“မင်းကိုနိုင်”

Share |

(ရွှေဝါရောင်တော်လှန်ရေးမတိုင်မီလများဆီက ကျနော့်မိတ်ဆွေ ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းနဲ့ ကျနော်တို့ ရက်အနည်းငယ်ကြာ ညအိပ်ညနေ အတူနေဖြစ်ခဲ့ကြတယ်။ ကိုစိုးထွန်းက ကိုမင်းကိုနိုင် ပထမအကြိမ်ထောင်က ထွက်လာပြီးချိန်ကစလို့ ကိုမင်းကိုနိုင်နဲ့ တောက်လျှောက် နီးနီးကပ်ကပ် အတူလက်တွဲလုပ်ခဲ့သူတဦးဆိုတော့ သူ့ကို ကျနော်က တိုက်တွန်းရတယ်။ “သူငယ်ချင်း။ ကိုမင်းကိုနိုင်အကြောင်းကို မင်း…ရေးပေးပါကွာ” ဆိုတော့ ကျနော်တို့နဲ့ မခွဲခွာခင်မှာ ကျနော့်ကို သူရေးပြီးသား စာမူတချို့ပေးခဲ့တယ်။ အဆုံးသတ်ကိုတော့ အချိန်မရတော့တဲ့အတွက် ကျနော့်ကွန်ပြူတာထဲမှာဘဲ သူ့ဘာသာ အသံသွင်းထားခဲ့တယ်။

ဒီနောက်ပိုင်းမှာ ကျနော်ကလည်း တောက်လျှောက်အလုပ်ရှုပ်နေတဲ့အတွက် သူ့လက်ရေးမူကို ကွန်ပြူတာစာလုံးဘ၀ကို မပြောင်းလဲဖြစ်ခဲ့ဘူး။ အခု တနှစ်ခွဲလောက်ကြာမှ သူ့စာမူကို ပြန်ထုတ်ပြီး ကျနော့်ဘလော့ဂ်မှာ အမှတ်တရ တင်ပေးလိုက်ပါတယ်။ ကွန်ပြူတာထဲမှာ သူသွင်းပေးတဲ့ အသံဖိုင်ကတော့ ကျနော့်ကွန်ပြူတာထဲမှာ ပြန်ရှာလို့ မတွေ့တော့တဲ့အတွက် အဆုံးသတ်အပိုဒ်ကလေးမှာ မပြည့်မစုံဖြစ်နေတာကို သည်းခံကြပါ။)


မင်းကိုနိုင်….

သူ့ကို ကျနော်တို့ ခေါ်ကြတာကတော့ ကိုပေါ်ဦး။ နာမည်အပြည့်အစုံကတော့ ပေါ်ဦးထွန်း။

သူ့ကို ကျနော် စတင်ပြီး သိကျွမ်းရင်းနှီးခဲ့တာက ထောင်ကနေ လွတ်လာတဲ့ ကျနော်တို့ရဲဘော်တယောက်ရဲ့ ရဟန်းခံအလှူတခုမှာပါ။ အဲဒီတုန်းက ကျနော်တို့ ကျောင်းသားတော်တော်များများ ထောင်က လွတ်ကာစပေါ့။ အထဲက လွတ်လာသူအချင်းချင်း ပြန်လည်တွေ့ဆုံကြ၊ အပြင်မှာ ရှိနေတဲ့ လူဟောင်းများနဲ့လည်း ပြန်လည်ဆုံဆည်းကြရတဲ့ ၀မ်းမြောက်စရာ ပေါင်းစည်းမှုလေးတခု…….မှတ်မှတ်ရရဖြစ်ရတာကတော့ ဖက်ဆစ်အာဏာရှင်တွေကို တတိုင်းပြည်လုံးတော်လှန်ခဲ့ကြတဲ့ တော်လှန်ရေးနေ့မှာဖြစ်နေတယ်။

ကျနော်လည်း သိကျွမ်းခင်မင်ခဲ့ရတဲ့ ခရီးဖော်အချင်းချင်း အပြန်အလှန်မိတ်ဆက်လို့အပြီးမှာ ခဏထိုင်နေမိတယ်။ ခဏအကြာမှာ ကျနော်တို့နဲ့ ဘ၀တက္ကသိုလ်တခုမှာ အတူနေခဲ့ဘူးတဲ့ ကိုပြုံးချို၊ ကိုဌေးကြွယ်၊ ကိုဇေယျ(လူ့ဘောင်သစ်) တို့ ရောက်လာတာတွေ့လိုက်ရတယ်။ အဲဒီ အုပ်စုထဲမှာ မင်းကိုနိုင်ဆိုတဲ့လူ ပါတယ်ဆိုတာလည်း ကျနော်ကြားလိုက်ရတယ်။ သူ့ကို ၀ိုင်းပြီးနှုတ်ဆက်နေကြတာကိုလည်း မြင်နေရတယ်။ ခဏကြာတော့ ကိုပြုံးချိုနဲ့ ကျနော် နှုတ်ဆက်ဖြစ်ကြတယ်။ သူက ၀မ်းသာအားရနဲ့ “လာ..လာ။ ခင်ဗျားကို ကျနော် ကိုပေါ်ဦးနဲ့ မိတ်ဆက်ပေးမယ်”လို့ ပြောပြီး ကိုပေါ်ဦးဆီ ခေါ်သွားတယ်။

ကိုပေါ်ဦးကို ကျနော့်အကြောင်းပြောပြီး မိတ်ဆက်ပေးတော့ ကျနော်က ပုံမှန်အတိုင်းဘဲ လက်ဆွဲနှုတ်ဆက်လိုက်မိတယ်။ အဲဒီမှာသူက…“ဟာ…ခင်ဗျား အဲဒီလိုတော့ သူစိမ်းမဆန်ပါနဲ့ဗျာ” လို့ ပြောရင်း ကျနော့်ကို အားရပါးရဖက်ပြီး နှုတ်ဆက်တယ်။

ကျနော်လည်း အံ့သြသွားတယ်။ သူ့ရဲ့ မာန်မာနကင်းစင်မှု၊ နှိမ့်ချမှု၊ ရိုးသားဖြူစင်မှုတွေ တွေ့လိုက်ရတယ်။ ကျနော့်ရင်ထဲမှာ အတော်ကြာ ခွဲနေရတဲ့ ငယ်ပေါင်းသူငယ်ချင်းတယောက်နဲ့ ပြန်ဆုံရသလို ချစ်ခင်ရင်းနှီးမှုတွေ ခံစားလိုက်ရတယ်။ သူက “ကျနော် စစ်တွေရောက်တော့ ခင်ဗျားတို့အကြောင်းတွေ ကြားရတယ်။ အဲဒီကတည်းက ခင်ဗျားကို လေးစားမိတယ်။ ကျနော်တို့က အဲဒီသတင်းတွေကြားရရင် အားပိုရှိတယ်”…..
ရိုးသားပွင့်လင်းပြီး သူတပါးအပေါ်မှာ တန်ဘိုးထားလေးစားတဲ့ စိတ်ကိုလည်း သူ့မှာ တွေ့လိုက်ရတယ်။

သူနဲ့ ကျနော် တနေရာမှာ ထိုင်ပြီး အတူစကားပြောဖြစ်ခဲ့ကြတယ်။ အဲဒီမှာ သူက “ကျနော်တော့ နိုင်ငံရေးသမား မလုပ်ချင်ဘူးဗျာ။ တိုင်းပြည်အနေအထား လမ်းကြောင်းတခုပေါ် မှန်မှန်ကန်ကန် ရောက်သွားပြီဆိုရင် စာလေးရေးလိုက်၊ ပန်းချီဆွဲလိုက်နဲ့ အေးအေးဆေးဆေး နေချင်တယ်။ အခုတော့ အခြေအနေနဲ့ အချိန်အခါက တောင်းဆိုနေတော့ မလုပ်မဖြစ် လုပ်ကြရဦးမယ်”..။

သူ့ရဲ့ ရိုးသားပွင့်လင်းတဲ့ စိတ်ကို လေးစားမိပြီး ကျနော်က “အေးဗျ၊ ကျနော်လဲ ခင်ဗျားလိုဘဲ….။ တိုင်းပြည်နဲ့လူထုက လိုအပ်နေတဲ့အချိန်မှာတော့ ရှောင်နေလို့ မဖြစ်ဘူး။ တိုင်းပြည်အေးချမ်းသွားရင်တော့ ကိုယ်ဝါသနာပါရာ လုပ်ကြတာပေါ့ဗျာ။ ဒါပေမယ့်ကျနော်တို့ တိုင်းပြည်မှာ ရိုးသားပြီး တိုင်းပြည်နဲ့ လူမျိုးအပေါ် စေတနာထားတဲ့၊ ကိုယ်ကျိုးစွန့်တဲ့ ခေါင်းဆောင်တွေ အရမ်းလိုအပ်နေတယ်ဗျ။ လူတယောက်မှာ အရေးအကြီးဆုံး လိုအပ်ချက်က ရိုးသားမှုဗျ။ မရိုးသားရင် ပညာတွေ ဘယ်လောက်ဘဲ တတ်တတ် အလကားဘဲ” လို့ ကျနော်ပြောလိုက်တယ်။

သူနဲ့အတူတွဲလုပ်ရင်းကျနော်တွေ့ရတာက စာပေသမားတွေနဲ့ တွေ့ရင် စကားကောင်းနေတာ၊ တော်တော်နဲ့ မထဖြစ်ဘူး။ တခါတလေ အရေးကြီးတဲ့ ကိစ္စမရှိရင် သူချန်နေခဲ့ပြီး စကားလက်ဆုံကျနေတတ်တယ်။ သူ့အိမ်ကို ကျနော်ရောက်တဲ့အခါတွေမှာ တခါတလေ နားနားနေနေ စကားပြောကြရင်း ကျနော့်ကို အထဲမှာ သူရေးဖြစ်ခဲ့တဲ့ ကဗျာနဲ့ ၀တ္ထုတိုတွေ ပေးတော့၊ တချို့ဝတ္ထုတိုတွေမှာ အတွေးအခေါ်ပိုင်းနဲ့ဆိုင်တာလေးတွေကို သွားတွေ့တယ်။

သူ့နေရာကနေ ကျနော်ဝင်ပြီး စဉ်းစားကြည့်မိတယ်။

သူဟာ ၁၅ နှစ်ကျော်ကြတဲ့ ကာလရှည်ကြီးတခုကို တယောက်တည်းလိုလို နေခဲ့ရတယ်။ အထဲမှာ ကျနော်တို့ ကြားရတာက ကျန်းမာရေးတောင် သိပ်မကောင်းဘူးလို့ ကြားလိုက်ရသေးတယ်။ စစ်တွေထောင်ရောက်မှ နည်းနည်း ထူထူထောင်ထောင် ပြန်ဖြစ်လာတယ်လို့ ကြားလိုက်ရတော့ ၀မ်းသာရတယ်။ သူ့မှာက တယောက်တည်းလိုလို နေရတာများတော့ လူငတ်တဲ့ ပြဿနာရှိတယ်။ လူဆိုတဲ့ သတ္တ၀ါမှာ အများစုက စကားပြောဖော်လေးရှိမှ နေတတ်ကြတာကိုးဗျ။

အထဲမှာ နေထိုင်မကောင်းရင် ပိုသိသာတယ်။ တခါတလေ အားငယ်စိတ်ဝင်လာတဲ့အခါမျိုးမှာ အချင်းချင်း မတွေ့ရပေမယ့် မနက်မိုးလင်းရင် ကျနော်တို့က “မောနင်းဗျိုး” ဆိုတဲ့အသံ၊ “မောနင်းဗျာ” ဆိုတဲ့အသံတွေနဲ့ နှုတ်ခွန်းဆက်ကြ၊ စိတ်ဓါတ်တွေ ခိုင်မာအောင် စုစည်းနိုင်ခဲ့ကြတယ်။ ကဗျာဆရာတယောက်ကတော့ ကျနော်တို့ နေခဲ့ရတဲ့ အင်းစိန်ထောင်ကြီးကို “မဟာကာလငရဲ”လို့ ခိုင်းနှိုင်းဖွဲ့ဆိုခဲ့တယ်။ ပိဋကတ်လာ ငရဲကြီးရှစ်ထပ်ထဲက တခုပေါ့ဗျာ။

သူ့အဖြစ်က ငရဲထဲကို ရောက်နေရတာချင်းအတူတူ သူက နည်းနည်း ပိုပြီးပူတဲ့ နေရာမှာ ရောက်သွားတာလို့ ဆိုရမှာပေါ့။ အဲဒီအချိန်မှာ သူ့မှာ စာပေ၀ါသနာလေးရှိခဲ့တာရယ်၊ အဖေက ပန်းချီဆရာကြီးဆိုတော့ ပန်းချီနဲ့ ပတ်သက်တဲ့ အနုပညာစိတ်ကူးလေးတွေရယ်၊ ကဗျာစိတ်ကူးလေးတွေရယ်ကို အဖော်လုပ်ပြီး အတူနေထိုင်နိုင်ဘို့ ကြိုးစားခဲ့ရမယ်လို့ ကျနော်မြင်မိတယ်။ တော်ရုံတန်ရုံ စိတ်ဓါတ်နဲ့ ဒီလောက်ရှည်လျားတဲ့ ကာလကြီးကို ဒီလို ငရဲမျိုးမှာ နေထိုင်ဖြတ်သန်းဘို့ သိပ်မလွယ်ဘူးလို့ ကျနော်မြင်မိတယ်။

အထဲမှာ အချိန်က ကိုယ့်ကို ၀ါးမြိုသွားတာ မခံရအောင် ကျနော်တို့ အချင်းချင်း အပြန်အလှန် သင်ယူဖလှယ်ကြ၊ အပြင်အခြေအနေတွေနဲ့ ပတ်သက်ပြီး အမြင်တွေဖလှယ်ပြီး စိတ်ဓါတ်တွေ ခိုင်မာအောင် တည်ဆောက်ကြရတယ်။ စစ်တွေထောင်ကို ရောက်ပြီးတဲ့နောက်ပိုင်း အိမ်နဲ့တွေ့ခွင့်ရလို့ သူက “ထမင်းငတ်တာထက် သတင်းငတ်တာက ပိုဆိုးတယ်” လို့ ပြောတဲ့အကြောင်းကြားရတော့၊ သူ့မိသားစုနဲ့ တွေ့ခွင့်ရပြီး သူ့အသံကို ကြားရလို့ ၀မ်းသာရတယ်။ ကျနော်တို့တွေ မလွတ်မြောက်ကြသေးပေမယ့်၊ လွတ်လပ်မှု၊ တရားမျှတမှုကို တည်ဆောက်ကြမယ့် စိတ်ဓါတ်တွေ ရောယှက်ပြီး အခိုင်အမာ စုစည်းမိသလို ခံစားရတယ်။

အထဲမှာ စကားတွေ စုဖွဲ့ပြောကြတဲ့အခါ “မင်းကိုနိုင်” ဆိုတဲ့ နာမည်နဲ့ ပတ်သက်ပြီး အတည်လိုလို နောက်သလိုလို ပြောကြတာတွေ ကြားခဲ့ရသေးတယ်။ မင်းကိုနိုင်ဆိုတဲ့သူဟာ အစက မရှိဘူး။ ကြေငြာချက် (statement) ထုတ်တဲ့အခါမှာ သုံးဘို့ နာမည်ပေးခဲ့တာ၊ နောက်ပိုင်းမှ ပေါ်ဦးထွန်းဆိုတဲ့ ကျောင်းသားတယောက်ကို “မင်းကိုနိုင်” နာမည်ပေးပြီး ခေါင်းဆောင်လုပ်ဘို့ျေကာင်းသားတွေက ဆုံးဖြတ်ခဲ့တာလို့ ကြားခဲ့ရတယ်။

အပြင်မှာ သူနဲ့ဆုံမှ သူဟာ မွန်သွေးနှောနေတာရယ်၊ မင်းဆိုတာ မောင်၊ နိုင် ဆိုတာ ဦး…. မင်းကိုနိုင်ဆိုတော့ မောင်ကိုဦးလို့ သိရတယ်။ သူ့နာမည်အရင်းကတော့ ပေါ်ဦးထွန်း… သူ့ကို ကျနော်တို့ လုပ်ဖော်ကိုင်ဖက်အများစုကတော့ ပေါ်ဦး(သို့မဟုတ်) ကိုပေါ်ဦးလို့ ခေါ်ကြတယ်။ မွန်သွေးနှောပေမယ့် မွန်စကားမပြောတတ်ဘူး။ ဒါပေမယ့် ရခိုင်(စစ်တွေတက္ကသိုလ်) မှာ နေလိုက်ရတော့ ရခိုင်လူမျိုးတွေနဲ့တွေ့ရင်တော့ ရခိုင်လို အတည်ပေါက်ပြောတော့တာဘဲ။ ရခိုင်လို့တောင် ထင်သွားနိုင်တယ်။

ရေးသူ....စိုးထွန်း

(ဒါကတော့ ကျနော့်မိတ်ဆွေ ရေးပေးခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အကြောင်းပါ။ နိဂုံးချုပ်အသံဖိုင် ပျောက်ဆုံးနေတဲ့အတွက် ဤမျှနဲ့ ကျေနပ်ကြပါ။ နောက်မှ အခြေအနေတွေပေးမှ သူ့ကို နိဂုံးအပိုင်းကို ဆက်လက်ရေးသားဘို့ တိုက်တွန်းပါဦးမယ်။)

8 comments:

Anonymous said...

း)

Anonymous said...

စတွေ့ဘူးခဲ့တဲ့မိန်းထဲမှာသူ့မိန့်ခွန်းနားထောင်ကြက်သီးဖျန်းဖျန်းထခဲ့တယ်.မြန်မာပြည်အနာဂတ်အတွက်ပုံအပ်လို့ရတဲ့စေတနာတွေဗလပွနဲ့သူပါ.ပင်နီတိုက်ပုံနဲ့အလွန်ပနံရတဲ့မျိုးချစ်စိတ်ဓါတ်တွေနဲ့နှလုံးသားတခုကအဖိုးမဖြတ်နိုင်ဘူး.ကိုပေါနဲ့ကိုစိုးထွန်းကိုကျေးဇူးပါပ.ဲ
ကိုမင်းကိုနိုင်ကိုစာလေးရေးလိုက်ပန်းချီလေးဆွဲလိုက်ငြိမ်းချမ်းတဲ့ဘ၀အမြန်ရစေချင်ပါတယ်
ကိုမင်းကိုနိုင်ကျန်းမာပါစေ.အမြန်လွတ်မြောက်ပါစေ.

kay said...

ကျေးဇူးပဲ ကိုပေါရေ-

pandora said...

မျှဝေပေးတာ ကျေးဇူးပဲ ကိုပေါရေ

ကိုပေါဆွဲတဲ့ ကိုမင်းကိုနိုင်ပုံတူလေးကလည်း ပြောင်မြောက်ပါပေတယ်။ သဘောကျတယ်။

Anonymous said...

လမ်းပြမြေပုံ (၇)ရပ်.......
လမ်းပျောက် လူငယ်တပြုံတသိုက်.......။
ပေတရာပေါ်မှာ စီးတဲ့သွေးတွေ.....
မခြောက်သေးဘူး........။
ကမ္ဘာမှာ မြန်မာဟေ့လို့
ပြန်ပြီး ခေါင်းမော့နိုင်စေကြမယ်......။
စစ်ကျွန်ဘဝမှ လွတ်မြောက်ဖို့အတွက်
အဆင်သင့် ပြင်ဆင်ထားကြပါ......။

Unknown said...

လွတ်မြောက်ပါစေလို့ ဆုတောင်းရုံကလွဲပြီး
အစ်ကိုတို့ ကြိုးစားခဲ့သလောက် နိုင်ငံတော်အတွက် ညီ ဘာမှမလုပ်ခဲ့သေးလို့၊ ဘာမှမလုပ်သေးလို့၊ ဘာမှမလုပ်နိုင်ခဲ့သေးလို့--------------ညီရှက်မိတယ် အစ်ကို။
ညီလည်း ရဲပါတယ် အစ်ကို။ ဆွဲသာထုတ်လိုက်ပါ။

Kaung Kin Ko said...

မင်းကိုနိုင် အကြောင်းလေး တင်ပေးလို့ ကျေးဇူးပဲဗျာ။

Anonymous said...

ကျေးဇူအထူးပါဗျာ

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs