(ဤပုံကို ဤနေရာမှ ကူးယူထားခြင်း ဖြစ်ပါသည်။)
intel inside တဲ့။
ကွန်ပြူတာဝယ်လိုက်တိုင်း အဖုံးပေါ်က တံဆိပ်ကလေးက ငါ့ကို ပြုံးပြနေတယ်။
ဘယ်လောက် ဂိုင်ဂါဟတ်ဇ် ( GHz ) လဲ။

Core 2 Duo လား။ Core 2 Quad လား။
ဘယ်လောက် ပေးခဲ့ရသလဲ။
ပရိုဆက်ဆာ (Processor)တွေက အမျိုးမျိုး အစားစား။
တချို့ကလည်း တွက်ချက်နိုင်မှု စွမ်းရည်မြင့်မားတယ်။
တချို့ကလည်း ဈေးပေါပေါနဲ့မို့ စွမ်းရည်နိမ့်တယ်။
တချို့ကွန်ပြူတာတွေမှာ အချက်အလက်တွေကို ထိန်းသိမ်းသိုလှောင်နိုင်တဲ့ Memory အရွယ်အစား ကြီးမားပါရဲ့။ တချို့ကွန်ပြူတာတွေမှာတော့ အချက်အလက်များများ မဆံ့ဘူး။
ကွန်ပြူတာကို မောင်းနှင်ဖို့အတွက် Operating System တခုခုတော့ လိုသပေါ့။ အဲသည် အပေါ်မှာ ထပ်ဆင့်ပြီးတော့မှ အသစ် အသစ်သော၊ အမျိုးမျိုးအစားစားသော ပရိုဂရမ်တွေ၊ ဆော့ဖ်ဝဲ တွေကို ထပ်မံ တပ်ဆင်သုံးစွဲကြပြန်တယ်။
မော်ဒယ်အောက်နေတဲ့ စက်တွေမှာ နောက်ဆုံးပေါ် Operating System တွေကို တင်ပြီး သုံးဖို့ခက်တယ်။
သူ့မှာ အနိမ့်ဆုံးလိုအပ်တဲ့ Computing Power နဲ့ RAM size ကလည်း လိုသေးတယ်မို့လား။
မော်ဒယ်နိမ့်တဲ့ စက်တွေမှာ နောက်ဆုံးပေါ် ပရိုဂရမ်တွေ တပ်ဆင်အသုံးပြုရင် သုံးနေရင်း Hang သွားတတ်တာကလည်း သဘာဝ။ တချို့ကျတော့လည်း Compatible မဖြစ်ဘူးတဲ့။
မော်ဒယ်နိမ့်တဲ့ စက်တွေကို ဆက်သုံးချင်သေးရင်တော့ နည်းနည်းပါးပါး Upgrade လုပ်ပေးရတယ်။
Upgrade လုပ်လို့မရရင်တော့ “ကာရန်ကူနီ” ခေါ်တဲ့ အဟောင်းဝယ်တဲ့လူဆီမှာ နှစ်ပဲခြောက်ပြားလောက်နဲ့ ရောင်းလိုက်။ ဒါမှမဟုတ် အမှိုက်ဟောင်း စွန့်ပစ်တဲ့နေရာမှာ အသာသွားချထားလိုက်။
ကွန်ပြူတာမော်ဒယ်တိုင်းဟာ သူ့ခေတ်သူ့အခါလျောက် အသုံးဝင်ခဲ့တာမှန်ပေမယ့် အချိန်ကြာလာတဲ့အခါ၊ မော်ဒယ်အောက်လာတဲ့အခါမျိုးမှာ အသစ်အသစ်သော မော်ဒယ်တွေက အစားထိုးနေရာယူသွားကြတာ ဓမ္မတာပဲ။
မော်ဒယ်မြင့်တဲ့ စက်တွေမှာတောင် အချက်အလက် (data)တွေကို သွင်းပေးဖို့ ထုတ်ပေးဖို့အတွက် Input, Output port တွေ၊ User Interface တွေ မပါဘူးဆိုရင် အလကားပဲ။ သိပ်အသုံးမတည့်လှဘူး။ ပါပြန်တော့လည်း ဗိုင်းရပ်စ်ကြောက်လို့ဆိုပြီး ပြင်ပကမ္ဘာက ဒေတာတွေကို မသွင်းမထုတ်ရဲပဲ ပိတ်ထားလို့ မရပြန်ဘူး။
တချိန်က ကိုယ်ဈေးကြီးပေးဝယ်ခဲ့ပြီး အမြတ်တနိုး တယုတယ ကိုင်တွယ်ခဲ့ရပေမယ့် ကွန်ပြူတာတွေဆိုတာ တချိန်ကျတော့လည်း စွန့်ပစ်လိုက်ရတာပါဘဲလေ။ အစွဲအလန်းကြီးမားသူတွေကတော့ အဟောင်းကလေးကိုပဲ တသသ ကိုင်တွယ်ရင်းနဲ့ ပရိုဂရမ်အသေးစားလေးတွေ၊ ဆော့ဖ်ဝဲ အဟောင်းအမြင်းလေးတွေနဲ့ နှစ်ပါးသွားကြလေတယ်။
Operating System တွေ၊ ဆော့ဖ်ဝဲ တွေဆိုတာလည်း ဒီအတိုင်းပါဘဲ။ အချိန်နဲ့အမျှ အသစ်အသစ်တွေ ထွက်လာနေတာ။ တချို့သူတွေလည်း ဆော့ဖ်ဝဲဗားရှင်း (Softwares Version)အသစ်တွေကို မရင်းနှီးလို့ သုံးစွဲရမှာကို ကြောက်ရွံ့ကြ။ တချို့ကျတော့လည်း လက်ရှိသုံးနေတဲ့ ဗားရှင်းကို အားမရလို့ အသစ်ကိုစောင့်မျှော်ကြ။ တီထွင်ကြ။
ဘာပဲဖြစ်ဖြစ်......ကွန်ပြူတာနည်းပညာနဲ့ ဆော့ဖ်ဝဲ Industry ကတော့ အကြီးအကျယ် တိုးတက်ဆဲ၊ အလုပ်ဖြစ်ဆဲပါ။

2 comments:
ကိုပေါ ရဲ့ ဒီပို့စ်လေးကို သဘောကျသဗျ။
တိုးတက်ပြောင်းလဲမှုတိုင်းမှာ အကောင်း အဆိုး ဒွန်တွဲနေမှာပါပဲ။ ကောင်းတာကို များနိုင်သမျှ အများဆုံးရအောင်ယူပြီး အဆိုးတွေကို နည်းနိုင်သမျှ နည်းအောင်ယူတတ်ဖို့ပဲလိုအပ်မယ်ထင်ပါတယ်။ အကောင်းချည်းပဲ 100% အဆိုး 0% ရမှပဲ ယူမယ်ဟေ့ဆိုရင်တော့ ဘယ်တော့မှ တိုးတက်ပြောင်းလဲမှုဆိုတာဖြစ်လာမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါဟာ အဆိုးတွေရှိသင့်တယ်လို့ အားပေးအားမြှောက် လုပ်နေတာမဟုတ်ဘူးဆိုတာတော့ နားလည်ကြသင့်ပါတယ်။
ဟုတ်ပါပေဗျိုး မှန်ပါပေဗျိုး.. ကိစ္စတော်တော် များများအတွက် လက်ခံပါတယ်.. ဟို ဆက်စပ်နေတဲ့ ကိစ္စကို ရည်ညွန်းတယ် ဆိုရင်တော့ ဘ၀င်မကျပါဘူး ခင်ဗျ.. စကားမစပ်.. ၃၈ဖြာ မင်္ဂလာတရား နောက်ဆုံးဗားရှင်း လေးရရင် လက်တို့ပါဦး .. အဲ.. အဘိဓမ္မာ ဘီတာ ဗားရှင်းရရင် လည်း မမေ့နဲ့နော်.. နောက်တာ.. နောက်တာ... အာ... အတည်ပါ.. :D (P.S ကျနော့ URL မနှိပ်ရ)
Post a Comment