အိမ်ယာထူထောင်ပြီး လူ့ဘောင်လောကတွင် နေသူအဖို့ အထိုက်အလျောက်တော့ အောင်မြင်သော ဘ၀တခုကို ပိုင်ဆိုင်ရပေမည်။ အထူးသဖြင့် မိမိကူညီထောက်ပံ့လိုသူများကို စိတ်တိုင်းကျ ကူညီထောက်ပံ့နိုင်ရန် ယခုထက်ပို၍ ၀င်ငွေကောင်းဖို့လည်း လိုသည်။
အောင်မြင်ပြီး ၀င်ငွေကောင်းသော လူတယောက်ဖြစ်ရန်မှာ မိမိဝါသနာပါသော အလုပ်ကို စိတ်ရှည်ရှည် ဇွဲရှိရှိ လုပ်ဖို့ အခြေခံ လိုအပ်သည်ဟု ဖတ်ဖူး မှတ်ဖူးပါသည်။ မှန်၏။ မည်မျှပင် ၀ါသနာပါသည့် ကိစ္စဖြစ်စေ တူတူတန်တန် ဖြစ်မြောက်လာဖို့မှာ စိတ်ရှည်မှု၊ ဇွဲနပဲရှိမှု လိုအပ်သည်။ “Genius is one percent inspiration and ninety-nine percent perspiration” ဟု ဆိုရိုးရှိသည်လည်း မဟုတ်ပါလား။
ထို့ကြောင့် မိမိကိုယ်ကိုယ် ပြန်လည် သုံးသပ်ကြည့်ရာ ကျနော်သည် တကယ်တမ်းတွင် ဘာကိုမျှ ဟုတ်တိပတ်တိ ၀ါသနာမပါကြောင်းနှင့် ဇွဲနပဲလည်း မရှိလှကြောင်း အလန့်တကြား သိရှိလိုက်ရပါသည်။
ငယ်ငယ်တုန်းကတော့ စာဖတ်ဝါသနာ ပါသလိုလို ရှိသည်။ ကိုယ့်ကိုယ်ကို စာဖတ်ဝါသနာကြီးသူဟုလည်း တလျှောက်လုံး ထင်မှတ်ခဲ့သည်။ သို့သော် တကယ့်စာအိုးများနှင့် ယှဉ်လိုက်သောအခါ ကျနော့်မှာ အပျော်ထမ်းအဆင့်မျှပင် မရှိကြောင်း ၀မ်းပမ်းတနည်း သိလာရသည်။ ဤအကြောင်းကို ယခုအသက်အရွယ်တွင် စာကြီးပေကြီးများ ဖတ်ရှုသည့်အခါတိုင်း စာတမျက်နှာမပြည့်မီမှာပင် အိပ်မောကျခြင်း အဖြစ်သို့ ဆိုက်ရောက်တတ်သော ကျနော့်အဖြစ်က သက်သေခံလျက်ရှိသည်။ စာအုပ်ဖတ်မှသာ မဟုတ်။ အိပ်ကာနီးတွင် မိတ်ဆွေများ လက်ဆောင်ပေးထားသော တရားခွေတို့ကို နာကြားရန် ဖွင့်လိုက်ပါက ၃ မိနစ်အတွင်းမှာပင် အိပ်ပျော်သွားလေ့ရှိသဖြင့် အပါးပါးသော ဆရာတော်တို့၏ တရားရေအေး အမြိုက်ဆေးတို့မှာ ကျနော်နှင့်တွေ့မှ အစွမ်းထက်မြက်သော အိပ်ဆေးဘ၀သို့ ကူးပြောင်းရောက်ရှိသွားရလေတော့သည်။
တဖန် ကာတွန်း၊ ပုံတူဆွဲသည့်ဘက်တွင် ၀ါသနာပါသလိုလို ရှိသော်လည်း တကယ်ဖြစ်ဖြစ်မြောက်မြောက် ဆွဲချင်စိတ်မရှိ။ စိတ်ကူးပေါက်မှ ချောက်တိချောက်ချက် ပြီးစလွယ် ထဆွဲတတ်သူဖြစ်သည်။
အတီးအမှုတ်နှင့် ဂီတတွင် ၀ါသနာထုံသယောင်ယောင်ရှိသည်ထင်ရ၏။ သို့သော် စည်းဝါးကျကျ မတီးတတ်၊ မဆိုတတ်သည်နှင့်ပင် ကိစ္စပြတ်လေသည်။
ဓါတ်ပုံရိုက်ကူးရာတွင်လည်း ကျွန်ုပ်၏ လက်စွမ်းမှာ (ကိုပေါနှင့် ဓါတ်ပုံပညာပို့စ်တွင်) အားလုံးမြင်သည့်အတိုင်းပင်ဖြစ်သည်။
ထိုမျှမကသေး။ မော်တော်ကားအင်ဂျင်၊ ဂျက်အင်ဂျင်များကို စိတ်ဝင်စားသလိုလို၊ လေကြောင်းသိပ္ပံကို လိုက်စားချင်သလိုလို၊ မြန်မာ့သမိုင်း ကမ္ဘာ့သမိုင်းကို တူးဆွချင်သလိုလို၊ အာကာသသိပ္ပံကို လေ့လာချင်သလိုလို၊ သတင်းစာခေါင်းကြီးရေးနည်းကို လက်တည့်စမ်းချင်သလိုလို နှင့် တကယ်ဆန်းစစ်ကြည့်သောအခါ ဘာတခုမှ နက်နက်နဲနဲ စိတ်ဝင်စားလှသည်မဟုတ်ဘဲ အပေါ်ယံကြောအဆင့်လောက်မှာပင် ရပ်တန့်သွားသည်ချည်းသာ ဖြစ်သည်။
တခုတော့ရှိသည်။ ပညာရပ်တခုခုကို ဓါတ်ကျလာပြီဆိုလျှင် ထိုအခိုက်အတန့်တွင်တော့ ထမင်းမေ့ဟင်းမေ့၊ မနက်ဖြန်တွင် ကမ္ဘာပျက်တော့မည်လောက် သဘောထားကာ အလောတကြီး ထလုပ်နေတတ်သည်။ သို့သော် ခဏမျှကြာသောအခါ ရိုးအီ ငြီးငွေ့သွားလေ့ရှိသည်။ ဘလော့ဂ်ပေါ်တွင် သူတပါးကို ကောက်ရိုးမီးစိတ်ဓါတ်မမွေးဘို့ တိုက်တွန်းရေးသား ပြောဆိုတတ်သော ကျနော့်တွင် ထိုကောက်ရိုးမီး စိတ်ဓါတ် အပြည့်ရှိလေသည်။
ဘလော့ဂ်ကို ယခုအချိန်အထိ နှစ်ရှည်လများ ရေးနေနိုင်သေးသည့်အတွက်ပင် မိမိကိုယ်ကို အံ့သြရချေသေးသည်။ ဤသည်မှာ နောက်က တွန်းပေးနေသော နိုင်ငံရေးယုံကြည်ချက်၏ တွန်းအား (Motivation)ကြောင့်သာ ဖြစ်ရချေမည်။
အသက်မွေးဝမ်းကြောင်းပြုရာ အင်ဂျင်နီယာ အလုပ်မှာလည်း ရွေးချယ်စဉ်က ၀ါသနာပါသယောင်ယောင်ရှိသော်လည်း အခု အသက် ၃၈ နှစ်နားနီးကမှ တကယ့်တကယ် ၀ါသနာပါလှသည်မဟုတ်မှန်း နောက်ကျစွာ သိလိုက်ရချေသည်။ စိတ်ညစ်ဖွယ် ကောင်းလေစွ။
ထိုအကြောင်းကို အိမ်သူသက်ထားဖြစ်သူ မဒမ်ပေါအား အလုံးစုံပြောပြပြီး ဖွင့်ဟ အသိပေးလိုက်ရာ မဒမ်ပေါ၏ မျက်နှာမှာ ဇီးရွက်ခန့်မျှသာ ကျန်တော့သည် ထင်၏။ သူ့ခမြာ အားကိုးရှာမိပါမှ ငါးပါးမှောက်ချေပြီဟု တွေးလေသည်လော မပြောတတ်။
ကျနော့်မှာလည်း ကြံရာမရ။ သို့နှင့် “ကိုယ်ဘီယာသောက်တာကိုရော ၀ါသနာလို့ တွက်လို့ရမလားဟင်” မေးလိုက်သောအခါ မဒမ်ပေါက စိတ်ညစ်ညစ်နှင့် ရယ်လေသည်။ ပြီးတော့ “ဘာလဲ၊ မင်းက ဘီယာသောက်ပြီး ကြီးပွားချမ်းသာအောင် လုပ်မလို့လား” မေးရှာ၏။
မရယ်ကြပါနှင့်။ ဤကိစ္စသည် ပေါ့သေးသေးမဟုတ်။ ကျနော့်အဖြစ်မှာ ယခုလက်ငင်း ထီပေါက်ပြီး သန်းကြွယ်သူဌေးဖြစ်သွားလျှင်တောင်မှ သူများတကာလို အလုပ်ကထွက်ပြီး ကိုယ်ဝါသနာပါတာလေး စိတ်အေးလက်အေး လုပ်လိုက်မည်ဟု ပြောဆိုနိုင်ရန် ဘာကို ၀ါသနာပါလို့ ဘာလုပ်ရမှန်းမသိ။ ဦးနှောက်ခြောက်ပါဘိတောင်း။
အဲ…ဟုတ်ပြီ။ အခု ဒီစာကို ရေးရင်းနဲ့ စဉ်းစားလို့ရတာ တခုတော့ ရှိသည်။
ဘယ်အရာကိုမှ စွဲစွဲမြဲမြဲ စိတ်မ၀င်စားဘဲ ဟိုစပ်စပ် သည်စပ်စပ် လုပ်တတ်သည်မှာ ကျနော့်ဝါသနာပင် ဖြစ်ရချေမည်။
ဟိုစပ်စပ် သည်စပ်စပ် လုပ်ခြင်းဖြင့် အောင်မြင်ကြီးပွားနိုင်သလောဆိုသည့် အချက်ကို အင်တာနက်တွင် ရှေးဦးစွာ ရှာဖွေစစ်ဆေး ကြည့်ဖို့လိုမည်။ ကမ္ဘာပေါ်တွင် “ဟိုစပ်စပ် သည်စပ်စပ်” လုပ်ခြင်းဖြင့် အောင်မြင်လာသော သန်းကြွယ်သူဌေး ဘယ်နှစ်ဦး ရှိသလဲ၊ အောင်မြင်ဖို့ ဘယ်လောက် အချိန်ယူရသလဲ ဆိုတာတွေကို သုတေသန လုပ်ကြည့်ရမည်။ အင်း… ပြောသာပြောရ၊ သုတေသန လုပ်ရမှာလည်း ခပ်ပျင်းပျင်းဆိုတော့ သုတေသန ၀ါသနာပါဟန်တူသော “ကိုညီလင်းဆက်” (သို့မဟုတ်) ကိန်းဂဏန်းများ၊ ဇယားများကို ပိုင်နိုင်ကျွမ်းကျင်သော “ကိုအင်ဒီမြင့်”တို့ကို စာတမ်းပြုစုပေးဖို့ အကူအညီတောင်းရလျှင် ကောင်းလေမည်လော မပြောတတ်။
သူတို့ပြုစုပေးသော စစ်တမ်းအပေါ်အခြေခံပြီး လက်ရှိအလုပ်မှ ထွက်ကာ “ဟိုစပ်စပ် သည်စပ်စပ် ကုမ္ပဏီ” တည်ထောင်ကာ ဇောက်ချလုပ်ရမည်။ အောင်မြင်လာလျှင် ၀န်ထမ်းတွေ တိုးချဲ့ခန့်ထားရမည်။ စင်္ကာပူတွင်သာမက သြစတေးလျ၊ မလေးရှား၊ ထိုင်း၊ အမေရိကန်၊ ကနေဒါ၊ ယူကေ စသည့်နိုင်ငံများတွင်လည်း “ဟိုစပ်စပ် သည်စပ်စပ် Franchise ”ဆိုင်ခွဲတွေ နေရာအနှံ့ ဖွင့်ပစ်လိုက်မည်။ ကမ္ဘာအနှံ့လှည့်လည်ပြီး ဆိုင်ခန်းတွေကို ကြီးကြပ်ခြင်း၊ ၀န်ထမ်းတွေကို ထရိန်နင်ပေးခြင်း၊ အကျိုးအမြတ်တွေကို အခြားလုပ်ငန်းများတွင်ပါ ချဲ့ထွင်မြှုတ်နှံခြင်းတွေ မဖြစ်မနေ လုပ်ရမည်။
လုပ်ငန်းကြီးကျယ်လာပြီဆိုရင် ကိုယ်တယောက်တည်းနဲ့ မနိုင်ရေးချမနိုင်။ စိတ်ချရသော လက်ထောက်လူယုံများ မလွဲမသွေ လိုလာပေလိမ့်မည်။ ဘယ်သူတွေကို ခန့်ထားရပါ့။ ဆွေမျိုးများအကြားမှ ရွေးချယ်ခန့်ထားလျှင်လည်း သူ့ကို မျက်နှာလိုက်သည်၊ ငါ့ကို မေ့ထားရက်သည်နှင့် အဝေမတည့် ဖြစ်ကြဦးမည်။ မိတ်ဆွေများကို ခန့်ထားရအောင်ကလည်း ကိုယ်က အချိုးမပြောင်းသော်ငြား သူ့ဖက်က အလုပ်ရှင်အလုပ်သမား ဆက်ဆံရေးဖြစ်သွားသည့် အခြေအနေကို စိတ်ကွက်ပြီး မိတ်ပျက်သွားလျှင် မိတ်ဆွေကောင်းတွေ ဆုံရှုံးရချေတော့မည်။ ဒီကြားထဲ သမီးလုပ်သူကလည်း ဖခင် ၀င်ငွေကောင်းသည်ဆိုကာ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား ဘ၀ပေးအသိ မရှိဘဲ နေမှာ စိုးရသေးသည်။ ပိုဆိုးသည်က သူဌေးကတော်ဖြစ်လာသော မဒမ်ပေါကလည်း ပဲရစ်တို့ လန်ဒန်တို့မှာ ရှော့ပင်းထွက်ချင်ပါသည် ပူဆာလာလျှင် ဥဒဟိုလိုက်ပို့ရဦးမည်။
အားပါးပါး….။ ဤမျှ စဉ်းစားရသည်မှာပင် ဦးနှောက်ခြောက်စရာ ကောင်းလှပေသည်။
တော်ပါပြီခင်ဗျာ။ ဘယ်လိုမှ စိတ်မရှိကြပါနဲ့။ ကျနော် မကြီးပွားချင်တော့ပါဘူး။ ထုံးစံအတိုင်း ကက်ဆက်ဖွင့်ပြီး တရားရေအေး အမြိုက်ဆေးကလေး နာကြားရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာပဲ ကောင်းမည်ထင်သည်။
ဘလော့ဂ်ဖတ်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဇွဲလုံ့လကင်း ပျင်းရိခြင်း ကင်းရှင်းကြပါစေ။

19 comments:
ထီပေါက်ရင်လည်း ဘဏ်မှာ ပိုက်ဆံအပ်ပြီး ဘဏ်တိုးနဲ့ပဲ စားပြီးနေပါ။ ဘာမှ ဆက်မလုပ်နဲ့ နေမြဲအတိုင်း ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဘလော့ဂ်ပဲ ဆက်ရေးဖို့ အကြံပြုပါတယ်။ ဘီယာသောက်တာတော့ မကောင်းတာအမှန်ပဲ ဒါကြောင့်မို့ ၀ါသနာထဲက ဖြုတ်သင့်ပါတယ်။
ကိုပေါရေ ... ဟိုစပ်စပ် ဒီစပ်စပ် ဆိုတော့ specialist မဖြစ်ပေမဲ့ generalist လို့ ဆိုရင်တော့ ရမယ်ထင်တယ်။ ကျမအသိ စာနယ်ဇင်းသမား တယောက်ကပြောဖူးတယ်။ journalist ဆိုတာ generalist တဲ့။ ကိုပေါ ဂျာနယ်လစ် လုပ်ပါလား။ ဓာတ်ပုံရိုက်တာလဲ ၀ါသနာပါတော့ကာ ... ဖြစ်နိုင်ချေရှိပါတယ်။ :)
တရားနာရင်း အိပ်ချင်တာကတော့ အများစု ဒီလိုပဲ ထင်ပါရဲ့။ ရှေးလူကြီးတွေ ပြောတာ ကြားဖူးတယ်။ ဂေါတမပုခက်ကြီး စီးအုံးမယ် ဆိုလား ... ။ ဘာပဲဖြစ်ဖြစ် တရားနာရင်း အိပ်ပျော်သွားတော့ အိပ်လဲ ချမ်းသာ နိုးချမ်းသာ ဖြစ်တာပေါ့ ... ကောင်းပါတယ်။
ကျနော်လည်း ဟိုစပ်စပ် ဒီစပ်စပ်ပါပဲ။ အနုပညာ မှာလည်း စာလိုလို ပန်းချီလိုလို ကာတွန်းလိုလို ဓာတ်ပုံလိုလို ဟိုနည်းနည်း ဒီနည်းနည်း။ စာဖတ်ရင်တောင်မှ သူများတွေဆို လိုင်းသတ်သတ်မှတ်မှတ် ရှိတယ်။ ကျနော်ကတော့ ဖတ်ချင်နေတဲ့ မဆက်မစပ် အကြောင်းအရာတွေ များနေတယ်။ အားမငယ်ပါနဲ့ လူလေတွေ လောကမှာ များသေးတယ်မှတ်လိုက်။
http://khinoomay77.blogspot.com/2009/07/ko-paw-madam-paw.html
စိတ်မရှိပါနဲ့
ကွန်မက်အရှည်ကြီးရေးပြီ့း နှမျောတာနဲ့ပိုစ်လုပ်လိုက်တယ်။ အချင်းချင်ဘဲ ရတယ်ဟုတ်.
မရင် တရားဝင်လာကန့်ကွက်ပါ။ ကွန်မက်မှာသော်လည်းကောင်း အီးမေလ်သော်လည်ေးကာင်း
khinoomay77@gmail.com
ကန့်ကွက်လှင်ျပြန်ဖျက်သိမ်းမည်။ ကိုပေါအိပ်သွားပြီဆိုက တော့တာဝန်မယူနိုင်တော့ပါ။ ဆောရီးဘဲ။
ချစ်ခင်စွာဖြင့်
kom
Thursday, July 30, 2009
ko paw. madam paw
ကိုပေါ ရဲ့ပိတောက်ရိပ်
http://kopaw07.blogspot.com/2009/07/blog-post_29.html
ဖတ်ရင်းနဲ့ဟာသပုံပြင်ကို သတိရသွားတာတော့
စိတ်ရောဂါ ဆရာဝန်ဆီကို အမျိုးသမီးတစ်ယောက်က အမြဲလာပြတယ်တဲ့ ။.စိတ်ကျဝေဒနာပေါ့။
အဲ သူ့အမျိုးသားက သိတ်ကြိးပွါးချင်တဲသူပေါ့။ စာအုပ်စာတန်းတွေကို သဲသဲမဲမဲလိုက်နာပြီး.ဖတ်ပြီး. ဘယ်လိုကြီါ်ပွားရမလဲဆိုတာ အမြဲတွေးတောနေသူပေါ့။
ဒါပေမဲ့ လဲကြာလာတော့ မဒမ်ပေါ ကမျှာ....စိတ်ညစ်လာတယ်။ အလုပ်က မဖြစ်တာ များနေတယ်။ အဲဒီ တော့ သူ က ဆရာဝန် ကိုမပြတ်တွေ့နေရရှာတယ။်
နောက်ဆုံး သည်းမခံနိုင်တဲ့မဒမ်ပေါက ကိုပေါကိုပြောတယ။် ဒီမှာ ကိုပေါ. ရှင် ဘယ်လိုလူလဲ ကြီးပွားဘို့ကြံ့ နေတာ ကြာလှပြီး ဘလာဘလာပေါ့......တွန်းအားတွေ ပေးလိုက်တယ်။
အဲဒီတော့ကို ပေါ အသည်းအသံကြံရတော့တာပေါ့၊နေ့မအိပ် ညမအိပ် စဥ်းစား ဖတ်. တစ်ညမှာတော့ မ ဒမ် ပေါ အိပ်နေတာ ကိုသွားနီုးပြီးပြောသတှဲု့။ဒီမှ မဒမ်ပေါ မင်းဘာမှ ပူနဲ့တော့ငါ ရှာဖွေ နေတဲ့ နည်း လမ်းတွေ့ပြီ. ။ အရင်းမရှိဘဲနဲ့ အမြတ်က ရာခိုင်နုးပြည့် ဆိုတာကို တွေ့ပြီ လို့အားရဝမ်းသာ လာ နိုး ပါ သ တဲ့ ။
မဒမ်ပေါကလည် ကြည်လင်ရွှုင်ပြပြီး ဘာများလဲ ကိုပေါရယ် မထိတ်သာ မလန့်သာရှီလိုက်တာ ပြော ပါဦး ဆို တော့။
ဒီမှာ ခွက်တစ်ခွက်ဘဲ ရင်းဘို့လိုတယ်။ တောင်းစားမယ်။ ကြိုက်သလောက်ထည့်သွား အမြတ်ကြီးဘဲ မိန်းမ. ဒီလောက် ကောင်းတဲ့အကြံကွာ. ငါဘာလို့ စောစော က မတွေးမိသလဲတဲ့။
နောက်တစ်နေ့မှာတော့ဆေးခန်းမှာ ကိုပေါတို့ ဇနီးမောင်နံ ကိုတွေ့ရ လေ သ တဲ့။ဒီတစ်ခေါက်ပြမဲ့ သူကတော့မဒမ်ပေါ မဟုတ်တော့ပါဘူးတဲ့ကွယ.်.........
Posted by khin oo may at 12:32 AM
Labels: Joke
မခင်ဦးမေ ... ဟား..ဟား... အဲဒါ ဆရာဖေမြင့်ရဲ့ အကြံဉာဏ်နဲ့ ကြီးပွားချမ်းသာခြင်း ဆိုတဲ့ ၀တ္ထုထဲက ဦးထွန်းပေါ်တို့ လင်မယား အကြောင်းပါဗျ။း-)
ထုံးစံအတိုင်းအချက်အလက်နဲ့ပါဘဲလား.
ဒါဆိုမဖျက်တော့ဘူး. ပထမ ဖျက်လိုက်တော့မလို့..........စိတ်ဆိုးမှာစိုးလို့..
မဖျက်ပါနဲ့။ ဆရာဖေမြင့် ၀တ္ထုကို ကြော်ငြာပြီးသား ဖြစ်တာပေါ့။ ကျနော် အဲသည်တပုဒ်ကိုလည်း တော်တော်ကြိုက်တာ။ ရယ်ရလွန်းလို့။
တို့လဲ ကြိုက်တယ် မှတ်မိနေတာသာကြည့်တော့။
ကိုပေါ ဟိုစပ်စပ် ဒီစပ်စပ် လုပ်တာတွေ ဖတ်ပြီး အဲဒါသတိရသွားတယ။်
အကြံတူ ရန်သူလို့ သူများတွေ သတ်မှတ်ပေမဲ့.
ဒီတခါတော့ ဝါသနာတူ ပါသနာဖြစ်နိုင်ပါတယ်.
ရှယ်ယာထည့်ပါရစေ ကိုပေါ.. ရှုံးတော့လဲ အသိသာကြီးပါ..
ဟိုစပ်စပ် သည်စပ်စပ် အလုပ်က ဘလော့ဂါ အလုပ်ထင်ပါရဲ့။ :D
“အရာရာကို သိနေတဲ့လူဟာ ငါဘာမှမသိသေးဘူး လို့ ခံစားနေရတယ်” တဲ့။ မိတ်ဆွေတစ်ယောက်ကပြောဖူးတယ်။ ကိုယ့်ကိုယ်ကိုလည်း စာမေးပွဲနီးတိုင်းဘာမှမရသေးဘူးလို့ ပဲခံစားခဲ့ရတာပါပဲ။ နောက်တော့လည်း..သူ့ ဘာသူဖြစ်သွားတာပါပဲ။
ပိုစ့်အစပိုင်းကို ဖတ်ပြီး စောင်းပြောလေသလားလို့တောင် ခံစားမိပါတယ် ကိုပေါရေ..မလုံတဲ့အိုးများ ဒီလိုပဲထင်ပါရဲ့နော်။
ကျွန်တော့်မှာလည်း အဲဒီလို ဖီလင်ရှိဖူးတယ်။ နောက်တော့ သိသွားတယ်။ ဘာကြောင့်လည်း ဆိုတာ။ အားရင် ဒီအကြောင်း ရေးဖြစ်မယ် ထင်တယ်။
It's clearly called " mid-life crisis "..of normal people life..
အကိုရေ ကျနော်ဘာကိုမှ ဟုတ်တိပတ်တိ ၀ါသနာမပါတဲ့အကြောင်းကို ဟုတ်တိပတ်တိပြောပြဖို့ ၀ါသနာမပါတာကြောင့် ဒိထက်ပိုမပြောတော့ပါဘူးဗျာ။
အဲလို ဟိုစပ်စပ် ဒီစပ်စပ်ဝါသနာပါလို့လဲ ကိုပေါရဲ့ ဘလော့ဂ်က ပိုအသက်ဝင်နေတာဖြစ်ရမယ်။ ဟိုစပ်စပ်ဒီစပ်စပ် ၀ါသနာတူတွေ ရှိတာသိရလို့ ကိုယ့်ဟာကို အားတက်မိတယ်။
I think at leat 95% of us are in your categoary. I know what I don't want to do but I don't know what I want to do.
Cheers!
ဆရာဝန်တယောက်ရဲ့ blog post တခုအတွက် တခြား ဆရာဝန်တယောက် ပေးသွားတဲ့ comment မှာ သူ jet pot ပေါက်ရင်တောင် ဆေးတော့ ဆက်ကုချင်ပါတယ် လို့ ပြောထားတာ ဖတ်လိုက်ရတုန်းက ကိုပေါလိုပဲ ကျွန်မ တွေးမိတယ်။
ခုနေ စင်ကာပူ တံမြက်စည်းဆု ပေါက်ရင်တောင် အင်ဂျင်နီယာ ဆက်လုပ်ချင်ပါတယ်လို့ မပြောနိုင်ဘူး။ ပြောနိုင်တာ တစ်ခုတော့ ရှိတယ်။ blog တော့ ဆက် blog မှာပါ။ ဟီးဟီး
Post a Comment