“သနားတယ်ဆိုတာ လွယ်ပါတယ်”

Share |
ပြီးခဲ့တဲ့နှစ် ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်းမှာတုန်းက ပြည်ပရောက် မြန်မာတွေ အကြားမှာ နိုင်ငံရေး နိုးကြားမှုတွေ ဒီရေအလား တရှိန်တိုး ထိုးတက်၊ ပြီး သံဃာတော်တွေကို ကြည်ညိုတဲ့စိတ်ပါ ထပ်ဆောင်းလိုက်တော့ အလှူငွေတွေ ဆိုတာလည်း လှူဒါန်းလိုက်ကြတာ ဒလဟော။ တခါ နအဖက ပစ်ခတ်နှိမ်နင်းလို့ ရဟန်းရှင်လူပြည်သူတွေ သွေးမြေကျပြန် တော့လည်း ၀တ်ပြုဆုတောင်းပွဲတွေဆိုတာ ကမ္ဘာအနှံ့တခြိမ်းခြိမ်း။ အားရစရာကြီးပေါ့ဗျာ။

ဒါပေမယ့် ၀မ်းနည်းစရာက အဲဒီ အင်တိုက်အားတိုက် ထောက်ခံမှုတွေ၊ သဒ္ဒါတရား ထက်သန်မှုတွေက ထင်ထားတဲ့အတိုင်း တာရှည်မခံ။ တက်တုန်းက ၀ုန်းကနဲ တရှိန်တိုး တက်လာသလို ကျပြန်တော့လည်း ဗုန်းကနဲ ပြုတ်ကျသွားလိုက်တာ တလ၊ နှစ်လ၊ သုံးလလောက် အတွင်းမှာဘဲ တိတ်ဆိတ်ငြိမ်သက်သွေးအေးခြင်းကို ရောက်သွား လေသတည်းပေါ့။

ဟော…အခုလည်း နာဂစ်မုန်တိုင်းပြီးကာစမှာတော့ လှူဒါန်းသူတွေ၊ ကူညီသူတွေ၊ လုပ်အားပေးသူတွေနဲ့ သောသောအုပ်အုပ်၊ လှုပ်လှုပ်ရှားရှား။ အင်မတန် အားရစရာကောင်းခဲ့ပါတယ်။ ဒါပေမယ့် အခု ရက်ကို လစားလာတဲ့ အခါမတော့ လေဘေးဒုက္ခသည်တွေအတွက် အလှူငွေတွေ၊ ထောက်ပံ့မှုတွေဟာ အရင်ကလို ဆက်မလာတော့ဘဲ သိသိသာသာ လျော့ကျသွားပါတော့တယ်။ ကျနော် သိရသလောက် အချို့သော အလှူခံဌာနတွေမှာ အလှူငွေ နောက်ထပ် ထပ်မံမလာသလောက်ကို နည်းပါးသွားပါပြီ။ ပြည်တွင်းမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားရောက်လုပ်အား ပေးတဲ့ စေတနာရှင်တွေလည်း ခြေကုန်လက်ပမ်းကျပြီး ပြန်ဝင်လာကြချေပြီ။

အခုတော့ ပြည်ပရောက်မြန်မာတွေ အများဆုံးလုပ်နေကြတာက တီဗီပေါ်မှာလာနေတဲ့ သတင်းတွေကို ကြည့်ပြီး ဒုက္ခရောက်နေသူကို သနားမယ်၊ အင်တာနက်ပေါ်က ဓါတ်ပုံသတင်းတွေကို ကြည့်ပြီး ဒုက္ခရောက်နေသူတွေကို သနားမယ်။ တချို့က အဲသည်မှာ သဒ္ဒါထပ်ပေါက်လာတဲ့အတွက် ချွေးနည်းစာထဲကနေ နည်းနည်းပါးပါး ထပ်ပြီးလှူဒါန်းမယ်။ သည်လောက်ဘဲ။ (အဲအဲ…နည်းနည်းအဆဲသန်တဲ့လူကတော့ နအဖ ကို ထုံးစံအတိုင်း လှိမ့်ဆဲနေမယ်။ ) ဒါပါဘဲ။ ကြားဘူးတယ်မို့လား။ “သတိ၊ သက်သာ၊ အေးစေ၊ နေမြဲ” ဆိုတာလေ။ အခုအားလုံး “နေမြဲ” အနေအထားကို ပြန်ရောက်သွားပြီ။ နေမြဲ၊ စားမြဲ၊ ပျော်ဆဲ၊ မော်ဆဲ။

“သနားရုံကလွဲလို့ “ထား”ကရော သည်ထက်ပိုပြီး ဘာများတတ်နိုင်ဦးမှာမို့လဲ” လို့ ဆင်ခြေပေးချင်စရာပေါ့ဗျာ။

ဟုတ်ပါတယ်။ သနားကြပါ။ သနားကြပါ။ ဘယ်သူမှ မတားပါဘူး။ လွတ်လွတ်လပ်လပ်ကြီး သနားနိုင်ကြပါတယ်။ တိတ်တခိုးလေးလည်း သနားနိုင်ကြပါတယ်။ မခို့တရို့လေးလည်း သနားနိုင်ကြပါတယ်။ ဘယ်လိုဘဲ သနားသနား။ သနားလို့ရပါတယ်။

ဒါပေမယ့် ဆရာမောင်မိုးသူရဲ့ လေနဲ့ ပြောရရင် “သနားတယ်ဆိုတာ လွယ်ပါတယ်” ပေါ့ဗျာ။ သနားတယ်ဆိုတာ လွယ်ပါတယ်ဆိုရင် ခက်တာက ဘာလဲ။

ခက်တာက ကျနော်တို့တတွေရဲ့ စိတ်နေသဘောထားခံယူချက်ကို ပြောင်းလဲဘို့က ခက်နေတာ။ ဘယ်လိုစိတ်နေသဘောထား၊ ခံယူချက်လည်းဆိုတော့………အလုပ်တခုကို လုပ်ရင် အကျိုးရလဒ်ကို မျက်ဝါးထင်ထင် အချိန်သိပ်မဆိုင်းဘဲ မြင်ရမှ လုပ်ချင်တဲ့ စိတ်ဓါတ်။ လတ်တလော အကျိုးရလဒ်ကို မျှော်ကိုးပြီး လုပ်တယ်လို့ ဆိုနိုင်ပါတယ်။ ကိုယ်က တခုခုကို စိတ်ပါလက်ပါ လုပ်လိုက်ပြီးရင် အကျိုးရလဒ်၊ ဒါမှမဟုတ် အပြောင်းအလဲတခုကို ချက်ချင်းမမြင်ရရင် အားလျော့ချင်တဲ့ စိတ်ဓါတ်ကို ဆိုလိုချင်တာပါ။ ရေရှည်မကြိတ်နိုင်တဲ့ စိတ်ဓါတ်။ ကောက်ရိုးမီးလို စိတ်ဓါတ်မျိုးပေါ့ဗျာ။

လေမုန်တိုင်းလို သဘာဝဘေးဒဏ်တွေ၊ အေအိုင်ဒီအက်စ်၊ တီဘီနဲ့ ငှက်ဖျား လို ကူးစက်ရောဂါကြီးတွေ၊ ပညာရေး၊ စီးပွားရေး၊ လူမှုအဆင့်အတန်း ချွတ်ခြုံကျမှုတွေကနေ ကာကွယ်ဘို့၊ တိုက်ဖျက်ဘို့ ဆိုရင် လက်ရှိနိုင်ငံရေးစနစ်ကို ပြောင်းလဲမှ ရမယ်ဆိုတဲ့အချက်ကို ပထမ နားလည်လက်ခံသင့်ပါတယ်။ အခု လေမုန်တိုင်းတိုက်တော့ ခင်ဗျားတို့ ကျနော်တို့ ဘယ်လောက်များ ထိထိရောက်ရောက် ကူညီနိုင်လို့လဲ။ ဆင့်ပါးစပ်ကို နှမ်းပက်သလောက်ဘဲ တတ်နိုင်တာမို့လား။ ဒီတော့ အရေးပေါ်ကိစ္စတွေမှာ ပါဝင်လုပ်ဆောင်သင့်တာမှန်ပေမယ့် တဖက်မှာလည်း အရေးကြီးတဲ့ ကိစ္စတွေမှာ ရေရှည်ဇွဲကောင်းကောင်းနဲ့ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြဘို့ လိုပါတယ်။

အခုလို တိုင်းပြည်အနေအထားမှာ အကျိုးရလဒ်ကို မျှော်ကိုးပြီးလုပ်တာထက် လုပ်သင့် လုပ်ထိုက်တာမို့ လုပ်တယ်ဆိုတဲ့ စိတ်ထားမျိုးမွေးနိုင်ဘို့ အင်မတန်လိုအပ်ပါတယ်။

ကျနော်တို့ ငယ်ငယ်က သင်ခဲ့ရတဲ့ မူလတန်းဖတ်စာထဲက သရက်ပင်စိုက်တဲ့ အဖိုးအိုလိုပေါ့။ သူစိုက်နေတဲ့ သရက်ပင်ငယ် အသီးသီးတဲ့အချိန်မှာ သူ့အနေနဲ့ ဒီလောကကြီးထဲမှာ ရှိတော့မယ်မဟုတ်ဘူးဆိုတာ သူအသေအချာ သိသပေါ့။ ဒါပေမယ့် နောင်လာနောက်သား တွေ စားရပါစေတော့ ဆိုတဲ့ စိတ်စေတနာနဲ့ လက်ငင်းအကျိုးကို မမြင်ရသော်ငြား လုပ်သင့်လုပ်ထိုက်တာတခုကို စွဲစွဲမြဲမြဲ လုပ်နေတာမျိုး။

ကျနော်တို့က ပေးဆပ်ရတဲ့ အရင်းအနှီးနဲ့ ရရှိလာမယ့် အကျိုးစီးပွားကို ချိန်ထိုးပြီး နေရာတကာ စီးပွားတွက် တွက်နေကြတော့ ခက်နေကြတာပေါ့။ ဒီလိုသာ ဈေးတွက် တွက်ကြကြေး ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်ကလည်း ဘယ်ဆီမှာ မှန်းမသိသေးတဲ့ လွတ်လပ်ရေးအတွက် လက်ရှိအခွင့်အရေးတွေကို လက်လွတ်ခံပြီး ဘယ်နိုင်ငံရေးလုပ်တော့မလဲဗျာ။ ဟုတ်ဘူးလား။ သူ့တို့ခေတ်အခါကဆိုရင် ဘီအေ ဘွဲ့ရပြီးရင် ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ထိပ်တန်းအလုပ်မျိုးတွေ ရနိုင်တာကလား။ ဒါပေမယ့်လည်း ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်က လူတွေ လတ်တလောအကျိုးကို မမျှော်ကိုးဘဲ လုပ်သင့်လုပ်ထိုက်တာ လုပ်ခဲ့ကြလို့ ကျနော်တို့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တယ်မဟုတ်လား။ ဆရာအောင်သင်းစကားနဲ့ ပြောရရင် အောင်ဆန်းတို့ မစားဘဲ စွန့်သွားလို့ နောက်လူတွေမှာ မစွန့်ဘဲနဲ့ စားနေရတယ် ဆိုတာလေ။

စောစောက စကားကို ပြန်ဆက်ရရင် ကျနော်တို့တတွေဟာ အခြေအနေ တစုံတရာ ပြောင်းလဲတော့မယ်ထင်တော့မှ ၀ုန်းကနဲ ကောက်ရိုးမီးလို ထတောက်ကြမယ့်အစား အစကတည်းက မိမိတို့ ရည်မှန်းတဲ့ပန်းတိုင်ကို ဘယ်လောက်ဘဲကြာကြာ သွားမယ် ဆိုတဲ့ သန္နိဋ္ဌာန်မျိုး ထားသင့်ပါတယ်။ ချက်ချင်းလက်ငင်း အကောင်အထည်ကို မမြင်ရလို့ စိတ်ဓါတ်ကျစရာလည်းမလိုဘူး။ အကျိုးရလဒ်ကို ရည်မျှော်ကိုးပြီး လုပ်နေတာထက်၊ လုပ်သင့်လုပ်ထိုက်တာမို့ လုပ်တယ်၊ မှန်ကန်တဲ့လုပ်ရပ်မို့ လုပ်တယ်ဆိုတဲ့ စိတ်ဓါတ်၊ ယုံကြည်ချက်အတွက် လုပ်တယ်ဆိုတဲ့ စိတ်ဓါတ်မျိုး မွေးမြူသင့်ကြပြီလို့ ယူဆပါတယ်။

အဲဒီ စိတ်ဓါတ်နဲ့လုပ်မယ်ဆိုရင် ကျနော်တို့ဟာ ပြည်တွင်းအင်အားစုတွေကို သူတို့လိုသမျှအကူအညီ ပြည်ပကနေ ပုံမှန်ထောက်ပံ့ပေးသွားနိုင်မယ်။ စဉ်းစားကြည့်ပါ။ စင်္ကာပူမှာ ရှိတဲ့ ဗမာမှန်သမျှသာ တလကို ၂ ဒေါ်လာလောက် လစဉ် စုဆောင်းပြီး ပြည်တွင်းကို ထောက်ပံ့နိုင်ရင် အလုပ်လုပ်သူ ဗမာ ၅ သောင်းဆိုရင် ဒေါ်လာ တသိန်း လစဉ် ပြည်တွင်းအင်အားစုတွေကို ထောက်ပံ့နိုင်မယ်။ ပြည်တွင်းမှာရှိတဲ့ လူငယ်မျိုးဆက်တွေ သတင်းအချက်အလက်တွေ၊ ဗဟုသုတတွေ အစစ မချို့ငဲ့ရလေအောင် မိမိတို့ မြို့ရွာတွေမှာ တနိုင်တပိုင် စာကြည့်တိုက်ကလေးတွေ တည်ထောင်ပေးမယ်။ စာဖတ်အသင်းလေးတွေ ဖွဲ့ပေးမယ်။ ကျနော်တို့က ဒီကနေ စာအုပ်စာတမ်းတွေ၊ စီဒီတွေ၊ ကွန်ပြူတာတွေ စတဲ့ လိုအပ်တဲ့ အထောက်အကူပြုပစ္စည်းတွေနဲ့ ပံ့ပိုးပေးသွားကြမယ်ဆိုရင် တချိန်မှာ မြန်မာပြည်အတွင်းမှာ လွတ်လပ်တဲ့အတွေးအခေါ်ရှိတဲ့ မျိုးဆက်သစ်လူငယ်တွေ များပြားလာပြီး အင်အားတောင့်တင်းလာမှာဖြစ်သလို နောင်တချိန် နိုင်ငံရေး အပြောင်းအလဲတရပ် ဖြစ်ပေါ်လာတဲ့အချိန်မှာ ပြည်တွင်းအင်အားစုများအနေနဲ့ ယခုထက်ပိုပြီး ထိထိရောက်ရောက် စီမံကွပ်ကဲနိုင်မှာ ဖြစ်ပါတယ်။

ဒီတော့ ကျနော်တို့က လုပ်လို့ လွယ်ကူတဲ့ ကိစ္စလေးတွေမှာသာ လုပ်ဆောင်ကြရင်း တဒင်္ဂအကျိုးရလဒ်မှာ တိမ်းမူးသာယာမနေဘဲ ခက်ခဲသော်လည်း လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စ၊ ရေရှည်ကြိတ်ရမယ့် ကိစ္စတွေမှာလည်း လုပ်သင့်လုပ်ထိုက်တာမို့ လုပ်တယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ဆက်လက်စခန်းသွားကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

6 comments:

Anonymous said...

ပါးစပ်နဲ့သနားတာလွယ်တယ်။နှလုံးသားနဲ့သနားတာခက်တယ်။လူကြားကောင်းသနားတာလွယ်တယ်။စေတနာနဲ့သနားတာခက်တယ်။ခေတ်ပေါ်သနားတာလွယ်တယ်။ရေရှည်သနားတာခက်တယ်။ပေါ်ပြူလာဖြစ်ဖို့သနားတာလွယ်တယ်။လူမသိသူမသိသနားတာခက်တယ်။စုတ်သတ်တာလွယ်တယ်။ကူညီဖို့ခက်တယ်။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Anonymous said...

ကိုပေါ ... ဒီမှာရေးထားတာတွေက ကျမစိတ်ထဲရှိတဲ့ ခံစားချက်တွေနဲ့ တထေရာတည်းပဲလို့ ပြောလိုက်ပါရစေ ။ မြန်မာပြည်အတွက် ကျမတို့မြန်မာတွေအားလုံး ဇွဲရှိ၂နဲ့ ဖြစ်နေကြရမယ် ။ တခါတလေ စိတ်ပျက် အားလျော့ချင်ရင်တောင် ဒုက္ခရောက်နေတဲ့ ကိုယ့်နိုင်ငံသားတွေအကြောင်း မြင်ယောင် ခံစားပြီး ကိုယ့်ဘာသာပြန်ဆွဲထူ ဆက် လုပ် သင့်တယ် ။

တိုက်၂ဆိုင်၂ ကျမလည်း ရေးဖြစ်တဲ့ပို့စ်ကို ဖတ်လိုက်ပါဦး ။ အဲဒီမှာ ကိုပေါရဲ့ ဒီပို့စ်ကို လင့်ခ်လိုက်ပါတယ် ။

http://gyittu.blogspot.com/2008/06/blog-post_26.html

weik.zar said...

တို့ကလူမှု့ရေးသက်သက်ဘဲလို့အော်နေတဲ့သူတွေကို Nargis က မြန်မာပြည်မှာ Democratically elected government လိုအပ်တယ်ဆိုတာ နားလည်သဘောပေါက်စေခဲ့ပြီလို့ထင်တယ်ကိုပေါရေ။

ကလိုစေးထူး said...

တနိုင်တပိုင် ဆက်လက် ကြိုးစားလျက် ရှိပါကြောင်း။ :D

Anonymous said...

Singapore mhar shi tae myanmar ta yaut a twet s$2 per month so tar ka tot donate naing tae amount par.But who will lead this activity? How we continue supporting to develope our country? That's the problem.Even donation happens, sometimes donators are thinking that does it really goes to needy hands. In that case, only blogger organization can start this event. Bcoz they can show how it is used and how it is happened in Myanmar by photos. And also money balance can show by Singapore Bloggers how much received in this month and how much left. I am not blogger even though I work in Singapore. But welcome to your good proposal to our country :)

ကိုပေါ said...

Dear Anonymous,

Thanks for your comment. I think that blogger organization can do that (ie. showing transparency) only to non-political activities. Once the support to political groups are involved, no one can disclose to whom and how much money they send. if you disclose it, no activist inside Burma will accept your donation risking their lives in jail.
But to start forming a reliable organization, people needs to show the willingness and committment to get involve in the democratic movement. The rest of the trivial issues can be solve along the way.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs