“ထာဝရ ပွင့်လန်းနေသော”.......အပိုင်း(၂)

Share |
အင်ဒီရဲ့အမှုဟာ တကယ့်ကို ဟိုးလေးတကျော် အမှုပေါ့။ ကျော်ဆို မပြောနဲ့လေ။ ဒီအမှုမှာ လူတွေရဲ့ သည်းခြေကြိုက် စိတ်ဝင်စားစရာအချက်တွေကလည်း တလှေကြီး။ စဉ်းစားကြည့် ဗျာ။ အသတ်ခံရတဲ့သူ နှစ်ယောက်မှာ တဦးက လူချစ်လူခင်များတဲ့ မိန်းမချောလေး တယောက်။ နောက်တဦးက ဒေသခံ အားကစားသမား အကျော်အမော် တယောက်။ ပြီးတော့ တရားခံ ၀က်ခြံထဲမှာ ရောက်နေတာက အောင်မြင်ပေါက်ရောက်တဲ့ ဘဏ်လုပ်ငန်းရှင် လူငယ်တဦး။ ဒီအမှုကို ဒီထက် ကျော်စောစေတဲ့ အချက်ကလည်း ရှိသေးတယ်။ သတင်းစာတွေက ရေးနိုင်တာထက် ပိုပြီး လူစိတ်ဝင်စားစေတဲ့အချက်လို့လည်း ပြောရင်မမှားဘူး။ တကယ်တော့ တရားလိုဘက်က အမှုသွား အမှုလာက အင်မတန် ရှင်းနေတယ်။ ခဏနဲ့ ပြီးရမယ့်အမှု။ ဒါပေမယ့် အဲဒီအမှုကို ကိုင်တွယ်တဲ့ ဒိစတြိတ်အစိုးရ၀တ်လုံ (ဒီအေ)က လာမယ့် ကွန်ဂရက် အမတ်ရွေးကောက်ပွဲမှာ အမတ်လောင်းအဖြစ် ၀င်အရွေးခံဘို့ ပြင်ဆင်ထားတဲ့လူ ဗျာ။ ဒီတော့ ပုဂ္ဂိုလ်က မဲဆန္ဒရှင် အခွန်ထမ်း ပြည်သူများရဲ့ ရှေ့မှောက်မှာ သူ့ရဲ့အစွမ်းအစကို ပြရင်း သူ့ကိုလူတွေ မျက်မှန်းတန်းလာအောင် အမှုကို သူ့စိတ်တိုင်းကျ အချိန်ဆွဲစစ်တော့တာပေါ့။ ဟာ...တရားခွင်ဆိုတာ ဆပ်ကပ်ပြသလား အောက်မေ့ရတယ်။ လာရောက်ကြည့်ရှု နားထောင်သူတွေက ကြိတ်ကြိတ်တိုး။ ဘယ်လောက်တောင်လဲဆိုတော့ တရားခွင်မှာ စစ်ဆေးတာကို ကိုယ်တိုင်လာရောက် နားထောင်ချင်သူတွေဟာ ထိုင်ခုံလေး တနေရာ ရဘို့အရေး အရိုးကွဲမတတ် အအေးဓါတ်အောက်မှာ မနက်လေးနာရီ လောက်ကတည်းကစပြီး ကျူတန်းအရှည်ကြီး တန်းစီစောင့်ကြရတယ်တဲ့။

အဲ....တရားလိုဘက်က တင်ပြလာတဲ့ အချက်တွေမှာ အင်ဒီအနေနဲ့ လုံးဝ မငြင်းဆိုတဲ့ အချက်တွေကတော့.........
အင်ဒီ့မှာ လင်ဒါ ကောလင်းစ် ဒူးဖရိန်းလို့ခေါ်တဲ့ ဇနီးတယောက် ရှိခဲ့တယ်။ သူမ ဟာ ၁၉၄၇ ခု ဇွန်လအတွင်းမှာ ဖောလ်မောက်သ်ဟေး ကန်းထရီးကလပ်မှာ ဂေါက်သီးရိုက်သင်ဘို့ စိတ်ဝင်စားခဲ့တယ်။ တကယ်လည်း အဲသည်မှာ လေးလလောက် ဂေါက်ရိုက်နည်း သင်ယူခဲ့ သေးသတဲ့။ သူမကို သင်ပြပေးတဲ့ နည်းပြဆရာက ကန်းထရီးကလပ်က ကြေးစား ဂေါက်သီး ကျော် ဂလင်းကွင်တင်။ ၁၉၄၇ ခု သြဂုတ်လကုန်လောက်ရောက်တော့ အင်ဒီတယောက် ကွင်တင် နဲ့ သူ့မိန်းမ ကြိုက်နေကြပြီဆိုတာကို ရိပ်စားမိလာသတဲ့။ အဲဒီလိုနဲ့ ၁၉၄၇ခု စက်တင်ဘာလ ၁၀ ရက်နေ့ နေ့လည်ခင်းမှာ အင်ဒီနဲ့ လင်ဒါ ဒူးဖရိန်းတို့ လင်မယား အကြီးအကျယ် စကားများ ရန်ဖြစ်ကြပါလေရောတဲ့။ ရန်ဖြစ်ရတဲ့အကြောင်းကတော့ သူမရဲ့ သစ္စာမဲ့မှု အတွက်ကြောင့်ပေါ့။

တရားရုံးမှာ အင်ဒီရဲ့ ထွက်ဆိုချက်အရ လင်ဒါက “ရှင်သိသွားတော့လည်း အေးတာပေါ့။ နောက်ကွယ်မှာ ခြေပုန်းခုတ်နေရတာ အင်မတန် စိတ်ပင်ပန်းတယ်” လို့ ပြောခဲ့သေးသတဲ့ဗျ။ ပြီးတော့ ရီနိုမြို့က တရားရုံးမှာ ကွာရှင်းပေးဘို့လည်း ပြောဆိုဘဲ။ အဲသည်တော့ အင်ဒီကလည်း “ရီနိုမှာ မဆုံခင် မင်းကို သေရွာကို အရင်ပို့မယ်” လို့ ကြိမ်းဝါးလိုက်သတဲ့။ လင်ဒါကလည်း ချက်ချင်းဆိုသလို အိမ်ကဆင်းသွားပြီး အဲဒီညမှာ ဂေါက်ကွင်းနဲ့ မနီးမဝေးက ကွင်တင်ငှားထား တဲ့ ဘန်ဂလိုလေးမှာ ကွင်တင်နဲ့အတူ အိပ်ဘို့ ထွက်သွားရောတဲ့။ နောက်တနေ့ မိုးလင်းတော့ ကွင်တင်ရဲ့ သန့်ရှင်းရေးအမျိုးသမီးက အိပ်ယာထဲမှာ သေနေတဲ့ သူတို့နှစ်ယောက် အလောင်း တွေကို တွေ့ရတော့တာဘဲ။ တယောက်မှာ သေနတ်ဒါဏ်ရာ လေးချက်စီနဲ့။

အဲဒီအချက်တွေထဲက နောက်ဆုံး အချက်ဟာ အင်ဒီအပေါ် အထိအနာဆုံးဘဲ။ ဒီစတြိတ် ၀တ်လုံတော်ရမင်း(ဒီအေ)ဟာ နိုင်ငံရေးသမားပီပီ သူ့ရဲ့ အဖွင့်လျှောက်လဲ ချက်မှာရော အပိတ်လျှောက်လဲချက်မှာပါ ဒီအချက်အပေါ် တော်တော်ကြီးကို ဇောင်းပေးပြီး ဇာတ်နာ အောင် ဖိပြောခဲ့တယ်။ သူ့အဆိုအရ အင်ဒီ ဒူးဖရန်းဟာ သစ္စာမဲ့တဲ့ ဇနီးအပေါ်မှာ သာမန် ဒေါသအလျောက် သွေးဆူပြီး ကလဲ့စားချေတဲ့ လင်ယောက်ျားမဟုတ်။ အဲသည်လို သွေးဆူပြီး လက်စားချေတဲ့ လုပ်ရပ်မျိုးဟာ ခွင့်မလွှတ်နိုင်သည့်တိုင်အောင် အနည်းဆုံးတော့ နားလည် ပေးလို့ ရသေးတဲ့ အဖြစ်မျိုးလို့ ဆိုသဗျ။ အခုတော့ အင်ဒီရဲ့ လက်စားချေမှုဟာ သွေးအေးအေးနဲ့ လုပ်သွားတဲ့ လုပ်ရပ်တဲ့ဗျို့။

“အားလုံး တချက်ကလေး စဉ်းစားကြပါခင်ဗျာ” ဒီအေ က ဂျူရီလူကြီးတွေကို မိုးခြိမ်းသလို အသံမြှင့်ပြီးပြောတယ်။ “တယောက်ကို လေးချက်စီ။ နှစ်ယောက်ပေါင်းကိုပစ်တာက ခြောက်ချက် မဟုတ်ဘူး။ ရှစ်ချက် ခင်ဗျ။ ရှစ်ချက်။....သူဟာ ခြောက်လုံးပြူးထဲက ကျည်ဆံခြောက်တောင့် အကုန် ကုန်အောင် ပစ်လိုက်တယ်။ ပြီးတော့ သေနတ်ကို ကျည်ဆံ ထပ်ဖြည့်ဘို့ ခဏ ရပ်နားလိုက်သေးတယ်။ ကျည်ဖြည့်ပြီးတော့မှ တယောက်ကို တတောင့်စီ စိန်ပြေနပြေ ထပ်ပစ်ပြန်တယ်။”

အဲဒီမှာဘဲ နောက်တနေ့ထုတ် ပို့တ်လင်း နေ့စဉ် သတင်းစာကြီးက... “လေးချက်က သူ့အတွက်၊ လေးချက်က သူမအတွက်” ဆိုပြီး ခေါင်းစီးစာလုံးမည်းကြီးတွေနဲ့ ချထည့်လိုက်ရော။
ဘော့စတွန်ရီဂျစ်စတာ သတင်းစာကလည်း အားကျမခံ အင်ဒီကို “စုံကိန်း လူသတ်သမား” လို့ ကင်ပွန်းတပ်ပစ်လိုက်တယ်။

သက်သေတွေကို စစ်တော့ ၀ိုက်စ်အပေါင်ဆိုင်က အပေါင်စာရေးရဲ့ သက်သေထွက်ဆိုချက်မှာ သူ့အနေနဲ့ အခင်းမဖြစ်ပွားခင် နှစ်ရက်အလိုက အင်ဒီ့ကို အထူးရဲတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်တတ်တဲ့ ပွိုင့်သာတီးအိတ် ခြောက်လုံးပြူးတလက် ရောင်းချပေးခဲ့တယ်လို့ ပြောသတဲ့။ နောက်ထပ် သက်သေဖြစ်တဲ့ အရက်ဘားက ကောင်တာအရက်ငှဲ့သူ (ဘားတင်ဒါ)ကလည်း စက်တင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းမှာ အင်ဒီတယောက် ဘားထဲကို ၀င်လာပြီး မိနစ်နှစ်ဆယ်အတွင်းမှာ ၀ီစကီသုံးခွက်ကို ရေမရောဘဲ တရှိန်ထိုးမော့သွားပုံ၊ ဘားကနေအထွက်မှာ သူအခုချက်ချင်း ဂရင်းကွင်တင် အိမ်ကို သွားတော့မှာ ဖြစ်တဲ့အကြောင်း၊ နောက်ပိုင်း ဖြစ်ပျက်သမျှကို နောက်နေ့သတင်းစာထဲမှာ စောင့်ဖတ်ဘို့ မူးမူးနဲ့ ပြောသွားတဲ့အကြောင်းတွေကို ထွက်ဆိုသွားခဲ့တယ်။ အစိုးရသက်သေ နောက်တဦးကတော့ ကွင်တင်ရဲ့ အိမ်နဲ့ တမိုင်လောက်အကွာမှာရှိတဲ့ စတိုးဆိုင်က အရောင်းစာရေး။ သူကလည်း ရုံးတော်မှာ ဘယ်လိုထွက်လဲဆိုတော့ အဲဒီည ၉နာရီ မထိုးမီ ၁၅ မိနစ်လောက်မှာ အင်ဒီဒူးဖရိန်း ဆိုင်ထဲဝင်လာပြီး စီးကရက်၊ ဘီယာသုံးပုလင်းနဲ့ ပန်းကန်သုတ်ပုဝါတွေ ၀ယ်သွားခဲ့ကြောင်း ထွက်ဆိုတယ်။

ဆရာဝန်စစ်ချက်ထဲမှာ ဂရင်းကွင်တင်နဲ့ ဒူဖရိန်းအမျိုးသမီးဟာ စက်တင်ဘာလ ၁၀-၁၁ရက် ည ၁၁နာရီ နဲ့ မနက် ၂ နာရီကြားအချိန် သေဆုံးခဲ့တယ်လို့ ဖော်ပြထားတယ်။ ဒါ့အပြင် အစိုးရရှေ့နေရုံးက မှုခင်းရဲရဲ့ ထွက်ချက်အရ ဘန်ဂလိုနဲ့ ကိုက် ၇၀ အကွာ အင်ဒီ ကားရပ်ပြီး စောင့်ကြည့်တဲ့နေရာမှာ အင်ဒီမောင်းတဲ့ ပလိုင်းမောက်သ် ကားဘီးရာတွေရယ်၊ အင်ဒီရဲ့ လက်ဗွေရာတွေ ထင်ကျန်ရစ်ခဲ့တဲ့ ဘီယာပုလင်းခွံ၂ခုရယ်၊ လက်ဗွေရာပါတဲ့ စီးကရက် အစီခံတွေရယ် စတဲ့ သက်သေခံပစ္စည်းတွေ ၁၁ ရက်နေ့ နေ့လည်မှာ တွေ့ရတယ်လို့ သိရတယ်။

ရဲတွေ ရောက်သွားတဲ့အချိန်မှာ ဘန်ဂလိုထဲက ဧည့်ခန်းဆိုဖာပေါ်မှာတော့ ပန်းကန်သုတ်ပုဝါ လေးထည်ကို တွေ့ရသတဲ့။ လေးထည်စလုံးမှာ ကျည်ဆံပေါက်ရာတွေ၊ ယမ်းလောင်ကျွမ်း ထားတဲ့အရာတွေနဲ့။ အင်ဒီရဲ့ ရှေ့နေ အသည်းအသန် ကန့်ကွက်တဲ့ ကြားကဘဲ ရဲအရာရှိက အခင်းဖြစ်ပွားပုံနဲ့ ပတ်သက်ပြီး သူ့ထင်မြင်ချက်ပေးတယ်။ သူ့အထင်အရ လူသတ်သမားဟာ လူသတ်လက်နက်ဖြစ်တဲ့ သေနတ်ကို အသုံးပြုရာမှာ အသံကို ကျယ်ကျယ်လောင်လောင် မထွက်ရလေအောင် သေနတ်ပြောင်းဝမှာ ပန်းကန်သုတ်ပုဝါတွေ အထပ်ထပ်ခံပြီးမှ ပစ်သတ်ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားတယ်။

အဲဒီလိုနဲ့...အင်ဒီဒူးဖရိန်းထွက်ဆိုရမယ့် အလှည့်ရောက်လာတော့ သူက ဖြစ်ပျက်ခဲ့သမျှတွေ ကို အေးတိအေးစက်၊မတုန်မလှုပ်နဲ့ ခံစားချက်မရှိသလို ပြောပြတယ်။ သူ့မိန်းမနဲ့ ကွင်တင်ရဲ့ စိတ်ပျက်စရာကောင်းတဲ့ အရှုပ်တော်ပုံအကြောင်း ကောလဟာလတွေကို ဇူလိုင်လ နောက်ဆုံးပတ်လောက်ကတည်းက သူအနေနဲ့ စကြားလာခဲ့တဲ့အကြောင်း၊ သြဂုတ်လထဲရောက်တော့ သူဆက်ပြီး သည်းမခံနိုင်တော့တာမို့ စတင် စုံစမ်းဘို့ ဆုံးဖြတ်လိုက်ကြောင်း။ တရက်မှာ လင်ဒါဟာ တင်းနစ်ကစားအပြီး ပို့တ်လင်းမှာ ဈေးဝယ်သွားရမှာကို မသွားဘဲ ကွင်တင်ဆီကို သွားကြောင်း။ သူဟာ ကွင်တင်နဲ့ လင်ဒါတို့နှစ်ဦးတို့ ငှားထားတဲ့ ဘန်ဂလိုကလေး (အဲဒီ ဘန်ဂလိုကလေးကို သတင်းစာတွေက အချစ်သိုက်မြုံ လေးလို့ ကင်ပွန်းတပ်ကြတယ်ဗျ) ကို အသွားမှာ နောက်ကနေ နောက်ယောင်ခံ လိုက်ကြည့်ခဲ့ကြောင်း။ သူဟာ ကွင်တင်အိမ်နဲ့ မလှမ်းမကမ်းမှာ ကားရပ်ပြီး စောင့်ကြည့်ခဲ့ကြောင်း။ နောက်သုံးနာရီလောက်ကြာတော့ ကွင်တင်က သူမကို ကားနဲ့ ဂေါက်ကွင်းကို ပြန်မောင်းပို့ပေးတဲ့အထိ နောက်ယောင်ခံ လိုက်ကြည့်ခဲ့ ကြောင်းတွေ ပါတယ်။

“ကွင်တင်ရဲ့ ကားနောက်မှာ ကပ်လိုက်လာတဲ့ ခင်ဗျားရဲ့ အသစ်စက်စက် ပလိုက်မောက်ဆီဒင်ကားကို ခင်ဗျားမိန်းမက မမှတ်မိဘူးလို့ ရုံးတော်ကို ပြောချင်တာလား” ဒီအေက ပြန်လှန်မေးခွန်းထုတ်တဲ့ အလှည့်မှာ အင်ဒီကို မေးတယ်။

“အဲဒီညနေက ကျနော့် သူငယ်ချင်းကားနဲ့ ခဏလဲလာခဲ့ပါတယ်” လို့ အင်ဒီက ပြန်ဖြေတယ်။ အဲဒီလို သူ့ရဲ့ နောက်ယောင်ခံ ခရီးစဉ်အတွက် သူ့အနေနဲ့ ဘယ်လောက် ပိပိရိရိ စီစဉ်ခဲ့သလဲဆိုတာကို သူ့ဘာသာ သွေးအေးအေးနဲ့ ၀န်ခံလိုက်တာဟာ ဂျူရီလူကြီးတွေ အားလုံးရဲ့ အင်ဒီ့အပေါ်ထင်မြင်ချက်ကို ဘယ်နည်းနဲ့မှ ကောင်းမလာစေခဲ့ဘူး။

သူ့သူငယ်ချင်းကားကို သူ့ကားနဲ့ ပြန်လဲပြီးတဲ့နောက် အိမ်ကို တန်းပြန်သွားတယ်။ လင်ဒါက အိပ်ယာထဲမှာ ရောက်နေနှင့်ပြီ။ စာအုပ်ဖတ်နေတယ်။ ပို့တ်လင်းကို ဈေးဝယ်သွားတာ ဘယ်နှယ့်နေလဲ လို့ သူက လင့်ဒါကို မေးတယ်။ လင်ဒါက “ပျော်ဘို့ကောင်းပါတယ်။ ဒါပေမယ့် စိတ်ကြိုက်ပစ္စည်းတခုမှမတွေ့လို့ ဘာမှ မ၀ယ်ခဲ့ရဘူး” လို့ ဖြေတယ်။

တရားရုံးထဲမှာ ရင်တမမနဲ့ နားထောင်နေတဲ့ ပရိတ်သတ်ရှေ့မှာ အင်ဒီက ဘာပြောလဲဆိုတော့ “အဲဒီအချိန်မှာ စပြီး (သူ ကျနော့်ကို သစ္စာဖောက်တယ်ဆိုတာကို) ကျနော် သေချာပေါက်သိလိုက်ပြီ။” အဲဒီ စကားကိုလည်း အင်ဒီဟာ တရားခွင်မှာ သူတလျှောက်လုံး ပြောလာတဲ့ အေးတိအေးစက် ခံစားမှုအလျင်းကင်းတဲ့ လေသံနဲ့ ပြောလိုက်တာဘဲ။

အင်ဒီရဲ့ ရှေ့နေက အင်ဒီကို မေးခွန်းထုတ်တယ်။
“အဲဒီက စလို့ ခင်ဗျားမိန်းမ အသတ်မခံရမီအချိန်အထိ ၁၇ ရက်တာ ကာလအတွင်းမှာ ခင်ဗျားရဲ့ စိတ်ခံစားမှုအခြေအနေ ဘယ်လိုရှိပါသလဲ”

“ကျနော် စိတ်အရမ်းကျနေပါတယ်” ထုံးစံအတိုင်း တည်ငြိမ်အေးဆေးတဲ့ အမူအရာနဲ့ဘဲ ပြန်ဖြေတယ်။ ပြီးတော့ ဈေးဝယ်မယ့်လူတယောက် သူ့ဈေးဝယ်ပစ္စည်းစာရင်းကို အလွတ်ပြန်ရွတ်ကြည့်တဲ့ လေသံနဲ့ ဆက်ပြောတာက သူစိတ်ကျလွန်းလို့ သူ့ကိုယ်သူ သတ်သေဘို့အထိ ကြံရွယ်မိကြောင်း၊ အဲဒီအတွက် ၈ ရက်နေ့က လျူဝစ်စတန်ကို သွားပြီး သေနတ်တလက်ကိုတောင် ၀ယ်ယူခဲ့တဲ့အထိ ဖြစ်ခဲ့ကြောင်း ပြောပြပါတယ်။

အဲဒီနောက် သူ့ရှေ့နေက လူသတ်မှုဖြစ်တဲ့ညက သူ့မိန်းမအိမ်ကဆင်း၊ ကွင်တင်နဲ့ တွေ့ဘို့ ထွက်သွားပြီးတဲ့နောက် ဘာတွေဖြစ်သလဲ မေးပါတယ်။ အဲသည်မှာ အင်ဒီ ပြန်ဖြေတယ်။ သူဖြေပုံဟာ တော်တော့်ကို ဆိုးလွန်းလို့ သည့်ထက်တော့ ဆိုးဘို့မရှိဘူးလို့တောင် ပြောလို့ရတယ်။

ကျုပ် အင်ဒီ နဲ့သိကျွမ်းခဲ့တာ နှစ်ပေါင်းသုံးဆယ်။ သူဟာ ကိုယ့်ကိုယ်ကို ချုပ်ထိန်းနိုင်တဲ့နေရာ အိနြေ္ဒဆည်နိုင်တဲ့နေရာမှာ အတော်ဆုံးသူပါဘဲ။ သူ့မှာ အင်မတန်မှန်တဲ့အချက်က သူ့အကြောင်းကို သူများကို နည်းနည်းဘဲ ပေးသိတဲ့အချက်။ သူ့မှာ အင်မတန်မှားယွင်း နေတာက ဖြစ်သမျှကို ကိုယ့်ဘာသာ တယောက်တည်း ကျိတ်ခံတတ်တဲ့ အကျင့်။ သူ့မှာ အတိတ်က အင်မတန်ကံဆိုးမိုးမှောင်ကျခဲ့တဲ့ အဖြစ်အပျက်ကြီးရှိတယ်ဆိုရင် ခင်ဗျားဘယ်တော့မှ သိရလိမ့်မယ် မထင်နဲ့။ နောက်ပြီးတော့ သူကဘယ်လိုလူစားမျိုးလဲဆိုရင် သူ့ကိုယ်သူ သတ်သေမယ်ဆိုရင်တောင် သေတမ်းစာ ရေးသွားမယ့် လူစားမျိုးမဟုတ်ဘူး။ ဒါပေမယ့် သူ့ကိစ္စအားလုံးကို သတ်မသေခင် သေသေသပ်သပ်ဖြစ်အောင် အရင်ရှင်းသွား မယ့်လူမျိုး။ အင်ဒီက အဲဒီလိုလူမျိုး။

တကယ်လို့သာ တရားခွင်က သက်သေ၀က်ခြံထဲမှာ ရှိနေတုန်း ရုတ်တရက် သူ ငို ချလိုက်ရင်ဘဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တကယ်လို့သာ သူ့အသံက မဆိုစလောက်ကလေး အက်ကွဲပြီး တုန်ခါသွားရင်ဘဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အဲဒီ ၀ါရှင်တန်ကို သွားတော့မယ့် ဒိစတြိတ်ဝတ်လုံ ငနဲသားကို တချက်လောက် အော်ဟစ်ဆဲဆို လိုက်မယ်ဆိုရင်ဖြစ်ဖြစ် ကျုပ်ထင်တယ်၊ အခုလို ထောင်ဒဏ်တသက်လောက်အထိ ဖြစ်လာစရာ အကြောင်းမရှိဘူး။ တကယ်လို့ ထောင်ဒဏ်တသက်ချခံရတယ်ဆိုရင်တောင်မှ လျှော့ရက်နဲ့ ဘာနဲ့ ၁၉၅၄ မတိုင်ခင် သူ ပြန်လွတ်လောက်ပြီ။ ဒါပေမယ့် အင်ဒီဟာ သူ့အဖြစ်အပျက်ကို အသံဖမ်းစက်က ဖမ်းထားသမျှကို ပြန်ဖွင့်ပြသလိုပုံနဲ့ အေးတိအေးစက် ပြောသွားခဲ့တယ်။ ဂျူရီလူကြီးတွေ နေရာက ကြည့်ရင်တော့၊ “ကျုပ်ဇာတ်လမ်းကတော့ ဒါပဲ။ ခင်ဗျားတို့ ယုံချင်ယုံ။ မယုံချင်နေ” ဆိုတဲ့ အပေါက်မျိုး ရောက်နေတော့တာပေါ့။ အဲဒီတော့ ဘယ်သူမှ မယုံတာလဲ မဆန်းဘူးလေ။

သူပြောတဲ့အထဲမှာ အဲဒီညက သူ အရက်တော်တော်မူးနေကြောင်း၊ ပြောရရင် သြဂုတ်လ ၂၄ ရက်နောက်ပိုင်း အချိန်တော်တော်များများမှာ သူမူးနေခဲ့ကြောင်း၊ သူဟာ အရက်ကို သိပ်နိုင်နင်းတဲ့သူ မဟုတ်ကြောင်းလည်းပါတယ်။ ဒီစကားကို ဂျူရီလူကြီးတွေအနေနဲ့ တော်တော်ကို ယုံစားဘို့ ခဲယဉ်းလိမ့်မယ်။ အဲသည်လောက် အိနြေ္ဒတခွဲသားနဲ့သူက သူ့မိန်းမဇာတ်လမ်းရှုပ်လို့ အရက်အလွန်အကျွံတွေ လျှောက်သောက်ပြီး မူးလဲယိုင်ထိုး နေမယ့်အဖြစ်မျိုးကို ဂျူရီလူကြီးတွေအနေနဲ့ မှန်းဆပုံဖော်ကြည့်လို့ ရနိုင်မယ်မထင်ဘူး။ ကျုပ်တောင်မှ အဲဒီ မိန်းမ ၆ ယောက်၊ ယောက်ျား ၆ ယောက်ပါတဲ့ ဂျူရီလူကြီးအဖွဲ့က မြင်ခွင့်မရတဲ့ အင်ဒီ့အခြေအနေကို ထောင်ထဲမှာ မြင်ခွင့်ရလိုက်လို့ ယုံနိုင်တာ။

ကျုပ်သိခဲ့တဲ့ ကာလတလျှောက်လုံးမှာ အင်ဒီဟာ တနှစ်ကို အရက် လေးခွက် ဘဲ သောက်တယ်။ နှစ်စဉ်နှစ်တိုင်း သူ့မွေးနေ့မရောက်ခင် တပတ်အလိုမှာရယ်၊ ခရစ်စမတ်မတိုင်ခင် နှစ်ပတ်အလိုမှာရယ် အင်ဒီဟာ ကျုပ်ကို အားကစားလေ့ကျင့်ရေးကွင်း ထဲမှာ လာတွေ့လေ့ရှိတယ်။ အဲသည်အခါတိုင်းမှာ ဂျက်ဒယ်နီယယ် တလုံးရအောင် ၀ယ်ပေးဘို့ပြောမယ်။ သူအရက်ပုလင်းဝယ်ပုံကတော့ ထောင်ထဲက ထောင်သားတိုင်း ၀ယ်တဲ့နည်းအတိုင်းဘဲပေါ့။ ---ဒီထောင်ထဲမှာ ကျွန်လို အလုပ်လုပ်ပြီး ရလာတဲ့ လုပ်ခလေးရယ်၊ သူ့ကိုယ်ပိုင်ငွေရယ် စုပေါင်းပြီးပေါ့။ ၁၉၆၅ မတိုင်ခင်အထိ တနာရီလုပ်မှ တမူးလောက်ဘဲ လုပ်ခရတယ်။ ၆၅ ခု ရောက်တော့ တနာရီကို လုပ်ခ တမတ်အထိ တိုးပေးတယ်။ အရက် အတွက် ကျုပ်ယူတဲ့ ကော်မရှင်က ဆယ်ရာခိုင်နှုန်း။ အဲဒီ ကော်မရှင်ကြေးကို နဂိုကတည်း ကြီးလှတဲ့ ၀ီစကီကောင်းကောင်းရဲ့ ဈေးနှုန်းမှာ ပေါင်းထည့်လိုက်ရင် ခင်ဗျားမှန်းလို့ရသွားပြီး။ တနှစ်စာလုံးအတွက် အရက် လေးခွက် သောက်ရဘို့အရေး ထောင်ရဲ့ အ၀တ်လျှော်စက်ရုံထဲမှာ အင်ဒီတယောက် နာရီပေါင်း ဘယ်လောက်ကြာကြာ ချွေးနဲ့ ရင်းခဲ့ရမလဲဆိုတာ။

သူ့မွေးနေ့ စက်တင်ဘာလ ၂၀ မနက်ပိုင်းမှာ သူ အရက် ပက်ချင်များများ တခွက်ကို သောက်လိုက်မယ်။ အဲဒီည တန်းပိတ်ချိန်မှာ နောက်ထပ် တခွက်ချမယ်။ ဒါဘဲ။ နောက်တနေ့ မိုးလင်းပြီဆိုတာနဲ့ ပုလင်းထဲကျန်သမျှ ကျုပ်ဆီကို ပို့လိုက်တော့တာဘဲ။ ကျုပ်လဲ အဲဒါကို ဒီလိုဘဲ နီးစပ်ရာ ဝေငှသောက်လိုက်တာပေါ့။ တခြားတပုလင်းအတွက်ကတော့ ခရစ်စမတ်ညမှာ တခွက်သောက်မယ်။ နောက် နှစ်သစ်အကြိုညမှာ နောက်တခွက်။ အဲသည် ပုလင်းလဲ စောစောက ပုလင်းလိုဘဲ နောက်တနေ့ကျရင် ကျုပ်ဆီရောက်လာတော့တာဘဲ။ ထုံးစံအတိုင်း ဝေငှသောက်ဘို့ ညွှန်ကြားထားတဲ့စာနဲ့။ အဲဒါဟာ အရက်ကြောင့် ဒုက္ခရောက်လာတဲ့ အင်ဒီနဲ့ ပတ်သက်လို့ သူ့ရဲ့ နေပုံထိုင်ပုံ။ အရက်ကြောင့် သွေးဆိုးပြီး လူသတ်တယ်လို့တော့ဖြင့် ကျုပ်မယုံကြည်နိုင်အောင်ပါဘဲ။

အင်ဒီက ဂျူရီလူကြီးတွေကို ပြောတယ်။ ၁၀ ရက်နေ့ညမှာ သူဟာ အရမ်းမူးနေတဲ့အတွက် သူဟိုတကွက် သည်တကွက် ၀ိုးတိုးဝါးတားဘဲ မှတ်မိတယ်လို့ပြောတယ်။ အဲသည်နေ့လည် လင်ဒါနဲ့ စကားမများခင်ကတည်းက သူက စကော့ခ်ျဝီစကီ နှစ်ခွက်တိတိသောက်ပြီး မူးနေခဲ့တယ်လို့ ဆိုတယ်။

ကွင်တင့်ဆီကို လင်ဒါထွက်သွားပြီးတဲ့နောက် သူတို့နှစ်ယောက်လုံးကို ရင်ဆိုင်မယ်လို့ သူဆုံးဖြတ်ခဲ့တာကို သူမှတ်မိတယ်။ ကွင်တင်ရဲ့ ဘန်ဂလိုကိုအသွား ကန်းထရီး ကလပ်ထဲကို ၀င်ပြီး နှစ်ပက်လောက် မြန်မြန် ထပ်မော့လိုက်သေးတယ်။ ဒါပေမယ့် ဘားတင်ဒါကို “ဖြစ်ပျက်သမျှကို သတင်းစာထဲမှာ စောင့်ဖတ်ပေတော့” လို့ ပြောခဲ့ဘို့ နေနေသာသာ ဘာတခွန်းမှ ပြောခဲ့တယ်လို့ သူမထင်ဘူးလို့ ပြောတယ်။ နောက်ပြီး စတိုးဆိုင်မှာ ဘီယာဘူးတွေ ၀င်ဝယ်တာကို သူမှတ်မိပေမယ့် ပန်းကန်သုတ်ပုဝါတွေ ၀ယ်ခဲ့တယ်ဆိုတာကို ပြန်စဉ်းစားလို့ မရဘူးတဲ့။ “ကျနော်က ပန်းကန်သုတ်ပုဝါ ဘာလုပ်ဘို့ ၀ယ်မှာတုန်း”လို့ မေးတော့ ဂျူရီအဖွဲ့ထဲမှာ ထိုင်နေတဲ့ မိန်းမသုံးယောက် ကြက်သီးတွေထပြီး တဆတ်ဆတ်တုန်သွားတာကို မြင်လိုက်ရတယ်လို့ သတင်းစာ တစောင်ကရေးတယ်။

နောင်နှစ်တွေ အတော်ကြီး ကြာတော့မှ စတိုးဆိုင် အရောင်းစာရေးက ထွက်ဆိုသွားတဲ့ ပန်းကန်သုတ်ပုဝါတွေနဲ့ ပတ်သက်လို့ အင်ဒီက သူ့အယူအဆကို ကျုပ်ကို ဖွင့်ပြောတယ်။ သူပြောတဲ့အကြောင်းက စဉ်းစားစရာကောင်းလို့ သူ့စကားအတိုင်း ချပြီး ရေးမှတ်ထားသင့်တယ် လို့တောင် ကျုပ်ထင်တယ်။

(ဆက်ရန်......)

3 comments:

တန်ခူး said...

တရားခွင်မှာနားထောင်ကောင်းနေတုန်း "ဆက်ရန်"ဆိုတာကြီးတွေ့လိုက်ရတော့....ဟင်း...။

TZA said...

ပိုင်တယ်ဗျာ၊ ကျနော့မှာတော့ အင်္ဂလိပ်ကိုဗမာလို ဘာသာပြန်ဖို့မပြောနဲ့ နားလည်ဖို့တောင် အနိုင်နိုင်ဖတ်ယူရတာ။ ဆက်ပြန်ပါအုံးဗျိုး။

စကားမစပ်၊ လင့်ခ်ကို www ဖြုတ်ပေးပါ၊ eot က http://degolar.blogspot.com/ အတွက်ပဲလုပ်ထားလို့ပါ။ သင့်ခရုကိုပေါ။

Anonymous said...

if u want Shawshank Redemption, i can upload it for u

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs