“ပြန်ကြားပေးရန် မြန်မာ့အသံ
ပညာပေးရန် မြန်မာ့အသံ
ဖျော်ဖြေမှုပေးရန် မြန်မာ့အသံ…မြန်မာ့အသံ
ပညာပေးရန် မြန်မာ့အသံ
ဖျော်ဖြေမှုပေးရန် မြန်မာ့အသံ…မြန်မာ့အသံ
ပြည်သူ့အတွက် မြန်မာ့အသံ… မြန်မာ့အသံ………….”
အဲဒါကတော့ ကျနော်တို့ ငယ်ငယ်က ရေဒီယိုနားထောင်ရင် ကဏ္ဍတခုကနေ နောက်တခုကို ကူးပြောင်းတဲ့အခါ ကြားရလေ့ရှိတဲ့ သံပြိုင်တေးတဖြစ်လဲ မြန်မာ့အသံရဲ့ လက်စွဲဆောင်ပုဒ်ပါ။
မြန်မာ့အသံရဲ့ လက်စွဲဆောင်ပုဒ်ကတော့ ကောင်းပါရဲ့။ ၀မ်းနည်းစရာကောင်းတာက ကျနော်လူမှန်းသိတတ်ကတည်း အချိန်ကစလို့ ယခုထက်တိုင် မြန်မာ့အသံဟာ ခေတ်အဆက်ဆက် အာဏာရှင်အစိုးရတွေရဲ့ လက်ကိုင်တုတ်ဖြစ်ခဲ့ပြီး “ပြည်သူ့အတွက် မြန်မာ့အသံ” ဘ၀ကို လုံးလုံးလျားလျား မရောက်ခဲ့ခြင်းပါ။
ဒါပေမယ့် ဖျော်ဖြေမှုကိုတော့ အောင်အောင်မြင်မြင် ပေးစွမ်းခဲ့တယ်လို့ ဆိုရပါမယ်။
သီချင်းကြီးကဏ္ဍ၊ ခေတ်ဟောင်းတေးကဏ္ဍ၊ အနှစ် နှစ်ဆယ်တေး ကဏ္ဍ၊ ခေတ်ပေါ်တေးကဏ္ဍ၊ ရုပ်ရှင်သီချင်းကဏ္ဍ၊ သူ့လက်သံကဏ္ဍ စသဖြင့် ခေတ်အဆက်ဆက်က တေးဂီတမျိုးစုံကို တိုင်းပြည်နဲ့ အ၀ှမ်းလူထုထဲကို ကျယ်ကျယ်ပြန့်ပြန့် တင်ဆက်ပေးနိုင်ခဲ့တယ်။
မေရှင်၊ ပြည်လှဖေ၊ ဥသြဘသောင်တို့ကစလို့ ၀င်းဦး၊မာမာအေး၊ တင်တင်မြ၊ ကိုသန်းလှိုင်၊ ကိုတင်လှိုင်တို့အလယ် မီမိဝင်းဖေတို့ ဟေမာနေ၀င်းတို့ခေတ်အထိ အဆိုတော်ပေါင်းမြောက်များစွာရဲ့ သီချင်းတွေကို ကျေးလက်တောရွာကလူတွေပါ နားထောင်နိုင်ဘို့အထိ စွမ်းဆောင်ခဲ့ပါတယ်။
မြန်မာ့အသံမှာ ထုတ်လွှင့်တဲ့ ဇာတ်လမ်းပမာတွေထဲက တချို့တလေကတော့ အစိုးရရဲ့ ၀ါဒဖြန့် ပေါ်လစီတွေကနေ ကင်းလွတ်နေပြီး လူထုရဲ့ နှလုံးသားထဲမှာ စွဲမြဲကျန်ရစ်နေခဲ့တာလေးတွေ ရှိပါတယ်။ ဥပမာဆိုရင် ဆရာသော်တာဆွေ ဒန့်သလွန်သီးရောင်းတဲ့ ၀တ္ထုလေးကို အသံသွင်းဇာတ်လမ်းအဖြစ် ပြောင်းလဲတင်ဆက်ထားတဲ့ “လူ့မနော” ဆိုတဲ့ ဇာတ်လမ်းမျိုးလေးပေါ့၊ အများစုကတော့ ၀ါဒဖြန့်စကားလုံးတွေ ညှပ်ထည့်ထားတတ်လွန်းလို့ တခါတလေ ကျနော်တို့ မိတ်ဆွေတွေအချင်းချင်း စကားပြောရာမှာတောင် တစုံတယောက်က မယုံကြည်နိုင်လောက်အောင် မွန်မြတ်တဲ့ ရည်ရွယ်ချက်တွေကို စကားဝိုင်းမှာ လာပြောနေရင် ကျန်သူတွေက “ဇာတ်လမ်းပမာတွေ လာလုပ်မနေစမ်းပါနဲ့ကွာ….” လို့ ပြောယူခဲ့ရပါတယ်။
ကျနော့်တသက်မှာ ရေဒီယိုနားထောင်ခဲ့ရသမျှ ကျနော်နှစ်သက်ခဲ့တဲ့ ကဏ္ဍတွေက နံနက်ချိန်ခါတေးသံသာ ကဏ္ဍ၊ သူ့လက်သံကဏ္ဍ၊ ခေတ်ဟောင်းတေးကဏ္ဍ၊ အနှစ်နှစ်ဆယ်တေးကဏ္ဍ၊ သောတရှင်လိုရာကဏ္ဍ၊ ရုပ်ရှင်တေးကဏ္ဍတွေကို သဘောကျခဲ့ပါတယ်။
အဲ…. အမုန်းဆုံးကဏ္ဍကတော့ နအဖ လက်ထက်မှာ တင်ဆက်လေ့ရှိတဲ့ တပ်မတော်ကဏ္ဍဆွေးနွေးခန်းအစီအစဉ်က သာဓုနဲ့ အာယု ဆွေးနွေးခန်းအစီအစဉ်ဘဲဖြစ်ပါတယ်။ ဦးနှောက်မရှိတဲ့ ဖားနှစ်ကောင် တလှည့်စီအော်နေတာကို နားထောင်ရသလိုပါဘဲ။ နှစ်ယောက်သား ဘယ်သူက ဘာဘဲပြောလိုက်ပြောလိုက်၊ ကျန်တယောက်က “ဟုတ်တာပေါ့ ကိုသာဓုရာ”၊ “မှန်ပါပေတယ်၊ ကိုအာယုရယ်” စသဖြင့် အပြန်အလှန်ထောက်ခံနေကြတဲ့ ဆွေးနွေးခန်းပေါ့။ တပ်မတော်ကောင်းကြောင်း၊ ကျန်တဲ့ ဒီမိုကရေစီနိုင်ငံရေးသမားတွေမကောင်းကြောင်း လှိုင်လှိုင်ကြီးပြောရတဲ့ ကဏ္ဍပေါ့။
မြန်မာ့အသံကို ကျနော် ၇ တန်းနှစ်က လူရည်ချွန်လေ့လာရေးခရီးစဉ်အဖြစ် သွားရောက်လေ့လာခဲ့ရဘူးပါတယ်။ ဓါတ်ပြားတွေကို ဘယ်လိုသိမ်းဆည်းပုံ၊ ဓါတ်ပြားခုတ်တဲ့အခန်း၊ အသံဖမ်းတဲ့ စတူဒီယို စတာတွေအပြင် ရုပ်မြင်သံကြားရိုက်ကူးတဲ့ စတူဒီယို စတာတွေကို လေ့လာခဲ့ရပါတယ်။
မြန်မာ့အသံဟာ တချိန်က လူထုအသဲစွဲ အနုပညာရှင်တွေကို ပြည်သူနဲ့ ထိစပ်ပေးရာ တခုတည်းသော မီဒီယာအဖြစ် တည်ရှိခဲ့ပါတယ်။
ဒီနေ့မနက် ကိုမိုးသီးဘလော့ဂ်မှာ ပြည်လမ်းပေါ်က မြန်မာ့အသံအဆောက်အဦးကြီးကို လေလံပစ်ရောင်းချဘို့ စာကပ်ထားတဲ့ သတင်းကို ဖတ်လိုက်ရတယ်။
သင်္ချိုင်းကအစ၊ စာကြည့်တိုက်အလယ်၊ အမျိုးသားအသံလွှင့်ရုံအဆုံး ဘာမှမကျန်အောင် ရောင်းစားပစ်တဲ့ မြန်မာစစ်အစိုးရရဲ့ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းတတ်ပုံကိုတော့ အံ့သြလို့ မကုန်နိုင်အောင် ဖြစ်ရပါတော့တယ်။

5 comments:
ကိုပေါရေ .. ရန်ကုန်တက္ကသိုလ် (ပင်မ) ကြီးကိုလည်း စင်္ကာပူက ပေါ်လီကျောင်းတခုကို အငှားချမလိုလို သတင်းထွက်နေတာ ကြာပေါ့။
ဘာကျန်သေးလဲ စဉ်းစားစမ်း.. .. ရွှေတိဂုံဘုရားကြီးကျန်သေးတယ်.........
ဘုရား..ဘုရား... လေလံမတင်ပါစေနဲ့..........
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့ ၀န်းကြီးများရုံးလည်း ပါသေးတယ်နော်..
ကျန်သေးတယ် ဒေါ်ကြိုင်ကြိုင်.....
မီးမီးကြောက်ကြောက် ..... :P
အင်းစိန်၈ျီတီအိုင်ကစစ်ကြောေ၇းစခန်းဖြစ်.အာအိုင်တီကတော၇ိုင်းကြီးဖြစ်.တကက်သိုလ်ဟောင်းတွေလေလံပစ်.ထင်းအစိတ်စိတ်ခွဲတစစီကွဲ.ကြာရင်မြန်မာပြည်တောင်မြေပုံထဲကပျောက်.တရုပ်ပြည်ေ၇ာက်မယ်.
Post a Comment