“မြန်မာတွေ စိတ်မရှည်တဲ့ နေရာ”

Share |
မဒမ်ပေါက သူခွင့်ယူထားတုန်းမှာ ကြည့်ဖြစ်ခဲ့တဲ့ စင်္ကာပူတီဗီက အစီအစဉ်ကလေးတခုအကြောင်း ကျနော့်ကို ပြန်ပြောပြတယ်။ အဲဒီ အစီအစဉ်မှာ စင်္ကာပူက လူတွေရဲ့ ထူးခြားတဲ့ အပြုအမူတွေကို ဟာသစွက်ပြီး တင်ပြထားတယ်လို့ ဆိုပါတယ်။

အားလုံးသိတဲ့အတိုင်း စင်္ကာပူမှာ လူတိုင်းဟာ စားသုတ်သုတ်၊ သွားသုတ်သုတ်၊ လာသုတ်သုတ်။ တချိန်လုံး အလျင်စလို နိုင်နေကြတယ်။ ပလက်ဖောင်းပေါ်မှာ ခဏတဖြုတ် စကားရပ်ပြောနေမိလို့ နောက်က ကျော်တက်မယ့်လူက စိတ်မရှည်တဲ့အမူအရာနဲ့ မျက်စောင်းထိုးတာမျိုး၊ ညနေဖက်မှာ သမီးရည်းစားစုံတွဲ အေးအေးလူလူ လမ်းလျှောက်လာရာကနေ လမ်းကူးရောက်ကာနီး မီးစိမ်း မှိတ်တုတ်မှိတ်တုတ် ပြနေတာကိုမြင်တော့ အကျင့်ပါနေတဲ့အတိုင်း ရုတ်တရက် သုတ်ခြေတင်ပြေးပြီး အလျင်စလို လမ်းကူးတာမျိုး စတဲ့ ကမောက်ကမ အဖြစ်အပျက်တွေ ရိုက်ကူးတင်ပြထားပါသတဲ့။

မြန်မာပြည်မှာတုန်းကတော့ အချိန်တွေဆိုတာ ပိုမှပို။ ဘာလုပ်လုပ် စိမ်ပြေနပြေနဲ့ အေးအေးဆေးဆေးပဲ။ စိတ်ကလည်း ရှည်ကြတယ်။ ဘတ်စ်ကား အလာကို စိတ်ရှည်လက်ရှည်စောင့်တယ်။ မီးအလာကို စိတ်ရှည်လက်ရှည်စောင့်တယ်။ တီဗီမှာ ညဖက်လာတဲ့ ရုပ်ရှင်ကားကို ကြည့်ရဖို့အရေး ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ မာရသွန်သတင်းကြီးတွေပြီးဆုံးသည်အထိ စိတ်ရှည်လက်ရှည် မအိပ်ဘဲ စောင့်ကြရတယ်။ အစိုးရ ရုံးပြင်ကန္နားသွားရင်လည်း အလုပ်တခုပြီးမြောက်ဖို့ တနေကုန်အောင် စောင့်ရတယ်။

ဘယ်နေရာမဆို ကြန့်ကြာတတ်ပြီး စောင့်ရပါများတော့ ကျနော်တို့ မြန်မာတွေမှာ စိတ်ရှည်တဲ့ အကျင့် အလိုအလျောက် ရလာတယ် ထင်ပါရဲ့။ အရာရာကိုလည်း သည်းခံတတ်လာတယ်။ တော်ရုံအဆင်မပြေမှုတွေကိုလည်း တောင့်ခံနိုင်လာတယ်။ ဒုက္ခသုက္ခတွေကို ခါးစည်းရင်ဆိုင်လာနိုင်ကြတယ်။ မပြည့်စုံမှုတွေကိုလည်း လစ်လျူရှုလာနိုင်ကြတယ်။ တာတေလန်အောင် မကောင်းတဲ့ အစိုးရနဲ့လည်း နှစ်၂၀ကျော် နှစ်ပါးသွားနိုင်ခဲ့တယ်။ ဒီတော့ မြန်မာလူမျိုးတွေအနေနဲ့ စိတ်မရှည်တဲ့ နေရာဆိုတာ ရှိမှ ရှိပါသေးရဲ့လားလို့တောင် တွေးမိတယ်။

အဲသည်လို တွေးမိကာမှ မြန်မာတွေ စိတ်မရှည်တတ်တဲ့ တနေရာကို ဘွားကနဲ သွားသတိရမိတယ်။ အဲဒီ တနေရာကလည်း ကျနော့်စိတ်ကို တော်တော်လေး စနိုးစနောင့်ဖြစ်အောင် တတ်နိုင်တဲ့အရာ ဖြစ်နေပြန်တယ်။

ဒီလိုပါ။

ရန်ကုန်က ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်သွားကြည့်ရင်ဖြစ်ဖြစ်၊ ရပ်ကွက်ထဲက ဗီဒီယိုရုံတွေမှာ သွားကြည့်ရင်ဖြစ်ဖြစ်…. ရုပ်ရှင်ကြည့်ပရိသတ်ဟာ ကွာစိ၊ နေကြာစေ့၊ အာလူးကြော်၊ ဇီးထုတ်၊ အချဉ်ထုတ် စတဲ့ အစားအသောက်မျိုးစုံနဲ့ ရုံထဲကို ဝင်ကြပါတယ်။ ရုံထဲမှာ အဲဒီအစားအသောက်မျိုးစုံကို အသံမျိုးစုံထွက်အောင် စားတတ်ကြပါတယ်။ စင်္ကာပူမှာလည်း သိပ်မထူးလှဘူး။ ပြောင်းဖူးပေါက်ပေါက်၊ အာလူးကြော်၊ ချီစ်ဟော့ဒေါ့၊ နာချို၊ အအေးဘူး စတာတွေကို အမျိုးစုံအောင် ဝယ်ယူစားသုံးတတ်ကြပါတယ်။ အဲဒီလို အသံဗလံမျိုးစုံကိုလည်း ကျနော်တို့မြန်မာတွေက စိတ်ရှည်သည်းခံတတ်ကြပါသေးတယ်။ စိတ်မရှည်တဲ့ ကဏ္ဍကို မရောက်သေးပါဘူး။

စကားစပ်မိလို့ ကြားဖြတ်ပြောပါရစေဦး။ ကျောင်းသားဘဝ နယ်ကိုပြန်တော့ ရွာထဲက ဗီဒီယိုရုံမှာ တခါ သွားကြည့်မိတယ်။ ဖန်သားပြင်ပေါ်မှာ မင်းသားတခါထွက်လာတိုင်း ကျနော့်နောက်ဖက်နားဆီက “လှလိုက်သာ ဆရာမရယ်”၊ “ကြည့်ပါဦး ဆရာမရယ်… လှလိုက်သာ” ဆိုတဲ့ မိန်းမသံက ထပ်ဖန်တလဲလဲ ထွက်လာတယ်ခင်ဗျ။ အဲဒါ ဇာတ်လမ်းအစကနေ ဇာတ်လမ်းဆုံးတဲ့အထိ တောက်လျှောက်ပဲ။ သြော်… ဒီမိန်းမနှယ်၊ ဗီဒီယိုကြည့်တာ မင်းသားကိုပဲ တချိန်လုံး ကြည့်ရှုခံစားနေသလားမသိဘူးလို့ ကျနော့်စိတ်ထဲမှာ တွေးမိပါတယ်။။ နောက်ပြီး အဲဒီနေ့က ဗီဒီယိုကြည့်ရတာ တော်တော်ပဲ အရသာပျက်သွားပါတယ်။

မြန်မာပြည် တောကြိုအုံကြား ခေတ်နောက်ကျတဲ့ အရပ်ဒေသကမို့ ဒီလိုဖြစ်တယ်မထင်ပါနဲ့ဦး။ တခါက စင်္ကာပူ Golden Village ရုပ်ရှင်ရုံမှာ ကာတွန်းဇာတ်ကားတကား သွားကြည့်ဖြစ်တယ်။ ဇာတ်လမ်းစလို့ မကြာသေးခင်မှာပဲ…. နောက်ခုံမှာ ထိုင်နေတဲ့ ကလေးအမေက သူ့ကလေးကို ဇာတ်လမ်း ပြန်ပြောပြလိုက်၊ အာမေဋိတ်သံတွေ ထွက်လိုက်နဲ့ အင်မတန် စိတ်အနှောက်အယှက် ဖြစ်စရာ ကြုံခဲ့ရပါသေးတယ်။ သူ့အာမေဋိတ်သံကလည်း ကြည့်ဦးဗျာ။ ဇာတ်ကားထဲမှာ ကာတွန်းဇာတ်ကောင်က တခုခု အမှားလုပ်တယ်ဆိုပါစို့။ ဥပမာ ခလုပ်တိုက်လဲကျတယ် ဆိုပါစို့။ သူ့ဆီက ချက်ချင်းပဲ “အက်..အို”၊ ဒါမှမဟုတ် “အုက်..အို” ဆိုတဲ့ အသံထွက်လာတယ်။ စဉ်းစားကြည့်ဗျာ။ တကားလုံး ပြီးတဲ့အထိ အဲဒီ အက်အို နဲ့ နှစ်ပါးသွားခဲ့ရတယ်။

ပြောရင်းနဲ့ ဘေးချော်ကုန်ပြီ။ မြန်မာရုပ်ရှင်ကြည့်ပရိသတ်ကတော့ လူ့ပါးစပ်ကထွက်တဲ့ အဲဒီလို အသံဗလံတွေကိုလည်း သည်းခံနိုင်ကြပါပေတယ်။ သူတို့ စိတ်မရှည်တဲ့သဘာဝက ဘယ်အချိန်ကျမှ ဘွားကနဲ ပေါ်လာသလဲဆိုတော့ ရုပ်ရှင်ပြီးကာနီး သုံးမိနစ်လောက်မှာ ပေါ်လာတတ်တယ်ခင်ဗျ။ ဘယ်လိုစိတ်မရှည်တာလဲဆိုတော့ ဇာတ်လမ်းကို ပြီးအောင် ဆက်လက်ထိုင်ကြည့်ဖို့ စိတ်မရှည်တော့ဘူး။ ရုပ်ရှင်က ပြနေတုန်း တန်းလန်းကြီးပဲ ရှိသေးတယ်။ ပရိသတ်တွေက အမှောင်ထဲမှာ ထရပ်ပြီး ထမီတွေပြင်ဝတ်၊ အင်္ကျီတွေဘာတွေ ဆွဲဆန့်၊ အိတ်တွေဘာတွေလွယ်ပြီး ရုံပြင်ထွက်ဖို့ တာစူနေပြီ။ ဘယ့်နှယ့်ဗျာ… တသက်လုံးနေလာခဲ့တဲ့ အိမ်ကို မပြန်ရတော့မှာ ကျနေတာပဲ။ သုံးမိနစ်လောက်ပဲ ကျန်တော့တာ။ စောင့်ပါဦးတော့လား။ ဘာအတွက် ဒီလောက် လောနေကြသလဲမသိ။ ကြည့်နေသူတွေကိုမှ အားမနာ။ တခါတလေ ကိုယ်က အမြင်ကတ်ကတ်နဲ့ ထမပေးဘဲ ပေကပ်ထိုင်နေပြီး ဆက်ကြည့်နေရင် ကိုယ့်ရှေ့က အတင်းဖြတ်ပြန်ပြီး ကိုယ့်ခြေထောက်ကိုတောင် တက်နင်းသွားတတ်ကြသေးတယ်။ တခါတလေ တချို့ရုပ်ရှင်ကားတွေက မထင်မှတ်တဲ့နေရာမှာ ရုတ်တရက် ဇာတ်သိမ်းသွားပြီး၊ “ပြီးပါပြီ” စာတန်းထိုးလိုက်မှ ရုပ်ရှင်ပြီးမှန်းသိလိုက်ရတဲ့ ဇာတ်လမ်းမျိုးဆိုရင်တော့ အဆုံးအထိ ကြည့်ခွင့်ရပါတယ်။ ဒါပေမယ့် များသောအားဖြင့်ကတော့ မပြီးခင် ထပြန်ကြတာပဲ။

ရုပ်ရှင်ကြည့်တဲ့ ပရိတ်သတ်ပဲဖြစ်ဖြစ်၊ ဗီဒီယိုရုံမှာ ကြည့်တဲ့ ပရိတ်သတ်ပဲဖြစ်ဖြစ်၊ ပွဲကြည့်တဲ့ ပရိတ်သတ်ပဲ ဖြစ်ဖြစ် အားလုံးမှာ အဲဒီအကျင့်ရှိတယ်။ လေးငါးမိနစ်လောက် အချိန်ကလေးကို ဘာကြောင့် အဲသည်လောက် စိတ်မရှည်နိုင်ကြသလဲဆိုတာ ကနေ့အထိ ကျနော်ဖြင့် နားမလည်နိုင်အောင်ပါပဲ။ အံ့ရော။ အံ့ရော။

20 comments:

KMA said...

လေယာဉ်ပျံပေါ်မှာကော အတူတူပါပဲ..ကွင်းထဲရောက်လို့ လေယာဉ်တံခါး မပွင့်သေးဘူး၊ ခရီးသည်တွေ isle ထဲအတင်းထွက်၊ ပစ္စည်းတွေ အတင်းချ လုပ်ကြတာ မြန်မာတွေမှ မဟုတ်ပါဘူး..၊ အာရှသား အများစုလည်း ဒီလိုပြုမူလေ့ ရှိတတ်ကြပါတယ်..။

Maydarwii said...

ကိုပေါရေ ..
နိုင်ငံတကာကလူတွေ သွားသုတ်သုတ် လာသုတ်သုတ် လုပ်တာ စိတ်မရှည်လို့ ဟုတ်ဟန်မတူပါဘူး။ အချိန်ကို ချွေတာတာ ဖြစ်ပါလိမ့်မယ်။ သူတို့စိတ်ရှည်တဲ့ နေရာမှာ မြန်မာတွေထက် ပိုသာတာကို ကျမအခုမှ လက်တွေ့ တွေ့မြင်နေရတယ်။

ဥပမာပြောရရင် ... မြန်မာပြည်မှာတုန်းက လမ်းကူးတဲ့အခါ လူကူးမျဉ်းကျားမှာ ဘယ်လောက်ကြာအောင် စောင့်စောင့် ကားတွေက ရပ်မပေးဘူး။ ကားရှင်းမှ လူက ကူးရတယ်။ ဒီမှာတော့ လူကူးမျဉ်းကျားပေါ် ခြေချလိုက်တာနဲ့ ကားတွေက အလိုလို ရပ်ပေးပြီးသားပဲ။
နောက်ပြီး ဒီကလူတွေက ဘယ်လောက် တန်းစီရ စီရ စိတ်ရှည်ရှည်စီကြတယ်။ ကြားခိုးမဖြတ်ဘူး။ ဘတ်စ်ကားပေါ် လုမတက်ဘူး။ (အဲဒါကတော့ demand နဲ့ supply မျှတနေလို့ထင်ပါတယ်)
ပြီးတော့ တယောက်နဲ့ တယောက်ဦးစားပေးကြတယ်။ ဦးစားပေးခံရသူကလည်း ဦးစားပေးသူကို တလေးတစား အသိအမှတ်ပြုတယ်။

ရန်ကုန်မှာတုန်းက မော်တော်ကားရဲ့ မီးကြီးကို တောက်ပြရင် အဲဒီကားက အရေးပေါ်ဖြစ်နေတယ်။ သူ့ကို သူများကဦးစားပေးရမယ်ဆိုတဲ့ သင်္ကေတလို့ မှတ်ထားတာ။ အခုတော့ မီးကြီးတောက်ပြတာက တဘက်ကား (သို့) လူကို သွားခွင့်ပေးတာတဲ့။

ဒီက တချို့ဟိုမရောက် ဒီမရောက် လူအနည်းစုနဲ့ သောက်စားမူးယစ်ထားသူ တချို့ကလွဲလို့ တော်တော်များများက စိတ်ရှည်ကြ သည်းခံကြတယ်။ အမြဲတမ်း လုပ်နေကျဖြစ်သွားတော့ အကျင့်ပါနေတာလည်း ဖြစ်နိုင်ပါတယ်။

အဲဒါတွေ တွေ့ရတော့ ကျမမှာ အားမလို အားမရ ဖြစ်မိပါတယ်။ ကျမတို့ မြန်မာနိုင်ငံက အများစု ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး စိတ်မရှည်ကြ သည်းမခံကြတာများနေတာ မြင်လို့ပါ။
(ဟို ... မနိုင်လို့ သည်းခံရသည်က တပိုင်းပေါ့လေ။)

နောက်ဆုံးတော့လည်း ဖြေပြီးတွေးမိပါတယ်။
နေထိုင်ရတဲ့ ပတ်ဝန်းကျင်၊ မပြေလည်တဲ့ဘ၀တွေ၊ အခက်အခဲတွေကြောင့် အဲဒီလိုတွေ ဖြစ်သွားတာပဲ နေမှာပါလို့ ...။

Anonymous said...

သြော်..တယ်ခက်ပါလား၊ မပြောဘူးလို့နေတာ..ရုပ်ရှင်
လွှတ်ချိန်ဆို ဘတ်စ်ကားက သိတ်ကျပ်တယ်။ ဒါ့ကြောင့် တကားလုံးကြည့်ခဲ့ ပြီးပြီပဲလေ ဆိုပြီး ရင်နာနာနဲ့ စောထွက်ခဲ့ကြရတာပါ။

Anonymous said...

မမေဓာဝီပြောတာ မျှတပါတယ်။
အရာရာတိုင်းမှာ demand နဲ့ supply မျှတနေရင် အားလုံး စိတ်ရှည်မှာပါ

ဖြူတုတ်လေး said...

အဲဒါတော့ အရမ်းမှန်တာပဲ ကိုကြီးပေါရဲ့။ ဖြူတုတ်တောင်မှ ဟိုတနေ့က နှင်းဆီရင်ခွင်အငြိမ့်ကို ကြည့်ပြီး ပြောနေသေးတယ်။ ပွဲတောင်မဆုံးသေးဘူး အသီးသီးထပြန်ကြတာတော့ အရမ်းစိတ်အနှောက်အယှက် ဖြစ်စရာကောင်းတာပဲ။ ကိုယ့်အတွက်တင် မကပါဘူး။ ဖျော်ဖြေသူ အတွက်ရောပါ။ Live Performance ဆိုရင်လေ။

ခရေညို said...

ဟုတ်ပ ကိုပေါပြောမှ သတိထားမိတယ်

Htun said...

အင်း တိုက်ဆိုင်တာလားတော့ မသိဘူး။ မနေ့ည ကားလမ်းကို လူကူးမျဉ်းကျားကဖြတ်အကူးမှာ ချိန်းထားတဲ့ သူငယ်ချင်းဆီက ဖုန်းလာရော၊ အဲဒီမှာ ကားတစီးကလည်းအလာ ကားပေါ်က ဒရိုင်ဘာ က မျက်စောင်းထိုးတာ ကြောက်စရာကြီး၊ သူ့ကို ကြည့်လိုက်တော့ ပုံစံက အသားညိုညို၊ ဆံပင်လိမ်တွန့်နဲ့ မျက်မှန် နဲ့၊ အညာသား မြို့ ရောက်လာတဲ့ ပုံဆိုတော့ ဘရားဘရား ကိုပေါများလား။

Ko Paw said...

KMA….. ဟုတ်ချက်။

Maydarwii…. စိတ်ရှည်တယ်ဆိုတာထက် စည်းကမ်းနဲ့ ပိုဆိုင်မလားမသိဘူးနော်။ မြန်မာပြည်မှာ အဲဒီ ကျူစနစ်မရှိတာ၊ လမ်းစည်းကမ်း၊ လူစည်းကမ်း မလိုက်နာတာတွေကလည်း တော်တော်လေး စိတ်ပျက်ဖို့ကောင်းတယ်။ အဲဒီအကြောင်း ပို့စ်တပုဒ်လောက် ရေးဦးမှပဲ။

Anonymous…. ဘတ်စ်ကားကတော့ တချိန်လုံး ကြပ်နေတာပါပဲလေ။
ဖြူတုတ်လေး၊ ခရေညို…… Live ဆိုရင် စင်ပေါ်ကလူလည်း ဖီးလ်ငုပ်မှာပေါ့။

Htun… အမယ်မင်း…. ရေးပုံကတော့ ရက်စက်ပါ့ ထွန်းရယ်။ အညာသား မြို့ရောက်လာတဲ့ ပုံတဲ့။ ဒီလောက် ကြည့်ကောင်းတဲ့ ညိုချောလေးကိုများ။ လုပ်ရက်လိုက်တာ။ အေးလေ။ ကားရှိတယ် အထင်ခံရလည်း နည်းတာမှတ်လို့။ အသာငြိမ်နေလိုက်မှ… ဟီး။

Anonymous said...

Wow..

So many wise men & women alot here...

They really think that they are so smart and better idea than others' ordinary people..

keep up and go ahead...your tooo talented idea...

Anonymous said...

အွန်လိုင်းမှာလည်း ဘလော့ပို့စ်တွေ ဖတ်ရင်းနဲ့ ပို့စ်ရဲ့ ဆိုလိုရင်းကို သေချာမဖတ်ပဲ ပုဂ္ဂိုလ် စွဲတွေနဲ့ ထင်ရင်မြင်ရာ ရမ်းသမ်းဆဲဆိုကြတာတွေ ...အဟေ့ဟေ့ ဟေ

khin oo may said...

စိတ်မရှည်တဲ့နေရာဆိုလို့ ကိုယ့်အတွေးနဲု့ကိုယ်လာလိုက်တာလွဲသွားတယ်။ ..။ ရုပ်ရှင်ကြည့်ရင်အဲဒီနောက်ဆုံးခန်း သီချင်းကမှ နားထောင်လို့ကောင်းတယ်။ ။ ။ ရုံထဲ မှာကိုယ့်ဘေးက လူက ပေါက်ပေါက် မုန့်စားတာလောက် မုန်းတာမှမှရှိ. ညှော်တယ်။ .လမ်းဖြတ်ကူးရင်လဲကားရှင်းအောင်စောင့်ပါတယ်။

တန်ခူး said...

ဒါဆို ကျွန်မကတော့ စိတ်ရှည်တဲ့အထဲပါနေပြီကိုပေါရေ… ၀တ္ထုဖတ်ရင်လဲ နောက်ဆုံးဘာဖြစ်သလဲ ဘယ်တော့မှ ကြိုမသိချင်ဘူး… ရုပ်ရှင်ကြည့်ရင်လဲ ကြည့်ပြီးသားသူက ဇာတ်လမ်းလာပြောတာ မကြိုက်ဘူး… နောက်ဆုံးခန်းကို အမြဲ စိတ်ရှည်ရှည်စောင့်ကြည့်တတ်တယ်…

T T Sweet said...

တန်ခူးနဲ့ တို့နဲ့တူတယ် ... ၀တ္ထုဖတ်ရင် ဇာတ်လမ်းကြိုသိနေမှတော့ ဘယ်မှာလဲ အရသာ ... နော ... ကိုယ့်အိမ်ကလူကတော့ ကိုးရီးယားဇာတ်လမ်းပဲဖြစ်ဖြစ် ၀တ္ထု ဖြစ်ဖြစ် နောက်ဆုံးကို အရင်ကြည့်တယ်ဗျား ... ပြီးရင် ဇာတ်ကြောင်း လာမပြောနွှဲ လို့ ပိတ်ထားရတယ်။

စလုံးတွေ စိတ်မြန်တာ ... ကိုယ့် ဘော့စ်နဲ့ လက်တွေ့။ ကြာစူးလို့လဲခေါ်တယ်။ ဟိုတလောက ဘာတန်ဘက် အလုပ်ကိစနဲ့ နဲ့သွားတာ ... အပြန်လဲကျရောဗျာ ... သင်္ဘောရောက်ဖို့ ၁၅မိနစ်လောက်အလိုကတည်းက အပြင်ဘက်ထွက်ပြီး ဆင်းဘို့စောင့်နေတာ ... ကိုယ်ကလဲ တစ်ခါမှ မရောက်ဘူးတော့ အော်ရောက်တော့မှာပဲဆို သူနဲ့ အတူလိုက်ဆင်းတာ ... ရောက်နိုးရောက်နိုးနဲ့ အောင်မြက်လေး ၁၅ မိနစ်လောက် လေတိုက်ကြီးထဲမှာ မက်တပ်ကြီးရပ်ပြီး စောင့်နေရတယ်။ အထဲမှာ အေးဆေး ထိုင်နေရင်ရရက်နဲ့။ သင်္ဘောလဲ ကမ်းကပ်ရော သူက ဟိုးရှေ့ဆုံးမှာ ပထမဆုံးထွက်ဖို့ တန်းစီနေတာ ... သူ့ဘေးမှာလဲ တစ်ခြားခလေးတွေနဲ့ တန်းအပြိုင်စီလို့ ... ရီလဲရီချင်တယ် ...

မောင်မောင် said...

ကိုပေါ ဖတ်လို့  အတော်ကောင်းတယ်၊ ကိုပေါစာတွေ အားပေးနေသူပါ၊ ဒါပေမယ့် လည်း စင်္ကာပူ ကို မနေဖူး မရောက်ဖူး တော့ စင်္ကာပူ သား စိတ် မြန်လက်မြန်
ဆိုတာ တကယ် မသိပါဘူး၊ ကော်မန့် အားလုံး က လည်း စင်္ကာပူ သား ( ရွှေ ) များ ဖြစ်နေတာကြောင့် အတိုင်အဖောက်ညီညီ ဝေဖန်ထောက်ပြသွားတာ ကို လဲ
တစ်စုတစ်စည်း ဖတ် ရလို့  ဗဟုသုတ တော့ ရပါတယ်၊ ကိုပေါပြောသလို ပဲ ကျွန်းပိစိလေး နေကြရတော့ လုပ်စရာ အလုပ် အကိုင် ကြောင့် စည်းကမ်း တခု ကြောင့်
သို့ မဟုတ် အတင်းအကျပ်လိုက်နာစေတာ တွေ ကြောင့် လည်းပဲ လူတွေဟာ စင်္ကာပူ မှာ စက်ရုပ်လို နေကြရတာ ကို သိခွင့် ရလို့  စိတ်မကောင်းပါဗျာ၊
အကယ် ၍ တခြား ကမBာ့ နိုင်ငံ တွေ က ရွှေတွေ လာဖတ်ယင်တော့ လည်း ဖတ်ရတာ ရှတတ ကြီး ဖြစ်မှာ သေချာတယ်၊ ကမBာအနှံ့  က ရွှေတွေ က ဘာဝေဖန်ချက်ပေး ရမလဲ ဆိုတာ အတော်ခက်တယ်၊ ဘာကြောင့်လဲ ဆိုတော့ အားလုံး စလည်ဆုံး က လဲ စလုံး ဖြစ်ဖြစ်နေလို့ ပါဗျာ၊
ကိုပေါ ရေ တကယ်တော့ ကိုရွှေ တွေ ရုပ်ရှင်မပြီး ခင် ထပြန်တာ စိတ်မရှည်တာ မဟုတ်ဘူးဗျ၊ ရွှေဘ နိုင်မယ်။ ရဲကားလာမယ် ဆို တဲ့  ဖော်မြူလာ ကြောင့် အချိန်
ပို မဖြုန်းချင်တော့ လို့  ထပြန်တာ လို့  ပဲ အနီးစပ်ဆုံး ရမ်းတုတ် မှန်းတုတ် ရေးသား ဝေဖန်မိပါတယ်ဗျာ။

Anonymous said...

ကိုပေါရေ ဝမ်းသာပေတော့၊ ကိုပေါ ရေးရေးနေတဲ့ စင်္ကာပူနိုင်ငံသား မပြောင်းရေး စာတွေကို အမ်အမ်လီး များ ဖတ်မိလေသလား မသိပေဘူး။ အခု ပီအာကျဖို့ တော်တော်ကို ခက်သွားပြီ။ ပီအာ သက်တန်းတိုးတာမှာ၊ နိုင်ငံသားလျှောက်တာတွေမှာလည်း အပယ်ခံရတာတွေ ကြားလာရပြီ။ အက်စ်ပတ်တွေ ဘာတွေကလည်း မပြောနဲ့ဗျို့ ဂျက်-ဂျက်-ဂျက် နဲ့နေတာပဲ။ ဂျက် ၄ လုံးတောင် ဖြစ်တော့မယ်။ နောက် နှစ်နည်းနည်းကြာရင် အရင် ပီအာ ငမိုက်သားတွေလည်း နိုင်ငံသား ပြောင်းသွား။ နောက်ထပ်လည်း ထပ်မကျနဲ့ ဆိုရင်၊ ကိုပေါတို့လို ပီအာစစ်စစ် ဆိုတာ ရွှေထက်ရှားသွားမယ်ဗျို့။

Anonymous said...

well done, nga paw.. u did a good job for SPDC... well done..

SPDC shld give u the best medals..

Anonymous said...

ဟုတ်ဘူးဗျ
ကျနော်လဲ ဒီမရောက်ခင် ရုပ်ရှင်တွေကို စဉ်ဆက်မပြတ်ကြည့်ခဲ့ဘူးပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကျနော့် ချစ်ချစ်လေးက ရုပ်ရှင်သရဲလေးကိုဗျ (ဟီးကြော်ငြာဝင်တာ)
အဲဒီမှာ ရုပ်ရှင်ကြည့်တဲ့သူတွေစောစောပြန်တာကိုကြုံဖူးပါတယ်
သူတို့စောစောပြန်ရတဲ့အချက်တွေက
(၁) အပြန်ဘက်စ်ကားတွင်နေရာရလိုခြင်း
(၂) မိမိရုပ်ရှင်လာကြည့်သိကို အသိများတွေ့သွားမည်စိုးရိမ်ခြင်း
(၃) မြန်မာပြည်၏ ရုပ်ရှင်ရုံအများစုပုံစံအရ အပြန်တံခါးပေါက်များမှာလွန်စွာသေးသဖြင့်မတိုးဝှေ့လိုခြင်း
(၄) မပြန်ခင်ရှုရှူး ပေါက်သောအခါတွင်တန်းမစီလိုခြင်း
(၅) ရုပ်ရှင်ရုံမှလည်း ကားမပြီးခင်မီးများထွန်းခြင်း
(၆) အဓိကအချက်မှာ မြန်မာကားများ၏ ဇာတ်သိမ်းခန်းမှာ ကြိုတင်ခန့်မှန်းနိုင်ပြီး အများအားဖြင့် ထပ်တူညီနေခြင်း
စသဖြင့်အကြောင်းများကြောင့် စောစောပြန်၇ကြောင်းပါဗျာ
လွတ်လပ်စွာသဘောကွဲလွဲကြည့်တာပါ :-P

Anonymous said...

ဘတ်စ်ကားနဲ့ ရှူရှူးပေါက်ခြင်းပြသနာက ပိုအဓိကကျလေမလားလို့
ထင်မိကြောင်းပါ။

မြစ်ဆုံ said...

ကိုပေါကတကယ်ပဲစင်ကာပူကသုတ်သုတ်သွား၊သုတ်သုတ်
စားအကြောင်းရေးချင်တာလားဆိုတာတော့ကာယကံရှင်ကို
ပေါပဲသိပါလိမ့်မယ်၊ကျနော်ကတော့ဒီပို့စ်ကိုတမျိုးကြီးခံစား
ရတယ်၊ကိုပေါကအဘတို့လုပ်တာကိုအဆုံးထိကြည့်ပါဦးလို့
ပြောချင်တာဆိုရင်တော့.............။



လေးစားစွာဖြင့်
မြစ်ဆုံ။

မောင်ပုံ said...

ကိုပေါက ရုပ်ရှင်နောက်ဆုံး ပြီးခါနီး စိတ်မရှည်တာကိုပဲ သတိထားမိတာကိုး။ နောက်တစ်ခုရှိသေးတယ်ဗျ။ ရုပ်ရှင်မပြခင် နိုင်ငံတော် အလံနဲ့ သီချင်းဖွင့်ရင်လည်း ဘယ်တော့မှ စိတ်ရှည်ရှည်နဲ့ ပြီးတဲ့အထိ မတ်တပ်မရပ်ကြဘူးဗျ။ မကောင်းတတ်လို့ တစ်ချက်တော့ မတ်တပ်ရပ်လိုက်ပြီး ချက်ချင်းလိုလို ပြန်ထိုင်ကြတယ်လေ။ အဲဒီနေရာမှာလည်း မြန်မာတွေ စိတ်မရှည်ကြဘူးဗျ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs