကျေးဇူးကြီးလိုက်တာ...
(ဘယ်ရမလဲ...သူများကို နာမည်ဖျက်ရင် နောက်တခါတွေ့ရင် ပြုံးမပြတော့ဘူး... ဟဲဟဲ... သဘောပေါက်...)
ဟိဟိ.. တော်ပါသေးရဲ့ ..တို့ကလွတ်သွားတယ်။ သနားစရာ့ မသက်ဝေ..
ပုံ
ဘယ်လို ပြန်ကြည့်ကြည့် လှနေသေးတဲ့သူ
အသိထဲမှာ မေပုလဲ လို့ နံမည်ပြောင်ပေးထားတဲ့ အာဖရိကန်မလေးတယောက် ရှိတယ်။ ကိုပေါသမီးကို အဲလို နာမည်ပေးပြီး စ ကြည့်ချင်တယ်....
ကိုပေါရေ...
ကျွန်တော် သိပ် မအာရဲတော့ပါဘူး... ခင်ဗျာ။
- အာရေ ခေါ် ဧရာ
>>>Rita..... ဒီတခေါက် ကံကောင်းသွားတယ်မှတ်ပါ.... အေးမြိုမြိုကပ် ရေ။
>>> ခင်ဦးမေ.... မျောက်ပန်းလှန်တာကို ပြောတာလားဟင်။
>>> သက်ဝေ.... ကျေးဇူးအတင်မခံချင်ပါဘူး ရှိုနေမှ။း-)
>>> ပန်ဒိုရာ (arodnap).... ဟုတ်တယ်....အာရွတ်ဒ်နက်ရေ... မသက်ဝေ မကြားစေနဲ့ဗျိုး...
>>> မိုးစက်ပွင့်.... သမီးကို မိုးစက်ပွင့်ရဲ့ ကွန်မင့် ဖတ်ပြတော့ ရီနေတယ်ဗျ။
>>> ကိုဧရာ... ကျီစားတာပါဗျာ။ တကယ်တော့ ရွှေဥဒေါင်းရဲ့ ဖခင်ကြီးနာမည်ကို ပြောင်းပြန်လှန်မှ အဲဒီနာမည်မျိုး ထွက်တာပါ။ ဦးအေရာ...တဲ့။
Thanks for laugh and remember to Mg Tha Cho (Jack_Kwunchangone).
How about WE She Me !
အံမယ် ဒီပို့စ်ကို ခုမှ တွေ့တယ်။ သူများကို ချဉ်သိုး လုပ်ထားတယ်။ လှန်တတ်မှ လှန်ပါ ကိုယ့်လူ။
ငယ်ငယ်က တို့အမအကြီးဆုံးက တို့အော်တိုထဲမှာ ဒီလိုလေး ရေးပေးဖူးတယ်။ မိချို မိုချိ ပိုပါ၏၊ စကားတတ်ပါဘိ တဲ့။
ပြောရင်းဆိုရင်း မမသက်ဝေကို ပြောင်းပြန်လှန်ကြည့်မိပြီ။ Opps!
Post a Comment