“အချစ်ဆေးရောင်စုံ”

Share |
ဗယ်လင်တိုင်းဒေး ကတော့ ကျော်သွားချေပြီတမုံ့။ မနေ့ကတော့ သူများတကာတွေ “ချစ်ချင်းငယ် ပြိုင်”နေကြတာကိုဘဲ လျှောက်ဖတ်နေလိုက်မိသည်။ သြော် ဗမာစကား.. ဗမာစကား။ အချစ်အကြီးပြိုင်တာကိုဘဲ ကဗျာလေး စာလေးနဲ့ ဖွဲ့လိုက်တော့ “ချစ်ချင်း....ငယ်...ပြိုင်” ဖြစ်ရသေးတော့နော်။ ဧကန္တတော့ အနောက်နန်းမတော် မမြကလေးက သူ့လင် ရှင်ဘုရင်ကို စိတ်နာလို့ တကယ်တမ်းမှာ စိတ်ကုန်နေပြီဆိုတာကို တဖက်လှည့်နဲ့ မသိမသာ....

“ချစ်ချင်းငယ်ပြိုင် မြစ်မင်းပိုင်အဏ္ဏ၀ါက ပြန်မသာကဲ....။
ယွင်းစေ့ဝသုန် ငွေစန်းသော်တာယုန်သို့
ကမ္ဘာကုန်ကျယ်သရွေ့ငယ်မှာ
ဘယ်မေ့လိမ့်လဲ” လို့ သူ့ရဲ့ ချစ်သမျှကို ပတ်ပျိုးမှာ ဟိုလိုလို ဒီလိုလို ရေးခဲ့တာထင်ပါ့...။ ပထမအပိုဒ်မှာ ဆဲလုံးလေးတောင် ပါလိုက်သေး.....။

သြော်....ဗယ်လင်တိုင်းနေ့ဆိုတော့ ချစ်သူတွေနဲ့ ပတ်သက်ပြီး စဉ်းစားလိုက်တဲ့အခါ အပေါင်းအသင်း မြှောက်ပေးလို့ ဒုက္ခရောက်ရတဲ့ ငနဲသား နှစ်ယောက်ရဲ့ မျက်နှာကို ကွက်ကနဲ ပြေးမြင်မိတယ်။

ပထမ တယောက်အကြောင်းက ဂလို။ ကျနော်မလေးရှားမှာ အလုပ်လုပ်တော့ ဗမာအင်ဂျင်နီယာ လေးယောက် တအိမ်တည်း အတူစုပြီး နေကြရတယ်။ အဲသည်လေးယောက်အနက် တယောက်က ကျန်သုံးယောက်ထက် ၅ နှစ်လောက် အတန်းကြီးတဲ့သူ။ ရည်းစားလက်ရှိနဲ့။ ကျန်သုံးယောက်က ရည်းစားဆိုလို့ မူးလို့ ရှူစရာမရှိဆိုတော့ အနှီပုဂ္ဂိုလ်ကြီးက ဟိုဒင်းတောမှာ လူချောဖြစ်နေတာပေါ့လေ။ အဲသည်ထဲမှာ တယောက်က အချစ်ရေးရာကိစ္စမှာ လုံးဝဥဿုံ မဘုတ်ဆုံ လို့ ပြောရ လောက်အောင် ဒုန်းဝေးသူ။ ကဗျာတွေ စာတွေနဲ့လည်း မယဉ်ပါး။ တခါတလေ အဲဒီ ရည်းစားလက်ရှိနဲ့ ပုဂ္ဂိုလ်က သူတက္ကသိုလ်ကျောင်းသားဘ၀ သွားခဲ့လာခဲ့တဲ့ နေရာလေးတွေကို လွမ်းလွမ်းဆွေးဆွေး တမ်းတတတ်တယ်။

“ငါကွာ....ငါ့အသည်းလေးနဲ့ ဒီအချိန် ပုဂံလမ်းမှာ လျှောက်ခဲ့တာကို သတိရတယ်ကွာ....” ဆိုတာမျိုးပေါ့။

အဲသည်အခါမျိုးမှာ ခုနက ကိုဒုန်းဝေးက “ကိုဉာဏ်၊ ပုဂံလမ်းဆိုတာ ဘယ်နေရာမှာလဲဗျ၊ သစ်ပုတ်ပင်ဆိုတာ ဘာကြီးလဲဗျ” စသဖြင့် အူကြောင်ကျားမေးခွန်းတွေ ထ ထမေးတတ်တယ်။ ဟိုပုဂ္ဂိုလ်ခမျာ စိတ်လေရှာတာပေါ့။ လွမ်းရတာတောင် မပီပြင်နိုင်တော့ဘူးမို့လား။

အဲ...တနေ့တော့ အဲသည် ဒုန်းဝေးတဲ့ ပုဂ္ဂိုလ်ဟာ၊ သဘာဝရဲ့ နိယာမတရားကြီးကြောင့်ဘဲ ပြောရမလား၊ ဟိုရည်းစားလက်ရှိပုဂ္ဂိုလ်ကို အားကျလို့ဘဲလား မသိ။ သူမြန်မာပြည်တုန်းက တဖက်သတ်ကျိတ်ပုန်း ကြိုက်ခဲ့တယ်လို့ ယူဆရတဲ့ ကောင်မလေးတယောက်ဆီကို ရည်းစားစာ ရေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲသည်မှာ ခုနင်က ပုဂ္ဂိုလ်ကြီးကို သူကဆရာတင်တယ်။ ရည်းစားစာ ရေးပုံရေးနည်းကအစ၊ နောက်ဆုံး စာရေးစက္ကူနဲ့ စာအိတ် အရောင် ရွေးပုံအဆုံး။ အဲသည် တုန်းက သူတို့နှစ်ယောက် အချီအချ ပြောနေတဲ့ စကားလေးတွေ ကျနော့်နားထဲက မထွက်။

“ကိုဉာဏ်ရေ၊ အချစ်ရဲ့ သင်္ကေတ အရောင်က ဘာရောင်လဲဗျ။”

“မရမ်းရောင်လေး၊ ငါ့ညီရေ။ မရမ်းရောင်လေး ရှာဝယ်ခဲ့”

ကျနော် စာအုပ်ဖတ်နေရင်း တစွန်းတစ ကြားလိုက်ရတယ်။ စိတ်ထဲမှာလည်း ကိုယ့်ဘာသာ တွေးလိုက်မိသေး။ သြော်... အချစ်ရဲ့ သင်္ကေတ အရောင်ကလည်း အတော့်ကို ပြောင်စပ်စပ် နိုင်လှပါကလားပေါ့လေ။ ဒီအကြောင်းကို အခုပြန်စဉ်းစားမိတော့တောင် ရယ်ချင်သေးတယ်။

ဟော....စင်္ကာပူရောက်တော့ အဲဒီလို ဂျောက်ကျတာကို ကိုယ်တွေ့ ကြုံရပါလေရော။ ကျနော် ကောင်မလေးဆီ ပထမဦးဆုံးအကြိမ် စာရေးနေတာကို သူငယ်ချင်းတယောက်က မြင်သွားတယ်။ (အိမ်က အဲသည်အချိန်က လူ ၇ ယောက် စုနေတာ)။ သူကပြောတယ်။

“ ဟေ့ကောင်....မောင်ပေါ၊ မင်းဒီအရွယ်ကြီး ရောက်နေပြီ။ ရည်းစားစာ ဘယ်လိုရေးရမှန်း မသိဘူးလား။ ခက်ပါလား။ ရိုးရိုးဘော့လ်ပင်ကြီးနဲ့ ရေးရသလားဟ။ လာစမ်း။ ရော့...ငါ့ ဒီဘော့လ်ပင်ကိုသုံး။ ဒီမှာ ရှူကြည့်စမ်း။ အနံ့ချင်းတူရဲ့လား”

အမယ်...ဟုတ်တယ်။ သူ့ဘော့လ်ပင်က မင်ကို နမ်းကြည့်တော့ ရနံ့သင်းသင်းလေး မွှေးသလိုလို ဘာလိုလို။ သဘောကျသွားတယ်။ အဲဒါနဲ့ အရောင်တွေ ဘာတွေလည်း ပုဂ္ဂိုလ်က သေသေချာချာ ထပ်ပြီး ရွေးချယ်ပေးလိုက်သေးတယ်။ ကျနော်ကလည်း မရမ်းရောင် မဟုတ်ရင်ပြီးရော။ သိပ်စောဒကမတက်ဘဲ သူ့ရွေးပေးတဲ့ အရောင်တွေ သုံးပြီး အဲဒီ စာကို ရေးလိုက်တယ်။ အံမယ်...ကျနော့် ပဲတီချဉ်လက်ရေးကို လှအောင် တော်တော် အချိန်ယူပြီး ရေးလိုက်ရတယ်။ ပြီးတော့မှ စာကို ပို့လိုက်တယ်။ အဆင်ပြေတယ်လို့ ပြောရမယ်။ အဲဒီအတွက် ဆရာသမားကိုလည်း လိုက်လံပြုစုလိုက်ရသေးတယ်။

နောက်တော်တော်ကြီးကြာမှ ကျနော့်ကောင်မလေး(အခု ကျနော့်မဒမ်)က ပြောတယ်။ ပထမဦးဆုံးရတဲ့စာက ပန်းရောင်ဖျော့ဖျော့စာရွက်ပေါ်မှာ ငွေမင်ပြောင်ပြောင်လက်လက်တွေနဲ့ ရေးထားမိလို့။ မင်ခြောက်သွားတော့ တော်ရုံနဲ့ ဖတ်ကြည့်ရင် မမြင်ရလို့ အိမ်ရှေ့က အလင်းရောင်မှာ ရည်းစားစာကို မနည်းထောင်ဖတ်ရတယ်တဲ့။ ကျနော့်ကောင်မလေးကလည်း မျက်စိက သိပ်ကောင်းလှတာမဟုတ်။ သူ့အမေက မြင်သွားတော့ သူ့ကို လှမ်းတောင် နောက်သတဲ့။ “ဟဲ့ မီးမီး။ နင့်စာက မီးကင်ပြီးမှ ဖတ်ရမှာလားမသိ” တဲ့။

အဲ....စကားစပ်မိလို့ ပြောရရင် ကျနော်အိမ်ထောင်ကျပြီးတဲ့နောက် ဇနီးနဲ့အတူ ငှားနေဘို့ အိမ်လိုက်ရှာတော့ ခုနက ဆရာသမားက ပြောသေးတယ်။ “မောင်ပေါ။ မင်းတို့ အိပ်ခန်းမှာ ရိုမန်းတစ်ဖြစ်ဘို့ မီးအရောင်လှလှ တပ်ဘို့လိုတယ်။ ငါ့ကို ဒေါ်လာ ၆၀၀ ရာနဲ့ဘဲ အပ်လိုက်။ အားလုံး အဆင်ပြေသွားအောင် အပြီးအစီး စီစဉ်ပေးမယ်။ အဲဒီမီးရောင်အောက်မှာဆိုရင် မင်းတို့ အသားအရေပေါ်မှာ ရှိတဲ့ အမာရွတ်တွေ၊ မှဲ့ခြောက်တွေ၊ ၀က်ခြံတွေကို လုံးလုံး မမြင်ရစေရဘူး။ လုံးဝ ရိုမန်းတစ် ဟေ့ကောင်ရေ...လုံးဝ ရိုမန်းတစ်” တဲ့။ အံမယ်လေး...လေး။ ရည်းစားစာမှာတုန်းကတော့ အိမ်ရှေ့အလင်း ရောင်မှာ ထွက်ဖတ်ရတာ ပြဿနာမရှိပေမယ့် သည်တခါမှာတော့ ကျနော့်မှာ “တခါသေဘူး၊ ပျဉ်ဖိုးနားလည်” ဆိုတဲ့အတိုင်း ကိုယ့်ဆရာကို ဆလံသပြီး ငြင်းလိုက်ရပါတယ်။

သြော်.....ဗယ်လင်တိုင်း...ဗယ်လင်တိုင်း.....ပေါက်တိပေါက်ရှာတွေကို သတိရပြီး ပြုံးရတဲ့ ဗယ်လင်တိုင်းပါတကား။

(တိုက်ဆိုင်သူများ ရှိပါက ထိုသူများကို ရည်ရွယ်၍ ရေးခြင်းဖြစ်ပါသတည်း။)

3 comments:

လင်းလက်ကြယ်စင် said...

ကိုပေါရေးထားတာလည်း ရိုမန်တစ်ဖြစ်ပါတယ် .. ။ ဗယ်လယ်တိုင်းကအပျော်တွေကတော့ မြင်ရသူတိုင်းတော့ စိတ်ချမ်းသာမှာပါနော် .. :)

တန်ခူး said...

မရမ်းရောင်လေးလဲဆိုရော ခွိကနဲထရယ်မိလို့ အနားကကောင်မလေးက ဂေါက်သွားပြီအထင်နဲ့ လှမ်းကြည့်တယ်။ တခါတလေဒီလိုflavorလေးတွေကစိတ်ကိုပေါ့ပါးစေတယ်ကိုပေါရေ။thanks

pandora said...

ဒီဗယ်လင်တိုင်းက တမျိုးပါလား အဟိ
အခုမှလာဖတ်ဖြစ်တယ်ဂျာ.. အိမ်သိပ်မလည်နိုင်

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs