Showing posts with label in the news. Show all posts
Showing posts with label in the news. Show all posts

မိုးပေါ်ထောင်ပစ်သူများနှင့် ဆယ့်ရှစ်ရက်ကြာ

မနေ့ညကတော့ အီဂျစ်ပြည်သူတွေရဲ့အောင်ပွဲပေါ့။

သမ္မတမူဘာရက်တယောက် အီဂျစ်ကို အနှစ်၃၀လောက် အရေးပေါ်ဥပဒေနဲ့ တောက်လျှောက် အုပ်ချုပ်လာခဲ့ပြီးတဲ့နောက် ပြည်သူတွေရဲ့ အုံကြွဆန္ဒပြမှုကို မလွန်ဆန်နိုင်တော့ဘဲ နောက်ဆုံးမှာ ရာထူးက နှုတ်ထွက်ပေးလိုက်ရပြီ ဖြစ်ပါတယ်။ ရက်ပေါင်း ၁၈ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ ဒီဆန္ဒပြပွဲတွေကို ကမ္ဘာတလွှားက ပြည်သူတွေနည်းတူ ကျနော်လည်း တီဗီပေါ်မှာရော အင်တာနက်စာမျက်နှာတွေပေါ်မှာပါ စိတ်ဝင်တစား စောင့်ကြည့်နေခဲ့မိပါတယ်။

ပထမပိုင်းမှာ မူဘာရက်က စက်တင်ဘာရောက်မှ နှုတ်ထွက်ပေးမယ်ဆိုပြီး တင်းခံနေတဲ့အတွက် အီဂျစ်ပြည်သူတွေရဲ့ တော်လှန်ရေးဟာ ငါတို့ မြန်မာပြည်မှာလို နှစ်ပေါင်းများစွာ ရှည်ကြာသွားတော့မှာလားလို့လည်း ရင်တမမနဲ့ စိုးရိမ်နေခဲ့မိပါတယ်။ အခုတော့ ၁၈ ရက်လောက်အတွင်းမှာပဲ အီဂျစ်ပြည်သူတွေရဲ့ အဓိကတောင်းဆိုချက်တခု ပြည့်သွားပြီ ဖြစ်တဲ့အတွက် အီဂျစ်ပြည်ဟာ ဒီမိုကရေစီ လမ်းဆီကို တဆစ်ချိုးလာပြီလို့ ယူဆရပါတယ်။

ဆန္ဒပြပွဲတွေအတွင်းမှာ သတိထားမိတဲ့ မြန်မာပြည်နဲ့ အီဂျစ်အကြား ကွာခြားချက်တခုကတော့ အီဂျစ်စစ်တပ်ဟာ အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်မခံဘဲ ဆန္ဒပြပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးခဲ့တယ်ဆိုတဲ့ အချက်ပါပဲ။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံအစပိုင်းမှာ အာဏာရှင် ဦးနေဝင်းက “စစ်တပ်ဆိုတာ မိုးပေါ်ထောင်ပစ်တာမဟုတ်ဘူး။ မှန်အောင် တည့်တည့်ပဲ ပစ်တယ်”လို့ လူထုကို ခြိမ်းခြောက် ကြိမ်းဝါးသွားခဲ့တဲ့အတိုင်းပဲ စစ်တပ်ဟာ လက်နက်မဲ့ ပြည်သူလူထုကို ဆန္ဒပြပွဲအတွင်းမှာ ရက်ရက်စက်စက် ပစ်သတ်ခဲ့ပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်းကလည်း အလားတူ ပစ်သတ်ခဲ့ပြန်ပါတယ်။

အီဂျစ်ပြည်မှာတော့ ဆန္ဒပြပွဲတလျှောက်လုံး စစ်တပ်ဟာ သေနတ်ကို မိုးပေါ် ထောင်ပစ်တာလောက်ပဲ တွေ့ခဲ့ရပါတယ်။ မူဘာရက်ကို ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ ထောက်ခံသူ( အီဂျစ်စွမ်းအားရှင်)တွေအကြား ပဋိပက္ခကို တားဆီးလိုတဲ့ ရည်ရွယ်ချက်နဲ့ မိုးပေါ်ထောင်ပစ်ပြီး ဟန့်တားခဲ့ခြင်းမျှသာဖြစ်ပါတယ်။ ဒါကတော့ မြန်မာပြည်က စစ်တပ်နဲ့ အီဂျစ်စစ်တပ် နှစ်ခုအကြားက သိသာထင်ရှားတဲ့ ကွာဟမှုပါ။

နောက်တချက် သတိပြုမိတာကတော့ အီဂျစ်ဟာ အမေရိကန်၊ ဥရောပသမဂ္ဂတို့နဲ့ တောက်လျှောက် မဟာမိတ်ဖြစ်ခဲ့တဲ့အလျောက် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုတွေရှိခဲ့ပေမယ့် တဖက်မှာ နိုင်ငံရေးစနစ်အရ မလွတ်လပ်တဲ့အတွက် ပြည်သူတွေ ဖိနှိပ်ခံရတယ်။ ဆင်းရဲချမ်းသာ ကွာဟမှုမြင့်တက်လာတယ်။ အလုပ်လက်မဲ့နှုန်းထားမြင့်တက်လာတယ်။ အကျင့်ပျက်ခြစားမှုတွေ နေရာတကာမှာ ဖြစ်လာတယ်။ နောက်ဆုံးမှာ စားသောက်ကုန်ဈေးနှုန်းတွေနဲ့ လူနေမှုစားရိတ် မြင့်တက်လာတဲ့အတွက် ဒီလို အုံကြွမှုကြီးဖြစ်လာရတယ်လို့ ဆိုပါတယ်။ စီးပွားရေးပိတ်ဆို့မှုကြောင့် မြန်မာပြည်မှာ ပြည်သူလူထု ထိခိုက်နစ်နာနေရပါတယ်ဆိုတဲ့ ပိတ်ဆို့မှု ဆန့်ကျင်ရေးသမားတွေရဲ့ အဆိုကို ပိုလို့တောင် သံသယ ပွားစဖွယ် ဖြစ်လာရပါတယ်။

အီဂျစ်ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ အားမလိုအားမရဖြစ်မိတာကတော့ အမေရိကန်နဲ့ အီးယူရဲ့ နိုင်ငံခြားရေး မူဝါဒ ပါပဲ။ ဒီနိုင်ငံတွေအတွက် တခြားနိုင်ငံတွေရဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေး ဆိုတာတွေဟာ သူတို့နိုင်ငံတွေရဲ့ အမျိုးသားအကျိုးစီးပွားလောက် ရှေ့တန်းမတင်ဘူးဆိုတာ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မလွတ်လပ်တဲ့နိုင်ငံတွေမှာလည်း သက်ဆိုင်ရာ ပြည်သူလူထုတွေရဲ့ လွတ်မြောက်လိုတဲ့ဆန္ဒ ကြီးထွား ပြင်းပြလာတဲ့အခါ အဆုံးမှာ ပြည်သူလူထုကပဲ အောင်ပွဲခံသွားကြရတာ ဓမ္မတာပါပဲ။

တူနီးရှားက စလိုက်တဲ့ ဂယက်ဟာ အခုတော့ ယီမင်၊ အီဂျစ်၊ ဂျော်ဒန်၊ ဆီရီးယား စတဲ့ နိုင်ငံတွေကို ပျံ့နှံ့ရိုက်ခတ်လာသလို အခုဖြစ်ပွားခဲ့တဲ့ အီဂျစ်ရဲ့တော်လှန်ရေးဟာ ကျန်တဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့ နိုင်ငံရေးစနစ်တွေကို ဆက်လက် လှုပ်ခတ်စေဦးမှာ ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင် ဆန္ဒပြပွဲတွေကို ရှောင်လွှဲနိုင်ဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေကို ဖုတ်ပူမီးတိုက် ကြေညာ လုပ်ဆောင်ဖို့ ကြိုးစားနေကြပါတယ်။ ဒီနည်းနဲ့ အာဏာရှင်တွေဟာ တယောက်ပြီး တယောက် ကျဆုံးခန်းဆီ ဦးတည်ကြနေတာကို တွေ့ရပါတယ်။

ကဲ.... ကျနော်တို့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အပြောင်းအလဲကရော ဘယ်တော့ လာမှာလဲ။ ဘယ်လောက်ကြာဦးမလဲ။
Read more

ကျေးဇူးတင်သူများ၊ Ballroom Protest နဲ့ သစ်ခွပန်းကဗျာ

(၁) “ကျေးဇူးတင်တယ်” ဆိုတဲ့စကားဟာ ရိုးသားတဲ့ စိတ်ကောင်းစေတနာနဲ့ မတွဲဖက်ရင်၊ အထူးသဖြင့် မရိုးသားတဲ့ လုပ်ရပ်နဲ့ တွဲဖက်နေရင် ကြည်နူးစရာ ဖြစ်မလာနိုင်တဲ့အပြင် အလွန်တရာ အော့နှလုံးနာစရာ၊ စက်ဆုပ်စရာကောင်းပုံကို ကြံ့ဖွံ့ပါတီက အခုလို သက်သေပြလိုက်ပါတယ်။



ကြံ့ဖွံ့ပါတီဟာ ရွေးကောက်ပွဲမတိုင်မီကတည်းက ပြည်သူတွေကို အတင်းအဓမ္မ ဖိအားပေးပြီး မဲထည့်ခိုင်းတယ်။ ငွေနဲ့ပေါက်ပြီး၊ အခွင့်အရေးဗန်းပြပြီး မဲဝယ်တယ်။ ပေါ်ပေါ်ထင်ထင် မဲခိုးတယ်။ မိုးပေါ်ကကျလာတဲ့ ကြိုတင်မဲဆိုတာတွေ ပေါင်းထည့်ပြီး မဲလိမ်တယ်။ မဲရလဒ်တွေ ကြေညာတဲ့အချိန်မှာလည်း ညစ်တယ်။ ဘယ်လောက်ထိတောင် ညစ်သလဲဆိုတော့ “ရာခိုင်နှုန်း ၁၀၂.၉ ရာခိုင်နှုန်းက ထောက်ခံတယ်လို့ ကြေညာမိတာမျိုး၊ ရွေးကောက်ပွဲ မကျင်းပတဲ့ ပယ်ဖျက်ထားတဲ့ မဲဆန္ဒနယ်တွေမှာပါ ကြံဖွံ့အမတ်လောင်းတွေနိုင်တယ်လို့ ကြေညာမိတာမျိုး”.... စသဖြင့် ရာဇဝင်မှာ တခါမှ မကြုံဖူးလောက်အောင် အရှက်နည်းစွာ နည်းမျိုးစုံနဲ့ ညစ်ပတ်ခဲ့ကြတာပါ။ ဟော... အခုကျတော့ တခဲနက်ထောက်ခံ ဆန္ဒပြုရွေးချယ် တာဝန်ပေးအပ်ခဲ့တဲ့အတွက် ပြည်သူလူထုကြီးကို အထူးကျေးဇူးဥပကာယတင်ရှိပါသတဲ့။ ဖွမ်...ရွံစရာကောင်းလိုက်တာ။ ကြံ့ဖွံ့ရဲ့ လုပ်ရပ်ကို ထင်ရှားအောင် ဥပမာပေးရရင်... လက်ဝတ်လက်စားတွေကို ဓားနဲ့ ထောက် လုယက်ပြီးတော့မှ အခုလို လက်ဝတ်ရတနာတွေ ထောက်ပံ့လှူဒါန်းတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောတဲ့ ဓားပြရဲ့ လုပ်ရပ်နဲ့ တထေရာတည်း တူနေပါတယ်။

(၂) ဒီကာတွန်းကတော့ စင်္ကာပူက လောလောလတ်လတ် ဟာသ တခုပေါ့။ ဒီဟာသကို ရယ်နိုင်ဖို့ဆိုရင် ကာတွန်းအောက်မှာ ဖော်ပြထားတဲ့ လင့်ခ်တွေကို အရင်သွားဖတ်ဖို့လိုလိမ့်မယ်။


Cartoon Link

Stage protests in ballrooms? Really? , “Court reserves judgement on appeal by 3 SDP members”

(၃) ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတာကို တကမ္ဘာလုံးက ခေါင်းဆောင်တွေ ဝိုင်းဝန်းကြိုဆိုကြပေမယ့် စင်္ကာပူက ခေါင်းဆောင်များကတော့ ငြိမ်ချက်သားကောင်းနေခဲ့ကြတာ အံ့သြစရာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို စထရိတ်တိုင်းမ်စ်သတင်းစာက လာရောက်မေးမြန်းတဲ့အခါ မြန်မာအတိုက်အခံအဖွဲ့တွေနဲ့ပါ ထိတွေ့ဆက်ဆံဖို့ စင်္ကာပူအစိုးရကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားတာတွေ့ရပါတယ်။ စင်္ကာပူအစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာတဝှမ်းက လေးစားခြင်းခံရသူကိုသာ မဆက်ဆံဘဲ နေချင်နေမယ်။ ဗိုလ်ချုပ်သိန်းစိန်လို နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်ခေါင်းဆောင်ကိုတော့ သူတို့ရဲ့ နာမည်ကျော် သစ်ခွပန်းဥယျာဉ်ထဲက သစ်ခွပန်းတမျိုးကိုတောင် သိန်းစိန်နာမည်နဲ့ တခုတ်တရ ဂုဏ်ပြုမှည့်ခေါ်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီတုန်းက ကျနော်တောင် အောက်ပါအတိုင်း ကဗျာလေးတပုဒ် စပ်ခဲ့ပါသေးတယ်။

“Orchid poetry”

No less than a belle as a metaphor,
Innocent in nature
Pity that unfortunate orchid in Singapore,
Named after a killer.

But the killer has no name
In heaven’s short-list
And there is no shame
In those who named the orchid.

-Ko Paw-
Read more

သြော်.... ဂလိုကိုး

ခင်ညွန့် (လက်ဟန်ခြေဟန်ဖြင့်)။.............။ “ကျနော့်မှာ အခု ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်နေရတာ..”

အသံတိတ်ဗီဒီယိုမှာတုန်းက အဲဒီလို ပြောနေတယ်လို့ ထင်ခဲ့မိတာ.... မှားတဲ့အခါလည်း မှားပေမပေါ့။



အသံထွက် လင့်ခ်ကို ကြည့်ရှုရန်။
Read more

ငါပျောက်နေတယ်ဆိုရင်...



ဒါကတော့ The Online Citizen က ရိုက်ပြီး ရောင်းနေတဲ့ တီရှပ်တွေပါ။ (ရံပုံငွေတခုခုအတွက် ရိုက်ရောင်းတယ်လို့ ယူဆရတာပဲ။) ဆောင်းပါးကိုတော့ ဒီမှာ သွားဖတ်နိုင်ပါတယ်။

ဆောင်းပါးရဲ့ အောက်ခြေမှာ ကွန်မန့်လုပ်သူတယောက်က တီရှပ်ဒီဇိုင်းကို အခြားစာသားတခုနဲ့ ရိုက်နှိပ်ထုတ်ဝေဖို့အတွက် အကြံပေးထားတာ တွေ့ရလို့ ရယ်ရပါသေးတယ်။ သူအကြံပြုတဲ့ စာသားက….

တကယ်လို့ ငါပျောက်နေတယ်ဆိုရင် ငါ့အစ်ကိုရဲ့ အိမ်မှာ ငါရှိနေမယ်”…..တဲ့။

ဒီစာသားကတော့ စင်္ကာပူမှာ အခုတလော လူပြောများနေတဲ့ အကြောင်းအရာတွေထဲက တခုပေါ့။

လွန်ခဲ့တဲ့ ၂နှစ်လောက်က မက်စ်ဆီလာမက် အမည်ရ အကြမ်းဖက်သမားလို့ သံသယအဖြစ်ခံရသူတယောက်ဟာ စင်္ကာပူရဲ့ အဆင့်မြင့်လုံခြုံရေးအကျဉ်းစခန်းကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တာကို မှတ်မိကြမယ်ထင်ပါတယ်။ အဲဒီတုန်းက စင်္ကာပူက လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကျွန်းအနှံ့၊ တောအနှံ့တောင်အနှံ့၊ ဘီးစိတ်တိုက် မြေလှန်ရှာဖွေခဲ့ကြပါတယ်။ မလေးရှားဖက်ကို ထွက်တဲ့ နယ်ခြားဂိတ်တွေမှာဆိုရင် ဖြတ်သမျှ ကားတိုင်းကို ရပ်တန့်စစ်ဆေးရတဲ့အတွက် သီတင်းပတ်ပေါင်းများစွာ ကားတွေ တန်းစီ ပိတ်ဆို့ကုန်ပြီး ဆုံးရှုံးနစ်နာမှုတွေလည်း ဒေါ်လာ သန်းနဲ့ချီ ဆုံးရှုံးခဲ့ကြရပါတယ်။

ဒါပေမယ့် စင်္ကာပူအာဏာပိုင်တွေ တိုက်တဲ့ ဘီးစိတ်က ဘီးဆံတချောင်း ကျိုးနေပုံရတယ်။ ဘာကြောင့်လဲဆိုတော့ အဲသည်လိုဘီးစိတ်တိုက်ရှာဖွေနေကြချိန်မှာ ဆီလာမက်ဟာ စင်္ကာပူက သူ့အစ်ကိုရဲ့ အိမ်မှာ ညအိပ်ညနေ ပုန်းအောင်းနေခဲ့ပါသတဲ့။ စင်္ကာပူအစိုးရက သူတို့ရဲ့ (အဲဒီအချိန်က) အရေးယူဆောင်ရွက်မှုတွေကို အသေးစိတ် မထုတ်ပြန်တဲ့အတွက် မည်သို့မည်ပုံ မျက်စိမှောက်သွားကြသလဲဆိုတာကို ကျနော့်အနေနဲ့တော့ အတိအကျ မသိနိုင်သေးပါဘူး။ စင်္ကာပူနိုင်ငံသားတွေကတော့ အာဏာပိုင်တွေအနေနဲ့ ဒီလောက် ငွေအားလူအား အကုန်အကျခံ ရှာဖွေခဲ့ပြီး တကယ်စောင့်ကြည့်ရမယ့် နေရာကိုကျမှ သေသေချာချာ မရှာဖွေ၊ မစစ်ဆေးရကောင်းလားလို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို အပြစ်တင်နေကြပါတယ်။ စောစောက တီရှပ်စာသားကို အကြံပေးသူလိုပဲ ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့အစိုးရကို သရော်ချင်တဲ့သူတွေလည်း တပုံတပင်ပေါ့။

ဒါမျိုးကျတော့ မြန်မာပြည်က ရဲချုပ်ခင်ရီတို့က တော်သွားပြန်ပါလေရော။ ဟုတ်တယ်လေ၊ ရဲချုပ်ခင်ရီတို့ တော်ပုံက ဒီကနေ့ ရန်ကုန်မှာ ဗုံးတလုံးပေါက်တယ်ဆိုရင် နောက်တနေ့ သတင်းစာရှင်းလင်းပွဲမှာ ဘယ်သူ၊ ဘယ်အဖွဲ့လက်ချက်ဆိုတာ (မှန်တာ၊ မမှန်တာ နောက်ထားလို့) တခါတည်း ရမ်းသန်း လက်ညိုးထိုးလိုက်တာပါပဲ။ အကြားအမြင်ရနေသလားတောင် ထင်ရတယ်။ တော်ရှာပါတယ် တော်ရေ့...တော်ရှာပါတယ်အေ့...လို့ပဲ ပြောရမယ်ထင်တယ်။

ဆီလာမက်ကို လက်ခံထားပြီး လွတ်မြောက်အောင် ကူညီတဲ့ သူ့ဆွေမျိုးတွေကို စင်္ကာပူအစိုးရက (တံခါးပိတ်) တရားရုံးတင်ပြီး ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စင်္ကာပူဒီမိုကရက်တစ်ပါတီက ထောက်ပြထားတဲ့အချက်ကလည်း စိတ်ဝင်စားစရာပါ။

ဆီလာမက်ကို ထိန်းသိမ်းထားတဲ့ အိုင်အက်စ်အေလို့ခေါ်တဲ့ အက်ဥပဒေက မြန်မာလို ဆီလျော်အောင် ပြန်ဆိုရရင်တော့ “နိုင်ငံတော်ကို နှောက်ယှက်ဖျက်ဆီးလိုသူများ၏ အန္တရာယ်မှ ကာကွယ်စောင့်ရှောက်သော ဥပဒေ” လို့ ခေါ်ပါတယ်။ အင်္ဂလိပ်ခေတ်လက်ကျန် အက်ဥပဒေ တခုပေါ့။ မြန်မာပြည်မှာလည်း ရှိပါတယ်။ ဒီပဲယင်းလုပ်ကြံမှုကြီးအပြီးမှာ အပြစ်မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်နဲ့ ထိန်းသိမ်းဖို့ နအဖ စစ်အစိုးရ လက်ကိုင်ကျင့်သုံးခဲ့တဲ့ အက်ဥပဒေပေါ့။

ဒီဥပဒေရဲ့ မကောင်းတဲ့အချက်က သံသယအဖြစ်ခံရသူ၊ အစွပ်စွဲခံရသူကို ခိုင်လုံတဲ့ သက်သေအထောက်အထား ဘာတခုမှ တင်ပြစရာမလိုဘဲ၊ တရားခွင်မှာ ရုံးတင်စစ်ဆေးခြင်းလည်း မလိုအပ်ဘဲ “အစိုးရအဖွဲ့ဝင်(ပြည်ထဲရေး)ဝန်ကြီး” ရဲ့ အခွင့်အာဏာနဲ့တင် နှစ်ရှည်လများ ဖမ်းဆီးထိန်းသိမ်းထားနိုင်တဲ့ အချက်ပါပဲ။

အခုလည်း ဆီလာမက်ကို အကြမ်းဖက်သမားလို့ သင်္ကာမကင်းခံရသူ ဆိုတာ စင်္ကာပူအာဏာပိုင်များရဲ့ အပြောကို ကျနော်တို့က တဖက်သတ် ယုံကြည်လိုက်ရတာသာ ဖြစ်ပါတယ်။ ဒီအဆိုဟာ မှန်ချင်မှလည်း မှန်ပါမယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို ယုံကြည်လောက်စရာ သက်သေသက္ကာယနဲ့ တရားရုံးမှာ လူသိရှင်ကြား တရားစွဲဆိုပြီး ပြစ်မှုထင်ရှားတယ်လို့ စီရင်ချက်ချထားတာမျိုးမှ မရှိသေးဘဲကိုး။

တကယ်လို့ ဆီလာမက်မှာသာ တကယ်အပြစ်မရှိဘဲ သက်သက် မှားယွင်းအဖမ်းခံထားရတာဆိုရင် လူတယောက်ရဲ့ ဘဝဟာ မနစ်နာပေဘူးလား။ သူ့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးမနေဘူးလား။ (စင်္ကာပူအစိုးရဟာ အရင်ကလည်း အပြစ်မရှိတဲ့ လူတွေကို ကွန်မြူနစ်တွေဆိုပြီး အထောက်အထားမဲ့ နှစ်ပေါင်းများစွာ အိုင်အက်စ်အေကို အသုံးပြုပြီး အကျဉ်းချ ထားခဲ့ဖူးပါတယ်။)

နောက်တချက်က ဆီလာမက်ကို လက်ခံထားတဲ့ ဆွေမျိုးတွေဖက်က ကြည့်ပြန်ရင်လည်း ဆီလာမက်ဟာ တရားရုံးတော်ကနေ ပြစ်မှုထင်ရှားတယ်လို့ အမိန့်ချမှတ်ခံထားရတဲ့ တရားခံတစ်ယောက်မဟုတ်။ ဒါကြောင့် သူ့ကို ဆွေမျိုးသားချင်းတစ်ယောက်အနေနဲ့ ကူညီကြတဲ့ကိစ္စမှာ သူတို့ကို ဥပဒေကြောင်းအရ အရေးယူပိုင်ခွင့် ရှိမရှိ စဉ်းစားသုံးသပ်စရာပါ။

အင်ဒိုနီးရှားမှာဆိုရင် အကြမ်းဖက်သမားလို့ အစွပ်စွဲခံရသူတွေကို တရားရုံးထုတ်ပြီး လူသိရှင်ကြား စစ်ဆေးတာကို တွေ့ရပါတယ်။ အစွပ်စွဲခံရသူတွေအနေနဲ့ ရှေ့နေရှေ့ရပ်ငှားပြီး ဥပဒေကြောင်းလမ်းအရ ခုခံကာကွယ်ခွင့်ရှိတာကို သတိပြုမိပါတယ်။

ဒါကတော့ စင်္ကာပူမှာ လက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းအရာ တခုနဲ့ ပတ်သက်ပြီး ကျနော်ဖတ်မိသမျှကို ခြုံငုံပြီး မြန်မာဘာသာနဲ့ မျှဝေလိုက်တာပါ။ မူရင်းကို ဖတ်လိုခဲ့ရင် အောက်ပါ လင့်ခ်မှာ သွားဖတ်ပါရန်။

ပူးတွဲ ဖတ်ရှုရန်။.............။ A case crying out for transparency and justice
Read more

“ထူးဆန်းသော ဝန်ချတောင်းပန်စာ”


သို့.... စာဖတ်သူ မိဘပြည်သူများခင်ဗျား။

မကြာမီက မိမိတို့ “သဘောက်”ဂျာနယ်မှ ပြုလုပ်ခဲ့သော ခန့်မှန်းဟောကိန်းထုတ်မှုများသည် ယခုအခါ မမှန်ကန်ကြောင်း ထင်ရှားလာသောကြောင့် မိမိတို့ အနေဖြင့် စာဖတ်သူ ပြည်သူများအား မျက်နှာအောက်ချ၍ ရိုကျိုးစွာ တောင်းပန်ရန် တာဝန်ရှိသည်ဟု ခံစားရပါသည်။ မိမိတို့၏ ခန့်မှန်း ရေးသားခဲ့မှုများ မှားယွင်း သွားသည့်တိုင် မိမိတို့ အနေဖြင့် နိုင်ငံနှင့် လူမျိုးအပေါ် ထားရှိသော စေတနာ ရာနှုန်းပြည့် မှန်ကန်မှုရှိကြောင်းကိုမူ ကျိန်ဆို၍ ပြောကြားလိုပါသည်။ ဘုရားစူး၊ မိုးကြိုးပွတ်၊ ကာလနာတိုက်၊ ချီးကားတိုက်။

မိမိတို့၏ ဟောကိန်းထုတ်မှုများသည် ၁၀၂.၀၉ ရာနှုန်းပြည့် ရိုးသား ဖြောင့်မတ်မှု ရှိပြီး နိုင်ငံနှင့် လူမျိုးအပေါ် ထားရှိသော စေတနာ မှန်ကန်မှုရှိကြောင်း မှတ်ကျောက်တင်ခံနိုင်ပါသည်။ ထို့အပြင် မည်သည့် Stakeholder တစ်ဖက်ဖက်ကိုမျှ နိမ့်ပါးစေလိုသော ဆန္ဒမရှိဘဲ ဘက်ပေါင်းစုံ Win-Win-Win-Win..............Win-Win အလို့ငှာသာ ရည်ရွယ်ခဲ့ကြောင်းကိုလည်း မှတ်ကျောက်တင်ခံနိုင်ပါသည်။

မည်သို့ပင်ဖြစ်စေ မိမိတို့၏ ခန့်မှန်းသုံးသပ်ချက်များ မှားယွင်းခဲ့ကြောင်းကိုမူ စာဖတ်သူများသို့ ရိုးသားစွာ ၀န်ခံလိုပါသည်။ မိမိတို့ ၏ စေတနာအမှားသာလျှင်ဖြစ်၍ စာဖတ်သူများအား မျှော်လင့်ချက်အမှား ပေးရာ ရောက်ခဲ့လျှင်လည်း မိမိတို့၏ အနူးအညွတ် တောင်းပန်မှုကို လက်ခံ၍ စာဖတ်သူများက ခွင့်လွှတ် ပေးကြမည်ဟု ယုံကြည်ပါသည်။ ထိုသို့ သနားခွင့်လွှတ်ပြီးသကာလ မိမိတို့ “သဘောက်”ဂျာနယ်ကို ဝယ်ဖတ်မြဲ ဝယ်ဖတ်မည်ဟု မိမိတို့ မျှော်လင့်လျက်ရှိပါသည်။ ဆက်လက် အားပေးကြပါဦးနော်။

မိမိတို့ အနေဖြင့်မူ မိမိတို့ သန္နိဋ္ဌာန်ချမှတ်ထားသည့်အတိုင်း နိုင်ငံနှင့် လူမျိုး အတွက် မလျှော့သော ဇွဲလုံ့လဖြင့် ရိုးသားသောအမှားများကို ထပ်ကာ ထပ်ကာ အဖန်တလဲလဲ ကျူးလွန်နေဦးမည်သာ ဖြစ်ကြောင်းကိုလည်း အောက်ပါ သီချင်းလေးအတိုင်း စာဖတ်သူများသို့ တပါတည်း အသိပေး လိုက်ပါသည်။

“အရင်လို ဘဝအစမှာ.... ပြန်ပြီးနေခွင့်ရတောင်....
အပြန်တရာ မိုက်ဦးမှာ၊ အဖန်တရာ မှားဦးမှာ.....
နောက်ဆုံးတော့လေ...စဉ်းစားမိတာ....
သဘောက်မှာ မျက်စိမရှိပါ”


ပုံ...
ရိုးသားမှုပေါင်းမြောက်မြားစွာဖြင့်၊
အလွန်တရာ ရိုးသားဖြောင့်မတ်သော သဘောက်ဂျာနယ် အယ်ဒီတာ။
Read more

စင်္ကာပူမှာ ဝေတဲ့နှင်း



Photo credit - Link -

နှင်း...မှ ဟုတ်ရဲ့လား....။
နှင်းကလေးတွေမှ ဟုတ်ရဲ့လား...အာ။

သံသယတောအလယ် မောတယ်...အချစ်ရယ်။
ပန်းချီကဗျာထက်လှတဲ့
စင်္ကာ...တက္ကရဲ့ ကျွန်းညိုမြဝယ်... (ထိုးထိုးထောင်ထောင် ကရိန်းလေးတွေကို စိတ်ကူးနဲ့ ဖျောက်ကြည့်ပါ။ တကယ်လှပါတယ်။)
မိုးမြေနိမ့်ယောင် မာယာဆောင်လို့...
မြူနှင်းတို့ ဝေတဲ့ကာလ
ချမ်းမြမြ ချိန်ခါဝယ်
လှပုံလေးလည်း တမျိုးရယ်....
တစိမ့်စိမ့်လေးလည်း အေးတယ် (အဲယားကွန်းဖွင့်ထားလို့)
တသိမ့်သိမ့်တွေးစရာလေးတွေ ရှိနေပြီမို့
စင့်ကာပူမှာ ဝေတဲ့နှင်းရယ်...
နှင်းကလေးတွေမှ ဟုတ်ရဲ့လား...အား...
နှင်းကလေးတွေမှ ဟုတ်ပါရဲ့လား...ကွယ်။

ဘုရားစူး... နှင်းမဟုတ်ရပါဘူးခင်ဗျာ။ အင်ဒိုနီးရှား တောင်ယာမီးရှို့ရာက နှစ်စဉ်လိုလို စင်္ကာပူဖက်ကို လွင့်လာတဲ့ မီးခိုးငွေ့တွေပါ။ ဒီလိုပဲ.. စင်္ကာပူမှာ ဆောင်းရာသီမကြုံရလို့ ကြံဖန်ပြီး သီချင်းလေးနဲ့ ဆောင်းဖီလင် သွင်းယူကြည့်လိုက်တာပါ။ စင်္ကာပူမှာနေထိုင်သူတွေအဖို့ ဒီအတိုင်းနေလည်း အသက်ရှူလေပြွန်လမ်းကြောင်းမှာ ရောဂါရမယ့်အတူတူ နေရတာ တန်အောင် မဖြစ်မနေ ဆေးလိပ်သောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အကြောင်းစုံသိလိုချင်ရင် ဓါတ်ပုံအောက်က လင့်ခ်မှာသာ သွားဖတ်ကြည့်ပါတော့။
Read more

“အရုဏ်ဦးကြောင့် ရူးတော့မည်”

“အရုဏ်ဦးမှာ ဖူးသည့်ကြာ” အမည်ရသည့် သမိုင်းလိမ်ဝါဒဖြန့်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သော အနုပညာရှင်များ ပြည်ပသို့ လာရောက်ဖျော်ဖြေသောအခါ ပြည်ပရောက် တက်ကြွလှုပ်ရှားသူများက ဆန့်ကျင် ဆန္ဒပြကြသည့် သတင်းများ၊ အီးမေးလ်များ၊ ဓါတ်ပုံများကို ခုတလော နေ့စဉ်လိုလို ဖတ်နေရသည်။ မြင်နေရသည်။ ကြားနေရသည်။

ဤကိစ္စအပေါ်တွင် မတူညီကွဲပြားသည့် အမြင်များ အမျိုးမျိုး ထွက်ပေါ်နေသည်ကိုလည်း စိတ်ဝင်စားစွာ သတိပြုမိသည်။

ကျွန်ုပ်၏ သဘောထားကို ပြောရလျှင် ထိုကဲ့သို့သော ဝါဒဖြန့်ဇာတ်ကားတွင် အနုပညာရှင်များ ပါဝင်ခြင်းကို မနှစ်သက်ပါ။ ထိုသူတို့သည် နအဖ၏ ဖိအားပေးမှုကို လက်မခံနိုင်၍ နအဖအလိုကျ ပါဝင်သရုပ်ဆောင်ရသည်ဟု ဆင်ခြေပေးစေဦး၊ သူတို့သည် အဂတိတရားလေးပါးတွင် ဘယာဂတိ ဟူသော ကြောက်ရွံ့ခြင်းကြောင့် မမှန်ကန်သည့်ဖက်မှ ဘက်လိုက်ခြင်းအမှုကို ပြုမူခဲ့ကြသူများဖြစ်သည်။ အကယ်၍ အခွင့်အရေးလာဘ်လာဘအတွက် ပါဝင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပါက ဆန္ဒာဂတိတည်းဟူသော အဂတိတရားကိုပါ ချိုးဖောက်ခြင်း မည်ပေသည်။ သမိုင်းကြောင်းကို သေချာမသိ၍ သဘောရိုးဖြင့် ဝင်ရောက်သရုပ်ဆောင်သည်ဆိုလျှင်လည်း မောဟဂတိကြောင့် ဘက်လိုက်ခြင်းအမှုကို ပြုခဲ့ရာရောက်လေသည်။

သို့သော် ထိုသူများအား ပြည်ပရောက် တက်ကြွလှုပ်ရှားသူများက ဆန္ဒပြကြခြင်းနှင့် ပတ်သက်၍ကား ကျွန်ုပ်တွင် အတွေးပွားစရာ များစွာရှိပါသည်။ မရှင်းလင်းသည်များ၊ မေးခွန်းထုတ်စရာများ ရှိလာပါသည်။

ပထမဦးဆုံးအနေဖြင့် စဉ်းစားရန်ရှိသည်မှာ ဘယ်လို အနုပညာရှင်မျိုးတွေကို ဆန္ဒပြကြမှာလဲဆိုသည့် မေးခွန်း (သို့မဟုတ်) သတ်မှတ်ချက် (criteria) ဖြစ်သည်။ စစ်အစိုးရ ဝါဒဖြန့်ချီရေးယန္တရားတွင် ပါဝင်သူတိုင်းကိုသာ ဆန္ဒပြရလျှင် တင်သန်းဦးရိုက်ကူးသော “လှလေးစိန်” ဇာတ်ကားတွင် “လှလေးစိန်” အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သော ပြည်သူ့ဂုဏ်ရည်ဆုရှင် ရုပ်ရှင်သရုပ်ဆောင် ကျော်သူပင် ပြေးလို့ လွတ်မည်မဟုတ်။

အလားတူပင် ရွှေအမြုတေမဂ္ဂဇင်းမှ အယ်ဒီတာ ဦးဝင်းငြိမ်းကြီး အမေရိကားသို့ လာရောက်သောအခါ ဝိုင်းဝန်းဆန္ဒပြရမလိုဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော ရွှေအမြုတေမဂ္ဂဇင်းအပါအဝင် လစဉ်ထုတ်မဂ္ဂဇင်းတိုင်းလိုလိုတွင် ရှေ့ဆုံးစာမျက်နှာ၌ နအဖ၏ ဝါဒဖြန့် ဆောင်ပုဒ်များ၊ ကြွေးကြော်သံများကို ထည့်သွင်းဖော်ပြကြရသောကြောင့်ပင်တည်း။ ရွှေအမြုတေပရိသတ်လည်း ဝိုင်းစု ပရိသတ်ထက် သေးမည်မထင်ပါ။

ထိုမှတဖန် ထပ်၍ စဉ်းစားပြန်သော် နအဖ ကမကထလုပ်သော ပွဲလမ်းသဘင်များတွင် သီဆိုဖျော်ဖြေခြင်း မပြုဖူးသည့် အဆိုတော်များလည်း မရှိသလောက် ရှားလှပေသည်။ ထိုအဆိုတော်များ ပြည်ပထွက်လာလျှင်လည်း ဆန္ဒပြကြမည်လော။ ထို့အတူ ဗိုလ်ချုပ်ကြီးများအလည်အပတ်မလာခင် လမ်းများကောင်းမွန်နေစေရေးအတွက် နအဖ၏ အဓမ္မလုပ်အားပေးခိုင်းစေခံရသူများ၊ တိုင်းရင်းသားလက်နက်ကိုင်များကို စစ်ဆင်ရာတွင် အသုံးချရန် ပေါ်တာအဆွဲခံရသူများအား ဆန့်ကျင်ဆန္ဒပြကြမည်လော။

ဤသည်ကား မည်သည့်အနုပညာရှင်များအား ဆန္ဒပြသင့်သနည်းဟု စဉ်းစားလိုက်သောအခါ အတွေးထဲတွင် ရှေးဦးစွာ ထွက်ပေါ်လာသည့် အချက်များဖြစ်သည်။ ဝိုင်းစုခိုင်သိန်းကတော့ နအဖ ခိုင်းစေသမျှ ခံကြရသူတွေထဲတွင်မှ သူမ တယောက်တည်း ကံကွက်ကျား၍ ဆန္ဒအပြခံရခြင်းမှာ အတော်ပင် ကံဇာတာ နိမ့်ပါးနေ၍ ဖြစ်ရချေမည်ဟု တွေးတောနေမည်လား မပြောတတ်။ (သူမတယောက်တည်းတော့ မဟုတ်။ ထိုဇာတ်ကားတွင် ပါဝင်သူအားလုံးဟု ပြောရချေမည်။)

မည်သူများအား ဆန္ဒပြသင့်သနည်းဆိုသည့် မေးခွန်း၏ နောက်တွင် ဒုတိယ ကပ်လိုက်လာသည့်မေးခွန်းမှာ မည်သူတွေက ဆန္ဒပြသင့်သနည်းဆိုသည့် မေးခွန်းဖြစ်သည်။

လူအများနှင့် သက်ဆိုင်သော ကိစ္စများတွင် ကိုယ့်သဘောထားကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိသည်။ ဆန္ဒပြခွင့်ရှိသည်။ ဤအချက်ကို အားပေးသည်။ လက်ခံသည်။ ယုံကြည်သည်။ သို့သော် မေးခွန်းမှာ “ဆန္ဒပြသင့်သလော၊ မပြသင့်သလော” ဟူ၍ မဟုတ်ဘဲ “မည်သူတွေက ဆန္ဒပြသင့်သနည်း” ဆိုသည့် မေးခွန်းသာဖြစ်သည်။

ဤမေးခွန်းကို မေးရခြင်းမှာ အကြောင်းရှိသည်။ ပြည်ပ၌ လာရောက်နေထိုင်သူများတွင် နိုင်ငံရေးသမားဟောင်းများ၊ တက်ကြွလှုပ်ရှားသူများ၊ ဒုက္ခသည်များ၊ ကျောင်းသားများ၊ အလုပ်လုပ်ကိုင်သူများ စသဖြင့် လူမျိုးစုံပါဝင်သည်။ ယေဘုယျ ခြုံငုံပြောရလျှင် ထိုသူအားလုံးသည် ပြည်တွင်းမှ အခြေအနေအရပ်ရပ်ကို ဆက်လက် ခါးစည်းမခံနိုင်သဖြင့်၊ နအဖ၏ ဖိနှိပ်မှုကို ဆက်လက်မခံစားနိုင်တော့သဖြင့် လွတ်ရာလွတ်ကြောင်း ထွက်ပြေးလာကြသူချည်းဖြစ်သည်။ အထူးသဖြင့် နိုင်ငံရေးနှင့်ဆက်နွယ်ဖူးသူများ၊ တက်ကြွလှုပ်ရှားသူများ၊ ဒုက္ခသည်များမှာ နအဖ၏ နှိပ်ကွပ်မှုဒဏ်ကို မခံနိုင်တော့၍ ထွက်ပြေးလာကြသူများဖြစ်သည်။ ထိုအထဲတွင် တတိယနိုင်ငံသို့ ထွက်ပြေးခိုလှုံသွားကြသော လက်နက်ကိုင်တော်လှန်ရေးသမားများလည်း အပါအဝင်ဖြစ်သည်။

ထိုသူများအနေဖြင့် မြန်မာ့အရေးကိစ္စများတွင် ဆက်လက်၍ စိတ်ဝင်စား ရှင်သန်နေခြင်း၊ မြန်မာပြည်နိုင်ငံရေးအခြေအနေအားပြုပြင်ပြောင်းလဲနိုင်ရေးအတွက် ဆက်လက်အားထုတ်နေခြင်းများအား အားပေးထောက်ခံပါ၏။ တချိန်တည်းမှာပင် စစ်အစိုးရ၏ လုပ်ရပ်များကို ဆန့်ကျင်ခြင်း၊ ပြည်ပအကူအညီများကို ရယူ၍ ပြည်တွင်းသို့ ပံ့ပိုးရန်ကြိုးပမ်းနေခြင်းများအတွက်လည်း ချီးကျူးပါ၏။ အားပေးထောက်ခံပါ၏။

သို့သော် အနုပညာရှင်များကို ဆန္ဒပြသည့် ကိစ္စတွင်မူ စဉ်းစားစရာတချက်ရှိနေသည်။ မိမိတို့ကိုယ်တိုင် ဖိနှိပ်မှုကို မခံနိုင်၍ ပြည်ပသို့ ထွက်ခွာလာပြီးမှ ပြည်တွင်းတွင် ကျန်ရစ်နေသေးသည့် အနုပညာရှင်များကို နအဖအား အာမခံရဲရကောင်းလားဟု အပြစ်တင်နေသည်မှာ နည်းလမ်းမကျဟု မြင်မိပါသည်။ ဥပမာပေးရသော် “အငှားဗိုက်နှင့် ဓားထိုးခံကြည့်ချင်သူများ” သဖွယ် ဖြစ်နေချေသည်။ တဖန် “ကုလားမနိုင်၍ ရခိုင်မဲ” ရာလည်း ရောက်နေသည်။ ပစ်မှတ်လွဲနေသည်ဟု တွေးမိပါသည်။ အကယ်၍ ဝိုင်းစုခိုင်သိန်းတို့အား ဆန္ဒပြသူများသည် ပြည်ပရောက် တက်ကြွလှုပ်ရှားသူများမဟုတ်ဘဲ ပြည်တွင်းမှ ပရိသတ်၊ ပြည်တွင်းမှ တက်ကြွလှုပ်ရှားသူများဖြစ်ခဲ့သော် ယခုကဲ့သို့ မေးခွန်းထုတ်စရာ အကြောင်းမရှိပါ။

ပြည်ပတွင် နေထိုင်သူများအနေဖြင့် ပြည်တွင်းကလူများ လုပ်နေသည်ကို အားမလိုအားမရသူများရှိသော် ပြည်တွင်းသို့ ပြန်၍ ကိုယ်တိုင်ကိုယ်ကျ လုပ်ကြရန်သာရှိသည်။ ကိုယ်တိုင်မလုပ်နိုင်သည့်အရာကို သူတပါးအား လုပ်စေချင်နေခြင်းမှာ သိပ်တော့ နည်းလမ်းမကျ။

နောက်ဆုံးမေးခွန်းမှာ…. ဤသို့သော ပေါ်လစီဇာတ်ကားမျိုး၌ ပါဝင်သရုပ်ဆောင်ခြင်းသည် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခြင်းကဲ့သို့ ကြီးလေးသည့် ပြစ်မှုမြောက်ပါရဲ့လော ဟူသည့် မေးခွန်းဖြစ်သည်။ နအဖ စစ်ဗိုလ်ချုပ်များ ပြည်ပသို့လာသည့်အခါ ကန့်ကွက်ဆန္ဒပြခြင်းကို နားလည်လက်ခံ၍ ရသည်။ ထောက်ခံအားပေးပါသည်။ နအဖနှင့် အလိုတူအလိုပါ ကိုယ်ကျိုးရှာ စီးပွားရေးသမားများ ပြည်ပသို့ လာရောက်ခွင့်ဗီဇာကို ပိတ်ပင်ခြင်းအားလည်း နားလည်ထောက်ခံနိုင်ပါသေးသည်။ အဘယ်ကြောင့်ဆိုသော် ထိုစီးပွားရေးသမားများမှာ နအဖနှင့်ပေါင်းကာ ပြည်သူလူထုကို ခေါင်းပုံဖြတ် အမြတ်ထုတ်နေသူများ ဖြစ်သောကြောင့်တည်း။ သို့သော် စစ်အစိုးရ၏ ဖိအားပေးမှုကြောင့် ပါဝင်သရုပ်ဆောင်ရသော အနုပညာရှင်များကို ပြည်ပတွင်နေထိုင်သူများက ကန့်ကွက်ဆန္ဒပြခြင်းသည် တရားမျှတပါရဲ့လော စဉ်းစားစရာဖြစ်သည်။ ဝါဒဖြန့် ပေါ်လစီကားများတွင် သရုပ်ဆောင်ခြင်းကို စစ်အစိုးရလက်ပါးစေဟု သတ်မှတ်သင့်၊ မသတ်မှတ်သင့်ဆိုသည်ကို ကျင့်ဝတ်ပိုင်းဆိုင်ရာ အထူးပြကျွမ်းကျင်သူများ ဝင်ရောက်ဆွေးနွေးသင့်သည်ဟု ထင်မြင်မိပါသည်။

မလွတ်လပ်သော နိုင်ငံများတွင် စစ်ကြောရေး၊ သို့မဟုတ် ရဲလက်တွင် နှိပ်စက်မှုကို မခံနိုင်တော့၍ မိမိမကျူးလွန်ခဲ့သော အမှုကို ကျူးလွန်ပါသည်ဟု ဝန်ခံကတိ လက်မှတ်ထိုးသူများစွာရှိသည်။ ထိုရဲစစ်ချက်တခုတည်းအပေါ် မူတည်ပြီး ထိုသူအား ပြစ်မှုထင်ရှားစီရင်လိုက်လျှင် အပြစ်စီရင်ခံရသူအနေဖြင့် နစ်နာပေသည်။ အလားတူပင် မလွတ်လပ်သော အခြေအနေတခု၌ မိမိဆန္ဒနှင့်ဆန့်ကျင်ကာ ဖိအားပေးသဖြင့် လုပ်ဆောင်လိုက်ရသော အလုပ်တခုအတွက် မည်သို့ အရေးယူမည်နည်း။ အထူးသဖြင့် ထိုအမှုသည် ရာဇဝတ်မှုမမြောက်သည့်ကိစ္စဆိုလျှင် မည်သို့တုန့်ပြန်ကြမည်နည်း။

ကျွန်ုပ်သဘောအရမူ ဝါဒဖြန့်ဇာတ်ကားများနှင့်ပတ်သက်၍ နအဖက ဝါဒဖြန့်လျှင် မိမိတို့ကလည်း တုန့်ပြန်၍ အမှန်တရားကို ပြန်လည် ဖြန့်ဝေကြမည်။ နအဖမှာ လက်ရှိအာဏာကို ကိုင်စွဲထားသူများဖြစ်၍ ဝါဒဖြန့်ချီရေးယန္တရားတွင် တပန်းသာသည်ဟုဆိုနိုင်သည်။ သို့သော် မိမိတို့က တပန်းသာသည်မှာ လူထုက စစ်အစိုးရကို မယုံကြည်။ တက်ကြွလှုပ်ရှားသူများအနေနှင့် သစ္စာတရားကို လက်ကိုင်ထားပြီး မုသားများကို တုန့်ပြန်ချေပကြမည်ဆိုလျှင် မိမိတို့က အသာစီးရနိုင်သည်။ ဤသို့ချေပရာတွင် အနုပညာရှင်များအား ပြည်ပမှနေ၍ ဆန္ဒပြခြင်းထက် လူထုကို စည်းရုံး၍ လူထုအင်အားသုံးကာ အမှန်တရားကို ဖြန့်ဖြူးမည်ဆိုလျှင် ပိုမိုထိရောက်မည်ထင်သည်။ မိမိက ပြည်ပရောက်နေလျှင်လည်း ပြည်တွင်းမှ တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများ ထိရောက်စွာ လှုပ်ရှားနိုင်ရေးအတွက် အစွမ်းကုန်ကူညီသင့်သည်။ ဤသို့ဆိုလျှင် စစ်အစိုးရ၏ ဝါဒဖြန့်ဇာတ်ကားများကို ဂရုစိုက်စရာမလိုဟု မြင်မိပါသည်။
Read more

ကြားကြားသမျှ

(၁) တရုတ်ပြေးမင်း

မြန်မာရာဇဝင်ထဲက တရုတ်ပြေးမင်းအကြောင်း အခုတလော အတွေးထဲကို ရောက်နေတယ်။ ရာဇဝင်ကို မဖတ်ဖူးတဲ့လူဆိုရင်တော့ တရုတ်ပြေးမင်းဆိုတာ… ကိစ္စကြီးငယ်ရှိတိုင်း တရုတ်ပြည်ကိုပြေးပြီး သံတော်ဦးတင်တတ်တဲ့ ဘုရင်လား၊ ဒါမှမဟုတ် တရုတ်တွေကို ကြောက်ပြီးထွက်ပြေးရတဲ့မင်းလား၊ ဒါမှမဟုတ် သူ့ကိုကြောက်လို့ပဲ တရုတ်တွေ ထွက်ပြေးရတဲ့မင်းလား စသဖြင့် သို့လော သို့လော ဖြစ်စရာပါ။

အဲသည်မင်းက အကျင့်မကောင်းဘူးလို့ သိရတယ်။ သူ့ကို မင်းခွေးချေးလို့လည်း ခေါ်ကြသေးတယ်။ ပွဲတော်တည်ရင် (ထမင်းစားရင်) ဟင်းခွက် ၃၀၀ ပြည့်မှ တည်တတ်တယ်လို့လည်း သိရတယ်။ အမြော်အမြင်မရှိဘူး။ ကျေးဇူးမသိတတ်ဘူး။ ရက်စက်တယ်…..စတဲ့ အရည်အချင်းများနဲ့ ပြည့်စုံသူလို့လည်း မှတ်သားရပါတယ်။

ရာဇဝင်ထဲက မင်းခွေးချေး ခေါ် တရုတ်ပြေးမင်းအကြောင်းပါ။ ဘာကြောင့် အခုတလောမှ ခေါင်းထဲရောက်လာသလဲ မစဉ်းစားတတ်အောင်ပဲ။

(၂) တရားစီရင်ရေး နည်းလမ်းနှစ်မျိုး

တရားရေးမဏ္ဍိုင်နဲ့ပတ်သက်ပြီး မြန်မာ့အသိုင်းအဝိုင်းမှာ ပြောကြတဲ့ စကားကို ငယ်ငယ်က ဖန်တရာတေအောင် ကြားဖူးတယ်။

“ကြီးသည့်အမှုငယ်အောင်၊ ငယ်သည့်အမှု ပပျောက်အောင်” ဆိုတဲ့စကား။ ဘာအဓိပ္ပါယ်နဲ့ ပြောသလဲဆိုတာ ငယ်ငယ်က သဘောမပေါက်ဘူး။ အခုမှ သဘောပေါက်တယ်။

စစ်အစိုးရ (နအဖ) လက်ထက်မှာ စစ်တပ်က ကျူးလွန်သမျှ ရာဇဝတ်မှုတွေဆိုရင် “ကြီးသည့်အမှုငယ်အောင်၊ ငယ်သည့်အမှု ပပျောက်အောင်” လုပ်ရုံတင်မက ကြီးသည့်အမှုကိုပါ ပပျောက်အောင် လုပ်နေတာကို တွေ့နေရတယ်။

ပဲခူးမှာ လူငယ်လေးနှစ်ယောက်ကို မကြာခင်ရက်ပိုင်းကမှ စစ်တပ်က ရက်ရက်စက်စက် ပစ်သတ်တဲ့အမှုကို ကြားကြမှာပေါ့။ ရပ်ကွက်ထဲ သာမန်ခိုက်ရန်ဖြစ်ပွားတာကို သွေးသောက်ရဲဘော် ဇာနည်ရှော်ကြီးများက သူရသတ္တိပြည့်ဝစွာဖြင့် လက်နက်ကိုင်စစ်သားတွေကို ခေါ်ချလာပြီး လက်နက်မဲ့ကလေးတွေကို ရပ်ကွက်ထဲအထိ လိုက်လံပစ်သတ်တဲ့ ရာဇဝတ်မှုကြီးပေါ့။ ဒီရာဇဝတ်မှုကြီးကို တရားဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းရမယ့်အစား သက်ဆိုင်ရာများက ဘယ်လိုလုပ်သလဲဆိုတော့…..

- အမှုဖြစ်ပွားရာနေရာက သွေးတွေကို သဲတွေနဲ့ ဖုံးတယ်။ ရေနဲ့ဆေးတယ်။ ဒါဟာ ရာဇဝတ်မှု သက်သေခံ အထောက်အထားတွေကို ဖျက်ဆီးခြင်း ဖြစ်ပါတယ်။ အဲဒါနဲ့တင် နောက်ထပ် ပြစ်မှု ထပ်မြောက်နေပါသေးတယ်။

- အလောင်းတွေကို ရင်ခွဲရုံယူသွားပြီးတဲ့နောက် သက်ဆိုင်ရာ မိသားစုလက်ထဲကို ပြန်မအပ်ဘူး။ စစ်တပ်က တာဝန်ယူပြီး သဂြုင်္ိဟ်တယ်။ ဒါလဲ နောက်ထပ် သက်သေခံပစ္စည်း ဖျောက်ဖျက်မှုပဲ။

- သေဆုံးသူမိဘတွေကို ငွေ ဆယ်သိန်း လာပေးပြီး ကြေအေး ခိုင်းတယ်။ သဘောကတော့ ယူချင်ယူ မယူချင်နေ။ ဒို့ဖက်က လုပ်ပေးနိုင်တာကတော့ ဒါအကုန်ပဲဆိုတဲ့ သဘောလားတော့ မသိ။ ကျနော့်အမြင်မှာတော့ အထက်က ပြောခဲ့သလို “ကြီးသည့်အမှု ပပျောက်အောင်” လုပ်ဖို့ ကြိုးစားတာနဲ့ ဘာမှ မထူးပါဘူး။

ဒီ ပဲခူးက ဖြစ်ရပ်ဟာ “တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး” လို့ အသံကောင်းဟစ် တကြော်ကြော်အော်နေတဲ့ နအဖရဲ့ “ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယား” လုပ်ရပ်ကို ထပ်မံမီးမောင်းထိုးပြလိုက်တဲ့ ဖြစ်ရပ်တခုဖြစ်ပါတယ်။ မြို့ပေါ်မှာတောင် ဒီလောက် ရမ်းကားတယ်ဆိုရင် နယ်စပ်က တိုင်းရင်းသားတွေအပေါ်မှာ ဘယ်လောက် ရက်စက်မယ်၊ တရားလက်လွတ်ပြုမူမယ်ဆိုတာ တွေးကြည့်လို့ ရပါတယ်။

ဒီလို စစ်တပ်က ကျူးလွန်တဲ့အမှုတွေမှာသာ အပြစ်ပေါ့အောင်၊ ပပျောက်အောင် လုပ်ပေမယ့် ပြည်သူ့ဖက်က ရပ်တည်သူတွေနဲ့ ပတ်သက်လာရင်တော့ နအဖ က “ငယ်သည့်အမှု ကြီးအောင်၊ မရှိသည့်အမှုကို ရှိလာအောင်” ဆိုတဲ့ အဆိုကို လက်ကိုင်ထားပြီး မတရားစီရင်တတ်ပါတယ်။ ဒါကတော့ နအဖ စစ်အစိုးရလက်ထက် မြန်မာပြည်က တရားစီရင်ရေးနဲ့ ပတ်သက်တဲ့ နည်းလမ်း ၂ မျိုးပါ။

(၃) လေထီးတပ်သား

နိုဝင်ဘာလရောက်ရင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရတော့မှာပါ။ နောက်ထပ် ၂ လ နီးပါးခန့်ပဲ လိုပါတော့တယ်။ ဒီအချိန်မှာ ဂျွန်ဝီလျံယက်တော တယောက် လေထီးခုန်ကျင့်မနေဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ အဖွဲ့ချုပ်က တာဝန်ရှိသူတွေအနေနဲ့ရော ပြည်သူတွေပါ သတိနဲ့ စောင့်ကြည့် ကာကွယ်သင့်ပါတယ်။

(၄) ချီးကုန်းစက္ကူတဲ့ဗျား

မကြာခင်က စင်္ကာပူက အကြီးတန်းဝန်ကြီး ဂိုချုပ်တောင် ပြောသွားတယ်။ စင်္ကာပူမှာ ပီအာရ် ငါးသိန်းလောက်ရှိတဲ့အနက်က ဆယ်ရာခိုင်နှုန်းလောက်ကို သူတို့က ချဉ်းကပ်ပြီး နိုင်ငံသားခံဖို့ ကမ်းလှမ်းမတဲ့။ ကမ်းလှမ်းချက်ကို လက်မခံရင် အဲဒီလူတွေရဲ့ ပီအာရ် status ကို ထပ်ပြီးတော့ သက်တမ်းတိုးမပေးတော့ဘူးတဲ့။ ဒီနေရာမှာ ကြားဖြတ်ပြောချင်တာက ပီအာရ်ဆိုတာ အမြဲတမ်းနေထိုင်ခွင့်လို့ အဓိပ္ပါယ်ရပါတယ်။ ကျနော်ပီအာရ်လျှောက်လွှာတင်စဉ်က စင်္ကာပူအင်မီဂရေးရှင်း အရာရှိတယောက်ကို မေးမြန်းခဲ့ဖူးလို့ သူမ ရှင်းပြပုံရအရ အမြဲတမ်းနေထိုင်ခွင့်ဆိုတဲ့အတိုင်း အသက်ထက်ဆုံးနေထိုင်ခွင့်ကို ဆိုလိုတာပါ။ အင်မီဂရေးရှင်းမှာ သွားပြီး သက်တမ်းတိုးနေရတာက ရီအင်ထရီပါမစ် (Re-entry permit) လို့ ခေါ်ပါတယ်။ အရင်တုန်းက အဓိပ္ပါယ်အရဆိုရင် ပီအာရ်ကျထားသူတယောက်ဟာ စင်္ကာပူမှာပဲ နေထိုင်မယ်ဆိုရင် ဘာမှ သက်တမ်းတိုးစရာမလိုဘဲ သူကြိုက်သလောက် စင်္ကာပူမှာ နေလို့ရတယ်။ စင်္ကာပူနိုင်ငံရဲ့ ပြင်ပကို ခရီးထွက်ပြီး စင်္ကာပူကို ပြန်ဝင်မယ်ဆိုရင်တော့ သူ့အတွက် ရီအင်ထရီပါမစ် လိုအပ်ပါတယ်။ အဲသည်အချိန်မှာ ပါမစ်ကို သက်တမ်းတိုးထားတာမရှိဘူးဆိုရင် ပြန်ဝင်လို့ မရတော့ပါဘူး။ အကျိုးဆက်အနေနဲ့ ပီအာရ် Status ပါ ပျက်ပြယ်သွားပါတယ်။

ဒီတော့ အခု ဂိုချုပ်တောင်ပြောတဲ့ ကိစ္စက နည်းနည်းတော့ ထူးဆန်းနေပါတယ်။ ပီအာရ်ဆိုတာ သက်တမ်းတိုးစရာ မလိုတဲ့ကိစ္စမှာ ဘယ်လိုလုပ် သက်တမ်းတိုးမပေးတော့ဘူးလဲဆိုတာ စဉ်းစားစရာပါ။ ပီအာရ်အဆင့်အတန်းကို ပြန်လည် ရုတ်သိမ်းတာကို ဆိုလိုသလားတော့ မသိပါဘူး။

ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ဂိုချုပ်တောင်ပြောပြီးတဲ့အခါ သူတို့နိုင်ငံသားတွေအကြားမှာရော၊ ပီအာရ်တွေ အကြားမှာပါ ဝေဖန်ပြောဆိုမှုတွေ ကြီးထွားလာတဲ့အတွက် ဂိုချုပ်တောင်ရဲ့ သတင်းပြန်ကြားရေးမှူးက ကပျာကယာ ဖြေရှင်းချက်ထပ်ထုတ်ရတဲ့ အခြေအနေကို ဆိုက်သွားပါတယ်။

အဲဒီဖြေရှင်းချက်ကို စထရိတ်တိုင်းမ်စ် သတင်းစာမှာဖော်ပြတော့ အောက်မှာ မှတ်ချက်ရေးသူတယောက်က ဟောသည်လို ရေးသဗျ။

“ကမ္ဘာပေါ်မှာ စင်္ကာပူနိုင်ငံဟာ ပီအာရ်တွေကို ဖိအားပေးပြီး နိုင်ငံသားပြောင်းခိုင်းတဲ့ ပထမဦးဆုံး နိုင်ငံတနိုင်ငံဖြစ်သွားပါပြီ။ စင်္ကာပူနိုင်ငံသားအဖြစ်ဟာ ဘာအဓိပ္ပါယ်မှ မရှိတော့တာ အံ့သြစရာမလိုတော့ပါဘူး။ စင်္ကာပူနိုင်ငံသားဖြစ်ကြောင်း အထောက်အထားစာရွက်ဟာ ချီးကုန်းစက္ကူနဲ့ ပို၍ ပို၍ တူလာတယ်”

ဆိုပြီး ရေးသားသွားတာကို တွေ့ရလို့ ပြုံးရပါသေးတယ်။

ဒီကိစ္စကြေညာအပြီးမှာ စင်္ကာပူ နိုင်ငံသားခံယူရမှာကို ဝန်လေးသူများဟာ တခြားနိုင်ငံကို ပြောင်းဖို့ အသည်းအသန် စလုပ်လာကြတာကို တွေ့ရပါသဗျား။ ကိုယ့်မျက်စေ့အောက်မှာတင် ဟောတယောက် ဟောတယောက် မြင်နေရပါတယ်။

ဒါကတော့ အခုတလော တွေးမိသမျှ ကြားမိသမျှကို ရေးပြလိုက်ခြင်းဖြစ်ပါတယ်။
Read more

လူရှော်ကြီးများအကြောင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ခွဲထွက်ပြီး ပါတီအသစ်ထောင်သွားတဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနဲ့ ဦးစိန်လှဦးတို့ကို ကိုယ့်တံတွေးကိုယ်ပြန်မျိုသူ၊ စကားမတည်သူ “ဗလောင်းဗလဲ” လူတွေအဖြစ် ယခင်က ထင်မြင်ယူဆခဲ့ဖူးပါတယ်။

အခုတော့ အဲဒီလူကြီးတွေကို အင်မတီး အင်မတန် နုံချာ ညံ့ဖျင်းတဲ့ “လူရှော်ကြီး”တွေ အနေနဲ့ပါ ထပ်မံ အသိအမှတ်ပြုလိုက်ပါတယ်။

ဒီကနေ့ ဧရာဝတီအွန်လိုင်းမဂ္ဂဇင်းမှာ သတင်းတပုဒ်ဖော်ပြထားတယ်။ အဲဒီသတင်းမှာ ဖော်ပြထားတာက ဦးခင်မောင်ဆွေတို့၊ ဒေါက်တာသန်းငြိမ်းတို့၊ ဦးစိန်လှဦးတို့ ပထမအကြိမ်တင်လိုက်တဲ့ “အသနားခံစာ”ကို ရွေးကောက်ပွဲကော်မရှင်က ပြည့်စုံလုံလောက်မှုမရှိဘူးလို့ အကြောင်းပြန်တယ်။ အသနားခံစာ နောက်ထပ် တကြိမ် ထပ်တင်ရမယ်တဲ့။

အကြောင်းကတော့ ပထမအကြိမ် သူတို့တင်ခဲ့တဲ့ အသနားခံစာထဲမှာ ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့ အဓိဋ္ဌာန်(ကတိသစ္စာစကား)မပါဝင်တဲ့အတွက်ရယ်၊ နောက်ပြီး နိုင်ငံတော်အစိုးရကို ဆန့်ကျင်တဲ့ အပြုအမူမျိုး နောက်နောင်မှာ မလုပ်ပါဘူးဆိုတဲ့ ခံဝန်ချက်ရယ်၊ တရားမဝင်အဖွဲ့အစည်းတွေနဲ့ မပတ်သက်အောင်နေပါ့မယ် ဆိုတဲ့ ကတိစကားတွေရယ် မပါလို့ပါတဲ့။

ဦးခင်မောင်ဆွေတို့ တယ်လဲ မိုက်ပေသကိုးကွဲ့။ ကျွန်ုပ် မဟာပညာကျော် ပိတောက်ရိပ်ပဏ္ဍိတကိုပေါက မဟာဂရုဏာနဲ့ ရေးသားစီရင်ပေးအပ်တဲ့ အသနားခံစာ ကို ယူမသုံးတဲ့အတွက် သည်လို အရှက်တကွဲ အကျိုးနည်းဖြစ်ရပေတာပဲ။

ကျွန်ုပ် ရေးပေးတဲ့ အသနားခံစာထဲမှာ ၂၀၀၈ အခြေခံဥပဒေကို အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်ပါမယ် ဆိုတဲ့အကြောင်း၊ တပ်မတော်စစ်ဦးစီးချုပ် အလိုတော်ကို မဆန့်ကျင်ပါဘူးဆိုတာ အဖန်တရာမက ကတိပေးကြောင်း၊ ဤကတိ ဖောက်ဖျက်မိပါက ချီးကားတိုက်၊ မိုးကြိုးပစ်၊ မြွေပွေးကိုက် စသဖြင့် ကျိန်ဆိုပါကြောင်းတွေကို အမြော်အမြင်ရှိရှိ ပြည့်ပြည့်စုံစုံ ထည့်သွင်း ရေးသားပေးပါလျက်ကနဲ့ ကျွန်ုပ်လို ပဏ္ဍိတကို အားမကိုးဘဲ၊ ဘာမဟုတ်တဲ့ သာမန်ရှေ့နေရှေ့ရပ်ကို အားကိုးပြီး မိုက်ရူးရဲတော့....အိမ်း.... အခုလို အရှက်တကွဲ အကျိုးနည်းအဖြစ်ကို ကြုံရပေတော့တာပေါ့။ (အမှန်က အီဖေကိုယ် ရေးတဲ့ အသနားခံစာကို ဗိုလ်သန်းရွှေ အရင် ဖတ်ရပုံ ပဲ။ အဲဒါကို ဖတ်ပြီးတဲ့နောက် ဦးခင်မောင်ဆွေတို့ရေးတဲ့ အသနားခံစာကို ဦးသန်းရွှေ ခံတွင်းမတွေ့တော့တာပဲ ဖြစ်မယ်.... ဟိ..ဟိ။)

ဧရာဝတီသတင်းထဲမှာ ဦးခင်မောင်ဆွေပြောတာ တခုရှိသေးတယ်။

“Since the commission said it would report to 'superiors' about our appeal letters, this shows that the commission itself is not independent,” he said.

သူ့စကားကို ဆီလျော်အောင် ဘာသာပြန်ဆိုကြည့်ရရင်....“ ကျွန်တော်တို့ အသနားခံစာနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က အထက်(လူကြီးတွေ)ကို တင်ပြပေးပါမယ်လို့ ဆိုတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်ပြီးနှောင်ကြိုးကင်းတဲ့ ကော်မရှင်(Independent commission) မဟုတ်ဘူးဆိုတာကို ပြသနေပါတယ်”.....တဲ့။

ကျွတ်...ကျွတ်...ကျွတ်.... မောင်မင်းကို ကျွန်ုပ် သနားပါဘိတော့ ဦးခင်မောင်ဆွေရယ်။ ရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်ပြီး နှောင်ကြိုးကင်းတဲ့ ကော်မရှင်မဟုတ်ဘူးဆိုတာ မောင်မင်း အခုမှ သိရှာသကိုး။

ဦးခင်မောင်ဆွေတို့၊ ဒေါက်တာသန်းငြိမ်းတို့ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာလည်း နအဖ အစိုးရရဲ့ မတရားသဖြင့် နှစ်ရှည် ထောင်ချခြင်းကိုလည်း ခံခဲ့ရပြီးပြီ။ ဒီလောက် ကျောချထားတာတောင် ဓားပြမှန်း မသိသေးဘူးဆိုတော့ တော်တော့်ကို အသိဉာဏ်နုံနဲ့တယ်လို့ ပြောရမှာပါ။ ဒါကြောင့်လည်း “လူရှော်ကြီးများ” ဆိုတဲ့ ဘွဲ့ထူးကို ချီးမြှင့်ချင်တာပါ။ ဒီလိုအရည်အချင်းနဲ့များ နအဖ လွှတ်တော်ထဲဝင်ပြီး နအဖရဲ့ စစ်ကျွန်ပြုမယ့် ဖွဲ့စည်းပုံကို ရအောင် ပြောင်းဦးမယ် ဆိုသေးသဗျား။

အေးလေ... ဘာပဲဖြစ်ဖြစ်၊ ၂၀၁၀ ရွေးကောက်ပွဲကြီးမှာ သဲသဲလှုပ် နန့်နန့်တက် ဝင်ပြိုင်ချင်နေသေးတယ်ဆိုရင်လည်း နေပြည်တော်က အဘရဲ့ ခြေဖမိုးကို နဖူးနဲ့ထိပြီး ဖင်ဘူးတောင်းထောင်အောင် ရှိခိုးဦးတင်အသနားခံလိုက်ပါလို့ အကြံပေးလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးခင်မောင်ဆွေတို့ ဒေါက်တာသန်းငြိမ်းတို့၊ ဦးစိန်လှဦးတို့မှာ နောက်ထပ် ထပ်မံ ဆုံးရှုံးကျဆင်းစရာ သိက္ခာဆိုလို့ စိုးစဉ်းမျှပင် မကျန်တော့လို့ ဖြစ်ပါတယ်။

ပူးတွဲဖတ်ရှုရန်။..........။

(၁) အသနားခံစာ

(၂) NDF Leaders Told to Appeal Second Time
Read more

အသနားခံစာ

ကျွန်တော်တို့သည် နိုင်ငံတော်၏ စေတနာအမှန်ကို ကောင်းစွာ နားလည်သဘောပေါက်လာသည့်အလျောက် မူရင်းပါတီမှလည်း ခွဲထွက်ခဲ့ကြပြီး ဖြစ်ပါသည်။

မတရားသည့် ရွေးကောက်ပွဲ ဥပဒေမှန်း သိပါလျက်နှင့်ပင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန်အတွက် ကျနော်တို့သည် ပါတီအသစ်တခုအဖြစ် မှတ်ပုံတင်ခဲ့ကြပြီး ဖြစ်ပါသည်။

ကျနော်တို့အား ယခင်က ရွေးချယ်တင်မြှောက်ထားခဲ့သော မဲဆန္ဒရှင် ပြည်သူလူထု၏ မျက်နှာကိုလည်း ဤနည်းအားဖြင့် ကောင်းကောင်းကြီး အိုးမဲသုတ်နိုင်ခဲ့ကြပြီး ဖြစ်ပါသည်။

ယခုအခါ ကျနော်တို့တွင် ကုန်းကောက်စရာ သိက္ခာနှင့် ရွေးကောက်ပွဲ ရန်ပုံငွေပါ တပြားတချပ်မျှပင် မကျန်ရှိတော့ပါ။

ထိုမျှမက အနာဂတ်မြန်မာနိုင်ငံသမိုင်းတွင်လည်း ကျနော်တို့သည် သစ္စာဖောက်များ၊ အာဏာရှင်ထံတွင် ဒူးထောက်လက်မြှောက်သူများအဖြစ် သမိုင်းတွင်ရစ်ဦးမည် ဖြစ်ပါသည်။

သို့ပါ၍ ကျနော်တို့၏ အထွေထွေ မိုက်ပြစ်များကို ညှာတာသနားသောအားဖြင့် ခွင့်လွှတ်တော်မူပါရန်နှင့် ကျနော်တို့အား ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုပါရန် ခြေသလုံးဖက်၍ ရှိခိုးဦးတင် အသနားခံလွှာ တင်အပ်ပါသည်။

ထို့ပြင် ရွေးကောက်ပွဲတွင် ရွေးကောက်ခံရပါက တပ်မတော်ဦးစီးချုပ်၏ အလိုတော်ဆန္ဒနှင့် ကွဲလွဲသော လုပ်ဆောင်ချက်များ၊ ကွဲလွဲသော အဆိုများကို မည်သည့်အခါမျှ မလုပ်ဆောင်ပါ မတင်သွင်းပါဟုလည်း အကြိမ်ကြိမ်အထပ်ထပ် ကတိသစ္စာပြုပါသည်။ (... ဒီလူသားရဲ့ သစ္စာဟာ... ကမ္ဘာတည်သရွေ့ပါ....)

ပါတီမှတ်ပုံတင်စဉ်က ၂၀၀၈ ဖွဲ့စည်းပုံအား သေတပန်သက်တဆုံး ကာကွယ်စောင့်ရှောက်ပါမည်ဟု ကျွန်တော်မျိုးတို့ ကတိလက်မှတ်ရေးထိုးပြီး ဖြစ်ပါသည်။

ဤကတိသစ္စာ မတည်ပါက ကျနော်တို့အား ချီးကားတိုက်၊ မြွေပွေးကိုက်၊ မိုးကြိုးပစ် စသည့် ဘေးရန်များ ထိပါစေသားဟုလည်း အဖန်တရာမက ကျိန်ဆိုပါသည်။

ပုံ……
သနားစရာအကောင်းဆုံး နိုင်ငံရေးသမားတစု

(အသနားခံစာတင်ရန် ပြင်ဆင်နေသူများအနေဖြင့် ဤစာကို ကျွန်ုပ်ထံမှ ခွင့်ပြုချက် တောင်းခံရန် မလိုဘဲ အဆင်သင့် ယူသုံးနိုင်ပါသည်။)


ပူးတွဲဖတ်ရှုရန်။.............။

(၁) NDF အဖွဲ့ဝင်တချို့ကို အသနားခံစာ တင်ခိုင်း
(၂) NDF ခေါင်းဆောင် ၄ ယောက် ရွေးကောက်ပွဲဝင်ဖို့ အသနားခံစာ တင်ရမည်
Read more

ရာဇဝင်ထဲမှာ သူတို့ကို ထားရစ်ခဲ့

အခုတလော မိုးမခ ဘလော့ဂ်မှာ သွားဖတ်ရင်း ကုသိုလ်ပွားနိုင်တဲ့ ဓါတ်ပုံလေးတွေ အမှတ်ထင်ထင် တွေ့တွေ့နေရတယ်။ မိတ်ဆွေတို့လည်း ကုသိုလ်ဘာဝနာ ပွားများနိုင်အောင် ထပ်မံ မျှဝေလိုက်ပါတယ်။

(၁) လေဘာတီ မမြင်ရင် သီချင်းကို ဆိုနေမိတယ်...


(ဓာတ်ပုံ - getty images)

သေနိုင်ပါရိုးလား... လေဘာတီရယ်... ပေတရာဆီလျှောက်ပါလို့... မြင်သလောက် ပြလိုက်ချင်ပါသည်....” (ဒီသီချင်းကို ညီလင်းဆက်က သူ့ဘလော့ဂ်မှာ ဖော်ပြခဲ့ဖူးပါတယ်။)

အပေါ်ပုံက ကျနော်တို့ရဲ့ တိုင်းပြည်အုပ်ရှောင်.... အဲလေ.....ဥသျှောင် တိုင်းပြည်အကြီးအကဲလုပ်တဲ့ လူကြီးနဲ့ သူ့ရဲ့ ဦးဆောက်ပန်း မိဖုရားခေါင်ကြီး တြိလောကကြံသကာဒေဝီ ဒေါ်ကြိုင်ကြိုင်တို့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာကို ဘုရားဖူးသွားတဲ့ ဓါတ်ပုံပါတဲ့။ အင်း.... ဘာပဲဖြစ်ဖြစ် ခုလို ကုသိုလ်ကောင်းမှုပြုပုံမျိုးနဲ့ဆိုရင်တော့ ဟိုးအောက်ဆုံးထပ်မှာ ဂျိုးကပ်မယ့်အရေးကနေ အပေါ်ကပ်လျက် တထပ်ဆီကို ပြန်တက်ကောင်း တက်လာနိုင်ပါသေးတယ်။ “....ခင်ညာ...ကျနော် ဘာပြောမိလို့လဲ...” ။ စတုမဟာရာဇ်မှာ ဂျိုးကပ်မယ့်အရေးကနေ တာဝတိံသာကို တဆင့်ပြန်တက်သွားမှာလို့ ပြောချင်တာပါ။ တလွဲတွေ လျှောက်လျှောက် မတွေးကြစမ်းပါနဲ့ဗျာ။

(၂) ချာလီရဲ့ နတ်မိမယ်များ

နောက်ထပ် ဓါတ်ပုံတပုံကတော့ ချာလီရဲ့ နတ်မိမယ်များ (Charlie's angels)ဖြစ်ပါသတဲ့။ အပေါ်က ဘုရားဒကာကြီး လက်ချက်ကြောင့် ဒုက္ခအတိရောက်နေတဲ့ မြန်မာပြည်ကြီးကို ကယ်တင်ဖို့ လွှတ်လိုက်တဲ့ ချာလီရဲ့ နတ်မိမယ်သုံးယောက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာတော့ အဲဒီနတ်သမီးတွေ ဘယ်ဘုံဗိမာန်မှာ သွားပြီး စံစားနေကြသလဲတော့မသိပါဘူး။ အခု နတ်စည်ရွမ်းလိုက်သလို ရွေးကောက်ပွဲဆိုတဲ့ အသံကြားမှ ဘွားကနဲ ကိုယ်ထင် ထ ပြလိုက်ကြတာ.... စင်္ကာပူမှာ ငိုက်မျဉ်းနေတဲ့ မြန်မာဘလော့ဂါတောင် ရုတ်တရက် လိပ်ပြာလွင့်မတတ် လန့်ဖျတ်သွားမိပါတယ်။


ဒေါ်ချိုချိုကျော်ငြိမ်း (ဒု ၀န်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီး)၊ ဒေါ်နေရီဗဆွေ၊ (၀န်ကြီးချုပ် ဟောင်း ဦးဗဆွေ၏ သမီး)၊ ဒေါ်မြသန်းသန်းနု (၀န်ကြီးချုပ်ဟောင်းဦးနု၏ သမီး) တို့ ဖြစ်သည်။ [ဓာတ်ပုံ - Jack Davies]

ချာလီသုဝေရဲ့ပုံကိုတော့ အများမြင်ဖူးကြမယ်ထင်လို့ တင်မပေးတော့ပါဘူး။ မိုးမခမှာ ဖတ်ရတဲ့သတင်းအရဆိုရင် ဘိလပ်က ဂါးဒီးယန်း သတင်းစာကြီးက အဲဒီသူတို့ဓါတ်ပုံကို ဖော်ပြပြီး “နိုင်ချေမရှိသည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေသည့် မြန်မာပြည်မှ အမျိုးသမီး ၃ ဦး” လို့ ခေါင်းစဉ်တပ်ထားသတဲ့။ ရှက်ဖွယ်စလိ။

“တလောကလုံးက ပြောနေပြီ...
မင်းကိုလေ... မခံချင်ဘူး.... ကိုယ်ဘယ်လို ပြောလိုက်ရမှာလဲ.....”း-)

(၃) ရာဇဝင်ထဲက မိန်းမသား



အပေါ်က ဓါတ်ပုံထဲက ခန့်ခန့်ထည်ထည်ကြီးဟာ “ရာဝင်အိုးထဲက အဲလေ... ရာဇဝင်ထဲက မိန်းမသား” ကိုရေးသားတဲ့ ဒေါက်တာမတင်ဝင်းပါတဲ့။ တိုက်တိုက်ဆိုင်ဆိုင် နာမည်ကျော် “ရာဇဝင်ထဲမှာ မောင့်ကိုထားရစ်ခဲ့” ဝတ္ထုတိုကိုရေးတဲ့ ဆရာမ ဂျူးရဲ့နာမည်ကလည်း ဒေါက်တာ တင်တင်ဝင်း လို့ မှတ်သားဖူးပါတယ်။

ရာဇဝင်ထဲမှာ ဒေါက်တာ မတင်ဝင်းကို မထားခဲ့ကြပါနဲ့။ အလေးခံပြီး သယ်ကြသေးတာပေါ့။ ကျနော်တို့ ကျောင်းသားဘဝက မဂ္ဂဇင်းတွေထဲမှာ ဒေါက်တာမတင်ဝင်းကြီးက ရာဇဝင်ထဲက မိန်းမသား ကို အခန်းဆက်ဆောင်းပါးတွေ ရေးနေတုန်း... တစ်လမှာ နရသီဟပတေ့မင်းရဲ့ မိဖုရားငယ်တပါးဖြစ်တဲ့ စောလုံ အကြောင်းကို ရေးတဲ့အခါ စောလုံနာမည်ကို မသိရှာတဲ့ အလျောက်.... “အမည် မထင်ရှားတဲ့ မိဖုရားငယ်တပါး” လို့ ရမ်းတုပ်လိုက်တယ်။ အဲဒါကို အခြားစာရေးဆရာတယောက်က အဲဒီ မိဖုရားနာမည်ဟာ မထင်မရှားမဟုတ်၊ စောလုံ ဖြစ်တယ်လို့ သွားထောက်ပြမိတဲ့အတွက် ရာဇဝင်ထဲက မိန်းမသားတယောက်ဖြစ်တဲ့ ဒေါက်တာမတင်ဝင်းကြီးလည်း ပညာရှိပီသစွာ ယမ်းပုံမီးကျ တားမရ ဆီးမနိုင် (ဆီးမနိုင်ဆိုလို့ ရှူးရှူးတွေထွက်ကျကုန်တယ်လို့ မထင်ပါနဲ့) ဒေါသအဖြိုင်ဖြိုင် ပွင့်ထွက်တာကို မဂ္ဂဇင်းပေါ်မှာ ဖတ်လိုက်ရသေးတယ်။ ထိုင်းနဲ့မြန်မာ ဆက်ဆံရေးမပြေလည်တဲ့အချိန်တုန်းက သတင်းစာထဲမှာရေးတဲ့ သူ့ဆောင်းပါးတွေကို ကျနော်က နိုင်ငံခြားမှာ ရောက်နေလို့ မဖတ်လိုက်ရတာ နာတာပဲ။ သတင်းတော့ တော်တော်မွှေးပါတယ်။

ဖြစ်နိုင်လို့ရှိရင် သူတို့အားလုံးကို ရာဇဝင်ထဲမှာ ထားရစ်ခဲ့ချင်ပါရဲ့။
Read more

ရေမီးအစုံ မြို့ရန်ကုန်

နအဖ အစိုးရက ရန်ကုန်မြို့ကြီးကို ရေမီးအစုံအလင်နဲ့ လိုလေသေးမရှိ ထားပေးပုံ..လေ။

ရန်ကုန်မြို့ လမ်းရေလျှံ (ဓါတ်ပုံမူရင်း Link).............................မင်္ဂလာဈေးမီးလောင် (ဓါတ်ပုံမူရင်း Link)....

ဓါတ်ပုံတွေကြည့်ရုံနဲ့ ရန်ကုန်မြို့သူမြို့သားတွေရဲ့ ဒုက္ခကို ခံစားကြည့်လို့ရတယ်။

နအဖ အစိုးရ တက်လာကာစတုန်းက နာမည်ကျော် စာရေးဆရာတယောက်က ရေးတယ်။ “နအဖ အစိုးရလက်ထက်မှာ ရေမီးအစုံနဲ့ ထားပေးတယ်။ နွေဆိုရင် မီးလောင်တယ်။ မိုးတွင်းဆို ရေကြီးသတဲ့။” အဝေဖန်မခံနိုင်တဲ့ နအဖက မျက်မာန်တော်ရှလို့ အဲဒီစာရေးဆရာကို ဖမ်းဆီး ထောင်ချထားခဲ့သေးတယ်။ အခု အနှစ် နှစ်ဆယ်ကျော်ကြာလည်း ဒုံရင်းက ဒုံရင်းပါပဲ။ အခြေအနေတွေက တနေ့တခြား ပိုတောင် ဆုတ်ယုတ်လာသေးတယ်။ “ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့” ဆိုတဲ့ နအဖရဲ့ ဝါဒမှိုင်းတိုက်တဲ့ ကြွေးကြော်သံကို ကြားရတာ နားကလော လှပါတယ်။

“ရန်သူမျိုး ငါးပါးမဟုတ်တော့ဘူး။ သုံးပါးပဲ ရှိတော့တယ်။ နောက်ဆုံးသုံးပါးက အတူတူဖြစ်သွားလို့ ” ဆိုတဲ့ စကားလေးကိုသာ သတိရမိပါရဲ့။
Read more

"ထက်ထက်မိုးဦးနဲ့ သူတို့တတွေ”


(ဓါတ်ပုံကို ဒီက ယူပါတယ်။)

တီဗီမှာ ကြော်ငြာတွေ ခေတ်စားကာစ ခေတ်က ထက်ထက်မိုးဦး ကြော်ငြာတခုလာတယ်။ ရေကူးကန်ဘေးမှာ ရေကူးဝတ်စုံကလေးနဲ့။ အဲဒီကြော်ငြာကို တောသူ အစ်မတယောက်က ကြည့်ပြီး ကျိတ်မနိုင်ခဲမရ ဟောသလို မှတ်ချက်ချတယ်။

“ကောင်မ၊ အရှက်ကို မရှိဘူး။ ဝတ်ထားလိုက်တာ ပေါ်တော့မယ်။ ကြည့်နေ၊ သူ ကြာကြာခံမှာ မဟုတ်ဘူး။ ခဏလေးနဲ့ကို ကျမှာ..”

သူပြောတဲ့အထဲက “ခဏလေးနဲ့ကို ကျမှာ…” ဆိုတာ မကြာခင် စန်းကျသွားမှာ၊ မှေးမှိန်သွားမှာ လို့ ဆိုလိုချင်တာပါ။ အဲဒါကြားလိုက်တော့ “ဟ… ဘာဆိုင်လို့လဲ” လို့ ကျနော့်စိတ်ထဲမှာ တွေးမိတယ်။ နှုတ်ကတော့ ထုတ်မပြောဖြစ်ပါဘူး။ ထုတ်မပြောဖြစ်လိုက်တဲ့အတွက် အခု နောင်တရမိတယ်။ သူ့အထင်မှားသလား၊ မှန်သလားကတော့ အခုအချိန်အထိ ရွှေမင်းသမီး ထက်ထက်မိုးဦးတယောက် နာမည်ကြီးနေသေးတာကိုသာ ကြည့်ပါတော့။

အခုတလော ထက်ထက်မိုးဦးက သတင်းထောက်တယောက်ကို ပါးဆွဲရိုက်ဖို့ ကြိုးစားတာနဲ့ ပတ်သက်လို့ ရေးကြသားကြတဲ့နေရာမှာ “ဒီလို သတင်းသမားတွေအပေါ် ကိုယ်ချင်းမစာ စော်ကားရင် ရေရှည်မှာ ပရိသတ်က လက်ခံလိမ့်မယ် မထင်နဲ့” ဆိုတဲ့ မှတ်ချက်မျိုးတွေ တွေ့နေရတယ်။ အဲဒီအခါ “ဟ… ဘာဆိုင်လို့လဲဟ” လို့ ထပ်ပြီး တွေးမိပြန်ပါတယ်။

စကားစပ်မိလို့ပြောရရင် အနုပညာသမားမဟုတ်တဲ့ နာမည်ကျော်ကြားသူတွေထဲက ဘောလုံးသမားအကျော်အမော် မာရာဒိုနာဆိုရင် ဓါတ်ပုံချောင်းရိုက်တဲ့ သတင်းထောက်ကို လေသေနတ်နဲ့တောင် လိုက်ပစ်သေးတာဆိုပဲ။ ဒါပေမယ့် မာရာဒိုနာ ယနေ့အထိ နာမည်ကြီးဆဲပါ။ မနေ့ကတောင် သူ့သတင်းကို ဖတ်လိုက်ရသေးတယ်။ (မာရာဒိုနာ ပါတော်မူဖို့ အတွက် အဘိုးတန်အိမ်သာအိုး တပ်ဆင်ပေးလိုက်တယ် ဆိုတဲ့ သတင်း။) ကုန်ကုန်ပြောရရင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတောင် ကျောင်းသားဘဝက စော်ကားမော်ကားပြောလာတဲ့ ကျောင်းသားတယောက်ကို ဆွဲထိုးဖို့ ကြိုးစားသေးတယ်လို့ ဖတ်ဖူးပါတယ်။ အဲဒီ ဗိုလ်ချုပ်အောင်ဆန်းကို ကျနော်တို့ အခုထိ ကြည်ညိုလွန်းလို့ အလေးတောင် ပြုနေရသေးတယ် မဟုတ်ပါလား။

ဒီလိုရေးပြလို့ ထက်ထက်မိုးဦးတို့ မာရာဒိုနာတို့၊ ကိုအောင်ဆန်းတို့ရဲ့ ကိုယ်ထိလက်ရောက် တုန့်ပြန်ပုံကို မှန်တယ်လို့ ပြောချင်တာမဟုတ်ပါဘူး။ အနုပညာသမားဖြစ်စေ၊ အားကစားသမားဖြစ်စေ၊ နိုင်ငံရေးသမားဖြစ်စေ သူတို့ရဲ့ အနုပညာအပေါ်မှာ၊ အားကစား စွမ်းဆောင်ရည်အပေါ်မှာ၊ နိုင်ငံရေးဦးဆောင်မှုအပေါ်မှာ ကြည့်ပြီး ပရိသတ်က၊ လူထုက အားပေးကြခြင်းသာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ချို့ယွင်းချက်ကလေးတွေဖြစ်တဲ့ ဒေါသကြီးခြင်း၊ စိတ်မြန်လက်မြန်ရှိခြင်း၊ အဆဲသန်ခြင်း၊ ခပ်ကြမ်းကြမ်းပြောတတ်ခြင်း၊ မာနကြီးခြင်း စတာလေးတွေကြောင့်ဖြင့် ကျရှုံးသွားတဲ့လူ အင်မတန်ရှားပါတယ်။ မနိုင်ရင် ပြိုင်ဖက်ရဲ့ နားရွက်ကို ဖမ်းကိုက်တတ်တဲ့ မိုက်တိုင်ဆင်ကတော့ ချွင်းချက်ပေါ့လေ။

ကိုယ်ကျင့်တရား ဘယ်လောက်ကောင်းပါစေ၊ စိတ်နေစိတ်ထား ဘယ်လောက်ပင် နူးညံ့ပါစေ…. စန်းမရှိတဲ့အနုပညာသမားတွေ၊ အရည်အချင်းမရှိတဲ့ အားကစားသမားတွေ၊ ညံ့ဖျင်းတဲ့ နိုင်ငံရေးသမားတွေ တပုံတပင်ကြီးပါ။ တဖက်မှာလည်း ဆိုးသွမ်းနေပေမယ့်၊ ခက်ထန်ကြမ်းတမ်းပေမယ့် အနုပညာမှာ၊ စွမ်းဆောင်မှုမှာ သူမတူအောင် ကောင်းမွန်တဲ့ အနုပညာသမားတွေ၊ အားကစားသမား အကျော်အမော်တွေ ရှိနေပြန်ရော။

ကျောင်းဆရာတယောက်ဟာ သူကြိုက်တတ်လို့ အားလပ်ချိန် ညနေတိုင်းမှာ အရက်သောက်ချင်သောက်မယ်။ ဒါပေမယ့် သူ့ဘာသာရပ်မှာ အကောင်းဆုံး သင်ပြနိုင်သူတဦးဖြစ်ခဲ့ရင် အဲဒီလူကို ကျောင်းဆရာကောင်းတယောက်အနေနဲ့ ကျနော်သတ်မှတ်တယ်။ ဆရာဝန်တယောက် ဝါသနာပါလို့ ကိုယ်ပိုင်အချိန်မှာ ချိန်းဝိုင်းတွေလှည့်ပြီး ဖဲရိုက်တတ်သူဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် သူ့လူနာတွေအပေါ်မှာ စောင့်ရှောက်တယ်၊ ဂရုတစိုက် ကျွမ်းကျင်စွာ ကုသပေးနိုင်တယ်ဆိုရင် ဆရာဝန်ကောင်းတယောက်လို့ ကျနော်မြင်တယ်။ ဝသီအရ အဆဲသန်တဲ့ တရားသူကြီးတယောက်ဟာ တရားခွင်မှာ ဥပဒေနဲ့အညီ တရားသဖြင့် ဆုံးဖြတ်ပေးတယ်ဆိုရင် တရားသူကြီးကောင်း တယောက်ပဲ။ အိမ်မှာ လင်မယားတကျက်ကျက်ရန်ဖြစ်နေပေမယ့် အချစ်ဝတ္ထုတွေ အရေးကောင်းတဲ့ စာရေးဆရာ ဖြစ်နေနိုင်ပါသေးတယ်။ အလားတူပဲ… မင်းသမီးတယောက်ဟာ ပရိတ်သတ်ကို ဖျော်ဖြေမှုပေးနိုင်တယ်ဆိုရင်၊ အနုပညာပြည့်ဝသူတယောက်ဖြစ်တယ်ဆိုရင် သူ့ဟာသူ ဘယ်လောက် အိမ်ထောင်ဆက်တွေများများ အနုပညာသည်ကောင်းတယောက်ပါပဲ။ သူ့ရဲ့ နာမည်အတက်အကျ ဇာတာစန်းလဂ်ဟာ သူ့ကိုယ်ရေးကိုယ်တာဘဝနဲ့ သိပ်မသက်ဆိုင်လှပါဘူး။

လူတယောက်ဟာ သူ့ကိုယ်ပိုင်အားလပ်ချိန်မှာ သူဘာလုပ်သလဲ၊ သူ့ဝါသနာက ဘာလဲ။ ဒါတွေ ကျနော်နဲ့ မဆိုင်ဘူး။ စိတ်လည်း မဝင်စားဘူး။

တရားရိပ်သာ မှန်မှန်ဝင်တယ်၊ စနေနေ့တိုင်း ဝတ်တက်တယ် ဆိုပြီး တရားခွင်မှာကျတော့ မတရားဆုံးဖြတ်တတ်တဲ့၊ ဘက်လိုက်ဆုံးဖြတ်တတ်တဲ့ တရားသူကြီးမျိုးဆိုရင် အကျင့်စာရိတ္တအရ အင်မတန် အောက်တန်းကျတဲ့ အတန်းအစားထဲကလို့ ကျနော်သတ်မှတ်ချင်ပါတယ်။ သူ့မိသားစုအပေါ်မှာတော့ အင်မတန်တာဝန်ကျေတဲ့ အိမ်ထောင်သည်ကောင်းတယောက်၊ ဒါပေမယ့် ကျောင်းမှာ လျှော့သင်ပြီး ဝိုင်းကျူရှင်တွေကျမှ အသားကုန် အစွမ်းပြတတ်တဲ့ ဆရာမျိုးတွေကိုလည်း ကိုယ့်ကျင့်တရားအရ အောက်တန်းကျတဲ့ အတန်းအစားထဲကလို့ မှတ်ယူပါတယ်။

အနုပညာအရည်အသွေး၊ အားကစားအရည်အချင်း၊ နိုင်ငံရေးအရဦးဆောင်နိုင်မှု၊ အလုပ်တခုကို စွမ်းဆောင်ရည်အား စတာတွေကို ပုဂ္ဂိုလ်ရေးရာကိစ္စတွေနဲ့ ဒွေးရောယှက်တင် ရောထွေးစဉ်းစားတာ သဘာဝ မကျလှပါဘူး။ အဲဒါကြောင့်……… အခုအဖြစ်အပျက်ကြောင့် ထက်ထက်မိုးဦး နာမည်ကျလိမ့်မယ်လို့ ကျိတ်မနိုင်ခဲမရ ဒေါမနဿပွားနေကြသူများ……….. နည်းနည်းလောက်တော့ လျှော့ဦးနော်…လို့ ပြောလိုက်ရပါတယ်ဗျိုး။

ပုံ…. ကိုပေါ။
ထက်ထက်မိုးဦး ပရိသတ်။း-)

(စာကြွင်း။………။ ထက်ထက်မိုးဦး ပြောတဲ့စကားထဲမှာ မီဒီယာသမား လစာ တပဲခြောက်ပြား ကို သနားလို့ ဆိုတာလေးကို ကြိုက်တယ်။ မှန်သောစကားပဲ။ သတင်းသမားများအနေနဲ့ နာစရာ မလိုပါဘူး။ Positive thinking နဲ့ တွေးကြည့်မယ်ဆိုရင် ဒါဟာ Wake-up call ပဲ... ကိုယ့်လူတို့။ လစာတိုးတောင်းဖို့ အချိန်တန်ပြီ။ သတင်းသမားသက်သက်နဲ့ ဝင်ငွေကောင်းတာဆိုလို့ (နိုင်ငံတကာက ကွန်ဖရင့်တွေကို လှည့်တက်နေတဲ့) ဟိုအချောင်သမား အုပ်စုပဲ ရှိမယ်။)
Read more

“ရှူးပေါက်သူများ သတိထား”

ခေါင်းစဉ်ကို ကြည့်ပြီးတဲ့အခါ… “လူတိုင်းရှူးပေါက်တတ်ကြတာပဲ။ ဘာဖြစ်လို့ပါလိမ့်၊ ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ သတင်းနဲ့များ ဆက်စပ်နေသလား”… ဆိုပြီး လန့်မသွားပါနဲ့ဦး။ အပေါ့အပါးသွားတဲ့ ကိစ္စကို ဆိုလိုတာ မဟုတ်ရပါဘူး။ “ရှူးဖိနပ်နဲ့ ပစ်ပေါက်သူများ သတိထား”…လို့ ဆိုလိုချင်တာပါ။

မှတ်မိကြဦးမယ်ထင်ပါရဲ့။ အမေရိကန်သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်တယောက် သူ့သမ္မတသက်တမ်း မကုန်ခင် အီရတ်ကို အလည်သွားတဲ့အခေါက်က သတင်းစာရှင်းလင်းပွဲလုပ်နေတုန်း ပရိသတ်ထဲမှာ ထိုင်နေတဲ့ အီရတ်လူမျိုး ဂျာနယ်လစ်တယောက်က ဖိနပ်နဲ့ ချွတ်ပြီး ပေါက်လိုက်တဲ့ အဖြစ်အပျက်ကိုလေ။
အဲဒီတုန်းက ဘုရှ်ကလည်း အရှောင်အတိမ်း ဂျက်ဆီဂျိန်းမို့ မထိလိုက်ဘူး။ သမ္မတဘုရှ်က စပ်ဖြဲဖြဲ မျက်နှာပေးနဲ့ “ပစ်လိုက်တဲ့ ဖိနပ်ဆိုက်က နံပါတ် တစ်ဆယ်ပဲ” ဆိုတာမျိုး ချက်ချင်းဆိုသလို ဟာသနှောပြီးတောင် ပြောလိုက်နိုင်ပါသေးတယ်။

အခု အဲဒီ ဖိနပ်ပစ်တဲ့ သတင်းထောက်ငနဲ.. ပဲရစ်က အခမ်းအနားတခုမှာ စကားပြောနေတုန်း ပရိသတ်ထဲကတယောက်က သူ့ကို ဖိနပ်နဲ့ ထပစ်ပေါက်တာ ခံရတယ်ခင်ဗျ။ ကံကောင်းလို့ ထိတော့ မထိဘူး။ ဒါပေမယ့် သူ့မျက်နှာကြည့်ရတာ တော်တော့်ကို တုန်လှုပ်ချောက်ခြားသွားပုံရတယ်။ ဘုရှ်တုန်းကလိုတောင် ရွှတ်နောက်နောက် ပြောနိုင်မယ့်ပုံ မပေါ်ဘူး။

အင်း…. ဝဋ်ဆိုတာ လည်တတ်တယ်ဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတာပါပဲ။ ဒီတော့ သူတပါးကို ဖိနပ်နဲ့ ပစ်ချင်သူမှန်သမျှ ကိုယ့်အလှည့်ကျရင်လည်း တပါးသူပစ်တာကို ပြုံးပြုံးလေးခံနိုင်အောင် နှလုံးသွင်းထားဖို့ လိုပေလိမ့်မယ်လို့ တွေးမိပါတယ်။

ဒီသတင်းကို ဟောဒီလင့်ခ်မှာ သွားကြည့်ပါ။
http://news.yahoo.com/s/ap/20091201/ap_on_re_eu/eu_france_iraq_shoe_thrower

ပူးတွဲဖတ်ရှုရန်။

“ဖိနပ်နဲ့ပစ်ပေါက်ခြင်းကို အားမပေးလို”

“ညောင်သီးကိုသာ စားရပါလိမ့်”
Read more

"Unfair verdict"

နအဖ တရားရုံးရဲ့ မတရားဆုံးဖြတ်ချက်ကို လုံးဝ ရှုတ်ချပါသည်။

Myanmar's Suu Kyi gets 18 months under house arrest

YANGON (AFP) – Aung San Suu Kyi was sentenced to three years' jail and hard labour by a Myanmar court Tuesday, but the head of the ruling junta commuted the punishment to 18 months' house arrest, a minister said.

The court sentenced her on charges of breaching the terms of her house arrest after a bizarre incident in which an American man, John Yettaw, swam to her lakeside house in May, an AFP correspondent in court said.

But Home Affairs minister General Maung Oo said outside the court that military ruler Than Shwe had signed a special order suspending the sentence and ordered that Suu Kyi should spend 18 months under house arrest.


Read more

“မှားရက်ပလေ”

စင်္ကာပူမှာ အခမဲ့ဖြန့်ဝေတဲ့ စင်္ကာပူအစိုးရရဲ့ အာဘော် တူဒေးသတင်းစာမှာ ဒီနေ့ မမှားသင့်တဲ့ အမှားတခုပါလာတယ်။ သတင်းက အေပီကနေ တဆင့်ဝယ်တာဆိုတော့ အေပီကပဲ မှားသလား၊ တူဒေးလက်ထဲရောက်မှ မှားသလားမသိ။

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့သတင်းတပုဒ်ကို ဖော်ပြရာမှာ နိုင်ငံခြားရေးဝန်ကြီးဦးဉာဏ်ဝင်းပုံကို ဖော်ပြပြီး ဓါတ်ပုံအောက်က ပုံအညွှန်းစာမှာ “သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ထဲက ရှေ့နေတယောက်လည်းဖြစ်တယ်” လို့ မှားယွင်းဖော်ပြထားတာကို တွေ့ရတယ်။ အဖွဲ့ချုပ်က ရှေ့နေဦးဉာဏ်ဝင်းနဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို တယောက်တည်းလို့ ထင်ပုံရတယ်။ အယ်ဒီတာမင်းများ ရွှေဉာဏ်တော် စူးရောက်ပေစွ။ မှားမှ မှားရက်ပလေ။

(အကြီးချဲ့မြင်ရအောင် အောက်ကပုံပေါ်မှာ ကလစ်ခေါက်ပါ။ မူရင်းသတင်းကိုတော့ ဒီမှာ သွားဖတ်ပါ။) Updated: အခုနေ့လည်ပိုင်းမှာ အွန်လိုင်းဗားရှင်းမှာ တစုံတယောက်က အမှားကိုထောက်ပြတဲ့အတွက် ပြန်ပြင်လိုက်တာကို တွေ့ရပါတယ်။

Read more

“သံတမန်များ နအဖရဲ့ အသုံးချ ခံလိုက်ရလေသလော”

နအဖ စစ်အစိုးရဟာ နိုင်ငံတကာဖိအားနဲ့ ပြည်ပက မြန်မာ့အရေးလှုပ်ရှားမှုတွေကို သိပ်အရေးစိုက်လှတာတော့ မဟုတ်ပါဘူး။ နာဂစ်နဲ့ ရွှေဝါရောင်တော်လှန်ရေးတုန်းက ကြုံခဲ့ကြဖူးပါပြီ။

အာဏာရှင်တို့ထုံးစံအတိုင်း သူတို့ တကယ်ကြောက်တာ ပြည်တွင်းက ပြည်သူတွေ အုံကြွမှာနဲ့ တပ်တွင်းသူပုန်ထမှာကိုပါ။

မနေ့က တရားခွင်မှာ သတင်းထောက်တွေနဲ့ သံတမန်အချို့ကို တက်ရောက်ခွင့်ပေးလိုက်ခြင်းဟာ ပြည်ပဖိအားကြောင့်မဟုတ်ဘဲ သူတို့ရဲ့ ပြည်တွင်း ၀ါဒဖြန့်မှုအတွက်သက်သက်သာဖြစ်ကြောင်း ဒီကနေ့ရောက်တော့ ပေါ်လွင်ထင်ရှားလာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာဆိုရင် သံတမန်တွေရော သတင်းထောက်တွေကိုပါ တရားခွင်ကို ပေးမ၀င်တော့ပါဘူး။

မနေ့က တရားခွင်မှာ ရိုက်ကူးထားတဲ့ သတင်းတွေကို မြန်မာ့ရုပ်မြင်သံကြားကနေ ညပိုင်းက ထုတ်လွှင့်ပေးခြင်းအားဖြင့် တရားခွင်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ တရားခွင်တခု ဖြစ်လေသယောင် ပြည်သူလူထုနဲ့ တပ်တွင်းက အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်တွေကို လိမ်လည်လှည့်ဖြားဖို့ ကြိုးစားခဲ့ပါတယ်။ မနေ့က တရားခွင်ကို တက်ရောက်ခဲ့ကြတဲ့ အပြည်ပြည်ဆိုင်ရာက သံအရာရှိကြီးတွေနဲ့ ပြည်တွင်းပြည်ပ စာနယ်ဇင်း သတင်းထောက်တွေဟာ နအဖရဲ့ ၀ါဒဖြန့်ချီရေးယန္တရားအတွက် ကြားက ၀င်ပြီး အသုံးတော်ခံလိုက်ရတဲ့ သဘောရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခဏတဖြုတ် တွေ့ခွင့်ရလိုက်တာကတော့ အမြတ်ပေါ့လေ။

သည်လိုရေးလို့ ပြည်ပက လှုပ်ရှားနေကြသူတွေ၊ အပြည်ပြည်ဆိုင်ရာက ဖိအားပေးဖို့ ကြိုးစားလှုံ့ဆော်နေမှုတွေကို ရပ်ဆိုင်းလိုက်ဖို့ ဆိုလိုတာမဟုတ်ပါဘူး။ ပြည်ပက ဒီမိုကရက်စီအင်အားစုတွေကလည်း မိမိတို့လုပ်စရာရှိတာတွေကို အင်တိုက်အားတိုက် ဆက်လက်လုပ်ဆောင်သွားကြရမှာပါ။ နအဖ ဘေးကြပ်နံကြပ်ဖြစ်ရေးအတွက် ပြည်ပကနေဖိအားပေးတဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားကြရမှာ ဖြစ်သလို အဓိက အင်အားစုဖြစ်တဲ့ ပြည်တွင်းအင်အားစုများကို ထောက်ကူနိုင်ဖို့ကိုလည်း ပိုပြီး အာရုံစိုက်နိုင်ကြစေရန် ရေးသားတင်ပြလိုက်ရပါတယ်။
Read more

“အချိန်မနှောင်းခင်”

သြော်….. ရမ်းကားခဲ့လေသူ နောက်တယောက်တော့ သွားပြန်ပါပေါ့။

တွင်း(၂) ဗိုလ်ချုပ်ကြီး တင်ဦး၊ ပြီးတော့ ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ခုတခါ ဒု-ဗိုလ်ချုပ်ကြီး မောင်ဘို တယောက်ပြီး တယောက် စောစောစီးစီးနဲ့ အမိုက်ဇာတ်သိမ်းသွားကြပြီ။ အင်း…. အနိစ္စ၊ အနိစ္စ၊ အနိစ္စ…။

အမိုက်တကာ့ ဗိုလ်မင်း….
အဖျင်းတကာ့ ဗိုလ်ချုပ်….
အပယ်လေးလီ မြစ်နဒီမှာ…
ပလုံစီအောင်ငုပ်မယ့်….
လူယုတ်ကြီးတွေ
ကျန်နေသေးတယ်….။

ရွှေအိမ်နန်းနှင့်၊ ကြငှာန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တသက်လျာတည်း….. ဆိုတာကို သဘောပေါက်ပြီး မသေခင် မိုက်တွင်းနက်နေတာကို ရပ်တန်းက ရပ်ကြရင်ကောင်းမယ်ထင်တယ်။ အချိန်မနှောင်းသေးဘူး။ ပြင်မယ်ဆို ပြင်လို့ရသေးတယ်။

သတင်း။ ။ ဒုတိယ ဗိုလ်ချုပ်ကြီးမောင်ဘို ကွယ်လွန် (မဇ္ဈိမသတင်း)

(စာကိုး။ ။ ဦးပုညနှင့် အနန္တသူရိယအမတ် တို့၏ စာများ၊ လင်္ကာများကို ယူသုံးထားပါသည်။)
Read more

“လွတ်လပ်သောစိတ်၊ လွတ်လပ်သော အပြုအမူ”

ကျနော့်ဘလော့ဂ်ကို ဖတ်ရှုကြတဲ့အထဲမှာ မောင်လမ်းသစ် ဆိုတဲ့ ဆရာသမားက စိတ်ချရတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ပို့စ်ဆိုရင် မပျက်မကွက် ကွန်မင့်လုပ်တာတွေ့ရတယ်။

ဟော…. အခုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲတဲ့ ပို့စ်ကိုလည်း တင်လိုက်ရော…. အူယားဖားယား အပြေးလာပြီး ကွန်မင့်လုပ်တာ တွေ့ရပါတယ်။ ကွန်မင့် နှစ်ခုကြီးများတောင်မှ ဖောဖောသီသီ ပေးထားတာကို တွေ့ရပါတယ်။ သူ့ရဲ့ ဒုတိယ ကွန်မင့်က ဒီလိုပါဗျား။

>>>“ကို ပေါ ရေခင်ဗျားရဲ့ “၀ုတ်ပါ့မလား မောင်ကာဠုရဲ့” ဆိုတဲ့ ပှိုစ်ထဲမှာရေပြင် အကျယ်ကြီး ကို ကူးပြီးလာတာ ဟုတ်ပါ့မလားဆိုတဲ့ အမေးကို အခုတော့ ဒေါ်စုကြည် ကိုယ်တိုင်က အမေရိပနကြီး သူ့ အိမ်ရောက်လာပါတယ် လို့ ပြောလိုက်ပါပြီ ခင်ဗျာ။”<<<

အဓိပ္ပါယ်ကတော့ “ကိုပေါရေ.. အခုတော့ မှားပြီမို့လား၊ ဘယ့်နှယ့်ရှိစ” ပေါ့လေ။

နအဖ သတင်းစာမှာဖော်ပြတာကို ကျနော်လို ပြည်သူတယောက်က မယုံဘူးဆိုရင် မယုံသူရဲ့ အပြစ်လား။ အမြဲတစေ မမှန်သတင်းတွေကိုသာ ဖော်ပြတတ်တဲ့ နအဖ သတင်းစာရဲ့ အပြစ်လားဗျာ။ နအဖကို မယုံတဲ့နောက်မှတော့ သူ့သတင်းစာမှာ ဖော်ပြတဲ့ သတင်းတွေကိုလည်း ယုံရခက်ခဲတော့တာပေါ့။

နောက်တခုက မြန်မာပြည်မှာ သတင်းလွတ်လပ်ခွင့်မရှိတဲ့အခါ သတင်းတခု ထွက်လာရင် သတင်းမှန်လား၊ သတင်းမှားလား ခွဲခြားရ ခက်ခဲပါတယ်။ ဒီလိုမျိုး မဖြစ်စေချင်ရင်တော့ ရဲရဲကြီးသာ သတင်းလွတ်လပ်ခွင့် ပေးလိုက်ပေါ့ခင်ဗျာ။ မဟုတ်ဘူးလား။

ကျနော်က ကာယကံရှင် မဟုတ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီလူကို ဘာကြောင့်လက်ခံထားသလဲဆိုတဲ့ အကြောင်းရင်းကို ကျနော် တွေးတောကြည့်နေမိပါတယ်။

သာမန်အားဖြင့် စဉ်းစားရင်တော့ မောင်လမ်းသစ်ပြောသလို ခြံဝန်းရှေ့က အစောင့်အကြပ်တွေကို အော်ဟစ်အကူအညီတောင်းလိုက်ရင် ဒီလိုကိစ္စမျိုး ဖြစ်မလာဘူးလို့ တွေးစရာပေါ့ဗျာ။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က သာမန်လူတွေ ပြုမူသလို မပြုမူပါဘူး။ လွတ်လပ်တဲ့ လူတယောက်အနေနဲ့၊ ခေါင်းဆောင်တယောက်အနေနဲ့ ဒီကိစ္စမှာလည်း စံနမူနာပြ ပြုမူလိုက်တယ်လို့ ကျနော်ယူဆပါတယ်။

ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ ပထမဦးဆုံးအချက်က အန်တီစုကို နေအိမ်မှာ အကျယ်ချုပ်ချထားခြင်းကိုယ်၌က တရားဥပဒေနဲ့ မညီဘူး။ တရားမျှတမှုမရှိဘူး။ အဲသည်အမိန့်ကို ချမှတ်ထားတဲ့ နအဖ စစ်အစိုးရကိုယ်တိုင်ဟာ တရားမ၀င်တဲ့ အစိုးရတရပ်။ နအဖ ထုတ်ထားတဲ့ “မတရားတဲ့ အမိန့်တွေ၊ မတရားတဲ့ ဥပဒေတွေကို လိုက်နာစရာမလိုဘူး၊ ဖီဆန်ရမယ်” လို့ အန်တီစုဟာ တလျှောက်လုံးပြောလာခဲ့တာပါ။

ဒုတိယအချက်က အန်တီစုအနေနဲ့ အိမ်အပြင်ကို လူကိုယ်တိုင် ထွက်ဖို့ရာ (လက်တွေ့အားဖြင့်) မဖြစ်နိုင်ပေမယ့် သူ့နေအိမ်အတွင်းမှာတော့ အန်တီစုဟာ အကျဉ်းသားတယောက်စိတ်မျိုးနဲ့ နေထိုင်တာထက် လွတ်မြောက်သူတဦးရဲ့ စိတ်ဓါတ်နဲ့ နေထိုင်တာ အသေအချာပါ။ (ဒီအချက်ကို သူမ ရေးသားတဲ့ Letters from Burma စာအုပ်မှာ ဖတ်ကြည့်ရင် သိသာနိုင်ပါတယ်။)

ဒါကြောင့် သူ့အိမ်ကို ဧည့်သည်လာတယ်ဆိုရင် လက်ခံဖို့၊ မလက်ခံဘို့ ကိစ္စကို သူမဘာသာ သူမ လွတ်လပ်စွာ ဆုံးဖြတ်မှာ အသေအချာပါဘဲ။ သာမန်လူတွေရဲ့ ခေါင်းထဲကို ၀င်လာတတ်တဲ့ (မတရားတဲ့ စည်းမျဉ်းစည်းကမ်းဖြစ်တဲ့) ဧည့်စာရင်းတိုင်တာတို့ ဘာတို့ကို သူမလို ခေါင်းဆောင်မျိုးက အချိန်ကုန်ခံပြီး စဉ်းစားနေမှာတောင် မဟုတ်ပါဘူး။(သာမန်ပြည်သူကိုပဲ ဧည့်စာရင်းနဲ့ ခြိမ်းခြောက်လို့ရမယ်။ အန်တီစုကိုတော့ ခြောက်လို့မရဘူး။) အဲသည်အတွက် ဖြစ်လာမယ့် အကျိုးဆက်ကို သူမဟာ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖို့ အသင့်ရှိပြီးသားပါ။ ဒါဟာ တာဝန်ယူရဲတဲ့ ခေါင်းဆောင်တယောက်ရဲ့ အပြုအမူပါပဲ။ ကျနော်တော့ အဲသည်လိုပဲ မြင်ပါတယ်။

ဒီအမေရိကန်နိုင်ငံသားရဲ့ အပြုအမူကို သူမအနေနဲ့ နှစ်သက်ချင်မှ နှစ်သက်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်အပေါ်အပြစ်ပုံကျမှာစိုးလို့ နေမကောင်းဖြစ်နေတဲ့လူကို အိမ်ကနေ ချက်ချင်းမောင်းထုတ်ရလောက်အောင် လူစိတ်ခေါင်းပါးတဲ့အပြုအမူမျိုးကို နအဖ ဗိုလ်ချုပ်တွေအနေနဲ့သာ ပျော်ပျော်ကြီးလုပ်နိုင်ကြပေမယ့် လူသားချင်းစာနာထောက်ထားတဲ့ စိတ်ဓါတ်အပြည့်ရှိတဲ့ ကျနော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ပြည်သူလူထုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ကြတာပေါ့။ နအဖ ဗိုလ်ချုပ်တွေကို ဘယ်ပြည်သူချစ်လို့လဲ။ ဓါးမိုးအုပ်ချုပ်နေလို့သာ ပြည်သူတွေဟာ မကျေမနပ်နဲ့ ငြိမ်ခံနေကြရတာမို့လား။

အန်တီစုဟာ နေအိမ်ကနေ ဘယ်ကိုမှ ထွက်ခွာခွင့်မရတာ မှန်ပေမယ့် အခွင့်သာတိုင်းမှာ၊ အချိန်တိုင်းမှာ ကျနော်တို့တွေ အတုယူလောက်တဲ့ အတွေးအခေါ်၊ အပြုအမူတွေနဲ့ (လွတ်လပ်တဲ့ လူတယောက်ရဲ့ ဘ၀ကို) စံနမူပြ တွေးခေါ်ပြုမူနေထိုင်ပြပါတယ်။ မြန်မာလူမျိုးအများစုသာ အန်တီစုကို အတုယူပြီး လွတ်လပ်တဲ့ လူမျိုးတမျိုးလို ပြုမူကျင့်ကြံနေထိုင်ကြမယ်ဆိုရင် ကျနော်တို့တိုင်းပြည်ဟာ စစ်အာဏာရှင်လက်အောက်က အမြန်ဆုံး လွတ်မြောက်မှာ အသေအချာပါပဲ။
Read more

“ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်တွင် ယနေ့ ရုံးတင်စစ်ဆေးဖွယ်ရှိ”

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမအား အနီးကပ် အတူနေကာ စောင့်ရှောက်ပေးနေသော ဒေါ်ခင်ဝင်းတို့ သားအမိ၊ ပေါင်း သုံးဦးအား အင်းစိန်ထောင်တွင် ယနေ့ ရုံးတင်စစ်ဆေးနိုင်ဖွယ်ရှိသည်ဟု အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဆိုသည်။

အပြည့်အစုံသိနိုင်ရန် ဘီဘီစီ အင်္ဂလိပ်သတင်းမူရင်းကို ဒီမှာဖတ်ပါ။

နအဖတော့ သွေးရူးသွေးတန်းနဲ့ လုပ်မိလုပ်ရာ လျှောက်လုပ်နေပြီ။ ဗိုလ်သန်းရွှေတို့ ကြောက်တတ်ပုံက ကမ်းကုန်တယ်။

မိုက်တွင်းနက်တယ်ဆိုတာ ဒါမျိုးကို ဆိုလိုတာထင်ပါရဲ့။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs