မခင်ဦးမေ၏ ဘလော့ဂ်တွင် သွားချောင်းလိုက်သောအခါ OGDS ဟူသော ပို့စ်ကို တွေ့ရ၏။
ထို့နောက် စစချင်း ခေါင်းစဉ်ငယ်မှာ “အစာအိမ်ပိုက်မြိုမယ်” ဟူသတည်း။ ဟယ်..သူ့ဟာက “သွားစမ်း၊ ဘားလမ်း၊ စားစမ်း၊ မေ စပါယ်ရှယ် မုန့်ဟင်းခါး” ဆိုသည့် သော်တာဆွေရဲ့ မုန့်ဟင်းခါးကြော်ငြာကိုပင် ပြေးသတိရမိစေ၏။ စာဖတ်သူမှာ ချက်ချင်းပင် ဆေးရုံသို့ပြေး၍ အစာအိမ်ပိုက်ကို မြိုရတော့မလိုလို။ သို့မဟုတ် ပိုက်မြိုသူ ကံထူးရှင်များကိုပင် အားကျရတော့မလိုလို။
ထို့ထက် ပိုဆိုးသည်မှာ ပို့စ်အောက်ခြေတွင် တင်ထားသည့် ကိရိယာကြီးပင်တည်း။ ယင်းကို မြင်ရသောအခါ ကျနော့်အဖို့ “ရင်မှ အကြင်နာ၊ ညင်သာစွာပဲ နိုးထလာပြန်ပြီ” ဟု ဆိုရလောက်အောင် ယခင် ၂ နှစ်လောက်က အလားသဏ္ဍာန်တူသည့် ပိုက်တချောင်းနှင့် နှစ်ပါးသွားခဲ့ရသော အဖြစ်အပျက်ကို တရေးရေး ပြန်လည်မြင်ယောင်မိကာ ထမင်းလုံးတစ္ဆေအခြောက်ခံရသကဲ့သို့ တုန်လှုပ်ခြောက်ခြားမိပါသည်။
အကြောင်းကား ဤသို့တည်း။
လွန်ခဲ့သော ၂ နှစ်ခန့်က ကိုပေါဆိုသော သူသည် ကျန်းမာရေး အင်မတန်လိုက်စား၏။ ညဦးပိုင်းရောက်လျှင် ဘွန်းလေးဘူတာနှင့် မလှမ်းမကမ်းရှိ နေအိမ်မှ ထွက်ကာ NTU ကျောင်းကြီးအတွင်းရှိ ပတ်လမ်းကြီးတွင် တပတ်နီးပါးခန့်ပတ်ကာ လမ်းလျှောက်သည်။ နှစ်နာရီခန့် လျှောက်ရသည်။ ဇနီးကြင်ဖက်သက်လျာ မဒမ်ပေါသည်လည်း သူနှင့် အတူပါ၏။ ပထမတော့ ရိုးရိုး လမ်းလျှောက်ရုံမျှသာ။ နောက်တော့ ၀ိတ်ကလည်း ၁၀ ကီလိုမျှ ထိုးကျသွားသဖြင့် အားတက်ကာ အမြန်လျှောက်သည်။ နောက်ပိုင်း ထို့ထက်အားတက်လာပြန်ကာ ရွရွလေးပြေး (ကျော်ခင်လုပ်ခြင်း)။ နောက်ဆုံးတွင် အိုလံပစ်အပြေးသမားနှယ် အမြန် ပြေးသည့်အဆင့်သို့ အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့လေသည်။
ပထမတော့ ဟုတ်တုတ်တုတ်။ ကိုယ်အလေးချိန်တွေလည်း ကျ။ ဘောင်းဘီတွေ၊ အင်္ကျီတွေလည်း ချောင်။ ယခင်က မတော်တော့သဖြင့် ချောင်ထိုးထားသော ဆိုက်အသေးများကို တဆင့်ချင်း ပြန်ဝတ်ကြည့်ရာ တော်နေသဖြင့် မိမိ၏ သေးငယ်သွားသော ဗိုက်ခေါက်ကလေးကို လက်ဖြင့်စမ်းကာ ပီတီတွေ လှိုင်လှိုင်ဖြာနေတတ်သည်။ တရက် ရုံးအဆင်းတွင် မဒမ်ပေါ ဖုန်းဆက်လာရာ သူသည် “နေဦး၊ ခဏစောင့်အုံး၊ ရုံးပေါ်မှာ ကျနေခဲ့တာ ပြန်သွားကောက်ရဦးမယ်” ဟု ပြောလေသည်။ မဒမ်ပေါက ဘာကျကျန်နေခဲ့လို့လဲဟု မေးရာ…. “အတွင်းခံဘောင်းဘီ ချောင်ပြီးပြုတ်ကျနေခဲ့လို့ ပြန်သွားကောက်ရဦးမယ်” ဟု ဖြေဆိုမိရာ တဖက်က မဒမ်ပေါသည် ခွက်ထိုးခွက်လန်ရယ်မော၍ “ဒါတော့ လွန်လွန်းပြီ” ဟု ဆိုလေသည်။
ထိုသို့လျှင် ပီတိတွေ လှိုင်လှိုင်ဖြာလျက် အပြေးလေ့ကျင့်ခန်း ပုံမှန်ဆင်းနေရာမှ တရက်တွင် လောဘကြီးပြီး ခရီးတဖြတ်ကို မီတာ ၁၀၀ ပြေးသလောက်နီးနီး အမြန်ပြေးမိ၏။ အိမ်သို့ရောက်၍ ရေချိုးခန်းသို့ဝင်ကာ ရှူရှူးပေါက်သောအခါ ရှူရှူးအရောင်တို့သည် မြန်မာ့သွေးရဲရဲနီသည်ဟူသော အဆိုကို သက်သေခံနေသည့်အလား ပတ္တမြားရောင် ဖားကပေါင်သံလွင်လွင် ဖြစ်နေတော့သည် ဟူသတည်း။
သို့နှင့် ဖတ်စ်ဖော်ဝါ့ဒ်လုပ်လိုက်ရသော် စင်္ကာပူရှိ ဆေးရုံကြီးတခုဝယ် ဓါတ်မှန်ကြီးငယ် အသွယ်သွယ် ရိုက်ရ၏။ ကိုယ်ဝန်ဆောင်မဟုတ်ပါဘဲနှင့် အာထရာဆောင်း ရိုက်ခွင့်ကြုံ၏။ ဆရာဝန်ကလည်း ဆီးလမ်းကြောင်းတွင် ကျောက်အသေးတခု မြင်ရသလိုလို ဘာလိုလိုပြော၏။ ငယ်စဉ်က “လက္ခဏာဆရာက ပြောတယ်မေရယ်၊ ဆီးလမ်းကြောင်းမှာ ကျောက်တည်နေတယ်” ဟု စိုင်းထီးဆိုင်သီချင်းကို ဖျက်၍ ပေါက်ကရ နိမိတ်မရှိ နမာမရှိ သီဆိုခဲ့မိသည်ကိုပင် နောင်တရ ရတော့မည်လိုလို။
သည်ကြားထဲ ဆရာဝန်ကလည်း အားပေးဖော်ရ၏။ ကျောက်ကြောင့်သာမဟုတ်၊ ကင်ဆာကြောင့်လည်း ထိုသို့ သွေးထွက်နိုင်ကြောင်း။ ထို့ကြောင့် ဆီးအိမ်အတွင်းသို့ စကုပ်ဖြင့် ကြည့်ရှုရန်လိုအပ်ကြောင်း၊ လောလောဆယ်တွင် ကျောက်ကြေဆေး ပေးလိုက်မည်ဖြစ်ကြောင်း ပြော၏။ ရေများများသောက်ဖို့လည်း မှာလိုက်သေး၏။
ထိုအတောအတွင်း မြန်မာပြည်ပြန်သော မိတ်ဆွေတို့ကလည်း ဆီးရွှင်စေသော သံမနိုင် ကျောက်မနိုင်အရွက်များကို သယ်လာပေး၏။ ဆေးရုံသွားသည့်နေ့မှစ၍ လေ့ကျင့်ခန်းကို ရပ်ထားရ၏။ သွေးကား ထပ်မံ၍ မပါတော့ချေ။
သို့နှင့် စကုပ်နှင့် ကြည့်ရန် ချိန်းထားသောရက်တွင် ဆေးရုံသို့ ပြန်သွားရ၏။ မသွားခင်တွင် မိတ်ဆွေဖြစ်သူ ကိုခြင်္သေ့က မြန်မာပြည်တွင် သူကျောက်ချေခဲ့ဘူးသော အတွေ့အကြုံကို ပြန်ပြောင်းပြောပြကာ အားပေး၏။
“ကိုပေါရေ…. ကျနော့်တုန်းကတော့ နွားသတ်သလိုပဲဗျ။ တော်တော်ခံလိုက်ရတယ်”….တဲ့။
အခြား သိနားလည်သူများကလည်း “မနာကျင်သော်လည်း တော်တော်လေး အနေရခက်လိမ့်မည်”ဟု ပြောလိုက်သေး၏။
သို့နှင့် သာမန်အချိန်တွင် လင်ပန်းအသေးခန့်မျှ မျက်နှာအ၀န်းအ၀ိုင်းရှိသော ကျနော်သည် ဆေးရုံက ချိန်းဆိုထားသောနေ့၌ ဇီးရွက်ခန့် မျက်နှာဖြင့် စမ်းသပ်ခန်းအပြင်ဖက်တွင် ထိုင်စောင့်နေရ၏။ ခဏအကြာတွင် သူနာပြုဆရာမတယောက်သည် ကိရိယာများထည့်ထားသော တွန်းလှည်းတခုကို ကျနော့်ရှေ့မှ တွန်းလျှောက်ကာ အခန်းထဲသို့ ၀င်သွား၏။ တွန်းလှည်းပေါ်ရှိ ကိရိယာများ၏ ပုံသဏ္ဍာန်နှင့် လုံးပတ်မှာ မခင်ဦးမေ၏ ဘလော့ဂ်တွင် ပြထားသော ကိရိယာနှင့် မတိမ်းမယိမ်းခန့်ရှိရာ ကျနော့်မှာ ထိုကိရိယာများသည် ကျနော့်အတွက် မဖြစ်ပါစေနှင့်ဟု ဆုတောင်းနေမိ၏။ သို့သော် ဘေးတွင်ထိုင်နေသော မဒမ်ပေါက မျက်လုံးအ၀ိုင်းသားနှင့် “ဒါကြီးတွေကို ထည့်မှာလားမသိဘူး” ဟု မသိသားဆိုးဝါးစွာ ပြောလိုက်ရာ စောစောက ဇီးရွက်ခန့်ရှိသော ကျနော့်မျက်နှာမှာ ဇီးစေ့ခန့်သာ ကျန်တော့မည် ထင်သည်။
သို့နှင့် အခန်းထဲသို့ဝင်သောအခါ ထိုကိရိယာကြီးများမှာ အမှန်ပင် ကျနော့်အတွက်ဖြစ်ကြောင်း တုန်လှုပ်ခြောက်ခြားစွာ သိရှိရလေသည်။ ဆရာဝန်သည် လုပ်ထုံးလုပ်နည်းကို ကျနော်နားလည်အောင် ရှင်းပြပြီးသည့်နောက် ကျနော်၏ ဆီးလမ်းကြောင်းထဲသို့ ထုံဆေးများကို ထိုးထည့်လေသည်။ ထုံဆေးထည့်သော ပြွတ်မှာ စက်ဘီးလေထိုးသည့် လေထိုးတံ အငယ်စားပမာဏ ရှိလေသည်။
ထိုနောက် ခဏမျှကြာသော် ထိုကိရိယာကို ကျွန်တော်၏ ဆီးလမ်းကြောင်းအတွင်းသို့ စတင်ထိုးသွင်းတော့၏။ လုံးပတ်မှာ အဖျားတွင် ခဲတံလုံးပတ်ခန့်ရှိ၍ အရင်းတွင်မူ လက်ညိုးခန့်တုတ်လေသည်။ ပိုက်အရှည်မှာ အရှည်မှာ ၂ ပေခန့်ရှိသည်။
ထုံဆေးတန်ခိုးကြောင့် နာကျင်ခြင်းကိုမူ မခံစားရ။ ဤမျှလုံးပတ်ရှိသော ကိရိယာသည် ထိုမျှသေးငယ်သော အပေါက်အတွင်းသို့ အဘယ်သို့ လျှောရှူချောမွေ့စွာ ၀င်သွားနိုင်ပါသနည်းဟု ကျွန်တော် တွေးတောနေမိ၏။ ပိုက်ထိပ်တွင် မီးလုံးနှင့် ကင်မရာပါသဖြင့် နံဘေးရှိ မော်နီတာပေါ်တွင် ပိုက်သွားရာ ဆီးလမ်းကြောင်းတလျှောက်ကို မြင်ရသည်။ ကိုယ့်ကိုယ်တွင်းကို မြင်နေရသဖြင့် တရားရချင်သလိုလို ဘာလိုလို။ ခဏနေတော့ ပိုက်ခေါင်းသည် ဆီးအိမ်အတွင်းသို့ ရောက်သွားသည်။ အထဲတွင် ရေများကို မြင်ရသည်။ ထုံဆေးအမှုန်အမွှားတချို့ကိုလည်း မြင်ရသည်။ ကျောက်ကပ်နှစ်ခုမှ ဆင်းလာသော အပေါက်ကလေးနှစ်ခုကိုလည်း မြင်ရသည်။
ဆရာဝန်သည် ဆီးအိမ်ပတ်ပတ်လည်တွင် ကင်ဆာလက္ခဏာများကို လှည့်ပတ်ရှာဖွေ၏။ မတွေ့။ သို့သော် ဆီးအိမ်နံရံရှိ ကျနော်၏ သွေးကြောတို့သည် နီမြန်းနေသည်။ ဤသည်မှာ အနည်းငယ် ထူးဆန်းသည်ဆို၏။ သို့နှင့် ပိုက်ဖြင့် ဟိုသည်လှည့်ပတ်ကြည့်ရှု ဓါတ်ပုံရိုက်ခြင်းကို ခေတ္တဆိုင်းငံ့ကာ၊ တနေရာသို့ တယ်လီဖုန်းခေါ်ဆို၏။
ကျနော်မှာ မုတ်ဆိတ်အရိပ်ခံသလို ပက်လက်အနေအထားမှ ပိုက်တန်းလန်းနှင့် စောင့်ရ၏။ သူဖုန်းခေါ်သည်မှာ တဖက်မှ ကိုင်မည့်လူမရှိသဖြင့် အတော်လေးကြာသည်။ ထုံဆေးသည် တဖြေးဖြေး အာနိသင် လျော့ပါးလာသည်ထင်သည်။ ကျနော့်မှာ မအီမသာဖြစ်လာသည်။ ထိုအာဝေဏိက ဒုက္ခကို မခံမရပ်နိုင်ဖြစ်လာကာ ခြေဖျားလက်ဖျားလေးများပင် တုန်ယင်လာသည်။
ပုဂ္ဂိုလ်က ဖုန်းခေါ်၍ မရသောအခါ နာ့စ်မကို လူကိုယ်တိုင်လွှတ်၍ သွားအခေါ်ခိုင်းသည်။ သူ့လုပ်ဖော်ကိုင်ဖက်တယောက်အား ကျနော့်ဆီးအိမ်နံရံကို ပြချင်၍ဖြစ်သည်။ ထိုသူများမှာ တော်တော်နဲ့ပေါ်မလာ။ ကျနော်က မခံနိုင်တော့၍ ပိုက်ဖြုတ်ပေးရန်ပြောသော်လည်း ပုဂ္ဂိုလ်က မကြားချင်ယောင်ဆောင်နေ၏။ ကျနော့်အထင် နာရီဝက်ခန့်ကြာမှ သူ့လုပ်ဖော်ကိုင်ဖက်ပေါက်ချလာရာ ဆီးအိမ်ကို ကြည့်၍ ဓါတ်ပုံရိုက်ကာ ပိုက်ဖြုတ်ပေးဖော်ရသည်။ ကျနော့်မှာ ထိုအချိန်တွင် ချွေးသီးချွေးပေါက်ကြီးများပင် သီးနေလေချေပြီ။ မိန်းမများ ကလေးမွေးသည့် ဒုက္ခကို ကိုယ်ချင်းစာမိပါ၏။
ဇာတ်ပေါင်းသော်… ကင်ဆာလည်းမဟုတ်၊ ကျောက်ကြောင့်လည်းဟုတ်ပုံမရ။ ဆရာဝန်သည် ကျနော့်အား အားကစားမလုပ်ခင် ရေများများသောက်ရန် မှာကြားခြင်းဖြင့် အမှုတွဲပိတ်သွားလေတော့သတည်း။ ငွေကား စုစုပေါင်း ဒေါ်လာ လေးရာခန့်ထွက်သွားလေသည်။ ရုံးမှ ပြန်လည်ကာ ထုတ်ယူရသဖြင့် တော်ချေသေး၏။
မတော်သေးသည်မှာ လေ့ကျင့်ခန်း ဆက်မလုပ်ရဲတော့သဖြင့် ယခင်က သုံးလေးလ အချိန်ယူကာ လျှော့ချခဲ့ရသော ကိုယ်အလေးချိန်သည် ၂ ပတ်အတွင်း မူလနေရာသို့ ပြန်လည်ရောက်ရှိသွားကာ ၀ဆဲ ဖြိုးဆဲ လှဆဲ ခန့်ဆဲ (ဆဲတာနဲ့ အကျိုးပေးတယ်လေ) ဖြစ်သွားလေတော့သည်။
ဤကား ကျွန်ုပ်နှင့် ပိုက်ဇာတ်လမ်းဖြစ်ချေတော့သည်။ အကြင်ပိုက်ကို မိမိ၏ ဒွါရကိုးပေါက် မည်သည့်အပေါက်ကမျှ ထပ်မံ၍ သွတ်သွင်းရခြင်း ဤဘ၀တွင် မကြုံရလိုတော့ပါ။
မောင်သာရ ၀တ္ထုခေါင်းစဉ်လို ပြောရလျှင်တော့…. “ပိုက်တပ်ခြင်းနှင့် မကြုံကြိုက်လို” ပေါ့ခင်ဗျာ။

11 comments:
ကံသီပေလို့  ကိုပေါရယ်
သူ့ ရဲ့ဆန့် ကျင်ဘက် ဒွါရပေါက်သာ အစစ်ဆေးခံရလို့ ကတော့ အမလေး.........လေး
နောက်သွာသည်
သွေးထွက်ရတဲ့ အကြောင်းရင်းလေးကိုလဲ ဖြစ်နိုင်ရင်သိချင်ပါတယ်။ ဘာလို့ဆို အကျွန်ုပ်သည်လည်း ကိုပေါကဲ့သို့ ကိုကျော်ခင် နှင့်နေ့စဉ်တွေ့ရင်ကောင်မလား စဉ်းစားနေသူဖြစ်သောကြောင့်တည်း။ ကိုပေါသက်လုံ အချိန်တိုတိုတွင်းတက်လာပုံက အားရစရာပဲ။ အားကစားလုပ်မှုရပ်ထားတုံး ခနလေးနဲ့ rebound ဖြစ်တာတော့ ၀မ်းနည်းစရာပဲ။ သက်လုံတက်တာ မြန်သလို rebound ဖြစ်တာလဲ မြန်လေစွ။
ဖတ်ရတာ သိပ်ပြီး သိပ်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကိုပေါက ပိုက်ဖြုတ်ပေးဖို့ တောင်းဆိုတာကို မကြားယောင်ဆောင်နေတယ် ဆိုတာနဲ့ တာဝန်ရှိတဲ့သူက နာရီဝက်လောက်ကြာမှ ရောက်လာတယ်ဆိုတဲ့ နှစ်ခုကို သိရလို့ စင်္ကာပူရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကျန်းမာရေးပညာရှင်တွေရဲ့ လူနာနဲ့ ဆက်ဆံရေး တစိတ်တဒေသကို ခန့်မှန်းလို့ ရတာလည်း ကျေးဇူးပဲ။ ကိုပေါက ဒီအတွက်ကြောင့် ကျန်းမာရေး လိုက်စားတာကို ရပ်လိုက်တယ် ဆိုတာတော့ မဖြစ်သင့်ဘူး။ ကိုပေါက အလွန်အကျွံလုပ်လို့ ဖြစ်တာပါ။ ဒီလောက် ကြမ်းကြမ်းလုပ်ဖို့ မလိုပေမယ့် ကျန်းမာရေးတော့ ပုံမှန်အတိုင်း ဆက်လုပ်သင့်ပါတယ်။ အလွန်အကျွံ လုပ်တာမကောင်းသလို ဘာမှမလုပ်ရင်လေည်း မကောင်းပါဘူး။
ွှ
အီးးးးး တစ်သက်လုံးဖုံးသမျှ ....... :P
ကိုပေါဆုတောင်းပြည့်ပါစေ ။
Post အသစ်တွေအားလုံးဖတ်သွားပါတယ် ။
ကျန်းမာရေး အရေးကြီးမှန်း အထက်ပါပို့စ်နှစ်ခု ဖတ်ပြီး ပိုသေချာသွားတယ်။ အစ်ကိုနှစ်ယောက်ကတော့ တောင်ကြီးမှာ ကျောင်းတက်တော့ ထုံးဓါတ်ပါတဲ့ ရေတွေ သောက်မိလို့ နှစ်ယောက်စလုံး ဆီးလမ်းကြောင်းမှာ ကျောက်တည်တယ်တဲ့။ သူတို့ နှစ်ယောက်စလုံး ခံလိုက်ရတာ အလူးအလိမ့်။
တားတော့ သူတို့လို တောင်ကြီးမှာ မတက်ဘူး။ ဒါပေမယ့် ထုံးပေါတဲ့ အရပ်မှာ တူတူပဲ တက်တယ်။
မဖြစ်ပါစေနဲ့ဖျာ့...။
လန့်တယ်။
"Burma VJ - Screening in Singapore"
Reporting from a closed country
Host: Arthouse Films in Singapore
Type: Music/Arts - Exhibit
Network: Global
Date: Thursday, July 16, 2009
Time: 7:00pm - 10:00pm
Location: Jubilee Hall Raffles Hotel 3rd Level facing North Bridge Mcdonalds
My comment at this time has nothing to do with the post, Sorry!
But I just want to share an interesting " extensive interview of Than Myint U" with those who would be interested.
http://www.atimes.com/atimes/Southeast_Asia/KG04Ae01.html
Ideologically, much of his thoughts should be taken into account seriously. But, personally, I do not find some of his plain scholarstic approach in assessing Daw Aung San Suu Kyi's struggle against the brutal military system very satisfying.
မရဘူး။ တောသားနဲ့ မြို့သူပဲ ဆက်ဖတ်ချင်တယ်။
စိတ်ပူ တတ်လို့ပါ ကိုပေါ ရယ်
ဘာ “Treatment” မှ မလိုပါဘူ..
ဒီအတိုင်းသာ ထား လိုက်ပါလေ
သူ့ အလိုလို “ပြတ်ကျ” သွားပါလိမ့်မယ်...
လေ့ကျင့်ခန်းပြင်းထန်တာနဲ့ဆီးသွားတာ သွေူးပါတယ်ဆိုတာကိုတော့သိတ်ပြီး ဆက်စပ်လို့မရဘူး. တိုက်ဆိုင်တာလဲဖြစ်နိုင်တယ်။ ဆိုင်ရင်လဲဆိုင်မယ်။
တိုက်ဆိုင်တော့လဲ ကြောက်သွားမယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ နဲနဲပါးပါးတော့ ပြသာနာရှိမယ်မထင်ပါဘူး။
march haemoblobinuria
tt
Post a Comment