“ဒီကောင် သူ့ကိုယ့်သူ လည်လှပြီ မှတ်နေတယ်။ ငါ့မြင်းကို တနေကုန် ယူစီးသတဲ့ကွာ။ ငါကလည်း သူ့လှေကို တနေကုန် ယူလှော်ပစ်လိုက်တာပေါ့…. ဘာရမလဲ၊ ဟောဟဲ….ဟောဟဲ”
ဒါကတော့ ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ ကာတွန်းလေးတခုပါ။ ဖတ်ရစဉ်ကတော့ မိုက်လိုက်တဲ့ ကိုယ့်လူရာလို့ ရယ်ချင်ပေမယ့်… လောကကြီးမှာ တခါတလေ အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးဖို့ ကြိုးပမ်းရင်းနဲ့ ကိုယ်တိုင် ကာတွန်းထဲက လူမိုက်ဘဝ ရောက်မှန်းမသိ ရောက်ခဲ့ရတာတွေကိုလည်း ကြုံခဲ့ကြဖူးမှာပါ။
တခါတလေကျတော့လည်း ဘယ်သူကိုမှ အရွဲ့တိုက်ချင်တာ မဟုတ်ပါဘဲ ရွှေဥဒေါင်းကြီး ပြောခဲ့သလို ကိုယ့်ရဲ့သဘာဝမှာ၊ ကိုယ့်ရဲ့ စိတ်သဏ္ဍာန်မှာ ဆူးကြီးတွေ တချောင်းပြီးတချောင်း ပေါက်လာပြီး အလကားနေရင်း လောကကြီးကို စိတ်အချဉ်ပေါက်နေခဲ့တာမျိုးလည်း ရှိတတ်ကြပါတယ်။
ဆရာအောင်သင်းကတော့ စာပေဟောပြောပွဲတခုမှာ လူငယ်တွေကို ပြောခဲ့ဖူးတာ ရှိသပေါ့။ (အခုတလော တိုက်တိုက်ဆိုင်ဆိုင် ဆရာ့စကားတွေကို မကြာခဏ သတိရနေတယ်။)
“မင်းတို့ လောကကြီးကို အရွဲ့တိုက်လို့ လောကကြီးက ဘာဖြစ်သွားမှာတုန်း။ …. ငါကွာ၊ လောကကြီးကို အချဉ်ပေါက်လို့ ချီးနဲ့ငုံထွေးပစ်လိုက်တယ်….ဆိုတာလို”
(ရယ်သံများ)
ဆရာက ရယ်စရာအဖြစ် ပြောခဲ့တဲ့ အဲဒီလို ငုံထွေးတာမျိုး ဆန်ဆန်တွေလည်း ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်ဖြစ်၊ ကိုယ်တိုင်ဖြစ်ဖြစ် တခါတခါ ကြုံတွေ့တတ်တယ် မဟုတ်ပါလား။
လောကဓံကိုပဲဖြစ်ဖြစ်၊ လူအချင်းချင်းပဲဖြစ်ဖြစ် တုန့်ပြန်တဲ့အခါ နည်းမှန်လမ်းမှန် ခေါင်းအေးအေးနဲ့ တုန့်ပြန်တာက မှန်ကန်မယ်ထင်ပါတယ်။ ကျနော်တို့လည်း အခုအချိန်အထိ သတိလက်လွတ်နဲ့ ခေါင်းပူစွာ တုန့်ပြန်တတ်ဆဲပါ။
ဆရာကြီးရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းနဲ့ အတွေးအခေါ်များစာအုပ်ထဲမှာတော့ အချို့လူများက လောကဓံကို သွားဖြဲကလေးနဲ့ ခံနိုင်ကြတယ်ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်း ဝေဖန်ရေးသားထားတာကို တွေ့ရတယ်။ သူ့အပြောကတော့ အဲဒီလို သွားဖြဲကလေးနဲ့ ခံနိုင်တယ်ဆိုတာ နည်းနည်း ချဲ့ကားလွန်းတယ်လို့ ထင်ပါသတဲ့။ သွားဖြဲတယ်ဆိုကတည်းက မချိသွားဖြဲရာရောက်သတဲ့။ အာသဝေါကုန်ခန်းသွားတဲ့ ဘုရား၊ ရဟန္တာတွေ လောကဓံကို ကြံ့ကြံ့ခံတဲ့အခါမှာ အဲသလို သွားဖြဲကလေးနဲ့ ခံနေမယ်လို့ သူမထင်ဘူးတဲ့။ တည်တည်ငြိမ်ငြိမ်နဲ့ မတုန်မလှုပ် ကြံ့ကြံ့ခံတယ်လို့ပဲ သူယူဆပါသတဲ့။
ဘယ်သူဟာ ဘယ်လောက် စိတ်ဓါတ်ခိုင်မာသလဲ၊ ကြံ့ခိုင်မှုရှိသလဲ ဆိုတာကို ရေထဲမိုးထဲရောက်တဲ့အခါ၊ အကျဉ်းအကြပ်ထဲ ရောက်တဲ့အခါ သိသာထင်ရှားတတ်ပါတယ်။ တခါတလေကျတော့ စိုင်းထီးဆိုင်သီချင်းထဲကလို ….ရေဆန်မှာ ချောခဲ့သမျှ၊ ရေစုန်မှာ မောဖို့သာပြင်…ဆိုတာလို ဆင်းရဲတုန်းက ခံနိုင်ရည်ရှိပြီး ချမ်းသာမှုဒဏ်ကိုကျမှ ခံနိုင်ရည်မရှိတာမျိုးတွေကိုလည်း ကြုံရတတ်တယ်။ ဒါမျိုးကျတော့ အောက်ခြေလွတ်တယ်၊ ဘဝမေ့တယ်လို့လည်း ခေါ်ရမှာပေါ့။
လောကဓံရှစ်ပါးဟာ ဘာလဲဆိုတာ အင်တာနက်ပေါ်မှာ ရိုက်ပြီး ရှာကြည့်လိုက်တော့ Planet Forum မှာ lynconqueror ဆိုသူက တင်ပေးထားတာကို တွေ့ရတယ်။ တော်တော်များများ သိပြီးသား ဖြစ်မှာပေမယ့် ဒီမှာ ပြန်လည် မျှဝေလိုက်ပါတယ်။
“ လောကသားတွေ အမြဲတွေ့ကြုံခံစားနေရသော တရားရှစ်ပါး၊ ဆင်ခြင်တုံကင်းသောသူကို ရူးသွပ်တုန်လှုပ်စေနိုင်သော သဘောရှိ၏။
(၁) လာဘ - လာဘ် ပေါများ၍ တက်ကြွတုန်လှုပ်ခြင်း။
(၂) အလာဘ - လာဘ်နည်း၍ ညှိုးငယ်တုန်လှုပ်ခြင်း။
(၃) ယသ - အခြွေအရံများ၍ တက်ကြွတုန်လှုပ်ခြင်း။
(၄) အယသ - အခြွေအရံနည်း၍ ညှိုးငယ်တုန်လှုပ်ခြင်း။
(၅) ပသံသာ - ချီးမွမ်းခံရ၍ ဝမ်းမြောက်တုန်လှုပ်ခြင်း။
(၆) နိန္ဒ - အကဲ့ရဲ့ ခံရ၍ ဝမ်းနည်းတုန်လှုပ်ခြင်း။
(၇) သုခ - ချမ်းသာကိုစွဲ၍ ဝမ်းသာတုန်လှုပ်ခြင်း။
(၈) ဒုက္ခ - ဆင်းရဲကိုစွဲ၍ ညှိုးငယ်ပူပြင်း စိုးရိမ်တုန်လှုပ်ခြင်း။ ” တို့ ဖြစ်ပါသတဲ့။
လူရယ်လို့ ဖြစ်လာရင် ဒီလောကကြီးထဲ ရောက်လာတာနဲ့ လောကဓံရှစ်ပါးထဲက အနည်းဆုံး တပါးပါးနဲ့ ကြုံကြရမှာပါ။ တခါတလေကျတော့ လူတယောက်ဟာ အကောင်းတွေချည်းကြုံနေရလို့ လောကဓံကို မခံရဘူးလို့ ထင်စရာရှိတယ်။ တကယ်တော့ သူလည်း လောကဓံကို ခံနေရတာပါပဲ။ အပေါ်မှာပြောတဲ့အတိုင်း ဆင်ခြင်တုံကင်းသောသူတို့ကို ရူးသွပ်တုန်လှုပ်စေနိုင်သော သဘောရှိ၏ ဆိုတာလို ချမ်းသာကိုကြုံပေမယ့် ဆင်ခြင်တုံတရားကင်းမဲ့ရင် ပျက်စီးကိန်းကြုံနိုင်ပါသေးတယ်။
လောကဓံဆိုတာကို ရှောင်လွှဲဖို့ရာမဖြစ်နိုင်တော့ ကြံ့ခိုင်နိုင်ဖို့ပဲ ကြိုးစားကြတာပေါ့။

9 comments:
မိန်းမကိုလွမ်းတာ ၊ အလုပ်ထဲမှာစိတ်ဖိစီးတာ ၊ မြန်မာပြည်ကိုပြန်ချင်တာတွေကျတော ဘယ်လိုလောကဓံတွေလဲဟင်... :-)
မှတ်သားနာယူသွားပါတယ် ကိုပေါ...
အဟုတ်ပဲ ကိုပေါရေ ...
ကျမတို့က အကောင်းတွေ ကြုံရရင် လောကဓံလို့ မထင်မိဘူး။
အဆိုးတွေ့မှ လောကဓံခံရတယ်ဆိုပြီး ငိုချင်းချမိကြတာများတယ်။
ထီပေါက်တာကို လောကဓံခံရပါတယ်လို့ ဘယ်သူက ထင်မလဲနော်။ ကျမလဲ လောကဓံနဲ့ ပတ်သက်လို့ ဘလော့မှာ ရေးခဲ့ဖူးသေးတယ်။
ကျမကို ဆရာတယောက်က အမြဲရွတ်ပြီး ပွါးများခိုင်းတာ
"ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ နကမ္ပတိ" ဆိုတဲ့ မင်္ဂလသုတ်ထဲက မင်္ဂလာတပါးကိုပါ။
လောကဓံနဲ့ ကြုံကြိုက်တဲ့အခါ တုန်လှုပ်ခြင်း မရှိစေဖို့ တဲ့။
ကျမလဲ အကောင်းအဆိုး နှစ်တန် လောကဓံတွေကို ခံနိုင်ရည် ရှိစေဖို့ ကိုယ့်ကိုယ်ကိုယ် ခဏခဏ သတိပေးနေရတယ်။
သိထားတာတွေပေမဲ့လည်းပြန်ဖတ်ရတော့ပိုကောင်းတာပေါ့။ ကိုယ့်ကိုယ်ကို ပိုပြီး သတိပေးရာ ရောက်တယ။်
ကြိုက်၏
ကိုပေါ
၉၆ခုတုန်းက ဗွီဒီယိုတခွေကြည့်လိုက်ရဖူးတယ်။ ဒေါ်စုခြံထဲမှာ ရေနံချောင်းက ကိုမောင်မောင်ဝမ်းတို့ ကျောင်းသားတစု ဦးဆောင်ပြီးလုပ်ခဲ့တဲ့ သက်ကြီးပူဇော်ပွဲကိုရိုက်ထားတဲ့ ဗွီဒီယိုခွေထဲမှာ ဦးအောင်သင်းနဲ့ ဒေါ်စု ပညာကျော်များပီပီ စကားအတင်အချဖြစ်ခဲ့ရတာ ကြည့်လိုက်ရတယ်။ ကျောင်းသားလူငယ်တွေနဲ့ ပါတ်သက်တဲ့ အရေးမှာ
လံကဓေါနဲ့ ပါတ်သက်ပြီး ပြန်ပြောစရာမရှိ၊ ကောင်းပါအိ။
လန်ပမ်
ကျွန်မကတော့ မကောင်းတဲ့ဘက်က လောကဓံ တော်တော်စုံစုံလင်လင် ကြုံဖူးလို့ တော်တော်လေး ခံနိုင်ရည်ရှိခဲ့ပေမယ့် ကောင်းတဲ့ဘက်က် ကြီးကြီးကျယ်ကျယ် သိပ်မကြုံဖူးသေးဘူး။ လူများရင် နေမတတ်လို့ အခြွေအရံ များတာကိုတော့ သိပ်မလိုချင်ပေမယ့် လာတ်ရတာကိုတော့ လိုချင်တယ်။
ကိုပေါရေ....
ဝေဖန်တာမဟုတ်ပါဘူး
စိုင်းထီးဆိုင်စာသားလေးက ပြောင်းပြန်ဖြစ်နေလားလို့ ။
လေးစားစွာဖြင့်
စိုင်းထီးဆိုင်စာသားကိုကအဲဒီလိုပြောင်းပြန်သဘောရှိပါတယ်။ဒီနေရာမှာနားထောင်ပါ No.3 song >> http://www.myanmarmp3.net/album.aspx?AlbumID=143
Post a Comment