“စွယ်တော်ရိပ်က မယ်တော်ကြီးလေးပါး”

Share |
ကျောင်းတုန်းက သူတို့ လေးယောက်ကို ကျနော်တို့က ကွယ်ရာမှာ “မယ်တော်ကြီးလေးပါး” လို့ အမည်ပေးထား ခဲ့ကြတယ်။ စက်မှုတက္ကသိုလ် တက်စဉ်က သူတို့က ကျနော့်ထက် ၂ တန်းကြီးတယ်။ မေဂျာကတော့ အတူတူဘဲ။ ကျနော် သူတို့နဲ့ စတင်သိကျွမ်းတော့ သူတို့တတွေက နောက်ဆုံးနှစ်ကျောင်းသူတွေ တောင်ဖြစ်ကုန်ကြပြီ။

သြော်...သူတို့နဲ့ ရင်းနှီးသွားတာက ၀ိုင်အိုင်တီကျောင်းသားတွေ စုထုတ်တဲ့ ကဗျာစာအုပ်ကို အကြောင်းပြုလို့ပါ။ အဲဒီကဗျာစာအုပ်မှာ သူတို့ လေးယောက်အနက် သုံးယောက်က ကဗျာရေးကြတယ်။ ကျနော်က သူတို့ကဗျာစာအုပ်ကို ကူညီရောင်းချပေးရင်းနဲ့ သူတို့နဲ့ ရင်းနှီးသွားတယ်ဆိုပါတော့။

အဲဒီအချိန်က တက္ကသိုလ် ကျောင်းသားကျောင်းသူတွေကြားမှာ ကဗျာစာအုပ်တွေ ကိုယ့်ဘာသာ စုပြီး ထုတ်ရောင်းကြတာ တော်တော်ခေတ်စားတယ်။ သူတို့နဲ့ ခေတ်ပြိုင်လို့ ပြောရမယ့် ဆေးတက္ကသိုလ်က “မိကောက်” ရေးတဲ့ ကဗျာတွေကလည်း ကောင်းလွန်းလို့ သူငယ်ချင်းတယောက် ယူလာပေးတဲ့ မိကောက်ကဗျာ (ခပ်ညံ့ညံ့ကဗျာများ လို့ ခေါင်းစဉ်တပ်ထားတယ် ထင်ပါ့) စာအုပ်တွေကိုပါ ကူရောင်းပေး မိတယ်။ မိကောက်ရဲ့ ကဗျာတွေထဲမှာ “တောက်....ကျုပ်ချစ်တဲ့သစ်ရွက်၊ သိက္ခာပျက်အောင်၊ ဘယ်သူလာဖျက်သလဲ” ဆိုတဲ့ ကဗျာလေးကို ကြိုက်ခဲ့တာကို မှတ်မိနေသေးတယ်။

ကျနော့်မှာ ကိုယ်ရေးတဲ့ ကဗျာ တပုဒ်မှ မပါဘဲနဲ့ သူများကဗျာစာအုပ်တွေ လိုက် လိုက်ရောင်းတော့ အတန်းထဲက မိန်းကလေးတယောက်ကဆိုရင် နောက်ဆုံးနှစ် အမှတ်တရ စာအုပ်ထဲမှာ သည်လို စကားနာထိုးသွားပါတယ်။ “ကဗျာစာအုပ်ရောင်းချင်မှ စကားပြောဖော်ရတဲ့ ကိုပေါကို ကျနော်က ခင်ပါတယ်” တဲ့။

ခုနင်က မယ်တော်ကြီးလေးပါးဟာ ၀ိုင်အိုင်တီကျောင်းက အသင်းအဖွဲ့တွေမှာ ဟိုစပ်စပ် ဒီစပ်စပ် ပါတတ်တော့ သူတို့လိုဘဲ “ပါလေရာ ငါးပိချက်” လုပ်တတ်တဲ့ ကျနော်နဲ့ မကြာခဏ ဆိုသလို ဗုဒ္ဓဘာသာမိသားစု အသင်းခန်းမှာ၊ ဒါမှမဟုတ် အီလက်ထရောနစ်ဌာန အသင်းခန်းမှာ၊ ဒါမှမဟုတ် ဌာနမှူးရဲ့ အခန်းမှာ ဆုံရတတ်ပါတယ်။ သူတို့လေးယောက်က ရထားတွဲလိုဘဲ။ အမြဲတမ်း လေးယောက်အတူတွဲလျက်ဘဲ တွေ့ရတတ်တယ်။

တခါက လိုင်ဘရီကနေ ကင်တင်းဘက်အထွက် စင်္ကြန်အောက်မှာ ကျနော်က မိကောက် ကဗျာတွေကို ကြိုက်တယ်လို့ ပြောတော့ သူတို့လေးယောက်ထဲက ခပ်နောက်နောက် တယောက်က သူ့ ကလောင်နာမည်ကိုပြောပြီး. “ဟဲ့။ နင်က ........ကိုရော မကြိုက်ဘူးလား” လို့ ရယ်ကျဲကျဲနဲ့ မေးပါတယ်။ ကျနော်က သူတို့ မောင်ငယ်အရွယ်လောက်ဆိုတော့ သူတို့အတွက် စချင်နောက်ချင်စရာပေါ့။ ကျနော်ကလည်း အဲသည်တုန်းကတည်းက ရွှတ်နောက်နောက် ပြောတတ်တဲ့ ထုံးစံအတိုင်း “မိကောက်ကို ကြိုက်တာက တမျိုး။ “.......” ကြိုက်တာက တမျိုးပေါ့” ပြန်ပြောတော့ သူတို့ထဲက အပိန်ဆုံး တယောက်က “ကောင်းတယ်။ ကောင်းတယ်။ ၀မ်းသာတယ်။ မှတ်ပလားဟဲ့” လို့ ၀င်ပြောပါတယ်။

တခါကလည်း ဗုဒ္ဓဘာသာမိသားစု အသင်းခန်း (စာကြည့်တိုက်)မှာ သူတို့နဲ့ ဆုံတော့ သူတို့ အဲသည်တုန်းက လုပ်နေတဲ့ နောက်ဆုံးနှစ်ပရော့ဂျက်အကြောင်းကို မေးမိတယ်။

“အစ်မတို့ လုပ်တာ ဘာ ပရော့ဂျက်လဲ”

အဲသည်လိုမေးလိုက်တော့ ချက်ချင်းမဖြေကြသေးဘူး။ သူတို့ချင်း တယောက်မျက်နှာ တယောက် အရင် ကြည့်လိုက်ပြီးမှ စောစောက ခပ်နောက်နောက် တယောက်ကဘဲ
“အဟမ်း....အဟမ်း.....။ ငါတို့လုပ်တဲ့ ပရော့ဂျက်က ဘာလဲလို့ဆိုရင်..... နင်သိတယ်မို့လား။ ကွန်ပြူတာတွေ၊ ပရင့်တာတွေ... စတဲ့ ဒီကနေ့ အီလက်ထရောနစ်ပစ္စည်းမှန်သမျှမှာ မပါမဖြစ် အင်မတန်အရေးကြီးဆုံး စတက်ပါမော်တာ ဒရိုင်ဘာ ဆားကစ်ဘဲ” အစချီပြီး ကျနော့်ကို အတည်လိုလို နောက်သလိုလိုနဲ့ သူတို့ ပရော့ဂျက်အကြောင်း လေလုံးထွားထွားနဲ့ ရှင်းပြသွားတယ်။ ကိုယ်ကလည်း အတန်းငယ်ဆိုတော့ သူတို့ပြောသမျှ အထင်ကြီးစိတ်က လေးနဲ့ ခေါင်းတညိမ့်ညိမ့်နဲ့ နာခံခဲ့ရတာပေါ့လေ။

ဟော....သူတို့တွေ ကျောင်းပြီးသွားတော့ တယောက်က ကျောင်းမှာ ဆရာမ ၀င်လုပ်တယ်။ မှတ်မှတ်ရရ ကျနော် ပဉ္စမနှစ်မှာ Network ဘာသာရပ်ကို စာမေးပွဲဖြေတော့ သူက အခန်းစောင့် ဆရာမ လုပ်တယ်။ ကျနော်ကလည်း အဲသည်မတိုင်ခင်ညကမှ ကိုယ့်ရဲ့ Caculator ( Fx100) ကို အားမရလို့ အငယ်တန်းက ချာတိတ်တယောက်ရဲ့ (Fx100D) နဲ့ လဲယူပြီးလာခဲ့တယ်။ စာမေးပွဲခန်းထဲလည်း ရောက်ရော ပုစ္ဆာတွေကခက်ရတဲ့ ကြားထဲ၊ ကွန်ပလက်စ် ကိန်းတွေကို ကိုင်တွယ်တဲ့အခါ Fx100D ကို ကိုင်တွယ်နေကျမဟုတ်တဲ့အတွက် ရေရေလည်လည် အခက်ကြုံပါတော့တယ်။ ဒီကြားထဲ အစ်မ ကလည်း သူနဲ့ ခင်တဲ့လူဆိုတော့ ကျနော်တွက်နေတာ နောက်ကနေ ခဏခဏ လာပြီး ချောင်းကြည့်နဲ့။ ကျနော့်မှာ ဇောချွေးပြိုက်ပြိုက်ယိုပြီး အဲသည်ဘာသာ ကျပြီတောင် မှတ်တာ။

ကျနော် ကျောင်းပြီးတော့ သူတို့တတွေက တကယ် အားကိုးရတယ်။ ကျနော် မလေးရှားအလုပ်မှာ အရွေးချယ်ခံရပြီးမှ ဟိုက မခေါ်နိုင်လို့ နောက်ဆုံး မအောင့်နိုင်တော့ဘဲ သူတို့ထဲက တယောက် အလုပ်လုပ်နေတဲ့ ကုမ္ပဏီမှာ လုပ်ချင်တယ်ပြောတော့လည်း အစ်မက နင်လုပ်ချင်ရင် ၀င်လုပ်လို့ရတယ်။ ဒါပေမယ့် အဲဒီက အခြေအနေမှန်ကို နားလည်အောင် စေတနာ အပြည့်နဲ့ ရှင်းပြပေးဖော်ရပါတယ်။ ဒါနဲ့ဘဲ ကျနော်နောက်ဆုံးတော့ ၀င်မလုပ်ဖြစ်ခဲ့ဘူး။ ကွန်ပြူတာ ကုမ္ပဏီတခုမှာဘဲ ၀င်လုပ်ဖြစ်တယ်။ အံမယ်... သူတို့ထဲက တယောက် အရင်ဆုံး စွံသွားတော့ ဆရာမလုပ်နေတဲ့တယောက်က ကျနော်တို့ကို အရင်ဆုံး ၀မ်းသာအယ်လဲ ဖောက်သည်ချတယ်။ ကျနော်တို့လည်း အံ့သြ၀မ်းသာပေါ့လေ။ ဘာကြောင့်လဲဆိုတော့ အဲသည် အစ်ကိုကြီးကလည်း ကျနော်တို့နဲ့ အရမ်းခင်တဲ့ လူကြီးကိုး။ ဒါနဲ့ ကျနော်တို့ အစ်ကိုကြီးကို ကွန်ကရက်ကျူလေးရှင်းသွားလုပ်ကြတော့ လူကြီးက “မင်းတို့ကို .......က ပြောပြလိုက်တာမို့လား။ ခွေးကောင်မလေး” လို့ ဆဲပါတယ်။

ဟော....ကျနော် မလေးရှားမှာ ၂ နှစ်ခွဲ လုပ်ခဲ့ပြီး စင်္ကာပူကို ရောက်လာတော့လည်း သူတို့အားလုံးနဲ့ ပြန်ဆုံရပြန်ရော။ ကမ္ဘာကြီးက တကယ်တော့ ကျဉ်းကျဉ်းလေးပါကလား။ အရင်ထက်တောင် ပိုလို့ ခင်မင်ကြရပြန်ပါတယ်။

တရက်မှာ မရီန်နာဘေးမှာ မိတ်ဆွေတွေနဲ့အတူ ညစာစားပြီး အိမ်အပြန် မရီန်နာဘေး ဘူတာနားမှာ ကျနော့်ဇနီးလောင်းကို တယ်လီဖုန်းဆက်တော့ သူတို့ထဲက နှစ်ယောက်က နောက်ကနေ လိုက်ပြီး ချောင်းနားထောင်တယ်။ ကျနော်က တယ်လီဖုန်းဆက်ရင် အမြဲ အငြိမ်မနေ လမ်းလျှောက်ပြီး ဖုန်းပြောတတ်သူမို့ ခေါက်တုန့်ခေါက်ပြန်လျှောက်လိုက်၊ မြက်ခင်းပေါ်တက်လိုက် လုပ်နေတာကို အဲဒီနှစ်ယောက်က ဇွဲကောင်းကောင်းနဲ့ ကျနော့်နောက်က ကျနော်မသိအောင် ကပ်လိုက်ကြပြီး နားထောင်ကြတယ်။ (တယောက်က အဲဒီအချိန်က ကိုယ်ဝန်အရင့်အမာကြီးနဲ့။ မပေါ့မပါးအနေအထားမှာတောင် ကျနော့်ကို စချင်နောက်ချင်တာနဲ့ လိုက်နားထောင်ရတာလေ)။ အတော်လေးကြာမှ မျက်စိထောင့်စွန်းက လူရိပ်မြင်တော့ ကျနော်က သင်္ကာမကင်းဖြစ်လာလို့ ရုတ်တရက် လှည့်လိုက်တဲ့အခါ စပ်ဖြီးဖြီးနဲ့ သူတို့နှစ်ယောက်ကို ပက်ပင်းတိုးတော့တာပါဘဲ။

ကျနော့်ကောင်မလေးကို အမှတ်တရ ဆွဲကြိုးဝယ်ပေးချင်လို့ လီဝှားဆိုင်ကို သူတို့တွေ လိုက်ပို့ပေးခဲ့တာတွေ၊ ကော်မွန်းဝယ့်သ် မှာ အိမ်ပြောင်းလာတော့ လာလည်တာတွေ၊ သူတို့အိမ်တွေမှာ အလှူလုပ်ရင် ဖိတ်ကျွေးခဲ့တာတွေ၊ အိမ်ပြောင်းတဲ့အခါ ကူညီရွှေ့ပေးခဲ့တာတွေ၊ မင်္ဂလာဆောင်အတွက် စင်္ကာပူက ပန်းတွေ ၀ယ်သွားပေးရတာတွေ၊ အားလုံးဟာ အမှတ်တရတွေပါဘဲ။

သူတို့ထဲက တယောက်ကတော့ မထင်မှတ်ဘဲ အဝေးဆုံးခရီးကို စောစီးစွာ နှုတ်ဆက်ထွက်ခွာ သွားခဲ့ပါတယ်။ အမြဲတမ်း အပြုံးလေးနဲ့ သဘောကောင်းပြီး ခင်မင်တတ်တဲ့ သူမကို အထူးသတိရမိပါတယ်။

လူ့ဘ၀ဟာ ရခဲလှစွာ.... တဲ့။ ဒီလို ရခဲတဲ့ လူ့ဘ၀မှာဘဲ သည်လို ခင်တဲ့မင်တဲ့ သူတွေအချင်းချင်း တိုင်းတပါး ရပ်ခြားမှာတောင် ခင်ခင်မင်မင် ပြန်လည်ဆုံဆည်းကြရတဲ့အဖြစ်ဟာ နည်းနည်းနောနောရေစက် မဟုတ်ပါလား။

6 comments:

တန်ခူး said...

ကိုပေါရေ...အသစ်တွေအများကြီးတင်ထားတယ်နော်။ ကောင်းတယ်။ တဝကြီးဖတ်လို့ရတယ်။ ပထမဆုံးဖတ်ဖြစ်တာဒီpost။ ခေါင်းစဉ်ကြည့်ပြီးလန့်သွားလို့ပါ။ တကယ်ဖတ်ကြည့်လိုက်တော့ “မယ်တော်ကြီးလေးပါး” ရဲ့သံယောဖဉ်တွေတွေ့ရမှ "ဟင်း"ချမိတယ်။ "မိကောက်" ကဗျာစာအုပ်လေးက ကြိုက်လွန်းလို့ခုထိသိမ်းထားတုန်း။ အမှတ်တရတွေက ခုတော့လဲတမ်းတစရာ။ ဟိုတနေ့ကသားလေးပူဆာလို့ မင်္ဂလာဆောင်အခွေပြန်ကြည့်တော့ "မိုးသီရိ"လေးကဗိုက်ထဲမှာ။ ဆရာကြီးကိုနှုတ်ဆက်တော့ အရင်ဆုံးပြောတဲ့စကားက ပန်းတွေကိုပေါသယ်လာတာမိုလားတဲ့။ ထူးခြားဆန်းကြယ်တဲ့ရေစက်ကို ဒီရောက်မှယုံတော့တယ်။ ကျောင်းကိုလွမ်းတယ်။ “မယ်တော်ကြီးလေးပါး” ကိုလွမ်းတယ်။ ကဗျာစာအုပ်လေးတွေကိုလွမ်းတယ်။ ဗုဒ္ဓဘာသာမိသားစုကိုလွမ်းတယ်။

Anonymous said...

ကိုပေါတို့အဖွဲ့လက်ချက်နဲ့ဘဲ..ဒုတိယမယ်တော်ကြီးလေးပါးထပ်ပေါ်ခဲ့ရသေး။ဒီတခါမှာတော့အတန်းတူထဲကပေါ့။သူတို့ကတော့တနေရာစီမှာရောက်လို့၊တယောက်က US၊တယောက်က အင်ဒိုနီးရှား၊တယောက်က စင်ကာပူ နဲ့ တယောက်ကတော့မြန်မာပြည်။ဒီပိုစ်လေးဖတ်ပြီးသူတို့ကိုလည်းလွမ်းမိတယ်။မှတ်မိနေသေးတဲ့ကဗျာစာသားတချို့...
...........
...........

တို့တတွေဟာ
အချိန်ကာလမြစ်တစင်းထဲ
အတူတကွစီးဆင်းကြသူတွေပေါ့..

မြစ်အလျဉ်နဲ့
လိုအင်ဆန္ဒ
ပြောင်းပြန်အချိုးကြလေရဲ့
............
............

thamudayanwe said...

ကိုပေါတဲ့... ဒီနာမည်ကြားလိုက်တယ် အင်ဂျင်နီယာ မှန်းလည်းသိတော့.. အခု EC ကဆိုတာသေချာသွားတယ်..ကိုပေါဆိုတာ ကျောင်းတုန်းက nick name လား....
ဟီးဟီး..နာမည်ကြီးတယောက်ကို လာနုတ်ဆက်ပါတယ်..
အားပေးပါတယ်.. ဆက်ရေးပါ..

pandora said...

ဟုတ်တယ်နော်.. ကိုပေါပြောမှ ဖုန်းမဆက်ဖြစ်တာတောင် အတော်ကြာတဲ့ သုငယ်ချင်း အရင်းခေါက်ခေါက်တွေကို သတိရမိ။ ကျွန်းပိစိမှာ သူတို့ပဲရှိတာ. ပစ်ထားလို့မဖြစ်ဘူး။

Anonymous said...

နောက်နှစ်မှာလဲမယ်တော်ကြီးလေးပါးရှိခဲ့သေးတယ်လေ
ကိုပေါရေ တစ်ခါက တစ်ဘ၀ဆိုတာ အမှန်ဘဲ
ကျောင်းကြီးကိုလဲလွမ်းတယ် အသင်းခန်းနဲ့ သူငယ်ချင်းတွေလဲ သတိရမိတယ်
ဘ၀တွေဟာ မြစ်တစ်စင်းလိုပါဘဲ

Anonymous said...

'95 January Batch က ကျောင်းပြီးတဲ့ မယ်တော်ကြီးလေးပါး ကိုပြောတာမဟုတ်လားဟင်...
ဒါဆိုရင်တော့ သိနေတယ်လေ...

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs