အစဉ်အရမ်းမိတဲ့ ရှင်ဂွမ်းဂွိတယောက် အခုတလော ရွစိတက်နေသည်။ ရွစိမတက်ဘဲ ခံနိုင်မည်လော။ ဗယ်လင်တိုင်းဒေး ခေါ် ချစ်သူများနေ့ ရောက်ကာနီးပြီကိုး။
ခြေသလုံးအိမ်တိုင်ကြီးခေါ်ဆိုရလောက်အောင် တုတ်ခိုင်သည့် ခြေသလုံးရှိသော ရှင်ဂွမ်းဂွိတယောက်ကို မြှားနတ်မောင် မျက်စိမှောက်နေသလော မပြောတတ်။ ရှင်ဂွမ်းဂွိမှာ လက်ဆုပ်လက်ကိုင် ချစ်သူမရှိသေး။
သူမခမြာ မနက်မိုးလင်းသည်နှင့် ဘလော့ဂ်တကာ...အဲလေ.. ရွာထဲမှ အိမ်တကာသို့ လှည့်လည်ကာ ချစ်သူခင်သူ ချစ်ကျွမ်းသူများကို ရှာဖွေရသည်။ အိမ်တကာလှည့်၍ နှုတ်ဆက်ရသည်။
“ဟယ်..... ကိုဗညားပိစိ ချက်ထားတဲ့ ဟင်းက စားချင်စရာလေး။ ဂွိဖြင့် သွားရည်များတောင် ယိုတယ်။ ရှလွတ်.....။ မမ ရှင်ဗွေးတုတ်တို့များ လင်ကံကောင်းလိုက်တာနော်”
ဟင်းချက်ဝါသနာပါသော ဗညားပိစိတို့ လင်မယားအိမ်သို့အရောက် ချက်ထားသော ဟင်းလျာများကို ဖွင့်ကြည့်ရင်း ပြောလိုက်သော ရှင်ဂွမ်းဂွိ၏ ပဋိသန္ဓာရ စကားပင်တည်း။ လင်တော်မောင် ချက်ပြုတ်လျှင် ယောင်းမ၊ ဓား၊ စလောင်းဖုံး၊ ငရုတ်ကျည်ပွေ့နှင့် အမှိုက်သရိုက်များကို ဒိုင်ခံသိမ်းဆည်းပေးရသော ရှင်ဗွေးတုတ်ကား မချိသွားဖြဲသာ ပြုံးနိုင်တော့၏။
တဖန်.... အသက်အရွယ်ထောက်နေပြီဖြစ်သော်ငြား ငယ်မူငယ်သွေးများကြွလျက်ရှိကာ ချစ်ခိုးများတဝေေ၀ဖြင့် အချစ်သီချင်းများကိုသာ သီဆိုဟစ်ကြွေးလေ့ရှိသော “ပန်းကန်ပြည်မှ အိုခြစ်ရာ” အိမ်သို့ရောက်သောအခါ.....
“မမတို့များ..... တချိန်လုံး သိင်္ဂါရ ရသတွေနဲ့ ထုံမွှန်းနေတော့တာပဲနော်။ အားကျလိုက်တာ။ ဂွိလဲ လင်လိုချင်...အဲလေ...အဲသည်လို အချစ်ရနံ့လေးတွေနဲ့ ထုံမွှန်းနေချင်လိုက်တာနော်....” ဟု ပြောကြားတတ်လေသည်။
တခါတလေတော့လည်း ရှင်ဂွမ်းဂွိသည် မိမိပြောသည့် စကား ဘယ်အဓိပ္ပါယ်သို့ ဆိုက်ရောက်သည်မသိ။ တပါးသူပြောစကားကို စွတ်ရွတ်ထောက်ခံကာ ပြောတတ်သေး၏။
တခါက.... အလွန်ညစ်ပတ်သဖြင့် ပွေး၊၀ဲ၊ ညှင်း၊ ဒက်များ ပေါင်တွင် ပရပွ ပေါက်လျက်ရှိသော ကာလသားခေါင်း ၀ဲကျော်၏ အိမ်ရှေ့သို့ ရောက်သောအခါ “ယားလိုက်တာနော်၊ အမေရယ်။ သေသာသေချင်တော့တယ်” ဟူသော ကိုဝဲကျော်၏ ညည်းညူသံကို အိမ်ရှေ့က ဖြတ်သွားရင်း နားစွန်နားဖျား ကြားသောအခါ.......ရှင်ဂွမ်းဂွိက......“အံမယ်လေး.. ကိုဝဲကျော်ကြီးတယောက်တည်း ဟုတ်ရပေါင်တော်။ ဂွိတို့လည်း အတူတူပါဘဲ” ဟု ဘုမသိဘမသိ အလိုက်သင့် ထောက်ခံပြောကြားသည် ဟူသတတ်။ ဤသို့သော ရှင်ဂွမ်းဂွိပင်တည်း။
တစုံတယောက်အိမ်သို့ သွားလည်လျှင် မိမိတွင် ပြောစရာစကားမရှိလျှင်လည်း “ဘာပြောရမှန်းတောင် မသိတော့ပါဘူးလို့သာ ပြောလိုက်ချင်တယ် အိမ်ရှင်ကြီးရယ်” ဟု မပြောတတ်သည်ကိုပင် စကားတခုသဖွယ် လုပ်ပြောတတ်သေး၏။ အနှီကဲ့သို့သော ရှင်ဂွမ်းဂွိပေတည်း။
သို့သော် ရှင်ဂွမ်းဂွိမှာ ရလွတ်ပလွတ်မှ နာမည်ကျော် ဆေးဆရာ ဦးတုတ်ကြီး သမီးဖြစ်သဖြင့် ပေါ့သေးသေး တော့မဟုတ်။ (ကီလို ၁၀၀ ခန့် ရှိသည်)။ ရှင်ဂွမ်းဂွိကို အကျွမ်းဝင်လိုသူ သကောင့်သားများလည်း နည်းနည်းနောနောမဟုတ်။
“မမဂွိရယ်။ မောင်လေးက....ဆရာ ဦးတုတ်ကြီးကို အဖေတယောက်လို လေးစားမိသူပါ။ ဒီတော့ မမကိုလည်း ဟိုလေ...ဟိဟိ...အစ်မတယောက်လို ချစ်ပါရစေလားညင်” ဆိုကာ သကာရည်လူးထားသော ထန်းလျက်လေသံဖြင့် ကြာပစ်နေသော မဟာပုရိသတို့လည်း တပုံတပင်။
မည်သို့ပင်ဖြစ်စေ ရှင်ဂွမ်းဂွိသည် အမျိုးမာန်တက်သူဖြစ်သည်။ တော်ရုံ ပုရိသ များကို စိတ်ကူးထဲပင် ထည့်ချင်သူမဟုတ်ပါ။ မိတ္တဗလ ဋီကာနှင့်အညီ ကြိုးရှည်ရှည်ဖြင့် လှန်ထားရုံလောက်သာ ရည်ရွယ်သူဖြစ်သည်။ သို့သော် ဗယ်လင်တိုင်းဒေးတွင် သူများနည်းတူ အချစ်ပွဲသဘင်ကို တူစုံမောင်မယ် ဆင်နွှဲချင်သည့် စိတ်ကလည်း မသေးလှ။
သို့နှင့် ရှင်ဂွမ်းဂွိသည် ငယ်စဉ်တောင်ကျေး ကလေးဘ၀ ကတည်းက လင်မယားလုပ်တမ်း ကစားလာခဲ့သော မိမိက နိုင်စားရသူ သမိန်ပေါသွပ်အား ဥပါယ်တမျဉ်ဖြင့် အောက်ပါအတိုင်း ပြော၏။
“ဟဲ့...ပေါသွပ်။ မနက်ဖန်ကျရင် အရီးလေး ဂွက်ထော် ခြံထဲက နှင်းဆီပန်းအနီတွေ ငါ့ကို ခူးလာပေးပါလားဟင်၊ ငါ ဘုရားတင်ချင်လို့”
အရီးလေးဂွက်ထော်မှာ သူ့ခြံထဲမှ နှင်းဆီပန်းများကို အင်မတန် တွန့်တိုသူဖြစ်သည်။ ရောင်းလည်းမရောင်း၊ အလကားလည်း ခူးခွင့်မပြု။ ပန်းပွင့်ဟူသည် အပင်မှာပဲ တင့်တယ်သည်ဟု ယူဆထားသူဖြစ်လေသည်။ သူ၏ နှင်းဆီပန်းကို ရယူနိုင်ရန် တခုတည်းသော နည်းလမ်းတခုမှာ အရီးလေးအိပ်ချိန်တွင် ခြံထဲသို့ တိတ်တဆိတ် ၀င်ရောက် ခူးယူရန် နည်းလမ်းသာဖြစ်လေသည်။
သမိန်ပေါသွပ်မှာ သူငယ်ချင်းများနှင့်အတူ သေရည်သောက်ရန် ချိန်းထားသည့်အချိန် မိမိအား ငယ်နိုင်ဖြစ်သူ ရှင်ဂွမ်းဂွိက ဤသို့ဤနှယ် ခိုင်းလာသောအခါ စိတ်ညစ်သွားပေသည်။ ရှင်ဂွမ်းဂွိကိုသာမက ဖခင်ဖြစ်သူ ဆေးဆရာ ဦးတုတ်ကြီးကိုပါ ကြောက်ရသူပီပီ......
“ဂွိရေ....ဘာမှ မပူနဲ့။ ဂွိအတွက်ဆိုရင် ဘာမဆို ရစေရမယ်။ ယောက်ျားတံခွန်၊ လူရည်ချွန်လည်း၊ ဓါတ်တိုင်တမွတ်၊ ဖန်သီးဆွတ်က၊ မလွတ်စတမ်း၊ အချုပ်မြန်း၏ တဲ့။ ပေါသွပ် ကြံဆောင် ပေးပါ့မယ်”။
ဤသို့ဖြင့် ပေါသွပ်တယောက် “ပန်းကန်ရာဇ၀င် ဇာတ်လမ်းထဲက လူစွမ်းကောင်း တဦးနှယ်” ပန်းဆက်သမားဘ၀ကို နှလုံးမူပြီး အရီးလေးဂွက်ထော်ခြံမှ နှင်းဆီပန်းကို ခိုးယူရန် လူခြေအတိတ်ကို ခြံစည်းရိုးအရိပ်ကွယ်ကနေ တိတ်တဆိတ် စောင့်စားရချေသည်။
(ဤတွင် တခန်းရပ်....ကန့်လန့်ကာချ)
(ကားလိပ်ဖွင့်...... ညပန်းချီကားနောက်ခံ၊ လမထွက်၊ ကြယ်မလင်း၊ လမ်းမီးတိုင်မရှိ၊ ပိုးစုန်းကြူးမပျံ၊ ရန်ကုန်ရွှေမြို့တော်၏ ညရှုခင်းအလား ပိန်းပိန်းပိတ်သော အမဲနောက်ခံ၊ ပုရစ်အော်သံ သဲ့သဲ့ ကြားရ)
“ Cock A Doodle Doo!"
သိုးဆောင်းဘာသာ ၀မ်းစာနည်းရှာသော စာဖတ်ပရိသတ်အတွက် အောက်တွင် ဘာသာပြန်ပေးလိုက်ပါသည်။
“အောက် အီ အီး အွတ်”
“ဟယ်....ဘာလိုလိုနဲ့ သက်ကြီးခေါင်းချ ချိန်တောင် ရောက်ပါပေါ့လား။ ငါကြံစည်သည့်အရေးကိစ္စ ဒိဋ္ဌအောင်မြင်ဘို့ဆိုရင် အခုပင် ချိန်ခါသင့်ပါပေါ့လား။ အရီးလေးဂွက်ထော် အိပ်လောက်ပြီ။ အခုဘဲ နှင်းဆီပန်းကို ၀င်ခူးမှ တော်ချေရော့မယ်”
သမိန်ပေါသွပ်သည် သူ၏ အတွေးများကို အထက်ပါအတိုင်း စာရေးသူကြားအောင် ကျယ်လောင်စွာ တွေးပြီးသောအခါ ခြံစည်းရိုးခွေးတိုးပေါက်မှနေ၍ တိုးဝင်ကာ နှင်းဆီပင်များဆီသို့ တောက်တဲ့တကောင်ကဲ့သို့ တွားသွားလေသည်။
နှင်းဆီးပင်များအနီးသို့ရောက်သောအခါ ခါးကြားတွင် ၀ှက်ယူလာသော ဓါးမြှောင်ဖြင့် အလှဆုံးနှင်းဆီပန်းများကို ရွေးကာ ခူးဖြတ်ယူလေသည်။
ထို့နောက် ပန်းများကို ဘေးနားရှိ ငှက်ပျောပင်မှ ငှက်ပျောဖက်ဖြင့် ပတ်၍ စည်းနှောင်ကာ ပြန်လှည့်မည် အပြု....
“မွေးမေလေ့....အမလေး...သေပါပြီဗျား”......ပေါသွပ်ထံမှာ နာကျင်စွာ ထွက်ပေါ်လာသော အသံပေတည်း။ ပေါသွပ်၏ ပါးပြင်ကို နှင်းဆီပင်မှ ဆူးခက်သည် ခြစ်မိသဖြင့် သွေးစို့သွားသောကြောင့်တည်း။
ပေါသွပ်သည် စပ်ဖျဉ်းဖျဉ်းဖြစ်သွားသော ပါးပြင်ကို လက်ဖြင့် အသာပွတ်၍ မိမိအား ဒုက္ခပေးသော ရှင်ဂွမ်းဂွိကို တိတ်တဆိတ် ကျိန်ဆဲ၏။ ထို့ပြင် အင်မတန် နာကျည်းလှသော အသံဖြင့်.....“ အို...မိန်းမအပေါင်းတို့.....အသင်တို့သည် အဘယ့်ကြောင့် မိန်းမများ ဖြစ်နေကြရပါသနည်း” ဟု ရေရွတ်လိုက်သည်။
ဤတွင်...
“ယောက်ျားများမဟုတ်၍ မိန်းမများ ဖြစ်နေရပါသည် ငါ့ရှင်....၀ူးထွားဟားဟား”
အသံနက်ကြီးဖြင့် ရယ်သံများ ပေါ်လာကြသည်။
ပေါသွပ်ဘေးတဖက်တချက်တွင် အရိပ်မည်းကြီးနှစ်ခု ခြံရံလျက်။ ပေါသွပ်တယောက် ခိုးထုပ်ခိုးထည်ဖြင့် လက်ပူးလက်ကြပ် အဖမ်းခံရချေပြီတကား။
တယောက်က မီးတုတ်ကို ထွန်းညှိလိုက်သောအခါ ပေါသွပ်သည် လူများကို သဲသဲကွဲကွဲမြင်ရချေပြီ။ ညာဘက်တွင် အရီးလေး ဂွက်ထော်၊ ဘယ်ဘက်တွင် ဆေးဆရာ ဦးတုတ်ကြီး။
“ဟဲ့...ပေါသွပ်....ငါ့နှင်းဆီပန်းကို နင်ဘာကြောင့် လာခိုးရသလဲ...ပြောစမ်း” .....အရီးလေး ဂွက်ထော်၏ အသံ။
ပေါသွပ်လည်း ကြောက်ကြောက်ရွံ့ရွံ့ဖြင့်...“ ဟို...ဟို....ရှင်ဂွမ်းဂွိက ခူးခိုင်းလို့ပါ”...ဟု ၀န်ခံလိုက်လေသည်။
“ဘာကွ....မင်းကများ ငါ့သမီးကို ရာရာစစ၊ အနူလက်နဲ့ ရွှေခွက်နှိုက်ချင်တာလား၊ စော်စော်ကားကား။ ကဲ...ရှင်ဂွက်ထော်...ဒီကောင့်ကို ဖမ်းပြီး သူကြီးလက်ကို အပ်ရမယ်”ဟု ဦးတုတ်ကြီးက ဒေါသတကြီး ပြောလေသည်။
သို့နှင့် သမိန်ပေါသွပ်ကို နှောင်ကြိုးများဖြင့် တည်းလေသည်။ သို့ဖြင့် အားလုံး အရီးလေးဂွက်ထော်ခြံထဲက ထွက်မည်အလုပ်..... ရှင်ဂွမ်းဂွိတယောက် ခြံစည်းရိုးမှောင်ရိပ်မှ ဗြုန်းကနဲ ထွက်လာကာ....
“ဖေဖေ...ဖေဖေ၊ သွပ်သွပ်ကို မဖမ်းပါနဲ့။ ဗယ်လင်တိုင်းဒေးအတွက် သမီးအခူးခိုင်းလိုက်တာပါ၊ သမီးတို့ ချစ်ခြင်းကို မခွဲပါနဲ့ ဒက်ဒီရယ်။ သွပ်သွပ်က အလန်းလေးပါ” ဟု မျက်ရည်လည်ရွဲဖြင့် တောင်းပန်လေသည်။
ဦးတုတ်ကြီးမှာ....ရုတ်တရက် ဘာပြောရမှန်းမသိ။ အတန်ကြာမှ....
“ကြည့်စမ်း....ငါ့သမီးလေးတော်လှ အောက်မေ့နေတာ။ ယောက်မကို မြင်းစီးထွက်တယ်။ အေးလေ... သမီးတကောင်၊ နွားတထောင်ဆိုတဲ့အတိုင်း ခက်ချေပေါ့။ အေးလေ...ဘာပဲဖြစ်ဖြစ် ငါကလည်း ရှင်ဂွက်ထော်နဲ့ ရည်ငံနေပြီဆိုတော့ မင်းတို့ လူငယ်တွေကိစ္စကို နားလည်ပေးရပေမပေါ့” ....ဟု ပြောလေသည်။ ထိုအခါမှ ပေါသွပ်လည်း ဦးတုတ်ကြီးတယောက် အရီးလေးဂွက်ထော်အိမ်သို့ အချိန်မတော် ရောက်နေရခြင်း အကြောင်းရင်းကို ဇာတ်ရည်လည်သွားလေသည်။
သို့နှင့် ဗယ်လင်တိုင်းဒေး ရောက်သောအခါ ရလွတ်ပလွတ်ရွာတွင် အတွဲနှစ်တွဲ ထပ်တိုးလေသည်။ ပေါသွပ်မူကား အသွားမတော် ခြေတလှမ်းကြောင့် မရည်ရွယ်ဘဲ ရည်းစားတယောက် ရလိုက်လေသည်။
(ဗယ်လင်တိုင်းဒေး အမှတ်တရ အဖြစ် ဤသို့လျှင် ပေါက်ကရ ဇာတ်လမ်းရှော်ကြီးကို ရေးသားလိုက်ပါသည်။ ဇာတ်ကောင်အမည်များနှင့် အချို့စာသားများမှာ ကာတွန်းမောင်ဝဏ္ဏ၏ သမိန်ပေါသွပ်ကာတွန်းများမှ နာမည်များ၊ အသုံးအနှုန်းများ ဖြစ်ကြောင်း ၀န်ခံပါသည်။ အရင်နှစ်က ရေးခဲ့တဲ့ ဗယ်လင်တိုင်းဒေး အမှတ်တရ ပို့စ်ကို ဒီမှာ ဖတ်နိုင်ပါတယ်။)

19 comments:
ညောင်ရမ်းဂွတိုလည်း မပါဘူး.။
ရလွတ်ပလွတ်တိုင်းပြည်မှာ
အာတာလွတ် မြို့စားကြီးလဲ ရှိသလေ...
အလကားကျော်စွာလည်းပျောက်နေတယ်။
13 Feb 09, 23:26
ုkom: ဂွိ နဲ့ ကိုပေါရဲ့ ဂွိ နဲ့ဘာမှ မဆိုင်ဘူးနော်။ (ဖြေရှင်းသွားသည်။ )
ရယ်ရတယ်ကိုပေါရေ ....။
post အတွက်ကျေးဇူးတင်ပါတယ် ...။
ရယ်ရတယ်ကိုပေါရေ ....။
post အတွက်ကျေးဇူးတင်ပါတယ် ...။
ကိုပေါကလည်း ကာတွန်းပုံလေးတွေပါ ထဲ့ရမှာ-း)
ကာတွန်းတောင်ပြန်ဖတ်ချင်လာပီ။
ဟား ဟား မိုက်တယ် ကိုပေါ
ခုမှ နံမည်နဲ့ လိုက်သွားပြီ..
စတာပါ.. အဟီးးး
်အစဉ်အရမ်းမိတဲ့ ရှင်ဂွမ်းဂွိ နဲ့ သမိန်ပေါသွပ်အကြောင်း ပြန်ဖတ်ရတော့ သူငယ်ပြန်.. အဲ့.ငယ်မူပြန်မိပါတယ်..။ အရေးအသားက တကယ်ကောင်းတော့ ကာတွန်းမောင်ဝဏ္ဏရဲ့ စာသားတွေကို ကူးချထားသလား အထင် wrong မိပါတယ်..။ ကျေးဇူးပါဗျား..။ Happy Valentines Day to Mr. & Mrs. Paw!
ဇာတ်ပေါင်းသော် ...
သမိန်ပေါသွပ် သည် ကိုပေါဖြစ်၍ ရှင်ဂွမ်းဂွိကား မဒမ်ပေါ ဖြစ်သွားလေသတည်း။
တိန် ;)
အကြံပိုင် ပုံများကတော့ လူနိုင်ကို ရည်းစားဖြစ်အောင်လုပ်နည်းပေါ့ ဒီနည်းနဲ့ ကြိုးစားအုံးမှ မဒီကညာ တစ်ယောက်ရစေသား ..
ကိုပေတရာလည်း ထည့်သင့်ပါတယ်။ ဂွိရဲ့ အချစ်ဟောင်းပဲ။
Valentine’s cards can also be used for less than romantic purposes. Police in the UK city of Liverpool sent Valentine’s cards to criminals who failed to appear in court or have not paid fines. The cards contained the verse, “Roses are red, violets are blue, you’ve got a warrant, and we’d love to see you.” Who says romance is dead?
Totally agree with Anonymous.
ATN
အိုး… ဒီချစ်သူများနေ့ ဗားရှင်းက မိုက်ပါ့…

ရယ်နေရတယ်။
ဒါနဲ့ ကိုကိုသွပ်နဲ့ အမှန်အကန်ကြီးကို ရီငံနေကြတဲ့ ရွာအရှေ့ ပိုင်းက ဂွက်ထော်ကို ဘယ်လိုလုပ်ကြမှာလဲ။
ရယ်ရတယ်ဟေ့.... ဗြဲ...သွပ်သွပ်သွပ်..
သွားပြီဗျို့  ...ဒက်ဂလောက်...ဒက်ဂလောက်.....ဒက်ဂလောက်
“Roses are red, violets are blue, you’ve got a warrant, and we’d love to see you.”
"we’d love to see you." sounds very romantic. By the way, is it from the lady police or to the woman criminals?
Post a Comment