“အဖြူအမဲ၊ နွံထဲကကြာနဲ့ အနှစ်နှစ်ဆယ်”

Share |
Lotus Photo by Mdm Paw

(ဘလော့ဂါ ကဗျာဆရာ ပန်ဒိုရာ က “နောင်လာမယ့် အနှစ်နှစ်ဆယ်” ဆိုတဲ့အကြောင်း နှစ်ရက်အတွင်း အပြီးရေးဖို့ ချောက်တွန်း....အဲလေ...တိုက်တွန်းပါတယ်။ အနှစ်နှစ်ဆယ်ကို နှစ်ရက်အတွင်းမှာ အပြေးအလွှားစဉ်းစားပြီး စာမျက်နှာ နှစ်ခုစာလောက် ချုံ့ရေးလိုက်တဲ့အခါ အောက်ပါအတိုင်း အိုးနင်းခွက်နင်း ပို့စ်တခု ထွက်လာပါတော့တယ်။)

“အဖြူအမဲ၊ နွံထဲကကြာနဲ့ အနှစ်နှစ်ဆယ်”

အနာဂတ်ကို မမှန်းဆခင် အတိတ်ကို ပြန်စောင်းငဲ့ကြည့်ရင်တော့ “သားတယောက်ကိုသာ မြင်ပါသည်” ဆိုတဲ့ မူလတန်းဖတ်စာထဲက စာတကြောင်းကို ပြေးသတိရမိရဲ့။ တကယ်တမ်း ကျနော်မျက်စိထဲမှာ မြင်နေရပြန်တာကတော့ “သားနှစ်ယောက်”ပါ။ ဘယ်လိုသားတွေလဲ။ ဘာကြောင့်လဲ။

အတိတ်ဆိုတဲ့နေရာမှာ….. ကျနော့်ဘဝသက်တမ်းတလျှောက်လုံးကို မစဉ်းစားဘဲ သူပြောငါပြော အပြောများကြတဲ့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အတိတ်အကြောင်းလောက်ကိုသာ ရုပ်ရှင်ဇာတ်ကြောင်းပြန်သလို ပြန်ကြည့်လိုက်တဲ့အခါ…..

“ဒီလောကကြီးမှာ ဒီလောက်စိတ်ထားမွန်မြတ်တဲ့သူတွေ၊ ကြံခိုင်တဲ့သူတွေ မရှိနိုင်တော့ဘူး”ဆိုတဲ့ ယုံမှားသံသယတွေကို လုံးဝပျက်ပြယ်သွားစေနိုင်တဲ့ သူတော်စင်တမျှ စိတ်နေစိတ်ထားမြင့်မြတ်သူတွေ၊ ဖြူစင်သူတွေ၊ ကြံ့ခိုင်သူတွေကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရခဲ့လို့ပါပဲ။

တဖက်မှာလည်း “ဒီလောက် ဆိုးသွမ်းတဲ့လူ၊ ဒီလောက် စိတ်ဓါတ် ယုတ်ညံ့တဲ့လူ၊ ဒီလောက် ယုတ်မာပက်စက်တဲ့လူတွေ လူ့လောကကြီးမှာ ရှိနိုင်ပါ့မလား” ဆိုတဲ့ ယုံမှားသံသယကို လုံးဝကွယ်ပျောက်သွားစေနိုင်လောက်အောင် ဆိုးသွမ်းသူ၊ ယုတ်မာသူ၊ အဓမ္မအမှုကို မတွန့်မဆုတ် ပြုလုပ်နေသူတွေကို အော့နှလုံးနာဖွယ် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရလို့ပါပဲ။

လူကောင်းနဲ့ လူဆိုး။ သူတော်စင်နဲ့ လူယုတ်မာ။ သားကောင်းနဲ့ သားဆိုး။ လောကကြီးရဲ့ သားနှစ်ယောက်။

အဖြူနဲ့ အမဲ၊ အလင်းနဲ့အမှောင် ဆန့်ကျင်ဖက် အရောင်နှစ်ခုကို ဘေးချင်းယှဉ်လျက် ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရတာမျိုး။

ဒီအနှစ် ၂ဝ အတွင်းမှာပဲ လူသားတွေရဲ့ အသိပညာနဲ့ နည်းပညာတွေက အံ့မခန်းတိုးတက်ခဲ့ပါရဲ့။ မြေကြောရှုံ့တဲ့ပညာတွေ၊ အာကာသရဲ့ လျို့ဝှက်ချက်တွေ၊ ရောဂါကုထုံးအသစ်တွေ၊ နေ့စဉ်နဲ့အမျှ တီထွင်ဆန်းသစ်နေတဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေ။

ကွန်ပြူတာတွေ ပိုမြန်လာတယ်။ ပို့ဆောင်ရေး ယာဉ်တွေ ပိုမြန်လာတယ်။ ဆက်သွယ်ရေးစနစ်တွေ ပိုမြန်လာတယ်။ ဝန်ဆောင်မှုစနစ်တွေ ပိုမြန်လာတယ်။

အဲဒီအရာအားလုံးထက် ထူးကဲသာလွန်စွာ လူတွေရဲ့ စိတ်တွေကလည်း ပိုမြန်လာတယ်။ စိတ်ရှည်ခြင်းဆိုတဲ့အရာကို လူတွေ မေ့လျော့စ ပြုလာကြတယ်။

လူတွေ မေ့လျော့လာကြတဲ့အထဲမှာ မေတ္တာတရား၊ ဂရုဏာတရား၊ မုဒိတာတရား၊ ဥပေက္ခာတရားဆိုတဲ့ ဗြဟ္မစိုရ် တရားတွေပါ ပါဝင်လာတယ်။ အဆိုးဆုံးကတော့ “ဟီရိသြတ္တပ္ပ” ခေါ်တဲ့ မကောင်းမှုပြုရမှာကို ရှက်တတ်၊ ကြောက်တတ်တဲ့ စိတ်တွေ ကွယ်ပျောက်စ ပြုလာတယ်။ ဒီမှာတင်ပဲ လူ့လောကကြီးမှာ ပြဿနာတွေ၊ ပဋိပက္ခတွေ ပိုများလာတယ်။ ကမ္ဘာကြီးရဲ့ အနှံ့အပြားမှာ ဗုံးပေါက်ကွဲမှုတွေ၊ လူမျိုးရေး မျိုးတုန်းအောင် သုတ်သင်ရှင်းလင်းမှုတွေ၊ မုဒိန်းမှုတွေ၊ ရိုက်နှက်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ လုယက်မှု၊ ပြန်ပေးမှု၊ သတ်ဖြတ်မှု၊ လိမ်လည်မှုတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားလာတယ်။

ဒီလို ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ပူဗျာပွေနေတဲ့ ကမ္ဘာကြီးမှာ ဘူးလေးရာ ဖရုံဆင့်သလို သဘာဝ ဘေးအန္တရာယ်တွေဖြစ်တဲ့ မုန်တိုင်းတွေ၊ ငလျင်တွေ၊ တောမီးတွေ၊ မြေပြိုမှုတွေ၊ ရေကြီးမှုတွေက ထပ်ဆင့်ပြီး ဖိစီးနှိပ်စက်ပြန်ပါတယ်။ ဒီသဘာဝဘေးအန္တရာယ်တွေ ကျရောက်ဖြစ်ပွားတဲ့ အကြိမ်အရေအတွက်ဟာ ကျနော်တို့ အသက်ကြီးလာတာနဲ့အမျှ ပိုစိတ်လာသလိုပဲ။

ဒါတွေက အတိတ်မှာ ဖြစ်ခဲ့တာတွေနဲ့ အခု မျက်မှောက်ကာလမှာ ဖြစ်နေဆဲတွေ။

ဒါတွေကို ကြည့်ရင် နောင်အနှစ်နှစ်ဆယ်မှာ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ အကြမ်းဖျင်းတော့ တွေးတော ခန့်မှန်းနိုင်ကြမှာပါ။ အနာဂတ်ကို ကျနော်မခန့်မှန်းချင်ပါဘူး။

အခုလောလောဆယ် ကျနော့်မျက်စိထဲမှာ မြင်ယောင်နေတာကတော့ နွံထဲက ကြာပန်းကလေးတွေကိုပဲ။ နွံထဲက ကြာပန်းလေးတွေကို ထူးထူးကဲကဲ ကျနော် နှစ်သက်မိပါတယ်။

အစစ အရာရာ အလျင်စလို စီးဆင်းနေတဲ့ ဟောဒီခေတ်ကြီးထဲမှာ လူသားတွေဟာ အဆုံးအစမရှိတဲ့ သူတို့ရဲ့ လိုအင်ဆန္ဒတွေနောက် ကောက်ကောက်ပါအောင် လိုက်နေရာက မောပန်းငြီးငွေ့လာတဲ့တနေ့ ခဏလောက် ရပ်တန့်ပြီး သူတို့ဘဝကို ပြန်လည် ဆန်းစစ်ကြမယ်။ သုံးသပ်ကြမယ်။

ပျော်ရွှင်မှုကို ပေးစွမ်းနိုင်မယ်ထင်လို့ နောက်ကနေ တချိန်လုံး အမောတကော လိုက်နေခဲ့ရတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ၊ ဂုဏ်ဒြပ်တွေဟာ လက်ဝယ်ပိုင်ပိုင် ရလာတဲ့အချိန်ကျတော့ အမှန်တကယ် ပျော်ရွှင်နှစ်သိမ့်မှုကို ပေးစွမ်းနိုင်ပါရဲ့လား။ တချိန်ချိန်မှာတော့ လူသားတွေအနေနဲ့ အတွေးအမြင်တွေ၊ ခံယူချက်တွေ ပြောင်းလဲကောင်း ပြောင်းလဲလာနိုင်တယ်။

အဲဒီအချိန်ကျရင် လူတွေရဲ့ သဏ္ဍာန်ကနေ ကာလအတန်ကြာ ဆွံ့ရှားပျောက်ကွယ်နေခဲ့တဲ့ ဗြဟ္မစိုရ်တရားတွေဟာ တဖြည်းဖြည်းနဲ့ ပြန်လည်နေရာယူ ဝင်ရောက်လာကြမယ်။ နှစ်ရှည်လများ ခန်းခြောက်နေတဲ့ ရေအိုင်ပျက်တခုထဲကို မိုးစက်တွေ ရွာသွန်းချလိုက်သလို ရေအိုင်ထဲမှာ ကြည်လင်အေးမြတဲ့ ရေတွေနဲ့ ပြည့်လျှမ်းလာလိမ့်မယ်။ အဲဒီအခါကျရင် နွံထဲက ကြာပန်းတပွင့်တလေကိုသာမက ရေအမြင့်မှာ တင့်တယ်နေတဲ့ ကြာပန်းရောင်စုံလေးတွေကိုပါ မျက်စိပသာဒဖြစ်ဖွယ် မြင်တွေ့ကြရမယ်။

အခုပြောခဲ့တာ ကျနော့် ခန့်မှန်းချက်မဟုတ်သလို၊ ဟောကိန်းလဲ မဟုတ်ပါဘူး။ ကျနော့် မျှော်လင့်ချက်သက်သက်ပါ။ ကျနော့်ဆန္ဒသက်သက်ပါ။

အခုလောလောဆယ်တော့ ကျနော့်မျက်စိထဲမှာ နွံထဲက ကြာပန်းလေးတွေကိုပဲ ကွက်ပြီး မြင်နေမိပါတယ်။ နွံထဲက ကြာပန်းလေးတွေကိုလည်း ထူးထူးကဲကဲ ကျနော်နှစ်သက်မိပါတယ်။

ဒါပေမယ့်လည်း နောင်လာမယ့် အနှစ်၂၀ မှာတော့… ဒီလောကကြီးထဲမှာ ကျနော်ရှိသေးသည်ဖြစ်စေ၊ မရှိတော့သည်ဖြစ်စေ…..

ကန္တာရတလင်းလို ပူပြင်းတဲ့ ရေအိုင်ပျက်ထဲမှာ နေဒဏ်ကြောင့် နွမ်းလျနေတဲ့ ကြာပွင့်လေး တပွင့်တလေနဲ့ မြင်ကွင်းမျိုးကို လူသားတွေ မတွေ့မမြင်ကြရပါစေနဲ့။

ရေပြင်စိမ်းစိမ်းထက်မှာ ကြာပန်းတွေစုံစုံလင်လင် ဖူးပွင့်နေတဲ့ စိမ်းလဲ့ကန်သာကိုသာ လူတွေ မြင်တွေ့နိုင်ကြပါစေ။

-ကိုပေါ-

8 comments:

May Thu San said...

very nice post. worth reading.

kay said...

နွံထဲက ကြာ...ဘာကို ပမာဖွဲ့ ချင်သလဲ..စဉ်းစားတုန်း..
ကပ်ကြီးတွေ အဖန်လည် နေတဲ့ သဘော သာ မှန်ရိုး ဆိုရင်.. ကျမ်းစာထဲက.. မီးနဲ့ ကမ္ဘာပျက်ကိန်းသာ တကယ် ဖြစ်လာခဲ့မယ် ဆိုရင်.. နွံထဲက ကြာ ထက်.. မီးပုံထဲက..ဖီးနစ်ငှက် က..ပို ဖြစ်နိုင်လိမ့်မယ် ထင်ပါ့..ကိုပေါရေ..း)

စန္ဒကူး said...

နောက်အနှစ် (၂၀) အကောင်းမြင်ဝါဒဘယ်လို ထားထား ဘာဖြစ်လာမလဲ ကြိုခန့်မှန်းလို့ရပါတယ်.. အခုချိန်ဖြစ်ပျက်လာတဲ့ သဘာဝဘေးတွေ၊ ဘာသာရေးစစ်ပွဲတွေ၊ အနာရောဂါတွေ၊ တိုးတက်လာတာနဲ့အမျှ လူတွေရဲ့ ပြောင်းလဲ လာတဲ့အကျင့်စရိုက်တွေ..
ကမ္တာကြီး နောက်ဆုံးအချိန်ရောက်ဖို့နီးကပ်လာတာ အမှန်ဘဲ...

Nge Naing said...

နောင်အနှစ် နှစ်ဆယ် မြန်မာနိုင်ငံမှာ ကိုပေါမျှော်လင့်သလိုပဲ ဖြစ်လာပါစေလို့ ဆုတောင်းပေးသွားပါတယ်။

pandora said...

တက်စာကို အဆိုတင်သွင်းထားတဲ့အတိုင်း ၂ရက်အတွင်း ပြန်ကျလာလို့ ကျေးဇူးတင်ပါတယ် ကိုပေါရေ။ :D

ကမ္ဘာကြီးက ဒဏ်ရာဗလပွနဲ့ ဖြစ်နေရတဲ့အထဲမှာ လူသားမျိုးနွယ်တွေကောင်းကျိုး နေနေသာသာ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံသားတွေ ကောင်းကျိုးအတွက်ကိုတောင်မှ အာဏာဖက်တွယ်ရူးနေသူတွေက တံခါးပိတ်နေကြသေးတယ်။

ကိုပေါနဲ့ထပ်တူ ဆန္ဒပြု ဆုမွန်တောင်းပါတယ်။ အနှစ်နှစ်ဆယ်အကြာမှာ ကြာပန်းလေးတွေ ရေလယ်မှာတင့်နိုင်ဖို့အတွက် ကိုယ်နိုင်ရာ နိုင်ရာလေးတွေလည်း လုပ်ကြတာပေါ့။

ဧရာ said...

ကိုပေါရဲ့ မျှော်လင့်ချက်တွေဟာ ကျွန်တော်တို့ မျိုးဆက်သစ်တွေအတွက် ထားရစ်ခဲ့ချင်တဲ့ အမွေအဖြစ်နေမယ်… ဒီအမွေကို ပေးနိုင်လောက်အောင် ကျွန်တော်တို့တစ်တွေ မျိုးစေ့ချခဲ့ကြမယ်ဆိုရင်… လို့ တွေးသွားပါတယ်။ Vision to Mission ပေါ့…။ ကိုပေါရဲ့ စိမ်းလဲ့ကန်သာ ပရောဂျက်အောင်မြင်ပါစေ…။

မုန်းစရာ said...

စိတ်ကတော့ မြန်သလားမမေးနဲ့..
လက်တဖျစ်မှာ ကုဋေတစ်သိန်းဖြစ်ပြီး ပျက်တယ်လေ..
မသိဘူးလား.. ဒါလေးကိုတောင်.. :P

Anonymous said...

အိမ်မက် ကမ္ဘာလေးထဲက မနိုးသေးဘူးကိုး..

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs