“ရှင်သန်နေဆဲ…”

Share |

(တိုပါးရိုး ဘုန်းကြီးကျောင်းမှ ဗောဓိညောင်နှင့် ဘုရားဆင်းတုတော်တွင် ဆီမီးများပူဇော်ထားပုံ)

ပြီးခဲ့တဲ့ စက်တင်ဘာလထဲတုန်းက စင်္ကာပူမှာရှိတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေစုစည်းပြီး ရွှေဝါရောင်တော်လှန်ရေးတနှစ်ပြည့်အထိမ်းအမှတ်အဖြစ် စင်္ကာပူက တပါးကျောင်း(SMC)မှာ ဘုန်းကြီးငါးပါးကို ပင့်ဖိတ် ဆွမ်းကပ်ဖြစ်ကြတယ်။ ငါးပါးအနက် ဘုန်းဘုန်းတပါးကတော့ အဲသည်နေ့လည်မှာ မလာနိုင်တော့တဲ့အတွက် စုစုပေါင်းလေးပါးဖြစ်သွားတယ်။

အဲသည်နေ့မှာ ဆွမ်းကပ်ဘို့ ဆုံးဖြတ်လိုက်ကြတော့ ခါတိုင်းလို ဘုန်းကြီးကျောင်းမှာ ဆွမ်းချက်တာမျိုးမလုပ်ဘဲ ကျနော်တို့ မြန်မာ့အရေးလှုပ်ရှားသူတွေအနေနဲ့ အိမ်ကနေ ဟင်းအမယ် ၂ မျိုးဆီလောက် ကိုယ့်ဘာသာချက်ယူခဲ့ကြဘို့ ဆုံးဖြတ်လိုက်တယ်။

အဲသည်လိုနဲ့ ကျနော်တို့အိမ်ကနေ ငါးသလောက်ပေါင်းနဲ့ ကြက်သားဆီပြန်ဟင်း ၂ မျိုးချက်ယူခဲ့တယ်။ ငါးသလောက်ပေါင်းက မဒမ်ပေါရဲ့ အမေချက်တာ။ ကြက်သားဆီပြန်ဟင်းကတော့ မဒမ်ရဲ့လက်ရာ။ ဟိုရောက်တော့ အဲသည်လိုဘဲ တခြားလူတွေ ချက်လာတဲ့ ဟင်းတွေနဲ့ စုလိုက်တော့ အခုလို ဟင်းအမည်ပေါင်းများစွာနဲ့ ဖွယ်ဖွယ်ရာရာ ဖြစ်သွားတော့တယ်။

(ဘုန်းကြီးဆွမ်းပွဲအတွက် ပြင်ဆင်ထားပုံ)

အစည်းအဝေးမှာတုန်းက ဘုန်းကြီးပွဲအတွက်ဘဲ ချက်ကြမယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် ချက်ပြုတ်လာသူတိုင်းရဲ့ စေတနာကြောင့် လာတဲ့ ဧည့်ပရိတ်သတ်ပါ စားလို့မကုန်တဲ့အတွက် (ဘုန်းကြီးကလည်း ကျောင်းမှာ မထားခဲ့ဘို့ အမိန့်ရှိတဲ့အတွက်) ပိုတဲ့ ဟင်းတွေကို ချိုင့်ဆင့်နဲ့ သေသေချာချာ ထုတ်ပိုးပြီး ပြန်သယ်ရတဲ့အထိ ဖြစ်သွားတယ်။

မှတ်မှတ်ရရ…အဲသည်နေ့က ဟင်းတွေအနက်မှာ ပဲခူးက လူပျိုကြီး ကိုသူရိန် ချက်လာတဲ့ ၀က်သားဟင်းနဲ့ ၀က်ကလီစာဟင်းကတော့ လူကြိုက်အများဆုံးပေါ့။ (အခမဲ့ ကြော်ငြာထိုးပေးလိုက်သည်။ စွံပေလေရော့ဟယ်...)



(ဆွမ်းပွဲနှင့် အချိုပွဲများကို ကပ်လှူနေစဉ်)

ဘုန်းဘုန်းတွေကြွလာတော့ ဆွမ်းကပ်၊ သင်္ကန်းနဲ့ ၀တ္ထုငွေတွေကပ်၊ ပြီးတော့ တရားနာကြတယ်။ ဘုန်းဘုန်းနှစ်ပါးတိတိက တရားဟောတယ်။ အဲသည်နောက် ဘုန်းဘုန်းတွေ ပြန်ကြွသွားတော့ ကျနော်တို့လူတွေချည်း ကျောင်းမှာ ကျန်ရစ်ခဲ့တယ်။

(တရားနာနေကြစဉ်)

အမှန်ကတော့ မနေ့ညက အိပ်ရေးပျက်ထားတဲ့အတွက် ဆွမ်းကျွေးပြီးတာနဲ့ အိမ်ပြန်ပြီး တရေးတမောအိပ်ဖို့ပါဘဲ။ ဒါပေမယ့် ညပိုင်းမှာ တိုပါးရိုးဘုန်းကြီးကျောင်းကို သွားပြီး ၀တ်ရွတ်သူတွေကို အအေးဘူးတွေ လှူဘို့နဲ့ ဘုရားမှာကပ်ဘို့ ပန်းတွေဝယ်ဘို့ကလည်း ရှိသေးတော့ အိမ်မပြန်ဖြစ်ဘဲ ဘုန်းကြီးကျောင်းမှာဘဲ ခဏထိုင်ပြီး ၀ိုင်းဖွဲ့စကားပြောဖြစ်ကြတယ်။ အားလုံးကလည်း မကြာခဏ တွေ့ဆုံနေကျ အမာခံလူတွေချည်းဘဲဆိုတော့ ပြောတဲ့အကြောင်းအရာက နိုင်ငံရေးလည်းပါရဲ့။ ဆံပင်ဆေးဆိုးတဲ့အကြောင်းလည်းပါရဲ့။ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ပါဘဲ။

အဲသည်မှာ ခဏကြတော့ မျိုးမြင့်မောင်နဲ့ ကျနော်က ခဏတဖြုတ် ကျောဆန့်ရင်းနဲ့ ဘုန်းကြီးကျောင်းပေါ်မှာ အိပ်ပျော်သွားသေးတယ်။ အိုဘီပီက ဆရာသမားတယောက်က ကျနော်ဟောက်နေတာကို ဗီဒီယို မှတ်တမ်းတင်သွားသေးတယ်။

ညနေလေးနာရီလောက်ရောက်တော့ နှင်းဆီပန်းအနီ အပွင့် ၁၁၀ ပွင့် ၀ယ်ဘို့ လူစုခွဲပြီး ရှာပုံတော်ထွက်ကြတယ်။ ကျနော်တို့လင်မယားနဲ့ တခြားနှစ်ယောက်က ဂေလန်းဘက်မှာ သွားဝယ်ဘို့ တာဝန်ကျတယ်။ တက္ကစီစီးပြီး ဂေးလန်းအသွားမှာဘဲ တခြားအုပ်စုက “ပန်းတွေရပြီ” သတင်းပို့လို့ တိုးပါးရိုး ဘုန်းကြီးကျောင်းကိုဘဲ တိုက်ရိုက်တန်းသွားရတော့တယ်။ ကျောင်းမရောက်ခင် လမ်းထိပ်နားက ကော်ဖီဆိုင်နားမှာ တက္ကစီပေါ်ကဆင်း၊ လက်ဘက်ရည်သောက်ကြရင်း စကားစမြည်ပြောကြ။ ခဏနေတော့ ဘုန်းကြီးကျောင်း ဒုတိယအထပ်မှာ သွားပြီး ခဏ စက်တော်ခေါ်လိုက်သေးတယ်။ ထိနမိဒ္ဓများပုံများ။

ဟော…. ညနေစောင်းတာနဲ့ ပန်းတွေလည်းရောက်လာ၊ အအေးဘူးတွေ၊ ရေခဲတွေလည်း ရောက်လာ၊ ဆီမီးခွက်တွေလည်း ရောက်လာ။

(နှင်းဆီပန်းအနီများဘုရားတွင်ကပ်လှူပူဇော်ထားပုံ)

ပန်းအိုးတွေမှာ ပန်းတွေထိုးပြီး ဘုရားမှာ ပန်းကပ်တဲ့သူက ကပ်၊ အအေးဘူးတွေကို ဒန်အိုးထဲမှာ ရေခဲနဲ့ ထည့်ပြီး စိမ်တဲ့လူကစိမ်၊ ရေခဲမလောက်လို့ ပြေးဝယ်သူက ၀ယ်ပေါ့။ ကျနော်ကတော့ ဟိုနားမှာ ဓါတ်ပုံရိုက်လိုက်၊ ဒီနားမှာ ဓါတ်ပုံရိုက်လိုက်၊ ဟိုလူနဲ့စကားပြောလိုက်၊ သည်လူနဲ့ စကားပြောလိုက်နဲ့၊ နည်းနည်းပါးပါး နှမ်းဝင်ဖြူးလိုက်နဲ့ ယောင်ခြောက်ဆယ် လုပ်ရတာပေါ့။


(၀တ်ရွတ်လာသူများကို အအေးဘူးများ ဝေငှနေစဉ်)

ညဘက်ရောက်တော့ ဘုရားမှာ ဆီမီး၁၁၀ ထွန်းကြတယ်။ ဖယောင်းတိုင်ခွက်ကလေးတွေမှာ ထွန်းပြီး ပလပ်စတစ်ခွက်ထဲကို ထည့်လိုက်တာပေါ့။ လေတိုက်လည်း မငြိမ်းတော့ဘူး။ ၀တ်ရွတ်သူတွေ ဆင်းလာတော့ အင်္ကျီအနီတွေဝတ်ထားတဲ့ ကျနော်တို့တွေက “ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် လှူဒါန်းတာပါ” လို့ပြောပြီး အအေးဘူးတွေကို ဝေကြတယ်။ တချို့ ပရိတ်သတ်ထဲကနေ ကူညီပူးပေါင်းပြီး ဝေပေးကြတယ်။ နောက်လူစဲသွားတော့ ဆီမီးတွေကို နောက်ခံထားပြီး အုပ်စုလိုက် အမှတ်တရ ဓါတ်ပုံရိုက်ကြတယ်။ နောက်ည ၉ နာရီ ခွဲလောက်မှာ လူစုခွဲလိုက်ကြတယ်။


(ဆီမီးများ ကပ်လှူပူဇော်နေစဉ်)

အဲသည်နေ့ပွဲက ကျနော်တို့ လုပ်ခဲ့သမျှ ပွဲတွေအနက် ကျနော်တို့အနေနဲ့ ကျေနပ်အားရမှုအရှိဆုံး၊ အနှစ်သာရအပြည့်ဝဆုံးပွဲပါ။ တကယ်တော့ အဲသည်နေ့မှာ လာရောက်သူတွေဟာ ရွှေဝါရောင်တော်လှန်ရေးကာလတုန်းက ပရိတ်သတ်နဲ့ဆိုရင် မယှဉ်သာအောင် နည်းပါးလှပါတယ်။ ပြောရမယ်ဆိုရင် အမာခံလှုပ်ရှားသူတွေချည်းလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် အဲသည်နေ့မှာ ပါဝင်လှုပ်ရှားကြသူအားလုံးဟာ အခက်အခဲတခုကြောင့်၊ အဟန့်အတားတခုကြောင့် ကိုယ့်ပန်းတိုင်ကနေ သွေဖီသွားမယ့်လူတွေမဟုတ်။ သူတို့ရဲ့ မျှော်လင့်ချက်တွေ ရှင်သန်နေဆဲ၊ ယုံကြည်ချက်တွေ ခိုင်မာနေဆဲ။ နောက်ပြီး တူညီတဲ့ ရပ်တည်ချက်တခုအပေါ်မှာ ညီညွတ်နိုင်ဘို့ မိမိတို့ရဲ့ အသေးအမွှားကွဲလွဲမှုတွေကို ဘေးချိတ်ပြီး စုစည်းကြတဲ့ ပွဲဖြစ်နေလို့ပါ။ အဲသည်နေ့က လှုပ်ရှားမှုမှာ စင်္ကာပူမှာရှိတဲ့ အဖွဲ့တိုင်းလိုလိုက အမာခံအဖွဲ့သားတွေ စုစည်းမိကြပါတယ်။

ဆရာကြီး ဦးဝင်းတင် ထောင်ကထွက်လာကာစက ပြောသလိုဘဲ ကျနော်တို့ဟာ နိုင်ငံရေးမှာ အမြဲတစေ တခုခုကို လုပ်နေရမယ်။ Dynamism ဆိုတာပေါ့။ စင်္ကာပူမှာ လှုပ်ရှားလို့သက်သက်ကြောင့်တော့ဖြင့် မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်မလာနိုင်တာ အသေအချာပါ။ ဒါပေမယ့်လည်း ကျနော်တို့ ပြည်ပမှာ ရောက်နေတဲ့ မြန်မာတွေအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးအတွက် မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံရေးအသိစိတ်ကို မြှင့်တင်နိုင်ဘို့၊ သူတို့ရဲ့ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်မှုကို ဖန်တီးနိုင်ဘို့ အရေးကြီးပါတယ်။ အဲသည်ကမှတဆင့် ပြည်တွင်းအင်အားစုတွေကို အစဉ်တစိုက် ထောက်ကူနေကျအတိုင်း ရှေ့ဆက်နိုင်ဘို့ကို အမြဲတစေကြိုးပမ်းသွားမှာဖြစ်ပါတယ်။

ကျနော်တို့ နောက်ဆုံးရ ၀မ်းသာစရာ သတင်းတခုကတော့ ပြည်တွင်းမှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ရန် အသင့်ဖြစ်နေတဲ့ မျိုးချစ်တွေ အများကြီးရှိတယ်ဆိုတဲ့အချက်ပါဘဲ။

အဲသည်နေ့က ဆွမ်းကျွေးမှာ ကိုယ်တိုင်လာရောက်မပါဝင်လိုက်နိုင်ပေမယ့် ဆွမ်းကျွေးအတွက် အလှူငွေ အားတက်သရော ပါဝင်လှူဒါန်းခဲ့ကြတဲ့ မြန်မာ့အရေးစိတ်ဝင်စားသူတွေကို ကျေးဇူးတင်ကြောင်း ဒီပို့စ်ကတဆင့် ပြောကြားလိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး မုချအောင်ရမည်။

7 comments:

Moe Cho Thinn said...

သာဓု ၃ကြိမ်ခေါ်သွားပါတယ် ကိုပေါရေ..
ပြုသမျှ ကုသိုလ်အတွက်ရော၊ အားထုတ်သမျှ တို့အရေး အတွက်ရောပါ။

Anonymous said...

ကိုပေါ နဲ့  တစ်ဖွဲ့ လုံးရေ

သတိရလိုက်တာ.. အရင်ကဆို အတူတူဒီလိုပွဲတွေလုပ်နေကြ. ခုတော့လည်း အဝေးတစ်နေရာကနေ ပြုသမျှ သာဓု သာဓု သာဓု

Anonymous said...

သာဓု သာဓု သာဓု ပါ...

Anonymous said...

အခက်အခဲတွေကြားက၇ှင်သန်နေဆဲအမာခံ၇ဲ၇ဲတောက်တွေကိုဦးညွတ်ဂုဏ်ပြုလျက်ပါ နေနေ့မှတ်ချက်တွေ့၇တော့ငိုချင်သည်

မင်းသုမေ

Anonymous said...

ကိုပေါ ရေ.....
ကျွန်တော်လည်း တိုပါးရိုး ဘုန်းကြီးကျောင်းရောက်
ပါတယ်။ ကိုပေါ ကိုလည်းတွေ့ပါတယ်....
ကိုပေါ ကိုတော့နုတ်ဆက်ချင်သား....
ဒါပေမယ့် ကိုပေါ ကျွန်တော့်ကို မသိဘူးလေ....
အကြောင်း ကိစ္စလေး ပေါ်လာလို့ စောစော ပြန်ခဲ့ရတယ်
ကိုပေါ တို့အဖွဲ့ ဗောဓိညောင် ပင်မှာ ဆီမီးစထွန်းတဲ့ အချိန်မှာပေါ့......

Anonymous said...

ကိုကြီး နဲ့ မကြီး တို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပွဲတိုင်းမှာတွေ့ရတဲ့ ကိုကျော်စိုး ၊ ကိုကျော်ဇင်းမင်း ၊ ကိုမျိုးထွန်း ၊ ကိုလှိုင်မျိုး ၊ ကိုစိုးသီဟ ၊ မနေ တို့ ကျန်းမာစေရန် ပျော်ရွှင်စေရန်လည်း ဆုတောင်းပါတယ်နော်။ (သစ္စာဖောက်သူများ ကိုလည်း ဆုတောင်းပေးပါမယ် အမျှ အမျှ မျှ ....)။

Anonymous said...

ကိုပေါ
ကျေးဇူးပါပဲ
စာများများ ရေးနိုင်ပါစေ
အစားများများစားနိုင်ပါစေ

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs