“ညောင်သီးကိုသာ စားရပါလိမ့်”

Share |
လွန်ခဲ့တဲ့ သုံးနှစ်လောက်က မြန်မာ့ဒီမိုကရေစီအရေးထက်သန်သူ တပ်မတော်အရာရှိဟောင်းတယောက်နဲ့ ခင်မင်မိတဲ့အလျောက် ကျနော်က တခုခုဆိုရင် သူတို့တပ်ထဲက လက်သုံးစကားနဲ့ နောက်ပြောင်တတ်တယ်။

“ဒီမယ်၊ ဟေ့လူ… ရေဘူးပေါက်တာမလိုချင်ဘူး။ ရေပါတာပဲ လိုချင်တယ်”

အံမယ်… သူကလည်း ခေသူမဟုတ်။ ဟာသဉာဏ် တော်တော်ရွှင်တဲ့လူဆိုတော့….

“ဟုတ်ကဲ့….ကိုပေါ။ ကျနော် ရေကို ဗိုက်ထဲမှာ ထည့်သယ်လာပါတယ်။ ကိုပေါ လိုချင်ရင် ခွက်ခံလိုက်ပါ”

ဆိုတာမျိုး ပြန်ခွပ်တတ်တယ်။ ဘေးက လူတွေကလည်း သူ့ဟာသကို သဘောကျပြီး တဟားဟားပေါ့။

အခု သူ့ဟာသကို ပြန်ပြောင်းသတိရမိရင်း စဉ်းစားမိတာ တခုရှိတယ်။

“ဘယ်နည်းနဲ့ဖြစ်ဖြစ် ရေပါတာ အဓိက” ဆိုပေမယ့်လည်း သယ်လာပုံ သယ်လာနည်းကလည်း အရေးကြီးတယ်ဆိုတာကို တွေးမိတယ်။ သောက်ရေခပ်ခိုင်းတာကို သုံးပြီးသား မိလ္လာအိုးနဲ့ ခပ်လာခဲ့တယ်ဆိုပါစို့။ သောက်ရမယ့်လူက ဘယ်သတီနိုင်ပါဦးတော့မလဲ။ ခပ်လာတဲ့ ရေလည်း မသန့်ရှင်းတော့ဘူးပေါ့။ သယ်ယူပုံ သယ်ယူနည်းကြောင့် သောက်ရေရဲ့ အရည်အသွေး ပျက်စီးသွားတယ်လို့ ပြောနိုင်ပါတယ်။

ဒီနေရာမှာ စကားစပ်မိလို့ ကျနော်ပြောချင်တဲ့အကြောင်းအရာနဲ့ မဆိုင်လှပေမယ့် ကျနော့်အသိ တိရိစ္ဆာန်ဆေးကုဆရာဝန်တချို့ ကျောင်းသားဘဝ ကွင်းဆင်းစဉ်က ကြုံခဲ့ရတဲ့ အတွေ့အကြုံတခုကို ဖောက်သည်ချပါရစေဦး။

တခါက တိ၊ကု ကျောင်းသားတစုဟာ မြို့ပြနဲ့ ဝေးလံသီခေါင်လှတဲ့ ကျေးလက်တောရွာတွေမှာ သွားရောက် ကွင်းဆင်းပြီး ကျွဲနွား၊ တိရိစ္ဆာန်တွေနဲ့ ပတ်သက်လို့ စစ်တမ်းကောက်တာတွေ၊ ကျွဲနွားကျန်းမာရေးကွင်းဆင်းကုသတာတွေ၊ ပညာပေးတာတွေ လုပ်ရသတဲ့။ အဲဒီခေတ်က တောရွာဓလေ့ ဖော်ရွေတတ်ကြတော့ ကျောင်းသားကျောင်းသူတွေ မပြန်ခင် ညနေဖက်မှာ ရွာထဲက အိမ်တအိမ်က ထမင်းဖိတ်ကျွေးသတဲ့။ ဟင်းတွေကလည်း ဖွယ်ဖွယ်ရာရာ၊ ချက်ထားတာကလည်း ဖောဖောသီသီ၊ အိမ်ရှင်တွေကလည်း သဘောကောင်းဆိုတော့ ကျောင်းသား၊ ကျောင်းသူတွေလည်း စားကြတာ ခေါင်းမဖော်ဘူးပေါ့။

“အားမနာနဲ့၊ စားသာစားပါ ဆရာမလေးတို့။ ထမင်းကုန်ရင်လည်း ထပ်ယူပါနော်”

“အို….စိတ်သာချ။ ယူမှာ အစ်မကြီး။ ပန်းကန်ထဲမှာ ကုန်တာနဲ့ ယူပြီပဲ”

အဲ…. တကယ်တမ်း ထမင်းကုန်လို့ ထပ်ယူမယ် လုပ်တဲ့အခါ အင်မတန် စိတ်ကသိကအောက် ဖြစ်စရာ အဖြစ်အပျက်နဲ့ ကြုံရတော့တာပါပဲ။ ဘာလဲဆိုတော့ ထမင်းလိုက်ပွဲထည့်လာတဲ့ ထမင်းအုပ်က လူမမာတွေ သုံးတတ်တဲ့ မိလ္လာအိုးကြီးဖြစ်နေပါသတဲ့။ ထမင်းထပ်ယူမယ့် ကျောင်းသားတွေလည်း လက်တွန့်သွားတာပေါ့။ အိမ်ရှင်က…

“အသစ်ကြီးပါ ဆရာမတို့ရယ်။ ဝယ်လာပြီး တခါမှ မသုံးရသေးပါဘူး။ ဘုရားစူးရပါစေရဲ့။ အိမ်မှာ ထမင်းလိုက်တဲ့ ကြွေအုပ် မရှိလို့ပါ”……. လို့ ပျာပျာသလဲ ပြောရှာပါသတဲ့။

ကျောင်းသားတွေကလည်း အိမ်ရှင်ပြောတာကိုတော့ ယုံပါတယ်။ ဒါပေမယ့် သိတယ်မို့လား။ အသစ်ကြီးပါ ဆိုပေမယ့်လည်း ဘာကြီးမှန်းသိနေတော့ စားရမှာ မသတီဘူးပေါ့။ အဲဒီမှာ စောစောက “ထပ်ယူမှာ၊ စိတ်သာချ” ပြောထားတဲ့ ကျောင်းသားကျောင်းသူတွေလည်း အိမ်ရှင်ကို အားနာတော့ အီလည်လည်နဲ့ပဲ ထမင်းထပ်ယူကြရသတဲ့။ ဒါပေမယ့် အဲဒီအဖြစ်အပျက်က သူတို့ သူငယ်ချင်းတွေအကြားမှာ နောက်ကြုံတိုင်း ပြန်ပြောပြီး ရယ်မောစရာ အဖြစ်အပျက်ကြီးတခု ဖြစ်သွားတော့တာပေါ့။

ဒါတောင်မှ တကယ်မသုံးရသေးတဲ့ မိလ္လာအိုးနော်။ ကျနော့်ဘ၀မှာ အဲသည်လို သူ့နေရာနဲ့ သူမဟုတ်ဘဲ ထော်လော်ကန့်လန့် လုပ်တဲ့ အဖြစ်မျိုးကြုံရရင် နားထဲမှာ “အသစ်ကြီးပါ ဆရာမတို့ရယ်။ တခါမှ မသုံးရသေးပါဘူး” ဆိုတဲ့ စကားကို ပြန်လည်ကြားယောင်ပြီး ရယ်ချင်စိတ်နဲ့ အူထဲမှာ ကျလိကျလိ ဖြစ်ရပါတယ်။ (ဒီထမင်းအုပ်ကိစ္စက အချပ်ပိုပါ။)

စောစောက ပြောခဲ့တဲ့ ရေသယ်တဲ့ ကိစ္စကနေ နောက်တဆင့်တက်စဉ်းစားပြန်ရင် လူ့လောကမှာ လူတွေကို အကျိုးရလဒ်ပဓာန၀ါဒီတွေနဲ့၊ လုပ်ရပ်ပဓာန၀ါဒီတွေလို့ အကြမ်းဖျင်း နှစ်မျိုးနှစ်စား ခွဲခြားရမယ်ထင်ပါရဲ့။

ပထမတမျိုးက ဘယ်နည်းပဲသုံးသုံး အကျိုးရလဒ်ကောင်းဖို့သာ ပဓာန ဆိုတဲ့လူမျိုးတွေပဲ။ ဒီလူမျိုးတွေဟာ လိုချင်တဲ့ပန်းတိုင်ကို ရောက်ဖို့ ဘယ်လမ်းကသွားရသွားရ သင့်တော်တယ်၊ တရားတယ်၊ မှန်ကန်တယ်လို့ ယူဆတတ်ကြတယ်။

ဒုတိယတမျိုးကတော့ ပန်းတိုင်ကို သွားရာလမ်းတလျှောက်မှာ လုပ်ရပ်တခုချင်းဟာ ကောင်းမွန်တဲ့လုပ်ရပ်လား၊ မှန်ကန်တဲ့လုပ်ရပ်လား၊ သင့်တော်တဲ့ လုပ်ရပ်လား၊ တရားတဲ့ လုပ်ရပ်လား စတဲ့အချက်တွေကို ဦးစားပေးတယ်။ လုပ်ရပ်တခုချင်းကောင်းခဲ့ရင် အဆုံးသတ်ရလဒ်လည်း မုချကောင်းမယ်လို့ သူတို့ ယုံကြည်ကြတယ်။ တကယ်လို့ အကြောင်းကြောင်းကြောင့် အဆုံးရလဒ်ဟာ မျှော်လင့်သလို ဖြစ်မလာခဲ့ရင်တောင် လုပ်ခဲ့သမျှတွေဟာ မှန်ကန်ခဲ့တဲ့အတွက်၊ တရားမျှတမှုရှိခဲ့တဲ့အတွက် ဖြေသာတယ်လို့ ယူဆကြပါတယ်။

အဲဒီနှစ်မျိုးနှစ်စားမှာ ပထမအမျိုးအစား (အကျိုးရလဒ်ပဓာနဝါဒ)ဟာ အစွန်းရောက်စွာ ကျင့်သုံးလာရင် လူ့လောကအတွက် အန္တရာယ်ကြီးမားတယ်လို့ ကျနော်ယူဆပါတယ်။

အချို့သော အမှုကိစ္စတွေမှာ နည်းလမ်းတမျိုးထက် ပိုသုံးနိုင်ပြီး နည်းလမ်းတွေအနေနဲ့လည်း ကောင်းခြင်းဆိုးခြင်း ခွဲခြားစရာမလိုတဲ့ နည်းလမ်းမျိုးတွေ ရှိပါတယ်။ ဥပမာ…. ပန်းကန်ထဲက ကျောက်ကျောတုံးလေးကို ဇွန်းနဲ့ပဲ ကော်စားစား၊ ခက်ရင်းနဲ့ပဲ ထိုးစိုက်ပြီးစားစား၊ ဒါမှမဟုတ် သွားကြားထိုးတံလို တုတ်တံလေးနဲ့ ထိုးပြီးစားစား၊ လက်နဲ့ပဲ ကောက်စားစား ဘယ်နည်းနဲ့ စားစား သိပ်အရေးမကြီးလှပါဘူး။ ဘယ်နည်းက ပိုသင့်လျော်တယ်လို့ အထူးတလည် ဝိဝါဒ ကွဲပြားနေစရာမလိုပါဘူး။ ဒါတောင်မှ ကိုယ်ရောက်နေရာ လူမှုပတ်ဝန်းကျင်ကို သတိပြုသင့်ပါသေးတယ်။ ကိုယ်တယောက်တည်း စားနေတာ ဆိုရင်တော့ ပြဿနာမရှိဘူးပေါ့။

ဒါပေမယ့် တချို့ကိစ္စရပ်တွေမှာတော့ နည်းလမ်း (သို့မဟုတ်) လုပ်ရပ်ဟာ ရလဒ်ထက် ပိုမို အရေးကြီးနေတတ်ပါတယ်။ ဥပမာ…. စာမေးပွဲဖြေတဲ့ ကိစ္စ ဆိုပါစို့။ စာမေးပွဲဆိုတာ လူတယောက်ရဲ့ အရည်အချင်းကို စစ်ဆေးတဲ့ ဖြစ်စဉ်တခုပဲ။ အဲဒီ စာမေးပွဲဖြေဆိုခြင်းဖြစ်စဉ်မှာ စာမေးပွဲအောင်ခြင်းဆိုတာဟာ အကျိုးရလဒ်ကောင်းတခု ဆိုပါစို့။

အဲဒီရလဒ်ကို ရအောင် ကြိုးစားရာမှာ နည်းလမ်းအမျိုးမျိုးရှိမယ်။ တနည်းက ကိုယ်ဖြေဆိုရမယ့် ဘာသာရပ်ကို ကျေကျေညက်ညက် နားလည်အောင် စေ့စေ့ငုငု ကြိုးစားလေ့လာထားမယ်။ နောက်တနည်းက သိပ်နားမလည်ပေမယ့် ဘာမေးမေး ဖြေနိုင်အောင် ကြက်တူရွေးကျက် ကျက်ပြီး အာဂုံဆောင်ထားမယ်။ နောက်တနည်းက စပေါ့တ်ရိုက်ပြီး ရွေးကျက်မယ်။ နောက်တနည်းက စာမေးပွဲခန်းထဲမှာ ခိုးချမယ်။ နောက်တနည်းက ဆရာဆရာမကို လာဘ်ထိုးပြီး မေးခွန်းကို ကြိုသိအောင် လုပ်ထားမယ်။

အဲဒီအထဲမှာ စပေါ့ရိုက်တဲ့နည်း (ရွေးကျက်တဲ့နည်း)က လွဲလို့ ကျန်တဲ့နည်းအားလုံးဟာ စာမေးပွဲအောင်မြင်ခြင်းဆိုတဲ့ တူညီတဲ့ ရလဒ်ကို ရနိုင်ကြတယ်။ ဒါပေမယ့် ပထမဆုံးနည်းက လွဲရင် ကျန်တဲ့နည်းအားလုံးမှာ အနှစ်သာရ ကင်းမဲ့နေတယ်။ ဘာကြောင့်လဲ။ စာမေးပွဲဟာ လူတယောက်ရဲ့ နားလည်မှု (သို့မဟုတ်) ကျွမ်းကျင်မှု (သို့မဟုတ်) အရည်အချင်းကို စစ်တာဖြစ်လို့ ကျန်တဲ့နည်းလမ်းတွေကို သုံးခဲ့တဲ့လူဟာ စာမေးပွဲတော့ အောင်ချင်အောင်မှာ ဖြစ်ပေမယ့် သက်ဆိုင်ရာ ဘာသာရပ်မှာ အရည်အချင်းရှိသူတယောက်တော့ ဖြစ်မလာနိုင်ပါဘူး။ တနည်းပြောရရင် အဲဒီလူရဲ့ အောင်မြင်ခြင်းမှာ တန်ဘိုး ကင်းမဲ့နေတယ်။ အနှစ်သာရ ကင်းမဲ့နေတယ်။ အဲဒီလို မကောင်းတဲ့ နည်းလမ်းတွေကို လိုက်နာကျင့်သုံးဖို့ မိဘကိုယ်တိုင်က အားပေးအားမြှောက်ပြုခဲ့တယ်ဆိုရင် အဲဒီမိဘဟာ ကိုယ့်သားသမီးကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်တယ်။ မိမိရင်သွေးကို လူညံ့ကလေးဖြစ်အောင် ပြုစုပျိုးထောင်ပေးလိုက်တာနဲ့ အတူတူပဲ။

ဒါက ဥပမာ တခုပဲ ရှိသေးတယ်။ အဲဒီလို ရလဒ်ပဓာန၀ါဒီတွေကြောင့် အလားတူ ဖြစ်ပေါ်လာနိုင်တဲ့ အခြားဥပမာတွေပေးရရင်….

ကစားပွဲမှာ နိုင်ရင်ပြီးရော…. လူချပြီး ကစားရ၊ ကစားရ။ ညစ်ပြီး ကစားရ ကစားရ… ဆိုတဲ့ အားကစားစိတ်မရှိတဲ့ အားကစားသမားတွေ ပေါ်ပေါက်လာနိုင်တယ်။

စီးပွားရှာရာမှာလည်း ချမ်းသာရင်ပြီးရော… ဘယ်နည်းသုံးရ သုံးရ…. ဆိုတဲ့ ဝိသမလောဘသားတွေ ပေါ်ပေါက်လာတယ်။

နိုင်ငံကို အုပ်ချုပ်ရာမှာလည်း…..အာဏာရရင်ပြီးရော။ ဘယ်နည်းလမ်းသုံးရ…သုံးရ ဆိုတဲ့ အာဏာရှင်တွေ ပေါ်ပေါက်လာပါတယ်။ နအဖကို သတိရကြပါ။

ဒီလောက်ဆိုရင် အကျိုးရလဒ်ပဓာန၀ါဒီတွေကြောင့် လောကကြီး ဘယ်လောက် ကမောက်ကမ ဖြစ်နေရတယ်ဆိုတာကို ရှင်းလင်းလောက်ပြီလို့ ထင်ပါတယ်။

အလားတူပဲ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာလည်း ဒီမိုကရေစီရရင်ပြီးရော…. ဘယ်နည်းကို သုံးရသုံးရ ဆိုတဲ့လူမျိုးတွေပေါ်လာပြန်ပါတယ်။

ဒီမိုကရေစီရဖို့ ဘယ်နည်းပဲသုံးရသုံးရဆိုတဲ့ အယူအဆကို ကျနော့်အနေနဲ့ ဘယ်လိုမှ လက်ခံလို့ မရပါဘူး။ ဒီမိုကရေစီဆိုတာ ပန်းတိုင်ရလဒ်ဆိုတာထက် နည်းလမ်းလို့ ပြောရင်ပိုမှန်မယ်။ လူ့အဖွဲ့အစည်းမှာ ပါဝင်တဲ့ လူအများစုက ဒီမိုကရေစီနည်းကျတဲ့ အပြုအမူတွေကို မကျင့်သုံးသရွေ့ အဲဒီ လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီမထွန်းကားနိုင်ပါဘူး။ တခုတော့ ရှိတယ်။ ဘာစနစ်ဖြစ်ဖြစ် အရေးမကြီးဘူး။ နအဖ ပြုတ်ကျရင်တော်ပြီ ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက် မကဲဘူးလို့ ဘယ်သူအာမခံနိုင်သလဲ။ ဒါကြောင့် နိုင်ငံရေးနယ်ပယ်မှာ ဦးဆောင်နေတဲ့လူတွေဟာ ဒီမိုကရေစီစနစ်ကို ယုံလည်းယုံကြည်ရမယ်။ ကိုယ်တိုင်လည်း လက်တွေ့ ပြုမူကျင့်ကြံ နေထိုင်ပြောဆို ပြကြရမယ်။ ဒီလိုမှ မဟုတ်ရင် ပါးစပ်က ဘုရားဘုရား။ လက်က ကားယား ကားယား ဆိုတာလို အဲဒီနိုင်ငံရေးခေါင်းဆောင်ဆိုသူတွေအပေါ်မှာ ယုံကြည်မှု တစထက်တစ လျော့ပါးသွားပါလိမ့်မယ်။

ဒီအကြောင်းတွေကို ပြောကြရင် ဗိုလ်ချုပ်အောင်ဆန်းတုန်းကလည်း လွတ်လပ်ရေးရဖို့ ဖက်ဆစ်နဲ့တောင် ပေါင်းခဲ့ရတာမဟုတ်ပါလားလို့ တချို့က မေးကြတယ်။ ဒီမေးခွန်းဟာ မတူညီတဲ့အရာတွေကို ရောထွေးစဉ်းစားရာက ပေါက်ဖွားလာတဲ့ မေးခွန်းလို့ မြင်ပါတယ်။

နယ်ချဲ့လက်အောက်က တိုင်းပြည်လွတ်လပ်ရေးရဖို့အတွက် ကွန်မြူနစ်နဲ့ပေါင်းပေါင်း၊ အရင်းရှင်နဲ့ပေါင်းပေါင်း စနစ်က အရေးမကြီးလှဘူး။ ဥပမာ… အခုနေ မြန်မာပြည်ကို ယိုးဒယားကနေ ကျူးကျော်ရန်စ တိုက်ခိုက်လာတယ်ဆိုပါတော့။ ကျနော်တို့အနေနဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို ကာကွယ်ဖို့အတွက် ယိုးဒယားကို ခံတိုက်ရမှာပဲ။ အဲဒီအချိန်မှာ ကွန်မြူနစ်တရုတ်ကပဲ ကူညီကူညီ၊ ဒီမိုကရေစီ အိန္ဒိယက ကူညီကူညီ၊ ရတဲ့ အကူအညီကို ယူရမယ်။ ဘာကြောင့်လဲဆိုတော့ ဒီတိုက်ပွဲဟာ တိုင်းပြည်လွတ်လပ်ရေးတိုက်ပွဲ။ စနစ်တခုပြောင်းလဲဖို့ တိုက်ပွဲမဟုတ်ဘူး။

ဒါတောင် ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ ဖက်ဆစ်တွေကို ပေါင်းမိတာ မှားပြီဆိုတာ သူအစောကြီးကတည်းက ချက်ချင်းသိတယ်။ မြန်မာပြည်ထဲ ပြန်ဝင်လာကတည်းက ပြန်ချဖို့ တပါတည်း စီစဉ်တော့တာပဲ။ ဗိုလ်ချုပ်ရဲ့ဘ၀ဖြစ်စဉ်ကို လေ့လာကြည့်ရင် နောက်ပိုင်းမှာ ဒီမိုကရေစီနည်းနာတွေကို အားပေးတယ်၊ ကျင့်ကြံတယ်၊ ပြုမူတယ်ဆိုတာတွေကို အထင်အရှား တွေ့နိုင်ပါတယ်။ ပြန်ချုပ်ရရင် တိုင်းပြည်ကို တိုင်းတပါးလက်အောက်က လွတ်လပ်အောင် တိုက်ခိုက်ရာမှာ စနစ်က ပဓာနမကျခဲ့ဘူး။ ကွန်မြူနစ်ဆီက အကူအညီယူသည်ဖြစ်စေ၊ အရင်းရှင်ဆီက အကူအညီယူသည်ဖြစ်စေ လွတ်လပ်ဖို့သာ ပဓာနဖြစ်ခဲ့တယ်။ ဒါပေမယ့် အခုလို တိုင်းပြည်ကို အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းရာမှာတော့ သုံးချင်တဲ့ နည်းကို သုံးလို့ မဖြစ်ဘူး။ ဖြစ်စဉ်နှစ်ခုဟာ သဘောသဘာဝ လုံးဝမတူခြားနားနေတယ်။

ကျနော့်မိတ်ဆွေတယောက် ပြောဖူးတဲ့ စကားကို ကိုးကားရမယ်ဆိုရင်…. “အိမ်တအိမ်မီးလောင်နေရင် ရေသန့်နဲ့ပက်ပက်၊ သဲနဲ့ ပက်ပက်၊ ဗွက်နဲ့ပက်ပက်၊ မြောင်းပုပ်ထဲက ရွှံ့ပုပ်နဲ့ ပက်ပက် ကိစ္စမရှိဘူး။ မီးလောင်တဲ့ အိမ်ကို မီးငြှိမ်းသတ်တဲ့ ကိစ္စမှာ တရားမျှတဖို့မလိုဘူး၊ တန်ဘိုးတွေ စောင့်ထိန်းနေဖို့မလိုဘူး။ (ဒါတောင် အိမ်ထဲမှာ ပီကာဆိုပန်းချီကားလို အဖိုးတန်ပန်းချီကားတွေ ရှိနေလို့ အဲဒီလို တန်ဘိုးရှိတာတွေကို မပျက်စီးစေချင်ရင် ရွှံ့ပုပ်နဲ့ ပက်မယ့်ကိစ္စကို နှစ်ကြိမ်ပြန်ပြီး စဉ်းစားသင့်သေးတယ်။) ဒါပေမယ့် မြန်မာ့ဒီမိုကရေစီအရေးကို မီးလောင်နေတဲ့ အိမ်နဲ့ နှိုင်းတာကတော့ အင်မတန် ရိုးစင်းလွန်းတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်းမှာ တိကျတဲ့ နည်းလမ်းတော့မရှိဘူး။ ဒါပေမယ့် တိကျတဲ့ ဝိသေသလက္ခဏာတွေတော့ ရှိတယ်ဗျာ”….တဲ့။

ကျနော် သူ့စကားကို အရမ်းကြိုက်တယ်။ ဒီမိုကရေစီစနစ်ကို ဘယ်နည်းနဲ့သွားရ သွားရ အရေးမကြီးဘူး၊ ရောက်မယ်လို့ တွေးထင်တဲ့လူတွေဟာ နအဖရဲ့ တွေးခေါ်ပုံနဲ့ ဘာမှ မခြားနားဘူးဆိုတာကို သွားတွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ နအဖ စစ်အစိုးရကလည်း သူတို့ စိတ်တိုင်းကျ ရေးဆွဲထားတဲ့ လမ်းပြမြေပုံအတိုင်း စည်းကမ်းရှိသော ဒီမိုကရေစီတို့၊ မြန်မာ့အမျိုးသားယဉ်ကျေးမှုနှင့် ကိုက်ညီသော ဒီမိုကရေစီတို့ စသဖြင့် အဲဒီလမ်းကြောင်းတွေအတိုင်း သွားဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား။ “အဲဒီနည်းနဲ့ ရောက်မယ်ထင်ရင် အသာမှိန်းပြီး လိုက်သွားကြပေါ့။”…လို့ တိုက်တွန်းရမလို ဖြစ်နေပါတယ်။

“ဟာ….နအဖဆိုတာက ယုတ်မာတဲ့အကောင်တွေကွ၊ ဒီကောင်တွေက ဒီမိုကရေစီကို တကယ်သွားချင်တာမဟုတ်ဘူး။ ဒီအကောင်တွေမို့ မယုံကြည်နိုင်တာ။ ကျန်တဲ့လူတွေက ဒီလောက်မဆိုးဘူး”…လို့လည်း လာမပြောပါနဲ့။ နအဖကလည်း သူ့ပါးစပ်ကတော့ ကျနော်တို့လိုပဲ ဒီမိုကရေစီကို သွားချင်ပါတယ်လို့ တချိန်လုံးပြောနေပါတယ်။ ဦးသန်းရွှေ တနှစ်တခါပြောတဲ့ မိန့်ခွန်းတွေထဲမှာလည်း ပါတယ်။ ဒါပေမယ့် နအဖကို ဘာလို့မယုံကြည်ရသလဲ။ နအဖ အတိတ်ကလုပ်ခဲ့တဲ့ လုပ်ရပ်တွေ၊ အခု ပစ္စုပ္ပာန်မှာ လုပ်နေတဲ့ လုပ်ရပ်တွေကို ကြည့်ပြီး၊ သူတို့လုပ်ရပ်တွေရဲ့ ဝိသေသလက္ခဏာတွေကြည့်ပြီး ဒီမိုကရေစီရဲ့ ဝိသေသလက္ခဏာတွေနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့အတွက် မယုံကြည်နိုင်တာပေါ့။

လူတွေဆိုတာ ကိုယ်တွေးကြံသမျှ အတွေးတွေ၊ ကိုယ်ပြုသမျှ လုပ်ရပ်တွေ၊ ကိုယ်ပြောသမျှ အပြောအဆိုတွေကနေ ကိုယ့်သဘာဝကို အမြဲ ပြန်လည် ထုဆစ်နေတယ်ဆိုတာ သတိပြုမိပါတယ်။။ ဒီကနေ့ ဒီမိုကရေစီနည်းလမ်းတွေ၊ အကျင့်အကြံတွေကို ကိုယ်တိုင်မလိုက်နာနိုင်တဲ့သူ၊ လူ့အခွင့်အရေးကို ကိုယ်တိုင် လေးစားရကောင်းမှန်းမသိသူတွေဆိုရင် ဒီမိုကရေစီဘက်တော်သားပါလို့ ကိုယ့်ကိုယ်ကို ဘယ်လောက်ပဲ ကြွေးကြော်နေပါစေ၊ ဘယ်လောက်ပဲ မျိုးချစ်စိတ်ရှိတယ်လို့ ပြောနေပါစေ၊ ဒီလူတွေကို ယုံကြည်ဖို့ မဖြစ်နိုင်ဘူး။ အခု အာဏာမရသေးခင်မှာတောင် ဒီလောက် စည်းကမ်းမဲ့တာ။ ဒီလောက် ကိုယ့်အလိုဆန္ဒကိုယ် မချုပ်တည်းနိုင်တာ။ ဒီလောက် အကြမ်းဖက်ဝါဒကို နှစ်ခြိုက်တာ။ အာဏာရပြီးရင် နအဖထက် ဆယ်ပြန်လောက် ဆိုးနိုင်တယ်ဆိုတာ တွေးကြည့်ယုံမျှနဲ့ သိနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဝင်းတင်တို့ ကိုမင်းကိုနိုင်တို့ကို လေးစားကြတယ်ဆိုတာ သူတို့ဟာ သူတို့ ယုံကြည်သက်ဝင်တဲ့ စည်းမျဉ်းစည်းကမ်းတွေ Principle ကို ဘယ်လိုအကြောင်းပြချက်နဲ့မှ မချိုးဖောက်ခဲ့ဘူး။ သူတို့ ယုံကြည်သက်ဝင်တဲ့ တန်ဘိုးတွေကို ဘယ်တော့မှ ပစ်မချခဲ့ဘူး။ အခုထိလည်း မြဲမြဲမြံမြံ စွဲကိုင်ဆဲပဲ။ ဒါကြောင့်မို့ သူတို့ကို အခုအချိန်အထိ ကျနော်တို့ ယုံကြည်တယ်။ လေးစားတယ်။

ဗုဒ္ဓဘာသာမှာလည်း လေနာထနေတဲ့ ရဟန်းကြီးတပါးကို လေနာသက်သာအောင် မွန်းလွဲအစာစားဖို့ တိုက်တွန်းတဲ့အခါ “ငါ့ကိုယ်ထဲကအူတွေ အစာဆာလို့ ငါ့ကိုယ်အပြင်ဖက်ကို ထွက်ပြီး အစာရှာချေဦးတော့၊ ငါကတော့ စည်းကမ်းကို မဖောက်ဖျက်နိုင်ပါ” ဆိုတာမျိုးပြောပြီး အစာမစားပဲ နေခဲ့တာရှိတယ်။ အဲဒီလို အသက်နဲ့လဲပြီး သံမဏိစည်းကမ်းရှိသူတွေကို ကျနော်လေးစားတယ်။ ပျော့ချည်ပျောင်းချည် ဖယောင်းစည်းကမ်းသမားတွေကိုတော့ မယုံစားဝံ့ဘူး။ အိုင်းစတိုင်းကလည်း ပြောခဲ့ဘူးတယ်လေ။ အသေးအဖွဲမှာတောင် မယုံကြည်ရတဲ့လူတွေကို ကြီးကြီးမားမားကိစ္စတွေမှာ သာပြီးတော့တောင် မယုံကြည်သင့်ဘူးဆိုတာကိုပေါ့။

ဒီတော့ ကိုယ်လုပ်သမျှအလုပ်(ကံ)ဟာ ကိုယ့်ပုံရိပ်၊ ကိုယ့်သဘာဝနဲ့ ကိုယ့်လားရာကို ထုဆစ်နေတာ လူတိုင်း သတိပြုသင့်ပါတယ်။ ညောင်ပင်စိုက်ပြီး ပန်းသီးစားချင်လို့တော့ မဖြစ်ချေဘူး။ ညောင်ပင်စိုက်ရင် ညောင်သီးပဲ စားရမှာပေါ့။ ညောင်ပင်စိုက်ပြီး ပန်းသီးစားရလိမ့်မယ်လို့ ထင်မှတ်နေတယ်ဆိုရင် သေသာ သေသွားမယ်။ ပန်းသီးကိုတော့ စားလိုက်ရမှာမဟုတ်။ ကံမကောင်းရင် “ညောင်ပင်တစ္ဆေ ဝေလေလေ၊ နင်ဘာသီးစား ညောင်သီးစား” ဘဝရောက်သွားနိုင်ပါကြောင်း။

9 comments:

Anonymous said...

I am first,

Unknown said...

ကျေးဇူးတင်တယ်အကိုပေါ..အပေါ်က Post ရယ်
အောက်ကမန်.တာတွေရယ်ကိုဖတ်ရင်စကားရည်လု
ပွဲလိုဘဲအတွေးတွေတိုးစေတယ်...မန်တာတွေကြည့်ရင်
တောင်..Singapore အကြောင်းအပေါ်တုန်.ပြန်တာ
နဲ. နိုင်ငံရေးအကြောင်းတုန့် ပြန်တာမတူပါ...
Singapore အကြောင်းအပေါ်တုန်.ပြန်တာ ကပိုရမ်း
သလိုဘဲ..မန်.တာတွေကိုပညာရှင်တွေလေ့လာရင်မြန်မာ
လူမျိုးရဲ.စိတ်နေစိတ်ထားအပေါ်အဖြေတစ်ခုထွက်လာမ
လားမသိ..ဘာဘဲပြောပြော ကိုShweaung တို.လို
အမည်မှန်link အမှန် တွေနဲ့  ယူဆချက်တွေ ကိုပြောကြတာ..ပိုအားရလာမိတယ်ခင်ဗျာ...

zml said...

Oh my god! What a great post! I think you have a very good reasonable thinking.

Thargyi(Gyobingauk) said...

ကိုပေါရေ...

အခုတလော လူတွေ 2010 အကြောင်းသိပ်ပြောတာ ကြားနေရတယ်ဗျ။ 2010 သာ န-အ-ဖ စီစဉ်သလို အောင်မြင်သွားရင် သူတို့လမ်းဆုံးသွားပီ ဘာမှဆက်လုပ် စရာမလိုတော့ဘူးလို့ ပြောသံတွေ ဟိုနား ဒီနားကနေကြားနေရတယ်ဗျာ။

ကျွန်တော်တို့တွေ ရဲ့အဖြေက အပြောင်းအလဲများလား? အပြောင်းအလဲ လောက်မှာပဲကျေနပ်ကြတော့မှာလား? အတိုက်အခံကအားသာသွားရင် အဖြေလား?? ကျွန်တော်တော့ အဲလိုမယူဆခြင်ဘူး။ နိုင်ငံသားတိုင်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရဲ့ အနှစ်သာရကိုမရ မခြင်း န-အ-ဖ တက်တက် အတိုက်အခံတက်တက် အတူတူ ပဲ။

အပြောင်းအလဲဟာအဖြေဆိုရင်တော့ "ဟုတ်ကဲ့ ကိုပေါ။ ကျနော်ရေကို ဗိုက်ထဲမှာထည့်သယ်လာပါတယ်။ ကိုပေါ လိုချင်ရင်ခွက်ခံလိုက်ပဲ" ဆိုတဲ့ဗိုလ်ကြီးအဖြေမျိုးပဲ ပေးရ မှာပဲဗျာ။

ကိုပေါ said...

>>>blue, zml.... ကျေးဇူးတင်ပါတယ်။

>>>Shweaung… ၂၀၁၀ နဲ့ ပတ်သက်ပြီး ကျနော်ရေးဖို့ အစီအစဉ်ရှိပါတယ်။ နောက်လာမယ့် ပို့စ်ထဲမှာ ဖြစ်ဖို့ များတယ်။ ကျနော်လည်း ကိုရွှေအောင်နဲ့ အမြင်တူပါတယ်။ အပြည့်အ၀မရမချင်း ဆုံးခန်းတိုင်အောင် ဆက်လုပ်သွားရမှာပါ။

Anonymous said...

သေချာတာတခုက ၂၀၁၀ရွေးကောက်ပွဲပြီးရင် ဒီမိုကရေစီအင်အားစုတွေရဲ့ရပ်တည်မူ့ကပိုပြီးတော့မှေးမှိန်သွားမှာ အမှန်ပဲဗျ နိုင်ငံတကာက 2010 ဘယ်လောက်အသိမှတ်မပြုဘူးပဲပြောတရားမဝင် အာဏာရှင်အစိုးရကိုတောင် သူတို့နေရာပေးနေသေးတာ ရွေးကောက်ပွဲနဲ့တတ်လာတဲ့အစိုးရကိုပိုပြီး နေရာပေးမှာအသေအချာပဲဗျ ရွေးကောက်ပွဲအလွန် ဆိုတဲ့မေးခွန်းအတွက် ခင်ဗျားတို့ကျနော့တို့မှာအဖြေမရှိသေးဘူးထင်တယ် ကိုပေါရေ ပြီးတော့ခင်ဗျားပြောသလို စည်းကမ်းရှိကြပါ အားလုံးတက်ညီလက်ညီပါဝင်ကြပါဆိုတာကလဲ ထင်သလောက်မလွယ်ဘူးဗျ နောင်နစ်ပေါင်းရာထောင်ချီကြာကြာ ဒီမိုကရေစီစစ်စစ် ကိုပဲ စည်းကမ်းရှိရှိ အေးအေးဆေးဆေး တောင်းယူမယ် ဆိုရင်လဲသဘောပေါ့ဗျာ

Anonymous said...

To : Anon October 2, 2009 12:04 PM

Democracy cannot be asked or requested.

It has to be practised by each and everyone in the society.

It can be a long way to become a fully democratic society. But important thing is that we cannot just sit and wait because nobody will bring democracy to Burma except the Burmese people. We all have to know we only are the participants in that process of changing democratic system in Burma and have to learn democratic values and exercise our rights along the way whenever it is possible.

Removing the Junta doesn't mean that we get democracy.But it will be true to say that we remove the big obsticles in our way to democratic Burma.
But without each and everyone's participation in exercising their own rights and nurturing the democratic principles and values, Burma will never become a trully democratic society.

အောင်ကိုကိုထိုက် said...

၂၀၁၀ ရွေးကောက်ပွဲကလဲ တိုင်းသူပြည်သားတွေအကုန်ဘယ်လိုမှ မဲပေးနိုင်မဲ့ပွဲ မဟုတ်ဘူး ကုလားဖန်ထိုးပြီးလုပ်သွားမှာပဲ
သူ့စီစဉ်ပြီးသားပါတီတွေက ဝင်ခွင့်ရမယ် ကျန်ပါတီတွေက ရွေးကောက်ပွဲဝင်လဲ အရွေးမခံရဘူးဆိုပြီးလုပ်မယ် သူ့လူတွေကိုသာနိုင်ကြောင်းကြေငြာမယ် အမတ်ရူး နေတဲ့သူတွေ လွတ်တော်ထဲမှာရသလောက် ပြောမယ်ဆိုသူတွေ အတွက်ကတော့ ဆောရီးပဲ နေရာပေးမှာမဟုတ်ဘူး
အခြေခံဥပဒေဆန္ဒခံယူပွဲမှာ ဘယ်လိုလုပ်သွားတယ်ဆိုတာတွေ့ပြီးသားကို ဘာလို့ ၂၀၁၀ ကိုမျှော်လင့်ယုံကြည်နေကြတာလဲ ရွေးကောက်ပွဲအလွန်ဟာလဲဒီတိုင်းပါပဲ အတိုက်အခံတွေပေါ်ပေါ်ထင်ထင်၇ှိနေရာက ပျောက်ကောင်းပျောက်သွားနိုင်တယ် အင်အားဆုတ်ယုတ်စရာတော့မရှိဘူး အရေခြုံတွေ အိမ်လွမ်းနာကျသူတွေကလက်နက်ချ မှာပဲ ဆွမ်းဆန်ထဲရောတဲ့ကြွက်ချေးတွေ ပျောက်သွားတာကောင်းတယ် အပြင်မှာချေမှုန်းစရာမရှိရင် စစ်တပ်မှာသူ့ဟာသူအတွင်းမှာ ကွဲမှာပဲ အကျိုးစီးပွားလုကြရင်းနဲ့ အချင်းချင်းဆော်မှာပဲ
အမြင်ဝေဝါးသူတွေ သာ ၂၀၁၀ကိုစောင့်နေတာပါ
ဘာမှမပူပါနဲ့

Anonymous said...

ကိုပေါရေ

သဘောကျပါသည်ခင်ဗျား။ :)

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs