“စက်မှုတက္ကသိုလ်ဘောလုံးပွဲများ.....(၃) (နိဂုံး)”

Share |
ဒီလိုနဲ့ အီလက်ထရောနစ်အင်ဂျင်နီယာအသင်းနဲ့ စက်မှုအင်ဂျင်နီယာအသင်းနှစ်သင်းရဲ့ ဘောလုံးဗိုလ်လုပွဲနေ့ကို ရောက်လာခဲ့တယ်။

ကျောင်းကနေ ကားကြီးကားငယ်အသွယ်သွယ်နဲ့ မေဂျာနှစ်ခုက ကျောင်းသားတွေရော တခြားမေဂျာက မကင်းရာမကင်းကြောင်းတွေပါ သထုံကွင်းအထိ လာရောက်အားပေးလိုက်ကြတာ ပွဲကြည့်စင်နှစ်ခုလုံး ပြည့်လျှံသွားရော။ ဆရာဆရာမတွေက ရန်ပွဲတွေကို ကာကွယ်နိုင်ဘို့ Mechanical ကျောင်းသားတွေကို ပွဲကြည့်စင်တခုသတ်သတ်၊ အီလက်ထရောနစ်က ကျောင်းသားတွေကို ပွဲကြည့်စင်တခုသတ်သတ် ခွဲခြားထိုင်ခိုင်းတယ်။

ပွဲမစခင် နှစ်ဖက်အသင်းက ကျောင်းသူအလှပဂေးတွေက ဘောလုံးသမားတွေကို တယောက်ချင်းဆီ အအေးဘူးနဲ့ မျက်နှာသုတ်ပုဝါလေးတွေ ကမ်းရတယ်။ (တချို့ မာနကြီးတဲ့ ကျောင်းသူတွေကို အဲသည်လိုလုပ်ပေးဘို့ မနည်းတိုက်တွန်းလိုက်ရတာပါ။) အဲ… အီလက်ထရောနစ်ကျောင်းသူတွေ ကမ်းရတဲ့အထဲမှာ ဂျီဟောသူတွေက ဗေဒင်၊ ယတြာ၊ မန္တာန် တွေနဲ့ စီရင်လာတဲ့ အပ်ချည်ကြိုးနဲ့ပြုလုပ်ထားတဲ့ အဆောင်လက်ဖွဲ့လေးတွေလည်း ပါတယ်။ အဲဒါလေးတွေကို ဘောလုံးသမားတွေ လက်မှာ ပတ်ရတယ်။ ကျနော်မှတ်မိသေးတယ်။ အဲသည်ကိစ္စမျိုးတွေမှာ ဂျီဟောသူတွေဖြစ်တဲ့ ဆွေမာတို့ လဲ့နှင်းဇင်တို့ အရမ်းအားကိုးရတယ်။

စက်မှုတက္ကသိုလ်ဘောလုံးပွဲမှာ ဗေဒင်ယတြာတွေပါတယ်ဆိုလို့ မအံ့သြကြပါနဲ့ဦး။ အဲဒါက ထုံးတမ်းစဉ်လာလိုဖြစ်နေတာ။ ကိုယ့်ကျောင်းကွင်းမှာ ကန်ကြတုန်းကဆိုရင် ဘောလုံးပွဲမစခင်မှာ တရက်ကြိုတင်ပြီး ဂျီဟောသူတွေ ဂိုးတိုင်နောက်မှာ သွားပြီး သူတို့ စီမံအပ်တဲ့ အင်းအိုင်ခလှဲ့ လက်ဖွဲ့တွေကို မြေမြှုတ်တန်သင့်တာမြှုတ်၊ မီးရှို့တန်သင့်တာရှို့၊ ပြာချတန်သင့်တာ ပြာချ။ အင်မတန် ကိစ္စများမြောင်ကြတာကလား။ ဘယ်လိုစီရင်ကြသလဲဆိုတဲ့ အသေးစိတ်ကိုတော့ ဂျီဟောသူတွေမှဘဲ သိလိမ့်မယ်။

သထုံကွင်းမှာတော့ ကွင်းကို သံတိုင်တွေ ပတ်ပတ်လည်ကာထားတော့ အဲသည်လို လုပ်လို့မရတော့ဘူး။ ဒါတောင်မှ ယတြာကိစ္စကြောင့် အကြိုဗိုလ်လုပွဲနေ့က စက်မှုအသင်းနဲ့ မြို့ပြအင်ဂျင်နီယာအသင်း ကွင်းထဲမှာ ချတော့မလိုဖြစ်သေးတယ်။ ဖြစ်ပုံက ဒီလို။ မြို့ပြအသင်းက ကျောင်းသူတွေ စီမံပေးလိုက်တဲ့ ယတြာပန်းစည်းလေးကို ဘောလုံးသမားတယောက်က သူတို့ဘက်ခြမ်းက ထောင့်ကန်ဘောအလံတိုင်ကလေးထိပ်မှာ သွားချိတ်ထားရတယ်။ ဘောလုံးပွဲစလို့ မကြာခင်မှာ စက်မှုအင်ဂျင်နီယာအသင်း အရံဘောလုံးသမားတယောက်က အဲသည်ဂိုးတိုင်ဘက်ဆီကို တယောက်တည်း ဘေးစည်းအပြင်ကနေ ပြေးလာတယ်။ ပရိတ်သတ်ကတော့ သွေးပူလေ့ကျင့်ခန်းလုပ်ရင်း ပြေးလာတာလို့ ထင်ကြတာပေါ့။ ဘယ်ဟုတ်လို့လဲ….ပုဂ္ဂိုလ်က ထောင့်ကန်ဘောအလံတိုင်နားရောက်တော့ အဲသည်မှာ ချိတ်ထားတဲ့ ပန်းစည်းကို ဆွဲဖြုတ်၊ မြေကြီးပေါ်ကို ပစ်ချ၊ ပြီးတော့မှ ပန်းစည်းပေါ်မှာ အားရပါးရ တက်ခုန်တော့တာကိုး။

ပရိတ်သတ်က ၀ိုင်းအော်တော့ Civil အသင်းက ဘောလုံးသမားတွေပါ သိသွားပြီး ကန်နေတာရပ်ပြီး အဲသည်အကောင်နောက်ကို ထိုးဘို့ ဘောလုံးကွင်းထဲမှာ ၀ိုင်းလိုက်တာ။ ဟိုကောင်က ကွင်းစပ်မှာ ဘောလုံးကွင်းကို ပတ်ပြေးရတယ်။ ဆရာတွေ ဖျန်ဖြေတာမြန်လို့ ရန်ပွဲအဆင့်အထိ မရောက်လိုက်ဘူး။

အဲ….. အီလက်ထရောနစ်အသင်းကို အဲသည်အချိန်က လေ့ကျင့်ပေးတာက မြန်မာ့လက်ရွေးစင်အသင်းမှာ တောင်ပံကနေ ကစားတဲ့ကျော်မင်း။ စက်မှုအင်ဂျင်နီယာအသင်းကို လေ့ကျင့်ပေးတာတော့ နာမည်ကျော် သန်းတိုးအောင်။ အီလက်ထရောနစ်အသင်းက ဂိုးသမားက အဲသည်နှစ် ဘောလီဘောပြိုင်ပွဲမှာလည်း ဒိုင်းရအောင် ယူပေးနိုင်ခဲ့တဲ့ ရခိုင်သား စောမင်းနိုင်။ သူ့အရပ်က အရှည်ကြီးဘဲ။ အခု ဒီကောင်လည်း စင်္ကာပူမှာ။ အိမ်ချင်းလည်း မဝေးဘူး။ သူ့သားနဲ့ ကျနော့်သမီးနဲ့ မူလတန်း တကျောင်းတည်းတက်တယ်။ ဒီကောင်က ဘောလီဘောရော ဂိုးဖမ်းပါ တော်တယ်။

ကစားကြတော့..... အီလက်ထရောနစ်က ဂိုးတဂိုးစရတယ်။ အငယ်တန်းက တရုတ်ဆိုတဲ့ ကောင်လေးသွင်းလိုက်တာ။ တရုတ်က ပွဲတိုင်းမှာ ကောင်းတယ်။ ဒါပေမယ့် အဲသည်ဗိုလ်လုပွဲမှာ ခြေမပေါ်ဘူး။ အဲဒါနဲ့ တရုတ်ကို လူလဲမယ်ဆိုပြီး ဒိုင်ကို ပြောထားပြီးသွားပြီ။ ဒိုင်က ခေါ်ထုတ်ဘို့ စောင့်နေတုန်းမှာ တရုတ်က ဂိုးသွင်းလိုက်တာ။ သူ့ခမြာ ၀မ်းသာအားရ အင်္ကျီလေး လှန်ပြီး ပွဲကြည့်စင်ဘက်ကို ပြေးလာရုံရှိသေး စည်းကြပ်ဒိုင်နဲ့ကွင်းဘေးဒိုင်က သူ့နံပါတ်ကို မြှောက်ပြပြီး လူလဲလိုက်တော့ အူကြောင်ကြောင်နဲ့ ဘုမသိဘမသိ ထွက်ပေးလိုက်ရတယ်။ ဟတ်ကော့ ကြီးဖြစ်သွားတော့တာပေါ့။

ဂိုးလည်း ဂိုးရော ကျနော်နဲ့ ဟန်သက်အောင် နဲ့ နှစ်ယောက်သား အီးစီအသင်းဘန်နာကြီးကို ရှေ့တယောက် နောက်တယောက် ကိုင်၊ ခုန်ပေါက်ပြီး စက်မှုအင်ဂျင်နီယာအသင်းပွဲကြည့်စင်ရှေ့ကို ပြေးအော်ကြတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလို ကိုယ့်စင်ဘက်ကို ပြန်ပြေးလာရတယ်။ စင်ပေါ်ကနေ ရေသန့်ဗူးအလွတ်တွေနဲ့ ၀ိုင်းပေါက်ကြလို့။

နောက်ခဏအကြာမှာဘဲ Mechanical က ဂိုးပြန်သွင်းတယ်။ အဲသည်မှာ သူတို့အသင်းဘက်ကလည်း ကြွကြအော်ကြတော့တာပေါ့။ အဲသည်အချိန်မှာ ကျနော်တို့ဘက်က ဘယ်ကောင့်လက်ချက်လဲတော့ မသိဘူး။ ရေအပြည့်နဲ့ ရေသန့်ဘူးတဘူး လေထဲကို ပျံဝဲသွားပြီး စက်မှုအသင်းရဲ့ ပွဲကြည့်စင်ဘက်သွားကျတယ်။ ဘာပြောကောင်းမလဲ၊ ရာဇ၀တ်အိုးကို တုတ်နဲ့ သွားထိုးမိတယ်ဆိုတဲ့ အတိုင်းပါဘဲ။ Mechanical ကကောင်တွေ တအုပ်ကြီး ကျနော်တို့စင်ဘက်ကို ထိုးဘို့ ကြိတ်ဘို့ ပြေးလာကြတယ်။ ရှေ့ဆုံးမှာ ဦးဆောင်လာတာက ကျနော်တို့နဲ့ အင်မတန်ခင်တဲ့ ကိုသက်ထွန်းတို့အုပ်စုပေါ့။ အဲသည်အချိန်မှာ ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ဆရာမတွေက ကျောင်းသူတွေအားလုံးကို ထရပ်ခိုင်းလိုက်တယ်။ ရှေ့ဆုံးတန်းမှာ ကျောင်းသူတွေတန်းစီနေတို့ တက်လို့မရတာနဲ့ သူတို့ ပြန်လှည့်သွားရတယ်။ ဒါတောင်မှ စင်ဘေးကနေ ရေသန့်ဘူးတွေနဲ့ အပြန်အလှန် ပစ်လိုက်ကြသေးတယ်။

အဲသည်လိုနဲ့ တဖက်တဂိုးစီနဲ့ ကန်လိုက်ကြတာ ဒုတိယပိုင်း ပြီးကာနီးလေးမှာ အလယ်တန်းလူ မုံရွာသား မိုးဟိန်းက ကွင်းတ၀က်မကျတကျကနေ လှမ်းပြီး ကန်သွင်းလိုက်တာ၊ ကန်ချက်က တော်တော်လည်း ပြင်းတယ်၊ ဂိုးထောင့်ထဲကို တန်းနေတာဘဲ။ အဲသည်လိုနဲ့ အီးစီအသင်းက ဗိုလ်စွဲသွားတော့တယ်။ အဲသည်တုန်းက အားကစားသတင်းဂျာနယ်တွေမှာတောင် ကျော်မင်းသင်ပြပေးတဲ့အသင်းက သန်းတိုးအောင် သင်ပြပေးတဲ့အသင်းကို နိုင်သွားပြီဆိုတာ ပါလိုက်သေးတယ်။

မိုးဟိန်းလည်း ပွဲပြီးတာနဲ့ ရင်ဘတ်ကလေးကော့ပြီး ကွင်းပြင်ကိုထွက်လာတုန်း ကျနော်တို့ အီလက်ထရွန်းနစ်က ဆရာဦးမောင်မောင်လတ်က ၀မ်းသာအားရ ဆီးကြိုပြီးမေးလိုက်တယ်။

“ဟေ့ကောင်…မိုးဟိန်း၊ မင်း…ရမ်းသန်းကန်ထည့်လိုက်တာ မဟုတ်လား” တဲ့။

အဲ...အဲ.... ရေးရင်းမေ့တော့မလို့။ ပွဲပြီးလို့ အပြင်ထွက်လာကြတော့ အီးပီက ဘုရားဒကာ ဇော်မျိုးလှိုင် (ဗုဒ္ဓဘာသာမိသာစုမှာ အတွင်းရေးမှူးဖြစ်ခဲ့ဘူးသူ) က အာချောင်တယ်။ အီးစီက ပထမ ဂိုးက လူကျွံဘောကြီးပါကွာတဲ့။ အဲဒါကို တရုတ်က ကြားသွားတယ်။ အစကတည်းက ဂိုးသွင်းပြီးစမှာ ဘုမသိ၊ ဘမသိ ထွက်လိုက်ရလို့ စိတ်တိုနေတဲ့ တရုတ်ဟာ ရေရေလည်လည် ဒေါသထွက်သွားတယ်။ “အကိုက စည်းကြပ်ဒိုင်မို့လား” လို့ ပြန်ဘုတောတယ်။ အဲဒါကို ဘုရားဒကာက “ငါကတော့ ဒိုင်မဟုတ်ဘူး၊ ဒိုင်က မင်းအဖေ” လို့ ပြန်ပြောလို့ တရုတ်က ထိုးမယ်ကြိတ်မယ် လုပ်တော့တာဘဲ။ ကျနော်တို့ ကြားကနေ မနည်းဆွဲရတယ်။

အဲဒါနဲ့ ကျနော်တို့ ဒိုင်းကြီးကို တီအီး ၂၀၀၀ ကားပေါ်မှာ တင်ပြီး ရှေ့ခန်းမှာက ဆရာ ဦးမောင်မောင်လတ်ရယ်၊ ကိုမင်းလွင် ရယ်ထိုင်ကြတယ်။ ကိုမင်းလွင်က အီလက်ထရောနစ်နဲ့ ဘွဲ့ရပြီးသား ကျောင်းသားဟောင်းတယောက်။ သူ့ကျောင်းသားဘ၀က အီးစီအသင်း ကက်ပတိန်ပေါ့။ အသင်းသံယောဇဉ်နဲ့ အလုပ်ကနေ ခွင့်ယူပြီး တကူးတကပြန်လာအားပေးရှာတာ။ ကိုမင်းလွင်တို့ (အခုစင်္ကာပူမှာရောက်နေတဲ့)ကိုလှမင်းတို့လည်း ဘောလုံးကန်အရမ်းကောင်းတယ်။ ဒါပေမယ့် သူတို့ခေတ်က အီးစီအသင်းက ကံမလိုက်ဘူးပြောရမယ်။ တခါမှတော့ ဒိုင်းမရခဲ့ဘူး။

အဲသည်ကားတန်းကြီးနဲ့ ကျနော်တို့ ပထမ အင်းလေးဆောင်တွေဘက်ကို လှည့်ပတ်မောင်းကြတယ်။ သီချင်းတွေဆို သံချပ်တွေ ဆိုကြပေါ့ဗျာ။ သံချပ်တခုထဲမှာ….

“မိုးဟိန်းသွင်းတဲ့ ဘောလုံးဟာ……..ပိုက်ကောင်းလို့သာ တော်ပါပေရဲ့…” တဲ့။

ပထမဦးဆုံးအကြိမ် ဒိုင်းရတာဆိုတော့ အပျော်ကြီးပျော်ကြတာပေါ့။ ကြွားကလည်း ကြွားချင်ကြသေးတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ အဲသည်နောက်နေ့ကစပြီး ပိတ်ရက်တွေဖြစ်နေလို့ အင်းလေးဆောင်တွေမှာ ကျောင်းသားတွေ မကျန်ကြတော့ဘူး။ အိမ်ပြန်ကုန်ကြပြီ။ ကျနော်တို့ သိပ်မကြွားလိုက်ရတော့ဘူး။

အဲဒါနဲ့ ဂျီဟောကိုဘဲ မောင်းရတော့တယ်။ ဂျီဟောရောက်တော့ ဆွေမာတို့က အဆောင်ပေါ်က က။ ကျနော်တို့က ကားပေါ်က က။

ဂျီဟောမှာ အီလက်ထရောနစ်နဲ့ စက်မှုဘာသာရပ် တခန်းတည်းတွဲလျက်ကျတဲ့အခန်းဖော်ကျောင်းသူတွေ တချို့ဆိုရင် နောက်ထပ်တပတ်လောက်အထိ အချင်းချင်းစကားမပြောကြတော့ဘူးတဲ့။

နောက်တော့ အဲသည် ဒိုင်းကြီးကို ကြို့ကုန်းဆောင်က ဖိုးမောင်တို့ အခန်းထဲမှာ ခဏ ၀င်ထားခဲ့ရတယ်။ ကျနော်တို့အကြံက ကျောင်းပြန်ဖွင့်လို့ လူစုံကာမှ အဆောင်က ဒိုင်းကို လူတွေကြားမှာ အခမ်းအနားနဲ့ သိုက်သိုက်မြိုက်မြိုက်ကြီး အသင်းခန်းကို သယ်ယူမယ်ပေါ့။ (ကြွားချင်တာ၊ ကြွားချင်တာ)။

ဒါပေမယ့် ကျောင်းပြန်ဖွင့်တော့ တက္ကသိုလ်စိန်ရတုပွဲဈေးရောင်းပွဲမှာ ဆိုင်ခန်းကိစ္စနဲ့ပတ်သက်ပြီး အသင်းတွေ တခုနဲ့တခုအကြား အပြိုင်အဆိုင်တွေရှိ၊ တင်းမာမှုတွေ ရှိလာလို့ ကျနော်တို့ရဲ့ မူလအကြံအစီဖြစ်တဲ့ လူအမြင်ကတ်အောင် လူစုလူဝေးနဲ့ ဒိုင်းသယ်ပွဲအစီအစဉ်ကို ဖျက်သိမ်းလိုက်ရတော့တယ်။

အဲသည် တက္ကသိုလ်စိန်ရတုဈေးရောင်းပွဲမှာ ပင်နီအင်္ကျီနဲ့ ယောပုဆိုး၊ ယောထမီ တူညီဝတ်စုံကို ၀တ်ဆင်ရောင်းချမိလို့ တီဗီသတင်းမှာ ရိုက်ပြခြင်းမခံခဲ့ရတဲ့ စက်မှုတက္ကသိုလ်ဗုဒ္ဓဘာသာမိသားစုရဲ့ ဘူးသီးကြော်ဆိုင်အကြောင်းကို နောက်မှ သတ်သတ်ရေးပြရဦးမယ်။ အဲသည်တုန်းက ဗုဒ္ဓဘာသာမိသားစု အတွင်းရေးမှူးကတော့ အခုအချိန်မှာ နအဖရဲ့လက်က ရှောင်တိမ်းရင်း ပုန်အောင်းလှုပ်ရှားနေရတဲ့ ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းပေါ့။

(ပြင်ဆင်ချက်။ ။နောက်ဆုံးအပိုဒ်မှာ ကျနော်လွဲသွားပါတယ်။ အဲသည်နှစ်က ဗုဒ္ဓဘာသာမိသာစုအတွင်းရေးမှူးက အီးပီက ဘုရားဒကာ ကိုဇော်မျိုးလှိုင်ပါ။ နောက်တနှစ်မှာ (ကျနော်တို့ ကျောင်းပြီးသွားချိန်မှာမှ) အတွင်းရေးမှူးက ကိုသူရိန်ထွန်းဖြစ်လာပြီး ကိုစိုးထွန်းက ပြန်ကြားရေးမှူးအဖြစ်တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ကွန်မင့်မှာ ထောက်ပြလာတဲ့ “Once upon a time” ကို ကျေးဇူးတင်ပါတယ်။)

17 comments:

ရွှေထုပ်လေး said...

ကိုကြီးရေ
ကျွန်တော် ဖတ်နေတာ မစန္ဒာရဲ့ ဂျီဟောသူ ။ ဆက်ရေးပါအုံး။ ဘောလုံး ပြီးရင် အဆောင်သူတွေ အကြောင်း ရေးပေးပါအုံး။

Taungoo said...

တို့ electronics ကွ
ဒိုင်းရပြီ။ ချန်ပီယံဖြစ်ပြီ။ ကျန်တဲ့မေဂျာတွေ ဘာတတ်နိုင်သေးလဲ။ ဟဲဟဲ

တန်ခူး said...

လွတ်သွားတာနာတယ်… အဲဒီတုန်းကသာ ကျောင်းမှာရှိနေသေးရင် မျက်နှာလေးခပ်မော့မော့နဲ့  တခြားမေဂျာအခန်းတွေ ရှေ့ ကဖြတ်လျှောက်… LCRနဲ့ ကန်တင်းမှာ ဘောလုံးပွဲအကြောင်း မရောက်ရောက်အောင် စကားစ… သိပ်အရသာရှိမှာ… ဘာပဲဖြစ်ဖြစ် ကိုပေါပြန်ရေးပြတော့လဲ အနိုင်တွေ အသစ်ပြန်ဖြစ်သွားရော…ကလေးစိတ်မကုန်သေးတာလေ…ကိုပေါအရင်က ရေးပြသလို မေ့လောက်တဲ့အခါကျတော့ မေဂျာစွဲတွေပျောက်ပြီး လည်ပင်းပြန်ဖက်ကြတာပဲမိုလား…သူမတူအောင် ညီညွတ်ကြတာပဲမိုလား…ကိုပေါရေ… ဗုဒ္ဓဘာသာမိသားစုကိုလဲ လွမ်းတယ်… စိန်ရတုမှာ ဧည့်သည်အနေနဲ့ သာ နွှဲခဲ့ရတာလဲ ၀မ်းနည်းမိတယ်… ဒီလိုမှန်းသိ စာမေးပွဲကျအောင် ဖြေခဲ့တယ်…တကယ်…

Moe Cho Thinn said...

ကိုပေါလဲ ဘောလုံးပွဲ အတော်ဝါသနာပါပုံပဲ။
အသေးစိတ်ကို မှတ်မိနေတော့တာပဲ။
ဖတ်ရတာ ပျော်စရာကြီး။

ဆိုးသွမ်း said...

သဘောကျတယ်ဗျာ။ အဲဒီခေတ်ကို ပြန်လိုချင်တယ်။ ငယ်ငယ်တုန်းက ၇ပ်ကွက်ပဲတွေလောက်ပဲ မှီခဲ့တာ။

M.Y. said...

ကိုစိုးထွန်း အကြောင်းလေးနဲ့ အဆုံးသတ်ထားတာ၊ လေးစားစရာကောင်းတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ အခု အနှစ်၂၀ကျော်ကြာတဲ့ အထိ စစ်အာဏာရှင်ကို ဘ၀တွေ စတေးခံပြီး တိုက်ပွဲဝင်နေဆဲ ဆိုတာ ပြောပြ လိုက်တာပါပဲ။
လွတ်လပ် ပွင့်လင်းတဲ့၊ ပျော်ရွှင်တက်ကြွတဲ့၊
မေဂျာချစ်စိတ်လေးတွေကိုယ်စီ နဲ့ တက္ကသိုလ် ကျောင်းသားဘ၀ကိုခေတ်တိုင်းမှာရသင့်တယ်။

တက္ကသိုလ်ဆိုတာ စာတစ်ခုထဲသင်ပေးတဲ့ ၃လပြတ်ကျူရှင်တစ်ခုမှမဟုတ်ပဲကိုး..နော

once upon a time said...

ကိုပေါရေ
တစ်ခုတော့လွဲနေသလိုဘဲ။
မှတ်မိသလောက် ကိုစိုးထွန်းက တစ်ခါမှအတွင်းရေးမှုးမလုပ်ခဲ့ဘူး။
ကိုသူရိန်ပါ။ မှတ်မိပါသေးတယ်။ အားလုံးတော့အတူ ပျော်ပျော်ရွှင်ရွှင် ရှယ်ဘူးသီးကြော်ခဲ့ကြတာလေ။ ဘူးသီးကြော်ဆိုပြီး လိမ်ရာင်းတာမဟုတ်ပါဘူး။ ရှယ်ဘူးသီးဆိုပြီးပြောရောင်းတာပါ။
;)

မှတ်ချက်
ရှယ်ဘူးသီး = ဂေါ်ရခါးသီး

ခင်မင်းဇော် said...

ကိုပေါ
ဆွေမာဆိုတာ ပုသိမ်က မဟုတ်လား။ ကျမညီမလေးသူငယ်ချင်းပဲ။
ခုသူက ဆက်သွယ်ရေးမှာ အလုပ်ဝင်နေတယ်လေ။
အတင်းဆွဲ ပြီး ဆွေမျိုးစပ်မိနေတာ ဟိ။

Ko Paw said...

မခင်မင်းဇော်....

မှန်ပါ့။ မှန်ပါ့။ ပုသိမ်က ဆွေမာပါဘဲ။ အရမ်းပျော်တတ်တယ်။

နှင်းဆီ said...

၎ မှတ်နဲ့ ကပ်လွဲ ခဲ့ရတဲ့ အာအိုင်တီက လူတွေကို အမှန် မနာလိုဘူးဗျိုးးးးး

Person-in-Charge for Sports in SEES said...

Hi Ko Paw,

Very nice post. It reminds me those golden days, football tournament, Ygn university jubilee activities. Yes we used to say about YIT buddhism society's buu-thee-kyaw. ha haa. One thing you forget to mention is about the photographer and the photos taken in the final football match. Actually we don't have any live photo of that big day for all EC because of the funny photographer. He didn't set the film roll properly in the camera and even no single shot was recorded in that camera. Very funny. All the football players, teachers and pepople were giving a lot of poses but not recorded in the film. Only photos from the semi-final match with EP were left. You know, most of the players went back to the field and took photos in later date for their achievement. Do you know that photographer and where is that stupid camera? I can give you a hint. :-)

Ko Paw said...

Person-in-Charge for Sports in SEES.........

Hey, Sound like very familiar with that photograph episode. But my memory failed me. Could you give me some hints, pls?

navana said...

ကိုပေါ

ခင်ဗျားရေးထားတာတွေ ပြန်ဖတ်ပြီး အဲဒီဘောလုံးပွဲကို ပြန်တောင်လွမ်းလာတယ်ဗျာ..။ ဆွေမာ ဂျီဟောအဆောင်ပေါ်ကနေ ကွေးနေအောင် ကတာ.. အခုထိ မျက်စိထဲက မထွက်ဘူး..။

Once Person-in-Charge for Sports in SEES said...

Hi Ko Paw,

You can ask Ko Saw Min Naing, goalkeeper or NaVaNa, the Captain or Moe Hein. They may have one photo taken at U Soe Lwin's restaurent or Nway Aye (not sure) after the EC team won over the EP at the semi-final. The crazy photopragher was in that photo. He is not Thein Soe (now in teacher at Lucky Brid, Ygn), who brought Kyaw Min to train our EC team at that year.

Anonymous said...

Gosh ! I remember that episode so well.. ha ha ha... the photographer is in Singapore!
miss old days!

Ye said...

Hello Ko Paw;

It would be great if you could administer a new blog for our teachers and RIT experiences that every ex-RIT students can post as well. For example, we had many smart teaching guru like Saya U Tha Hlaing. You was so funny and passion in those old days I remembered, and you can make a lot of stories.

Ko Ye

sonata-cantata said...

ကိုရဲ အဆိုကိုထောက်ခံပါသည်။

btw-သီတင်းကျွတ် လဆန်း ၁၄ရက်နေ့ မွေးတယ်လား။
ဒီက လဆန်း ၁၃ရက်နေ့ မွေးပါ၏။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs