“မုဆိုးမဘ၀ကို မုဆိုးမများသာလျှင် အကြောင်းသိကြသည်။”
ဂျာနယ်ကျော်မမလေး ရေးသားသည့် မုဆိုးမ ၀တ္ထုတိုထဲက စာသားများသည် ယခုတလော ကျနော့် နားထဲတွင် ပဲ့တင်ထပ်နေသည်။ ကျနော်ကတော့ ဒီလို ပြောချင်သည်။
“မြန်မာအစိုးရအကြောင်းကို မြန်မာများသာလျှင် သိသည်။”
မှန်၏။ မြန်မာအစိုးရ၏ သဘောသဘာဝကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်လည်းမသိ။ ဂန်ဘာရီလည်း နားမလည်။ ဘန်ကီမွန်းလည်း သဘောပေါက်ပုံမရ။ သန့်မြင့်ဦးလည်း သေချာဂဃဏနမသိ။ အဘယ်ကြောင့်ဟူမူ ထိုသူတို့သည် မြန်မာပြည်တွင်မွေး၍ မြန်မာပြည်တွင် ကြီးပြင်းသော မြန်မာလူမျိုးများ မဟုတ်သောကြောင့်ဖြစ်သည်။
မြန်မာအစိုးရအကြောင်းကို ဘယ်သူတွေသိသနည်းဟူမူ မြန်မာလူမျိုးများသာ ကောင်းကောင်းကြီး သိပေသည်။ မြန်မာအစိုးရ၏ ဒီယုန်မြင်လို့ ဟိုခြုံထွင်တာကိုလည်း မြန်မာပြည်သူ ကောင်းကောင်းသိ၏။ မြန်မာအစိုးရ၏ အရှက်မရှိပုံ၊ ကတိမတည်ပုံ၊ ရက်စက်ကြမ်းကြုတ်ပုံ၊ သဘောထားနုပုံတို့ကို မြန်မာပြည်သူများ ကောင်းကောင်းသိ၏။
နိုင်ငံခြား သံတမန်များနှင့် ပညာရှင်ဆိုသော လူတန်းစားတွင် အတ္တတခု ကိုယ်စီရှိကြသည်။ ယင်းမှာ မြန်မာ့နိုင်ငံရေးကို လက်ရှိ ရပ်တန့်နေသော အနေအထားမှ ရွေ့လျားရေးအတွက် ၄င်းတို့၏ စွမ်းဆောင်မှု (သို့မဟုတ်) ၄င်းတို့၏ သီအိုရီအရ ပြောင်းလဲနိုင်သည်ဟု ပြောဆိုနိုင်ရေးသည်သာ သူတို့အတွက် ပဓာနကျပုံရသည်။ ထိုသို့ ပြောဆိုနိုင်ရန်အတွက် မြန်မာ့နိုင်ငံရေးအခြေအနေ မည်သို့မည်ပုံ ပြောင်းလဲသည်ကို အရေးမစိုက်။ လက်ရှိအနေအထားမှ တနည်းတဖုံ ရွေ့ရှားသွားလျှင်ပင် ကျေနပ်ဖွယ်ရှိသည်ဟု ယူဆလျက်ရှိရာ ယင်းသံတမန်များ၊ ဖြန်ဖြေရေးအရာရှိများ၊ ပညာရှင်ဆိုသူများသည် မြန်မာအစိုးရ၏ လမ်းပြမြေပုံကိုပင် မျက်နှာပြောင်ပြောင်ဖြင့် ၀င်ရောက် ကြော်ငြာပေးလျက် ရှိသည်။
ယခုတလော သံတမန်အသိုင်းအ၀ိုင်းနှင့် ပညာရှင်များ၏ နှုတ်ဖျားတွင် ရေပန်းစားနေသည်မှာ ၂၀၁၀ ရွေးကောက်ပွဲအား အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲဖြစ်ရေး၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးကို တွန်းအားပေးနေသည့် စကားလုံးများဖြစ်သည်။ စစ်အစိုးရမှ တဖက်သတ်ရေးဆွဲကာ ၂၀၀၈ ခုနှစ်မေလတွင် မတရားမဲလိမ်ပြီး အတင်းအကြပ်ပြဌာန်းခဲ့သော စစ်တပ်က အလုံးစုံ အာဏာလက်ဝါးကြီးအုပ်ထားသည့် အခြေခံဥပဒေကို စကားထဲတွင်ပင် ထည့်သွင်း၍ မပြောကြ။ ထိုသူတို့မှာ အတိတ်မေ့တတ်သော ရောဂါရှိသလော မပြောတတ်။ အိပ်ချင်ယောင်ဆောင်နေကြသူများကို အနှိုးရခက်လှပေသည်။
ဟီလာရီကလင်တန်၏ ပြောကြားချက်နှင့်ပတ်သက်၍ ဧရာဝတီအွန်လိုင်းမဂ္ဂဇင်း သတင်းတပုဒ်တွင် ဖော်ပြထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းတင်၏ ပြောကြားချက်မှာ ကျွန်ုပ်၏ ထင်မြင်ချက်နှင့် တထပ်တည်းကျသည်။
ဟီလာရီ ကလင်တန်၏ ပြောဆိုချက်ကို ရန်ကုန်မြို့မှ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်များကလည်း အားရ ကျေနပ်မှု မရှိပေ။ ထိုပြောဆိုချက်မှာ အမေရိကန်ပြည်ထောင်စု၏ မူဝါဒရေးဆိုင်ရာ အားနည်းမှုကို ဖော်ပြနေသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ယူဆသည်။
“အမျိုးသား ပြန်လည် သင့်မြတ်ဖို့အတွက် တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အချက်ကို ဘယ်သွားထားမလဲ။ ရွေးကောက်ပွဲနဲ့ တိုင်းရင်းသားအရေးတွေလည်း ရှိသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ဖမ်းနိုင်တယ်ဆိုတာကို သူတို့ မသိဘူးလား”ဟု ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။
ဤသည်မှာ သံတမန်ရေး နိုင်ငံရေးနယ်ပယ်မှ လူများ၏ လက်ရှိအနေအထားအပေါ် သုံးသပ်ချက်နှင့် ပတ်သက်၍ အတိုချုပ်ရေးသားပြခြင်းဖြစ်သည်။
ပညာရှင်ဆိုသောလူများနှင့် ပတ်သက်၍ကား သိပ္ပံမောင်ဝ၏ “စာသင်ကျောင်း” ဟူသော ၀တ္ထုတိုထဲမှ နိဂုံးလေးကို သတိရမိသည်။ အချုပ်ကို ကျနော်မှတ်မိသလောက် ရေးပြပါမည်။
ဆရာစော၏ စာသင်ကျောင်းတွင် ဆရာက ကျောင်းသားများအပေါ် အာရုံမစိုက်နိုင်သောအခါ ကျောင်းသားများသည် ဆော့သူက ဆော့၊ စကားပြောသူက ပြော၊ ရန်ဖြစ်သူကဖြစ် ဖြစ်ချင်တိုင်း ဖြစ်နေကြသည်။ ဤသို့ဖြင့် မူလက စာအံသံကြီးသည် တဖြည်းဖြည်း ဆူညံသံကြီးအဖြစ် ပြောင်းလဲသွားသည်။ ထိုအခါ ဆရာစောသည် လုပ်လက်စ အလုပ်ကို ခဏရပ်၍ ကြမ်းပြင်ကို ကြိမ်လုံးဖြင့် ဘမ်းဘမ်း မြည်အောင် ရိုက်လိုက်သောအခါ ကျောင်းသားတို့သည် ရောက်ရာအရပ်ကနေ မိမိတို့ ပါးစပ်ထဲဝင်လာသမျှ စာမှန်သမျှကို ကုန်း၍ အသံကုန် အော်ဟစ် ကျက်မှတ်ကြသည်။ ဤသို့ဖြင့် ဆူညံသံကြီးမှ စာအံသံကြီးအဖြစ်သို့ ပြန်လည်ရောက်ရှိသွားလေသည်။
ဤသို့ တလှည့်စီဖြစ်နေရာ စာသင်ကျောင်းအနီး သူကြီးအိမ်တွင် မိုးအေးအေးနှင့် ကွေးနေသော ၀န်ထောက် မောင်လူအေးအဖို့မူကား ငှက်ဆိုးထိုးသံကြီးလို ဖြစ်နေသည်။ ထို့ကြောင့် သူကြီးအား မောင်လူအေးက “သူကြီးမင်း…. ဒီဆရာ စာသင်ပုံနဲ့ ကျောင်းသားတွေ စာရော တတ်ပါ့မလား”ဟုမေးရာ သူကြီးက “ အထိုက်အလျောက်တော့ တတ်ပါတယ်… ၀န်ထောက်မင်း”ဟု ပြန်ဖြေသည်ဟူ၏။ ကျနော်နှစ်ခြိုက်သောအချက်မှာ စာရေးဆရာက နိဂုံးတွင် “မောင်လူအေးသည် သူငယ်စဉ်ကလည်း ဤကျောင်းမျိုးမှပင် စာသင်ကြားတတ်မြောက်လာခဲ့သည်ဟူသော အချက်ကို မေ့နေဟန်တူ၏” ဟု ရေးသားထားခြင်း ဖြစ်သည်။
ပြည်ပတွင်ရောက်နေသော ပညာရှင်ဆိုသူများ၊ ပညာရှင်စိတ်ပေါက်နေကြသူများမှာ မောင်လူအေးနှယ်ပင် မိမိတို့ ငယ်ငယ်ကလည်း ဤမြေဤရေမှ ပေါက်ဖွားလာကြသည်၊ ပညာသင်ကြားတတ်မြောက်လာကြသည်ဟူသော အချက်ကို မေ့နေကြဟန်တူသည်။
တလောကပင် ထိုသို့သော လူတဦးနှင့် စကားလက်ဆုံကျမိရာ “မြန်မာတွေက အေ၊ဘီ၊ စီ တောင် ကောင်းကောင်းနားမလည်သေး၍ ပြည်သူလူထုအား ဒီမိုကရေစီအကြောင်း ပြောပြရန် မဖြစ်နိုင်” ဟု ဆိုလာသည်ကို ကြုံရသေးသည်။ ကျွန်ုပ်က အစိုးရတရပ် ကောင်းမကောင်းသိရန် ပီအိပ်ခ်ျဒီ ရရန် မလိုကြောင်း၊ သာမန်ဖိနှိပ်ခံ လယ်သမားများအနေဖြင့်လည်း စနစ်တခု ကောင်းမကောင်းကို နားလည်သဘောပေါက်ရန် ဖြစ်နိုင်ကြောင်း ထောက်ပြသောအခါ “ထိုစကားသည် အင်္ဂလန်မှ လယ်သမားများအတွက်သာ မှန်သည်။ မြန်မာလယ်သမားများအတွက်ကား မမှန်” ဟု ဆိုချေသည်။ ဤအတိုင်းမှန်ပါက ၁၉၉၀ ရွေးကောက်ပွဲတွင် အဖွဲ့ချုပ်မှ အပြတ်အသတ်အနိုင်ရခဲ့သည်မှာ အဘယ့်ကြောင့်နည်းဟု ကျွန်ုပ်က ပြန်လည် မေးမြန်းသောအခါ သူ့တွင် အဖြေမရှိတော့ချေ။
ဤနေရာတွင် စကားစပ်မိ၍ ပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီအကြောင်း၊ လူ့အခွင့်အရေးအကြောင်းကို ပြည်သူလူထုအားလုံးနားလည်စေရန် နေ့စဉ်သုံးမြန်မာစကားဖြင့်ပင် လည်လည်ပတ်ပတ် ပြောပြနိုင်ခြင်း ဖြစ်ပေသည်။ ဤကား ဒေါ်အောင်ဆန်းစုကြည်၏ အရည်အချင်းပေါင်း မြောက်မြားစွာမှ တခုပင်တည်း။
အထက်ပါ ပုဂ္ဂိုလ်၏ အလိုအတိုင်းသာဆိုလျှင် ကျွန်ုပ်တို့မှာ မြန်မာပြည်သူများ ဒီမိုကရေစီစနစ်နားလည်ဖို့အရေး အားလုံးကို အင်္ဂလိပ် အသုံးလုံး အရင်သင်ပေးရကိန်းရှိသည်။
ကျွန်ုပ်တို့ မြန်မာပြည်သူများသည် အာဏာရှင်လက်အောက်တွင် ရာစုနှစ်ဝက်နီးပါး နေလာကြရ၍ ဒီမိုကရေစီအကြောင်း၊ လူ့အခွင့်အရေးအကြောင်းများနှင့် အလှမ်းကွာကြသည်မှာ မှန်၏။ သို့သော် ပြောပြ၍ နားမလည်လောက်အောင် ထူထိုင်းကြသည်မဟုတ်။ မြန်မာလူမျိုးသည် ထူထိုင်းသည့် လူမျိုးမဟုတ်။ ဤမျှ ဆိုးရွားလှသော ပညာရေးစနစ်မှ ပညာသင်ကြားတတ်မြောက်လာသူများပင် ပြည်ပတွင် သူများတန်းတူ လုပ်ကိုင်နိုင်ကြသည်၊ စွမ်းဆောင်နိုင်ကြသည်ဖြစ်သည်။ ပြည်သူများကို ပညာပေးရန်၊ နိုင်ငံရေးအသိစိတ်မြင့်တက်လာအောင် လှုံ့ဆော်ရန်မှာ ပညာတတ်မြန်မာများ၊ နိုင်ငံရေးအသိစိတ်ရှိသူများ၏ တာဝန်ဖြစ်သည်။
နိုင်ငံတကာမှ ဖိအားပေးမှုများသည် စစ်အစိုးရအား ဘေးကြပ်နံကြပ်ဖြစ်စေသည်မှာ မှန်သော်လည်း နိုင်ငံရေးအပြောင်းအလဲတရပ် အမှန်ဖြစ်ရန်မှာ ကျွန်ုပ်တို့ ပြည်သူအားလုံးတွင်သာ တာဝန်ရှိသည်။

18 comments:
ကိုပေါရေးတာဖတ်ပြီး တိုက်ဆိုင်တာလေးတွေသွားသတိရမိတယ်။ ၈၈ မှာဆယ်တန်းအောင်ပြီး အကြာကြီး နားနေရတုန်းက လ၀ကရုံးမှာ နေ့ စားသဘောမျိုး လုပ်အားပေးခဲ့တုန်းကပါ။ ရွေးကောက်ပွဲမှာမဲပေးရင်မှတ်ပုံတင်ရှိမှ ပေးလို့ ရတာဆိုတော့ ရွာတွေမှာ မှတ်ပုံတင်မရှိသေးသူတွေကို အမြန်ဆောင်ရွက်ပေးခဲ့ကြရတယ်။ အဲဒီတုန်းက ရွာတွေကို သွားရင် အ၀င်မခံကြဘူးလေ(ဟိုလူတွေမှတ်နေကြတာ)။ သူတို့ က တစ်ကျပ်တန်လေးပြပြပြီး ပြောတယ် “ကျုပ်တို့ ကတော့ သူ့ သမီးဖတ်ကပဲ၊ ဘာမှလာမပြောနေကြနဲ့ ”တဲ့။ မဆိုင်ဘူးဆိုတာမနည်းရှင်းပြခဲ့ကြတော့မှမှတ်ပုံတင်တော့လုပ်ကြတယ်။ ဒါပေမယ့် ကျွန်မတို့ အုပ်စုကိုရွာပြင်က ဇရပ်မှာပဲ အိပ်ခိုင်းတယ်ဗျ။ သူတို့ အကျိုးအတွက်လုပ်ပေးခဲ့ကြတာကို အခုတော့နားလည်သွားလောက်ပါပြီ။ ပွင့်ဖြူနားကပ်ရပ်ကမြို့ မှာပါ။
ကိုပေါရေးတာရော ယုဝရီရေးတာရော ဖတ်ရတာ စိတ်ထဲဝမ်းနည်းဝမ်းသာဖြစ်ရတယ်။
ပြည်သူမပါ ဘယ်အရာ ဘာဆိုဘာမှမပြီးပါ တဲ့။
ခင်မင်းဇော်
မှန်တယ်ကိုပေါ မြန်မာပြည်သူပြည်သားတွေအခရာဘဲ ဒုက်ခကိုခါးစီးကြမလားတော်လှန်ကြမလားရွှေးရမယ်
ကိုပေါရေ ကျေးဇူးပြုပြီး e-mail လိပ်စာလေး ပေးလို့ရမလား။ ကျမ ကိုပေါကို ဆက်သွယ်ချင်လို့ပါ။ ကိုပေါအမျိုးသမီး လိပ်စာဆိုလဲဖြစ်ပါတယ်။
ကိုပေါရဲ့ political post့ ပိုစ့်တွေဖတ်ခဲ့ပြီး သမျှတွေထဲမှာ ဒီပိုစ့်ကို ချွင်းချက်မရှိ သဘောအကျဆုံးပါပဲ။ အရင်ပိုစ့်တွေလဲကြိုက်ပါတယ်။
ဒါပေမဲ့တချို့အချက်လက်တွေကိုသဘောမတူတာရှိခဲ့ဘူး
တယ်။ ကိုပေါရေ တခါတလေမှာ လူဆိုတာ တဘက်ကမှားနေသည်ရှိဦး အခြားတဖက်က ဖိဖိစီးစီး
နှိပ်ကွပ်ပြောဆိုတဲ့အခါ စိတ်အချဉ်ပေါက်တတ်တဲ့ သဘောမျိုးဖြစ်တတ်တယ်။ တကယ့်ကိုကိုယ့်မိသားစု၊ ကိုယ့်ချစ်သူ ခင်သူတွေ၊ ကိုယ့်အကျိုးစီးပွါးတွေ နစ်နစ်နာနာမဖြစ်ခဲ့သေးဘူးဆိုရင်ပေါ့လေ၊
အင်း ကိုပေါပြောမှ အခုလောလောဆယ် ဖတ်လိုက်ရတဲ့ မြန်မာပြည်မှာ သွားနေဖူးလို့ မြန်မာပြည်အကြောင်းသိသူပါဆိုပြီး ရေးလိုက်တဲ့ ဆောင်းပါးကြောင့် နအဖ၀မ်းသာအောင် လေလည်ပြလိုက်သလိုဖြစ်သွားလို့ ကာယကံရှင် စာရေးသူကိုယ်တိုင် စွေ့စွေ့ခုန်ဖြစ်နေရတဲ့ အဖြစ်လေး မျှဝေပါရစေ။ သူလဲ အခုတော့ မနိုင်ရာ ၀င်ထမ်းမိလို့ အတော်လေး သင်ခန်းစာရသွားပုံပဲ။ နအဖဘာသာပြန်ချက်ကလဲ ကမ်းကုန်အောင် တော်ပေသကိုး
http://virginiammoncrieff.blogspot.com/2009/07/from-democratic-voice-of-burma-24-july.html
Anonymous (July 26, 2009 4:30 AM ),
ကျွန်တော်အီးမေးလ်လိပ်စာက kopaw07@gmail.com ပါ။
အလွန်ကောင်းမွန်ပြီးပြည့်စုံသောပို့စ်ပါ၊ကျေးဇူးတင်ပါတယ်။
i like this post.
ကိုညောင်ရမ်းရဲ့ ရင်တွင်းဖြစ်လက်ရာစစ်စစ်တွေပေါ့...။
ကြာခဲ့ပြီကော၊ဂလိုစာတွေမဖတ်ရတာ၊ရေးပါဗျာ၊မျှော်နေပါတယ်။
ထောက်ခံပါတယ် ကိုပေါ- သို့သော်လည်း စိတ်စေတနာ စစ်မှန်တဲ့ တကယ်အရည်အချင်းပြည့်ဝ တဲ့ ပညာရှင်တွေ ကိုတော့..လုံးလုံး ဘုတောလို့ မရသေးဘူး ထင်တယ်။ တစု နဲ့တစု တလွှာနဲ့ တလွှာ နားလည် ဖြည့်စွက်ပေးနိုင်ကြရင်တော့..အကောင်းဆုံးပေါ့။ ကြုံလို့- ဖတ်ပီးသားလဲ ဖြစ်ကောင်းဖြစ်မယ်။
http://www.atimes.com/atimes/Southeast_Asia/KG04Ae01.html
( စိတ်ဝင်စားစရာ တခုပေါ့..သဘောတူလို့..နှစ်သက်လို့ရယ်တော့ မဟုတ်)း)
yes..you are right.
Dear Ko Paw,
U may have seem the movie " Last Samurai ". Acting by Tom Cruise
Ending part of the movies I remember the word some one said, no matter where we are, we should not forget where we come from.
Its same as what your writing. Great post.
“ဒီမိုကရေစီဆိုတာ အနောက်တိုင်းအယူအဆ၊ လူအခွင့်အရေးဆိုတာ အနောက်တိုင်းသားတွေရဲ့ တန်ဖိုး” စတဲ့ စကားတွေက အရှေ့တိုင်း ပညာတတ်အာဏာရှင်တွေက ထွင်လုံးထုတ်ထားတဲ့ စကားပါ။ ပြည်ကြီးတရုတ်တစ်ဦးက ဒီစကားမျိုး ပြောဖူးပါတယ်။ “ဒါဆို ကွန်မြူနစ်ဝါဒကရော အနောက်တိုင်းဝါဒ မဟုတ်လို့လား၊ ဘာကြောင့် ပြည်တွင်းဖြစ် ကွန်ဖြူရှပ်ဝါဒကို ဘေးချိတ်ထားရတာလဲ” ပြန်မေးခဲ့မိဖူးတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာလောက် ဒီမိုကရေစီနည်းလမ်းကျတဲ့ ဘာသာတရားကို ကိုးကွယ်နေကြတဲ့ မြန်မာလူမျိုးတွေကို ဒီမိုကရေစီဆိုတာ အနောက်တိုင်းစနစ်, နားလည်ကြမှာ မဟုတ်ပါဘူးဆိုတာကိုတော့ လုံးဝ လက်မခံနိုင်ပါဘူး။ မြန်မာတွေ ဒီမိုကရေစီနဲ့ မတန်သေးဘူးဆိုရင်…. မြန်မာတွေ ဗုဒ္ဓဘာသာနဲ့ မတန်သေးဘူးလို့ အစော်ကားခံရသလိုပါပဲ။
နိုင်ငံခြားသား အတော်များများက မြန်မာအကြောင်း သေချာဂဃဏနမသိဆိုတာ လက်ခံပါတယ်။ အထူးသဖြင့် အင်္ဂလိပ်ဘာသာနဲ့ ရေးတဲ့ မြန်မာအကြောင်း သတင်းတွေ၊ ဆောင်းပါတွေကို ဖတ်ရင် တစ်ခုခု ဟာနေသလို အားမလိုအားမရ ဖြစ်ရပါတယ်။ မြန်မာလိုရေးတဲ့, လွှင့်တဲ့ သတင်းတွေနဲ့ အင်္ဂလိပ်လိုရေးတဲ့, လွှင့်တဲ့ သတင်းတွေမှာ ဘာကြောင့် focus လုပ်ပုံကွာဟနေသလဲဆိုတာ စဉ်းစား မိပါတယ်။ မြန်မာပြည်ထဲက မြန်မာတွေရဲ့ အမြင်တွေ (ဥပမာ ဦးဝင်းတင်ရဲ့ အင်တာဗျုးမျိုး) ကို အင်္ဂလိပ်ဘာသာနဲ့ ရေးတဲ့ စာနယ်ဇင်းတွေမှာ ထည့်သင့်တယ် (ထည့်နိုင်အောင် ကြိုးစားသင့်တယ်) လို့ ထင်ပါတယ်။
ကိုပေါရေ
ပျောက်နေတာ တော်တော်ကြာပြီး အခုမှ ပြန်ပေါ်လာတာ ၀မ်းသာပါတယ်။ နိုင်ငံခြားသားတွေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သုံးသပ်တာ ကွာဟနေတာကိုတော့ ကျွန်မလည်း အမြဲ တွေ့ရပါတယ်။ ကျွန်မက အနောက်တိုင်းကို အသက်ကြီးမှ ရောက်ပေမယ့် ပညာရေးကို ကလေးအတန်းက ပြန်တက်တော့ အနောက်တိုင်းက လူတွေရဲ့ ရှုဒေါင့်ကို ကျွန်မနဲ့ အသက်ရွယ်တူတဲ့ တခြားမြန်မာတွေထက် ပိုမြင်လို့ ရပါတယ်။ သူတို့မှာ Flexible သိပ်များပါတယ်။ တခုမရရင် တခုကို ရွေးချယ်ဖို့ ပထမဦးစားပေး၊ ဒုတိယ ဦးစားပေးကနေ အစဉ်လိုက် Options တွေအများကြီးကို လျာထားပြီး အဖြစ်နိုင်ဆုံး တခုကို ရွေးချယ်တဲ့ စနစ်ကို သုံးပါတယ်။ ကျွန်မ ကျွန်မတို့ မြန်မလူမျိုးတွေလို ဘုရင့်နောင် ဖေါင်ဖျက်တာတို့၊ သေရင်မြေကြီး ရှင်ရင်ရွှေထီးဆိုတဲ့ အတွေးအခေါ်မျိုး သိပ်မတွေ့ရဘူး။ အဲဒါကပဲ ပြဿနာတခုကို သုံးသပ်တဲ့နေရာမှာ ကွာဟသွားတဲ့ အဓိကအချက် ဖြစ်လိမ့်မယ် ထင်တယ်။

ကိုပေါရေ...
ကိုပေါရဲ့ အိုင်ဒီယာတွေထဲမှာ ဒီပို့စ်ကို အကြိုက်ဆုံးပါပဲ..
တကယ်မှန်ပါတယ်... ပြည်သူတွေ မသိဘူးဆိုတာက စာတွေမိုးပျံအောင် တတ်တဲ့သူတွေ သိတာထက် အများကြီးပိုပါတယ်.. လူသိထင်ရှားသိအောင် ပြောခွင့်မရလို့ပါ..
တကယ်တော့ မြန်မာလူမျိုးတွေရဲ့ ပညာအဆင့်အတန်းက အောက်တန်းမကျပါဘူး.. လုံလောက်တဲ့ အခွင့်အရေးသာ ရစမ်းပါစေ.သင်္ချာအတွက်အချက်မှာ တခြားနိုင်ငံသားတွေထက် အများကြီးသာပါတယ်.. အုပ်ချုပ်သူအသုံးမကျလို့ ...ပညာရေးအဆင့်အတန်း အောက်တန်းကျလို့သာ သူများအနှိမ်ခံနေရတာပါ.. ဒီမိုကရေစီနိုင်ငံတွေလိုသာ အခွင့်အရေးရကြည့်ပါ. အားလုံးထက်သာမှာပါ..
တစ်ခုလေးပဲ မြန်မာလူမျိုးတွေ ပြင်စရာလိုတာပါ.. အဲဒါက အချောင်လိုချင်တဲ့ စိတ်ဓာတ်လေးနဲ့ သူများသာရင် မနာလိုတတ်တဲ့ စိတ်ဓာတ်လေးပါ... သာတဲ့ဖက် ကူးတတ်တဲ့ ယိမ်းယိုင်တတ်တဲ့ ယုံကြည်ချက်မခိုင်မြဲတတ်တဲ့ စိတ်ဓာတ်လေးပြင်ဖို့ပဲ လိုနေတာပါ..
ဒီလို တန်ဘိုးရှိတဲ့ ပိုစ့် လေးဖတ်ရတာ အရသာလဲရှိ ၀မ်းလဲသာ သဗျာ။ မှန်တာတွေ များများ သာရေးပါ။
Post a Comment