“စက်မှုတက္ကသိုလ်ဘောလုံးပွဲများ………(၂)”

Share |
ကျနော်တို့အီလက်ထရောနစ်မေဂျာက ဗိုလ်စွဲခဲ့တဲ့ နောက်ဆုံးနှစ် ဗိုလ်လုပွဲအကြောင်းမရေးခင် တက္ကသိုလ်ပေါင်းစုံ ကြက်တောင်ရိုက်ပြိုင်ပွဲအကြောင်းကို ရေးပြချင်သေးတယ်။

သထုံလမ်းက အားကစားရုံမှာလုပ်တဲ့ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲကို ကျနော်သွားအားပေးတယ်။ အဲသည်အချိန်က (အခု နာမည်ကျော်ဘလော့ဂါ)တန်ခူးတို့က ကဗျာစာအုပ်ကလေးတွေ ထုတ်ပြီးရောင်းကြတဲ့အချိန်။ ကျနော်က သူတို့ ကဗျာစာအုပ်တွေ သယ်သွားပြီး တခြားမေဂျာကလူတွေရော၊ တခြားတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူတွေကြားမှာပါ ကူညီရောင်းချပေးချိန်ပေါ့။

ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ကျနော်တို့ စက်မှုတက္ကသိုလ်ကျောင်းတော်သားများက အိုးစည်၊ ဒိုးပတ်တွေနဲ့ လာအားပေးတာခင်ဗျ။ သံချပ်တွေ ပြိုင်တူဆိုကြတယ်။ တခြားကျောင်းက ကောင်မလေးတွေကို မခံချင်အောင် စပ်ဆိုထားတဲ့ သံချပ်တွေပေါ့။ ကျနော်မှတ်မိသလောက်တော့….

“ကတော်ဆယ်ပါး တပါးအ၀င်
အင်ဂျင်နီယာကို ရအောင်ပိုးကြ…… အင်ဂျင်နီယာကို ရအောင်ပိုးကြ”

ကွန်ပြူတာတက္ကသိုလ်က ကျောင်းသူတွေကိုတော့….

“လက်နှိပ်စက်နဲ့ တီဗီဟာ
ပေါင်းစပ်လိုက်ရင် ကွန်ပြူတာဘဲ……..ပေါင်းစပ်လိုက်ရင် ကွန်ပြူတာဘဲ”

စတဲ့ ခပ်နှိမ်နှိမ်လေး ရေးစပ်ထားတဲ့ သံချပ်မျိုးတွေပေါ့။ အဲသည်သံချပ်တွေကို အိုးစည်ဒိုးပတ်တွေနဲ့ မြိုင်နေအောင် သံပြိုင်အော်လိုက်ကြတော့ တခြားကျောင်းက ကောင်မလေးတွေဆိုတာ ၀ိုင်အိုင်တီကျောင်းသားတွေကို စိစိညက်ညက်ကြေတဲ့အထိ အမှုန့်ချေပစ်ချင်လောက်အောင် ဒေါသတွေ အလိပ်လိုက်ထွက်နေတာပေါ့။

အဲဒါကို ကျနော်က အမှတ်မရှိဘဲ အီကို က ကောင်မလေးတွေကို ကဗျာစာအုပ်သွားရောင်းတယ်။ ကျနော်က ၀ိုင်အိုင်တီကမှန်းသိတော့ “မ၀ယ်ချင်ပါဘူး၊ သူတို့ ၀ိုင်အိုင်တီက ယောက်ျားလေးတွေက ယောက်ျားမဆန်ဘူး။ အရမ်းမိန်းမဆန်တယ်” လို့ ပြောလွှတ်တယ်။ ကျနော်ကလည်း မျက်နှာပြောင်စွာဖြင့် “အို….ဒီလိုတော့ မပြောပါနဲ့လားဗျာ။ ကျနော်ကတော့လေ…တကယ်ဘဲ….ဟို...ဟိုလေ…ကိုယ်က...ယောက်….ယောက်ျား…ဆန်ပါတယ်ဗျာ…အန်…အန်…အန်” လို့ ၀င်ဦးလေသံကို တုပြောတော့ သူတို့ မရယ်ဘဲ မနေနိုင်ဘူး။

အဲသည်တုန်းက ကျနော်တို့ကျောင်းက ကောင်တွေကလည်း ပြောရရင် တော်တော့်ကို လွန်တယ်။

အမျိုးသမီးကြက်တောင် တယောက်ချင်းပြိုင်ပွဲတခုမှာ ကျနော်တို့ကျောင်းဘက်က မိန်းကလေးက အရေးနိမ့်နေတယ်။ တဖက်က ရေရေလည်လည်ကောင်းတယ်။ ဖြစ်ချင်တော့ အဲသည်တဖက်ကျောင်းက ကောင်မလေးက ရိုက်နေရင်းတန်းလန်းနဲ့ တိုင်းမ်အောက်တ် လုပ်ပြီး အိမ်သာခဏ၀င်တယ်။ ဟာ…အဲသည်မှာ ကမ္ဘာပျက်တော့တာဘဲ။

“ကြောက်သေး…ကြောက်သေး.ကြောက်သေး” နဲ့ မနားတမ်း အော်ကြရော။ ကျနော်တို့ကျောင်းက ရူပဗေဒဆရာ ဆရာဦးဇော်ဝေက “ဟေ့ကောင်တွေ၊ မင်းတို့မှာ မအေ၊နှမ မရှိဘူးလား” လို့ လာမန်မဲတာလည်း ခဏဘဲ ငြိမ်တယ်။ ဆရာဟိုဘက်လှည့်သွားတာနဲ့ အော်ကြပြန်ရော။

ပိုဆိုးသွားတာက…. မယ်မင်းကြီးမက အိမ်သာက ပြန်ထွက်လာတော့ အားကစား ဘောင်းဘီတိုကို ရှေ့နောက် ပြောင်းပြန်မှားဝတ်လာတယ်။ ဟာ…ဘာပြောကောင်းမလဲ။

“ဘောင်းဘီ ပြောင်းပြန်ကြီးဟေ့….. ဘောင်းဘီ ပြောင်းပြန်ကြီး” နဲ့ သံပြိုင် ကုန်းအော်ကြတာ သူမခမြာ လက်ရည်သာပါလျက်နဲ့ အကွက်တွေမှားကုန်ပြီး နောက်ဆုံး ရှုံးပါရှုံးတော့တာဘဲ။ ပြန်စဉ်းစားကြည့်တော့ ကျနော်တို့တွေ တော်တော်အကျင့်မကောင်းတာဘဲ။ ပြိုင်ပွဲဆိုပေမယ့် တကယ်ဆို မိန်းကလေးတယောက်ကို ကာယိနြေ္ဒပျက်အောင် သည်လောက်ထိတော့ မအော်သင့်ဘူးပေါ့။

နောက်ပို့စ်ထဲကျမှ ကျနော်တို့ အီလက်ထရောနစ်တွေ ဗိုလ်စွဲခဲ့တဲ့ သထုံကွင်းကဘောလုံးပွဲအကြောင်းကို ဆက်ပါဦးမယ်။

6 comments:

MANORHARY said...

ကိုပေါ..ဆိုတော့..နှင်းဖြူဖြူအောင် သူငယ်ချင်းလား..
အရင်က မလေးရှားကနေ စီဒီတွေပို့ဖူးတယ်လေ...
ဟုတ်လား...

ကိုပေါ said...

အမှန်ပေါ့….ဆရာမရေ။ နေကောင်းတယ်နော်။

တန်ခူး said...

ကိုပေါရေ… သထုံလမ်းပွဲတွေ မနွှဲလိုက်ရတာနာတယ်…
ကျွန်မတို့ နှစ်မှာ ကြက်တောင်ရိုက်ချံပီယံ သူငယ်ချင်းလေးတယောက်ရှိတယ်…
သူက ကြက်တောင်ရိုက်လဲတော် သီချင်းဆိုလဲတော်… ဆုတခုခုတော့ ချိတ်တာပဲ…
ကျွန်မတို့ ရဲ့ ကဗျာစာအုပ်လေးတွေကို အဲလို ကြိုးကြိုးစားစား ရောင်းပေးခဲ့တာ သိရလို့  ကျေးဇူးတင်ပါတယ်… (အဲလို မရောင်းရင်ကုန်ပ့ါမလားမသိ…)
ဆရာဦးဇော်ဝေကိုလဲ သတိရသွားတယ်… ဆက်ရေးပါဦးကိုပေါရေ… ပြန်နုပျိုသွားသလို ခံစားရတယ်….

MANORHARY said...

နဗန ကိုဖတ်ပြီး အဲဒီ နှစ်ကတစ်ယောက်ယောက်လို့ထင်ထားတာ...မှန်နေတာ
ပေါ့..တော်တယ်နော်း)
နေကောင်းပါတယ်..သူငယ်ချင်း နဲ့ကော အဆက်အသွယ်မရှဘူးလား ...

Moe Cho Thinn said...

ဒီတခါတော့ ကိုပေါ ပို့စ်ကို သိပ်မစောင့်ရပါလား..
ကိုပေါတို့လူတွေ ဆိုးတာကို ဖော်ကောင်လုပ်နေပြီ ထင်တယ် :) ဒါမှမဟုတ် ၀န်ခံချက် ထင်ပါရဲ့။
စောင့်ဖတ်ပါအုံးမယ်။

ကိုပေါ said...

မနော်ဟရီ........ပြည်တွင်းပြည်ပက သူငယ်ချင်းအားလုံးနဲ့ မဆက်သွယ်ဖြစ်တာ ကြာပါပြီ ဆရာမရေ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs