ညောင်ရမ်းဂွတိုတယောက် ညကြီးသန်းခေါင် အိပ်လို့ကောင်းနေတုန်း ကျွက်စီကျွက်စီ အသံတွေကြောင့် အိပ်ယာက နိုးလာတယ်။
ဘုရားရေ။ ခေါင်းအုံးပေါ်တွင် တင်ထားသော ညာဘက်လက်က လက်ချောင်းတွေ အချင်းချင်း စကားများနေကြပါကလား။ ဘာတွေ ဖြစ်နေကြပါလိမ့်။ မျက်စိကို အသာမှေးကာ ချောင်းနားထောင်ကြည့်ဦးမှ။
“ကျုပ်တို့မှာတော့ နေ့မအားညမအား နှိပ်လိုက်ကြရတာ ဖတ်ဖတ်မောလို့။ ဟုတ်တယ်လေ။ ကီးဘုတ်ပေါ်မှာ ဘယ်အက္ခရာ၊ ဘယ်သရ ကိုဘဲ ရိုက်ရိုက် ကျုပ်တို့ဘဲ နေရာအနှံ့ပါရတာ။ ခင်ဗျားကတော့ ၀င်မပါသလောက်ဘဲ။ ဒါနဲ့များ အဆုံးသတ်ကြရင် ငါလုပ်တာကွ ဆိုပြီး လက်မထောင် ရင်ကော့ချင်ရသေးတယ်။ နာမည်ကောင်း ၀င်ယူချင်သေးတယ်။”
အံမယ်.....လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်၊ လက်သန်း တို့က လက်မ ကို ၀ိုင်းဝန်းအပြစ်ဖို့နေကြတာဘဲ။
လက်မကလည်း မခံရေးချ မခံ။
“မင်းတို့ ငါ့ကို ဒီလို တဖက်သတ်မစွတ်စွဲနဲ့။ ငါက အက္ခရာတွေကို ရိုက်တာမှာသာ မပါပေမယ့် စကားလုံးတွေ တလုံးနဲ့ တလုံးအကြား စပေ့စ်ဘား (Space Bar) ပုတ်တိုင်း ငါဘဲ အလုပ် လုပ်ရတာ။ စာတကြောင်းမှာ စပေ့စ်ဘား ပုတ်ဘို့ ဘယ်နှစ်ကြိမ်လိုသလဲမင်းတို့ သိကြသလား။ မှတ်ထား၊ အင်္ဂလိပ်ဘာသာနဲ့ ရိုက်နှိပ်တဲ့ အခါမျိုးမှာဆိုရင် စာတကြောင်းမှာ စပေ့စ်ဘား ၁၀ ကြိမ်နီးပါး အနည်းဆုံး နှိပ်ရတယ်။ ကျန်တဲ့ လက်ချောင်းတွေရဲ့ ရိုက်နှိပ်ရတဲ့ အကြိမ်ရေထက် ၂.၈ ရာခိုင်နှုန်း ပိုများတယ်ဆိုတာကို အပြည်ပြည်ဆိုင်ရာ လက်နှိပ်စက်အသင်းကြီးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါတယ်။ မင်းတို့ မသိရင် ၀ီကီ ပီဒီးယားမှာ ရှာကြည့်လိုက်ဦး။”
ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ။ လက်မက အဲသလို အထောက်အထား အကိုးအကားတွေနဲ့ နည်းနည်းဖြဲခြောက်လိုက်တော့ ကျန်တဲ့ လက်ချောင်းလေးချောင်းအနက် သုံးချောင်းက ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ၊ နည်းနည်းတော့ ငိုင်သွားတယ်။ လက်မက အဲသည်လိုဘဲ။ ပြောနေတဲ့ အကြောင်းအရာနဲ့ ဆိုင်ဆိုင်မဆိုင်ဆိုင် ကျမ်းကိုး ကျမ်းကားတွေ၊ အချက်အလက်တွေကို ပါးစပ်ထဲရှိသလို လျှောက်ရွတ်ပြီးပြောတတ်တယ်။ တခါတလေ အဘိဓာန်မှာ မရှိတဲ့ အင်္ဂလိပ်စကားလုံးတွေကိုလည်း သူ့သဘောနဲ့သူ ခပ်တည်တည်ဘဲ အသစ်တီထွင် သုံးစွဲတတ်တယ်။
ဒါပေမယ့် လက်မအကြောင်း ချေးခါးအူမမကျန်သိတဲ့၊ ပေါက်ကရတွေ လာပြောနေရင် မဖွယ်မရာလုပ်ပြဘို့ ၀န်မလေးတဲ့ လက်ခလယ်က ပြန်ပက်တယ်။
“အို.....ခင်ဗျား ဘာဘဲပြောပြော။ လက်မခံဘူးဗျာ။ ခင်ဗျားလို အကိုးအကားနဲ့ ပြောကြေးဆိုရင် ကျုပ်တို့မှာလည်း ခင်ဗျားမကောင်းကြောင်း ကိုးကားစရာ စကားပုံတွေလည်း အပြည့်ဘဲ။ လက်ညှိုးမကောင်း လက်ညှိုး၊ လက်မ မကောင်း လက်မ၊ ဆိုတာလေ။ ခင်ဗျားတို့ မကောင်းလို့ ဒီလိုအပြောခံရတာပေါ့။ လက်ခလယ်မကောင်း လက်ခလယ် လို့ ပြောတာ ခင်ဗျားကြားဘူးလို့လား။”
လက်ခလယ်ရဲ့ သဘောက နေရာအချိန်အခါကို သိပ်ကြည့်လေ့ရှိတာမဟုတ်ဘူး။ သူစိတ်ထဲမှာရှိတဲ့အတိုင်း ဘွင်းဘွင်းကြီးပြောချတတ်တဲ့ အကျင့်ရှိတယ်။ လက်ခလယ် လည်း အဲသလို ပြောချလိုက်ရော သူတပါးကိုသာ လက်ညှိုးထိုးစွတ်စွဲလေ့ရှိတဲ့...အဲလေ...အပြစ်ဖို့လေ့ရှိတဲ့ လက်ညှိုးက မျက်နှာကြီးမဲတက်လာပြီး ဒေါနဲ့မာန်နဲ့ ချေပတယ်။
“ဟေ့ကောင်၊ မင်း အဲသလို ၀ါးလုံးရှည်နဲ့ သိမ်းမရမ်းနဲ့။ လက်မ မကောင်းတာ လက်မကို သွားပြော။ ဘယ့်နှယ့် မဆီမဆိုင် လက်ညှိုးကို ဓားနဲ့ ချိုင်။ လက်မတွေ မကောင်းတာကတော့ အမှန်ဘဲ။ ဘာကြောင့်လည်းဆိုရင် ခြေမလက်မ ကဲ့သို့ မရှိမကောင်း ရှိမကောင်း လို့ လူတွေ ပြောတာ မကြာခဏ ငါကြားဘူးတယ်။ အဲ....ငါတို့ လက်ညှိုးကတော့ စာရိုက်ရင်လည်း သူတကာတွေ ကီးဘုတ်ခလုတ်တတန်းမှာ အက္ခရာတလုံးဘဲ တာဝန်ယူရပေမယ့် ငါတို့မှာက တတန်းမှာ တဘက်နှစ်လုံးစီ တာဝန်ယူပြီး ကိုင်တွယ်ရတော့ဆိုတော့ မင်းတို့ထက် နှစ်ဆပိုပြီး အလုပ်လုပ်ရတယ်။ ငါတို့မရှိရင် မြန်မာစာမှာ “လက်မ၊ အလင်္ကာ၊ မာလာ၊ အမည်၊ လက်ဘက်” စတဲ့ စကားလုံးတွေ ရိုက်လို့ ရမယ် မထင်နဲ့။ နောက်ပြီး ကျုပ်အလုပ်က မောက်စ်ကိုကိုင်ရင် ကလစ်ခေါက်ရတဲ့ အလုပ်လည်း ပါသေးတယ်”
လက်ညှိုးဟာ ဒေါမာန်ပါပါပြောနေရာမှ ဘေးဘီကို ခဏတဖြုတ် စွေစောင်းအကဲခတ်လိုက်ပြီး အားလုံးက ငြိမ်သက်နားထောင်နေတာကို တွေ့ရတော့ အားတက်သွားပြီး အောက်ပါအတိုင်း ဆက်လက် အသားယူကာ ပြောကြားပြန်တယ်။
“နောက်ပြီး လူတွေက လက်ညှိုးညွှန်ရာ ရေဖြစ်တယ် လို့ ပြောကြတော့ လက်ညှိုးဆိုတာ သြဇာတိက္ကမ ရှိတဲ့ အနက်အဓိပ္ပါယ်ကို ဆောင်တယ်ကွဲ့။”
ထိုအချိန်တွင် လက်ညှိုးဘက်မှ မျက်နှာလိုအားရ ၀င်ရောက်ထောက်ခံသူမှာ လက်သန်းဖြစ်သည်။ လက်သန်းဟာ အားသာပြီထင်ရတဲ့ဘက်မှာ အမြဲတစေ ၀င်ရောက် ပူးပေါင်းတတ်တယ်။ သိပ်ပြီး အကျင့်ကောင်းတဲ့ ကောင်တော့မဟုတ်။ မလွယ်ဘူး။ ဒီကောင်သာ လူဖြစ်ခဲ့မယ်ဆိုရင် နာမည်ကြီးဘလော့ဂ်တိုင်းမှာ လျှောက်လည်ပြီး ဟိုက ရေးသမျှပို့စ်တိုင်းမှာ “လက်သန်းလည်း ထောက်ခံပါတယ်” ဆိုတဲ့ အမြဲတစေ ဖန်တရာတေနေတဲ့စာသားကို (ရယ်နေတဲ့ သင်္ကေတလေးနဲ့အတူ) ပြီးလွယ်စီးလွယ် ရေးပြီး အသားလွတ် ထောက်ခံနေတတ်မယ့် ကောင်မျိုးပေါ့။ သိပ်ပြီး ကိုယ်ပိုင်အယူအဆ ရှိလှတာတော့မဟုတ်။ အခုလည်း ကြည့်လေ။ ပြောပုံက။
“ကိုလက်ညှိုးပြောတာမှန်တယ်။ စာရိုက်ရာမှာ ကိုလက်ညှိုးတာဝန်ပိုယူရသလို ကျနော့်မှာလည်း စာလုံးတွေကို ရိုက်ရတဲ့တာဝန်သာမက Shift ကီးကို နှိပ်တဲ့နေရာမှာ ပါရသေးတယ်။ အဆိုးဆုံးကတော့ စာတကြောင်းဆုံးတိုင်း Enter ကီးကို မငြီးမငြူ နှိပ်ပေးရခြင်းဘဲ။ ဒါပေမယ့် ကျနော်က ပိုလုပ်ရတယ်ဆိုပြီးတော့ တခါမှ မတွက်ကပ်ပါဘူး။ ကီးတတန်းကို အက္ခရာ တလုံးလောက်ဘဲ တာဝန်ယူနိုင်တဲ့ လက်သူကြွယ်တို့လို လူတွေကို...အဲလေ လက်ချောင်းတွေကို စိတ်ပျက်သွားအောင် ဖိမပြောပါဘူး။ သူတို့လည်း သူတို့တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်းဖြည့်ဆီးပေးနေတာဘဲမဟုတ်လား။ ကိုယ်က သဘောထားကြီးကြီးနဲ့ နားလည်ပေးရမယ်လေ။”
လက်သန်းက အားနည်းသူကို စာနာသယောင်ယောင်၊ အားပေးသယောင်ယောင်နှင့် လက်တွေ့တွင် အပေါ်စီးလေသံဖြင့် ပြောချလိုက်သောအခါ ကာယကံရှင် လက်သူကြွယ်ဟာ လက်သန်းကို ကျေးဇူးမတင်ရုံမျှမက အနာပေါ်ဒုတ်ကျသလို ဆတ်ဆတ်ခါအောင် နာကျည်းသွားတယ်။ ပြီးတော့ လက်သန်းကို ကက်ကက်လန်အောင် ဒေါနဲ့မောနဲ့ ပြန်ရန်တွေ့တယ်။
“ဟေ့ကောင်..လက်သန်း။ ခွေးမသား။ မင်းက Shift နဲ့ Enter ကီးလေးတွေ တခါတလေ ပိုနှိပ်ရတာနဲ့များ စကားလုပ်ပြီး မပြောပါနဲ့ကွာ။ မင်းတို့ သောက်တလွဲ ရိုက်ထားတာတွေ မှားလို့ ပြန်ဖျက်ရပြီဆိုရင် ဟောဒီက လက်သူကြွယ်ဘဲ Backspace ခလုပ်ကို မမောတမ်း နှိပ်ရတာမို့လား။ ဒီကြားထဲ ငါ့သခင်က Insert နဲ့ Delete ကို နှိပ်ချင်ရင်လည်း ဟောဒီက လက်သူကြွယ်ကိုဘဲ အားကိုးတာကွ။”
အဲသလို လက်ချောင်းအချင်းချင်း ကိုယ့်ကိုယ်ကို အမွှန်းတင်၍ ကိုယ့်ကောင်းကြောင်း သူများမကောင်းကြောင်းများကို လူများ စီဘောက်စ်ထဲ၊ ကွန်မင့်ထဲ၊ ဘလော့ဂ်ပို့စ်ထဲ၊ ဖိုရမ်များထဲတွင် အပြန်အလှန် ငြင်းခုံကြသကဲ့သို့ အချင်းချင်း စွပ်စွဲပြောဆို ဆဲဆို၍ အားရကြသောအခါ နောက်ဆုံးတွင် “လက်ချောင်းတွင်ကျယ်” လုပ်လေ့ရှိသော လက်မ က ဤသို့လျှင် ဆရာကြီးလေသံဖြင့် ကောက်ချက်ဆွဲ၏။
“ဟေ့၊ ဟေ့၊ ဒို့ဘ၀တူ လက်ချောင်းတွေ အချင်းချင်း တဦးကို တဦး အပြစ်တင်မနေပါနဲ့ကွာ။ တကယ်တော့ ဒီပြဿနာရဲ့ ရင်းမြစ်က ငါတို့ သခင် ညောင်ရမ်းဂွတိုကွ။ သူအသုံးမကျလို့၊ သူ အလုပ်တာဝန်ကို ခွဲဝေပုံ နည်းလမ်းမကျလို့ ငါတို့ထဲမှာ အကျယ်အကျယ် မငြိမ်းဘွယ်ဖြစ်နေတာ။ ပြဿနာတခု ကြုံလာရင် ပြဿနာရင်းမြစ်ကို ရှာဖွေပြီး အမြစ်ကနေ ရှင်းပစ်တာကောင်းတယ်။ ဒီတော့ သူအိပ်ယာက နိုးလို့ ကွန်ပြူတာဖွင့်၊ ကီးဘုတ်ကို ကိုင်ပြီဆိုရင် ငါတို့ လက်ချောင်းတွေအားလုံး ကြွက်တက်ချင်ယောင်ဆောင်ကြမယ်။ သူနှိပ်တဲ့ ကီးတွေဆီကို အလွယ်တကူ သွားမနှိပ်ကြနဲ့။ မကောင်းဘူးလား။”
ထိုအခါ ကျန်လက်ချောင်းများကလည်း (ရွှေဝါရောင်တော်လှန်ရေးနဲ့ နာဂစ်မုန်တိုင်းအတွင်း ပြည်ပရောက် မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းများအကြား အရေးပေါ် ညီညွတ်လိုက်ကြသကဲ့သို့) တညီတညွတ်တည်း သံပြိုင် .....
“ ဟုတ်တယ်၊ ဟုတ်တယ်၊ ကိုကြီးလက်မ ပြောတာမှန်တယ်။ ပြဿနာရဲ့ ရင်းမြစ်က ငါတို့ကို ဗိုလ်ကျနေတဲ့ အာဏာရှင် ညောင်ရမ်းဂွတိုဘဲ။ သူခိုင်းတာကို မလုပ်တာဟာလည်း Civil Disobedience ဘဲ။ အကြမ်းမဖက် ငြိမ်းချမ်းရေးလမ်းစဉ်ပေါ့။ သူခိုင်းတာကို ငါတို့ အားလုံး သပိတ်မှောက်ကြမယ်။”
ထိုသို့လျှင် လက်ချောင်းအချင်းချင်း ငြင်းခုန် တိုင်ပင်နေကြသည်ကို အိပ်ချင်ယောင်ဆောင်ကာ နားထောင်နေသော ညောင်ရမ်းဂွတို ကြားသောအခါ သူ၏ လက်ချောင်းများကို အရမ်းပင် စိတ်ပျက်မိ၏။ စိတ်ထဲတွင်လည်း ကြုံးဝါးသေး၏။
“သိမယ်...သိမယ်။ ငါရေးတဲ့ လက်ချောင်းက ငါ့ကို ပြန်ခြောက်လို့။ ဟင်းဟင်း... ဒင်းတို့ ညောင်ရမ်းအကြောင်း သိစေရမယ်”
ပြောပြောဆိုဆို အိပ်ယာမှ ငေါက်ကနဲထကာ ကွန်ပြူတာခလုပ်ကို ခြေမနှင့် ဇတ်ကနဲ ထိုးကာ ဖွင့်၏။
***********************************************************
အိပ်ယာထဲတွင် အိပ်ပျော်နေသော ညောင်ရမ်းဂွတို၏ ဇနီး အစဉ်အရမ်းမိသည့် ရှင်ဂွမ်းဂွိသည် တချောက်ချောက် ကီးဘုတ် နှိပ်သံများကြောင့် အိပ်ယာမှ အိပ်စုံမှုန်မွှားဖြင့်ထလာ၏။ ရုတ်တရက် အိပ်ခန်းတွင်း မီးရောင်အောက်တွင် တွေ့မြင်လိုက်ရသော မြင်ကွင်းကြောင့် သူမ၏ မူလက အိပ်ချင်မပြေ၊ မှေးစင်းလျက်ရှိသော မျက်လုံးများသည် လင်းကွင်းပမာ တမဟုတ်ချင်း ပြူးကျယ်သွား၏။
အဘယ့်ကြောင့်ဆိုသော် လင်တော်မောင် ညောင်ရမ်းဂွတိုတယောက်သည် ကွန်ပြူတာရှေ့ ဆုံလည် ကုလားထိုင်ပေါ်တွင် အခန့်သားထိုင်၍ ကီးဘုတ်ကို ကြမ်းပြင်တွင်ချကာ ခလုပ်များကို ခြေထောက်နှစ်ဖက်ရှိ ခြေချောင်းများဖြင့် တလုံးချင်း ရိုက်နှိပ်နေသည်ကို တွေ့ရသောကြောင့် ပင်တည်း။

14 comments:
အတွေး အရေး ..အင်မတန်မှ ဂွဒ် ပဗျာ..။ မနက်စောစော ဖတ်ရတာ…စိက်ကို ရွှင်လန်းသွားရောပဲ။ အားတဲ့အခါ ပီဒီဖက်လေး လုပ်ပြီး ..ဘော်ဒါတချို့  ဆီ ပေးဖတ်အုံးမှ …။
တော်သေးတာပေါ့ကိုပေါရာ---ခဗျားေ၇းတာဘယ်သူဘက်မှမလိုက်လှို----ကျုပ်က---တဆေါလုံးတမျိုးလုံးဒုက္ဓရာက်ထားတာဗျ---ကျုပ်တို့ရဲ့ဘ၀အာမခံငွေတွေနဲ့ပျော်ပါးနေတဲ့သူတွေပဲဗျာ---တွေရရာသင်းဂျိုင်းဓားမဆိုင်းပဲဗျ
ပြေရဦးမယ်ဗျ--ကျုပ်ကဟိုအနောနီးမတ်တွေမဟုတ်ဘူးဗျ---ခုမှရေးဘူးတာ
ရေးတတ်ပါပေတယ် ကိုပေါ .. အမြဲလာအားပေးဖြစ်ပါတယ် :)
ဟဲဟဲ နောင်ကြီးဂွတိုရေ.. ဘယ်လက်ချောင်းက ဘယ်ကီးကို တာဝန်ယူနှိပ်ရမယ် ဆိုတဲ့အကြောင်း လုပ်သင့်တာတို့ စဉ်းမျဉ်းစည်းကမ်းတို့ သိလည်းမသိ သင်လည်းမသင်ဖူး ဂရုလည်းမစိုက်ပဲ စာကြောင်းဖြစ်ရင်ပြီးရော မြန်ရင်ပြီးရော လောလောဆယ် ပြေလည်ရင်ပြီးရော လို့ သဘောထားကာ သုံးချင်တဲ့ လက်ချောင်းကို နှိပ်ချင်တဲ့နေရာမှာ လက်သင့်သလို အဲ.. အလျဉ်းသင့်သလို နှိပ်လေ့ရှိသော သမိန်ပန်သွပ်လို အကောင်အတွက်တော့ ဒီပုံပြင်က applicable မဖြစ်ပါကြောင်း...
တယ်လမ်းဟောင်းကြီးလိုက်သကိုး။ လက်ကွက်ဆိုတာ အရင်ရောက်မယ်ထင်တဲ့ လက်နဲ့ အဆင်ပြေသလို နှိပ်တတ်တဲ့ အထူးကျွမ်းကျင်ပညာရှင်တွေ ခေတ်ရောက်နေပြီကွဲ့။ ဟဲဟဲ
ဘာမှဟုတ်ပါဘူး။ ရေးထားတာလေးမိုက်ပါတယ်။ အရမ်းကာရော ဟိုလူထင် ဒီလူထင် လုပ်မနေနဲ့အုန်းနော်။ တော်ကြာ အထင်ခံရတဲ့သူ လူမှားရိုက်ခံနေရအုန်းမယ်။ ဟဲဟဲ
ကိုပေါရေ...ဒါမျိုးလေးတွေ မဖတ်ရတာကြာပကော...အတွေးလေးက ဆန်းတယ်...အဆုံးလေးက မိုက်တယ်...
း) ပုံပြင်လေးကို သဘောကျစွာ ဖတ်သွားပါတယ် ကိုပေါရေ ။
ဟဲဟဲ...။ တစ်ခါတစ်လေလဲ ချဉ်ပေါင်ဟင်ေးလး ချက်ပေးဦးမှပေါ့...။ နေ့တိုင်း ကြက်သားဆိုတော့လဲ အီတယ်ဗျ...။ ချဉ်ပေါင်ဟင်းတော့ ကြိုက်သဗျာ...။
ဘရာဗို......
လေဘာတီ ကိုပေါ။
ကျ နောာ် လ ည ည်း ခြေခခ ထောာ ကက် နဲ့  စမ်းး ရို က် ကြ ည ည့်  တာာ ပါ၊ သိပ်ပ သ်ပ် ကော်င်းတဲ့ ပို့စ်စ်စ် ပါ ပဲဗျာာ။
Fire Down Below
http://www.imdb.com/title/tt0119123/
actor: Steven Seagal
good movie..
pls. watch and review..
:D :D
ခရီးကြာကြာထွက်နေရာကပြန်လာပြီး စာကြွေးတွေ လာဖတ်တြ့သကာလ ယခု Post ကို တွေ့။ Comment ရေးဖို့ ကြည့်လိုက်တော့ သမိန်ပန်သွပ်ရေးတာကို ထောက်ခံပါကြောင်း လက်တချောင်းနှင့် စာရိုက်သော ပလောပီနံမြို့စားကြီးက ထပ်ဆင့် အတည်ပြုပါ၏... ဟီဟိ
Post a Comment