“အမေးနွားကျောင်း၊ အဖြေဘုရားလောင်း” ဆိုတဲ့ စကားရှိတယ်။
အဓိပ္ပါယ်က မေးတဲ့ မေးခွန်းဟာ ပညာမတတ်တဲ့ နွားကျောင်းသားတယောက်ရဲ့ မေးခွန်းလို ရိုးစင်းတဲ့ မေးခွန်းဖြစ်ကောင်းဖြစ်မယ်။ သို့သော် ဖြေဆိုတဲ့အခါမှာတော့ ဖြေဆိုသူရဲ့ ပညာဉာဏ်ကြီးရင့်မှုအပေါ်မှာ တည်မှီပြီး အဆင့်မြင့်ပြီး ပညာသားပါတဲ့အဖြေမျိုး ဖြစ်နိုင်တယ်.........လို့ ကျနော်ယူဆနားလည်ထားပါတယ်။
အခုတလော ကျနော်လည်း ကောင်းဘွိုင်စိတ် ၀င်နေလို့ ဘလော့ဂ်လာဖတ်တဲ့ မိတ်ဆွေတွေကို မေးခွန်းလေးတွေ ထုတ်ချင်ပါတယ်။ ဘိုဘိုဟန်သီချင်းထဲကလို “မြန်မာပြည်က ကောင်းဘွိုင်...သေနတ်မပစ်ပါ...” ဆိုတဲ့ စာသားလေးကိုတောင် ပြေးသတိရတယ်။ ကျနော်လည်း သေနတ်မပစ်ပါဘူး။ မေးခွန်းပဲထုတ်မှာပါ။
ကျနော်အရင်က မြန်မာတီးရှော့ပ် ဖိုရမ်မှာတုန်းက ယူခဲ့တဲ့ “ညောင်ရမ်းဂွတို” ဆိုတဲ့ အမည်နဲ့လည်း လိုက်ဖက်သွားတာပေါ့။ ရောင်ပေစူးကလေးနဲ့ ပုဆိုးကို စလွယ်သိုင်းပြီး၊ လက်တဖက်မှာ လေးဂွကိုင်ထားမယ့် ကျနော့်ပုံကို အရင်မြင်ယောင်ကြည့်ကြပေါ့။
ကဲ.... အခု ပထဦးဆုံးမေးခွန်းလေးကို မမေးခင် အဲသည်မေးခွန်းကို ဘာကြောင့် မေးရသလဲဆိုတဲ့ နောက်ကြောင်းရာဇ၀င်လေးကို နည်းနည်း တီးခေါက်မိအောင် အတိုချုံးပြီး ပြောပြချင်တယ်။
မြန်မာလူမျိုးတွေဟာ အားနာတတ်ကြပါသတဲ့။ အဲဒီ “အားနာခြင်း”ကို အခြေခံလို့ အရင်တုန်းက ဘားမားတူဒေး စာမျက်နှာမှာ “သင်အားနာတတ်သလား” ဆိုပြီး ကျနော် စာတပုဒ်ရေးဘူးပါတယ်။
ပြီးခဲ့တဲ့ ၂ ပတ်လောက်က ကျနော်တို့ရဲ့ စကားဝိုင်းတခုမှာ အဲဒီ အားနာတတ်တဲ့ ကိစ္စက ခေါင်းစဉ်တခုအနေနဲ့ ပြန်ပါလာပြန်ရော။
မိတ်ဆွေတယောက်ကတော့ အားနာခြင်းဆိုတာဟာ တဖက်လူကို ကိုယ်နဲ့နှိုင်းပြီး စာနာတတ်သောစိတ်ကနေ ပေါက်ဖွားလာတာလို့ ဆိုပါတယ်။ ကောင်းတဲ့သဘောပေါ့။
နောက်တယောက်ကတော့ အားနာခြင်းဆိုတာ စိတ်ထဲမှာ ရှုပ်ထွေးခြင်း (a state of confusing)၊ ကွဲကွဲပြားပြား ပိုင်းခြားမသိခြင်းကနေ အခြေခံတယ်လို့ဆိုပါတယ်။ မကောင်းတဲ့သဘောကို ဆောင်ပါတယ်။
ကျနော်က မိတ်ဆွေတို့ကို မေးချင်တဲ့မေးခွန်းမှာ နှစ်ပိုင်းပါဝင်ပါတယ်။
( စကားမစပ် ကြားဖြတ်ပြောရရင် နိုင်ငံရေးသမားတွေ စကားပြောတဲ့အခါ သူတို့ကို ဘာပဲမေးလိုက်မေးလိုက်......“ဒါက နှစ်ပိုင်းရှိတယ်” ဆိုတဲ့ စကားနဲ့ စဖြေတာကို အကြိမ်အတော်များများမှာ တွေ့ဖူးပါတယ်။ တကယ်နှစ်ပိုင်းရှိလို့ ပြောတာမျိုးမဟုတ်ပဲ ပြောနေကျ အကျင့်ကြီးပါနေလို့ ပြောထွက်သွားတာမျိုးပါ။ တချို့လူတွေလည်း ဘာပဲပြောပြော....“တခုတော့ ရှိတယ်” ဆိုတာမျိုး ရှေ့ကခံပြောတတ်ကြတယ်။ အဲသည်လူမျိုးနဲ့တွေ့ရင် အတွေးချော်တတ်တဲ့ ကျနော်တို့မှာ ကျိတ်ပြီး အူနှိပ်နေရတတ်တယ်။)
ကဲ....ဘေးချော်သွားပြီ။ ပြန်ကောက်ရရင် ကျနော့် မေးခွန်းမှာ နှစ်ပိုင်း ရှိတယ်။
(၁) အားနာခြင်း ဆိုတာ ဘာလဲ။
(၂) အားနာတတ်ခြင်းဟာ ကောင်းသလား၊ ဆိုးသလား။
မိတ်ဆွေ ဘယ်လိုမြင်ပါသလဲ။ ကျနော့်ကို နွားကျောင်းသားကလေးလိုပဲ သဘောထားပြီး မိတ်ဆွေအမြင်ကို အားမနာပ ဖြေဆိုသွားကြဘို့ တိုက်တွန်းလိုက်ပါတယ်။
(နောင်ကိုလည်း အလျဉ်းသင့်ရင် သင့်သလို မေးခွန်းလေးတွေ တင်ပေးသွားပါမယ်။)

13 comments:
၁။ အားနာခြင်းဆိုတာ ဘာလဲ
အားနာတာနဲ့ ပတ်သက်လို့ကာ ပြောရမယ်ဆိုရင် နှစ်ပိုင်းရှိမယ်ဗျ။ (တို့များလည်း အားကျလို့ ပြောလိုက်တယ်. ဟဲ .. )
(၁) လုပ်ချင်လျက်နဲ့ မလုပ်တာ
(၂) မလုပ်ချင်ပဲနဲ့ လုပ်ဖြစ်တာ
ဒါက စိတ်ထဲမှာ တဖက်လူနဲ့ ပတ်သက်လို့ စိတ်နှစ်ခွ ဖြစ်နေတဲ့သဘော။ မသေချာတဲ့ သဘော ဖြစ်တယ်။ ကောင်းသော အနေအထားနဲ့ ပြောရရင် ဒါက တဖက်သားကို ကိုယ့်ကြောင့် မထိခိုက် မနစ်နာသွားစေချင်တာ ဖြစ်နိုင်ပါတယ်။ စိတ်ထဲမှာ ရှုပ်ထွေး မသေချာလို့ ဆိုတာတောင်မှ တဖက်လူအတွက် ဆိုတာကိုပဲ အခြေခံတယ်လို့ ထင်မိတယ်။
သို့သော်လည်း တဖက်လူက ဘာကို လိုချင်တယ်ဆိုတာ မသေချာတဲ့ အနေအထားမှာ ကိုယ်က ကောင်းမယ် ထင်ပြီး (ကိုယ်လည်း သေသေချာချာ မကြိုက်ပဲနဲ့) လုပ်လိုက်တဲ့ အပြုအမူတစ်ခုခုမှာ မှန်းချက်လွဲလို့ ထိခိုက်သွားတာလည်း ဖြစ်တတ်ပြန်ပါတယ်။
ဥပမာ။ ကိုပေါ ဆီကို လာလည်ရင် ဆီပုံးမရှိတော့ ဒီအတိုင်း ပြန်သွားရမှာ အားနာတယ်။ ဒီတော့ ကိုပေါ ကြိုက်မယ် ထင်ပါရဲ့လေ လို့ (မသေချာတဲ့ အနေအထားမှာ) ကိုယ့်အချိန်လေးတွေကို တော့ သေချာပေါက် အကုန်ခံပြီး အားနာပါးနာ မှတ်ချက်လေးတွေ ရေးသွားဖြစ်တာပေါ့ဂျာ။
၂။ ကောင်းသလား ဆိုးသလား။
အားနာလို့ လုပ်လိုက်တာဖြစ်ဖြစ် မလုပ်လိုက်တာဖြစ်ဖြစ် အဲဒီ အပြုအမူဟာ ကိုယ့်အတွက်တော့ သက်တောင့်သက်သာ မဖြစ်သွားရတာ သေချာသလောက် ရှိမယ်။ လုပ်သင့်ပြောသင့်တာတွေ မလုပ်ဖြစ် မပြောဖြစ်။ မလိုအပ်တာတွေ လုပ်ဖြစ် ပြောဖြစ်.. ဒီလိုဖြစ်တတ်တယ်။ တုံ့နှေးတုံ့နှေးနဲ့ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ကျဆင်းစေတယ်။
သို့သော်လည်း တဖက်လူအတွက် ထည့်သွင်း တွက်ချက်ပုံ မှန်ကန်လို့ တဖက်သားမှာ ကောင်းကျိုးရှိသွားမယ်ဆိုရင် ၀မ်းသာစရာပဲ။ ဒါဆိုရင်တော့ အားနာရကျိုး နပ်တယ်။ ကောင်းတယ်လို့ ဆိုနိုင်တယ်။ ဒီလိုမဟုတ်ရင်တော့ ကိုယ်လည်း မကောင်း သူလည်း မကောင်းပေါ့ဗျာ။
ဥပမာ။ အခုမှတ်ချက်ရှည်ကြီးကို ကိုပေါက သဘောကျသွားတယ် ဆိုရင် အားနာပါးနာ ရေးသွားရကျိုး နပ်တာပေါ့ဗျာ။
၃။ နောက်ဆက်တွဲ
အရေးကြီးတာက ကိုယ်အားနာလို့ မလုပ်ချင်လုပ်ချင်နဲ့ လုပ်လိုက်တယ် (သို့မဟုတ် လုပ်ချင်လျက်နဲ့ မလုပ်လိုက်တယ်) ဆိုတာမျိုးကို တဖက်သားက သိမသွားဖို့ လိုတယ်။ သိသွားရင် သူလည်း စိတ်ကောင်းမှာမဟုတ်။ ဒီလိုဆိုလည်း အားနာစရာကြီးလေ။
ဥပမာ။ အခုမှတ်ချက်က အားနာပါးနာမဟုတ်ပဲ။ စိတ်ပါလက်ပါရေးတာပါ ကိုပေါရယ်လို့ ပြောလိုက်တာ မျိုးပေါ့။ ဒန်တန်ဒန်။
အားနာခြင်းဆိုတာ… ငြင်းဆန်ဖို့ ၀န်လေးတာပါ။ ကိုယ်ငြင်းလိုက်လို့ သူတစ်ဖက်သား စိတ်ထိခိုက်သွားမှာ မလိုလားတာကို ဆိုးတယ်လို့ ပြောမရပေမဲ့… ကိုယ်က အမှန်တကယ် စိတ်မပါပဲ မငြင်းချင်တာလေးတစ်ခုအတွက် လက်ခံလိုက်တာဟာ ရည်ရှည်အတွက် ကိုယ်ရော, သူပါမကောင်း ဖြစ်တတ်ပါတယ်။ တနည်းအားဖြင့် အားနာခြင်းဟာ အမှန်တရားအပေါ် ရဲဝံ့စွာ မရပ်တည်ခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် အားနာခြင်းဟာ မကောင်းတဲ့ အကျင့်တစ်ခုပဲလို့ ဆိုပါရစေ။
(အားနာလို့ မှတ်ချက်ရေးတာမဟုတ်ပါ။)
sonatta-cantata ရဲ့ မှတ်ချက်လိုပါပဲ။ သူရေးထားတာ အကုန်လုံး ငြင်းချက်မရှိ အပြည့်အ၀ကြီး ထောက်ခံတယ်။ ဟီးးး (ကိုယ် မရေးတတ်တိုင်း :P ) အားနာတယ်ဆိုတာ ကောင်းကို မကောင်းတာပါ။ တဖက်လူအတွက် အကောင်းဖြစ်စေ၊ အဆိုးဖြစ်စေ ကိုယ်က စိတ်မပါဘဲ အားနာလို့ လုပ်ပေးလိုက်ရတယ်ဆိုတည်းက ကောင်းနိုင်ပါတော့မလား။
အားနာလို့ ငွေများစွာ ကုန်နေတဲ့
(ပြီးတော့)
လုံးဝ အားမနာချင်တဲ့
s0wha1 :D
အားနာတယ် ဆိုတာ ရိုးသားပွင့်လင်းမှုမရှိတာဘဲ ဥပမာ တချို့က အားနာတတ်တာကို ရိုးသားတယ်ထင်တယ် မဟုတ်ဘူးဗျ အသေးအဖွဲ ကိစ္စဖြစ်တဲ့ အိမ်တအိမ်ကိုအလည်သွားတယ် ထမင်းဝိုင်းနဲ့ တည့်တည့် တိုးတယ် အိမ်ရှင်ကလဲ တည့်တည့်တိုးမှတော့ အားနာလို့စားဖို့ဖိတ်တယ် (ဒါပေမယ့် စားနေကြတောင် Quota နဲ့) ဧည့်သည်ကလဲ ဆာနေတယ် ဒါပေမယ့် အားနာလို့ ငြင်းတယ် နှစ်ခုလုံးမှာ ရိုးသားမှု ပွင့်လင်းမှုမရှိဘူး တကယ်အားနာမှု မရှိဘဲဝင်စားရင် ကျွေးစရာမရှိ သလို ဧည့်သည်လဲ တမျိုးထင်သွားမယ် ဧည့်သည်ကိုယ်တိုင်လဲ ရှက်သွားမယ် အမှန် ဧည့်သည်ရောက်လာတယ် စားစရာမရှိလို့ မဖိတ်တာ ရိုင်းတာမဟုတ်ဘူးလို့ထင်တယ် အသေးအဖွဲကိစ္စမှာတောင် အားနာဖို့ မလိုရင် ဒီထက်ကြီးတာဆို ပိုအားနာစရာမလိုဘူး
ကောင်းသလားဆိုးသလား ဆိုတော့ မကောင်းဘူး ဆိုးတယ်
ပြောတော့ ပြောချင်ပါတယ်..ဒါပေမဲ့..အားနာလို့ မပြောတော့ပါဘူး။း)
အားနာတယ်ဆိုတာ..ကောင်းလား မကောင်းလားဆိုတာထက်.. အဲဒီ ခံစားမူမျိုးကတော့..လူမျိုးတိုင်း ယဉ်ကျေးမူတိုင်းမှာ အနဲ နဲ့အများတော့..ရှိနေမှာပါပဲ။
ကိုယ်ကိုယ်တိုင်က အားနာတတ်တဲ့ အတုံးအခဲကြီး ဖြစ်ပြီး အားမနာတတ်အောင် ကြိုးစားနေပြီ။
“ဒီမေးခွန်းတော့ အားနာလို့များ ဖြေလိမ့်မယ် မထင်နဲ့၊ အသေသတ်ချင် သတ်..”
အားနာတယ်ဆိုတာ ကြောက်ခြင်း တစ်မျိုးပဲ။
အင်း..ပထမတခုက လွယ်မယောင်နဲ့ ခက်တဲ့မေးခွန်းပါ။ ကြောက်ရွံ့ခြင်းတော့ မဟုတ်တန်ဘူး။ နှစ်ဦးနှစ်ဖက် အပြန်အလှန် လေးစားမှုတခုလို့ ယူဆမိပါတယ်။ ယဉ်ကျေးတဲ့ လူ့အသိုင်းအဝန်းမှာ အတိုင်းအတာ တခုအထိတော့ ရှိနေသင့်တယ်။ ဒါပေမဲ့ အားနာတတ်တဲ့သူကိုရော၊ အားနာခံရတဲ့သူကိုပါ အစားထိုးမရတဲ့ ထိခိုက်နစ်နာမှု ရှိစေမယ်ဆိုရင်သော်လည်းကောင်း၊ အားနာခံရတဲ့သူက အလိုက်ကန်းဆိုး မသိရင်သော်လည်းကောင်း၊ အဲ့ဒီအားနာမှုမျိုးဟာ လုံးဝ မကောင်းလို့ မထားရှိသင့်ဘူး..ဒါဆို ဒုတိယမေးခွန်းအတွက် အဖြေက မကောင်းဘူး၊ ဆိုးတယ်..။ တကယ်ဆို အဆိုးနဲ့ အကောင်း နှစ်ပိုင်းရှိကြောင်း ခပ်တည်တည် ဝေ့လည်ကြောင်ပတ် ဖြေဆိုသွားပါကြောင်း..။
(အောင်မှတ်တော့ ရကောင်းပါရဲ့..)
ကိုပေါမေးခွန်းကို ဖြေချင်လွန်းလို့ အားမနာပါးမနာ ဖြေလိုက်ဦးမယ်...
အားနာတယ်ဆိုတာ စာနာခြင်း ထောက်ထားခြင်းလို့ အပေါ်ယံ ထင်စရာ ဖြစ်ပေမဲ့ တကယ်က ကိုယ့်ဖက်က မပွင့်လင်းတာနဲ့ သတ္တိမရှိတာလဲ ပါပါတယ်...
တဖက်လူကို ထိခိုက်စေတယ်..နစ်နာစေတယ်ဆိုရင် အားနာတာကို ခွင့်လွှတ်လို့ ရပေမဲ့... ဘယ်သူ့အကျိုးကိုမှ မထိခိုက်ဘူးဆိုရင်တော့... အားနာတာကို ပြတ်ပြတ်သားသား ရှောင်သင့်ပါတယ်...
အားနာတတ်တာ ဂုဏ်ယူစရာမဟုတ်ပါဘူး.. ပျော့ညံ့ခြင်းတမျိုးပါ....အားနာတတ်တာကြောင့် တခါတလေ မလိုလားအပ် မဖြစ်သင့်တာတွေ ပိုဖြစ်တတ် ပိုဆိုးဝါးတတ်ပါတယ်....
အထူးသဖြင့် အများအကျိုးအတွက် ဆောင်ရွက်နေသူတွေအနေနဲ့... တစ်ဦးတစ်ယောက်ကို အားနာနေတာနဲ့.. အများအတွက် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်...
ကိုပေါကို ထောက်ခံသောအားဖြင့် ရေးသားထားပါသည်...။
အားနာနာနှင့် လာဖတ်ကြည့်ပါလေ...။ :-P
http://thet-wai-blog.blogspot.com/2009/01/blog-post_14.html
လာရောက် ဖတ်ရှုသွားကြသူများနှင့် ကွန်မင့်သွားကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။
ကျနော်လည်း အားမနာ လျှာမကျိုး ၀င်ရေးသွားတယ်ဗျာ...
အားနာလို့ ဘာကောင်းကျိုးမှ မရှိပါဘူး...
ဆိုးကျိုးပဲ ရှိတယ်...
ကိုပေါရေ...
................................
................................
လေးစားစွာ အားပေးလျှက်
((အားနာလို့လုံးဝမဟုတ်..))
:P
Post a Comment