မြန်မာဘာသာစကားမှာ အနက်အဓိပ္ပါယ်တခုထက်ပိုတဲ့ ဝေါဟာရတွေရှိပြီး သုံးစွဲတဲ့အခါ နားထောင်သူအဖို့ အဓိပ္ပါယ်ကောက်မလွဲအောင် သတိထားသုံးစွဲရတာတွေ ရှိပါတယ်။
ဥပမာ......... “ယုံကြည်မှု”။
ယုံကြည်မှုလို့ ဆိုလိုက်ရင် တစုံတခုအပေါ် သက်ဝင်ယုံကြည်မှု (Belief) ဆိုလိုတာ ဖြစ်နိုင်သလို တဦးနဲ့ တဦး အပြန်အလှန် ယုံကြည်စိတ်ချမှု (Trust)ကို ဆိုလိုတာလည်း ဖြစ်နေနိုင်ပါတယ်။ ဗုဒ္ဓဘာသာအပေါ် ယုံကြည်မှုဟာ သက်ဝင်ယုံကြည်မှုဖြစ်ပြီး မိတ်ဆွေသူငယ်ချင်းအချင်းချင်းကြားက ယုံကြည်မှုဟာ ယုံကြည်စိတ်ချမှု ဖြစ်ပါတယ်။
အထူးသဖြင့် နိုင်ငံရေးစကားဝိုင်းတွေမှာ အဲဒီ ယုံကြည်မှု အကြောင်းကို ကွဲကွဲပြားပြားဖြစ်အောင် ဂရုတစိုက်နဲ့ ပြောဖြစ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ပြောချင်တာဟာ အရေးတော်ပုံတခုအပေါ် ယုံကြည်မှုကို ပြောချင်တာလား၊ ဒါမှမဟုတ် အရေးတော်ပုံအတွင်းမှာ အတူတကွပါဝင်ကြမယ့် ရဲဘော်ရဲဖက် အချင်းချင်းအကြားက ယုံကြည်မှုကို ပြောချင်တာလား။ နားထွေးသွားနိုင်တဲ့အတွက် ဖြစ်ပါတယ်။
နောက်ထပ် ဝေါဟာရ တခုက..... “ယဉ်ကျေးမှု”။
ယဉ်ကျေးမှုဆိုတာမှာလည်း လူမျိုးတမျိုး၊ နိုင်ငံတနိုင်ငံရဲ့ ယဉ်ကျေးမှု ( Culture ) နဲ့ အပြောအဆို၊ အနေအထိုင်၊ အပြုအမူရဲ့ ယဉ်ကျေးမှု ( Politeness )ဆိုပြီး နှစ်မျိုးကွဲပြားပါတယ်။
အပြောအဆို၊ အနေအထိုင်၊ အပြုအမူရဲ့ ယဉ်ကျေးမှု (Politeness )မှာတောင်မှ နှစ်မျိုးနှစ်စား ထပ်ခွဲရမယ်လို့ ယူဆမိပါတယ်။
ပထမ တမျိုးက လူအဖွဲ့အစည်းအတွင်းမှာ ယဉ်ကျေးတယ်လို့ အစဉ်အလာအရသတ်မှတ်ထားတဲ့ သင်္ကေတတွေ( etiquette )ပါ။ အဲဒါတွေက ကိုယ့်ထက်အသက်ကြီးတဲ့လူတွေကို ဦး၊ ဒေါ် တပ်ပြီး ခေါ်ဝေါ်တာမျိုး၊ ဘုန်းကြီးနဲ့ ဆက်ဆံတဲ့အခါ ခေါ်ဝေါ်သုံးစွဲ ပြုမူတာမျိုးတွေ၊ သံခင်းတမန်ခင်းတွေနဲ့ ထိတွေ့ပြောဆိုတဲ့အခါ၊ အလှူပွဲ၊ မင်္ဂလာပွဲတွေ၊ ဧည့်ခံပွဲတွေတက်ရောက်တဲ့အခါ နေရာဒေသအလိုက် လိုက်လျောညီထွေ ပြုမူပြောဆိုသင့်တယ်လို့ အများလက်ခံသတ်မှတ်ထားချက်တွေပါ။
ဒုတိယတမျိုးကတော့ ပိုပြီးအဆင့်မြင့်တဲ့ ယဉ်ကျေးမှုမျိုးပါ။ အဲဒါက တဖက်သားအပေါ်မှာ လေးစားမှု၊ ကိုယ်ချင်းစာမှု တို့ကို ပြတဲ့ ယဉ်ကျေးမှုမျိုးပါ။ ဥပမာ ကိုယ့်ဝေစု ရိက္ခာထုပ်ကို ကိုယ်မစားပဲ ကိုယ့်ထက် ငတ်ပြတ်နေသူကို ကျွေးလိုက်တာမျိုး၊ အတူတကွ ခရီးထွက်လာသူချင်းအပေါ်မှာ ကူညီစောင့်ရှောက်မှုမျိုး၊ သူတပါးအပေါ်မှာ မတရားလူလည်ကျခေါင်းပုံဖြတ်ဖို့ကို စက်ဆုတ်မှုမျိုး၊ သူတပါးလွတ်လပ်ခွင့်ကို မထိပါးတာမျိုး စတဲ့ အပြုအမူမျိုးတွေဟာ အယဉ်ကျေးဆုံး အပြုအမူတွေပါ။ အတိုချုပ်ပြောရရင်တော့ အယဉ်ကျေးဆုံး အပြုအမူတွေဟာ ကိုယ်ချင်းစာတရားနဲ့ မျှမျှတတ ရှိမှုအပေါ်မှာ အရင်းခံပါတယ်။
လူတဦးတယောက် (သို့မဟုတ်) အစုအဖွဲ့တခုဟာ အဆင့်မြင့်ပညာတွေတတ်ကောင်း တတ်နေနိုင်ပါတယ်။ ငွေကြေးအရလည်း ကျိကျိတက် ချမ်းသာနေနိုင်ပါတယ်။ ဒါမှမဟုတ် တဖက်ဖက်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေနိုင်ပါတယ်။ ဒါမှမဟုတ် အာဏာကို လက်ကိုင်ရထားတာလည်း ဖြစ်နေနိုင်ပါတယ်။
ဒါပေမယ့် အဲဒီ လူတဦးတယောက် (သို့မဟုတ်) အစုအဖွဲ့တခုဟာ အခြားလူတွေအပေါ်မှာ ကိုယ်ချင်းစာစိတ်ခေါင်းပါးပြီး မျှမျှတတ ရှိဖို့ မကြိုးစားဘူးဆိုရင် ဘယ်လောက်ပဲ ပညာတတ်တတ်၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲ ရာထူးဌာနန္တရ ကြီးကြီး မယဉ်ကျေးသူလို့ပဲ သတ်မှတ်ရမှာဖြစ်ပါတယ်။
အဲဒီနေရာမှာ စောစောကပြောတဲ့ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှု ( Culture ) အစိတ်အပိုင်းတခုဖြစ်တဲ့ တိုက်ပုံအင်္ကျီ၊ တောင်ရှည်ပုဆိုး၊ မောင့်ကျက်သရေ ခေါင်းပေါင်း စတဲ့ အဆင်တန်ဆာသက်သက်ကို ၀တ်ဆင်ပြရုံနဲ့ ယဉ်ကျေးသူလို့ သတ်မှတ်လို့မရပါဘူး။ အလားတူပဲ လူကြီးရှေ့မှာ ခါးကုန်းသွားတတ်ပြီး၊ နှုတ်ကနေ ချိုသာယဉ်ကျေး ပြောဆိုတတ်ရုံမျှနဲ့လည်း ယဉ်ကျေးသူလို့ ပြောလို့ မရပြန်ပါဘူး။
တကယ့်အယဉ်ကျေးဆုံးလူသားဆိုတာက လူသားအချင်းချင်းအပေါ် ကိုယ်ချင်းစာတရားနဲ့ မျှမျှတတ ဆက်ဆံတတ်သူသည်သာလျှင် အယဉ်ကျေးဆုံးလူသားလို့ ကျနော်ယူဆချင်ပါတယ်။
အလားတူ နောက်ထပ် ဝေါဟာရတခုကတော့...... “ရိုးတယ်” ဆိုတဲ့ စကားပါ။
ရိုးတယ်ဆိုတာ ရိုးသားတာ (Sincere) ကို ပြောတာဖြစ်နိုင်သလို၊ အနေအထိုင် အတွေးအခေါ် မဆန်းပြား မရှုပ်ထွေးခြင်း ( Simple ) ကို ဆိုလိုတာဖြစ်နိုင်တဲ့အပြင်၊ ရိုးအခြင်း၊ ထူခြင်း (Naive) ကို ပြောလိုခြင်းလည်း ဖြစ်နိုင်ပါတယ်။
အဲဒီသုံးမျိုးမှာ ရိုးသားခြင်းဟာ ကောင်းမွန်တဲ့ အရည်အသွေးတခုလို့ ကျနော်ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိုးသားတယ်ဆိုတာ တဖက်သားကို လှည့်ဖြားလိုတဲ့သဘော ကင်းစင်လို့ဖြစ်ပါတယ်။ လက်တွေ့လောကမှာ ဘယ်သူမှ လှည့်ဖြားခံရခြင်းကို နှစ်သက်မယ်မထင်ပါဘူး။ “လက်တွေ့လောကမှာ” ဆိုတဲ့ စကားကို ရှေ့မှာ ခံထားရခြင်းကတော့ “အနုပညာအရ” လှည့်ဖြားခြင်းလည်း ရှိနိုင်သေးလို့ပါပဲ။
အနုပညာမှာတော့ လှည့်ဖြားဆိုတာထက် တကယ်မရှိတာကို ရှိသယောင် ဖန်တီးယူခြင်းတွေ ပါဝင်လို့ပါပဲ။ အဲသည်လို လှည့်ဖြားခြင်းကိုတော့ အနုပညာကို ခံစားတတ်တဲ့ လူတွေရဲ့ သဘောသဘာဝအရ တကယ်မဟုတ်မှန်းသိသိကြီးနဲ့ နှစ်သက်နိုင်ပါတယ်။
လက်တွေ့လောကမှာ လှည့်ဖြားခြင်းကတော့ အထက်မှာပြောခဲ့တဲ့ လူအချင်းချင်းအပေါ်မှာ ရှိသင့်တဲ့ ကိုယ်ချင်းစာတရားနဲ့ မျှမျှတတရှိမှုကို မလေးစားရာ၊ ဖောက်ဖျက်ရာရောက်တဲ့အတွက် မယဉ်ကျေးတဲ့ အပြုအမူလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် လှည့်ဖြားခြင်းသဘော ကင်းစင်တဲ့အတွက် ရိုးသားခြင်းဟာ ကောင်းမွန်တဲ့ အရည်အသွေးတခုလို့ ကျနော်ယူဆပါတယ်။
အနေအထိုင် အတွေးအခေါ် မဆန်းပြား မရှုပ်ထွေးခြင်း (Simple) ဖြစ်ခြင်းကတော့ လူတဦးတယောက်ချင်းရဲ့ ရွေးချယ်ပိုင်ခွင့်ဖြစ်သွားပါပြီ။ ကောင်းတယ်ဆိုးတယ် ပြောစရာ မရှိတော့ပါဘူး။ တိုက်ပုံနဲ့ ပုဆိုးကို နှစ်သက်သူက တိုက်ပုံပုဆိုးကို ၀တ်နိုင်သလို၊ ဂျင်းဘောင်းဘီနဲ့ နားသံသီးဝတ်ချင်သူကလည်း သူ့ဘာသာ လွတ်လပ်စွာ ၀တ်ဆင်နိုင်ပါတယ်။ အဲဒီနေရာမှာ ငါက တိုက်ပုံ၊ ပုဆိုးဝတ်လို့၊ ငါက ရင်ဖုံးနဲ့ ချိတ်ထမီဝတ်လို့ ဂျင်းဘောင်းဘီ၊ စကပ်ဝတ်တဲ့လူတွေထက် ပိုပြီး လူကောင်းဖြစ်တယ်၊ ပိုပြီး လူယဉ်ကျေးဖြစ်တယ်လို့ သတ်မှတ်ရင် မှားယွင်းတယ်လို့ ယူဆပါတယ်။
နောက်ဆုံးတခုဖြစ်တဲ့ ရိုးအခြင်း ( Naive )ကတော့ မကောင်းတဲ့ အဓိပ္ပါယ်လို့ သဘောရပါတယ်။ အတယ်ဆိုမှတော့ ဘယ်ကောင်းပါတော့မလဲ။ သူတပါးက ကိုယ့်အပေါ်မှာ မမျှမတလာလုပ်ရင်လည်း ခံရတော့မှာကိုး။
ကျနော်ငယ်ငယ်က အ ပုံကို အလျဉ်းသင့်လို့ ပြောပြချင်ပါတယ်။
ကျနော် သုံးလေးနှစ်သား အရွယ်က ကျနော့်အိမ်ကို လာလည်တဲ့ အကိုဝမ်းကွဲတယောက်ဟာ အိမ်ကို ရောက်တိုင်း ကျနော်ကို အနင်းခိုင်းတတ်ပါတယ်။ ကျနော်ကလည်း နင်းပေးတာပေါ့။ နင်းလို့ မိနစ် ၂၀ လောက် ကြာပြီဆိုရင် အကိုက အောက်က အနင်းခံရင်းက ကျနော့်ကို နင်းခ တောင်းပါတော့တယ်။ ကျနော်ကလည်း အကို့ကို နင်းခ ပေးဖို့အတွက် အမေ့ဆီပြေးပြီး ပိုက်ဆံတောင်းပါတယ်။
အမေကတော့ ပြောရှာပါတယ်။ “ငါ့သားနှယ်.... အလိုက်တာဟယ်။ နင်က နင်းခ ပေးရမယ့်လူမဟုတ်ဘူး။ တကယ်တော့ နင်က ရ ရမယ့်လူ။” ။ ဒါနဲ့ ကျနော်က အကို့ဆီကို ပြန်ပြေးပြီး ကျနော်က နင်းခ ရ ရမယ့်လူ ဖြစ်တဲ့အကြောင်း ပြန်ပြောပြတယ်။ အကိုက တခါ ရှင်းပြပြန်တယ်။ “ဒီမှာ.... မင်းက ငါ့အပေါ် တက်နင်းတဲ့သူ။ ငါက အနင်းခံရတဲ့လူ။ ငါ့မှာ အနင်းလည်းခံရသေးတယ်၊ မင်းကိုလည်း နင်းခ ပြန်ပေးရဦးမယ်ဆိုတော့ မင်းတရားသလား” လို့ ပြန်မေးတယ်။
အဲဒီတော့ ကျနော်လည်း အမေ့ဆီကို ပြန်ပြေးပြီး ကျနော်သာလျှင် နင်းခကို ပေးရမယ့်သူ ဖြစ်တဲ့အကြောင်း အမေ့ကို နောက်တခေါက် ရှင်းပြရ ပြန်တာပေါ့။ ကဲ.... ကျနော့်မွေးသမိခင်အဖို့တော့ သူ့သားတော်မောင်ရွှေသွေးဟာ ဒီလောက် အူအနေပုံကို ဘယ်လောက်များ အားမလိုအားမရ ဖြစ်လိုက်လေမလဲ။
အဲဒါ ကျနော်ငယ်ငယ်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ အခုကြီးတော့လည်း အဲဒီလို ရိုးအပုံကို မကောင်းမှန်းသိလို့ ပြုပြင်ပေမယ့် တချို့နေရာတွေမှာတော့ ခံရဆဲပါ။
ကဲ......ရှေ့တပို့စ်တုန်းကလိုပဲ။ ကျနော့်ပို့စ်ကို မေးခွန်းလေးတခုနဲ့ အဆုံးသတ် လိုက်ပါတယ်။
မိတ်ဆွေအနေနဲ့ မယဉ်ကျေးဆုံးလို့ ယူဆသတ်မှတ်တဲ့ အပြုအမူလုပ်ရပ်ဟာ ဘယ်လိုအပြုအမူလုပ်ရပ်မျိုး ဖြစ်ပါသလဲ။

8 comments:
လူအ လေး မောင်ရွှေပေါ တယောက်တော့ မေးခွန်းတွေချည်း လှိမ့်မေးနေပါတယ်ဗျို့.. အင်း ဖတ်မိမှတော့ ဖြေရတော့မယ်။
ချိုသင်းအဖို့မှာတော့ မယဉ်ကျေးဆုံးလို့ ထင်ပြီး စိတ်ထဲအရွံရှာဆုံး၊ ကြားရ မြင်ရတာတောင် အရှက်ဆုံး ဖြစ်မိတာက ကိုယ့်ဘာသာတရားကို စော်ကားတဲ့ အပြုအမူပါ။
ဥပမာ ဘုရား၊ တရား၊ သံဃာ ကို စော်ကားတာပါ။ ပြောမဲ့သာ ပြောရတာပါ။ တချို့များတော့ သံဃာတောင် လူမြင်ကွင်းမှာ ရိုက်နှက်သတ်ပြ နေတာမျိုး။
အဲဒါကို တွေ့တိုင်း အော်ဂလီဆန်တယ်၊ မြင်ရတာတောင် ရှက်ပါတယ်။
လာလည်ဖတ်ရှုမိပါတယ်ကိုပေါရှင်။
ခုမှမှတ်ချက်ပေးမိတယ်။
ကျွန်မအနေနဲ့ တော့မယဉ်ကျေးဘူးဆိုတာကိုဘာနဲ့ တိုင်းမလဲတိုတာက ကျွန်မရဲ့ကိုယ်ပိုင်အတွေးတော့မဟုတ်ပါဘူး။ ဝေမှချင်တာလေးပါရှင်။ ကျွန်မရဲ့အကြံပေးဆရာ(အင်္ဂလန်နိုင်ငံသား၊ စကော့လူမျိုး) ပြောပြတာပါ။ လူတွေအပေါ်မှ judgemental attitude နဲ့ ပြောဆိုဆက်ဆံတာကို သူတို့ ကမယဉ်ကျေးဘူးလို့ ယူဆပါတယ်တဲ့။ မြန်မာလိုတော့ဘာခေါ်လဲမသိဘူး။ သူတဖက်သားကို ဘယ်လိုလူစားဖြစ်တယ်လို့ တံဆိပ်ကပ်ပေးတတ်တဲ့အကျင့်ကို မယဉ်ကျေးတဲ့အကျင့်လို့ ပြောပါတယ်။ ကျေးဇူးပါ.။
ပထမဆုံးဖြေခွင့်ရလို့ ဝမ်းသာဂုဏ်ယူပါတယ်....လို့ ဦးစွာ ပြောကြားပါရစေ..
လောကမှာ ဘာပဲလုပ်လုပ်..လုပ်သမျှကို သက်ဝင်ယုံကြည်ဖို့လိုသလို...လုပ်ဖော်ကိုင်ဖက်အချင်းချင်းမှာလဲ အပြန်အလှန်ယုံကြည်ဖို့.. အရမ်းအရေးကြီးပါတယ်....
အဲဒီလို.ယုံကြည်ဖို့ဆိုတာကလဲ...နှစ်ဦးနှစ်ဖက်လုံး ရိုးသားမှုနဲ့ နားလည်မှု ရှိမှ ဖြစ်မှာပါ... တဖက်က ရိုးသားမှုရှိပြီး..ကျန်တဖက်က မရိုးသားဘူးဆိုရင်..ရိုးသားသူက ရိုးအ သလို ဖြစ်သွားတတ်ပါတယ်...
ယဉ်ကျေးမှုမှာလဲ.. အပေါ်ယံယဉ်ကျေးမှုနဲ့ စိတ်တွင်း ယဉ်ကျေးမှုရယ်လို့ နှစ်မျိုး နှစ်စားရှိပါတယ်... အပေါ်ယံယဉ်ကျေးမှုက ဟန်ဆောင်ကျင့်သုံးလို့ ရပေမဲ့.. စိတ်တွင်းယဉ်ကျေးမှုက.. ရေရှည်ဟန်ဆောင်လို့ မရပါဘူး... တချိန်ချိန်မှာ တိုကိဆိုင်မှု လောကဓံတရားနဲ့တွေ့ရင်.. ဘွားကနဲ မြင်ကြရမှာပါ.....
အပေါ်ယံ ဝတ်စားဆင်ယင်မှု အပြောအဆိုကို ကြည့်ပြီး လူတယောက်ကို တန်ဖိုးဖြတ်လို့မရပါဘူး... တကယ့် အနှစ်သာရ တန်ဖိုးက လူတယောက်ရဲ့ စိတ်ဓာတ်ပါ...
ဘယ်လို အခြေအနေဖြစ်ဖြစ်.. ဘယ်လိုအရာတွေနဲ့ သွေးဆောင်သွေးဆောင်... အမှန်တရားဖက်က မယိမ်းမယိုင် ရပ်တည်နေသူ... ဝေဖန်ထောက်ပြသူဟာ..လူ့အဖိုးတန်ပါပဲ...
ကိုပေါရဲ့ မေးခွန်းကို ဖြေပါမယ်....
မယဉ်ကျေးဆုံးလို့ သတ်မှတ်ရမယ့် အပြုအမူ လုပ်ရပ်က.... ကိုယ်ကျိုးအတွက်ပဲကြည့်ပြီး.. ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့.. မွေးမိခင် မျက်နှာတောင် မထောက်ထားတတ်တဲ့.. ရိုင်းစိုင်း ယုတ်မာတဲ့...လူတန်းစားတွေပါပဲ..........။
မောသွားပြီ...............။
ဆော်ရီး ကိုပေါရေ... ပထမဆုံးထင်တာ ...ရေးတာ ရှည်တော့ တတိယ ဖြစ်သွားတယ်....
ဟီဟီး.. တောက်၎ နဲ့ အစ်ကို့ဆီပြေးလိုက် အမေ့ဆီပြေးမေးလိုက်လုပ်နေတဲ့ ကလေးလေးကို မျက်လုံးထဲမြင်ယောင်သား။ ရှင်းပြသွားတာလေးတွေ သိပ်ကိုတန်ဖိုးရှိတယ်။
ဖတ်မိတော့ မေးခွန်းဖြေရဦးမပေါ့။ မယဉ်ကျေးဆုံးလုပ်ရပ်လို့ ကျနော်ခံယူတာကတော့ ကိုယ်ချင်းစာတရားကင်းမဲ့တာပဲ။ (ကိုယ်ဖြတ်သန်းလာရတဲ့ ဘ၀အပေါ်လိုက်ပြီး နှစ်သက်သလို သဘောထားကွဲလွဲနိုင်ပါတယ်)
လှလိုက်တဲ့ ပို့စ်၊ လှလိုက်တဲ့ အရေးအသား၊ ကောင်းလိုက်တဲ့ အကြောင်းအရာ။ ငြင်းချက်ထုတ်စရာ မကောင်းအောင်ကို ကောင်းပါတယ်။
အကိုရေ မယဉ်ကျေးဆုံးဘူးဆိုတာကို ကျနော်အမြင်ပြောရရင်တော့ လူကို လူအချင်းချင်း မသိတတ်တာ အဓိက လူသားတယောက်ဖြစ်ပြီး ထမ်းဆောင်ရမဲ့ တာဝန်ကို မေ့တာဟာ မယဉ်ကျေးပါဘူး
ကိုမစ္စတာပေါ၊ ရှယ်မိုက်သောပို့စ် ဖြစ်သည် (ရှယ်မိုက်သော နေရာတွင် အလွန်ကောင်းသော ဟုဖတ်ပါ :p)
ကျနော့်စိတ်ထဲမှာ မယဉ်ကျေးဆုံးက ပို့စ်ဖတ်ပြီး ကော်မန့်မရေးတာပဲဗျ (ဒါကြောင့် ကျနော်ဟာ တော်တော်ယဉ်ကျေးတဲ့လူဖြစ်သွားပြီ.. =p)
Post a Comment