“ရေဆုံးရေဖျား”

Share |
“you must be prepared to go all the way." (မင်းအနေနဲ့ ရေဆုံးရေဖျားအထိ သွားဘို့ အသင့်ပြင်ပြီး (စိတ်ပိုင်းဖြတ်ပြီး) ဖြစ်ရမယ်)
အထက်ပါ စကားကို ပြောလိုက်သူကတော့ အိုင်းရစ်ရှ်-အမေရိကန်လူမျိုး ရဲအရာရှိ ဂျင်မ်မလုံး။ နေရာက ရှီကာဂိုမြို့က ဘုရားကျောင်းအတွင်း။ နားထောင်နေသူက ယစ်မျိုးအရာရှိ စုံထောက် မစ္စတာ အေးလိယော့ နက်စ်။
*****************************************************************************
ဒါရိုက်တာ ဘရိုင်ယန်း ဒီပါးလ်မား ရိုက်ကူးပြီး ကယ်ဗင်ကော်စနာ၊ ရှောင်ကွန်နရီ နဲ့ ရောဘတ်ဒီနဲရိုး တို့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ The Untouchables (ထိတို့၍ မရသူများ) ရုပ်ရှင်ဇာတ်ကားကြီးထဲက အထက်ပါ ဇာတ်ဝင်ခန်းကလေးက ကျနော့်အတွေးထဲကို မကြာခဏ ရောက်လာတတ်ပါတယ်။ အဲဒီဇာတ်ကားမှာဘဲ ရှောင်ကွန်နရီတယောက် အမျိုးသားဇာတ်ပို့ အော်စကာဆု ကို ဆွတ်ခူးသွားပါတယ်။ မာဖီယားဂိုဏ်းခေါင်းဆောင်ကြီး အယ်လ်ကပုန်း နေရာမှာ သရုပ်ဆောင်သွားတဲ့ မင်းသားကြီး ရောဘတ်ဒီနဲရိုးဟာလည်း ဇာတ်ဝင်ခန်း အနည်းငယ်သာ ပါဝင်ခွင့်ရတဲ့ကြားထဲက ကပုန်းရဲ့ စရိုက်ကို ပေါ်လွင်အောင် သရုပ်ဆောင်သွားနိုင်ခဲ့တဲ့အချက်ကို ရုပ်ရှင်ဝေဖန်သူများကိုယ်တိုင်က ချီးမွမ်းခဲ့ကြရပါတယ်။

*****************************************************************************

အခုတလော မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကျနော်ပြောချင်လွန်းလို့ ရင်ထဲမှာ ရွစိတက်နေတဲ့ စကားလုံးတွေကို အန်မချခင် ဒီဇာတ်လမ်းနဲ့ ပတ်သက်လို့ (ဒီကားကို မကြည့်ဘူးသူများအတွက်) အနည်းငယ် အတိုချုံးပြောရမယ်ဆိုရင်......

၁၉၃၀ ခုနှစ် အစောပိုင်းတွေဆီက အမေရိကန်ပြည်ထောင်စုမှာ အရက်သေစာရောင်းချမှုကို ပိတ်ပင်လိုက်တဲ့အခါ မြေအောက်ဂိုဏ်းတွေ အတော်များများဟာ အရက်သေစာ မှောင်ခိုဈေးကွက်ကို ချုပ်ကိုင်နိုင်ဘို့အတွက် အကြမ်းဖက်မှုတွေ၊ ခြိမ်းခြောက်မှုနည်းလမ်းတွေကို အပြိုင်အဆိုင်သုံးလာကြတယ်။

အဆိုးဆုံးကတော့ ရှီကာဂိုမြို့မှာဘဲ။ အဲဒီမြို့မှာ အယ်လ်ကပုန်း (ရောဘတ် ဒီနဲရိုး) ခေါင်းဆောင်တဲ့ ဂိုဏ်းဟာ မြို့တော်ဝန်ကစလို့ တမြို့လုံးကို သူ့အိပ်ထောင်ထဲထည့်ပြီး အရည်အသွေးညံ့ဖျင်းတဲ့ အရက်ကို ဈေးတင်ရောင်းချနေတယ်။ ဒီတော့ ယစ်မျိုးနဲ့ အကောက်ခွန် ဌာနက အေးဂျင့် အေးလိယော့ နက်စ် (ကီဗင်ကော်စနာ) ကို ရှီကာဂိုပို့ပြီး ကပုန်းနဲ့ သူ့အင်ပိုင်ယာကို နှိမ်နင်းခိုင်းတယ်။ ပထမတော့ နက်စ် ရဲ့ ဗျူဟာက ရဲအင်အား အများအပြားကို အသုံးပြုပြီး အရက်ပုန်း သိမ်းတဲ့နေရာတွေကို ရှောင်တခင် ၀င်စီးတဲ့ နည်းဘဲ။ ဒါပေမယ့် ရဲတွေရဲ့ အကျင့်ပျက်လာဘ်စားမှုက အရမ်းမြင့်နေတော့ နက်စ် ၀င်မစီးခင်မှာဘဲ ရဲတွေဆီက တဆင့် ကပုန်းဟာ သတင်းကြိုရပြီး ခြေရာလက်ရာဖျောက်ထားတဲ့အတွက် နက်စ်အနေနဲ့ အရှုံးနဲ့ဘဲ ရင်ဆိုင်ရပြီး အရှက်ကွဲစရာဖြစ်နေတယ်။

နောက်တော့မှ တညနေ အလုပ်ကအပြန် အမှတ်မထင် တွေ့လိုက်ရတဲ့ လာဘ်မစားတဲ့ ရဲအရာရှိကောင်း ဂျင်မ်မလုံးကို စတင်ချဉ်းကပ်ပြီး အကူအညီတောင်းတယ်။ မလုံးက ရဲတပ်ဖွဲ့ထဲမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အရာရှိမှန်သမျှဟာ လာဘ်စားပြီး ယုံကြည်စရာမကောင်းတဲ့အတွက် ရဲသင်တန်းကျောင်းကနေတိုက်ရိုက် နောက်ထပ် အဖွဲ့ဝင်သစ် ခေါ်ယူဘို့ အကြံပေးတယ်။ မလုံးအကြံပေးချက်အရ လက်ဖြောင့်ပြီး မဟုတ်မခံစိတ်နဲ့ အရေးကြုံရင် ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ဂျော့ဂ်ျစတုန်း တဖြစ်လဲ ဂူးဆက်ပီ ပက်ထရီ (အင်ဒီ ဂါစီယား) ကို ရွေးထုတ်ခေါ်ယူလိုက်တယ်။ နောက်တော့ ၀ါရှင်တန်ကနေပြီး နက်စ်ကို ကူညီဘို့ ပို့ပေးလိုက်တဲ့ စာရင်းကိုင် အော်စကာဝေါလေ့စ် (ချာစ်မာတင်စမစ်)။ အဲဒီမှာတင် အဖွဲ့ဝင် လေးယောက်ပါဝင်တဲ့ လာဘ်စားမှုလည်းကင်းတဲ့ ကပုန်းကို မကြောက်မရွံ့ နှိမ်နင်းမယ့် အဖွဲ့လေးတဖွဲ့စတင်ပေါ်လာခဲ့တယ်။

*************************************************************************

ဒီ ထိတို့၍မရသူများ အမည်ရတဲ့ ဇာတ်ကားဟာ ကပုန်းအကြောင်းကို ရိုက်သမျှတွေထဲမှာ အကောင်းဆုံးဘဲလို့ သတ်မှတ်ခံရတယ်။ ဇာတ်ကားတလျှောက်လုံး ဆွဲဆောင်မှုအပြည့်၊ အသည်းတဖိုဖို၊ ရင်တထိတ်ထိတ်နဲ့ တချိန်ထဲမှာဘဲ မျက်ရည်စို့ရလောက်အောင် ရင်နင့်ဘွယ်၊ ဆွတ်ပျံဘွယ်အတိပြီးတဲ့ ဇာတ်ကားတကားဆိုရင်လည်း မမှားပါဘူး။

မကြည့်ရသေးသူများကို ကြည့်ဘို့ တိုက်တွန်းလိုက်ပါရစေ။ အခုဆိုရင် ဗီစီဒီ လက်ကျန်ရှင်းဈေး ၆ ဒေါ်လာ ခွဲလောက်နဲ့ စင်္ကာပူက အခွေဆိုင်တွေမှာ ရနိုင်ပါတယ်။ အခုလောလောဆယ်မှာ မကြည့်ရသေးသူများ အရသာပျက်သွားမှာ စိုးရိမ်တဲ့အတွက် ဇာတ်လမ်းအစအဆုံး ပြောပြရန် စိတ်ကူးမရှိပါဘူး။ အခုထိ ပြောခဲ့သမျှဟာ ကျနော်ဆက်ပြောလိုသော အကြောင်းအရာတခုအတွက် နိဒါန်းမျှသာ ဖြစ်ပါတယ်။

***************************************************************************
ဒီဆောင်းပါးအစမှာ ရေးပြခဲ့တဲ့ အခန်းကတော့.....

ဂျင်မ်မလုံးကို နက်စ်က ကပုန်းကို နှိမ်းနင်းဘို့နေရာမှာ ပါဝင်ကူညီဘို့ ကမ်းလှမ်းတော့ ဂျင်မ်မလုံးက.....“မင်းသူ့ကို တကယ်လက်ရဖမ်းချင်တာလား။ အဲဒီအတွက် မင်းဘာတွေ ပြင်ဆင်ပြီးပြီလဲ။ ရေဆုံးရေဖျားအထိ သွားဘို့ ပြင်ဆင်ပြီးပလား” လို့ မေးတဲ့အခန်းကလေးပါ။ “ရေဆုံးရေဖျားသွားဘို့ ပိုင်းဖြတ်ပြီး ဖြစ်ရမယ်”။ အဲဒီစကားလေးဟာ အင်မတန် တာသွားပါတယ်။

အဲဒီစကားလေးကို ကြားယောင်မိတိုင်း ကျနော့်အတွေးထဲမှာ လူပေါင်းများစွာရဲ့ ပုံရိပ်တွေ တသီတတန်းကြီး ပေါ်လာတတ်ပါတယ်။

****************************************************************************

ဗုဒ္ဓအလောင်းလျာဟာ သုမေဓါ ရှင်ရသေ့ဘ၀မှာ သဗ္ဗညုတ ရွှေဉာဏ်တော်အတွက် ဗျာဒိတ်တော်ကို ခံယူပြီးကတည်းက လေးအသင်္ချေနဲ့ ကမ္ဘာတသိန်းကာလပတ်လုံး လုံးဝ မလျော့သောဇွဲနဲ့ ပါရမီကို ဖြည့်ဆီးကျင့်ကြံခဲ့တယ်။ နောက်ဆုံး ဘ၀မှာ သိဒ္ဓတ္ထမင်းသားအဖြစ်ကနေ တောထွက်တဲ့အခါ လမ်းခရီးမှာ ရှေ့ဆက်မသွားရင် စကြ၀တေးဖြစ်မယ် ပြောတာတောင် လုံးဝလှည့်မပြန်ဘဲ မိမိ ပိုင်းဖြတ်ထားတဲ့အတိုင်းသာ ရေဆုံးရေဖျား လိုက်ခဲ့တဲ့ စိတ်ဓါတ်ဟာ အင်မတန်ကြည်ညိုစရာကောင်းလှပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ သူမဟာ ၁၉၈၈ ခုနှစ်မှာ မြန်မာ့နိုင်ငံရေးနယ်ပယ်ထဲကို ခြေစုံပစ်ဝင်လိုက်ကတည်းက မြန်မာ့ဒီမိုကရေစီအရေးအတွက် ရေဆုံးရေဖျားအထိ သွားဘို့ ပိုင်းဖြတ်ပြီးသား။ ဘယ်လိုအကြောင်းနဲ့မှ နောက်ပြန်လှည့်မှာ မဟုတ်။ သူမအနေနဲ့ ရပ်ချင်ရင် အချိန်မရွေး၊ လှလှပပ ရပ်နိုင်တဲ့အခွင့်အရေးတွေ၊ လှည့်ထွက်သွားနိုင်တဲ့အခွင့်အရေးတွေ ရှိပါတယ်။ ခင်ပွန်းသည် နာမကျန်းဖြစ်နေစဉ်က သူမသာ ပြည်ပကို ထွက်လာပြီးတွေ့မယ်ဆိုရင် တွေ့ခွင့်ရှိပါတယ်။ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအပါအ၀င် ဆုပေါင်းမြောက်များစွာကို ဆွတ်ခူးထားပြီးဖြစ်တဲ့ သူမအတွက် ပြည်ပမှာ ဒလိုင်းလားမားတို့၊ ဒက်စမွန်တူးတူးတို့လို တကမ္ဘာလုံးက လေးစားရတဲ့ ခေါင်းဆောင်တယောက်အနေနဲ့ ဆက်လက်နေထိုင်သွားနိုင်တဲ့ အခွင့်အလမ်းရှိတာ အားလုံးအသိပါဘဲ။ ဒါပေမယ့် ဒီလို အခွင့်အရေးတွေကို မမက်မောဘဲ ဘယ်လို အခက်အခဲနဲ့ ရင်ဆိုင်ရပစေ၊ သူမရွေးချယ်ခဲ့တဲ့ လမ်းကို တစိုက်မတ်မတ် ဆက်လက်လျှောက်လှမ်းနေတဲ့ သူမရဲ့ စိတ်ဓါတ်ဟာ အင်မတန် ကြီးကျယ် မွန်မြတ်လှပါပေတယ်။

မစုစုနွေး......။ မစုစုနွေးဟာ အတင်းအဓမ္မလုပ်အားပေးစေခိုင်းမှုတွေ ရပ်တန့်စေဘို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (အိုင်အယ်အို)ကို တိုင်တန်းလိုက်တဲ့အချိန်မှာ သူမဟာ ရေဆုံးရေဖျားအထိ သွားဘို့ ပိုင်းဖြတ်ပြီးသားပါ။ ထောင်တန်းကျရင်လည်းကျ၊ အကျခံဘို့ အသင့်ဖြစ်ပြီးသားဘဲ။ ထောင်ထဲကထွက်လာပြီးနောက်ပိုင်းမှာလည်း သူမရဲ့ လုပ်ဆောင်မှုတွေဟာ အဲဒီ ပိုင်းဖြတ်မှုကို အထင်းသားပေါ်လွင်စေပါတယ်။

ရုပ်ရှင်သရုပ်ဆောင်ကိုကျော်သူ (နာရေးကူညီမှုအသင်း) နဲ့ ကိုဇာဂနာတို့ ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ သံဃာတော်တွေကို ဆွမ်း၊ရေ ကပ်လှူဘို့ ဆုံးဖြတ်လိုက်စဉ်ကလည်း သူတို့ဟာ ရေဆုံးရေဖျားအထိ သွားဘို့ ပိုင်းဖြတ်ပြီးသားပါ။ ထောင်တန်း ကျရင်လည်းကျ၊ အကျခံဘို့ အသင့်ဖြစ်ပြီးသားဘဲ။

အလားတူပါဘဲ....ကိုမင်းကိုနိုင်အပါအ၀င်၊ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားအုပ်စု၊ ကျူရှင်ဆရာ ကိုအောင်ဖေ၊ မဖြူဖြူသင်း၊ နော်အုန်းလှ၊ ဦးအုန်းသန်းကစလို့ ဟံသာဝတီဦးဝင်းတင်အဆုံး သူရဲကောင်းတွေဟာ သူတို့ရဲ့ ယုံကြည်မှုအတွက် ရေဆုံးရေဖျားအထိ မလျှော့သောဇွဲနဲ့ သွားဘို့ ပိုင်းဖြတ်ထားပြီးသား။

**********************************************************************

ဒါက သူရဲကောင်းတွေ အကြောင်းနဲ့ အဲဒီသူရဲကောင်းတွေဟာ ရေဆုံးရေဖျားအထိ သွားဘို့ ဘယ်လို အဆင်သင့်ဖြစ်သလဲဆိုတာကို ရေးပြတာပါ။

အဲ.....သူရဲဘောကြောင်တဲ့လူတွေ အကြောင်းကိုလည်း နည်းနည်းတော့ အဖြူအမဲ သဲကွဲသွားအောင် ရေးပြချင်ပါသေးတယ်။

*************************************************************************

မြန်မာပြည်အရေးမှာ တချို့အော်နေတဲ့သူတွေ ရှိပါတယ်။

“တို့က လူမှုကယ်ဆယ်ရေးသက်သက်ဘဲ လုပ်မယ်။
တို့က ပတ်ဝန်းကျင် သဘာဝ ထိန်းသိမ်းရေးသက်သက်ဘဲ လုပ်မယ်။
တို့က ပညာရှင် သက်သက်ဘဲ လုပ်မယ်။
နိုင်ငံရေးနဲ့တော့ တို့မပတ်သက်လိုဘူး။”

ကောင်းပြီ။ သူတို့ရဲ့ ကြွေးကြော်သံဟာ ဘယ်လောက်အထိ မှန်ကန်သလဲ သုံးသပ်ကြည့်ရအောင်။

သူတို့ရဲ့ ကြွေးကြော်သံဟာ လွတ်လပ်တဲ့နိုင်ငံ လူ့အဖွဲ့အစည်းမှာ မှန်ကန်တယ်လို့ ပထမဦးဆုံးသုံးသပ်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်တဲ့ ပတ်ဝန်းကျင်မှာ ကိုယ်ဝါသနာပါရာ၊ ကိုယ်လုပ်ချင်ရာကို အပြောင်မြောက်ဆုံး လုပ်ကိုင်နိုင်တဲ့အခွင့်အလမ်း၊ အခြေအနေ၊ ပတ်ဝန်းကျင် ရှိလို့ပါဘဲ။

မြန်မာနိုင်ငံလို စစ်အာဏာရှင်အုပ်ချုပ်တဲ့ နိုင်ငံမျိုးမှာ စောစောက ပြောခဲ့တဲ့ လုပ်ငန်းတွေကို အပြောင်မြောက်ဆုံး လုပ်ကိုင်နိုင်တဲ့ အခွင့်အလမ်းရှိပါသလား။ ဆက်လက်စဉ်းစားကြည့်ရအောင်။

(၁) လူမှုကယ်ဆယ်ရေးသက်သက် လုပ်ခြင်း

ယခု နာဂစ်မုန်တိုင်းတိုက်အပြီးမှာ လူမှုကယ်ဆယ်ရေးလုပ်သူများကို အာဏာပိုင်တွေက ကန့်သတ်တားမြစ်တာတွေ ကြုံတာကို အားလုံးမျက်မြင်ပါဘဲ။ အဲဒီလို အဖြစ်မျိုးကြုံလာခဲ့တဲ့အခါ စောစောက “တို့က လူမှုကယ်ဆယ်ရေးသက်သက်ဘဲ လုပ်မယ်” လို့ ကြွေးကြော်ခဲ့တဲ့ သူတွေဟာ (မစုစုနွေးတို့၊ မဖြူဖြူသင်းတို့၊ ကိုကျော်သူတို့လို) အာဏာပိုင်တွေ ငြိုငြင်ချင် ငြိုငြင်ပစေ၊ တို့ကတော့ တို့လုပ်စရာရှိတာကို မဆုတ်တမ်း နောက်မရွံ့တမ်း လုပ်မှာဘဲလို့ ပိုင်းဖြတ်ထားပါသလား။ ဒီလိုမှမဟုတ်ဘဲ “ငါတို့တော့ အာဏာပိုင်တွေကတားလို့ တို့လုပ်နိုင်သလောက်ဘဲ၊ တို့တတ်နိုင်တာလေးဘဲ တို့လုပ်ခဲ့ပါတယ်” ဆိုရင် သူတို့ဟာ လူမှုကယ်ဆယ်ရေးလုပ်ငန်းကို အပြောင်မြောက်ဆုံးလုပ်ခဲ့တယ်လို့ ယူဆလို့မရတော့ပါဘူး။ အာဏာရှင် ခွင့်ပြုသမျှ ဘောင်ထဲက သူတို့ရဲ့ အတ္တကို ဖြေသိမ့်နိုင်ဘို့သက်သက် လုပ်ခဲ့ရခြင်းသာဖြစ်တယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ တကယ့်ဒုက္ခသည်တွေရဲ့ ဆင်းရဲဒုက္ခကို ရှေ့တန်းတင်တယ်ပြောလို့မရပါဘူး။

(၂) သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သက်သက်လုပ်ခြင်း

အဲဒီ ဆောင်ပုဒ်နဲ့ ကြွေးကြော်တဲ့ပုဂ္ဂိုလ်ဟာ စာရေးဆရာဆိုရင် မဂ္ဂဇင်းတွေမှာ စာပေစိစစ်ရေးက ခွင့်ပြုသလောက်ဘဲ “ပလစ်စတစ်အိပ်တွေကို လျှော့သုံးပါ။ ရီဆိုက်ကယ် လုပ်ပါ။ သစ်ပင်တွေ၊ သစ်တောတွေကို ထိန်းသိမ်းပါ” ဆိုတဲ့ ဆောင်းပါးတွေလောက်ဘဲ ရေးခွင့်ရမယ်။ တခါတရံ Seminar တွေဘာတွေ လုပ်ပြီး အဲသည်မှာ ဟိတ်ဟန် တခွဲသားနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်းဟောပြောခွင့်ရမယ်။ ဒါပေမယ့် ဧရာဝတီမြစ်ညာကို ပိတ်ဆို့ပြီး ရေကာတာဆောက်မယ့်ကိစ္စမှာ အာဏာပိုင်တွေ ငြိုငြင်မှုကို ခံပြီး ဆန့်ကျင် ကန့်ကွက်ရဲသလား။ သံလွင်ရေကာတာစီမံကိန်းကို ကန့်ကွက်ရဲသလား။ စစ်တပ်နဲ့ ပလဲနံမ သင့်တဲ့ သစ်ကုမ္ပဏီတွေ သစ်တွေကို ဒလဟော ခုတ်ပြီး တောပြုန်းအောင်လုပ်နေတာကို စာတတန်၊ ပေတတန်နဲ့ တရားဝင် လူသိရှင်ကြား ကန့်ကွက်ဘူးသလား။ ဝေးသေး။ အများစုဟာ မသိချင်ယောင်ဆောင်ပြီး အိမ်မှာဘဲ အသာငြိမ်ကုပ်နေကြတာတွေ့တယ်။ ဒါဆိုရင်တော့ အဲဒီပုဂ္ဂိုလ်များဟာလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကို ကိုယ်ယုံကြည်တဲ့အတိုင်း ရေဆုံးရေဖျား အပြောင်မြောက်ဆုံး လုပ်နေတာ မဟုတ်တော့ဘူး။ အာဏာရှင် ခွင့်ပြုသမျှသာ လုပ်နေရတာဖြစ်တယ်။ ကိုယ့်စိတ်အဆာပြေရုံလောက်လုပ်နေတဲ့လုပ်ရပ်က ဘယ်မှာ ထိရောက်နိုင်ပါဦးမလဲ။ (ဒါပေမယ့် တချို့ကတော့ ကိုယ့်ကလောင်စွမ်း ကိုယ်ယုံတယ်လို့ ပြောသဗျ။)

(၃) ပညာရှင်သက်သက်ဘဲလုပ်ခြင်း

စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတို့နဲ့ ပတ်သက်လို့ ပညာရှင်ဆန်ဆန်သုံးသပ်ချက်တွေမှာ အာဏာရှင်တွေ ငြိုငြင်မှုကို ဂရုမပြုဘဲ အကောင်းဆုံး၊ အဖြစ်သင့်ဆုံး သုံးသပ်ချက်တွေကို တိုင်းပြည်အကျိုးအတွက် တင်ပြခဲ့ဘူးပါသလား။ တင်ပြနိုင်ခဲ့ပါသလား။

အလားတူ အနုပညာရှင်ဆိုရင်လည်း အနုပညာကို လွတ်လပ်စွာ ဖန်တီးခွင့်၊ ဖော်ပြခွင့် ရှိပါရဲ့လား။ အာဏာပိုင်တွေ မကြိုက်မှန်းသိသိနဲ့ “အနုပညာသည် အနုပညာအတွက်သက်သက်”ဆိုတဲ့အတိုင်း လွတ်လပ်စွာ ဖန်တီးရဲပါသလား။ ဖန်တီးခဲ့ပါသလား။

ဒါတွေဟာ ဥပမာ အနည်းငယ်မျှကို ထုတ်နှုတ်ပြခြင်း ဖြစ်ပါတယ်။

တကယ်တော့ အခုပြောခဲ့တဲ့ နယ်ပယ်တိုင်းမှာ လူတိုင်းလူတိုင်းအနေနဲ့ ကိုယ်စိတ်သန်တဲ့အလုပ်ကို အကောင်းဆုံး၊ အပြောင်မြောက်ဆုံး လုပ်နိုင်ဘို့အတွက် လွတ်လပ်တဲ့အခြေအနေ၊ အခွင့်အလမ်း၊ ပတ်ဝန်းကျင်တွေကို ပထမအဆင့် ဖန်တီးပေးရပါမယ်။ အဲဒီလိုဖန်တီးပေးဘို့အတွက် နိုင်ငံရေးဆိုတာ မဖြစ်မနေ ပါဝင်ပတ်သက်ရတော့မယ်။

အဲဒီလိုအခြေအနေမှာ တချို့သော သူများဟာ နိုင်ငံရေးကို စိတ်မ၀င်စားသယောင်၊ နိုင်ငံရေးဆိုရင်ဘဲ အနုပညာ၊ လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စတာတွေလောက် အရေးမပါသယောင်၊ အဆင့်မရှိသယောင် ယုတ်ညံ့သယောင် တိုက်ရိုက်တမျိုး သွယ်ဝိုက်၍တဖုံ ယောင်ဝါးဝါး ပြောနေကြခြင်းဟာ ဘာသဘောပါလဲ။ တခြားကြောင့်မဟုတ်။ ထိုသူများဟာ အာဏာပိုင်တွေ ငြိုငြင်မှာ တနည်း ကိုယ့်အကျိုးစီးပွားကို ထိခိုက်မှာကို စိုးရိမ်တဲ့အတွက် မာယာသုံးကာ ဖုံးကွယ်နေခြင်းမျှသာဖြစ်တယ်။ စိုးရိမ်တာကို စိုးရိမ်တဲ့အလျောက် စိုးရိမ်ပါတယ်လို့ ပွင့်ပွင့်လင်းလင်း ရိုးသားစွာဝန်မခံဘဲ တမင်လူလည်ကျပြီး စိတ်မ၀င်စားလို့ မလုပ်သယောင် လှည့်ပတ်ပြောဆိုနေခြင်းသာဖြစ်ပါတယ်။

ဒါကြောင့် မေးစရာရှိတာက “လူမှုရေးလုပ်လုပ်၊ ကယ်ဆယ်ရေးလုပ်လုပ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘဲလုပ်လုပ်၊ အနုပညာရှင်ဘဲလုပ်လုပ်၊ စီးပွားရေးပညာရှင်ဘဲလုပ်လုပ်”......ဘာဘဲလုပ်လုပ် ရေဆုံးရေဖျားအထိ သွားဘို့ စဉ်းစားပြီးပြီလား။ ဒီလိုမှ မဟုတ်ဘဲ လူကြားကောင်းရုံသက်သက်အော်နေတာဆိုရင်တော့ လူတယောက်မှာ အခြေခံ ရှိသင့်ရှိအပ်တဲ့ Integrity (ရိုးသားပွင့်လင်းမှု) ပျောက်ဆုံးနေခြင်းဘဲ။ (အဲ....ဒီနေရာမှာ အော်တဲ့သူတွေကိုဘဲ အဓိက ပြောချင်တာပါ။ အစကတည်းက ရေဆုံးရေဖျားအထိ ကိုယ့်ဘာသာ မသွားနိုင်လို့ ခပ်မဆိတ်ဘဲ နေတဲ့သူတွေကို အပြစ်ပြောစရာမရှိပါဘူး။ နောက်ပြီး အထက်က ဖော်ပြခဲ့တဲ့ အလုပ်တွေကို မဖြစ်မနေလုပ်နေတဲ့ တချိန်တည်းမှာဘဲ အဓိကကျတဲ့ နိုင်ငံရေးပြဿနာကိုလည်း ဖြေရှင်းဘို့လိုတယ်ဟေ့လို့ လက်ခံတဲ့ လူတွေကိုလည်း ဘာမှ အထွေအထူး ပြောစရာမရှိပါဘူး။ အဓိကက နိုင်ငံရေးနဲ့ မပတ်သက်ချင်ဘူးဟေ့ဆိုပြီး စွာကျယ်စွာကျယ် လုပ်တဲ့သူတွေကိုသာ ရည်ညွှန်းတာပါ။)

ဒီနေ့ မြန်မာ့ဒီမိုကရေစီအရေးအတွက်၊ နိုင်ငံထူထောင်ရေးအတွက် လုပ်ဆောင်ကြတဲ့နေရာမှာ ညီညွတ်မှုလိုတယ်ဆိုတာကတော့ မငြင်းနိုင်တဲ့အချက်ဘဲ။ ဒါပေမယ့် ညီညွတ်တယ်ဆိုတာက တယောက်နဲ့ တယောက် ဘယ်လောက် ယုံကြည်မှု ရှိသလဲဆိုတဲ့အပေါ်မှာ အဓိက မူတည်နေတယ်။ အဲဒီလို ယုံကြည်မှုရှိဘို့ဆိုတာက စောစောက ပြောတဲ့ လူတယောက်မှာ အခြေခံရှိသင့်ရှိအပ်တဲ့ ရိုးသားပွင့်လင်းမှု အရမ်းလိုအပ်တယ်။ မရိုးသားတဲ့လူတွေအချင်းချင်း အပေါ်ယံဟန်ဆောင်ပေါင်းပြီး စည်းလုံးညီညွတ်ပြခြင်းဟာ တကယ့်အရေးထဲလည်းရောက်ရော ဆွဲစိလို့မရအောင် အကွဲကြီးကွဲတတ်ပါတယ်။

ဒီတော့....အစကတည်းက ပေါင်းပြီးလုပ်ကြမယ်ဆိုရင်.....ငါကတော့ ဘယ်အတိုင်းအတာအထိ လုပ်ဘို့ အသင့်ရှိတယ်၊ ဘယ်လောက်အထိဆိုရင်တော့ မလုပ်နိုင်ဘူး....စသဖြင့် ကိုယ့်အခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောပြသင့်တယ်။ ဒီလိုဆိုရင် လူအများရဲ့ အသင့်ဖြစ်မှုအနေအထားပေါ်မှာ မူတည်ပြီး အားလုံးပါဝင်နိုင်တဲ့ လှုပ်ရှားမှုကို အကောင်းဆုံးရွေးချယ်နိုင်တယ်။

လူတယောက်နဲ့တယောက် စွန့်စားပေးဆပ်နိုင်တဲ့ အဆင်သင့်ဖြစ်မှုခြင်း မတူညီတဲ့အတွက် မိမိ အဆင်သင့်မဖြစ်သေးကြောင်း ပြောပြလိုက်တာဟာ ဘာမှ ရှက်စရာမဟုတ်ပါဘူး။ လူတိုင်းဟာ ဒေါ်အောင်ဆန်းစုကြည်လောက်၊ မစုစုနွေးလောက် သတ္တိရှိနေရင်လည်း ဗမာပြည် ဒီမိုကရေစီရတာ ကြာပြီပေါ့။ ဒါပေမယ့် ကိုယ့်ဘာသာ အဆင်သင့်မဖြစ်တာကို ဖုံးကွယ်ပြီးတော့ ဟိုပြောဒီပြော၊ ဟိုလုပ်ဒီလုပ် တော့ မလုပ်ကြနဲ့ပေါ့။ အဲဒီဟာ မရိုးသားတာဖြစ်လို့ ညီညွတ်ခြင်းကို ပြိုကွဲစေတဲ့ အဓိကအကြောင်းရင်းဘဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ယုံကြည်မှုကို ရယူနိုင်ခဲ့တာ ဗိုလ်ချုပ်ရဲ့ ရိုးသားပွင့်လင်းမှုကြောင့်ဘဲ။

နောက်တခု သတိပြုသင့်တာက သတ္တိရှိသူတွေသာ ရိုးသားပွင့်လင်းနိုင်ကြတယ်။ သူရဲဘောကြောင်သူဟာ ဘယ်တော့မှ မရိုးသား၊မပွင့်လင်းဘူး။

************************************************************************

အဲဒီ The Untouchables ဇာတ်ကားထဲမှာဘဲ ဂျင်မ်မလုံး (ရှောင်ကွန်နရီ) ပြောသွားတဲ့စကားလေးတခွန်းကိုလည်း သတိရမိတော့တယ်။

“Well, the Lord hates a coward.”
(ဘုရားသခင်ဟာ သူရဲဘောကြောင်တဲ့သူကို မနှစ်သက်ဘူး)....တဲ့။

10 comments:

Anonymous said...

ကိုပေါကတော့ ကိုယ့်ဘက်က လူတွေကို တော်တော် အမွှန်းတင်ထားတာပဲ၊ ခက်တာက အဲဒီလူတွေကို ခင်ဗျားတို့ အဖွဲ့ကလွဲလို့ ကျန်တဲ့ လူအများစုက အမှိုက်တွေလို့ မြင်ထားတာဗျ၊ ခင်ဗျားပြောခဲ့တဲ့ လူတွေကြောင့် စက်တင်ဘာမှာ ရန်ကုန်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွာပြီး တစ်ချို့ ပုဂ္ဂိလိက စီးပွားရေးတွေ ထိခိုက်သွားလို့ အဲဒီလူတွေကို သာမာန်ပြည်သူတွေကတောင် ကြိုက်ကြတာ မဟုတ်ဘူး၊ ခင်ဗျား သိဒ္ဓိတင်ပေးလဲ မရဘူးဗျို့။

ကိုပေါ said...

ဟဲဟဲ....ကျနော်လည်း သာမန်ပြည်သူပါဘဲ ကိုလမ်းသစ်ရာ။ (အဲဒီ စကားက ကျနော်တို့ မြန်မာတွေကြားထဲမှာ အင်မတန် ရေပန်းစားသဗျ။) ဆိုလိုတာက မိုးကျရွှေကိုယ် စစ်ဗိုလ်ကလေး မဟုတ်ရပါဘူး။ ဒါထက် အဲသည်မှာ ဘယ်အချိန်ရှိပြီလဲဗျ။ ကျနော်တို့ဆီမှာတော့ ည ၂ နာရီတောင်ခွဲတော့မယ်။ ကျနော် ပို့စ်ကြောရှည်နေတာနဲ့ အိပ်ယာဝင်နောက်ကျတောင်နေမှကိုး။ စင်္ကာပူမှာ ရွာမှာတုန်းကလိုတော့ ကြက်တွန်သံမကြားရဘူးဗျ။

ဘာဘဲဖြစ်ဖြစ်...ကျနော့်ပို့စ်ကလေးတွေကို စိတ်ဝင်တစားလာအားပေးတော့ ကျေးဇူးတင်ပါသဗျား။ ကျနော် အားလပ်တဲ့အခါကျရင် ခင်ဗျားမှာ ဘလော့ဂ်ရှိရင် လာဖတ်ပါဦးမယ်။ ခင်ဗျား အယူအဆလေးတွေ ပိုသိရအောင်။ နောင်တချိန်မှာတော့ မိတ်ဆွေတွေအဖြစ်နဲ့ အမိမြန်မာပြည်ကြီးမှာ ပြန်ဆုံချင်ပါသေးသဗျာ။

ဒါထက် ဆရာဇော်ဂျီဘာသာပြန်တဲ့ လမ်းသစ် ဆိုတဲ့ ၀တ္ထုကိုတော့ ကျနော်အရမ်းကြိုက်သဗျိုး။ ခင်ဗျားလက်လှမ်းမီရင် ဖတ်ကြည့်လိုက်ဦး ခင်ဗျားနာမည်နဲ့ တူတယ်။

ကဲကဲ.....မနက်ရုံးတက်ရမှာ။ အိပ်တော့မယ်ဗျိုး။ ဂွတ်နိုက်။

Anonymous said...

ကိုပေါ ရေ
ထိတယ်ဗျာ..ဆတ်ဆတ်ခါကြလိမ့် မယ်
ပြီးရင် ကိုပေါကို မေတ္တာပို့ ကြမယ်...ပြီးတော့လည်း ၀တ်နေကြ ခြုံလွှာကြီးတွေ ခြုံလို့ 
ကိုယ့်ကိုကိုယ်ထပ်လိမ်ကြဦးမယ်...။

Anonymous said...

ကိုပေါ ထိလွန်းလို့လင်းလက်ကြယ်စင်စကားနဲ့ပြောရရင်ရှက်တတ်ရင်လဲသေသွားနိုင်တယ်။။။။။အမှန်တွေဖတ်ပြီးခေါင်းနဲ့တိုင်ကိုပြေးးပြေးဆောင့်ချင်တယ်။။။။။အမေစုကိုရှက်တယ်။အကိုမင်းကိုနိုင်ကိုရှက်တယ်။စုစုနွေးကိုရှက်တယ်။။။ရေဆုံရေဖျားထိလုပ်ဖို့အကြောက်တရားကိုအရင်မီးတင်ရှို့ရမယ်။။။။။သင်္ကြန်အမြှောက်တွေကအတော်များတယ်။။။။။

Anonymous said...

ထိသဗျာ...ကျောထဲစိမ့်ပြီးပြန်သွားပါတယ်၊ အမုန်းခံပြီးချပြရဲတဲ့သတ္တိကို လေးစားလျက်။

စာဖတ်သူ

Anonymous said...

မောင် လမ်း သစ် အတွက်-

အမှန်တော့..ကိုလမ်းသစ် ဆို တဲ့ လူ မျိုး တွေ ဟာ.. ဗမာပြည် မှာ ရှိနေ ပါတယ်..ရှိ နေပါအုံးမယ်။ သူ့ဖက် ကိုယ့်ဖက် ..ဟိုဖက် ..ဒီဖက် အမြဲ ရှိ နေတ တ်ပါတယ်။ ဘယ်သူ မှန် တယ်..ဘယ်သူ မှား တယ် ဆို တာတော့..လောက အမြင်.ဓမ္မ အမြင်.. အများ အမြင် နဲ့ပဲ..ပိုင်း ဖြတ် ကြ ရတာ မျိုး ပါ။

မုန်တိုင်း တိုက် လို့.. ကွဲကွာ သွား ကြ တဲ့..ကျေး ညီ နောင် လို ပါပဲ။ မြန်မာ ပြည်သား အချင်း ချင်း..သွေး သား ချင်း တွေဟာ.. အရွယ်ရွယ် အစားစား သော မုန်တိုင်း များ..အလီလီ အကြိမ် ကြိမ် အတိုက်ခံ ရ တဲ့ ကြား မှာ..ဘ၀ တွေ ခြား.. ပြီး.. လူ မိုက် အိမ် မှာ..ခို နား မိ ကြ တဲ့ သူ.. သူတော် ကောင်း အိမ် မှာ ခို နား မိ ကြ တဲ့သူ.. ကွဲ ပြား လာ ကြ တယ်။

ဒါက..နေရာ တိုင်း မှာ ဖြစ်နေတဲ့..ကွဲ ပြားမူ သဘော သဘာဝ။
ခက်တာက.. ဗမာပြည်မှာ ကျ တော့..လွတ်လပ် စွာ မကွဲ ပြား နိုင်ဘူး။ ငါနဲ့မတူ.. ငါ့ ရန် သူ ၀ါဒ ကို ကျင့်သုံး နေ တဲ့ အတွက် ကြောင့် ပိုမို ရှုပ် ထွေး တဲ့..လူမူ အသိုင်းအ၀ိုင်း ကွဲပြဲ မူ တွေ ဖြစ် နေ ကြ ရ ပါတယ်။

ခု ကိုယ် ပဲ...လမ်းသစ် ဆို တဲ့..ဘယ်အပင် မှာ နား ခဲ့တဲ့ ကျေးမျိုး မှန်း မသိ တဲ့..လူ တယောက် အပေါ် မှာ.. အော်.. အသိ ခေါက် ခက် အ၀င်နက်လေ ခြင်း ဆို ပြီး.. စိတ် တို အမုန်းပွား မိ တဲ့..ကိုယ့် ကို ကိုယ်..ပြန် လည်..ဆင် ခြင်.. ထိန်းကွပ် ၍၊

အင်း.. လူ အတော် များ များ ကြိုက် နှစ် ရွေး ချယ် ထားတဲ့..ဓမ္မ ဖက်က.. အနိုင် ရ ပါစေ လို့ပဲ.. ကိုလမ်းသစ် လည်း.. လွတ်လပ် ပွင့်လင်းတဲ့..ရွေးချယ်မူ စနစ် တခု နဲ့ ကြုံ လာ ရ ရင် လည်း.. နားလည်စွာ..စိတ်လျော့ လက်ခံ နိုင် ပါ စေ လို့..

ဆန္ဒ မွန် ဖြင့်-

Anonymous said...

ကိုပေါရေ

အတွေးအခေါ်နဲ့ အရေးအသားကတော့ တကယ်ကို ရှယ်ပါပဲ.... အဲဒီလို နိုငံရေးနဲ့ မပတ်သက်ချင်ပါဘူး ဆိုတဲ့ လူတွေ ကြောင့် ဒီကောင်ုတွေ သက်ဆိုးရှည်နေကြတာပေါ့.....

96YIT said...

ပြော မနေ ပါ နဲ့ ။ ကို ပေါ ရေ ။ အိပ် ရေး ပျက် ပါ တယ် ။ ဘယ် သူ မှန် တယ် ။ ဘယ် သူ မှား တယ် ဆို တာ အကုန် လုံး သိ ပါ တယ် ။

Anonymous said...

Hey, Lanthit!
You have no right to represent the ordinary people from Myanmar without understanding their feelings.

mg kyi poae said...

ကိုပေါရေ
သိပ်မှန်ပါတယ်ကိုပေါခင်ဗျား။ ကျွန်တော်တို့တွေ အကြောင်းအမျိုးမျိုးပြ ရှောင်လွှဲနေကြတဲ့အတွက် နောက်လာမယ့်မျိုးဆက်တွေ ကျွန်တော်တို့အတွက် ဘယ်လိုမှတ်ချက်ပေးကြမလဲဆိုတာ ကြိုတွေးရင်း ရှက်နေမိပါတော့တယ်။ အရှက်မရှိတဲ့ကောင်တွေကတော့ ဘယ်တော့မှလည်း အရှက်ဆိုတဲ့ လူတွေမှာသာရှိတဲ့ စကားလုံးကို နားလည်တတ်မှာမဟုတ်ပါဘူး။ လမ်းသစ်လိုကောင်မျိုးတွေပေါ့

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs