အခုတလော နဗန ရဲ့ ဘလော့ဂ်ကိုဘဲ အချိန်ရှိသရွေ့ သွားဖတ်နေမိတော့တယ်။ ပုဂ္ဂိုလ်က စာရေးကောင်းပြီး ဘ၀ကလည်း စုံသလားမမေးနဲ့။ ဆရာသော်တာဆွေနဲ့ နင်လားငါလားဘဲ။
နဗန ဆိုတာ ကျနော်နဲ့ ရန်ကုန်စက်မှုတက္ကသိုလ်မှာ စတုတ္ထနှစ်ကနေ နောက်ဆုံးနှစ်အထိ တတန်းထဲ အတူတက်ခဲ့ရတဲ့ မန္တလေးစက်မှုတက္ကသိုလ်ကျောင်းသားတယောက်။ နောက်ဆုံးနှစ်ရောက်တော့ အီလက်ထရောနစ် အင်ဂျင်နီယာ ဘောလုံးအသင်းရဲ့ ကက်ပတိန်ပေါ့။ ကျောင်းတုန်းကတော့ ကျနော်က နဗန နဲ့ သိပ်မခင်ဘူး။ ဟန်သက်အောင်၊ မုံရွာသား မိုးဟိန်းစတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပိုရင်းနှီးတယ်။
မန္တလေးစက်မှုတက္ကသိုလ်က ပြောင်းလာကြတဲ့အထဲမှာ နဗနတို့ မိုးဟိန်းတို့လို ဘောလုံးကန်ကောင်းတဲ့ ပုဂ္ဂိုလ်တွေ အများကြီးပါလာတဲ့အတွက် (အငယ်တန်းက တရုတ်တို့လို ၀ိုင်အိုင်တီကျောင်းသားတွေ ကောင်းတာလည်း ပါတယ်။)ကျနော်တို့နောက်ဆုံး နှစ်လည်းရောက်ရော စက်မှုတက္ကသိုလ် မေဂျာပေါင်းစုံဘောလုံးပွဲမှာ ပါမောက္ခချုပ်ဒိုင်းကြီးကို ကျနော်တို့ အီလက်ထရောနစ်က ပထမဦးဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တယ်။ ခါတိုင်းဆိုရင်တော့ ယောက်ျားအင်အားတောင့်တဲ့ စက်မှုတို့၊ မြို့ပြတို့ကဘဲ ဗိုလ်စွဲလေ့ရှိတယ်။ အီလက်ထရောနစ်မှာရှိတဲ့ ယောက်ျားလေးအတော်များများကလည်း စာဂျပိုးလိုလို ဘာလိုလိုက များတာကိုး။
မှတ်မှတ်ရရ အဲသည် ဗိုလ်စွဲတဲ့နှစ်က ဗိုလ်လုပွဲကို သထုံကွင်းမှာ သွားကန်ရတယ်။ ရန်ကုန်စက်မှုတက္ကသိုလ်ဝင်းထဲမှာ ဘောလုံးကွင်းရှိပါလျက်နဲ့ ဘာကြောင့် ဝေးဝေးလံလံ သထုံကွင်းမှာ ဗိုလ်လုပွဲသွားလုပ်ရသလဲလို့ မေးစရာရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ကျောင်းက ဘောလုံးပွဲတွေမှာ အမြဲရန်ဖြစ်လေ့ရှိကြတယ်။ ရန်ဖြစ်ပြီဆိုရင် ကွင်းအပြင်ကကောင်တွေ ကွင်းထဲဝင်ပြေးလာပြီး ထိုးဟယ်ကြိတ်ဟယ်နဲ့ ဘောလုံးပွဲကို ခဏခဏ နားရတယ်။ အဲသည်ထိုးကြကြိတ်ကြတဲ့ကောင်တွေကလည်း တခြားကောင်တွေမဟုတ်ဘူး။ အဆောင်မှာတော့ အချင်းချင်းလည်ပင်းဖက်နေကြတဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတွေဘဲ။ အဲသည်ရန်ဖြစ်တဲ့အချိန်မှာတော့ သူငယ်ချင်းသော ဘာသော နားမလည်ဘူး။ မေဂျာမတူရင် တွယ်ထည့်လိုက်တာဘဲ။ ဒါပေမယ့် ဘောပွဲပြီးသွားတာနဲ့ လည်ပင်းပြန်ဖက်ကြရော။ သူ့ဟာနဲ့သူတော့ ဟုတ်နေကြတာဘဲ။
အဲသည် ရန်ဖြစ်ကြတဲ့ ဘောလုံးပွဲတွေထဲမှာ ကျနော်တို့ ပဉ္စမနှစ် ဗိုလ်လုပွဲမှာ ဖြစ်တဲ့ ရန်ပွဲက အကြီးကျယ်ဆုံးဘဲ။ စက်မှုအသင်းနဲ့ မြို့ပြအသင်း ရဲ့ ဗိုလ်လုပွဲပေါ့။ အီလက်ထရောနစ်ကျောင်းသားကျနော်က ငိုစားရယ်စား မဆီမဆိုင် သွားအားပေးတယ်။
ပထမပိုင်းမှာကတည်းက ချလိုက်၊ ငြိလိုက်၊ ကွင်းပြင်ကကျောင်းသားတွေ ကွင်းထဲဝင်ပြေးလိုက်နဲ့ ဖြစ်နေလိုက်တဲ့ ရန်ပွဲ။ တချီမှာ တော်တော့်ကို အကြီးအကျယ်ဖြစ်လို့ ပါမောက္ခချုပ် ဦးကြင်စိုး၊ ဒု-ပါချုပ် ဦးညီလှငယ်နဲ့ ဆရာတွေ လာဖြေရှင်းရတယ်။ တချို့ဆရာတွေကလည်း ရန်ဖြစ်ကြလွန်းလို့ ပွဲရပ်စေချင်ပြီ။ ဒါပေမယ့် ဦးကြင်စိုးကပြောတယ်။ သူ့လက်ထက်မှာ ရန်ဖြစ်လို့ ပွဲရပ်ရတယ်ဆိုတာ မဖြစ်စေရဘူး။ ပြီးအောင်ဆက်ကစားဆိုပြီး သူတို့ကိုယ်တိုင် ဘောလုံးပွဲမှာ စောင့်ကြပ်ရတယ်။
ဖြစ်ချင်တော့ ဒုတိယပိုင်း အချိန်သာစေ့သွားရော သရေဖြစ်နေတုန်းဘဲ။ အဲဒါနဲ့ အချိန်ပို ဆက်ကစားရတယ်။ ကြားထဲမှာ ရန်ကလည်း မကြာခဏဖြစ်တော့ ဆရာတွေ ထထ တားရတယ်။ အချိန်ပို ကစားပြီးတော့လည်း သရေကျနေတုန်းဘဲ။ အဲဒါနဲ့ ထုံးစံအတိုင်း ပင်နယ်တီ ငါးလုံးစီ ကန်ဘို့လုပ်ရတယ်။ ရန်ဖြစ်ထားတဲ့အရှိန်တွေ၊ ကိုယ့်မေဂျာအနိုင်ရချင်ဇောတွေနဲ့ အားပေးသူတွေဟာ ပင်နယ်တီကန်မယ့် ဂိုးတိုင်တ၀ိုက်မှာ လူတွေ စုပြုံတိုးနေကြတော့တယ်။ လူတွေက ပင်နယ်တီ ကန်မယ့်နေရာကနေ ဂိုးတိုင်နှစ်တိုင်စီအထိ ကတော့ပုံ တန်းစီပြီး အုံရပ်နေကြတာ။ နောက်ကို ထပ်ဆုပ်ခိုင်းလို့လည်း မရတော့ဘူး။
ပင်နယ်တီကန်ရမယ့် ကောင်တွေခမြာလည်း အင်မတန် ပရက်ရှာ များနေတော့ပေါ့။ အနိုင်အရှုံးက သူတို့ ပုခုံးပေါ် လုံးလုံးကျလာပြီကိုး။ အမှန်တော့ လူတန်းကြီးက ဒီလောက် အမှတ်အသားပေးထားတာ။ လူတန်းနှစ်တန်းကြားထဲက အသာလှိမ့်ကန်ရင်တောင် အသာလေးဂိုးဝင်နိုင်တယ်။ ဒါပေမယ့် လူတွေက စိတ် အရမ်းလှုပ်ရှားနေကြတော့ ကန်လိုက်ကြတာ တောင်တလုံး၊ မြောက်တလုံး။ ဘေးမှာ တန်းစီရပ်ကြည့်နေတဲ့ လူအုပ်ပေါ်ကတောင် ကျော်ပြီးထွက်သွားတယ်။ ဘေးကန်မိတဲ့ကောင်တွေလည်း ကန်ပြီးတာနဲ့ စိတ်လှုပ်ရှားလွန်းပြီး မူးမေ့လဲကျသွားတာဘဲ။ လူအုပ်ထဲကနေ တယောက်ပြီး တယောက်ထမ်းထုတ်ရတယ်။
အရမ်းစိတ်လှုပ်ရှားဘို့ကောင်းတာက ငါးလုံးစီကန်ပြီးတော့လည်း သရေကျနေတုန်းဘဲ။ နောက် တလုံးစီ ထပ်ကန်ရပြန်တယ်။ သရေဘဲကျသဗျိုး။ နောက်ထပ် တလုံးစီထပ်ကန်ခိုင်းတယ်။ ပရိတ်သတ်ကလည်း ဆူလှပြီ။ မှောင်စကလည်း ပျိုးလာပြီ။ ဘောသမားတွေလည်း တငိုငို တရယ်ရယ်ဖြစ်ကုန်ပြီ။ သရေထပ်ကျပြန်တယ်။
၇ လုံးစီကန်ပြီးတာတောင် တဖက်နဲ့တဖက် သရေကျနေတော့ ပါချုပ်က ဌာနမှူးတွေနဲ့ တိုးတိုးကျိတ်ကျိတ် လှည့်တိုင်ပင်ပြီး နောက်ဆုံး ကြေညာလိုက်တယ်။ စက်မှုနဲ့မြို့ပြ အင်ဂျင်နီယာအသင်းနှစ်သင်းဟာ ပူးတွဲဗိုလ်စွဲသွားပါပြီ၊ ဒိုင်းကို စာသင်နှစ်တ၀က်စီ တလှည့်စီ လက်ဝယ်ထားခွင့်ရမယ် ဆိုတဲ့အကြောင်းကိုပေါ့။ ကျောင်းသားတွေ အားလုံး ဟာကနဲ ဖြစ်သွားတယ်။ ဘယ့်နှယ်… ဒီလောက်အကန်ကြီး ကန်လာပြီးမှ အနိုင်အရှုံးမရှိဘဲ ပူးတွဲဗိုလ် ပေးရသလားပေါ့။ အဲဒီနေ့ညက ဘောကွင်းကနေပြန်လာတော့ ကျနော်တို့တွေ သံချပ်တိုင်ပြီး ပြန်လာကြတယ်။
“ပင်နယ်တီကန်ပြီး သရေကျတာ
ဝိုင်အိုင်တီဟာ ပထမဆုံးပါဘဲ… ၀ိုင်အိုင်တီဟာ ပထမဆုံးပါဘဲ”
အဲသည်လိုနဲ့ဘဲ ကျနော်တို့ နောက်ဆုံးနှစ်လည်းရောက်ရော ဆီမီးဖိုင်နယ်ကစလို့ ဘောပွဲတွေကို ကျောင်းကွင်းမှာ မကျင်းပရဲတော့ဘဲ ပွဲကြည့်စင်နဲ့ ဘောလုံးကွင်းအကြား သံတိုင်တွေခြားထားတဲ့ သထုံကွင်းမှာ သွားကန်ကြရတယ်။
နောက်ပို့စ်ထဲမှာကျမှ သထုံကွင်းမှာ ကန်ခဲ့တဲ့ ဘောလုံးပွဲနဲ့ ပွဲကြည့်စင်က ရန်ပွဲတွေအကြောင်း ရေးပြရဦးမယ်။

နဗန ဘလော့ဂ်ကို ဖတ်ရှုလိုလျှင် ဒီမှာ သွားဖတ်ပါ။
11 comments:
RIT ကလူတွေက တယ်ရန်လို တာကိုးနော်။ :)
ဒီပို့စ်လေးက ကျောင်းသားဘ၀ကို ပြန်ရလို့ ကြည်နူးစရာပါပဲ။ ချိုသင်းတို့ Geology တွေလဲ တောကျီးတွေလိုပဲ၊ အရမ်း ရန်ဖြစ်တယ်။ တယောက်ကိုထိရင် ချမယ်ပဲ။
ကို နဗနကတော့ မပြောပါနဲ့တော့၊ မနက်ဆို သူ့စာ မဖတ်ဘဲ အလုပ်မလုပ်နိုင်ဘူး။ good mood ရအောင် ဒီလိုပဲ လုပ်ရမယ် ထင်ပါရဲ့လေ။
ကိုပေါရေ… (၁) ဆိုတော့ ၂၊၃၊၄ တွေ လာဦးမှာပေါ့… ပျော်လိုက်တာ…
ECဗိုလ်စွဲတော့ ကျောင်းမှာ မရှိတော့တာနာတယ်…
ကျွန်မတို့ တုန်းက ဆီမီးဖိုင်နယ်နဲ့ ရပ်ရပ်သွားတာ… Civilနဲ့ ကန်တုန်းက ECရှုံးတော့ Civilအတန်းရှေ့ က တပတ်လောက်ဖြတ်မလျှောက်တာ သတိရတယ်… LCRထဲမှာ သူတို့ နဲ့ တွေ့ တောင် မသိချင်ယောင်ဆောင်နေတာ… မရဘူးလေ… သူတို့ ကလဲ ဒါပဲစကားစချင်နေတာကို…
ကျွန်မတို့ ကွင်းထဲသွားအားပေးတော့ ဆရာဦးမျိုးကြည်ဆို အရမ်းကို အင်တိုက်အားတိုက်အားပေးတာ အသံတွေ ၀င်တဲ့အထိပဲ…
ကိုနဗနတို့  ကိုပေါတို့ … ကိုနဗနစကားနဲ့ ပြောရရင် ECကဘာညာကွိကွတွေ နဲ့ ဒီဘလော့ဂ်ပေါ်မှာ ပြန်ဆုံရတာ ကျောင်းပြန်တက်ရသလိုပဲ… ပျော်တယ်.. လွမ်းတယ်…
Civil ကဆိုလို့ ဖေမောင်သိန်း(ကာတွန်း ဦးဖေသိန်းရဲ့သားကြီး)-(ခုဆုံးရှာပြီ)နဲ့ ကိုပေါတို့ ဘသူစောပါလိမ့်။ ဂျီဟောရှေ့က ဘောလုံးကွင်းထဲ 'သိန်း'ဘောလုံးကန်ကန်နေတာ သတိရမိတယ်။
စက်မှု၊ အီးစီ၊ မြို့ ပြလို မေဂျာကြီးတွေ ဗိုလ်စွဲတာ သိပ်မဆန်းပါဘူးဗျာ။
သိပ်ကောင်းတဲ့ လူတွေ မေဂျာလေးတွေမှာ ရှိနေတာလဲထည့် ရေးပါဦး။ ဒါမှ မျှမျှတတဖြစ်ပေမပေါ့..
ဟုတ်ပါ့ဗျား...
ဝိုင်အိုင်တီက ဘောလုံးပွဲဆိုတာ လက်ဖျားခါလောက်ရဲ့..
အောင်ဆန်းက ဒိုင်တွေလာပြီး ကြီးကြပ်ပေးတယ်..
စည်းကြပ်ဒို်င်ဆိုတာကတော့.. အလံတစ်ချောင်းကိုင်ပြီး...
ကျောင်းသားပရိတ်သတ်ရဲ့နောက်မှာဘဲရှိတယ်။...
ဘေးစည်းဆိုတာ ဘယ်နားရောက်နေမှန်းတောင်မသိဘူး..
ကိုပေါတို့ ၄တန်းတို့က... မှတ်မိလား...
အဲဒီတုံးက Electrical( EC+EP) အသင်းဘဲရှိသေးတယ်..
Civil နဲ့ကန်တဲ့ပွဲ... ပယ်နယ်တီနဲ့ဘဲ ရှုံးတယ်ထင်ရဲ့...
...
...
ဒါနဲ့ စကားမစပ်... စိန်ရတုပွဲတုံးက ဂေါ်ရခါးသီးတွေကို..
ဘူးသီးကြော်ဆိုပြီး ညာရောင်းခဲ့တာလေးတွေ ပြန်ရေးစမ်းပါဦးကွဲ့....
မမိုးချိုသင်း..........တွေ့တယ်မို့လား၊ အောက်မှာ ကမောင်ရင် ရဲ့ မှတ်ချက်ကို။ စက်မှုတက္ကသိုလ်ကျောင်းသားဆိုတာ အဲသလို စွာတာဗျ။ ဒါပေမယ့် ကျောင်းတုန်းကတော့ ကျနော်က လုပ်တိုင်းခံကလေးပါ။ အခုမှ စွာတတ်အောင် မနည်း လေ့ကျင့်သင်ယူထားရတာ။း-)
ဒေါ်တန်ခူး………(၁) လို့ တပ်ထားတဲ့အတွက် (၂) နဲ့ (၃) က တော့လာမှာပါ။ (၄) တွေ (၅) တွေကတော့ မသေချာဘူး။ အရင်ကလည်း ခပ်တည်တည်နဲ့ နံပါတ်တွေတပ်ပြီး တပိုင်းတစ ထားခဲ့တဲ့ အကျင့်လေးက ရှိတော့…..အာမ မခံရဲဘူးဗျိုး။
ဒေါ်မေငြိမ်း……. (မြန်မာတီးရှော့ပ်မှာ မောင်ဆန်ခေါ်သလို ခေါ်လိုက်တယ်နော်။) ကျနော်က ၁၉၉၆ မှာ ကျောင်းပြီးတာပါ။ ဆရာဦးဖေသိန်းသားကို ကျနော်မသိလိုက်ဘူး။ မေဂျာမတူတာကြောင့်လား၊ သူက စောလို့လား မသိ။ ကမောင်ရင်တို့လို ရှေးအဖိုးကြီးတွေတော့ သိကောင်းသိမယ်။
ကမောင်ရင်……. မေဂျာလေးတွေမှာ ချွန်တဲ့လူတွေ ရှိတာ အငြင်းပွားဘွယ် မရှိပါဗျိုး။
ကေတီဂျီ (ခေါ်) အင်န်တီတီအင်န်……… မြို့ပြနဲ့ ပွဲတုန်းက ရှုံးရတာ အဲသည်တုန်းက အသင်း အတွင်းရေးမှူးလုပ်တဲ့သူ ဖွန်ကြောင်နေလို့ လို့ ကြားဘူးတယ်။ ဟုတ်မဟုတ်တော့ မသိဘူး…ဟီးဟီး။ စက်မှုတက္ကသိုလ် မုသာဝါဒါမိသားစုက ဂေါ်ရဂါးသီးကြော်ကို ဘူးသီးကြော်အဖြစ် ညာရောင်းတဲ့အကြောင်း ရေးဘို့ စိတ်ကူးရှိပါသဗျိုး။
Hello ကိုပေါရေ,
စတုတ္ထနှစ် မဟုတ်ပါဘူး
၅တန်း နဲ့ ၆တန်းပါ၊ ဟုတ်တယ်ဟုတ်?
အမြဲတမ်း လာလည်ဖြစ်ပါတယ်
ကျောင်းအကြောင်းတွေ ဖတ်ရတော့လွမ်းတယ်။ ကျောင်းကြီးမှာ မတက်ရတော့ စိတ်နာတယ်။ အခုလို အလွမ်းပြေ ကျောင်းအကြောင်းတွေရေးပေတော့ ကျေးဇူးတင်ပါတယ်။ အပိုင်း ၂ ကိုမျှော်နေပါတယ်
ကိုကြီးပေါက အီလက်ထရွန်းနစ်ကဆိုတော့ မေဂျာတူ ကျွန်တော်တို့နောင်တော်ကြီးပေါ့။ ဒါနဲ့ စာဂျပိုးလိုလိုကတော့ ဟုတ်ပါပြီ။ နောက်က ဘာလိုလိုဆိုတာက ဘာလဲမသိဘူး။း)
ဘောလုံးပွဲအကြောင်းက တဟားဟားကို အော်ရယ်နေရတယ်။ မြန်မြန်ဆက်ရေးပါဗျာ။ မဟုတ်ရင် လာအော်နေမှာပဲ။
စာတွေရေးတဲ့ အစ်ကိုကြီး ကျန်းမာပါစေသတည်း
မေမိုးရေ.... ဟုတ်ပါ့။ အမှတ်လွဲသွားတယ်။ ငါးတန်းနဲ့ ခြောက်တန်း မှ အမ်အိုင်တီနဲ့ ပေါင်းလိုက်တာနော်။ ကျနော့်သူငယ်ချင်း ဟန်သက်က လေးတန်းနှစ်ကတည်းကပြောင်းလာတာကို စိတ်ထဲမှာ စွဲနေလို့ပါ။ ထောက်ပြပေးတာ ကျေးဇူးပါ။
Post a Comment