“ငါမဆိုင်စိတ် မွေးသင့်သလား”

Share |
ကျနော်စီးလာသော ဘတ်စ်ကားသည် လှည်းတန်းမှတ်တိုင်မှ အထွက် လမ်းဘေးမှ စက်ဘီးနင်းလာသူတဦးနှင့် ပွတ်မိမလို ဖြစ်သွားသည်။

“ဟေ့....သေချင်လို့လား” ဘတ်စ်ကားဒရိုင်ဘာထံမှ ထွက်လာသော အသံဖြစ်သည်။

သို့နှင့် ဘတ်စ်ကားသည် မှတ်တိုင်များတွင် ရပ်လိုက်၊ မောင်းလိုက်နှင့် ခရီးဆက်လာသည်။ တနေရာတွင် ကားထွက်ပြီး မကြာခင် ၀ုန်းကနဲအသံကြီးနှင့်အတူ ဘတ်စ်ကား ထိုးရပ်သွားသည်။

“ဟာ...ဟိုကောင်၊ ကားကို ခဲနဲ့ ပေါက်ပြေးပြီ။ လိုက်လိုက်။ မလွတ်စေနဲ့” အသံများ ဆူညံပွက်လောရိုက်သွားသည်။

ကားစပယ်ယာသည် မော်တော်ကားဘီး ၀က်အူလှည့်ရာတွင် သုံးသော သံဒုတ်ကြီးကို ကားပေါ်က ဆွဲပြေးသွားတာလည်း မြင်လိုက်ရ၏။ ကားပေါ်မှ လှမ်းကြည့်လိုက်တော့ ကားကို ခဲဖြင့် ပစ်ပြေးသူ စက်ဘီးသမား (စောစောပိုင်းက ကားနှင့် တိုက်မိမလိုဖြစ်သောသူ)သည် စက်ဘီးပေါ် ကမန်းကတန်းတက်၍ လမ်းသွယ်လေးထဲသို့ ပြေးမည်လုပ်စဉ် စက်ဘီးချိန်းကြိုး ပြုတ်ကျသွားသည်ကို မြင်ရ၏။ လူများ ၀ိုင်းအုံသွားသည်။ ငါးမိနစ်လောက်အတွင်းမှာပင် အဖြစ်အပျက်များ မြန်ဆန်စွာ ဖြစ်ပျက်သွားသည်။

ခဏကြာတော့ ခေါင်းတွင် သွေးများယိုစီးလျက် သတိမေ့လျော့လျက်ရှိသော စက်ဘီးသမားကို ကားပေါ်သို့ ပွေ့တင်လာကာ ကားတံခါးများကို ပိတ်လိုက်သည်။ စပယ်ယာသည် သွေးစွန်းနေသော သံဒုတ်ကို မူလနေရာတွင် ပြန်ထိုးထည့်လိုက်သည်။ ကျနော်တို့နှင့်အတူ ကားပေါ်တွင် ကျန်ရစ်ခဲ့သော ဒရိုင်ဘာကို ကြည့်ရသည်မှာ အင်မတန်ပင် စိတ်ညစ်သွားဟန်ရှိသည်။

စပယ်ယာက ကားပေါ်ရှိခရီးသည်အားလုံးအား “ကဲ....ကဲ၊ ခရီးသည်တွေ အားလုံးမြင်ကြတယ်နော်။ ကားကို ခဲနဲ့ပေါက်ပြီးထွက်ပြေးလို့ နောက်ကနေ လူအုပ်လိုက်သွားပြီး ၀ိုင်းရိုက်ကြတာ။ အခု ဘယ်သူမှ ဆင်းလို့မရဘူး။ ရဲစခန်းကို သက်သေအဖြစ် လိုက်ခဲ့ကြရမယ်”

အချိန်မှာ ညနေတော်တော်စောင်းနေပြီဖြစ်သည်။ မပတ်သက်လိုသော ခရီးသည်များက ပူညံပူညံလုပ်သဖြင့် အင်းစိန်ကုန်းကျော်တံတားအလွန် ဟီးနိုးဂိတ်မှတ်တိုင်သို့ ရောက်သော အခါ ကားတံခါးပေါက်ကို တ၀က်တပျက် ဖွင့်ပေးကာ “ကဲကဲ အမျိုးသမီးများ ဆင်းကြပါ။ အမျိုးသားများကတော့ သက်သေလိုက်ခဲ့ကြဘို့ လိုပါတယ်” ဟု စပယ်ယာက အော်လေသည်။
သို့သော် တကယ်တမ်းတွင်မူ အမျိုးသားအချို့လည်း အလုအယက် တိုးဝှေ့ဆင်းသွားကြလေ သည်။ ထိုအထဲတွင် ကျနော့်အိမ်တွင် တည်းခိုနေသော ကျနော့်ညီဝမ်းကွဲလည်း ပါသွားရာ ကျနော့်မှာ စိတ်စနိုးစနောင့်ဖြစ်ရလေသည်။ အခြားကြောင့်မဟုတ်။ ကျနော်သည် ဤကိစ္စတွင် ရဲစခန်းသို့လိုက်ပြီး မျက်မြင်သက်သေအဖြစ် ရဲစစ်ချက်ခံဖို့ ဆုံးဖြတ်ပြီးဖြစ်ရာ ကျနော့်ညီဝမ်းကွဲကို အိမ်သို့ အရင်ပြန် ရောက်မသွားစေချင်ပါ။ အိမ်က မုချ စိတ်ပူမည် ဖြစ်သည်။

သို့နှင့် ရွာမရဲစခန်းသို့ ရောက်၏။ ကားပေါ်ကျန်ခဲ့သူများမှာလည်း ရွာမရဲစခန်းတွင် ကားရပ်ထားစဉ် မယောင်မလည်နှင့် ထလစ်ကြကုန်၍ နောက်ဆုံးတွင် မျက်မြင်သက်သေဟူ၍ ကျနော်နှင့် ရွှေပြည်သာမှ အကြော်သည်တဦးသာ ကျန်တော့သည်။

ရွာမရဲစခန်းက ၄င်းတို့ အပိုင်နယ်မြေထဲတွင် ဖြစ်ပွားသောအမှုမဟုတ်၍ လက်မခံ။ ဘုရင့်နောင် ရဲစခန်းသို့သွားရန် ပြော၏။ သို့သော် သတိမေ့နေသော လူနာကို ဒရစ်ပ်သွင်းကာ (လူနာတင်ကားမရှိ၍) ထိုပြဿနာဖြစ်သော ဘတ်စ်ကားကြီးနှင့်ပင် ရန်ကုန်ဆေးရုံကြီးသို့ ပို့စေသည်။

ရွာမကနေ ရန်ကုန်ဆေးရုံကြီးသို့ သွားရာလမ်း တလျှောက်လုံး လူနာသည် ဘတ်စ်ကား ကြမ်းပြင်ပေါ်တွင် လဲလျောင်းလျက်။ သတိလစ်လျက်ပင်။
ကျနော်နှင့် အကြော်သည် နှစ်ဦးသည် ဒရစ်ပ်ပုလင်းကို တလှည့်စီ ကိုင်ပေးရ၏။ ကျနော့်တို့နှစ်ဦးမှာ လူနာသေမည်ကို ပူပန်နေကြသည်။ ညနေစာလည်း ဘာမှ မစားရသေး။ အကြော်သည်က သူ့ဒန်ချိုင့်ထဲတွင် ညစာအတွက် ချန်ထားသော အကြော်နှစ်ခုကို ထုတ်ကာ ကျနော့်ကို ဝေမျှကျွေး၏။ ဒရိုင်ဘာနှင့် စပယ်ယာမှ ကျနော်တို့အား အန္တရာယ်ပြုနိုင်သည်ဖြစ်၍ အလစ်မပေးရဲချေ။

ဆေးရုံကြီးသို့ ရောက်သောအခါ ဆရာဝန်ကို ဆယ့်ငါးမိနစ်ခန့် စောင့်ရ၏။ လူနာကား သတိလုံးဝမလည်သေး။ ဆရာဝန်ရောက်လာတော့ လူနာ၏ မျက်ခွံကို လက်ဖြင့် ဖြဲဖွင့်၍ လက်နှိပ်ဓါတ်မီးအသေးကလေးနှင့် မျက်လုံးကို ထိုးကြည့်တာတွေ့ရ၏။ ပါးစပ်ကလည်း “ဟေ့လူ၊ ဟေ့လူ၊ နိုးပလား။ ကျုပ်ပြောတာကြားရလား” ဟု အော်သေး၏။ လူနာကား တုပ်တုပ်မလှုပ်။ အဖြစ်အပျက်ကို မေးမြန်းမှတ်သားကာ ဓါတ်မှန်ရိုက်ရန် သယ်ယူသွားလေသည်။
ထိုအချိန်တွင် ကျနော်တို့လေးယောက်မှာ စောင့်ရုံမှ တပါး အခြားမရှိဖြစ်နေစဉ် ကားဒရိုင်ဘာနှင့် စပယ်ယာက ကျနော်နှင့် အကြော်သည်အား ဆေးရုံနားက လမ်းဘေးအသုပ်ဆိုင်မှ လက်ဘက်သုတ်နှင့် ထမင်းသုတ်များ မှာကျွေး၏။ ကျနော်နှင့် အကြော်သည်မှာ ဗိုက်ဆာနေသော်လည်း မစားဘူးငြင်းကြ၏။ သူကျွေးတာစားပြီး သူ့ဘက်က သက်သေလိုက်ထွက်ပေးရမည်ကို မလိုလားသဖြင့် မစားကြ။ ကျနော်တို့နှစ်ယောက်သည် မိမိမြင်သည့်အတိုင်းထွက်မည်ဟု ကျိတ်၍ တိုင်ပင်ထားပြီးဖြစ်သည်။

ထိုအတောအတွင်း စပယ်ယာက ထပ်ကာတလဲလဲ တဖွဖွ ပြောနေသောစကားမှာ “အကိုတို့လည်း မြင်တယ်နော်။ လူတွေ အများကြီး ၀ိုင်းအုံသွားတာ။ ဘယ်သူရိုက်လိုက်မှန်းမသိဘူး။”
ဘတ်စ်ကားဒရိုင်ဘာကလည်း “နေရင်းထိုင်ရင်း အကုသိုလ် ၀င်တယ်ဗျာ။ ဘယ်တော့များမှ ဒီပြဿနာက ရှင်းမယ်မသိဘူး” စသဖြင့် ငြီးတွားလေသည်။ ဤသို့ဖြင့် ည ၁၁ နာရီခန့်တွင် ဆေးရုံကြီးမှ ဘုရင့်နောင်ရဲစခန်းသို့ သွားရ၏။ လူနာ၏ နောက်ဆုံးအခြေအနေကို မသိခဲ့ရချေ။

ဘုရင့်နောင် ရဲစခန်းသို့ ရောက်သောအခါ စခန်းတာဝန်ကျသူ (စခန်းမှူးဟု ယူဆရသူ)၏ စားပွဲတွင် ခဏ မတ်တပ်ရပ်ကာ စောင့်ရသည်။ ထိုသူသည် တာဝန်ကျရဲများကို ထိုနေ့ညအဖို့ လုပ်ဘွယ်ဆောင်တာများကို ညွှန်ကြားနေသည်ဟု ယူဆရသည်။ ကျနော်က နားထောင်ရင်း လက်က ဂဏှာမငြိမ်ဘဲ စားပွဲကို အသာအယာ ခေါက်မိသောအခါ စိတ်ဆိုးမာန်ဆိုးဖြင့် စားပွဲကို မပုတ်ဘို့ ပြောလေသည်။ စားပွဲပုတ်ရင် ထိုညအဖို့ အမှုပွေတတ်သည် ဆို၏။

သည်လိုနှင့် ကျနော်တို့ ကိစ္စ အလှည့်ရောက်သည်တွင် ကျနော်တို့ စကားတခွန်းမှ မဟလိုက်ရခင်မှာပင် အမှုပေါ်သွားသည်ဟု ပြောရပေမည်။ စခန်းမှူးသည် စမေးကတည်းက ကားစပယ် ယာကို “မင်းသံဒုတ်နဲ့ ရိုက်လိုက်တယ်မဟုတ်လား” ဟု ခပ်တည်တည် မေးလိုက်ရာ ဟိုပုဂ္ဂိုလ်မှာ နဂိုသူပြောမည့်အတိုင်း ထွက်မလာတော့ဘဲ အိုးနင်းခွက်နင်းနှင့် မေးခွန်း ၃ ခုလောက်အတွင်းမှာပင် သူရိုက်ကြောင်း ပေါ်သွားတော့သည်။ ယခုပြန်စဉ်းစားကြည့်တော့ ရဲက သူ့အပိုင်နယ်မြေအတွင်းမှာ ဖြစ်ပျက်တာတွေကို ကြိုတင်သတင်းရထားပုံရသည်။ ထိုရဲမှူး၏ ကျွမ်းကျင်မှု။ အကင်းပါးမှုကို ချီးကျူးမိပါသည်။ ရဲမှူးက ကျနော်နှင့် အကြော်သည်အား သက်သေအဖြစ် လိုအပ်လျှင် ခေါ်မည်ဆိုကာ အချက်အလက်ယူထား လိုက်၏။ သို့သော် ယနေ့တိုင် မခေါ်ချေ။ ကျနော်တို့ ထွက်ချက် မလိုအပ်၍လည်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် ဤအမှု တရားရုံးသို့ လုံးလုံးမရောက်သည်လည်း ဖြစ်နိုင်သည်။ ဘယ်သို့ဘယ်ပုံ ရှင်းလိုက်သည်ကား တွေးတောကြံဆရုံသာ ရှိတော့သည်။

နောက်ဆုံးတွင် စပယ်ယာတယောက်သာ နေခဲ့ရ၍ ဘတ်စကား ဒရိုင်ဘာမှာ စခန်းမှူးအမိန့်ဖြင့် ကျနော်နှင့် အကြော်သည်အား အိမ်တိုင်ရာရောက် လိုက်ပို့ပေးရလေသည်။
အထက်ပါအဖြစ်အပျက်များသည် လွန်ခဲ့သော ၁၆ နှစ်ခန့်က ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။
မှတ်မှတ်ရရ ထိုညက အိမ်ပြန်ရောက်တော့ အစ်မ၏ ဆူပူကြိမ်းမောင်းခြင်းကို တော်တော်ဘဲ ခံလိုက်ရသည်။ ကျနော့်ညီဝမ်းကွဲရဲ့ စနက်တွေပေါ့။ တကယ့်ကောင်။ သူက အိမ်အရင်ပြန်ရောက်ပြီး အကြောင်းစုံ ဇာတ်စုံခင်းထားနှင့်တော့ ကျနော့် ဖခင်က စိတ်ပူပြီး ညမအိပ်နိုင်။ ယောက်ဖကို ရွာမရဲစခန်းသို့ ကားမောင်းပို့ခိုင်းသည်။ စခန်းရောက်တော့ ဘုရင့်နောင် ရဲစခန်းကို ညွှန်ပြန်သဖြင့် လိုက်ကြပြန်ရာ ဟိုရောက်တော့လည်း မတွေ့၍ ပြန်ခဲ့ကြရသည်ဆိုသည်။ ဘယ်တွေ့ပါ့မလဲ။ အဲသည်အချိန်က ကျနော်တို့က ဆေးရုံကြီးမှာ စောင့်နေကြဆဲ။

ကျနော့်တသက်တာမှာ အဲသည်လို ၀ိုင်းအရိုက်ခံရ၍ ခေါင်းကွဲသွားသူကို ဆေးရုံသို့လိုက် ပို့ပေးဘူးသည်မှာ ဤအဖြစ်အပျက်နှင့်ဆိုလျှင် နှစ်ကြိမ်မြောက်ဖြစ်သည်။ တကြိမ်မှာ ရှစ်လေးလုံးကာလအတွင်းကဖြစ်ရာ နောင်အလျှင်းသင့်လျှင် ထိုအကြောင်းကို ရေးပါဦးမည်။

ထိုအချိန်က ထိုကိစ္စတွင် ကျနော်ဘာကြောင့် ၀င်ပါခဲ့သလဲဆိုတော့

(၁)အမိဖမ်း၍ ရဲစခန်းပို့၍ ရသည့်ကိစ္စမျိုးကို လူအုပ်နဲ့ ဥပဒေမဲ့ လက်လွတ်စပယ် ၀ိုင်းရိုက်တာမျိုး (ဆွမ်းကြီးလောင်းတာမျိုး) ကို မနှစ်သက်တာရယ်
(၂) အမှုမှန်မပေါ်မှာစိုးတာရယ်၊
(၃) နောက်ပြီး ရွာမရဲစခန်းက ရဲတွေတောင် အနေသာကြီး ပုတ်ထုတ်လိုက်တဲ့ကိစ္စမှာ ကျနော်တို့က ဆေးရုံကြီးအထိ လိုက်သွားလောက်အောင် သဲကြီးမဲကြီးဖြစ်နေသည်မှာ အရိုက်ခံရတဲ့လူသေသွားမှာကို စိုးတာက တကြောင်း၊ နောက်ပြီး ဆေးရုံအသွားလမ်းမှာ စပယ်ယာနဲ့ ဒရိုင်ဘာက သူတို့ချည်းဘဲဆိုရင် လက်စဖျောက်လိုက်မှာ စိုးတာက တကြောင်းတွေကြောင့် ကျနော် လိုက်သွားခဲ့တာဖြစ်ပါတယ်။

အဲသည်တုန်းက သည်အဖြစ်အပျက်နဲ့ ပတ်သက်ပြီး တွေးပြီးအားမရမိတာတခုကတော့ ကားပေါ်မှာ လူတွေဒီလောက် ကြပ်ညပ်နေအောင် ပါလာလျက်နှင့် ရဲစခန်းရောက်တော့ ကျနော်တို့ နှစ်ယောက်ဘဲ ကျန်ခဲ့သည့်အဖြစ်ကို ဖြစ်သည်။ လူတွေသည် လူတယောက်၏ အသက်တချောင်းထက်ပင်၊ အမှုမှန်တခုပေါ်ပေါက်ဘို့ထက်ပင် မိမိတို့ အချိန်မီ အိမ်ပြန်ရောက် ဘို့က ပိုမို၍ အရေးကြီးနေပါသလော။

အကယ်၍ ရဲကသာ ကြိုတင်သတင်းရမထားလျှင်၊ ပြီးတော့ သက်သေလည်း တယောက်မှ မလိုက်ကြဘူးဆိုလျှင် ရာဇ၀တ်မှုကို ကျူးလွန်သူသည် သူ၏အပြစ်မှ အလွယ်တကူ လွတ်မြောက်သွားမည် မဟုတ်ပါလော။ အကယ်၍ ထိုသို့ လွတ်မြောက်သွားသူသည် အင်မတန် အန္တရာယ်ကြီးသော ရာဇ၀တ်သားမျိုးဖြစ်ပါက နောက်ဆုံးတွင် မိမိတို့ အကျိုးစီးပွား (လုံခြုံရေး) ကိုပင် ပြန်လည်ထိခိုက်လာမည်မဟုတ် ပါလော။ လူတို့သည် ပြဿနာတရပ်ကို ၀ိုင်းဝန်းဖြေရှင်းဘို့ မကြိုးစားဘဲ ငါနဲ့မဆိုင်ဘူးတည်းဟူသော “ငါမဆိုင်စိတ်”ကိုဘဲ မွေးနေကြမည်ဆိုလျှင် ထိုပြဿနာမှာ တဖြည်းဖြည်းကြီးထွားလာပြီး နောက်ဆုံးတွင် အားလုံးအကျိုးစီးပွားကို ပြန်လည်ထိခိုက်စေသည်သာဖြစ်သည်။

ဆက်စပ်စဉ်းစားလျှင် မြန်မာပြည်တွင် ယခု ဆိုးရွားလှသော စစ်အာဏာရှင်စနစ် ကြီးစိုးမင်းမူနေသည်မှာ လူအများက “ငါမဆိုင်စိတ်” မွေးနေကြသောကြောင့်ဖြစ်သည်။ အားလုံးကသာ လုပ်သင့်လုပ်ထိုက်သည့် ကိစ္စမှန်သမျှကို မတွက်ကပ်၊ မခိုကပ်ဘဲ ၀ိုင်းဝန်းလုပ်ဆောင်ကြမည်ဆိုပါက သာယာဝပြောသော လူ့ဘောင်ကို ရရှိမည်မှာ မလွဲမသွေပင်ဖြစ်ပါတော့သည်။

8 comments:

Anonymous said...

ဟုတ်ကဲ့ ကိုပေါ ။ ငါမဆိုင်စိတ် မွေးနေကြတာ တယ်ခက်တာပဲကိုး ။

Unknown said...

ငါမဆိုင်စိတ်တွေဖျောက်နိုင်ကြပါစေ..
နောက်တင်မယ့်ပို့စ်တွေကိုမျှော်လျက်။

s0wha1 said...

""" လူတို့သည် ပြဿနာတရပ်ကို ၀ိုင်းဝန်းဖြေရှင်းဘို့ မကြိုးစားဘဲ ငါနဲ့မဆိုင်ဘူးတည်းဟူသော “ငါမဆိုင်စိတ်”ကိုဘဲ မွေးနေကြမည်ဆိုလျှင် ထိုပြဿနာမှာ တဖြည်းဖြည်းကြီးထွားလာပြီး နောက်ဆုံးတွင် အားလုံးအကျိုးစီးပွားကို ပြန်လည်ထိခိုက်စေသည်သာဖြစ်သည်။

ဆက်စပ်စဉ်းစားလျှင် မြန်မာပြည်တွင် ယခု ဆိုးရွားလှသော စစ်အာဏာရှင်စနစ် ကြီးစိုးမင်းမူနေသည်မှာ လူအများက “ငါမဆိုင်စိတ်” မွေးနေကြသောကြောင့်ဖြစ်သည်။ အားလုံးကသာ လုပ်သင့်လုပ်ထိုက်သည့် ကိစ္စမှန်သမျှကို မတွက်ကပ်၊ မခိုကပ်ဘဲ ၀ိုင်းဝန်းလုပ်ဆောင်ကြမည်ဆိုပါက သာယာဝပြောသော လူ့ဘောင်ကို ရရှိမည်မှာ မလွဲမသွေပင်ဖြစ်ပါတော့သည်။ """

ကိုပေါရေးထားတာ တကယ်ကို ထိထိမိမိရှိပါတယ်။

တန်ခူး said...

"သူတော်ကောင်း ၀င်လုပ်ချင်သော စရိုက် " ၊“ငါမဆိုင်စိတ်” စတဲ့ တိုတိုလေးနဲ့ အဓိပ္ပါယ်ထိမိတဲ့ ကိုပေါစကားလုံးတွေက postတွေသာဟောင်းသွားပေမယ့် ရင်ထဲစွဲလို့အမြဲသစ်နေဆဲ။ အဓိကကျတဲ့ တန်ဖိုးအရမ်းရှိတဲ့အဲဒီလိုစိတ်ဓါတ်ပြုပြင်ရေးpostတွေ များများဖန်တီးနိုင်ပါစေ။

ကလိုစေးထူး said...

တွေးစရာပါပဲ ကိုပေါရေ။

Anonymous said...

ကိုယ်.၇ဲ. ၇ပိုင်ခွင်.နဲ. ကိုယ်.၇ဲ.တာဝန် ဆိုတာ ဘာမှန်းမသိတာ၇ယ်။။
သိအောင်မကြိုးစားကြတာ၇ယ်က။
ယနေ.အချိန်ထိ နအဖ ဆက်ဆိုးေ၇ှနေတာ မျက်မြင်ဘဲ။
အဲဒီလိုဖြစ်နေအောင်လဲ နအဖ က စနစ်တကြဖျက်ဆီး ခဲ ကြတယ်။။
ကျူပ်တို.ခေတ်မှ တာဝန် မကြေခဲ.ကြ၇င်….နောက်မျိုးဆက် အတွက်၇င်လေးစ၇ာဘဲဗျို.။။။

Anonymous said...

ကိုပေါရဲ့--လူတစ်ယောက်ကိုအလဟသ-မသေစေချင်တဲ့စေတနာကို---သေသေချာချာမြင်ခဲ့ရပါတယ်--
ကျမတို့ရဲ့စစ်တပ်သာဒီလိုစိတ်ထားရှိရင်ကောင်းမှာပဲ

Anonymous said...

ကိုပေါ...ကျနော်နဲ့ ရဲထောက်လှမ်းရေး
တစ်ဦးနဲ့  ငါမဆိုင်စိတ်အကြောင်း
ဆွေးနွေးဘူးတယ်....သူကတော့ ဒီစိတ်တွေပျောက်အောင် ၁/၂နှစ်အရွယ်ခလေးတွေဘဲချန်ပြီး....တစ်နိုင်ငံလုံး..သတ်ပစ်မှရမယ်လို့ 
တင်ပြဘူးတယ်.....သူပြောတာမလွန်ဘူးဗျ။
ကိုပေါ စာတွေအများကြီး ရေးနိုင်ပါစေဗျာ..။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs