“အသစ်တဖန် ပြန်စခွင့်ရလျှင်”

Share |
(၁)

မြင့်နိုင်သည် ရိတ်သိမ်းပြီး ကောက်ပင်များကို ကောက်လှိုင်းထုံးဖြစ်အောင် စည်းနှောင်နေရာမှ ကျနော်နှင့် မျက်လုံးချင်း ဆုံသောအခါ သူ့နှုတ်ခမ်းကို တဖက်သို့ အစွမ်းကုန် ရွဲ့ပြလိုက်သည်။

ကြည့်စမ်း။ ဒီကောင် သူ့ကို ရန်မစပါဘဲနှင့် ကျနော့်ကို သက်သက် ရန်စချင်းဖြစ်သည်။ ကျနော့်ဖခင်မှာ လေဖြတ်ထား၍ နှုတ်ခမ်းရွဲ့နေသည်ကို ဒီကောင် သည်လိုဘဲ မကြာခဏ နောက်ပြောင်တတ်သည်။

နေပူပူ ကန်သင်းပေါင်တွင် ဖြတ်လျှောက်လာရင်းမှ ကျနော် ဒေါသ ထောင်းကနဲ ထွက်သွားသည်။ ရှည်ရှည်ဝေးဝေးစဉ်းစားမနေဘဲ လက်ထဲတွင် အသင့်ရှိနေသော လေးဂွတွင် လောက်စာလုံးတပ်၍ သားရေကြိုးကို အစွမ်းကုန်ဆွဲကာ သူ့ကို ပစ်ထည့်လိုက်သည်။
လောက်စာလုံးသည် သူ၏ ဘယ်ဘက်ပါးတည့်တည့်ကို အရှိန်ပြင်းစွာ ထိမှန်သွား၏။ နာကျင်ခြင်းနှင့် အငိုက်မိသွားခြင်းတို့ကြောင့် ရုတ်တရက်တော့ မြင့်နိုင် ခဏတွေဝေသွားသည်။ သို့သော် စက္ကန့်ပိုင်းမှာပင် သတိဝင်လာပြီး စည်းလက်စ ကောက်လှိုင်းစည်းကို ပစ်ချကာ ကျနော်ရှိရာ ကန်သင်းပေါင်ဆီသို့ ဒေါသတကြီး ပြေးလာလေသည်။

ကျနော်ဘာလုပ်သည် ထင်သနည်း။ စီးထားသော ရာဘာဖိနပ်ကလေးကို ကမန်းကတန်း ကုန်း၍ချွတ်သည်။ သည်ကောင်နှင့် ခံချ၍တော့ မဖြစ်။ နှစ်ယေက်စလုံး တတိယတန်းတက်နေပေမင့် သူက ကိုယ့်ထက် ၂ နှစ်ခန့်ကြီးကာ လူကောင်ကလည်း ထွားထွားကြီးဖြစ်သည်။

ကျနော်သည် ဖိနပ်နှင့် လေးဂွကို လက်ကကိုင်ကာ ရွာဆီသို့ ဒုန်းစိုင်းပြေး၏။ နောက်ခပ်လှမ်းလှမ်းတွင် မြင့်နိုင် ထပ်ချပ်မကွာ ပါလာသည်ကိုလည်း စောင်းငဲ့ကြည့်လိုက်တိုင်း မြင်နေရ၏။ ရွာအ၀င်လမ်းကိုဖြတ်၍ အိမ်ဆီသို့ တန်းပြေးကာ အိမ်ပေါ်တွင် တံခါးပိတ်ကာ တက်ပုန်းနေရ၏။ အိမ်အောက်ထပ်တွင် အဖေသည် ကွပ်ပျစ်ပေါ်တွင် ထိုင်ကာ ငါးဖမ်းပိုက်ကွန်ကို ဖာထေးနေလေသည်။ အဖေက ကျနော့်အခြေအနေကို သတိထားမိပုံမရ။

ခဏနေတော့ အိမ်အောက်သို့ မြင့်နိုင် ၀င်လာသည်ကို အိမ်အပေါ်ထပ်မှ ချောင်းကြည့်နေသော ကျနော်မြင်ရ၏။ သူသည် အိမ်အောက်ရှိ သောက်ရေအိုးစင်မှ ရေတခွက်ကို ၀င်သောက်ရင်း မျက်စိဖြင့် ဟိုဟိုသည်သည်ကြည့်ကာ ကျနော့်အား ရှာဖွေသည်ကို မြင်ရ၏။ ကျနော်တို့အိမ်မှာ ရွာအ၀င်နားတွင် ရှိသည်ဖြစ်၍ လယ်ထဲမှ ပြန်လာသူများ ဤသို့ပင် ရေ၀င်သောက်လေ့ရှိ၍ အထူးအဆန်းအဟုတ်ချေ။
ကျနော်သည် အိမ်အပေါ်ထပ် ၀ါးကြမ်းခင်းပေါ်တွင် ခင်းထားသော ဖျာနှစ်ချပ်အကြား ဟနေသော အပေါက်သေးသေးကလေးမှ မျက်နှာအပ်ကာ ၀မ်းလျားမှောက်ကြည့်နေရင်း ကျနော့်ရင်ခုန်သံကို မြင့်နိုင်ကြားသွားမည် စိုးရိမ်ကာ ယောင်ယမ်း၍ အသက်ကိုပင် အောင့်ထားမိ၏။ သို့သော် ကျနော့်ရင်မှာ တဒိန်းဒိန်းခုန်နေဆဲ။

မြင့်နိုင်သည် ကျနော် အိမ်ပေါ်တွင် ပုန်းအောင်းနေသည်ကို ရိပ်မိပုံရ၏။ သို့သော် အဖေရှိနေ၍ အိမ်ပေါ်သို့လည်း တက်လိုက်မလာရဲ။ ရေသောက်ပြီးသောအခါ သူသည် ရေအိုးအဖုံးကို နေရာတကျ ပြန်ဖုံးပြီး ကျနော်ကြားလောက်အောင် “အဟမ်း၊ အဟမ်း”ဟု တမင်ညှစ်ကာ ချောင်းဟန့်သံပေး၏။ ထို့နောက် အခဲမကြေဟန်ဖြင့် စောင်းကန်းစောင်းကန်းနှင့် အိမ်ခြံဝန်းထဲမှ ထွက်သွားလေတော့သည်။

(၂)

ကျနော်သည် မြေဆွေးများကို ဂေါ်ပြားနှင့် အားရပါးရ ကော်ကာ တောင်းထဲသို့ ထည့်ပေးနေ၏။ တောင်းပြည့်သွားသောအခါ ကျနော်နှင့် အတန်းတူ သတ္တမတန်း ကျောင်းသူ ၂ ဦးက တဖက်တချက် တောင်းကို မပြီး ဂေါ်ဖီပင်များ စိုက်ထားရာ စိုက်ခင်းဆီသို့ သယ်ယူသွား၏။

နောက်တကြိမ် ထည့်ပေးသည့်တောင်းကိုတော့ ရှစ်တန်းကျောင်းသူ နှစ်ဦးက လာ၍ သယ်ယူသွား၏။ သူတို့အတန်းမှာလည်း စိုက်ခင်းရှိသည်လေ။

ဤသို့ဖြင့် အခေါက်ခေါက်အခါခါ မြေဆွေးထည့်ပေးနေစဉ် တကြိမ်တွင် နောက်နားဆီက အသံထွက်လာသည်။

“ဟေ့။ မောင်ပေါ။ မင်းမြေဆွေးကို ထည့်ပေးနေတာက ငါတို့ အတန်းအတွက်လား။ အဋ္ဌမတန်းအတွက်လား”

လှည့်ကြည့်လိုက်တော့ မေးနေသူမှာ ကျနော်တို့ သတ္တမတန်း အတန်းပိုင်ဆရာမ။ မျက်နှာကို အစွမ်းကုန် တည်ထားကာ ကျနော့်အား စူးစူးဝါးဝါး စိုက်ကြည့်လျက် ကျနော့်အဖြေကို စောင့်နေ၏။

ကျနော့်နှုတ်က အဖြေတခု အထစ်ထစ်အငေါ့ငေါ့နှင့် ထွက်သွား၏။

“သတ္တမတန်းအတွက်ဘဲ ထည့်တာပါ ဆရာမ”

ဟင်.ကနဲ အာမေဋိတ်နှင့်အတူ တောင်းကို မယူတော့မည့် လက်ကလေး နှစ်စုံသည် လမ်းခုလပ်တွင် ရပ်တန့်သွားသည်။ ရှစ်တန်းကျောင်းသူလေးနှစ်ဦးသည် ရှက်ကိုးရှက်ကန်းဖြင့် အဝေးသို့ ထွက်သွားကြလေသည်။

(၃)

အထက်ပါ အဖြစ်အပျက်နှစ်ခုမှာ ကျနော်ငယ်စဉ်က ကြုံတွေ့ခဲ့သော အဖြစ်အပျက်များ ဖြစ်သည်။

ထိုအဖြစ်အပျက်နှစ်ခုကို ယခု ပြန်သုံးသပ်သောအခါ ပထမအဖြစ်အပျက်တွင် မြင့်နိုင်အား လေးဂွနှင့် ပစ်မိသည်အထိ ကျနော့်အနေဖြင့် မမှားသေးဟု ယူဆသည်။ ကိုယ့်အား အကြောင်းမဲ့ စော်ကားသူအား တုန့်ပြန်ခြင်းဖြစ်သည်။ သို့သော် လေးဂွနှင့် ပစ်ပြီး ထွက်ပြေးရသည့်အဖြစ်ကိုမူ သိပ်ဘ၀င်မကျချင်။ လူကောင်းချင်းမမျှ၍ ပြေးရသည်ဟု အကြောင်းပြလျှင်တော့ ရပါသည်။ သို့သော် ကြောက်၍ ပြေးရခြင်းဖြစ်ကြောင်း ကိုယ့်ဘာသာသိနေသောအခါ ကိုယ့်စိတ်က ဤအဖြစ်ကို မကျေနပ်နိုင်။ ဖြစ်သင့်သည်မှာ နေရာမှာပင် သေသေကြေကြေ ခံချသင့်သည်။ ကလေးချင်း ရန်ဖြစ်သည်ဖြစ်၍ သေသည်အထိတော့ မဖြစ်နိုင်။ သို့သော် သူတင်ကိုယ်တင် ခံချခဲ့လျှင် ဒီကောင်လည်း နောက်ပိုင်း ကိုယ့်ကို သိပ်အနိုင်ကျင့်ရဲ၊ စရဲ နောက်ရဲ တော့မည်မဟုတ်။ အခုတော့ ကျနော် ထွက်ပြေးမိသည့်အတွက် မြင့်နိုင်၏ ငယ်ကြောက်ဆိုသည့် ဘွဲ့ထူးကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရသည့်အပြင် လူကြောက်တတ်သော အကျင့်လည်း ပါလာခဲ့လေသည်။

ဒုတိယ အဖြစ်အပျက်မှာ နှလုံးရည်သတ္တိနည်း၍ ဖြစ်ရခြင်း ဖြစ်သည်။ အမှန်ကို အမှန်အတိုင်း ဖွင့်မပြောရဲ၍ ဖြစ်သည်။ ဆရာမ စိတ်ဆိုးသွားမည်ကို မခံနိုင်သည့်အတွက် ညာပြောလိုက်မိခြင်း ဖြစ်သည်။ တကယ်ဖြစ်သင့်သည်မှာ ဆရာမစိတ်ဆိုးကာမှ ဆိုးပေရော့။ အမှန်အတိုင်း ထုတ်ပြောသင့်ပေသည်။ “ကျနော် နှစ်တန်းလုံးအတွက် လုပ်ပေးနေတာပါ” ပြောလိုက်လျှင်လည်း ရသည်။

ကျနော်သည် နှစ်ပေါင်းများစွာ ကြာသည့်တိုင် ထိုအဖြစ်အပျက်နှစ်ခုစလုံးကို စိတ်ထဲတွင် တအုံ့နွေးနွေးဖြင့် ယနေ့တိုင် သတိရနေဆဲဖြစ်သည်။

အထူးသဖြင့် “လမ်းခုလတ်တွင် ရုတ်သိမ်းသွားသော လက်ကလေးနှစ်စုံနှင့် ရှစ်တန်းကျောင်းသူလေးများ၏ မျက် ၀န်းများတွင် တွေ့မြင်လိုက်ရသည့် ယုံကြည်ကိုးစားမှုကို အဖြိုဖျက်ခံလိုက်ရခြင်း(တနည်း ပြောရလျှင် သစ္စာဖောက်ခံလိုက်ရခြင်း)တည်းဟူသော အကြည့်ကလေးများ”ကို နာကျင်စွာ သတိရနေမိပါတော့သည်။

ကာလယန္တရား(Time Machine) ကို စီးနင်း၍ အတိတ်သို့ ပြန်သွားခွင့်ရခဲ့ပါလျှင် ကျနော်သည် ထို အဖြစ်အပျက် နှစ်ခုကို ပြန်ပြင်လိုလှပါတော့သည်။

2 comments:

Anonymous said...

ဟင့်အင်း..ပြန်အစချင်တော့ဝူးဗျို့။သူငယ်တန်းကနေကျောင်းပြန်တက်နေရ
မှာချိုးလို့..ခွိခွိ

တန်ခူး said...

ကိုပေါရေ...မရင့်ကျက်သေးတဲ့ငယ်ဘဝမို့ပါ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs