မြန်မာပြည် အစွန်အဖျား တောကြိုအုံကြားအရပ်မှ မွေးကင်းစကလေးငယ်တဦးကို လန်ဒန်တွင်ခေါ်၍ ကြီးပြင်းစေပြီး ပညာသင်ကြားပေးလိုက်လျှင် ထိုကလေးငယ်သည် အင်္ဂလိပ်လူမျိုး မိဘနှစ်ပါးမှ မွေးဖွားလာသော ကလေးငယ်နှင့်မခြား အင်္ဂလိပ်ဘာသာကို ကျွမ်းကျင်စွာပြောဆိုနိုင်ပြီး အင်္ဂလိပ်လူမျိုး ကလေးငယ်များနည်းတူပင် ပညာတတ်မြောက်လာမည် ဖြစ်သည်။
အဆိုပါကလေးငယ်ကိုပင် မွေးကင်းစအရွယ်၌ တောတွင်းမှ လူဝံများအကြားတွင် သွားရောက်ထားရှိကာ ကြီးပြင်းစေပါက လူစကားကိုပင် ပြောတတ်တော့မည်မဟုတ်ဘဲ တာဇံကဲ့သို့ လူဝံဘာသာစကားနှင့် တောဓလေ့ တောစရိုက်အတိုင်းသာ ပြုမူဆက်ဆံနိုင်တော့မည် ဖြစ်သည်။
မြန်မာလူမျိုးကလေးငယ်မှမဟုတ်၊ ဥရောပလူမျိုး မိဘများမှ မွေးဖွားလာသော အခြားကလေးငယ်များကို အလားတူစမ်းသပ်လျှင်လည်း တူညီသော ရလဒ်ကိုသာ မြင်တွေ့ကြရမည်ဖြစ်ပေသည်။
တဖန် တောတွင်းတွင် ကြီးပြင်းခဲ့ရသော လူကလေးအား လူ့ယဉ်ကျေးမှု အသိုင်းအ၀ိုင်းသို့ ခေါ်ယူကာ လူ့ဘာသာစကားကို သင်ကြားပေးလျှင် မကြာမီအချိန်အတွင်းမှာပင် လူစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုလာနိုင်ပေလိမ့်မည်။ အစပိုင်းတွင်တော့ လူတို့၏ အလေ့အထနှင့် အံဝင်ခွင်ကျမရှိသဖြင့် ကို့ယို့ကားယား၊ ကမောက်ကမ အဖြစ်အပျက်များ ရှိပေလိမ့်မည်။ သို့သော် ဤသည်မှာ ခေတ္တခဏသာလျှင် ဖြစ်သည်။ လူဆိုသည်ကား အမှားမှနေ၍ သင်ခန်းစာယူတတ်သော၊ လေ့လာသင်ယူတတ်သော သဘော ကိုယ်စီရှိကြသည်။ လူသည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ရှင်သန်နိုင်စေရန် မိမိကိုယ်ကို ပြုပြင်တတ်သော သဘောရှိသည်။ အချိန်ကာလ တခုကို လွန်မြောက်သွားလျှင် တာဇံအနေဖြင့် မူလသဘာဝဖြစ်သော တောတွင်းသားကလေးအဖြစ်ကို မမှတ်မိနိုင်တော့လောက်အောင်ပင် ယဉ်ကျေးချက်ချာသော မြို့သားလူငယ်ကလေးတဦးအဖြစ် တိုးတက် ပြောင်းလဲသွားပေလိမ့်မည်။ ဤသည်ကား ကျွန်ုပ်တို့၏ တွေးခေါ်ယူဆပုံ ဖြစ်ပါသည်။
အချို့သူများ၏ ကွဲပြားခြားနားသော စဉ်းစားတွေးခေါ်ပုံလည်း ရှိသေးသည်။ ထိုသူတို့ အလိုအရ တာဇံသည် တောတွင်းသားမို့ လူစကားကို ချက်ချင်း နားမလည်နိုင်။ ထို့ကြောင့် လူကြားထဲကို ချက်ချင်းခေါ်လို့မဖြစ်။ လူဝံများထက် အတန်ငယ် ပိုမို၍ ယဉ်ပါးသော ကျွဲနွား စသည်တို့အကြားတွင် ငါးနှစ်ခန့် ရှေးဦးစွာ ကြီးပြင်းစေရမည်။ နွားအလေ့နွားအထနှင့် ယဉ်ပါးလာမှ တဆင့်တက်၍ ထို့ထက်ပိုမို ယဉ်ပါးဟန်ရှိသော ခွေးကြောင်တို့ အကြားတွင် နေစေမည်။ ထိုမှတဆင့် နှစ်အတန်ကြာသောအခါ လူရိုင်းမျိုးနွယ်စုတွေအကြား နေစေရဦးမည်။ နောက်ဆုံးကျမှ ယဉ်ကျေးတိုးတက်သော လူ့အသိုင်းအ၀ိုင်းကြားတွေ နေစေမည်။ ဤအတွေးအခေါ်သည် အင်မတန် ရယ်ဖွယ်ကောင်းသော အတွေးအခေါ်ပင်ဖြစ်ပါသည်။ အချို့လည်း ကိုပေါ ဒါတော့ လွန်လွန်းပြီဟု ဆိုကြပေမည်။ သို့သော်မရယ်ကြပါလင့်။ ပီအိတ်ခ်ျဒီ ဒေါက်တာကြီးများတွင်ပင် ထိုအတွေးအခေါ်နည်းတူ တွေးခေါ်သူ အမြောက်အမြား ရှိကြပေသည်။
ကျွန်ုပ်တို့ မြန်မာပြည်သူပြည်သားများ၏ အဖြစ်ကို ပုံခိုင်းနှိုင်းပြရသော ချမ်းသာ၍ ယဉ်ကျေးသော မိဘနှစ်ပါးမှ ပေါက်ဖွားလာသော်လည်း လူမသမာသူတစုက ပြန်ပေးဆွဲကာ တောထဲတွင် ချုပ်နှောင်ခံထားရသော တောတွင်းသား ကလေးငယ်သဖွယ် ဖြစ်နေပေသည်။
ထိုမြန်မာပြည်သူပြည်သားတို့ကို ကမ္ဘာတလွှားမှ လူသားများနည်းတူပင် လွတ်လပ်ခွင့်၊ အသက်ရှင်သန်ပိုင်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တို့ကို စက္ကန့်မဆိုင်း ပေးစွမ်းသင့်ပေသည်။ ဤအခွင့်အလမ်းတို့ကို အာမခံနိုင်သည်မှာ ဒီမိုကရေစီစနစ်သာလျှင် ရှိသည်။ တောတွင်းသားကလေးကို လူ့အသိုင်းအ၀ိုင်းအတွင်းတွင် စတင်ခေါ်ဆောင်ကာစ၌ ကမောက်ကမ အဖြစ်အပျက်များ ကြုံတွေ့ရသည့်နည်းတူ အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ကာစ တိုင်းပြည်တခုအဖို့ ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးကာစ၌ ကမောက်ကမ အဖြစ်အပျက်များကို ကြုံတွေ့နိုင်ပေသေးသည်။ သို့သော် ထိုသို့ ကမောက်ကမ အဖြစ်အပျက်ကို တွေ့ရုံမျှနှင့် နောက်လန်မကျသွားပဲ ဒီမိုကရေစီစနစ်ကို ခိုင်မာရင့်သန်စွာ အမြစ်တွယ်နိုင်သည်အထိ ဇွဲနပဲဖြင့် စိတ်လက်ရှည်ရှည် ကြိုးပမ်းသွားရန်လည်း လိုအပ်လှပေသည်။
သို့သော်ငြား ပညာရှင်ဆိုသူအချို့၏ အလိုအရမူကား မြန်မာပြည်သူပြည်သားတို့အား လုံးဝ လွတ်လပ်ရေး ပေးလိုက်ရန် မထိုက်တန်။ ပထမတွင် အပျော့စားအာဏာရှင်စနစ်နှင့် အုပ်ချုပ်ရမည် (သို့တည်းမဟုတ်) စည်းကမ်းရှိသော ဒီမိုကရေစီ (သို့တည်းမဟုတ်) မြန်မာ့အမျိုးသားရေးဝါဒနှင့် ကိုက်ညီသော ဒီမိုကရေစီ စနစ်ကို အရင်သွားရမည်။ တဖြည်းဖြည်း ရင့်ကျက်လာမှ လုံးဝ စစ်မှန်သော ဒီမိုကရေစီ စနစ်သို့ အဆင့်ဆင့် သွားရမည် ဟူသတည်း။ သန်းငါးဆယ်၏ ကံကြမ္မာကို ကွန်ပြူတာရှေ့တွင် အမြိုင့်သားထိုင်၍ ထိုသို့ စီရင်ချက်ချ ဆုံးဖြတ်လျက်ရှိသော လက်တဆုပ်စာ ခုံသမာဓိ လူကြီးမင်းများ၏ စကားကို ကြားရတိုင်း ကျွန်ုပ်အတွေးထဲတွင် ကျွဲနွားများအကြား၊ ခွေးကြောင်များအကြားတွင် ကာလရှည်ကြာ ပစ်ထားခံရရှာသော ကလေးငယ်တဦး၏ ပုံရိပ်ကို ပြေးမြင်မိလေသည်။

6 comments:
ကိုပေါရေ ...
အင်မတန်မှ မှန်ကန်ထိရောက်သော ဆောင်းပါးတစ်ပုဒ်ပါပဲ။
တစ်ချို့ ပညာရှိဟု အမည်တွင်သောသူတို့သည် ငါ မာန်တက်ကာ အမှန်တရားကို မမြင်ကြကုန်။
အင်္ဂလန်မှာကျောင်းထားမယ်ဆိုလို့ တာဇံ အပြေးလာတာပါ။ နောက်မှာ နွားအုပ်နဲ့ထားမယ်ဆိုလို့ တောထဲပဲ ပြန်တော့မယ်...
ကိုပေါ ခိုင်းနှိုင်းထားတဲ့ ဥပမာကို သဘောကျတယ်...
အမှန်မှာ ဒီကောင်တွေက ဒီမိုမကရေစီရင် မရတော့လို့ လိုက်ပြီး ဒီမိုကရေစီနေရတာပါ... အမှန်က ဒီမိုကရေစီ ဘာအဓိပ္ပာယ်ရှိမှန်းတောင် ကိုယ်တိုင်ကိုယ်က မသိကြရှာပါဘူး...
လက်နက်နဲ့ အုပ်ချုပ်ရတာ ပိုလွယ်တယ်လေ... ကျောင်းမှာ ဆရာက ကြိမ်လုံးကိုင်ထားသလိုပေါ့...
nice post
Hote par pe Ko paw yay,
In football term, army is going to score goal, but we still dont know what to do. Just quarrel and fight each other. :P
thank!
Hi Anon, yes, army is going to score the goal but it is " luu kyuun ball" :D
ဒီမိုကရေစီကို ကျင့်သုံးနေတဲ့ နိုင်ငံတွေကလည်း ဟိုတုန်းက လူ့အခွင့်အရေးကို ချိုးဖေါက်ပြီး လုပ်ချင်ရာ လုပ်ခဲ့တဲ့ နိုင်ငံတွေပါပဲ၊ ကျွန်မတို့ မြန်မာတွေကသာ အဲဒီလူတွေဆီက စနစ်တကျ စည်းကမ်းရှိရှိ အလုပ်လုပ်တတ်တဲ့ ကောင်းတဲ့အမွေမနစ်ကို ဘာတခုမှ မယူထားခဲ့ပဲ မကောင်းတဲ့ တရားခံညှင်းဆဲနည်းတွေကိုပဲ ယူထားခဲ့ပြီး နောက်မျိုးဆက်ကိုလည်း ကိုယ်နဲ့ နည်းနည်း အမြင်မတူတာနဲ့ သတ်ဖို့ ဖြတ်ဖို့ ညှင်းဆဲဖို့ စိတ်ဓါတ်ကိုပဲ အမွေပေးနေလို့ မြန်မာပြည်က အခုလောက် နှိပ်ကျနေတာပါ။
Post a Comment