ရေးသူ/ဓါတ်ပုံ- မဒမ်ပေါဇူးဇင်။
စာစီစာရိုက်- ကိုပေါဇူးဇင်။
ငှက်ကလေးတွေကို ချစ်တယ်။
ဘာကြောင့်ချစ်တာလဲ ဆိုရင်တော့ တိတိကျကျ မဖြေတတ်ဘူး။ “ချစ်လို့ ချစ်တာ” လို့ဘဲပြောရမယ်ထင်တယ်။ ငယ်ငယ်လေးထဲက ပုံဆွဲရင် ငှက်ပုံလေးတွေ အမြဲဆွဲနေမိတယ်။
ငှက်ကလေးတွေ သစ်ကိုင်းပေါ်မှာ နားနေတာ.. ဒါမှမဟုတ်…လွတ်လွတ်လပ်လပ် ပျံနေတာကို ငေးကြည့်ရတာ နှစ်သက်တယ်။ သူတို့လေးတွေကို ဓါတ်ပုံလိုက်ရိုက်ရတာမျိုးဆို တခါမှ ပင်ပန်းတယ်လို့ မခံစားရဘူး။ စင်ကာပူက Bird Park ရောက်တိုင်း ငှက်ပုံလေးတွေ ချွေးတလုံးလုံးနဲ့ လိုက်ရိုက်ရတာ ပျော်တယ်။
*************
လွန်ခဲ့တဲ့ နှစ်လလောက်က ညနေစောင်းတွေမှာ အမှိုက်သွားပစ်တိုင်း အံဖုံးရှိတဲ့နေရာ နဲ့ မလှမ်းမကမ်းက ဝရန်တာလက်ရန်းမှာ ခိုတကောင် နားနေတတ်တာကို သတိထားမိတယ်။
ဘာရယ်တော့မဟုတ်ပါဘူး၊ ငှက်မြင်ရင် မကြည့်ဘဲမနေနိုင်တာကြောင့်ပါ။ အဲဒီနေရာလေးကလည်း အမှိုက်ပစ်တဲ့နေရာဆိုပေမယ့် အိမ်နီးချင်း တရုတ်ကြီးရဲ့ကောင်းမှုကြောင့် သစ်ပင်ပန်းပင်လေးတွေ စိမ်းစိမ်းစိုစိုနဲ့ ပန်းခြံအငယ်စားလေးလိုပါပဲ။ ဒါကြောင့် ဒီခိုဟာ နေရာလေးကို သဘောကျလို့ အိပ်တန်းလာတက်တယ်လို့ဘဲထင်လိုက်မိတယ်။ ဒါပေမယ့် တရက် အမှိုက်သွားပစ်ရင်းနဲ့ ဝရန်တာလက်ရမ်းမှာ ချိတ်ထားတဲ့ ပန်းအိုးထဲက ခိုဥလေး နှစ်လုံးကို တွေ့လိုက်ရတဲ့အချိန်မှာတော့ ဒီခိုလာပြီး ရစ်သီရစ်သီလုပ်နေရတဲ့ အကြောင်းရင်းကို သဘောပေါက်သွားပါတော့တယ်။
ငှက်တွေဟာ သူတို့ရဲ့ အသိုက်တွေကို လူတွေ အလွယ်တကူနဲ့ လက်လှမ်းမမှီတဲ့နေရာတွေမှာ ဆောက်တတ်ကြတယ်။ စင်ကာပူမှာဆိုရင်တော့ MRT ရထားလမ်းနဲ့ ရထားလမ်းဒေါက်တိုင်တွေကြားက ကပ်သီးကပ်သပ် နေရာလေးတွေမှာ များသောအားဖြင့် တွေ့ရတတ်တယ်။
ဒီ ခိုမ ကျမှ ပန်းအိုးထဲမှာ ကြံကြံဖန်ဖန် အသိုက်လာလုပ်လေတယ်။ အိမ်တိုင်းက တနေ့ အနည်းဆုံး တခေါက်၊ နှစ်ခေါက် အမှိုက်သွားပစ်ကြတဲ့နေရာမှာဆိုတော့ ဒီခိုနှယ်.. လူမကြောက်တတ်လိုက်တာ....လို့ တွေးမိတယ်။ အင်းလေ……ဒီမှာကလည်း ငှက်တွေ့ရင် “ ဒါ...ကြော်စားလို့ရတယ်” လို့ တွေးမယ့်လူ ရှားပေတာကိုး။ စင်ကာပူမှာ ငှက်တွေအားလုံး လွတ်လပ်ခွင့်ရှိကြပါတယ်။ ကျီးကန်းတွေကတော့ ချွင်းချက်ပေါ့။ သူတို့ကို သက်ဆိုင်ရာက လေသေနတ်နဲ့ မကြာမကြာ လိုက်ပစ်တာကြုံဖူးတယ်။
*************
အသိုက်ကို လူသူကင်းဝေးပြီး လုံခြုံတဲ့နေရာမှာ လုပ်ရမယ့်အစား ပန်းအိုးကို အသိုက်လာလုပ်တာကိုက လွန်လှပြီ။ ဒီကြားထဲ အသိုက်အတွက် သစ်ကိုင်းခြောက်ကလေးတစ၊ တံမြက်စည်းစလေးတမျှင်တောင် ချီသယ်မလာဘဲ… ပန်းအိုးထဲက မြေကြီးပေါ်မှာ ဥနှစ်လုံးကို ဒီအတိုင်းကြီး ဥ ချ သွားတာ တွေ့ရတော့ ဒီခိုမ ပျင်းပုံကို သြချမိပါတယ်။
တိုက်တထပ်တည်းမှာ နေကြသူတွေအားလုံးလိုလိုကတော့ ဒီခိုမနဲ့ ခိုဥနှစ်လုံးကိစ္စကို စိတ်ဝင်စားကြတာ တွေ့ရတယ်။ နဂိုက ဓါတ်လှေကားထဲ ဆုံကြရင်တောင် ပြုံးပြဖော်မရဘဲ ဘာသိဘာသာနေတတ်သူတွေဟာ ဒီခိုတွေကို အကြောင်းပြုလို့ နှုတ်ဆက်ပြီး စကားစမြည် ပြောစရာ အကြောင်းဖန်လာပါတော့တယ်။
ပန်းအိုးပိုင်ရှင် တရုတ်ကြီးကတော့ မျက်နှာအပွင့်ဆုံးပေါ့။ သူ့ပန်းအိုးကို ရွေးပြီး ခိုမက ဥသွားတာကို သူက ဂုဏ်ယူဝမ်းသာနေပုံရတယ်။ သွားရင်းလာရင်း လှမ်းကြည့်လိုက်ရင် သူ့ကို ပန်းအိုးနားမှာ အခြားတယောက်ယောက်နဲ့ ဟောင်ဖွာ ဟောင်ဖွာ စကားပြောနေတာ တွေ့ရတတ်တယ်။ မျက်နှာကလည်း သကာရည်လိမ်းထားတဲ့ မျက်နှာကြီးနဲ့ပေါ့။ မျက်နှာချင်းဆိုင်အိမ်က လူဆိုလည်း မနက်တိုင်း ရုံးမသွားခင် ဓါတ်လှေကားစောင့်ရင်း ခိုဥကို အရင် အပြေးအလွှား သွားကြည့်ရတာ အမော။ ကျမ ညနေရုံးက ပြန်လာလို့ ခိုဥ သွားကြည့်ဖြစ်တဲ့နေ့တွေဆို ပန်းအိုးနားမှာ ပိုင်ရှင် အဖိုးကြီးနဲ့လည်း စကားပြောဖြစ်တယ်။ အဲဒီအခါမျိုးမှာ… “ဥက ပေါက်ကာနီးပြီး ထင်တယ်” အစချီပြီး ဘာညာသာရကာ ပြောကြတာပေါ့လေ…။
ဥ ကမြေကြီးပေါ်မှာဆိုတော့ အကောင်လေးတွေပေါက်လာရင် အေးနေလိမ့်မလား တွေးမိတာနဲ့ မနေသာလို့ ရုံးနားက သစ်ကိုင်းခြောက်သေးသေးတွေ၊ သစ်ရွက်ခြောက်တွေ ကောက်လာပြီး အသိုက်ကို ကူဆောက်ပေးလိုက်သေးတယ်။ နောက်တနေ့ အိမ်က အထွက် မျက်နှာချင်းဆိုင်အိမ်ကလူရဲ့ အမေ နဲ့ ပက်ပင်းတိုးလို့ ပြုံးပြနှုတ်ဆက်လိုက်တော့ အဖွားကြီးကလည်း ပြန်နှုတ်ဆက်ရင်း စကားစလာပါတယ်။ သူ့သားက သူ့ကို “အမေရေ…ခိုမတော့ အသိုက်လုပ်ဖို့ သစ်ရွက်တွေ သယ်လာပြီ”…လို့ လာပြောသတဲ့။ အဲဒါနဲ့ သူက “ဒီခိုမ သယ်လာတာတော့ မဖြစ်နိုင်ဘူး။ ပန်းအိုးအဖိုးကြီး ဒါမှမဟုတ် အိမ်ရှေ့အိမ်က တယောက်ယောက် လုပ်ပေးတာနေမှာပေါ့”..လို့ ပြန်ပြောလိုက်ရသေးတယ်ဆိုပဲ။ ဒီခိုမပျင်းပုံအကြောင်း တထပ်လုံး သတိထားမိနေတာကို သိလိုက်ရတဲ့အတွက် ပြုံးမိသေးတယ်။
*************
ဘယ်လိုပဲ ပျင်းတယ်ဆိုပေမယ့် ဥတွေကိုတော့ ခိုဖိုတလှည့် ခိုမတလှည့် တစိုက်မတ်မတ် ဝပ်ဖော်ရလို့ တော်သေးတယ်ပြောရမယ်။
ဒီလိုနဲ့ ခိုကလေးနှစ်ကောင် ပေါက်လာပါတယ်။ ဥက ပေါက်ကာစ အသည်းယားစရာ အရုပ်ဆိုးဆိုး ငှက်ပေါက်စလေးတွေပေါ့။
ပေါက်ပြီး မကြာလိုက်ပါဘူး။ တရက်နှစ်ရက်လောက်လည်း နေရော.. ခိုထီးရောခိုမပါ ပျောက်သွားလိုက်ကြတာ၊ တော်တော်နဲ့ ပြန်ပေါ်မလာတော့ပါဘူး။
အဲဒီမှာတင် ဟိုပန်းအိုးအဖိုးကြီးခမြာ အလုပ်တွေ ပိုတော့တာပေါ့။ လေတိုက်တဲ့ဒဏ်က ကာကွယ်ဖို့ရယ်၊ ခိုလေးတွေ အောက်ပြုတ်မကျအောင်ရယ် စက္ကူကတ္ထူပြားတွေ သုံးပြီး အသိုက်ကို ပြုပြင်ပေးရ၊ ခိုလေးတွေကို စောင့်ရှောက်ရနဲ့။ အမှိုက်သွားပစ်ရင်းနဲ့ဆုံရင်လည်း သူ့ပါးစပ်က “ဒီ ခိုမ၊ ကလေးတွေကို ပစ်ထားပြီး ဘယ်သွားနေပါလိမ့်” ဆိုတာမျိုး တဖျစ်တောက်တောက်နဲ့ ပြောနေတတ်သေးတယ်။
နောက်ထပ် နှစ်ရက်လောက်နေတော့ ခိုလေးတကောင် သေသွားတယ်။ အမေရဲ့ ကိုယ်ငွေ့မရတာလဲ ပါမှာပေါ့လေ။
အဖိုးကြီးလည်း ကျန်တဲ့တကောင်ကို တအားဂရုစိုက်တော့တာ။ ရေခွက် နဲ့ ပေါင်မုန့်စလေး တွေကိုလည်း အသိုက်နားမှာ အဆင့်သင့် ထားပေးတယ်။ ခိုကလေးကတော့ သိပ်စားတာကို မတွေ့ရဘူး။ တချိန်လုံး အိပ်ချည်းနေတာပဲ။
အသက်ပြင်းတယ်ပဲ ပြောရမလား။ ကျန်တဲ့တကောင်ကတော့ တနေ့တခြား အကောင်ထွားလာတယ်။ သီတင်းနှစ်ပတ်လောက်ကြာတော့ ခိုလေးမှာ အမွှေးအတောင်လေးတွေ တော်တော်စုံလာပြီး ပေါက်ကာစကလောက် အကြည့်ရမဆိုးတော့ဘူး။
တနေ့ ရုံးက ပြန်လာတော့ သမီးက ဆီးပြောတယ်။ “မေမေရေ ဒီနေ့ ခိုမ သူ့ကလေးကို ပြန်လာကြည့်တယ်” တဲ့။ သြော်....ကောင်းပါလေ့။ ဒီလိုဆိုတော့လည်း ခိုမက ထင်သလောက်တော့ မဆိုးသေးဘူးပေါ့။ အစက ခိုကလေးကို ဘယ်သူအပျံသင်ပေးမလဲလို့ စိုးရိမ်နေခဲ့တာ။ သူ့မှာ မိခင်မေတ္တာတော့ ကျန်သေးပုံရတယ်။
*************
ပြီးခဲ့တဲ့ စနေနေ့ရုံးပိတ်ရက်၊ မနက်စောစော ကွန်ပြူတာရှေ့ထိုင်နေတုန်း ပြူတင်းပေါက်နားမှာ ငှက်တောင်ပံ ခတ်သံတွေ တဖျတ်ဖျတ် ကြားနေလို့ အပြင်ကို လှမ်းကြည့်လိုက်တော့ သူ့ကို အပျံစသင်တဲ့နေ့ဖြစ်နေပါရောလား။ ခိုအဖေနဲ့ ခိုအမေမှာ သူ့ကို ပျံဖို့ နားချရင်း တော်တော် အလုပ်ရှုပ်နေပုံရတယ်။ သူကတော့ လက်ရန်းပေါ်မှာ နားနေတာ၊ တုပ်တုပ်မှ မလှုပ်ဘူး။
ဒီခိုကလေး စပျံတဲ့ အချိန်လေးကို အမိအရ မှတ်တမ်းတင်ချင်လို့ ကင်မရာကို အမြန်ပြေးယူလိုက်တယ်။
အပျံသင်တာကို ချောင်းရိုက်တဲ့နေရာကတော့ ဒစ္စကာဗာရီတို့ ဘီဘီစီတို့ထဲကလို တောထဲ တောင်ထဲမှာ မဟုတ်ဘဲ ရေချိုးခန်းပြူတင်းပေါက် သေးသေးလေးက တဆင့်ပါ။ လူတရပ်ထက် မြင့်တဲ့ ပြူတင်းပေါက်မို့ ခွေးခြေခုံအပုလေးပေါ်မှာ မတ်တတ်ရပ်၊ တရုတ်ကပ် မှန်ပြားပေါ် ကင်မရာကို မေးတင်ပြီး ငြိမ်ငြိမ်လေး စောင့်ခဲ့ရတယ်။
တနာရီ နီးပါးလောက် ကြာလာတဲ့အထိ ဒင်းကလေးက မပျံသေးတော့ လူကလည်း ညောင်း၊ ကင်မရာပေါက်ထဲ ချောင်းရလွန်းလို့ မျက်စိတွေကလည်းပြာ၊ ချွေးတွေကလည်း တပြိုက်ပြိုက်နဲ့ပေါ့။
ခိုနှစ်ကောင် ခမြာလည်း သူတို့ ကလေးရှေ့က ဟန်ရေးပြပြီး ပျံပြနေရတာ အကြိမ်ပေါင်း မနည်းတော့ဘူး။
နောက်ဆုံးတော့ သူ စ ပျံပါတော့တယ်။
ခဏနေတော့ ရုတ်တရက် ရေချိုးခန်းပြူတင်းပေါက်နဲ့ အနီးဆုံး လက်ရန်းဘောင်ပေါ်မှာ လာနားပါတယ်။
သူ့အဖေနဲ့အမေကတော့ အသိုက်နေရာကနေ သူ့ကို ပြန်စောင့်နေကြပါပြီ။
နောက်ဆုံးမှာ သူလည်း သူ့အသိုက်ဆီကို ပျံသွားပါတော့တယ်။
နောက်တရက် နှစ်ရက်လောက်နေရင် ပန်းအိုးအသိုက်ကိုစွန့်ပြီး သူဟာ အရွယ်ရောက်တဲ့ ခိုကလေးတကောင်အဖြစ် အဝေးကို ပြန်ထွက်သွားတော့မှာပါ။ သွားရင်းလာရင်း တိုက်ခေါင်မိုးပေါ်မှာ၊ MRT လမ်း လက်ရန်းဘောင်တွေပေါ်မှာ ခိုကလေးတွေကို မြင်မိရင် ပန်းအိုးထဲက ခိုကလေးများလားလို့ သတိတရ တွေးဖြစ်နေဦးမယ် ထင်ပါရဲ့။

28 comments:
မဒမ်ပေါရဲ့ စာရော ပုံပါ မိုက်တယ်ဗျို့...
အမှတ်တရ မှတ်တမ်းတင်ထားတာ အိုင်ဒီယာ ကောင်းပါပေတယ်။
ကိုပေါရဲ့ ငယ်စဉ်ပိန်ပိန်ပါးပါးဘ၀ကနေ အခုအချိန်အထိ ဒီလို မှတ်တမ်းတင်လေးများ ရှိရင်လည်း လုပ်ပါဦး။
ဒါလေးကိုဖတ်ရတော့ အတောင်အလက်စုံပြီး အပျံသင်လို့ တတ်သွားရင် အသိုက်လေးကို စွန့်ပြီး ဝေးရာကို ပျံသွားတတ်တဲ့ ငှက်ကလေးတွေရဲ့ သဘာဝအကြောင်း တွေးရင်း ဝမ်းနည်းမိပါတယ်...
သဘာဝဆိုတော့လဲ... အင်း... သဘာဝပေါ့လေ...
မဒမ်ပေါရဲ့ ဖိုတို အက်ဆေးလေးက ရိုးရိုးလေးနဲ့ ဆန်းနေပါတယ် လှလဲ တကယ်လှပါတယ်...
နောက်ကိုလဲ အခုလို စာလှလှလေးတွေ အများကြီး ရေးပါအုံး...း))
>>>>>Pandora
အံမယ်လေး...ဒေါ်ပန်ဒိုရာ....တတ်နိုင်ပါပေ့ကွယ်။ “အသက်ကြီးပြီတို့၊ အရမ်းဝနေတယ်”တို့ တလုံးတပါဒမှ မပြောဘဲ စကားလုံးတွေကို ကစားပြီး ဇာတ်ကောင်စရိုက်ပေါ်လွင်အောင် ဝိနည်းလွတ် သရုပ်ဖော်သွားနိုင်ပါတယ်။ ကဒေါင်းစကားနဲ့ ပြောရရင် ဖတ်သူမှာ မျက်ရည်များတောင် ငေါက်တောက်ပန်းထွက်ချင်တယ်။
မဒမ်ပေါက ကွန်မင့်အတွက် ကျေးဇူးတင်ပါသတဲ့ဗျိုး။
>>>>>သက်ဝေ......
ကလောင်သစ်ကလေးကို လာအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မဒမ်ပေါဟာလည်း သက်ဝေလိုပဲ လူမှန်ရင် နှစ်ကျပ်ခွဲ တလုံး နဲ့ အလုပ်ရှုပ်နေသူ တယောက်ပါ။
မဒမ်ပေါရေးတာရော ဓာတ်ပုံတွေရော သဘောကျလိုက်တာ။ ကိုပေါရေးတာထက်တောင် ကောင်းသေး။ (ဟဲဟဲ အဲဒီလို ကိုပေါမျက်နှာကြီး ရှုံ့တွသွားမလား မသိဘူးနော်။ နောက်တာပါ။ တကယ်ကောင်းပါတယ် မဒမ်ပေါလက်ရာက)
ခုလို တဆင့်ချင်း ဓာတ်ပုံလေးတွေနဲ့ တခုတ်တရ သေချာမှတ်တမ်းတင်ထားတာလည်း အဟုတ်ကို ချီးကျူးပါတယ် မဒမ်ပေါ။
ဒါနဲ့ ကိုပေါရေ ဘာလို့ ဇူးဇင်တွေ တပ်ထားတာတုန်း။ နိုကိုဇူးဇင် မီကိုဇူးဇင်ကို အားကျလို့လား။ သူတို့ကတော့ ရှဲဒိုးလို့ ပြောကြတာပဲနော်။ မဒမ်ပေါကတော့ ရှဲမဒိုးလောက်ပါဘူး။ :)
ပေါဇူးဇင်မိသားစုရဲ့ စာတွေဆက်ဖတ်ချင်ပါသေးတယ် ။ ဟိုးတစ်ခါတုန်းကလည်း ပန်းပုံလေးတွေ ဒါ့ပုံရိုက်တင်သေးတယ်နော် ။ မိသားစုလိုက် စာတွေရေးပါဦး ။
regards,
ခမမ
မဒမ်ပေါ..
ဆလု ဆလု...
ရသမျိုးစုံပေးနိုင်တယ်....။
ဒဂယ်.. ဒဂယ်...
ကြိုးစားပါပေတယ်။ ဂုဏ်ထူးထွက်မယ်။
သဘောကျတယ်။ ခိုလေးတွေကို အကြောင်းပြုလို့ အိမ်နီးချင်းလူတွေ စုပေါင်းဆုံဆည်းရာ focal point လေးတစ်ခုရသွားတာပေါ့။ စာနဲ့ ပုံလေးတွေနဲ့ အလွန်လှပလိုက်လျောညီထွေတယ်။ စလုံးကလူတွေ ဓါတ်ပုံ ရိုက်တတ်ပုံများ အိမ်ရှင်မတောင် ဟင်းချက်နေရင်း ဖြစ်သလိုလက်ညှိုးတစ်ချက်ကွေးလိုက် ဂလိုပုံကောင်းလေးတွေထွက်တယ် ဆိုတာ သက်သေပြသွားသလိုပဲ။
မီး.. နောက်ထွက်မယ့် စာအုပ်မှာ မပြောမဆိုယူသုံးအုံးမှ :B
ဓာတ်ပုံလေးတွေနဲ့ဆိုတော့ ပုံကြည့်လိုက်၊ စာဖတ်လိုက် နဲ့မို့ ကောင်းလိုက်တာ.. ဒါမျိုး ကြည်ကြည်လေးတွေ ဖတ်ချင်ပါတယ်။ ရေးပြီးသားရှိရင် တင်ပါအုံး။
ဓာတ်ပုံရိုက် တော်တာတော့ မပြောတော့ပါဘူး။ ကိုပေါ ရိုက်ချက်နဲ့ မဒမ်ပေါ ရိုက်ချက် အကွာကြီး ကွာသလိုပါပဲ။ စာရော ပုံမှာပါ အားပေးလျက်ပါ။ :)
မဒမ်ပေါရဲ့ လက်ရာလေး လာဖတ်သွားပါတယ်။ ရေးထားတာရော ပုံလေးတွေရော စိတ်ဝင်စားဖို့ကောင်းတယ်။ ဒါမျိုးလေးတွေ များများရေးပေးပါ ... (မဒန်ပေါမှ သွားတက်ကလေးများပေါ်အောင် ပြုံးစေ... )
(ကိုပေါမှ မန့်သူထံ ညက်စောင်းတစ်ချက် ပစ်ထိုးစေ ...း))))
>>>>မေဓာဝီ......
ဇူးဇင်တွေ တပ်ရတာကတော့ စင်တင်ကလောင်သစ်ကလေးလို့ ကြော်ငြာထားတာနဲ့အညီ လိုက်ဖက်ညီအောင် နာမည်ပေးလိုက်ရတာပါဗျိုး။ အင်းလေ မြန်မာပြည်က ဟို ဘက်ဆဲလား တွေကို အားကျတာလည်း ပါတာပေါ့။း-)
>>>>ခပ်မြင့်မြင့်.... မိသားစုလိုက်တော့ မလုပ်ပါရစေနဲ့။ သမီးက ကျနော့်မကောင်းကွက်တွေ လူသိအောင် ရေးချင်လို့ ဘလော့ဂ်စပေါ့တ်လေးတခုလောက် ထောင်ချင်တယ် ပြောဘူးလို့ မျက်ခုံးလုပ်နေတာ။
>>>>ကိုဘွိုက်ဇ်.... ဆလု၊ ဆလု လား။ ဂလု... ဂလုလား။ ရသမျိုးစုံပေးတယ်ဆိုတော့ ခိုဥပြုတ်တို့ ခိုကြော်တို့ စားချင်နေသလား တွေးမိလို့ပါ။
>>>>ခင်ဦးမေ..... ဒါလည်း ခေတ်စားနေတဲ့ အထဲက တခုပဲ။ KMSL ကို ကင်မရာတလုံးနဲ့ လွှတ်လိုက်ပြီး စာရေးခိုင်းပေတော့။း-)
>>>> ဒီလိုဇူးဇင်/ဟိုလိုဇူးဇင် .....
ဟိုက်ရှာလပတ်ရည်..... ဒီတယောက်က ကလောင်ကိုရော၊ နည်းပညာပါ ကူးယူဖို့ ကြိုးစားနေပါကလား။
>>>> မိုးချိုသင်း ..... မဒမ်ပေါရဲ့ လက်ရာ ကဗျာတွေ ရှိသေးတယ်။ သူ့ကိုယ်ပိုင် ပရိုက်ဗိတ်ဘလော့ဂ်မှာ ရေးထားတာ။ ၂၀၀၇ ခုနှစ်ကတည်းက။ နောက်ပိုင်းမှာ တင်ပေးပါ့မယ်။
မှန်တယ်ဗျ။ နတ်သုဒ္ဓါတွေချည်း ကျွေးလွန်းပြန်ရန်လည်း လူတွေက အီပြီး ငပိရည်ကလေးကို တောင့်တတတ်ကြတယ်....း-) (အတည်ပြောတယ် မထင်နဲ့ဦးနော်)
>>>> တီတီဆွိ ..... လာမယ်၊ ကြာမယ်... ကွန်မင့်ကို မျက်မှောင်ကြုပ်ပြီး ဖတ်လိုက်ပါတယ်။
လာရောက် အားပေးသွားသူအပေါင်းကို ကျေးဇူးတင်ပါတယ်။
ဓါတ်ပုံကလေးတွေကိုစိတ်ရှည်လက်ရှည်ရက်ပေါင်းများစွာ
ကိုဖြတ်သန်းပြီးရိုက်ထားလို့  မဒမ်ပေါရဲ့ စိတ်ရှည်မှု့  ကို
လေးစားသွားပါတယ်ဗျာ -
အစ်မရဲ့ အိုင်ဒီယာ ကောင်းလိုက်တာ။
အကောင်လေးတစ်ကောင် အလကားနေရင်း သေသွားတယ်။ ခိုစုံတွဲက ဘယ်သွားပြီး ဘာလုပ်နေကြလို့ အကြာကြီး ပစ်ထားရတာလဲ လို့ တွေးနေမိတယ်။
ဒီမှာကလည်း ငှက်တွေ့ရင် “ ဒါ...ကြော်စားလို့ရတယ်” လို့ တွေးမယ့်လူ ရှားပေတာကိုး။
ဒီစာကြောင်းဖတ်ရင်းနဲ့ပြုံးမိတယ်။
National Geographic အသေးစားမျိုးကြည့်လိုက်ရသလို ကောင်းပါတယ်။ မဒမ်ပေါရဲ့ ဓာတ်ပုံနဲ့ စာသားတွေ ကောင်းလို့ ကွန်မန့်ရေးလိုက်မိပါတယ်။
နောက်ကိုလည်း အခုလို အသစ်ဝယ်ထားတဲ့ နှစ်ကျပ်ခွဲနဲ့ ဓာတ်ပုံမှတ်တမ်းလေးတွေ ရေးပါဦး။
မဒမ်ပေါရဲ့ ငှက်ကလေးတွေအပေါ်မှာထားတဲ့ သံယောဇဉ်လေးတွေကို သရုပ်ဖော်ထားတာ တော်တော်လေးကောင်းတယ်... ပုံလေးတွေကို သေချာ စနစ်တကျ ရိုက်ထားတယ်....
ဒါမျိုးလေးတွေ ထပ်ဖတ်ချင်သေးပါတယ်...
Ko Paw: I suggest to tarnslate in English and post to Strait Times. It can be social harmony article in HDB from Myanmar PR's point of view.
My idea is nothing realted to politics but we do need a nest for time being while we are at Singapore (when we need a little nest like a little dove).
Indirectly the Government should care us like your neighbor,Chinese Uncle.
If I sounds like pro-government or pro-LKY, please delete my comment.
By the way, I regularly visit your blog and like your view.
Pyei Soan
@Pyei Soan
It is not time for verbal sucking
@ST. After Spore's elections perhaps!!!
What you have suggested will make
things worse (Burmese will be targetted). Everycountry loves
hot chicks coming down to their
country but not La Das coming
to their home to nest. We are
sad to say it but La Das in
their view. My 2 cents is that contemporary Singapore political environment is not right for throating or sucking. Try another time mate!
မဒမ်ပေါဇူးဇင်က ကလောင်သစ်ပေမယ့် ရွက်ပုန်းသီးကလေးဖြစ်မယ်။ သိပ်ကောင်းတာပဲ၊ ရေးထားတာ...။ ကိုပေါကို ကျော်တက်သွားပြီ :P
It is a good presentation.
I got a worry while the couple pigeon left their babies.
BINO
Dear Ko Paw
Love your third picture, very well taken. And your post as well, very well written.
Cheers..
ကောင်းတယ်ခင်ဗျ
နောက်ထက်အဲဒါမျိုးလေးတွေရှိရင်လည်းတင်ပေးပါနော်
အစ်ကိုပေါကိုတော့ ဘလော့ပင်စင်ပေးလိုက်ပေါ့နော့
ဟူး.. တော်သေးတာပေါ့ဗျာ၊ ခိုမဟုတ်ပဲ တခြားငှက်တကောင်ကောင်များ ပေါက်လာမလားလို့ စိတ်ပူလိုက်ရတာ.. အဲဒါဆို ခိုမတော့ ရှင်းလို့မပြီးတော့ဘူး..
ညီမလေးရေ... ရင်ထဲကို ထိသွားတဲ့ဆောင်းပါးလေးပါ... ခိုပေါက်လေးတွေထားပြီး သူ့ ဖေရောမေပါပြန်သွားတယ်ဆိုတော့ စိတ်ထဲမှာ အတော်မကောင်းလိုက်တာ... ခိုလေးတကောင်သေးသွားတယ်ဆိုတော့ ငိုတောင်ငိုချင်မိတယ်... အိမ်ရှင်အဖိုးကြီးက အတော်ကြင်နာတတ်တာပဲနော်.. ဒီနိုင်ငံမှာ ဒါမျိုးသူတွေတွေ့ ရခဲသလားလို့ ... တကယ့်အဖြစ်အပျက်လေးကို ခုလို ဓာတ်ပုံလေးနဲ့ မှတ်တမ်းတင်တာ တွေ့ ရခဲတာမို့ ကျေးဇူးပါညီမရေ... ခိုဥကို ခုမှမြင်ဖူးတာ... နောက်အဲဒါမျိုးစိတ်ဝင်စားစရာဆို တို့ ကိုလက်တို့ လိုက်နော်... ငှက်လေးတွေချစ်တတ်တာသိတယ်မိုလား
မဒမ်ပေါဇူးဇင် …
ပထမဦးဆုံး ဖွင့်ပွဲမှာ ကောင်းမွန်သော တင်ပြပုံကြောင့် ဘော်ဒါဘော်ချက်တွေနဲ့ စည်ကားသိုက်မြိုက်နေတာတွေ့ရလို့ ၀မ်းသာကြောင်းပါ။
စိတ်အ၀င်စားဆုံးက ဘာကြောင့် ခိုမွေးကင်းစလေးတွေကို ခိုလင်မယားက ရက်သတ္တပတ် နှစ်ပတ်လောက်ကြာ ပစ်ထားပြီးမှ ပြန်လာတာလဲ။
ဒါ ခိုတွေရဲ့ သဘာဝလား။ ဒါမှမဟုတ် …
စာရေးသူအနေနဲ့ ထပ်မံ ရှာဖွေ ဖြည့်စွက်ပေးရင် ပိုပြည့်စုံကောင်းမွန်တဲ့ ပို့စ်တစ်ခု ဖြစ်လာမှာပါ။
စိတ်ထဲကနေ ဒီကောင် အချွန်နဲ့ မပြီလို့ မထင်စေချင်ပါ။ ဟီး ဟီး …
စိတ်ဝင်စားဖွယ် ပို့စ်ကောင်းများ ဆက်တိုက်ရေးသားနိုင်ပြီး ကိုပေါလည်း လက်အမြဲ ညောင်းနိုင်ပါစေ။
ကိုပေါက ကျွန်မပထမဦးဆုံးတင်တဲ့ Cookatoo အကြောင်းပို့စ်မှာ မဒမ်ပေါလည်း ငှက်တွေကို စိတ်ဝင်စားကြောင်း မှတ်ချက်လာရေးဖူးတာ အခုမှ ပြန်သတိရတယ်။ ကျွန်မလည်း တိရိစ္ဆာန်ထဲမှာ ငှက်ကို အကြိုက်ဆုံးပဲ။ ငှက်တွေရဲ့ အလေ့အထကို လေ့လာရတာ သိပ်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ ငှက်ကလေးတွေကို မဒမ်ပေါက ဒီလောက်အထိ စိတ်ဝင်တစား အချိန်ယူဓါတ်ပုံစောင့်ရိုက်ပြီး တင်ထားပေးနိုင်တာ တော်တော်ကို စိတ်ဝင်တစားရှိလို့ဆိုတာ ယုံသွားပြီ။ ဒီလောက်အထိ အချိန်ယူနိုင်ပြီးမှတော့ နောက်တခါတင်ဖြစ်ရင် ပိုပြီး ပြည့်စုံသွားအောင် အဲဒီငှက်ရဲ့ သဘောသဘာဝလေးပါ အင်တာနက်က ရှာပြီးနည်းနည်းဖြည့်ရေးပေးဖို့ အကြံပြုပါတယ်။ မဒမ်ပေါက ဓါတ်ပုံရိုက်လည်း တော်တော်ကောင်းတယ်နော့်။ ဒီပို့စ်လေးအတွက် မဒမ်ပေါကို ကျေးဇူးတင်ပါတယ်။
နောက်ကျသွားတယ်ဗျို့...ကိုပေါလက်ရာထက် ပိုကြိုက်တာက နွေးထွေးမှုလေးပါနေလို့... ပိုလူသားဆန်တယ်...။
ဟမ်...အဲသလို ဆိုပြန်တော့ တောင်တောရယ်သာ ဆိုလိုက်လို့ မြောက်တောက အလိုလို ငုပ်သွားတယ် ဖြစ်အုံးမယ်။
တလိုင်းစီပေါ့ဗျာ...ဆက်ရေးပါ ဆက်ရိုက်ပါ မဒမ်ပေါဇူးဇင်ရေ စောင့်မျှော်အားပေးပါ့မယ်...
ကျနော်တို.ဘလောက်မှာလဲ လာဥသေးတယ်ဗျ..documentry မရိုက်လိုက်ရတာ နာလိုက်တာဗျာ..အဲ ကိုပေါခိုမတော.မဟုတ်လောက် ဘူး
Post a Comment