(ကျနော်နှစ်သက်တဲ့ ပုံပြင်လေးတခုကို ဘာသာပြန်ပေးလိုက်ပါတယ်)
တခါက ဦးထုပ် ရောင်းသူတယောက်ဟာ ဦးထုပ်တွေကို လှည့်လည်ရောင်းချရင်း တောအုပ်တခုကို ဖြတ်သွားရသတဲ့။ တောထဲမှာသွားနေရင်း ရာသီဥတုကလည်း အရမ်းပူပြင်းတာကြောင့် သစ်ရိပ်တခုအောက်ကိုဝင်၊ ဦးထုပ်တွေထည့်ထားတဲ့ ခြင်းတောင်းကို ဘေးမှာအသာချ၊ ခဏတဖြုတ် အိပ်စက်အနားယူဘို့ ဆုံးဖြတ်လိုက်တယ်။ နာရီအနည်းငယ်ကြာလို့ အိပ်ပျော်ရာကလဲ နိုးလာရော သူ့ခြင်းတောင်းထဲမှာ ဦးထုပ်တလုံးမှ မရှိတော့တာကို တွေ့ရသတဲ့။ အဲဒီအချိန်မှာဘဲ သစ်ပင်ပေါ်က မျောက်အော်သံတွေ ကြားရလို့ မော့ကြည့်လိုက်တော့……လားလား။ သစ်ပင်ပေါ်မှာ တပင်လုံး မျောက်တွေနဲ့ ပြည့်နေပြီး သူ့ဦးထုပ်တွေကို မျောက်တွေက ယူထားတာ တွေ့ရတော့တာကိုး။
အဲဒါနဲ့ ဦးထုပ်ရောင်းသမားဟာ သူ့ဦးထုပ်တွေ ဘယ်လိုပြန်ယူရမလဲဆိုတာကို ထိုင်ပြီး စဉ်းစားတော့တာပေါ့။ သူဟာ စဉ်းစားရင်း အကြံအိုက်လာတော့ ခေါင်းကို တဗျင်းဗျင်း ကုတ်မိသတဲ့။ အဲသည်မှာဘဲ သူသတိထားမိသွားတာက မျောက်တွေဟာ သူလုပ်သလို ခေါင်းလိုက်ကုတ်နေကြတာကို တွေ့သတဲ့။ တခါ သူ့ခေါင်းမှာ ဆောင်းထားတဲ့ ဦးထုပ်ကို ချွတ်ပြီး ယပ်ခပ်တော့လည်း မျောက်တွေက တသွေမတိမ်း လိုက်လုပ်ကြပြန်ရောတဲ့။ အဲဒီမှာတင် ဦးထုပ်ရောင်းသမားဟာ အကြံရပြီး သူ့ဦးထုပ်ကို မြေပြင်ပေါ်ကို ပစ်ချလိုက်သတဲ့။ မျောက်တွေကလည်း အသီးသီး ဦးထုပ်တွေကို မြေပြင်ပေါ်ကို ပစ်ချလိုက်ကြတော့ နောက်ဆုံးမှာ သူ့ ဦးထုပ်တွေ အကုန်လုံး ပြန်ရသွားရောတဲ့။
အဲဒီနောက် နှစ်ပေါင်းငါးဆယ်လောက်ကြာတဲ့အခါ ဦးထုပ်ရောင်းသမားရဲ့ မြေးဟာ သူ့အဘိုးလိုဘဲ ဦးထုပ်ရောင်းသမားတဦးဖြစ်လာပါသတဲ့။ (စင်္ကာပူက “ဘဘလီ” တို့လိုဘဲ မိသားစု ဘိုးစဉ်ဘောင်ဆက်၊ သားစဉ်မြေးဆက် လုပ်တဲ့ လုပ်ငန်းထင်ပါ့။) မြေးဟာ သူ့အဘိုးဆီကနေ အဲဒီ မျောက်ဇာတ်လမ်းကိုလည်း ကြားဘူးတာပေါ့။
တနေ့တော့ တိုက်တိုက်ဆိုင်ဆိုင် သူ့အဘိုးလိုဘဲ ဦးထုပ်ရောင်းရင်း အဲဒီ တောအုပ်ကိုပဲ ဖြတ်သွားရပြန်ရောတဲ့။ ရာသီဥတုက ပူတော့ သူ့အဘိုးလိုဘဲ သစ်ပင်အောက်မှာ အိပ်မောကျသွားပြန်ရော။ အဲ..အဲ…နိုးလာတော့ ဦးထုပ်တွေ မတွေ့ရတော့ဘူးတဲ့။ သစ်ပင်ပေါ်မော့ကြည့်လိုက်တော့ မျောက်တွေက ဦးထုပ်တွေကို အားလုံးယူထားပြီးလေသတည်းပေါ့လေ။ (တိုက်ဘဲတိုက်ဆိုင်လွန်းနော်။ သမိုင်းဘီး တပတ်လည်တယ်ဆိုတာ ဒါမျိုးဘဲနေမှာ။)
အဲသည်မှာတင် မြေးဖြစ်သူဟာ သူ့အဘိုး တခါကပြောခဲ့ဘူးတာကို သတိရသွားတယ်။ အဲဒါနဲ့ သူက ခေါင်းကို စပြီး တဗျင်းဗျင်း ကုတ်လိုက်တော့ မျောက်တွေကလည်း လိုက်ကုတ်ကြသတဲ့။ ဟော… ခေါင်းက ဦးထုပ်ကို ချွတ်ပြီး ယပ်ခပ်လိုက်တော့လည်း မျောက်တွေက ဦးထုပ်ချွတ်ပြီး ယပ်ခပ်ကြပြန်ရော။ နောက်ဆုံးတော့ မြေးဦးထုပ်ရောင်းသမားဟာ သူ့အဘိုးရဲ့ စကားကို လုံးဝယုံကြည်သွားပြီမို့ သူ့ဦးထုပ်ကို မြေကြီးပေါ်ကို “ဘုတ်ကနဲ” ပစ်ချလိုက်သတဲ့။
ဒါပေမယ့် အံ့သြစရာကောင်းတာက ဒီတကြိမ်မှာ မျောက်တွေက သူလုပ်သလို လိုက်မလုပ်ဘဲ ဦးထုပ်တွေကို ကိုင်မြဲကိုင်ထားကြသတဲ့။ အဲ… အတင့်ရဲတဲ့ မျောက်တကောင်ကဆိုရင် သစ်ပင်ပေါ်ကနေ ပြေးဆင်းလာပြီး မြေးဖြစ်သူ ပစ်ချထားတဲ့ ဦးထုပ်ကိုတောင် လာကောက်ယူလိုက်သေးသတဲ့။ ပြီးတော့ သစ်ပင်ပေါ်ပြန်တက်မပြေးခင် စကားတခွန်းလည်း သူ့ကို ပြောသွားသေးသတဲ့။
“ဟယ်…လူမိုက်။….နင့်မှာဘဲ အဘိုး ရှိတယ်ထင်နေသလား” ...........တဲ့။
မှတ်ချက်။ ။ ဤပုံပြင်ကို ဖတ်ပြီးသောအခါ ကျနော်တွေးမိသည်မှာ “သင်ခန်းစာဟူသည် သင်တဦးတည်း ရတတ်သည်မဟုတ်။ သင့်ပြိုင်ဘက် (သင့်ရန်သူ)ကလည်း သင့်နည်းတူ ရပြီး ဖြစ်တတ်ပါသည်။”
ကဲ.......မောင်ညီမလေးတို့ရော....အဲလေ..မိတ်ဆွေတို့ရော ဘယ်လို သင်ခန်းစာများ ရကြပါသလဲ။ တောအုပ်ထဲ မ၀င်ခင်ကတည်းက တွတ်ပီလို နှစ်လုံးပြူးတလက် ဆောင်သွားမယ်တော့ မလုပ်ကြနဲ့ပေါ့ဗျာ။ အနော်က မျောက်ချေးခါးဟင်း မကြိုက်ဘူးခင်ဗျ။

4 comments:
မျောက်ကိုချက်လျင် ချေးထုတ်ပြီးမှ ချက်ရပါမည်။ မဟုတ်လျှင် ခါးတတ်ပါသည်။...:D:D;D
အဲ....သင်ခန်းစာကတော့ ...မေလကျရင်အဖြေရပါလိမ့်မည်။
ကိုပေါရေ...သိပ်ကောင်းတဲ့postလေးပါ။ သုံးပြီးသားနည်း ပြန်မသုံးနဲ့လို့သင်ခန်းစာရတယ်။ နောက်ပြီး မျောက်တွေကဦးထုပ်တွေလုတတ်တာ သိရက်နဲ့ အဘိုးတုန်းက တကြိမ်ခံရပြီးသားကို အမှတ်မရှိတဲ့မြေးလို မဖြစ်အောင် ဂရုစိုက်ဖို့ သင်ခန်းစာရတယ်။
ဝိုး.. တယ်ကောင်းတဲ့ သာဓကလေးပါလား
မျောက်တောင်မှ old trick တွေကို သိနေတယ် ဆိုတော့..
ကဲ စဉ်းစားစမ်း ဗျင်းဗျင်း (ခေါင်းကုတ်သံ)
ကိုပေါ ပုံပြင်ပြောတာက မောင်ညီမလေးတို့ရေ… လို့လဲ အစမချီဘူး။ :P
ပုံပြင်ထဲက မျောက်တွေများ တယ်လဲ လူလည်၊ အဲ… မျောက်လည်ကျသကိုးဗျာ။
Post a Comment