“မတူမတန်”

Share |
ကုက္ကိုဂွရွာအရောက် လမ်းဘေးထမင်းဆိုင်ကလေးဘေးမှာ အဝေးပြေးကားကို ထိုးရပ်လိုက်တော့(အိပ်ငိုက်ရင်းလိုက်ပါလာတဲ့) ကျနော့်စိတ်ထဲမှာ နည်းနည်းတော့ ထူးဆန်းသွားတယ်။ ပုံမှန်အတိုင်းဆိုရင် တောင်တွင်းကြီးရောက်မှ နေ့လည်စာ စားကြရမှာ မဟုတ်ပါလား။

ဒါပေမယ့် ဘာကြောင့်ဆိုတာ သိပ်ကြာကြာ မစဉ်းစားလိုက်ရပါဘူး။ ကားသမားက ကျနော့်ရှေ့ နှစ်ခုံကျော်မှာ ပါလာတဲ့ ဘုန်းကြီးသုံးပါးကို လှည့်ကြည့်လိုက်ပြီး…

အရှင်ဘုရားတို့ မွန်းမလွဲခင် ဆွမ်းဘုန်းပေးလို့ရအောင် တပည့်တော် ကုက္ကိုဂွမှာပဲ ရပ်လိုက်ပါတယ်။ ဘုန်းဘုန်းတို့ ကားပေါ်မှာ ပါလာတာကို သတိမထားလိုက်မိလို့ အောင်လံမှာ မရပ်ခဲ့လိုက်ရဘူးဘုရာ့။ အဲဒီအတွက် တပည့်တော် တောင်းပန်ပါတယ်ဘုရား။ အခု အရှင်ဘုရားတို့ ကားပေါ်ကဆင်းပြီး ဆွမ်းဘုန်းပေးလို့ ရပါပြီ။” လို့ လျှောက်ထားလိုက်တယ်။

တဆက်တည်းမှာပဲ တကားလုံးကြားအောင် ကားသမားက အသံမြှင့်လိုက်ပြီးတော့... “ခရီးသည်များခင်ဗျား။ ကုက္ကိုဂွမှာ အားလုံး နေ့လည်စာ သုံးဆောင်ကြပါမယ်။ နောက်ထပ် တနာရီကြာရင် ကားပြန်ထွက်ပါမယ်” လို့ အော်လိုက်တယ်။

ထွက်ပေါက်နဲ့ နီးတဲ့ ခရီးသည်တွေက ကားပေါ်က စပြီး ဆင်းကုန်ကြတယ်။ ကျနော်လည်း ထိုင်ခုံက ထပြီး ဆင်းတော့မယ်အလုပ်မှာ ဦးဇင်းတွေဆီက အသံထွက်လာတယ်။ ကားသမားကို လှမ်းပြောတဲ့ အသံတွေပါ။

ဒီမယ်…. ဒကာကြီး။ ကားပေါ်မှာ သံဃာတွေ ပါလာတာကို ဒကာကြီးအနေနဲ့ သတိမထားမိစရာလားဗျ။ ဖြစ်သင့်တာက အောင်လံမှာ ရပ်ပေးရမှာ။ အခုတော့ ကုက္ကိုဂွမှာ မတူမတန် ဘုန်းပေးရမယ်။ ဒကာကြီး လုပ်ပုံ လုံးဝမဟုတ်သေးဘူး

အဲသည်မှာ ကားသမားက တကြိမ်ထပ်ပြီး တောင်းပန်ပြန်ပါတယ်။

တပည့်တော် တကယ်ပဲ သတိမထားမိလိုက်လို့ပါဘုရား။ တပည့်တော်အမှားပါ။ အခု သတိထားမိတာနဲ့ ချက်ချင်းဆိုသလို ကုက္ကိုဂွမှာ ရပ်လိုက်တာပါ။ တောင်တွင်းကြီးအထိ ဆက်မောင်းရင် မွန်းလွဲသွားပြီး ဘုန်းဘုန်းတို့ ဆွမ်းမစားလိုက်ရမှာစိုးလို့ပါဘုရား

ဒါပေမယ့် ဦးဇင်းသုံးပါးက ကျေနပ်ပုံမပေါ်ဘူး။ အောင်လံမှာ ရပ်မပေးခဲ့ကတည်းက စိတ်အချဉ်ပေါက်နေဟန်တူရဲ့။ သူတို့ရဲ့ ဒေါသတွေဟာ ကားသမားအပေါ်မှာ စုပြုံပေါက်ကွဲနေကြဟန်ရှိတယ်။

ဒကာကြီး….ခင်ဗျားလုပ်ပုံမဟုတ်တာနဲ့ပဲ ကျုပ်တို့က မတူမတန် ဘုန်းပေးရမှာလားဗျ။ ဒီရွာက ထမင်းဆိုင်အခြေအနေကိုလည်း ကြည့်ဦး။ တကယ့်ကို မတူမတန်ဘုန်းပေးရမှာ။ ကျုပ်တို့တော့ ဒီမှာ မတူမတန် ဘုန်းမပေးနိုင်ဘူး

အဲဒီ မတူမတန်ဘုန်းမပေးနိုင်တဲ့ အကြောင်းကိုပဲ ဘုန်းကြီးသုံးပါးစလုံးက ထပ်ကာတလဲလဲ ပြောနေတော့ နောက်ဆုံးမှာ ကားသမားဟာ သည်းခံနိုင်စွမ်း ကုန်သွားတယ်ထင်ပါရဲ့။

အရှင်ဘုရားတို့ မကျေနပ်လည်း မတတ်နိုင်တော့ဘူးဘုရား။ တပည့်တော် အစွမ်းကုန် ရှင်းပြ တောင်းပန်ပြီးသွားပြီ။ ဆင်းမစားတာတော့ ကိုယ်တော်တို့ သဘော။ နောက်ပြီးတော့ တပည့်တော်က ဗုဒ္ဓဘာသာလည်းမဟုတ်ဘူးဘုရား။ တပည့်တော်က ခရစ်ယာန်” လို့ ဘုကလန့် ပြောပြီး ကားပေါ်ကနေ ဆင်းသွားတယ်။

အဲသည်အချိန်မှာပဲ ကျနော်လည်း ကားပေါ်က ဆင်းခဲ့တယ်။ ဒါတောင် နောက်ဖက်ဆီက ဦးဇင်းတပါးရဲ့ ဒေါသတကြီး အော်ပြောလိုက်သံကို ကြားလိုက်ရသေးတယ်။

ခင်ဗျားဘာသာ ဘယ်ဘာသာဝင်ဖြစ်ဖြစ် ကျုပ်တို့ စိတ်မ၀င်စားဘူး” တဲ့။

အဲသည်နေ့က ကုက္ကိုဂွထမင်းဆိုင်လေးမှာ ခရီးသည်တွေ ထမင်းစားကြတုန်း ဘုန်းကြီးသုံးပါးကတော့ ကားပေါ်မှာပဲ ထိုင်ကျန်ရစ်ခဲ့တာကို တွေ့ခဲ့ရတယ်။ ကျနော့်စိတ်ထဲမှာ အဲသည်ဘုန်းကြီးသုံးပါးကို စားစရာတခုခု ကပ်လှူချင်တဲ့ ဆန္ဒ လုံးဝ မဖြစ်ပေါ်ခဲ့ဘူးဆိုတာ ၀န်ခံပါတယ်။

ဗျာ....ကျနော်လား။ ကျနော်လည်း အဲဒီကုက္ကိုဂွထမင်းဆိုင်ကလေးမှာပဲ မတူမတန် နေ့လည်စာ သုံးဆောင်ခဲ့ရတာပေါ့ခင်ဗျာ။

(၀န်ခံချက်။..........။ရွာနာမည်ကို အတိအကျ မမှတ်မိတော့၍ ကုက္ကိုဂွဟု ရေးထားပါသည်။)

33 comments:

Sonata Cantata said...

မတူမတန်ဗျာ...ကော်မန့် မရေးနိုင်ပါဘူး

Anonymous said...

အေးလေ.. ပြောရအောင်လည်း ဦးဇင်းတွေဖြစ်နေလို့ ဘာမှမပြောနေတော့ပါဘူး..
ဦးဇင်းမကောင်း........
ဦးဇင်းခေါင်းပါပဲ..း(

ခင်မင်းဇော် said...

အော် ကိုပေါ..
အင်း အင်း..
(ပညာရှိလေသံဖြင့် ခေါင်းညိတ်ပြီး အသံပြုသွားကြောင်း)

Anonymous said...

ကိုပေါလည်း NLS ရဲ့ 'ဘုန်းကြီးပျက်' post ကို အားကျလို့ ထင်တယ်..။ မတူမတန် နေ့လည်စာ ရဲ့ menu ကဘာတွေလဲဗျ..၊ နတ်သုဒ္ဓါလောက်ကောင်းရဲ့လား..။

Anonymous said...

I think you are just insulting your own religion. Why dont you write about Mullahs in Afganistan who bought 12 years old girl (or boys) as wives. Why dont you write about Christians, Hindus or Jews. They have shitty, cocky man of clothes too. Then you will say "Ah respect other people religion". Be fair please!!

I think you are just insulting your own religion because it is harmless.

ကေကေ said...

အင်းမတူမတန်...
ဘုန်းကြီးလဲပုထုဇဉ်ပဲလေ..

ATN said...

ဘယ်လို ဘုန်းဘုန်းတွေပါလိမ့်မလဲနော်...

မနော်ဟရီရဲ့ ပို့စ်တခုမှာလည်း ကွန်မန့်ထဲမှာ အကုန်လုံးကို ပတ်ဆဲနေတဲ့ ဘုန်းဘုန်း တယောက်...
အဲ... အဲ... တပါး (အတုလား မသိဘူး) တွေ့ခဲ့တယ်...

အော်... ဘုန်းဘုန်းမှာလည်း... အသည်းနဲ့ဆိုတာ... ပြောမရုံ... ကြုံဖူးမှ... သိကြမှာပါလေ...း)

Su said...

Hi Ko Paw,

someone criticized you for bashing one's own religion.
i don't know if you have noticed, but i think it only acceptable for ppl when you do just that.
just look at the movie "Borat".
that movie was bashing the Jews quite strongly. it can be done so because the main actor , Sacha Baron Cohen is a devout Jew.
only Jew can criticize Jews incisively. only buddhist to buddhist and christians to christians.
and one thing i noticed about you ( only from reading your blog) is you wrote about buddhist monks because that was what you experienced. if you met with quirky chrisitian priest, i'm sure you will write about it.

love your writing.
keep it up Monsieur Paw.

HLK said...

If you came from Yangon, you have already passed TDG when you reached KKG. I was confused reading the post until i saw your last sentence. :)

said...

Post တခုဖြစ်ရင်ပြီးရောဆိုပြီး ဒီလိုအကြောင်းအရာမျိုးကို မရေးသင့်ပါဘူး။ အထူးသဖြင့်ဘာသာရေးနဲ့ပတ်သက်တဲ့နေရာမှာ။ ကိုပေါရဲ့ ယိုသူမရှက်မြင်သူရှက် ထဲကလေသံအတိုင်းပြောရရင် ရေးသူမရှက်ဖတ်သူရှက် ရ၏။

ကိုပေါ said...

>>>>sonata-cantata...... နောက်တခါ တူတူတန်တန် ဘုန်းပေးနိုင်အောင်....အဲလေ...ရေးနိုင်အောင် ကြိုးစားပါ့ဦးမယ်။

>>>> Crator..... ဦးဇင်းတွေမို့ ပြောနေရတာပေါ့။ သာမန်လူဆို ဘာပြောစရာရှိလဲ။း-)

>>>> မခင်မင်းဇော်.... ပညာရှိမင်းခေါင်းက ဖော့ဖြူလုံးပြုတ်ကျမယ် မမ။ ဖြည်းဖြည်းညှိတ်ပါ။း-)

>>>> CMA.... အစစ်ပဲ။ ဒီအကြောင်း ရင်ထဲမှာ ရှိတာကြာလှပေါ့။ ကိုညီလင်းဆက်ရဲ့ “ဘုန်းကြီးပျက်” ကို ဖတ်လိုက်ရပြီးတဲ့နောက်မှာ မရေးပဲမနေနိုင်လောက်အောင် ဖြစ်လာတယ်။

>>>> Anonymous.... ဘာသာရေးကို စော်ကားတယ်ဆိုရအောင် ဘယ်နေရာမှာများ ဗုဒ္ဓဘာသာကို စော်ကားမိပါလိမ့်။ ဘုန်းကြီးတွေ အနေအထိုင်၊ အပြောအဆိုမတတ်တာကို မကြည်ညိုတဲ့အလျောက် ရေးတာဟာ ဘာသာရေးကို စော်ကားတာမဟုတ်။ ဗုဒ္ဓလက်ထက်ကလည်း အချဉ်ဖမ်းမိပြီဆိုပြီး တူရွင်းပြားလာငှားတဲ့ အလဇ္ဖီရဟန်းတပါးကို မကြည်ညိုတဲ့အတွက် တူရွင်းပြားကို ခြေနဲ့ညှပ်ပြီး “ယူလဟ” လို့ ပစ်ပေးတဲ့ သူဌေးကြီးတဦးအကြောင်း ဖတ်ရဖူးပါတယ်။ ဘာသာရေးဆိုတာ အယူဝါဒအားဖြင့် ကျနော် လက်ခံကောင်း လက်ခံမယ်။ အဲသည် ဘာသာအရေကို ခြုံပြီး ပေါက်ကရ လုပ်တာကိုတော့ လက်မခံနိုင်ပါဘူး။ မြန်မာပြည်က ဘုန်းကြီးတွေဟာ လူတွေဆီက ဆွမ်းကို ခံပြီး ကျင့်ကြံအားထုတ်ရတာဆိုတော့ တဖက်မှာလည်း လူကြည်ညိုဘွယ်ဖြစ်အောင် နေထိုင်ပြုမူသင့်ပါတယ်။ သူတို့ အနေအထိုင်မတတ်လို့ လူတွေက မကြည်ညိုရင်... မကြည်ညိုသူရဲ့ အပြစ်မဟုတ်။ အနေအထိုင်မတတ်သူရဲ့ အပြစ်သာဖြစ်ပါတယ်။


>>>> ကေကေ... မှန်တာပေါ့။ ဘုန်းကြီးတွေလဲ ပုထုဇဉ်ဖြစ်တယ်ဆိုတဲ့အချက်ကို လူတိုင်း စိတ်မှာ စွဲမြဲထားသင့်တယ်။ မဟုတ်ရင် အထင်တွေ စွတ်ကြီးနေဦးမယ်။

>>>> အောင်သာငယ်.... အေးဗျာ။ “သဘောသရုပ်အမှာစကားနဲ့၊ ဟောထုတ်ကာကြားတဲ့၊ စောဗုဒ္ဓဘုရားရဲ့၊ လောကုတ္တရာ တရားနဲ့ ဖြေလည်းမပြေ” ဆိုတာလိုပေါ့။ ကျနော်တို့ နှစ်ယောက်လုပ်တာနဲ့ မောင်ဆွေနွယ်ရဲ့ စာသားလေးပျက်ပါပြီ...ဟီး။

>>>> Su..... ကျေးဇူးတင်ပါတယ်။ စုထောက်ပြသလိုပဲ ဘာသာရေးနဲ့ပတ်သက်လာရင် ထိလွယ်ရှလွယ်မို့ သက်ဆိုင်ရာ ဘာသာဝင်က ဝေဖန်ထောက်ပြတာကသာလျှင် ပိုမိုသင့်လျော်ပါတယ်။ ဟုတ်မှန်တယ်၊ အကျိုးရှိမယ်ဆိုရင်တော့ ကြားရသူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည် ဖြစ်စေ ပြောရမယ်လို့ ယူဆမိပါတယ်။

>>>>HLK.... ခေါင်းစားစရာ ဖြစ်သွားတဲ့အတွက် ဆောရီးပါဗျိုး။ ကျနော့်မှာ ရွာနာမည်ကို မေ့နေလို့ ဂူဂယ်မြေပုံ၊ နေရှင်နယ်ဂျီယိုဂရပ်ဖစ်က မြေပုံတွေမှာ ရှာကြည့်ပါသေးတယ်။ သူငယ်ချင်းလက်လှမ်းမီရာတွေကို လှမ်းမေးပြီး မသိတဲ့အဆုံးမှ ရမ်းတုပ်လိုက်တာပါ။ ကျနော့်စိတ်ထဲမှာ ကုက္ကိုဂွလိုလို၊ ကုက္ကိုဝ လိုလို မသဲမကွဲ မှတ်မိနေသလို ရှိလို့ပါ။

>>>> Ma Ma..... ဘာကြောင့် ဒီလိုအကြောင်းအရာမျိုးကို မရေးသင့်သလဲဆိုတာကို အကျိုးသင့်အကြောင်းသင့် သေသေချာချာ ပြောနိုင်ရင် Ma Ma ရဲ့ အမြင်ကို စာဖတ်သူတွေ ပိုလက်သင့်ခံနိုင်ပါလိမ့်မယ်။ နည်းနည်း ကြိုးစားပြီး ပြောကြည့်ပါလား။

Anonymous said...

ကိုပေါရေ

ကိုပေါရေးတာ ကြာလေကြာလေ အစွန်းတဖက်ရောက်လာသလိုပဲ...

အရာအားလုံးက အကောင်းလဲ ရှိနိုင်သလို အဆိုးလဲ တွေ့နိုင်ပါတယ်... ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ်စိတ်အခြေအနေပေါ်မူတည်ပြီး ကောင်းတာလက်ခံပြီး ဆိုးတာကို ပြစ်ပယ်ရမှာပဲ...

တယောက်မကောင်းတာနဲ့ အားလုံးကို အပြစ်တင်တာမျိုး.. အဖွဲ့အစည်းတစ်ခုလုံးကို အမြင်စောင်းတာမျိုး မပြောသင့် မရေးသင့်ဘူးလို့ ထင်ပါတယ်..

တစ်ခါတစ်လေလဲ ကောင်းတာလေးတွေ ရေးကြည့်ပါဦး.. ရေးတာက ရေးလို့ရပါတယ်... ရေးပုံ ရှုဒေါင့်လေး နဲနဲ လိုနေသလားလို့ပါ...

တခါတလေ ရေးတိုင်းလဲ မကောင်းသလို... မရေးပဲ နေပြန်ရင်လဲ တာဝန်မကျေသလို ဖြစ်တတ်ပါတယ်...
အခြေအနေ အချိန်အခါကို ကြည့်ရပါတယ်...

Dr. Yi Yi Win said...

ခက်တယ်ကိုပေါရေ။ critical thinking မရှိတဲ့ society မှာ တစ်ခုခုကို constructive criticism လုပ်ရတာ အတော်ခက်ခဲဦးမယ်။ ပြောပြန်ရင် ဘုန်းကြီးစာချ သလိုဖြစ်ဦးမယ်လေ။

Anonymous said...

ဟုတ်တယ်..ကိုပေါ..၊ မုန်းစရာရဲ့ အောက်ပါမှတ်ချက်များကို ကိုပေါရဲ့ဒီပို့စ်ထဲပါ ဝါကျများဖြင့်၊ လြူဗိန်းစာဖတ်ပရိဿတ်များ နားလည်အောင်၊ စကားပြေဖြင့် တိတိကျကျပြန်လည် ရှင်းလင်းပါ..။
'တယောက်မကောင်းတာနဲ့ အားလုံးကို အပြစ်တင်တာမျိုး.. အဖွဲ့အစည်းတစ်ခုလုံးကို အမြင်စောင်းတာမျိုး မပြောသင့် မရေးသင့်ဘူးလို့ ထင်ပါတယ်..'

'တစ်ခါတစ်လေလဲ ကောင်းတာလေးတွေ ရေးကြည့်ပါဦး.. ရေးတာက ရေးလို့ရပါတယ်... ရေးပုံ ရှုဒေါင့်လေး နဲနဲ လိုနေသလားလို့ပါ...'

'တခါတလေ ရေးတိုင်းလဲ မကောင်းသလို... မရေးပဲ နေပြန်ရင်လဲ တာဝန်မကျေသလို ဖြစ်တတ်ပါတယ်...
အခြေအနေ အချိန်အခါကို ကြည့်ရပါတယ်...'

Anonymous said...

့Yu Wa Yi ရေးသလို critical thinking မရှိဘူးလို့ ထင်ရင်လဲ ရပါတယ်... တကယ်တော့ ဒီမှတ်ချက်က ဒီပို့စ် တစ်ခုတည်း အတွက် ရေးတာမဟုတ်ပါဘူး.. ရေးခဲ့ပြီးတဲ့ ပို့စ်တွေရယ်.. ရေးလတ္တံ့ ပို့စ်တွေရယ်.. ရေးဦးမယ့်ပို့စ်တွေ အတွက် ခြုံငုံပြီး ရေးလိုက်တာပါ...

ကိုပေါကို လေးစားခင်မင်တာရယ်.. သူ့စာတွေကို နှစ်သက်တာကြောင့် မှန်မှန်လာဖတ်နေတာပါ.. သတိပေးတဲ့ သဘောပါ...

ရန်မတိုက်ကြပါနဲ့ ဗျိုးးးးးးးးးးးး ကိုပေါနားလည်ရင် ပြီးတာပါပဲ....

ကိုကိုကြောင်ချေး said...

ကြည်.လဲရေးပါဦးဗျာ။လူကြားသူကြားမှာ
"“ဒကာကြီး….ခင်ဗျားလုပ်ပုံမဟုတ်တာနဲ့ပဲ ကျုပ်တို့က မတူမတန် ဘုန်းပေးရမှာလားဗျ။ ဒီရွာက ထမင်းဆိုင်အခြေအနေကိုလည်း ကြည့်ဦး။ တကယ့်ကို မတူမတန်ဘုန်းပေးရမှာ။ ကျုပ်တို့တော့ ဒီမှာ မတူမတန် ဘုန်းမပေးနိုင်ဘူး” လို.ပြောတဲ. သံဃာတော်များ
ရှိပါ.မလား?။ဘ၀င်မြင်.တဲ. သံဃာပဲ ဖြစ်ပါစေဦး
လူကြားသူကြား မှာတော. ဒီလိုမိန်.ဆိုမယ်
မထင်ကြောင်းပါခင်ဗျ။

ကိုပေါ said...

မုန်းစရာ.... တကယ်တော့ ကျွန်တော်တို့ဟာ မွေးကတည်းက မိရိုးဖလာအယူအဆတွေနဲ့ အစွန်းတဖက်ကို ရောက်နေခဲ့တာပါ။ တချို့အရာတွေဟာ ဗုဒ္ဓဘာသာမှာ ပါတဲ့ အယူအဆလည်း မဟုတ်ပါဘူး။ ကြီးပြင်းလာတဲ့အခါ အဲဒီ မိရိုးဖလာကနေ ဖောက်ထွက်ဖို့ကြိုးစားတဲ့အခါ ကိုယ်ဟာ မျှမျှတတ စဉ်းစားတတ်တဲ့ အလယ်မှတ်ကို ချဉ်းကပ်ဖို့ကြိုးစားရင်တောင် မိရိုးဖလာအယူအဆတွေကို ကိုင်ဆွဲသူတွေက အစွန်းတဖက်ကို ရောက်သွားပြီလို့ ထင်တတ်ကြတာ ဓမ္မတာပါ။

တယောက်မကောင်းတာဟာ အများမှာလည်း တာဝန်ရှိပါတယ်။ အဲဒီဘုန်းကြီးသုံးပါး ဘာကြောင့် ဒီလောက် အောက်ခြေလွတ်နေသလဲ။ ရှင်းပါတယ်။ အဲဒီလို အခြေအနေရောက်အောင် တွန်းပို့ပေးတဲ့ အသိုင်းအ၀ိုင်းရှိနေလို့ပါ။ ဘုန်းကြီးဘာလုပ်နေနေ ထောက်မပြ၀ံ့တဲ့ လူမှုအသိုင်းအ၀ိုင်းကြောင့်ပါ။

ကောင်းတာလေးတွေ ရေးကြည့်နေပါတယ်။း-) ဒါပေမယ့် ခက်တာက ကျနော်ကောင်းတယ်ထင်တိုင်း ကျန်တဲ့လူတွေက ကောင်းတယ်လို့ ထင်ချင်မှ ထင်မယ်လေ။ ကျနော်ကတော့ ကျနော်ရေးသမျှ ကောင်းတယ်လို့ထင်နေတာ။ ကျန်တဲ့ လူတိုင်းသာ အဲသည်လို ထင်မယ်ဆိုရင် ပွပြီပေါ့။ (အဲသလိုသာဆို နာမည်ကျော် စာရေးဆရာဖြစ်ရချည်သေးရဲ့...)


ဟုတ်မှန်တယ်၊ အကျိုးရှိမယ်လို့ ကျနော်ယူဆရင် ရေးမှာပါ။ အခြေအနေအချိန်အခါ ဆိုတာကတော့ “ဂြိုဟ်နေဂြိုဟ်ပြောင်း ဆိုးအကောင်းသည် အကြောင်းမဟုတ်။ ကိုယ်နှုတ်နှလုံး စောင့်သုံးတည်လျှင် ကောင်းသောနက္ခတ်နှင့် ယှဉ်ပေသည်” ဆိုတဲ့ အယူအဆကို လက်ကိုင်ထားပါတယ်။ တခုခုလုပ်တော့မယ်ဆိုရင် နေ့ရွှေ့ညရွှေ့နဲ့ နေ့ကောင်းရက်သာ ရွေးနေမယ့်အစား လက်ရှိပစ္စုပ္ပာန်အချိန်က အကောင်းဆုံးပေါ့။

Yu Wa Yi........ ဟိုတလောက “ကိုတာ” ရဲ့ ပြတင်းပေါက်မှ ကြည့်သူ၏ စိတ်ကူးများကို ဖတ်တော့ ကိုတာကြုံနေရတဲ့ အဖြစ်အပျက်တွေကလည်း တထေရာတည်းပဲ။ သူ၏ ဖြန့်ကျက်အတွေးများကို သူ့သူငယ်ချင်းတယောက်က ပြောသတဲ့။ ဖြန်ကျက်အတွေးများ မဟုတ်ပါဘူး။ မောင်တာရဲ့ “ကန့်လန့်အတွေးများပါ” တဲ့။ အခုလည်း ကိုပေါရဲ့ ကန့်လန့်အတွေးများ ဖြစ်နေပြီထင်ပါရဲ့ဗျာ။

CMA..... အတိုချုပ်ပြန်ဆိုရမယ်ဆိုရင်တော့ “ကိုပေါ၊ ပေါက်ကရတွေရေးနေတာ ရပ်တန်းက ရပ်တော့” တဲ့။း-)

မုန်းစရာ..... မုန်းစရာမှာ ချစ်စရာကောင်းတာလေးတွေရှိတယ်။ ကျနော်ဒီလိုပို့စ်တွေ ရေးဦးမယ် (လာလတ္တံ့)ဆိုတာကို ကြိုသိနေတာကိုပေါ့။ ကျနော့်စာတွေကို နှစ်သက်တယ်ဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သတိပေးတာကိုလည်း နှလုံးသွင်းထားပါ့မယ်။

ကိုကိုကြောင်ချေး.... ပြောမယုံ ကြုံဖူးမှ သိကြမှာပါလေ....။ ဒီထက်ဆိုးတဲ့ ဘုန်းကြီးတွေလည်း ရှိသေးသဗျိုး။ လူကို အလကားနေရင်း လူမိုက်စကား၊ ရန်စစကား ပြောတဲ့ဘုန်းကြီးမျိုးတွေ။ နောက်တော့မှ အလျဉ်းသင့်ရင် ရေးပြပါဦးမယ်။

Anonymous said...

ကိုကိုကြောင်ချေးရေးသမျှထဲဒီတစ်ခါတော့ဟုတ်တယ်ဗျို့လို့
ထောက်ခံပါတယ်..
ကိုပေါကဇာတ်နာအောင်နဲနဲပိုအစာသွပ်လိုက်သလားလို့..
ကို့ကိုယ်ပိုင်ကိစ္စဒါမှမဟုတ်စိတ်ကူးရင်ဆန်တဲ့အကြောင်းအရာ
တွေအတွက်ဘာမှမဖြစ်လောက်ပေမဲ့..အများနဲ့၊လူ့အဖွဲ့စည်းနဲ့
တိုက်ရိုက်ဒါမှမဟုတ်သွယ်ဝိုက်ပတ်သက်လာရင်တော့နဲနဲဂရု
စိုက်ပြီးရေးသင့်တယ်လို့ထင်ကြောင်းပါ....

Anonymous said...

ကိုပေါရဲ. ဒီစကားကိုတော. တော်တော် သဘောကျပါတယ်။
"တကယ်တော့ ကျွန်တော်တို့ဟာ မွေးကတည်းက မိရိုးဖလာအယူအဆတွေနဲ့ အစွန်းတဖက်ကို ရောက်နေခဲ့တာပါ။ တချို့အရာတွေဟာ ဗုဒ္ဓဘာသာမှာ ပါတဲ့ အယူအဆလည်း မဟုတ်ပါဘူး။ ကြီးပြင်းလာတဲ့အခါ အဲဒီ မိရိုးဖလာကနေ ဖောက်ထွက်ဖို့ကြိုးစားတဲ့အခါ ကိုယ်ဟာ မျှမျှတတ စဉ်းစားတတ်တဲ့ အလယ်မှတ်ကို ချဉ်းကပ်ဖို့ကြိုးစားရင်တောင် မိရိုးဖလာအယူအဆတွေကို ကိုင်ဆွဲသူတွေက အစွန်းတဖက်ကို ရောက်သွားပြီလို့ ထင်တတ်ကြတာ ဓမ္မတာပါ။"

အဲဒီ ကိစ္စက ကျွန်တော်တို. လူတွေ တော်တော် သတိမထားမိကြတဲ. ကိစ္စပါ။

မိမိရိုးဖလာ ဗုဒ္ဓဘာသာရဲ. အောက်မှာ ကိုယ်.ကိုယ်ကို အစွန်းရောက်လို. ရောက်နေမှန်း မသိကြဘူး။
နဲနဲ မှ လည်း ဝေဖန် ဆန်းစစ်တဲ. အတွေးလည်းမရှိကြဘူး။
တကယ်တော. ကျနော်တို. ဗုဒ္ဓဘာသာဟာ ကမ္ဘာ.ပညာရှင်တွေကြားမှာ သိသိမှတ်မှတ် အလေးထားခြင်းခံရတာ အဲဒီ မိရိုးဖလာအစဉ်အလာတွေနဲ. ဘာမှ မဆိုင်ဘူးဆိုတာ သတိရကြပါ။

ဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ယောက်ဖြစ်ချင်ရင် ဗုဒ္ဓရဲ. တကယ်. အနှစ်တရားတွေဖြစ်တဲ. အနတ္တဝါဒ၊ သစ္စာလေးပါးတရား စတာတွေကို
အနည်းဆုံး Theory လောက်အဖြစ်သိရှိထားဖို.တော. လိုပါတယ်။
ကိုပေါကို ဗုဒ္ဓဘာသာနဲ. ပတ်သက်တဲ. စာအုပ်တစ်အုပ်ညွန်းချင်ပါတယ်။
ဦးအေးမောင် ရေးသားထားတဲ. " ဗုဒ္ဓနဲ. ဗုဒ္ဓဝါဒ " ဆိုတဲ. စာအုပ်ပါ။
အဲဒီစာအုပ်ဟာ မြန်မာစကားပြေနဲ. ရှင်းလင်းစွာ ရေးသားထားတဲ. အတွက် သာမန် စာအုပ်ဖတ်တဲ.လူတွေအတွက် အဆင်ပြေပါတယ်။
ပြီးတော. ကိုပေါပြောသလိုဘဲ ဗုဒ္ဓဘာသာနဲ. ပတ်သက်လို. ဗုဒ္ဓရဲ. လမ်းစဉ်အတိုင်း အလယ်အလတ်လမ်းစဉ်ကို သုံးပြီး လေ.လာထားတာကို တွေ.ရမှာ ဖြစ်ပါတယ်။

Sint Si said...

I think the village name is "Pya Lo" between Aung Lan and TDG. Corns from their village are famous in the Magwe region. KKG is even smaller than " Pya Lo" They make good clay pots. (Yae O:)

Sorry, I can't quite spell the village name in English and I don't know how to type Burmese in the comment.

Anonymous said...
This comment has been removed by the author.
Anonymous said...

ကိုပေါရေ... အမြဲ ရောက်ပါတယ်...

Anonymous said...

ဒီစာကို ဖတ်ရတာ ဇွတ်ဖန်တီးထားတဲ့ စာတပုဒ်လိုပဲ။
မတူမတန် ဆိုတဲ့ စကားကို ဘုန်းကြီးက အဲဒီလောက် တွင်တွင်သုံးသလား။ ဒါ့ပြင် အားလုံးထမင်းဆင်းစားတာတောင် ဘုန်းကြီးက ဘုဉ်းမပေးဘဲ ကားပေါ်မှာ ထိုင်နေပြီး ဆွမ်းတနပ် အငတ်ခံတယ်ဆိုတာ ... မယုံနိုင်စရာ ဖြစ်ရပ်ပဲ။ ဘုန်းကြီးဆိုတာ တနေ့လုံးမှ ဆွမ်းတနပ်နဲ့ ရှင်သန်ရတာ မဟုတ်လား။
မည်သို့ပင် ဖြစ်စေပေါ့လေ ... ကာယကံရှင်က အသိဆုံးပါပဲ .... ။

ဒါနဲ့ ... အပေါ်က ကွန်မန့်ရေးတဲ့ မမရဲ့ လင့်ခ်ကို သွားကြည့်လိုက်တာ တော်တော် အဖိုးတန်တဲ့ ပို့စ်တခု ဖတ်လိုက်ရတယ်။ ကိုပေါတို့လို အဝေးကနေ ခဲနဲ့ပေါက်နေသူတွေလည်း သွားဖတ်သင့်ပါတယ်။
http://mamaonlinediary.blogspot.com/2009/02/blog-post_07.html
မိန်းကလေးတယောက်တောင် ခုလို လက်တွေ့လုပ်ဆောင်ခဲ့နိုင်ပြီး ယောက်ျားကြီးတွေက ကွယ်ရာ အတင်းတုတ်နေကြတာ ပြောရရင် ရေးသူမရှက် ဖတ်သူရှက်ဆိုတာလည်း အဟုတ်ပဲ ဖြစ်နေပြီ။

Anonymous said...

အပြုသဘောနဲ့ ဆွေးနွေးတယ်ဆိုတာက အွန်လိုင်းပေါ်မှာ ပြီးရင်ပြီးသွားကြတာပါပဲ ။ အတင်းပြောနည်းတမျိုးလို့ ယူဆလို့ရမယ်ထင်ပါတယ် ။ အပြုသဘောနဲ့ လက်တွေ့ လုပ်ဆောင်ပြနိုင်ရင်တော့ အတိုင်းထက် အလွန် ၊ တံခွန်နဲ့ ကုက္ကားပေါ့ဗျာ ။ လက်တွေ့လုပ်ဆောင်တဲ့ သူတွေ မတွေ့ရသလောက်ပါပဲ ။ အွန်လိုင်းမှာ ဘု၇ားဒကာ လေသံနဲ့ အာနေကြတဲ့ သူတွေ များနေသလားလို့ပါ ။

Anonymous said...

မယ်သီ ညွှန်းလို့ မမ ဘလောက်မှာ သွားဖတ်ဖြစ်ပါတယ်၊ မှန်ကန်တဲ့ လုပ်ရပ်အဖြစ် လေ:စားအတုယူ မိပါတယ်၊ ကျေးဇူးပါ

ကိုပေါ said...

>>>> အမည်မသိ…. အဆိုတင်သွင်းတဲ့လူနဲ့ ထောက်ခံတဲ့လူနဲ့။ ကျနော့်ဘလော့ဂ်လေးလည်း အမျိုးသားညီလာခံလေးကျနေတာပဲ။ မြိုင်မြိုင်ဆိုင်ဆိုင်လေးပေါ့။ ကိုပေါက အဲသည်လိုပဲ…. ကြမ်းပိုးကို ကမ္ဘာလိပ်ဖြစ်အောင် ချဲ့ကားရေးတတ်တယ်။ သတိထားခင်ဗျ။

>>>> ငြိမ်းချမ်း………. စာအုပ်ညွှန်းတဲ့အတွက် ကျေးဇူးပါ။ ကျနော် ရှာဖတ်ပါ့မယ်။

>>>> Sint….. ပြလို့ ကိုပြောချင်တာမို့လား။ အဲသည်ရွာကလေးက ပြလို့တော့မဟုတ်ဘူးခင်ဗျ။ အခုလိုပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

>>>> မမ….. နောင်လည်း လာလည်ပါဦး။

>>>> မယ်သီ…. မမလင့်ခ်မှာ ဘုန်းကြီးအရက်သောက်တာတောင် ကြုံရပြီဆိုမှတော့…. ကျနော်ရေးတဲ့ကိစ္စက အသေးအမွှားရှိပါသေးတယ်။ တချို့ဘုန်းကြီးတန်မဲ့ လူမိုက်စကားပြောတဲ့ ဘုန်းကြီးတွေရှိသေးတယ်။ နောင် အလျဉ်းသင့်ရင် ရေးပြဦးမယ်။
လက်တွေ့လုပ်တာနဲ့ပတ်သက်လို့တော့ ဘာကို ဆိုလိုချင်မှန်းမသိ။ ကျနော်က အဲသည် ဘုန်းကြီးသုံးပါးရဲ့ ပါးစပ်တွေကို ပလာစတာနဲ့ သွားပိတ်ရမယ်လို့ ဆိုချင်တာလား။ သားသားကြောက်ကြောက်။ ဘလော့ဂ်ပေါ်မှာ ဖွင့်ချတာချင်းကတော့ အတူတူပါပဲလေ။

>>>> ခရေဖြူ…. ၀ဲလ်ကမ်းဘက်ခ်။

Anonymous said...

ကိုပေါရေ ...

တစ်ခါတစ်လေ .. ဘာသာရေးဆိုတာကို ဘာမှန်းသဘောမပေါက်ကြတဲ့သူတွေက ... ပြောတာတွေကို လက်မခံချင်ပါဘူး ...။

မြတ်စွာဘုရားက ရောင့်ရဲဖို့ အတန်တန်သွန်သင်ထားတာ ဘာသာရေး အခြေခံရှိသူတိုင်းသိပါတယ် ...။

ဘုန်းကြီးတွေကို အမြင်မတော်တာရှိရင်လည်း အမြင်မတော်ဘူးဆိုတာ ဖွင့်ပြရမယ်။ တာဝန်ရှိတဲ့ နာယက ဘုန်းကြီး၊ကျောင်းထိုင် ဘုန်းကြီးတွေက ပြန်တည့်မတ်ပေးမယ် ဆိုတဲ့ယုံကြည်မှုမျိုးနဲ့ ရေးတယ်ဆိုရင်တော့ စေတနာကောင်းက အကျိုးပေးကောင်းမှာပါ ...။

သံလျင်မှာ (GTC) ကျောင်းတက်တုန်းက၊ ကျောင်းက ferry က ဘုန်းကြီးတစ်စီးရဲ့ကားကို ကျော်တက်လိုက်တာ ... ဘုန်းကြီးက သူ့ ဒရိုင်ဘာကို အတင်းပြန်ကျော်ခိုင်းပြီး .... ဒရိုင်ဘာကို ကားချက်ချင်းရပ် ... ဘာညာ ဆိုပြီး ပြဿနာရှာတာကို ကြုံဖူးပါတယ် ...။ ဒရိုင်ဘာက မရပ်တော့ ဘုန်းကြီးက သူ့ ဟန်းဖုန်းကို ထုတ်ပြီး ... ကားနံပါတ်ကို ပြူးပြဲကြည့် ပြီးသက်ဆိုင်ရာကို တိုင်တဲ့ပုံလုပ်နေပါသေးတယ် ...။ ကားပေါ်မှာ GTC ကျောင်းသား ၅၀ လောက်နဲ့ ဆရာမ ၂ ယောက်၊သုံးယောက်လည်းပါပါတယ် ...။ အားလုံးမှာ ဘုန်းကြီးကို ကြည့်ပြီးရယ်ရတာ အမော ...။

ကျွန်တော်ကတော့ ...
ဒီဘုန်းကြီးက ဒီလိုပဲလို့ပဲ မြင်ပါတယ် ...။ ဒါဟာဘာသာရေးလို့ မမြင်ပါဘူး ... တစ်သီးပုဂ္ဂလသက်သက်ပါ ....။ လှေကြီးလာတော့ ငါးခုံးမတွေပိုပုပ်လာတယ် ထင်ပါရဲ့ ...။ မြတ်စွာဘုရားသာ သက်တော်ထင်ရှားရှိသေးရင် ဒီဘုန်းကြီးတွေကို ဘယ်လိုများဆူမလဲလို့ တွေးမိတယ် ...။ ၀ိနည်းတွေက အကျဉ်း ၂၂၇ သွယ်ဆိုတော့ ... အားလုံးပြည့်စုံမှ ရဟန်းခံရမယ်ဆိုတာတော့ မမျှော်လင့်ကောင်းပါဘူး ...။ ဒါပေမယ့် ...ရှိသင့်တာလေးတော့ ရှိကြရင်ကောင်းတာပေါ့ ...။အားလုံးကို စွန့်ပြီးတောင် ရဟန်းဝတ်ခဲ့ပြီးပြီပဲလေ ...။

ဘာသာရေးအဆုံးအမတွေကတော့ လိုက်နာသူတွေကို အကျိုးများစေတာပါပဲ ...။ မလိုက်နာရင်တော့ လူပဲဖြစ်ဖြစ် ရဟန်းပဲဖြစ်ဖြစ် ... လူရယ်စရာ ဖြစ်တာပါပဲ ...။

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ) လို ရဟန်းမျိုးကို ကိုပေါ က ဝေဖန်တယ်ဆိုရင်တော့ ကိုပေါကို အလွန်လို့ ပြောမယ့်သူတွေထဲမှာ ကျွန်တော်က ရှေ့ဆုံးကပါမှာပါ ...။

သဒ္ဒါ၊သီလ၊သုတ၊စာဂ၊ပညာ နည်းပါးတဲ့ ဘုန်းကြီးက သဒ္ဒါ၊သီလ၊သုတ၊စာဂ၊ပညာနဲ့ ပြည့်စုံတဲ့လူတွေကို ဘယ်လိုများသွန်သင်မှာပါလိမ့် ...။ တစ်ပါးသူကို သွန်သင်မယ့်ပုဂ္ဂိုလ်ဟာ ...ကိုယ်တိုင် အရင်ကျင့်ကြံ ပြသင့်တာပေါ့ ...။ တရားဓမ္မလို လေးနက်တာတွေကို မပြောသေးပါဘူး ... အခြေခံ personality ကိုက အားနည်းနေရင်တော့ .... ဆရာတွေ အရှက်ရစရာ ရဟန်းပဲ ဖြစ်မှာပါ ...။

နောက်ဆိုရင် ရဟန်းတွေကိုလည်း လူတွေက identity ပြခိုင်းရတော့မယ်ထင်ပါရဲ့ ...။ ကိုပေါကလည်း ဓာတ်ပုံလေးဘာလေးရိုက်ခဲ့ရောပေါ့ .... ဒါမှမဟုတ်လည်းကျောင်းတိုက်လေး ဘာလေးမေးခဲ့ရောပေါ့ ...။ အခုတော့ ... လုပ်ဇာတ်လို့ထင်နေတဲ့သူတွေ ပြောစရာဖြစ်နေပြီဗျ ....။

ကိုယ့်ဘာသာကို ကိုယ်ထိန်းသိမ်းတာက မှန်ကန်တဲ့ အလုပ်ပါပဲ ...။ မွတ်စလင်တွေက ပေါက်ကရမျိုးစုံလုပ်နေလို့ ကိုယ့် ဘုန်းကြီးတွေလည်း ပေါက်ကရနည်းနည်းတော့လုပ်ရင် ရတယ်လို့ မယူဆပါဘူး ...။

ဆွေးနွေးမှုမှာ ... အစွဲတွေကို မေ့ထားနိုင်ရင် ပိုပြီးလေးနက်ပါတယ် ...။ ကိုပေါ ရဲ့ ရေးဟန်ကိုက ဒီလို သရော်ဟန်ပါပါတယ် ...။ အခုမှမဟုတ်ပါဘူး ... အရင်ပို့(စ်)တွေမှာလဲ ဒီလိုပါပဲ ...။ Satire ကို ကြိုက်တယ်လို့ယူဆမိပါတယ် ...။ ဒါကို နားလည်ရင် သူတင်ပြချင်တာလေးကို ရိုးရိုးလေး နားလည်ပေးလို့ရပါတယ်ဗျာ ...။

ကိုပေါရေ ... စေတနာကောင်းနဲ့သာ ဆက်ရေးပါဗျာ ...။ စေတနာမှန်ရင် ရောင်ပြန်ဟပ်မှာပါ ....။

ကိုပေါ said...

>>>> အမည်မသိသို့...... အခုလို အားပေးတဲ့အတွက်ကျေးဇူးပါ။

Anonymous said...

ကိုပေါရေ ရန်တိုက်နေပြီ.. အသုံးချနေပြီဗျို့

Anonymous said...

ကိုပေါ
အချိန်ရတဲ.အခါ ဒီ link မှာ ဝင်ဖတ်လို.ရပါတယ်။
အဲဒီစာအုပ်ကို ကျနော်ရိုက်နေတာ အခန်း (၄) ထိရောက်သွားပြီ။
ကျေးဇူးပါ။
http://koluuaww.blogspot.com/

ကိုပေါ said...

>>>>stupidee….. don’t worry…. Whoever cut cut, we don’t break, always united. (ဘယ်သူခွဲခွဲ တို့မကွဲ၊ အမြဲစည်းလုံးမည်။)

>>>>ငြိမ်းချမ်း……… ကျေးဇူးဗျိုး။ ကျနော်လာဖတ်ပါမယ်။

THILAWA said...

အင်း....
comments တွေကိုဖတ်ပြီးတော့ ကြားဖူးတဲ့ စကားလေးတစ်ခု သွားသတိရတယ်ဗျာ။

အုတ်ပုံ/ ရုပ်တု ကွယ်နေလို့  ဘုရားကို မတွေ့ ပါ ဘုရား
စာအုပ်တွေ ကွယ်နေလို့  တရားကို မတွေ့ ပါဘုရား။
ဘုန်းကြီးတွေ ကွယ်နေလို့  သံဃာကို မတွေ့ ပါဘုရား တဲ့
ကိုပေါပြောတဲ့ အလဇ္ဇီရဟန်း အကြောင်းရယ် အပေါ်မှာပါတဲ့ စာလေးရယ်ကို ထောက်ရင် ဘုန်းကြီးနဲ့  သံဃာဆိုတာ အတူတူမဟုတ်ဘူလို့  သဘောပေါက်ထားပါတယ်။ ပိုပြီးတော့ ဥာဏ်ပွင့်သွားအောင် ဆွေးနွေးပေးပါလို့  ........

Anonymous said...

ကျွန်တော်တော့ ဒီလိုလေးတွေးမိတယ်။ အဲဒီ့တုံးက ဆွမ်းစားချိန်လွန်ခါနီးနေလို့များ ဒီကိုယ်တော်တွေ ဒေါသထွက်ပြီးပြောလိုက်တယ်လို့။ ပုထုစဉ်ဆိုတော့ ဗိုက်ဆာလာတဲ့အချိန် ဒေါသထွက်ပြီး၊ အဲ့လိုလေ။ နောက်ပြီး ၁၂နာရီကျော်သွားရင် ဘာမှဘုန်းပေးလို့မရတော့ဘူးဆိုတဲ့ စိုးရိမ်စိတ်လည်း သူတို့မှာ ရှိနေခဲ့မယ်ထင်ပါတယ်။ ကားသမားက သူတို့ပါမှန်းသတိမထားမိဘူးလို့ ပြောလိုက်တာလည်းပါမယ်ထင်ပါတယ်။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs