
လုံးပါး ပါးခဲ့တဲ့ လူမမာမို့
တချို့လည်း
ဆေးမသိတဲ့အဆုံး
လုံးလုံးလက်လျှော့
သဗ္ဗေသတ္တာ
ကမ္မသကာပေါ့….တဲ့။
“ဘယ်သူသေသေ
ငတေမာရင် ပြီးရော”
တောကျီးကန်းတစု
ဆင်သေပေါ်နေရာလုရင်း
ရာစုထက်ဝက်မက
မျှောပါပြီးလိုက်နေကြ၊
“ငါမဆိုင်” မိုးခါးရေတွေသောက်သုံးမိလို့
ဆင်ခြင်တုံတရားတွေလည်း ပျောက်ဆုံး
လှိုင်းလေ တ၀ုန်းဝုန်း
ပျက်သုဉ်းခြင်း ပင်လယ်ဆီကို
ချီလေတဲ့ ချီလေ….။
“ခပ်ကင်းကင်းနေပါရစေ”တဲ့
နင်းပြားလေးတွေရဲ့ အော်သံ
တွင်းထဲက လျှံတက်
ကယ်သူ့လက်က ထွက်ပြေး
အေးလေ…စောလူးမင်းနဲ့ နို့စို့ဘက်ဇာတ်လမ်း
တခေတ်ဆန်းချိန် ထင်ပါရဲ့။
ဟောသည်မှာ တမျိုး….
“ရန်သူကို ၀င်ပေါင်းပြီး
အတွင်းက ပြောင်းဦးမတဲ့”
အလဲ့…. တယ်ဆိုတဲ့စာပါလား
ထရိုဂျန်မြင်းရုပ်
အလုပ်မဖြစ်တာ ကြာပြီအကို။
ခေတ်ပျက်မိုးကြီးကျပြီဆို
ဒီလိုအသံတွေ သောသောညံပေါ့။
ကိစ္စမရှိ…..
(ဆရာဂျမ်းနဲ့ဆရာစွမ်းရေ)
“မီးအုပ်နဲ့တုတ်”သာ
မစပါ ဆရာ။
လူမမာအတွက် အာဟာရ
ခေတ္တတော့ ဖူလုံစေ့မယ်။
အားပြတ်နေတဲ့လူကောင်းနဲ့
ဗိုက်ဖောင်းနေတဲ့လူဆိုး
ကြိုးဝိုင်းအပြင်ဘက်
တဖက်သတ်ထိုးပွဲမှာ
ဒိုင်လူကြီးပါ….တဲ့။
သမာဓိအပြည့်နဲ့
ကြားနေရဲတဲ့ သတ္တိ
လေးစားမိတော့သကွာ။
“အစွယ်လိုသူ မိဖုရား
အသွားစေခိုင်းသူ မင်းဧကရာဇ်
လေးပစ်သူ ဘုရားကျွန်တော်
ဤကြံဖော်ကြံဖက် သုံးယောက်သားအနက်တွင်မှ” ဆိုပြီး
ပုဝါနှစ်စ
ဘယ်ညာချလို့
မျက်ရည်စတွေနဲ့ တနေ့
သောနုတ္ထိုရ် ကြုံရပါစေ့မယ်။
မေ့လို့ မရဘူး….
ချစ်လေသူတယောက်ကတော့
ပြူတင်းပေါက်ကနေ အဝေး
ငေးမောရင်း ပင့်သက်ရှိုက်နေလေမလား။
သူ့မျက်ရည်တစ
ပါးပြင်ပေါ် စီးကျခဲ့လျှင်တော့
အားလုံးရင်ထဲ
နာကျင်ကြေကွဲ….
ရောင်စုံပန်းချီကားတချပ်
အပြီးမသတ်သေးခင်
ဆေးစက်ကျရာ အရုပ်ထင်ဘို့
ကြိုးစားချင်ဆဲ။
ကိုပေါ (၂၀၀၆)
လွန်ခဲ့တဲ့ ၂ နှစ်လောက်က အိုးဝေ(စင်္ကာပူ) အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ ကျနော့်ကဗျာလေးကို နည်းနည်း မွမ်းမံပြီး ပိတောက်ရိပ်မှာ ပြန်တင်လိုက်ပါတယ်။
6 comments:
hello ko paw,
very,very,very EXCELLENT.
hta2
hello ko paw,
very,very,very EXCELLENT.
hta2
သရုပ်ဖော်ထားတဲ့ ပြဇာတ်တပုဒ် ကြည့်ရသလိုပါပဲ။
ဒါပေမဲ့ အားလုံး ကိုယ်တိုင် ပါဝင် က ပြနေကြတဲ့ ပြဇာတ်။
ပုံပြင်ထဲကလို အောင်ပွဲရပြီး အချင်းချင်းလဲ အပြစ်မဆို ညီညွတ်ကြတဲ့ happy ending လေးလို ဖြစ်ရင် သိပ်ကောင်းမှာပဲနော်။
ကိုယ့်ဘဝနဲ့ ကိုယ်တော့ အားလုံး ဇာတ်လိုက်တွေပါပဲ
ဇာတ်လမ်းကောင်းဖို့ အရေးကြီးတယ်
ဇာတ်သိမ်းကောင်းဖို့ လိုအပ်တယ်
သံသရာတလျှောက်လုံးမှာပေါ့
ခံစားဖတ်ရှုသွားပါတယ် ကိုပေါရေ။ တန်ဖိုးကြီးမားလှပသော ပန်းချီကားတစ်ချပ်အတွက် အားလုံး သေချာစနစ်တကျ ရေးဆွဲရင် ဖြစ်မြောက်လာမှာပါ :)
ဘယ်တော့မှ မမေ့တဲ့ ကဗျာလေး…
Post a Comment