(စင်္ကာပူ ဒု-၀န်ကြီးချုပ် ဝေါင်ကန်ဆင်းပြောကြားချက်နှင့်ပတ်သက်၍ စင်္ကာပူလူမျိုး နာမည်ကျော် ဆောင်းပါးရှင် Alex Au (yawningbread) ရေးသားသော Burmese patriots "undesirable", says Singapore government ဆောင်းပါးအား ဘာသာပြန်ဆိုသည်။)
“စင်္ကာပူအစိုးရမှ မြန်မာအတိုက်အခံများအား နှင်ထုတ်ခြင်း” ဆိုတဲ့ ဆောင်းပါးထဲမှာ ၄င်းတို့တိုင်းပြည်ကို အုပ်ချုပ်နေသော စစ်အစိုးရအား ဆန့်ကျင်သော နိုင်ငံရေးလှုပ်ရှားမှုများ၏ ရလဒ်အဖြစ် မြန်မာအချို့ကို စင်္ကာပူအစိုးရက နှင်ထုတ်ခဲ့ခြင်းအကြောင်းကို “ယောင်းနင်းဘရက်ဒ်”က ရေးသားခဲ့သည်။ ထိုဖြစ်ရပ်သည် ယခုသီတင်းပတ်အတွင်း ပါလီမန်တွင် ထပ်မံတင်ပြဆွေးနွေးစရာဖြစ်လာခဲ့သည်။ ဒု-၀န်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဖြစ်သူ ဝေါင်ကန်ဆင်းက စထရိတ်စ်တိုမ်းစ်နှင့် တူဒေးသတင်းစာများထဲတွင် ရေးသားထားသည့်အတိုင်း အစိုးရ၏ လုပ်ရပ်ကို ကာကွယ်ပြောကြားခဲ့သည်။
မနေ့က ထုတ်ပြန်ခဲ့သော သူ၏ သတင်းထုတ်ပြန်ချက်ထဲတွင် မစ္စတာဝေါင်း ပြောကြားချက်မှာ မြန်မာနိုင်ငံသားများသည် ၄င်းတို့၏ နိုင်ငံရေးဦးတည်ချက်များ ပြည့်ဝရေးအတွက် ဆန္ဒပြပွဲများကဲ့သို့သော တရားမ၀င် လှုပ်ရှားမှုများကို ပြုလုပ်ခြင်းဖြင့် စင်္ကာပူ၏ ဥပဒေကို မထီမဲ့မြင် ပြုလုပ်ခဲ့သည် ဆို၏။
ဤသည်မှာ ဥပဒေဘောင်အတွင်းမှသာ လုပ်ဆောင်ရန် စင်္ကာပူရဲတပ်ဖွဲ့မှ အကြိမ်ကြိမ်အဖန်ဖန် သတိပေးသည့်ကြားမှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဆို၏။
“အိုဘီပီ သည်သာ စင်္ကာပူတွင် ရှိသော တဖွဲ့တည်းသော မျိုးချစ်အဖွဲ့မဟုတ်။ ထို့ပြင် အိုဘီပီသည်ဟာ မြန်မာ့အရေးကို စိုးရိမ်ပူပန်စိတ်ဖြင့် လှုပ်ရှားမှုများကို ကမကထပြု ဆောင်ရွက်သော တဖွဲ့တည်းသောအဖွဲ့အစည်းမဟုတ်။ သို့သော်လည်း ဥပဒေကို လိုက်နာဆောင်ရွက်သော အခြားအဖွဲ့အစည်းများကဲ့သို့မဟုတ်ဘဲ အိုဘီပီသည် ဗြောင်ကျကျပင် ကျွန်ုပ်တို့၏ ဥပဒေများကို အစဉ်တစိုက် ဖီဆန်ရန် ဆုံးဖြတ်ခဲ့သည်။”
ယင်းကဲ့သို့သော လှုပ်ရှားမှုများမှ တခုသည် ပြီးခဲ့သောနှစ်က အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွင်း နိုဝင်ဘာလ ၂၀ ရက်နေ့တွင် လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ လူလေးဆယ်ခန့်သည် ဘန်နာများကို ကိုင်ဆောင်လျက် စစ်အစိုးရအား မကျေနပ်မှုများကို ဖော်ပြရန် အောချာ့ဒ်ပရိတ် ဟိုတယ်ရှေ့ ပလက်ဖောင်းပေါ်သို့ ထွက်ခဲ့ကြသည်။
ယင်းအဖြစ်အပျက်ကို ကိုးကား၍ မစ္စတာဝေါင်းက ပြောကြားသည်မှာ “ယင်းအုပ်စုသည် အများပြည်သူနှင့် သတင်းမီဒီယာများ၏ အာရုံစိုက်မှုကို ရရှိစေရန် တမင်သက်သက် ရည်ရွယ်ကာ ထိပ်သီဆွေးနွေးပွဲကျင်းပရာ ရှန်ဂရီလာ ဟိုတယ်အနီးနေရာကို ရွေးချယ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်” ဟူ၏။ ( “ဟဲ့…. ဆန္ဒပြပါတယ်ဆိုနေမှ ဘယ်..လူမသိ၊ သူမသိ ချောင်ထဲမှာ သွားပြနေလို့ဖြစ်မလဲဟဲ့”…။ ပုံ- ဘာသာပြန်သူ)
“၄င်းတို့၏ ဥပဒေနှင့်မညီသော အပြုအမူကြောင့် ကျွန်ုပ်တို့၏ လုံခြုံရေးများကို မလိုလားအပ်သော အာရုံထွေပြားမှုဖြစ်ပေါ်စေပြီး ထိပ်သီးဆွေးနွေးပွဲတက်ရောက်လာသော ကိုယ်စားလှယ်တော်ကြီးများ (ထိုအထဲတွင် အချို့မှာ အာဆီယံအစိုးရခေါင်းဆောင်များပါသည်)အတွက် စီမံထားသော လုံခြုံရေးအစီအစဉ်များကို ထိပါးစေသည်။”
-စထရိတ်စ်တိုင်းမ်စ်သတင်းစာ၊ ၁၈ ရက် စက်တင်ဘာလ ၂၀၀၈ ခု
(မြန်မာ့အရေးလှုပ်ရှားသူများ “ဥပဒေကို ဖီဆန်” ဆိုသော သတင်းမှ)
စထရိတ်စ်တိုင်းမ်စ်နှင့် တူဒေးတွင် ဖော်ပြခဲ့သော သတင်းအပြည့်အစုံကို ဒီမှာ ဖတ်ရှုနိုင်ပါသည်။
စထရိတ်စ်တိုင်းမ်စ်သတင်းစာတွင် အိုဘီပီမှ ကမကထပြုခဲ့သော “ဥပဒေနဲ့မညီသည့်” လုပ်ရပ်များကို အခြားမြန်မာအဖွဲ့များမှ ပြုလုပ်ခဲ့သော “ဥပဒေနဲ့ညီသည့်” လုပ်ရပ်များနှင့် နှိုင်းယှဉ်ကာ စာရင်းဇယားနှင့်တကွ ဖော်ပြထားပေသည်။ ဇယားမှတဆင့် အလွယ်တကူ တွေ့မြင်နိုင်သည်မှာ အောက်ဒိုး (ပြင်ပတွင်) ပြုလုပ်သော လှုပ်ရှားမှုမှန်သမျှသည် “ဥပဒေနှင့်မညီ”သည့်လုပ်ရပ်ဖြစ်ပြီး အဆောက်အဦးထဲတွင် ပြုလုပ်သမျှကိုမူကား ခွင့်ပြုသည် ဆိုသည့်အချက်ကို ဖြစ်သည်။ ထိုအကြောင်းကို နောက်ပိုင်းတွင် ဆွေးနွေးမည်။
နိုင်ငံတနိုင်ငံသည် တိုင်းပြည်ထဲသို့ ဘယ်သူဝင်သင့်သည်၊ ဘယ်သူ့ကို နှင်ထုတ်သင့်သည် စသဖြင့် ဆုံးဖြတ်ပိုင်ခွင့်ရှိပါလား…။ ရှိပါသည်။ ထိုအချက်နှင့်ပတ်သက်၍ အငြင်းပွားစရာမရှိပါ။ မေးမြန်းစရာရှိသည်မှာ ဘယ်သူ့ကို နှင်ထုတ်သင့်သည်ဟု ဆုံးဖြတ်ရာတွင် မည်သည့်အချက်အလက်များအပေါ် အခြေခံစဉ်းစား၍ ဆုံးဖြတ်သနည်း ဆိုသည့်မေးခွန်းဖြစ်သည်။ အကယ်၍ ထိုဆုံးဖြတ်ချက်သည် ကြိုက်သလိုဆုံးဖြတ်ချက် (သို့မဟုတ်) ကျိုးကြောင်းမခိုင်လုံဘဲ ဆုံးဖြတ်ချက် ဖြစ်နေခဲ့လျှင် သင့်တော်ပါမည်လော။
“လူဝင်မှုကြီးကြပ်ရေးမှ အာဏာပိုင်များသည် ဤအုပ်စုငယ်အား မလိုလားအပ်သော ပုဂ္ဂိုလ်များအဖြစ် ယူဆကာ ၄င်းတို့အား နှင်ထုတ်ဘို့ မှန်ကန်စွာ ဆုံးဖြတ်ခဲ့သည်။ ”
…..၄င်းတို့၏ ယခုဖြစ်ရပ်ကို မီဒီယာနှင့်တကွ ပြည်ပရှိ မသိနားမလည်သော အဖွဲ့အစည်းများမှတဆင့် နိုင်ငံရေးသဘောသက်ရောက်အောင် လုပ်ဆောင်နေမှုအား မစ္စတာဝေါင်းက ရှုတ်ချလိုက်သည်။
သူက ၄င်းတို့သည် လူဝင်မှုကြီးကြပ်ရေး၏ အရေးယူမှုအား နိုင်ငံရေးအရအရေးယူမှုဟု လုပ်ကြံပြောကြားနေသည်ဟု စွပ်စွဲလိုက်သည်။
------- စက်တင်ဘာလ ၁၈ ရက် ထုတ် တူဒေးသတင်းစာပါ 'Undesirable' persons should leave, House told သတင်းကို ကိုးကားသည်။
အထက်တွင် တွေ့ခဲ့ရသည့်အတိုင်း ဝေါင်း၏ပြောဆိုချက်မှာ ထိုသူများသည် စင်္ကာပူ၏ ဥပဒေများကို အစဉ်တစိုက် ချိုးဖောက်ခဲ့သည် ဆိုခြင်းဖြစ်သည်။ ဤနေရာတွင် ကျွန်ုပ်တွေးမိသည်မှာ စင်္ကာပူနိုင်ငံသားများအနေဖြင့် ၄င်းတို့ဖာသာ ပြန်မေးသင့်သည်မှာ “ဤဥပဒေများကိုယ်တိုင်က မည်မျှ ဥပဒေနှင့် ညီပါသနည်း” ဆိုသည့်မေးခွန်းဖြစ်သည်။ သို့တည်းမဟုတ် ၄င်းဥပဒေများကို အနက်အဓိပ္ပါယ်ပြန်ဆိုရာတွင် (ဥပဒေကို အသုံးချဘို့ စဉ်းစားရာတွင်) အဘယ်မျှ ဥပဒေနှင့် လျော်ညီစွာ စဉ်းစားဆုံးဖြတ်ပါသနည်း ဟူသော မေးခွန်းဖြစ်သည်။ အကယ်၍ ဥပဒေကိုယ်တိုင်က ဥပဒေနှင့်မညီညွတ်ပါက စင်္ကာပူအစိုးရ၏ လုပ်ရပ်သည် စာရိတ္တပိုင်းဆိုင်ရာတွင် ကောင်းမွန်မှန်ကန်သည်ဟု မည်သို့မျှ အကြောင်းပြ၍ မရတော့သောကြောင့်ဖြစ်သည်။
ဥပဒေနှင့်မညီသော ဥပဒေများ
ဤဆွေးနွေးပွဲတွင် ဥပဒေများကိုယ်တိုင်က ဥပဒေနှင့်မညီနိုင်ဆိုသော အယူအဆကို ဆုပ်ကိုင်မိရန်အရေးကြီးပေသည်။ ဥပမာတခုပေးရလျှင်…. အတိုက်အခံပါတီတခုတည်ထောင်ခြင်းအတွက် မဖြစ်မနေသေဒဏ်ပေးရမည်ဟု ပါလီမန်တွင် ဥပဒေတရပ်ကို ပြဋ္ဌာန်းလိုက်ပါက အများပြည်သူအနေဖြင့် ထိုဥပဒေ၏ မတရားမှု၊ မှားယွင်းမှုကို အကြီးအကျယ် အံ့အားသင့်တုန်လှုပ်ကြပေမည်။ တရားမျှတမှုကို အစစ်အဆေးမခံနိုင်သော၊ တိမ်းမှားယွင်းစောင်းနေသော ဥပဒေများသည် ဥပဒေနှင့်မညီသော ဥပဒေများဖြစ်သည်။ အလားတူပင် အခြေခံလူ့အခွင့်အရေးမူဝါဒများဖြင့် ဆန့်ကျင်နေသော ဥပဒေများသည် ဥပဒေနှင့်မညီသော ဥပဒေများပင်ဖြစ်လေသည်။
ဥပမာအနေဖြင့် အပြည်ပြည်ဆိုင်ရာ အထွေထွေလူ့အခွင့်အရေးကြေညာစာတမ်းကို ကြည့်ပါ။
အပြည်ပြည်ဆိုင်ရာ အထွေထွေ လူ့အခွင့်အရေးကြေညာစာတမ်းဆိုသည်မှာ အဘယ်နည်း။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းသည် လူသားမျိုးနွယ်စုတရပ်လုံးတွင် ပါဝင်သော အဖွဲ့ဝင်အားလုံး၏ အခြေခံကျသော၊ ခွဲခွာဖဲ့ထုတ်၍မရသော အခွင့်အရေးများကို အပြည်ပြည်ဆိုင်ရာမျှ သဘောတူစာချုပ်ရေးထိုးထားခြင်းဖြစ်သည်။ ၁၉၄၈ ခု၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှ လက်ခံအတည်ပြုကာ ဤကြေညာစာတမ်းသည် လူသားတို့၏ သတ်သတ်မှတ်မှတ်ရပိုင်ခွင့်များ၊ လွတ်လပ်မှုများနှင့်ပတ်သက်၍ နိုင်ငံများအကြား ပထမဦးဆုံးအကြိမ် သဘောတူညီချက်ပင်ဖြစ်သည်။
ဤလူ့အခွင့်အရေးများထဲတွင် နှိပ်စက်ညှင်းပမ်းမှုမှ ကင်းလွတ်ပိုင်ခွင့်၊ ဥပဒေရှေ့မှောက်တွင် တန်းတူညီမျှ အခွင့်အရေးရပိုင်ခွင့်၊ တရားမျှတသော တရားစီရင်မှုကို ရပိုင်ခွင့်၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားပိုင်ခွင့်နှင့် လွတ်လပ်စွာတွေးခေါ်ခွင့်၊ ယုံကြည်ကိုးကွယ်ခွင့်၊ တွေးတောကြံစည်ခွင့်၊ ဖော်ထုတ်ခွင့်တို့ကဲ့သို့သော လူမှုရေးနှင့်နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများပါဝင်သည်။ ကြေညာစာတမ်းပါ အခွင့်အလမ်းများတွင် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဖြစ်သော စားဝတ်နေရေးနှင့် ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများ၊ လူမှုလုံခြုံရေးများ၊ အလုပ်လုပ်ခွင့်၊ လုပ်အားခနှင့်ထိုက်တန်သော လုပ်ခရပိုင်ဆိုင်ခွင့်၊ သမဂ္ဂများဖွဲ့စည်းပိုင်ခွင့်နှင့် ပညာသင်ကြားခွင့်တို့လည်း ပါဝင်ပေသည်။
လူမျိုးတိုင်း၊ နိုင်ငံတိုင်းအတွက် တပြေးတည်းစံထားစရာ စံချိန်စံညွှန်းအဖြစ် ရည်ရွယ်ခဲ့သည့်အားလျော်စွာ လွန်ခဲ့သည့် နှစ်ပေါင်းငါးဆယ်အတွင်းတွင် ဤအထွေထွေလူ့အခွင့်အရေးကြေညာစာတမ်းသည် အပြည်ပြည်ဆိုင်ရာဥပဒေထုံးတမ်းစဉ်လာတွင် သမိုင်းမှတ်တိုင် မှတ်ကျောက်တခုဖြစ်လာပြီး အစိုးရတိုင်းအနေဖြင့် ၄င်းမူဝါဒအပေါ်တွင် လိုက်နာကျင့်သုံးရန် လိုအပ်ချက်တရပ်ဖြစ်လာခဲ့ချေသည်။
ယခု ဝေါင်ကန်ဆင်းက မြန်မာများ ချိုးဖောက်သည်ဟုပြောနေသော ဥပဒေမှာ လွတ်လပ်စွာ စုဝေးပိုင်ခွင့်ကို စည်းကြပ်သော ဥပဒေဖြစ်နေသည်။ ဝေါင်းအဆိုအရ ထိုမြန်မာများသည် အစိုးရထံမှ ခွင့်ပြုချက်လိုင်စင်မပါဘဲ ဆန္ဒပြခြင်းကို ကမကထပြုခဲ့သည်ဆိုသည်။
ထိုကဲ့သို့ ပြင်ပတွင် စုဝေးပိုင်ခွင့်ကို စည်းကြပ်သောဥပဒေသည် လူအများစု၏ အကျိုးစီးပွားအတွက် (ဥပမာ လူအများလုံခြုံရေးအတွက်) လိုအပ်သည်၊ ထို့ကြောင့် စုဝေးခြင်းမပြုလုပ်မီ ခွင့်ပြုချက်လိုင်စင် တောင်းခံရန်လိုအပ်သည် စသဖြင့် အကြောင်းပြချက်ပေးရန် ဖြစ်နိုင်ပေသည်။ အခြား အစိုးရကို ဆန့်ကျင်သော အဖွဲ့အစည်းများကဲ့သို့မဟုတ်ဘဲ ယောင်းနင်းဘရက်ဒ်အနေဖြင့် ထိုဥပဒေ ထားရှိရခြင်းကို မူဝါဒအားဖြင့် ထောက်ခံပါသည်။
သို့ရာတွင် ထိုလိုင်စင်ကို ချင်ဂေး စီတန်းလှည့်လည်ပွဲကဲ့သို့ အစိုးရက အားပေးမြှင့်တင်သော လှုပ်ရှားမှုများမှလွဲ၍ မည်သည့်အခါကမျှ လိုင်စင်ထုတ်ပေးခြင်းမရှိခဲ့သည်မှာ အဖြစ်မှန်ပင်ဖြစ်သည်။ ထိုကဲ့သို့ ထပ်တလဲလဲ ပြင်းထန်စွာ ပယ်ချခြင်း (လိုင်စင်ချမပေးခြင်း)ဖြင့် ဥပဒေ၏ မူလ ရည်ရွယ်ချက်ကို ဖောက်ဖျက် ဖျက်ဆီးရာရောက်ပေသည်။ မူလက ကျိုးကြောင်းဆီလျော်သည့် အကြောင်းပြချက်ဖြစ်သည့် အများစုလုံခြုံရေး ဖြစ်ရတော့မည့်အစား အတိုက်အခံများ (သဘောထားအမြင်မတူညီသူများ)ကို နှိပ်ကွပ်ရန်ဖြစ်လာခဲ့ချေသည်။ ဤသည်မှာ အပြည်ပြည်ဆိုင်ရာတွင် လက်ခံကျင့်သုံးနေသော ဥပဒေဖြစ်သည့် အထွေထွေလူ့အခွင့်အရေး ကြေညာစာတမ်းပါ အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်သည်။
ထို့ကြောင့် ဤဥပဒေ၏ အဓိပ္ပါယ်ကို အစိုးရက ပြန်ဆိုပုံ (တနည်း) အသုံးချပုံမှာ ဥပဒေနှင့်မညီ ဖြစ်နေသည်။
အကယ်၍ ဥပဒေကိုယ်၌က သို့မဟုတ် ဥပဒေကို အသုံးချပုံက ဥပဒေနှင့်မညီခဲ့လျှင် အစိုးရ၏ စွတ်စွဲချက်ဖြစ်သော “ဤဥပဒေများကို မြန်မာများက မျက်ကွယ်ပြုခြင်းသည် ဥပဒေနှင့်မညီ” ဆိုသော ပြောဆိုချက်သည် တရားမျှတသော၊ သမာသမတ်ကျသော ပြောဆိုမှုဖြစ်နိုင်ပါဦးတော့မည်လော။ အလားတူပင် ဤအကျိုးအကြောင်းမခိုင်လုံသော အကြောင်းပြချက်သည် မြန်မာများကို နှင်ထုတ်ရခြင်းအတွက် တရားမျှတသော အကြောင်းပြချက်ကောင်းတခု ဖြစ်နိုင်ပါဦးမည်လော။
တစုံတယောက်အား ဥပဒေချိုးဖောက်သဖြင့် အပြစ်ပေးမည်ဆိုလျှင် ထိုချိုးဖောက်သည်ဆိုသော ဥပဒေကိုယ်၌က မတရားသည့်ဥပဒေဖြစ်နေခဲ့ပါက ထိုချိုးဖောက်သူအား အပြစ်ပေးသင့်ပါသလော။
သံရုံးပိတ်ခြင်း
ကျွန်ုပ်တို့ ပြည်တွင်းသတင်းစာများတွင် မဖော်ပြသော သတင်းများမှာ ပြည်ပရှိ ကျွန်ုပ်တို့၏ သံရုံးများသည် ယခုအခါ ဆန္ဒပြသူများ၏ ဦးတည်ချက် ဖြစ်လာခဲ့ခြင်းဖြစ်သသည်။ ထိုဆန္ဒပြပွဲများသည် ဝေါင်းပြောသလို မသိနားမလည်သော ပြည်ပရောက်အဖွဲ့အစည်းများမှ လူအာရုံစိုက်လာစေရန်နှင့် မီဒီယာများမှ အာရုံစိုက်လာစေရန် ကမကထလုပ်ပြီး ပြုလုပ်ခဲ့ရခြင်းဖြစ်ပေမည်။
ဤဓါတ်ပုံများမှာ သြဂုတ်လ ၂၉ ရက်နေ့က လန်ဒန်ရှိ ကျွန်ုပ်တို့၏ ဟိုင်းကော်မစ်ရှင် (သံရုံး)အပြင်ဖက်တွင် ဆန္ဒပြခဲ့သော ပုံများဖြစ်သည်။ ဤဆန္ဒပြပွဲကြောင့် သံရုံးအမှုထမ်းတဦး သံရုံးအပြင်ထွက်ကာ နေ့လည်ဘက် သံရုံးပိတ်ကြောင်း နို့တစ်စာ ကပ်ရသည်အထိ ဖြစ်ခဲ့သည်။ (ဓါတ်ပုံကို မူရင်းဆောင်းပါးတွင် သွားကြည့်ပါရန်)
စက်တင်ဘာလ ၁ ရက်နေ့ကလည်း အိန္ဒိယပြည် နယူးဒေလီမြို့ရှိ စင်္ကာပူသံရုံးရှေ့တွင် ဆန္ဒပြပွဲဖြစ်ခဲ့သည်။
ဤအဖြစ်အပျက်များနှင့်ပတ်သက်၍ အရေးတကြီး မေးသင့်သည့် မေးခွန်းမှာ လန်ဒန်နှင့် နယူးဒေလီရှိ ကျွန်ုပ်တို့၏ သံရုံးများအပြင်ဘက်တွင် ကြွေးကြော်သံဆိုင်းပုဒ်များကိုင်ဆောင်၍ ဆန္ဒပြခဲ့သူများသည် “ဥပဒေနှင့်မညီသော”လုပ်ရပ်များကို ပြုလုပ်နေခြင်းလော၊ ထို့အတွက် သူတို့ကို ဗြိတိသျှအစိုးရနှင့် အိန္ဒိယ အစိုးရများမှ တိုင်းပြည်က နှင်ထုတ်မည်လောဆိုသည့် မေးခွန်းဖြစ်ပါသည်။
အကယ်၍သာ ၄င်းတို့အနေဖြင့် အဆိုပါကံကြမ္မာမျိုးကို ခံရနိုင်ဘွယ်မရှိဟု ကျွန်ုပ်တို့ တွေးထင်ခဲ့လျှင် ကျွန်ုပ်တို့ဘာသာ ကျွန်ုပ်တို့ အောက်ပါအတိုင်း ပြန်မေးကြည့်သင့်သည်။
“စင်္ကာပူက ဘာကြောင့် သူများနဲ့ မတူရသလဲ၊ ဥပဒေနဲ့ညီခြင်း၊မညီခြင်းအပေါ် ကျွန်ုပ်တို့၏ ခံယူချက်(အတွေးအခေါ်) သည် ဘာကြောင့် သူများနှင့်မတူ တမူထူးဆန်းနေရပါနည်း။”
မူရင်းဖတ်ရှုရန်။
8 comments:
်လာရောက် ဖတ်ရူ သွားပါတယ်
်လာရောက် ဖတ်ရူ သွားပါတယ်
စင်္ကာပူသည် လေယူရာ ယိမ်းသော... ခိုင်မာသော ပေါ်လစီမရှိသော...အားသာရာပါ... ညာစားတတ်သော နိုင်ငံဖြစ်သည်...ထို့ကြောင့် မြန်မာနိုင်ငံ ကောင်းစားသောအခါ ပထမဆုံးပညာပေးရမည့်နိုင်ငံမှာ စင်္ကာပူ ဖြစ်သည်.....
tina, i agree with your topic. grate....
ကို ပေါ
ဒီ ပိုစ်တွေ ဘာသာပြန်ပေးတာ ကောင်းတယ်။ ရှာရှာ ဖွေ ဖွေ လုပ်ပေးတာကောင်းတယ်။ ကျေးဇူးပါပဲ။
တေးမွန်
စ လုံးက ညီအကို များလဲ...အဝေးရောက် အဖွဲ. များနဲ. ညှိနိုင်း ချိန်ကိုက်ပြီး နအဖ ကို ထိရောက်မဲ. လှူတ်ရှားမှူ.မျိုး...နဲ. အပြည်ပြည်ဆိုင်ရာ ဖိအားများ ဆက်ပြီး ရရှိဘို. ဆက်ပြီး တိုက်ပွဲ ၀င်သွားကြပါစို.။။။။
Hi:Please come and visit my blog also.After you reach my blog,you life will be successed by secretsbook.
Here is Sophia.You are welcome to visit my Blog.
Let me solve your Financial Problem
You can be seen in my blog how you can earn from online.
Don't loose your change.
Just come and Visit to : www.secretsbook-sophia.blogspot.com
Post a Comment