ဆရာက ရှေ့မှာ စာသင်နေတယ်။ ဒါပေမယ့် ငါတို့နှစ်ယောက်ရဲ့ အကြည့်တွေက သင်ပုန်းပေါ်မှာ ရှိမနေကြဘူး။
နင်က ဘယ်ကဘယ်လို ရောက်လာမှန်းမသိတဲ့ စာရွက်ကလေးတခုပေါ်မှာ ၀က်ပုံ ကာတွန်းရုပ်ကလေး ဆွဲပြီး ဘေးမှာ ထိုင်နေတဲ့ ငါ့ဖက်ကို အသာ တွန်းပို့လိုက်တယ်။ ၀က်ပုံပေါ်မှာ မြှားထိုးပြီး “ကိုပေါပုံ” လို့ ရေးထားလိုက်သေးတယ်။ ပုံထဲမှာ ၀က်ကလေးရဲ့ မျက်လုံးတွေက ငိုနေသလိုပေါ့။
ငါတို့နှစ်ယောက်သား ခုံပေါ်မှာ ရှိတဲ့ ၀က်ပုံလေးကို ခဏလောက် အသံတိတ် စိုက်ကြည့်နေကြတယ်။ နောက်တော့ နှစ်ယောက်စလုံး ရယ်ပြီး တပြိုင်တည်း ခုံပေါ်က ၀က်ပုံလေးကို ဆတ်ကနဲ လုယူလိုက်ကြတယ်။ စာရွက်ကလေး နှစ်ပိုင်းပြတ်ပြီး ပါသွားတယ်။
အဲသည်အချိန်ကစပြီး နင့်ကို ငါချစ်ခဲ့မိတာလို့ ငါထင်တယ်လေ။ “ချစ်ခြင်းအစ ၀က် ပုံက” လို့ ငါပြောရင် နင်ရယ်မှာလား။ ငါက ပုံတူတွေ၊ ရုပ်ပြောင်တွေ နည်းနည်းပါးပါး ဆွဲတတ်တော့ နင့်ပုံတူတွေ၊ ရုပ်ပြောင်တွေကို ငါဆွဲပေးတယ်။ နင့်ကို ရည်ညွှန်းတဲ့ ကဗျာတွေရေးတယ်။ ပထမတော့ ရိုးရိုးသားသားထင်လို့ နင်ကလည်း ရယ်နေတာပေါ့။ ဒါပေမယ့် ငါ့ရောဂါသည်းလာတဲ့အချိန်မှာ နင်က ပြန်ဟန့်ပြီး ပါမောက္ခချုပ်နဲ့ တိုင်ပြောမယ်လို့ ပြောတယ်။ အဲသည်နောက် နင် ငါကို စကားမပြောတော့ဘူး။
နင်စိတ်ဆိုးတာ ကျေပါစေတော့လို့ ဆိုပြီး စာမေးပွဲနောက်ဆုံးနေ့မှာ လက်ဆောင်ပေးဖို့ ငါပိတောက်ပန်းလေးတခက်ကို သယ်လာခဲ့တယ်။ ဖြစ်ချင်တော့ သူငယ်ချင်းအိမ်မှာ ထိုင်စောင့်နေတုန်း သူငယ်ချင်းညီမလေးက ငါ့အိတ်ထဲကနေ လုယူသွားတဲ့အတွက် ငါနင့်ကို မပေးလိုက်နိုင်ခဲ့ဘူး။ အဲဒါဟာ အတိတ်နိမိတ်လားတော့မသိ။ (ဒါပေမယ့် အဲသည်နေ့က စပြီး မှတ်မှတ်ရရ နင်ငါ့ကို စကားပြန်ပြောတဲ့နေ့။)
အဲသည်နောက်တော့ နင် ချစ်သူရသွားတယ်။ ငါကတော့ တက္ကသိုလ်တလျှောက်လုံးမှာ ယောင်လည်လည်ပေါ့။ နင်ကတော့ ငါ့ကို သူငယ်ချင်းတယောက်အနေနဲ့ရော ငါ့ခံစားချက်ကို ဂရုဏာသက်တဲ့အနေနဲ့ပါ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပါတယ်။ ဒီကြားထဲမှာ ငါကလည်း တခြားကောင်မလေးတွေနဲ့ အီစကလီလုပ်တာ၊ ရည်းစားထားတာတွေလည်း ရှိလိုက်သေးတယ်။ ဒါပေမယ့် ခက်တာက တလျှောက်လုံး နင့်ကို ငါမမေ့နိုင်ခဲ့ဘူး။
ဒါပေမယ့် ကံတရားက ဆန်းကြယ်တယ်ဆိုရမယ်။ ငါတို့နှစ်ယောက်မှာ ဖူးစာပါလို့ ထင်ပါရဲ့။ မထင်မှတ်တဲ့အချိန်မှာ ပြန်ဆုံခွင့်ရတယ်။ ဒီတခါတော့ နင်ကလည်း ငါ့ကို တုန့်ပြန်မေတ္တာမျှနိုင်တဲ့ အချိန်။
အသွင်မတူဘူးလို့ အများယူဆထားတဲ့ ငါတို့နှစ်ယောက်မှာ အံ့သြစရာကောင်းလောက်အောင် တူညီတာတွေ ရှိခဲ့တယ်နော်။ လူတွေအပေါ် အကဲခတ်တဲ့အခါ အမြင်တူတာ၊ မရိုးသားတာကို မနှစ်သက်တာ၊ ရုပ်ရှင်ကားတွေကို အကြိုက်ချင်းတူတာ၊ ခေတ်ဟောင်းနဲ့ အနှစ်နှစ်ဆယ် သီချင်းတွေကိုလည်း နှစ်သက်တတ်တာ၊ ဟင်္သာတထွန်းရင်တို့ တွံတေးစိုးအောင်တို့ ကိုမကြိုက်တာ၊ “အလွမ်းမမ၊ ပန်းမမ…. စိမ်းသဖူစိမ်း” စတဲ့သီချင်းတွေကို နားကလောတာ တူပုံကအစ… နောက်ဆုံးမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အယူအဆ တူညီတာတွေ။ တချို့ကိစ္စတွေမှာ မတူညီပေမယ့် နင်က နားလည်မှုအပြည့်နဲ့ လိုက်လျောခဲ့တာလည်း ပါတာပေါ့။ ငါက ဒေါသကြီးပေမယ့် ခဏလေးနဲ့ ပြေပျောက်တတ်သူ။ နင်က သည်းခံ နားလည်ပေးတတ်သူ။
တချို့သော ယုံကြည်ချက်တွေနဲ့ ပတ်သက်လို့ မယုံနိုင်လောက်အောင်ဘဲ နင်က ပိုမိုခိုင်ကျည်သေးတယ်။ အဲသည်အတွက် ငါ အင်မတန် ဂုဏ်ယူပါတယ်ဟာ။ အင်္ကျီအသစ်တထည်ဝယ်ဖို့အတွက်၊ ဖိနပ်တရံဝယ်ဖို့အတွက် လက်တွန့်နေတတ်တဲ့နင်ဟာ နိုင်ငံရေးနယ်ပယ်ကလူတွေကို ကူညီဖို့နဲ့ နိုင်ငံရေးလှုပ်ရှားမှုများအတွက် ငွေစိုက်ထုတ်ရမယ်ဆို ဘယ်တော့မှ လက်မနှေးဘူး။ အဲသည်အတွက် နင့်ကို ငါကျေးဇူးတင်တယ်။ လှုပ်ရှားမှုတိုင်းမှာ ငါနဲ့အတူ အရိပ်လိုပါတယ်။ ငါစိတ်ဓါတ်အင်အားကျဆင်းနေချိန်မှာ နင်က အမြဲတမ်း ငါ့စိတ်ဓါတ်ကို ပြန်လည်မြှင့်တင်ပေးနိုင်တယ်။
နေဦး။ ငါ့အတွက် အဆန်းကြယ်ဆုံးက နင်က ငါတယောက်တည်း ဖတ်ဖို့အတွက် ကဗျာလေးတွေ စာလေးတွေ “ကိုကို့လမင်းလေး” ဆိုပြီး ဘလော့ဂ်သီးသန့်တခု ထောင်လို့ ရေးပေးသေးတယ်။ နင့်ပုံကို ကဗျာဆန်တယ်လို့ အရင်က ငါတခါမှ မထင်ဘူးတော့ ငါ့အတွက် အဆန်းတကြယ်ဖြစ်ရတယ်။ ဒါပေမယ့် နင်က တကယ်တော့ အရမ်းကဗျာဆန်တဲ့လူ၊ အရမ်းခံစားတတ်တဲ့လူဆိုတာ ငါက အတူနေတာ အနေကြာမှ သိရတာကိုး။ နင်က ငှက်ကလေးတွေကို ချစ်တတ်သလို တောတောင်ရေမြေရဲ့အလှ၊ မြေမှာကြွေနေတဲ့ ပန်းကလေးတွေရဲ့ အလှတွေကိုလည်း ခံစားတတ်သေးတယ်နော်။
ငါတို့သမီးလေးဟာ ငယ်ငယ်လေးကတည်းက အစအနောက်သန်တာကလည်း မအံ့သြနဲ့လေ။ နင်သိတဲ့အတိုင်း ငါကလည်း အစအနောက်၊ အပြောင်အပြက် တချိန်လုံး ပြောနေတတ်တဲ့လူ။ အစပိုင်းတုန်းက ညဖက် အိပ်တဲ့အခါ “ချစ်လေး၊ ကိုကို့ကို သီချင်းဆိုသိပ်ပါ” ဆိုတော့ နင်က အဟုတ်မှတ်ပြီး တပုဒ်ပြီး တပုဒ် သီချင်းတွေဆို သိပ်ရှာတယ်။ နင်မောလောက်တဲ့ အခါကျမှ ငါက မျက်လုံးအသာဖွင့်ကြည့်ပြီး “ချစ်လေးသီချင်းဆိုတာကလည်း ၀တ်ရွတ် သလိုပါပဲလား” လို့ မှတ်ချက်ချတော့ “တော်ပြီ…. နောက်ဘယ်တော့မှ ဆိုမပြတော့ဘူး” ဆိုပြီး နင်စိတ်ကောက်သေးတယ်လေ။
ဒါပေမယ့် ငါက အမှတ်မရှိပါဘူး။ နောက်မြဲ စမြဲပါ။ ဟိုတနေ့ ညကတောင် နင်က ဆံပင်တွေတိုကပ်နေတဲ့ ငါ့ခေါင်းလုံးလုံးလေးကို ချစ်တယ် လို့ စကားမစပ်ဘဲ ပြောလာတော့၊ “အေးပါကွာ၊ မင်း ဘယ်လောက်ပဲ ချစ်တယ်ပြောပြော၊ ငါသေရင်တော့ ဒီအခန်းထဲမှာ မင်းတယောက်တည်း အိပ်ဝံ့မှာမဟုတ်ဘူး။ ကြောက်လို့ အမေတို့အခန်းမှာ အတူသွားအိပ်မှာမို့လား၊ ငါသိပါတယ်” လို့ ငါက ပြန်ပြောတဲ့အခါ နင်ကလည်း ၀န်ခံတဲ့အနေနဲ့ တဟားဟား ရယ်နေခဲ့တယ်လေ။ “ချစ်ပေမယ့်လည်း သရဲဖြစ်သွားရင်တော့ ချစ်လေးက ကြောက်တာပေါ့” လို့ ပြန်ဖြေတယ်။ နင့်ကို ငါချစ်တဲ့အထဲမှာ အဲသည်လို ရိုးသားပွင့်လင်းတာလည်း ထိပ်ဆုံးက ပါတာပေါ့။
ရုံးသွားချိန်ကလွဲလို့ ဘယ်သွားသွား၊ ဘာလုပ်လုပ် ငါတို့နှစ်ယောက်ဟာ အမြဲတတွဲတွဲနေတတ်ကြတော့ တယောက်မရှိတော့ရင် ကျန်တဲ့တယောက်က အချိန်ပြည့် သတိရပြီး ကျန်ရစ်နေတော့မှာ။
နင်ကတော့ပြောပါရဲ့။ “ကိုကိုတို့ မျိုးရိုးက အသက်ရှည်တယ်။ ချစ်လေးတို့ မျိုးရိုးက အသက်တိုတယ်။ ချစ်လေး အရင်သွားရမယ်ထင်ပါရဲ့”…တဲ့။ နင်က ဆွေးမြေ့တဲ့ မျက်နှာလေးနဲ့ အတည်ပေါက်ပြောတတ်တယ်။
ဟုတ်မဟုတ်တော့မသိဘူး။ လူ့ဘ၀ဆိုတာ ဘယ်အရာမှသေချာတာ မဟုတ်ဘူးမို့လား။ မျက်စိတမှိတ် လျှပ်တပြက်အတွင်းမှာပဲ သေခြင်းတရားဆိုတာ ရောက်လာနိုင်တာပဲ။ ဒါပေမယ့် သေချာတာတခုကတော့ အခုလောလောဆယ်မှာ နင့်ကို ငါသတိရနေပါတယ်။ ဂျူးဝတ္ထုထဲကလိုပေါ့။ “ဝေးနေကြရမှ လွမ်းရစတမ်းလား။ မျက်နှာချင်းဆိုင် မြင်လွှာအောက်မှာ ရှိနေသူကိုလည်း လွမ်းတယ်ပြောလို့ မရဘူးလား၊ ပြောလို့ရလျှင်တော့ ပြောချင်သည်”…ဆိုတာလေ။
ငါ့အလွမ်းတွေကို ဖြေဖို့အတွက် ဒီပို့စ်ကို ငါချရေးလိုက်တယ်။

26 comments:
ဟင်.. ကိုပေါ.. ရုံးချိန်ကြီးမှာတောင် ချစ်လေးကို လွမ်းနေပါ့လား။
ဒီလူကြီး တော်ရုံအလွမ်း မဟုတ်လောက်ဘူး။
လွမ်းတယ် လွမ်းတယ်နဲ့..
တန်တော့ ကွယ်ရာမှာ ဘာတွေ လုပ်နေလို့ မဒမ်ပေါကို လာချော့နေတာလဲ မသိဘူး...။
မဒမ်ပေါ မယုံပါနဲ့ဗျို့...။
ဟီး.. ကိုပေါတို့ နုနေလိုက်တာ..
မောင်ဘွိုင်းဇ်…ဒီကောင်လေးနှယ်…. စနိတ် စနိတ်ခြင်း လက်ဂ်မြင်ရင် အသာနေတာဟုတ်ဝူး။ ဒုက္ခပါပဲ။း-) ဟား ဟား… နောက်တာပါ။
myo… နု နူ နူး လေ။ အခုတော့ နု တဲ့အဆင့်မှာပဲ ရှိသေးတယ်။း-)
ဟိုက်ရှားပါး
ကိုပေါက ဒါလည်းရတာပဲလား
ကြည့်ရတာ တခုခုပဲ
ko paw ka biz as usual lay
HOM, LU SOE FLU PHIT NAY PAR TAL SO.
ဒါက "ချစ်ခြင်းအစ ၀က်က" ဖြစ်ခဲ့ကြတဲ့ တောသားနဲ့ မြို့သူ အကြောင်းပေါ့လေ။
ကောင်းတယ် နောက်ဒါမျိုး များများရေးပါ။
:D
July 7 မှာအခုလို မျိုး read ရတာကောင်းတယ်..
hee ဆိုင်တော့မဆိုင်ပါဘူး...
anyway, nice post n i enjoy reading this ^^
May be Han thu angry to you, that is why you wrote this post, and you think after reading this, han thu ll smile and .... heeeee right, Ko paw?
မကြာမကြာ လာဖတ်တတ်ပါတယ်။
ဒီတစ်ပုဒ်တော့ ချစ်ခြင်းတွေနဲ့ အလွမ်းတွေကိုတွေ့လိုက်လို့ ကျွန်တော်တို့ကိုပေါ ဒါမျိုးလည်းရသကိုးလို့ ဝင်ရောက်ချီးကျူးသွားပါကြောင်း။
သုခမိန်(E-Journal)
Crazy ko paww..
du
မနေ့ကညကပဲ မrita ညွှန်းလို့ဂျူးဖတ်နေတာ သူ့အချစ်တွေကကောင်းနေတာ...
အော် ကနေ့ညတော့ myanmarbogsreader က ညွှန်းလို့ အန်ကယ်ပေါရဲ့အချစ်ကို ထပ်ဖတ်ရတော့ ချစ်ခြင်းအစ piggy က ဆိုသလိုပါပဲ ဖတ်ကောင်းလိုက်တာ။
pig.... ha...ha...
လပ်ထပ်တာ နှစ်ပတ်လည်နေ့ထင်ပါရဲ့။
mm
ကိုပေါရဲ့ နိုင်ငံ့ရေး မိတ်ဆွေတွေ ကတော့ခေါင်းလေးတွေ တစ်ခါခါနဲ့ စိတ်ပျက်နေကြမှာမြင်ယောင်နေမိသေးတော့တဲ့။ .
နောက်တစ်ကြောင်းရေးချင်သေးတယ။် စိတ်ဆိုးမှာဆိုးလို့။
သူတို့ဘာတွေ ပြောနေကြမလဲဆိုတာ.
ကိုပေါတော့ကျဆုံးသွားပြီကွာ....
မခင်ဦးမေ…. ကိုပေါ ကျဆုံးခဲ့တာ ကြာခဲ့ပါပြီကောဗျာ။
ရင်ခွင်မှာ ဆယ်နေကဲသလို
အမြဲပူလောင်လှချည်ရဲ့
ကြိုးနှောင်ကာ အရှင်တည်းပါလို့
ရင်ထဲကို လှံမထိခင်က
ချစ်မိသူ အသည်းကြွေပြုန်းကာ
(မဏိစန္ဒာရယ်…)
ကိုယ်ကတော့ အမြဲသေဆုံးခဲ့ပြီပဲ….။
မောင်စိန်ဝင်း (ပုတီးကုန်း)
ဟိဟိ…. ကဗျာပဲ။
ပေါရက်နိုင်သူကြီးရယ်..ဟိဟိ
ပာား ပာား.... ကိုအင်န်ဒီက သိပ္ပံနည်းကျ ..... ကိုပေါက ပုံပြင်.... ခုတလော တခုခုတော့တခုခုပဲ.... :P :P
ကိုပေါရေ ခံစားချက်လေးကို သေချာဖတ်သွားတယ်။ ဒီလိုအရေးအသားလေးတွေကို သဘောကျတယ်။ ကိုပေါတို့စုံတွဲက လိုက်ဖက်ညီသော အချစ်စုံတွဲပါရှင်။ ကျွန်မက ချစ်ခင်မြတ်နိုးခြင်းတွေနဲ့ ပေါင်းဖက်ကြသော ဇနီးမောင်နှံတွေကို သိပ်သဘောကြသူမို့ စင်္ကာပူအသိတွေထဲ စိတ်တူကိုယ်တူ လိုက်ဖက်ညီသော စုံတွဲများထဲ ကိုပေါနဲ့မမ ထိပ်ဆုံးကပေါ့။ မြင်နေရုံတောင် လွမ်းတယ်ဆိုသော ခံစားချက်ကို ကျွန်မနားလည်တယ်။ ကိုယ်တိုင်လည်း တခါတလေ လူ့ဘ၀ကြီးက ချစ်သူနဲ့ လျှောက်လှမ်းသွားဖို့ တိုလွန်းတယ်လို့ ယူဆမိတယ်။ ဒါကြောင့် ချစ်သူရှိနေရင်တောင် စိတ်ကြည်နူးခြင်းနဲ့အတူ မသိစိတ်ရဲ့တစ်ဖက်မှာလည်း အမြဲတမ်းလွမ်းနေဆဲ ..။
ခင်မင်စွာဖြင့်
လင်းလက်ကြယ်စင်
ကိုပေါရေ
မခင်ဦးမေ ပြောသလို ကိုပေါရဲ့ နိုင်ငံရေး မိတ်ဆွေတွေ ခေါင်းတခါခါ ဖြစ်နေမှာ မြင်ယောင်နေတယ် ဆိုတာမျိုး ကိုပေါလည်း ထင်နေမှာ စိုးလို့ ဒီပို့စ်မှာ ကျွန်မ မှတ်ချက် ပြန်ရေးဖြစ်တယ်။ ကိုပေါ ဒီပို့စ်ကို တင်တုန်းက ကျွန်မမှာ ဒီ Semester အတွက် နောက်ဆုံးစာမေးပွဲတခု ရှိနေလို့ ပထမနေ့မှာ ရောက်ဖြစ်ပေမယ့် ရေးဖို့ အချိန်မရလို့ မရေးလိုက်ရဘူး။ နောက်နေ့ကျတော့ အင်တာနက်က ပျက်သွားတယ်။ ကျောင်းက ကွန်ပြူတာမှာ မြန်မာစာမရဘူး။ အခုဒီနေ့မှ အင်တာနက်က ပြန်ရတယ်။
ကိုပေါက ရုံးခဏလေး သွားတာတောင် ဒီလောက်တောင် လွမ်းနေရင် ကျွန်မတို့ နယ်စပ်မှာတုန်းကလို ဆိုရင် ဘယ်လောက်တောင် လွမ်းလိုက်မလဲမသိဘူး။ မင်္ဂလာဆောင်ပြီး မကြာခင်မှာပဲ ကျွန်မခရီးထွက်ရတယ်။ ကျွန်မ ခရီးက ပြန်လာတော့ သူက တခြားတနေရာမှာ သင်တန်းသွားတက်ရတယ်။ တယောက်တည်း ရှိနေတဲ့အချိန်ဆို သူလည်း အမျိုးသားဗားတိုက်မှာ သွားနေပြီး ကျွန်မလည်း အမျိုးသမီးဘားတိုက်မှာ သွားနေတယ်။ နယ်စပ်မှာတုန်းက ABSDF ဗဟိုမှာ ကျွန်မတို့ အိမ်ဆိုတာ ဗဟိုကို ဧည့်သည်လာရင် တည်းခိုတဲ့နေရာ၊ မင်္ဂလာစုံတွဲတွေ မင်္ဂလာဆောင်ပြီးရင် သူတို့အိမ် ဆောက်မပြီးခင် ခဏနေတဲ့ နေရာကဖဲ ဖြစ်ခဲ့တယ်။ အိမ်တဆောင် ဆောက်ထားတာ သိပ်ကို မနေလိုက်ရဘူး။ ဒီလို အခြေအနေမျိုးဆိုရင်တော့ ကိုပေါတယောက် စာဘယ်လောက်ဖွဲ့ပြီး လိုက်မလဲမသိဘူး။ တကယ်လွမ်းတာကော ဟုတ်ရဲ့လား။ မဒမ်ပေါကို အသိအမှတ်ပြုတာ နောက်ကျလို့ ဝေဖန်ခံရလို့ အတိုးချပြီး လွမ်းပြနေတာလားမသိဘူး။ သတိလည်းထားပါ၊ မဒမ်ပေါက လိုတာထက် ပိုနေတယ်ထင်ရင် နာမည်နဲ့ လိုက်အောင် ပေါလွန်းတယ်ဆိုပြီး အနားကပ်မခံပဲ နေဦးမယ် မိတ်ဆွေကောင်း တယောက်အနေနဲ့ ခင်မင်လို့ သတိပေးတာကို စိတ်မရှိပါနဲ့နော့်။
“ဝေးနေကြရမှ လွမ်းရစတမ်းလား။ မျက်နှာချင်းဆိုင် မြင်လွှာအောက်မှာ ရှိနေသူကိုလည်း လွမ်းတယ်ပြောလို့ မရဘူးလား၊ ပြောလို့ရလျှင်တော့ ပြောချင်သည်”
ဆိုတာ ဂျူးရဲ့ ဘယ်ဝတ္ထု ထဲကလဲ...
သိချင်လို့ပါ၊
thx =)
Hi Ko Paw, I would like to know the origin of Juu's word. Is it from which novel? I like her novel so much and read most of them. Please let me know the novel. Thanks...
Alicia and Carpe Diem ….. ဂျူးရဲ့ ချစ်သူဖတ်ဖို့စာ ဆိုတဲ့ ၀တ္ထုတိုလေးတပုဒ်ထဲက စာသားတွေပါ။ အဲသည်ဝတ္ထုဟာ “ရာဇ၀င်ထဲမှာ မောင့်ကို ထားရစ်ခဲ့ နှင့် အခြားဝတ္ထုတိုများ” ဆိုတဲ့ ဂျူးဝတ္ထုတိုများ စုစည်းမှု မှာ ပါဝင်တယ်လို့ ထင်ပါတယ်။ အိမ်ရောက်မှ ထပ်ကြည့်ပေးပါမယ်။
Post a Comment