မနေ့က နှစ်သစ်ရဲ့ ပထမဆုံးနေ့။
မနက်ကို အိပ်ယာက စောစောထလို့ ဘလော့ဂ်တွေနဲ့ သတင်းနည်းနည်းပါးပါး ဖတ်ပြီးတာနဲ့ ၉ နာရီခွဲလောက်မှာ အိမ်ကထွက်ရတယ်။သူငယ်ချင်းတယောက်ရဲ့ မင်္ဂလာဆောင်မှာ ကျနော်က MC လုပ်ပေးရမှာမို့ပါ။
သူငယ်ချင်းက စက်မှုတက္ကသိုလ်မှာကတည်းက မေဂျာအတူတူ၊ တတန်းတည်းသူငယ်ချင်း။ ဟော... စင်္ကာပူက NTU မှာ မာစတာ ဆက်တက်တော့လည်း တချိန်တည်း၊ တတန်းတည်း။ ယူတဲ့ ဘွဲ့နဲ့ ဘာသာရပ်အားလုံးအတူတူ၊ စာအတူတူ လုပ်ခဲ့တဲ့ သူငယ်ချင်း။
ကျနော်ကငြင်းပါသေးတယ်။ “သူငယ်ချင်း... ငါ အမ်စီ မလုပ်တတ်ဘူး။ တလွဲတွေ ဖြစ်ကုန်လိမ့်မယ်”လို့။ ဒါပေမယ့် သူက “လုပ်ပါဗျာ။ ကျနော်က ကိုယ့်သူငယ်ချင်းအရင်းခေါက်ခေါက်ထဲက တယောက်ယောက်လုပ်ပေးတာမျိုး ဖြစ်စေချင်လို့ပါ”..တဲ့။
အဲသည်လိုနဲ့ လူရှေ့ထွက် စကားပြောရတာကို ရွံ့ကြောက်တတ်တဲ့ ကျနော်လည်း မနေ့က မင်္ဂလာဆောင်မှာ ရှေ့ထွက်ပြီး အခမ်းအနားမှူး လုပ်ခဲ့ရပါတော့တယ်။
ဟိုတယ်ကို အစောကြီးရောက်သွားတယ်။ သူတို့သားက အ၀တ်အစားတောင် မလဲရသေးဘူး။ ဘောင်းဘီတိုနဲ့ တီရှပ်နဲ့ အခန်းဝက ဆီးကြိုနေတယ်။ မဒမ်ပေါက “သတို့သားက ဟော့ကာ စတိုင်လ်ပါလား” လို့ မှတ်ချက်ချတော့ သတို့သားက “ဟီးဟီး...ဟီးဟီး” လို့ ရယ်တယ်။
ဟိုတယ်အပေါ်ထပ်က ဗင်ဒါ (၁) ဆိုတဲ့ အခန်းတခန်းကို သူတို့သမီးပြင်ဆင်ဘို့အတွက် ဟိုတယ်က ပေးထားတယ်။ အဲသည်မှာ သူတို့သမီးကို မိတ်ကပ်၊ ဆံပင်ပြင်ပေးနေတာကို ခပ်လှမ်းလှမ်းက ထိုင်ကြည့်ရင်း၊ ဟိုဟို ဒီဒီ စကားစမြည်ပြောရင်း ၁၁ နာရီ ထိုးအောင် စောင့်ကြရတယ်။
ကလစ်တွေ၊ ဘီးတွေအများကြီးထိုးထားတဲ့ အလှပြင်ဆဲ သတို့သမီးကို ကျနော်က လှမ်းနောက်တယ်။ “သတို့သမီးက အခုလိုကျတော့လည်း အာကာသ သူရဲကောင်းအတိုင်းပါလား။ ဂါဂါရင်နဲ့ တူနေတယ်” လို့ ပြောတော့ သတို့သားက “ဟီးဟီး” ဆို ရယ်ပြန်ရော။
၁၁ နာရီလောက်မှာ သူငယ်ချင်းက မင်္ဂလာဆောင် နေရာအခင်းအကျင်းတွေ လိုက်ပြပြီး ရုပ်သံပိုင်းဆိုင်ရာ တက္ကနစ်ရှင်ရယ်၊ အခမ်းအနားအတွက် တာဝန်ရှိတဲ့ ဟိုတယ်ဝန်ထမ်းရယ်နဲ့ တွေ့ဆုံပေးတယ်။ ကျနော်ကလည်း သူ့အစီအစဉ်အတိုင်း လိုက်လျောညီထွေ ပြောပေးရမှာကိုး။
မဒမ်ပေါ ကတော့ သတို့သမီးကို ပြင်ဆင်တဲ့နေရာမှာ သတို့သမီးရဲ့ ကင်မရာလေးနဲ့ မှတ်တမ်းတင် ဓါတ်ပုံလေးတွေ ရိုက်ပေးနေတယ်။ နောက်တော့ ငှားထားတဲ့ ပရော်ဖက်ရှင်နယ် ကင်မရာမင်း ရောက်လာတယ်။
အမ်စီ လုပ်ရမှာမို့ ကင်မရာကို အိမ်မှာထားခဲ့တာ နည်းနည်း နောင်တရတယ်။ ဘာကြောင့်လဲဆိုတော့ မင်္ဂလာပွဲကျင်းပတဲ့နေရာလေးက တော်တော့်ကို လှတယ်။ ဟိုတယ်ခန်းမထဲမှာ ဆောင်တာမဟုတ်။ ဟိုတယ်အပြင်ဘက် ရေကူးကန်ဘေးက ဥယျာဉ်လေးထဲမှာ လုပ်တာ။ စားပွဲဝိုင်းတွေကတော့ အမိုးအောက်မှာပေါ့။ ဒါပေမယ့် တရားသူကြီးရှေ့မှာ ကျမ်းသစ္စာကျိန်ဆိုပြီး လက်စွပ်လဲတဲ့အခါကျတော့ အပြင်ဘက် နေရောင်တောက်တောက်အောက်မှာ လုပ်တာ။ ဧည့်ပရိသတ်ကတော့ အစီအရီချထားတဲ့ ထိုင်ခုံလေးတွေမှာ ထိုင်ကြတယ်။ နိုင်ငံခြားရုပ်ရှင်ကားတွေမှာပါတဲ့ မင်္ဂလာပွဲကလေးလိုပဲ။
လူရင်းတွေချည်း ဖိတ်ထားတဲ့အတွက် ပကာသနလည်းမပါ၊ ရိုးရိုးရှင်းရှင်းနဲ့ ပျော်စရာကောင်းတဲ့ မင်္ဂလာပွဲကလေးဖြစ်ပါတယ်။ လက်ဖွဲ့ကောင်တာမှာ တာဝန်ယူပေးတာက တချိန်က စက်မှုတက္ကသိုလ် အီလက်ထရွန်းနစ်မေဂျာရဲ့ အလှဘုရင်မ။ အခုအချိန်ထိ နုပျိုလှပဆဲပါ။
လက်စွပ်လဲပြီးလို့ တရားသူကြီး စင်ပေါ်က ဆင်းပြီး ပြန်တဲ့အခါကျတော့ မင်္ဂလာပွဲမစခင်အထိ အစစ ထောင့်စေ့အောင် စီစဉ်နေခဲ့ရတဲ့ သတို့သားက အကျင့်ပါပြီး တရားသူကြီးကို လိုက်ပို့မယ်လုပ်လို့ မိတ်ဆွေတွေက အမြန်တားရသေးတယ်။ နို့မို့ရင် သတို့သမီးတယောက်တည်း စင်ပေါ်မှာ ကျန်ခဲ့မှာ။
မင်္ဂလာပွဲမှာ ကျွေးတဲ့အစားအသောက်ကလည်း တော်တော်လေးကောင်းတယ်။ ကျနော်တို့ ၀ိုင်းမှာလည်း တက္ကသိုလ်တုန်းကရော မာစတာတက်တော့ပါ အတူတက်ခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ အတူထိုင်ရတာဆိုတော့ စကားလည်း ပြောလို့ကောင်းတယ်။ ကျနော်ကတော့ အစီအစဉ် တခါပြောင်းကာနီးတိုင်း ရှေ့ထွက်ပြီး စကားနည်းနည်းပြောပေါ့။
လက်ထပ်ကိတ်မုန့်နဲ့ ဖန်ခွက်ပိရမစ်တွေရှိတဲ့ စင်မြင့်ဘေးနားမှာ အခမ်းအနားမှူးအတွက် စကားပြောစင်ကလေးရှိတယ်။ ကျနော့်ကို ကြိုးမဲ့ မိုက်ကရိုဖုန်းတခု ပေးထားတယ်။ အများမြင်သာအောင် ပုံဖော်ပြရရင် အိုဘားမားတို့ မက်ကိန်းတို့ debate လုပ်တုန်းက စကားပြောစင်ကလေး အတိုင်းပါပဲ။
သတို့သားနဲ့ သတို့သမီး ရှန်ပိန်ပုလင်းဖွင့်ပြီး ဖန်ခွက်ပိရမစ်ထဲကို လောင်းထည့်နေတုန်း မိတ်ကပ်ပြင်တဲ့အခန်းထဲတုန်းက ကျနော်စပ်လာတဲ့ ကဗျာလေးကို ရွတ်ပြလိုက်တယ်။
နှစ်သစ်မင်္ဂလာမှာ
အချစ်စစ်အကြင်နာတွေနဲ့
အစဉ်သာနှောင်တွယ် ရစ်လျက်ခွေလို့
မင်္ဂလာမောင်မယ် ချစ်သက်ရှည်စေကြောင်းကို
ဆုတောင်းပတ္ထနာ....
စင်္ကာပူက ကျဉ်းကျဉ်းလေးဆိုပေမယ့် အချင်းချင်း သိပ်မတွေ့ဖြစ်ကြသမျှ မင်္ဂလာဆောင်ကျမှပဲ မိတ်ဆွေတွေအားလုံးကို တစုတစည်းထဲ တွေ့ခွင့်ရတယ်။ အဲ....ကိုတီဇက်အေ ကောင်းမှုကြောင့် ကျနော့်လန်ကွတ်တီဇာတ်လမ်းကို လူတော်တော်များများ သိကြတယ်ဗျိုး။း-)
ဒီလိုနဲ့ နေ့လည် ၃ နာရီလောက်မှာ သတို့သား၊ သတို့သမီးကို နှုတ်ဆက်ပြီး ပြန်ခဲ့ကြတယ်။
အပြန်မှာ ဖူနန် အိုင်တီမောလ်ကို ၀င်ပြီး Dance Dance Revolution, Hottest Party II ဂိန်းမ်ကို ၀င်ဝယ်ခဲ့သေးတယ်။ သူနဲ့ တွဲဆော့ဖို့အတွက် ကျနော့်မှာ ၂၀၀ရ ခရစ်စမတ်တုန်းက ဌာနထဲမှာပြုလုပ်တဲ့ ကံစမ်းမဲပေါက်ထားတဲ့ နီတင်းဒိုး ၀ီး ရှိနေတယ်။
အိမ်ပြန်ရောက်တော့ တီဗီရှေ့မှာ သမီးရယ်၊ မဒမ်ရယ်၊ ကျနော်ရယ် တယောက်တလဲ ကလိုက် ခုန်လိုက်ကြတာ ချွေးတွေ တော်တော်ထွက်သွားတယ်။ လေ့ကျင့်ခန်း မလုပ်တာ ကြာပြီဖြစ်တဲ့အတွက် အခုလို ပုံမှန် ကပေးနိုင်ရင်တော့ ကိုယ်အလေးချိန်ကျမယ်လို့ ခန့်မှန်းရတာပဲ။ (ပိန်သွားကာမှ ဓါတ်ပုံတင်ပြီး ကြွားရဦးမယ်။)
ညဘက်ရောက်တော့ သမီးရယ်၊ သမီးအဖွားရယ်၊ မဒမ်ရယ်၊ ကျနော်ရယ် လေးယောက်သား အိမ်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ တရုတ်ဆိုင်မှာ နှစ်သစ်အထိမ်းအမှတ် ညစာသွားစားကြတယ်။
နောက်တော့ အိမ်ကို လမ်းလျှောက်ပြန်လာခဲ့ကြတယ်။
ဒီကနေ့ သမီးကျောင်းပြန်ဖွင့်ပြီ။ ဒီတခါ အဖေ လုပ်သူတွေ ကျောင်းမှာ တနေကုန် လိုက်လာပြီး နေပေးရမယ်ဆိုလို့ ကျနော် ရုံးက ခွင့်ယူထားတယ်။
အင်း.....၂၀၀၉ ကတော့ စပါပြီ။ မင်္ဂလာပွဲနဲ့စလိုက်ရတဲ့အတွက် မင်္ဂလာရှိမယ့် နှစ်တနှစ်ပဲလို့ စိတ်ထဲမှာ ယုံကြည်နေပါတယ်။

16 comments:
လေ့ကျင့်ခန်းလုပ်ပြီးမှ စားတော့သိတ်စားကောင်းမယ်ထင်တယ်နော်။
ပိန်သွားမဲ့ပုံကိုမျော်နေပါသည်။
မခင်ဦးမေ.... မင်္ဂလာပါဗျိုး။ ကျနော်တို့က မင်္ဂလာဆောင်မှာ စားလာတာများတော့ ညစာကို သိပ်မစားနိုင်တော့ဘူး။ သမီးကတော့ တော်တော်လေးစားတယ်။ ပန်းကန်ထဲမှာ ဘာမှ မကျန်အောင်ပါပဲ။
ပြောတယ်မဟုတ်လား..
လှေထိုးစားစရာလိုတော့ဘူး..အမ်စီ လုပ်လို့ ရပါပီလို့ 
ကျွန်တော်နဲ့ကိုပေါတော့....ပြိုင်ဘက်ဖြစ်တော့မယ်နော်..
အနော်လည်း..(ဟီးနုကြည့်တာ) မြန်မာပြည်မှာတုန်းက သူငယ်ချင်းမင်္ဂလာဆောင်တွေဆို..MC လုပ်တယ်.. ၀တ်စုံတစ်စုံဝယ်ပေးရင်သတို့သားအရံလုပ်တယ်..ဟီး..
ဒီရောက်တော့တောင်သီးလေးသီမှာ MC လုပ်လိုက်သေးတယ်..ရှေ့ထွက်ရုံရှိသေးတယ်ပုဆိုးကျွတ်သွားလို့ ကျောက်ရုပ်ကြီးလို ပြောခဲ့ရတယ်..ဟီးဟီး...
ကိုပေါ..
အမြန်ပိန်ပါစေသတည်း။ မင်္ဂလာနှစ်သစ်ဖြစ်ပါစေ/၏
လက် ဖွဲ့  ကောင် တာ က အ လှ ဘု ရင် မ ပုံ လေး မ တင် ပေး ဘူး လား.....!!!!
ကိုပေါရေ...လက်ဖွဲ့  ကောင်တာမှာ အလှဘုရင်မက ၂-ယောက်တောင်ဗျ... 94 batch and 95-Sept batch,
သိန်းလှမော်တို့ ကျော်စိုးဦးတို့ ဝေးဝေးရှောင်ကြ..
ကိုပေါလာပြီနော်.....
ကိုပေါကရော တောင်ရှည်နဲ့ ခေါင်းပေါင်းနဲ့လား..
ဘောာင်းဘောင်းနဲ့ ကုတ်နဲ့ လား...
သေသေချာချာ ရှင်းရှင်းမရေးဘူး..
ဘယ်လို မြင်ယောင်ကြည့်ရမယ် မသိဖြစ်နေတယ်..
ဒါပေမယ့် ရယ်သွားတယ်။
ပျော်ရွှင်သော ၂၀၀၉ ဖြစ်ပါစေ။
ခင်မင်စွာဖြင့်
ခင်မင်းဇော်
ကိုပေါ+မဒမ်ပေါ+မီနီပေါ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ၊ ဝီးကို နေ့တိုင်းကစားပြီး ဝိတ်အမြန်ကျပါစေ။
ps. အစ်မခင်မင်းဇော်.. ကိုပေါက လန်ကွတ်တီနဲ့လေဗျာ :p
ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ..
Blog နဲ့ဝေးနေရတော့ အခုမှအကုန်ဖတ်သွားပါတယ်
ကိုပေါရေ...
အီလက်ထရွန်းနစ်မေဂျာရဲ့ အလှဘုရင်မ ဓါတ်ပုံလေး တင်ပေးပါဗျို့ ....
အီလက်ထရွန်းနစ်မေဂျာရဲ့ အလှဘုရင်မ ဓါတ်ပုံလေး တင်ပေးပါဗျို့  :D(a hee)
အသစ်ရှိမလားလို့နေ့တိုင်းလာချောင်းရတာ
မောလှပါပြီ...
ကေကေ
လာလည်သွားကြသူများနဲ့ ကွန်မင့်ပေးသွားသူအားလုံးကို ကျေးဇူးတင်ပါတယ်။
အီးစီအလှဘုရင်မပုံကို တင်ပေးဘို့ တဂျီဂျီပူဆာနေသူ အမည်မသိသို့.... အဲဒီနေ့က ကင်မရာယူမသွားမိလို့ နောင်တ ရနေပါတယ်လို့ ရှိုနေမှ။
မဇနိတို့မင်္ဂလာဆောင်ရင် ကိုကြီးပေါကို MC လုပ်ခိုင်းမယ်။
ကူညီပါအုံးနော်။
ရယ်စရာတော့မပြောနဲ့ သတို့သမီးအလှပျက်မှာစိုးလို့။
မဇနိ.....ဘာလဲ သူတို့သမီးက ငိုမှ လှတာလား။
Post a Comment