“လှသောမဟာဒေ၀ီ...
ညောင်စောင်းရွှေသလွန်ထက်က ဆင်းသက်လာလေပြီ.....
မဟာဒေ၀ီ...မဟာဒေ၀ီ.....
ခြေသလုံးပေါ်တာ ကြည့်ရုံမျှနဲ့
ဝိပါကကြောင့် ဈာန်လျှောရလေသည်”
ရွှေမန်းတင်မောင်သီချင်းပါ။ ဟိုးခေတ်က မင်းဆရာ ဈာန်ရသူ (ရသေ့/ရဟန်း) တဦး ကောင်းကင်ကနေ ဈာန်နဲ့ ကြွအလာမှာ ဘုရင့်မိဖုရားဖြစ်သူက သလွန်ညောင်စောင်းပေါ်ကအဆင်း ခြေသလုံးလှစ်ကနဲ ပေါ်သွားတာကို ပြတင်းပေါက်ကတဆင့် မြင်လိုက်ရတဲ့အခါ တပ်မက်ခြင်းတဏှာကြောင့် ဈာန်လျှောရတာကို သီချင်းဆိုထားတာပါ။ (ဇာတ်လမ်းအတိအကျကတော့ ဗုဒ္ဓခေတ်က ဇာတ်လမ်းတွေနဲ့ ရင်းနှီးကျွမ်းဝင်သူတွေ ပိုသိကြမှာပါ။ သိသူရှိရင် ကွန်မင့်မှာ ဖော်ပြသွားစေလိုပါတယ်။)
သီချင်းနားထောင်ရင်း ကျနော့်စိတ်ထဲမှာ တွေးမိတာက “သြော်.... ကိုယ်တော့်နှယ်၊ မတန်လိုက်တာပေါ့” ။ ဟုတ်တယ်လေ...တကိုယ်လုံးပေါ်တာ မြင်လိုက်ရလို့ လျှောရတယ်ဆိုရင် တော်သေးတယ်။ အခုတော့ ခြေသလုံးလေးပေါ်တာလောက်နဲ့ ဈာန်လျှောရတာကို ကျနော်က ကြားထဲက မနေနိုင်မထိုင်နိုင် နှမြောမိလို့ပါ။
ကျနော်တို့ ဆယ်တန်းလောက်(၁၉၈၇-ခုနှစ်တ၀ိုက်)ခေတ်အခါက မြန်မာမလေးတွေ ထမိန်တိုတို ၀တ်ကြတာခေတ်စားပါတယ်။ အံမယ်... သီချင်းတောင်ရှိသေးတယ်။ “သူဟာ ထမိန်တိုတို” တဲ့။
အဲ....အဲဒီမတိုင်ခင်ကတော့ ထမီကို ခြေမျက်စိဖုံးအောင် ၀တ်ကြတဲ့ခေတ်ခင်ဗျ။ ထမိန်ကို ဒရွတ်ဆွဲပြီး တံမြက်စည်းလှဲသလိုပေါ့။ ခြေသလုံးပေါ်အောင်ဝတ်ရင် လူကြီးတွေက မကြိုက်ဘူး။ မှတ်မှတ်ရရ..... ဆယ်တန်းအတန်းပိုင် (ကျနော့်ကို တပည့်တယောက်အနေနဲ့ အရမ်းချစ်တဲ့) ဆရာမက ကျောင်းဖွင့်စမှာ ကျောင်းသူတွေကို ပြောပုံက... “နင်တို့ ထမီတိုတို ၀တ်တာတွေ၊ ခါးဖော်တာတွေ မမြင်ချင်ဘူး။ နင်တို့ အသားတွေကို ဘယ်သူမှ မကြည့်ချင်ဘူး၊ လာပြမနေနဲ့” တဲ့။ ဆရာမက အဲသည်လို ဗြောင်ပြောတတ်တယ်။
ဒါပေမယ့် ကျနော်က အဲသည်ကိစ္စမှာတော့ ဆရာမနဲ့ အမြင်ချင်း သိပ်မတူပါဘူး။ ကျနော်တို့အဖို့တော့ အဲသည်တုန်းက ကောင်မလေးတွေ ခါးပေါ်တာကို၊ ခြေသလုံးတုတ်တုတ်ခဲခဲလေးတွေကို ကြည့်ရတာ ကြည့်လို့ကောင်းတာကတော့ အမှန်ပဲ။ ကျိန်ပြောဆို ကျိန်ပြောပါမယ်။ ခါးပေါ်တာ၊ ခြေသလုံးပေါ်တာကို ရှက်စရာကြီးဆိုပြီး လုံးဝမကြည့်ပဲတော့ မနေပါဘူး။ ဒါပေမယ့် အင်မတန် ငမ်းတဲ့အဆင့်အထိ ရောက်မသွားအောင်တော့ ကိုယ့်ဘာသာကိုယ် ဣနြေ္ဒဆည်ပြီး မသိမသာ ခိုးကြည့်ရတာပေါ့။
ဒါပေမယ့်လည်း ကျနော်တို့တက္ကသိုလ်တက်တဲ့အချိန်မှာတော့ ဒီခြေသလုံးပေါ်တာက အဆန်းမဟုတ်တော့ဘူး။ အားလုံးလိုလို ခြေသလုံးဖော်ကြတဲ့ခေတ်ဆိုတော့ ရိုးသွားပြန်ရော။
အဲသည်အချိန်မှာ တချို့တလေလည်း ဒီထက်ဆန်းဆန်းပြားပြား ဖော်ကြပါတယ်။ အဲဒီအချိန်က ရယ်စရာတခုကို ပြောပြရဦးမယ်။ တက္ကသိုလ်မှာ ကျနော်နဲ့ တွဲဖော်တွဲဖက် သူငယ်ချင်းတယောက်ရှိတယ်။ အဲဒီသူငယ်ချင်းက မျက်စိအရမ်းလျှင်ပြီး သွက်သွက်လက်လက် ရှိတယ်။ ကျနော်က အာရုံနှစ်ခုမရတဲ့လူဆိုတော့ လမ်းသွားရင်း စကားပြောနေရင် ဘေးဘီကို အာရုံမရှိတော့ဘူး။ စကားထဲမှာ အာရုံနစ်နေတတ်တယ်။ ရှေ့မျက်နှာချင်းဆိုင်က အသိဖြတ်လျှောက်သွားရင်တောင် မြင်တော့တာမဟုတ်ဘူး။
အဲဒီသူငယ်ချင်းမှာ ချစ်စရာကောင်းတဲ့ အလေ့တခုရှိတယ်။ ထူးထူးခြားခြားလှပတဲ့ မိန်းကလေးတွေ၊ အနိပ်စားကလေးတွေ တွေ့ရင် ကျနော့်ပုခုံးပေါ် သူ့လက်တင်ထားရာကနေ ပုခုံးကို လက်နဲ့ အသာညှစ်ပြီး ပြလေ့ရှိတယ်။ အစားကောင်းအသောက်ကောင်းကို စားရရင် မိတ်ကောင်းဆွေကောင်းကို သတိရတယ်ဆိုတဲ့ စကားအတိုင်းပါဘဲ။ ဝေမျှတာ၊ ဝေမျှတာ။
ဒါပေမယ့် ကျနော်ကလည်း အာရုံက အဲလောက် မသွက်တော့ နှစ်ခါသုံးခါလောက် ပုခုံးကို ညှစ်လိုက်မှ သဘောပေါက်ပြီး ကြည့်လိုက်အခါကျ လွန်သွားပြီ၊ မတွေ့လိုက်ရတော့ဘူး၊ ငတ်ကရော...ဆိုတာမျိုးပေါ့။
စကားစပ်မိလို့ ကျနော့်အင်မတန်နှစ်သက်တဲ့ ကာတွန်းဆရာမောင်ဝဏ္ဏရဲ့ ကာတွန်းလေးတကွက်ကို သွားသတိရတယ်။ အဲသည်ကာတွန်းမှာ အဖိုးကြီး နှစ်ယောက် ညောင်ပင်အောက်က ခုံတန်းမှာ ထိုင်နေကြတယ်။ (လက်ထဲမှာ စိတ်ပုတီးကလေးတွေကိုယ်စီတောင် ပါသလားမသိဘူး။) အဲသည်အချိန်မှာ ကိုယ်လုံးကိုယ်ပေါက်လှလှ ကောင်မလေးတယောက် ရှေ့က ဖြတ်လျှောက်လာတယ်။ အဲဒါကို အဖိုးကြီးနှစ်ယောက်အနက် တယောက်က စမြင်လိုက်တော့ ဒုတိယအဖိုးကြီးကို အသာလက်တို့ အချက်ပြလိုက်တယ်။ အဲဒီနောက် ကာတွန်းကွက်ကလေးထဲမှာတော့ ရှေ့ကမိန်းကလေးဖြတ်လျှောက်သွားတဲ့အခါ လှုပ်ရမ်းနေတဲ့ တင်ပဆုံလေးကို အဖိုးကြီးနှစ်ယောက်စလုံးက မျက်လွှာလေးတွေ ချထားသလို မျက်စေ့ကို မှေးစင်းထားလျက်က မျက်ဆန်နက်နက်ကလေးကတော့ ထပ်ချပ်မခွာလိုက်ကြည့်နေကြပုံကို သရုပ်ဖော်ထားတဲ့ ကာတွန်းမောင်ဝဏ္ဏရဲ့ လက်ရာဟာ အင်မတန် ရယ်စရာလည်းကောင်း၊ သဘာဝလည်းကျ၊ ပြောင်လည်း ပြောင်မြောက်လှပါတယ်။ နောက်ဆုံးကာတွန်းအကွက်မှာ.....ကောင်မလေးလဲ သူတို့ထိုင်နေရာကို လွန်သွားရော.... လက်တို့ပြီး အပြခံလိုက်ရတဲ့ အဖိုးကြီးဆီက အသံထွက်လာတယ်။ “သာဓုဗျာ...သာဓု....သာဓု”.....တဲ့။
စောစောက ကျနော့်သူငယ်ချင်းနဲ့ ကျနော့်အကြောင်းကို ပြောပြရင်း အဲသည်ကာတွန်းလေးက ကျနော့်စိတ်ထဲကို ပြန်ဝင်လာသေးတယ်။
ဟော.... အခု စင်္ကာပူရောက်လာတော့ ခြေသလုံးပေါ်တာလောက်ကို မပြောနဲ့တော့။ ပေါင်တံတခုလုံးနဲ့ တင်အရင်းလောက်အထိ ပေါ်နေတဲ့ ၀တ်စားဆင်ယင်ပုံမျိုးတွေဆိုတာ မမြင်ချင်အဆုံးပါဘဲ။ အဲဒါတွေမြင်ရလို့လည်း သိပ်ပြီး ရင်ခုန်လှိုက်မောတော့ မဖြစ်တော့ပါဘူး။ ယုံကြပါ။ ကြည့်ရတာ အသက်အရွယ် ရလာတာကြောင့် ထင်ပါရဲ့။ ဟိုတလောက ဘလော့ဂါပန်ဒိုရာရဲ့ (သာသည့်မြေသို့)ဆိုတဲ့ပို့စ်တခုမှာ ကျနော့်ထုံးစံ ငြင်းကြခုံကြတော့ ပန်ဒိုရာက “ကိုပေါဟာ စလုံးမပေါင်ဖြူဖြူလေးတွေကို စွဲလန်းလို့ စင်္ကာပူက မခွဲနိုင်မခွာရက်တာ ဖြစ်နိုင်တယ်” ဆိုတာမျိုး ကောက်ချက်ဆွဲပြတော့ ကျနော့်မှာ ဖတ်ရင်းနဲ့ ရယ်ရသေးတယ်။ တကယ်က စလုံးမလေးတွေထက် ဥရောပသူ ပေါင်ဖြူမလေးတွေကို ပိုသဘောကျတာဗျ...။
အဲ....ဟို တက္ကသိုလ်တုန်းက သူငယ်ချင်းနဲ့ အခုနောက်ပိုင်းတွဲမသွားဖြစ်တော့ပေမယ့် ကျနော့်ရဲ့ ထူးခြားလှတဲ့ ကံဇာတာအကျိုးပေးကြောင့် လှတာလေးတွေမြင်ရင် လက်ကုပ်ပြမယ့်သူက ကျနော့်ဘေးမှာ အမြဲရှိနေပါသေးတယ်။ တခြားလူမဟုတ်ပါဘူး။ မဒမ်ပေါ..ပါ။ မဒမ်က ဥရောပလှပျိုဖြူလေးတွေကို ကျနော်မတွေ့ခင် သူသာအရင်မြင်လိုက်ရင် အတင်းလက်ကုပ်ပြတော့တာပါဘဲ။ ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ ဇနီးမယား ပါလဲ။
ဟိုတနေ့က မြို့ထဲကို အသွား ပလက်ဖောင်းပေါ်မှာ မျက်နှာချင်းဆိုင်က လာတဲ့ အဖြူမလေး နှစ်ယောက်ဟာ ဘာကြောင့်မှန်းမသိ ကျနော့်ကို အသေအချာ စူးစူးစိုက်စိုက် ကြည့်သွားကြပါတယ်။ ရုပ်ရှင်ထဲက လူကြမ်းတယောက်ယောက်နဲ့ တူလို့ ကြည့်တာလဲ ဖြစ်နိုင်ပါတယ်။း-) အဲဒါကို မဒမ်မြင်သလို ကျနော်လည်း သတိထားလိုက်မိတယ်။
မဒမ်က ပြောတယ်။ “ကိုကို....မင်းကို ဟိုက အဖြူမလေးနှစ်ယောက်က သေသေချာချာ ကြည့်သွားတယ်..သိလား၊ အဲဒါ မင်းမြင်လိုက်ရဲ့လား”...တဲ့။ အဲဒါကို ကျနော်က “အေးလေ၊ မြင်သားပဲ။ အဲဒါဘာဆန်းသလဲ” ဆိုပြီး ရိုးအီနေတဲ့ အိုက်တင်မျိုးလုပ်ပြလိုက်တော့ မဒမ့်ခမြာက တက်မတတ်ချက်မတတ် ရယ်ရှာပါတော့တယ်။ “အံမယ်လေးဟယ်...ပြောမိတာ မှားပါတယ်”...တဲ့။
နေဦးဗျ။ ဖော်တာချွတ်တာနဲ့ ပတ်သက်လို့ ပြောရရင်....စင်္ကာပူက ဆင်ဆာတွေက ၀တ်တာဆင်တာ နည်းနည်းပါးပါး ဖော်ရင်၊ ပေါ်ရင်လည်း အဲဒီနေရာကို နည်းပညာနဲ့ ၀ါးလိုက်ပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတာက ဒစ္စကာဗာရီ တီဗီလိုင်းမှာ လူရိုင်းတွေအကြောင်းလာရင် လူရိုင်းတွေရဲ့ ပစ္စည်းပစ္စယတွေများ တိုးလိုးတွဲလောင်းနဲ့ မမြင်ချင်အဆုံးဗျာ။ လူရိုင်းတွေကို လူလို့ မသတ်မှတ်တဲ့ သဘောလားတော့ မသိပါဘူး။
ကျနော် သုံးသပ်မိတာ တခုရှိတယ်။ တကိုယ်လုံးကို ဖုံးလွှမ်းပြီး လုံလုံခြုံခြုံဝတ်ကြတဲ့ လူ့အဖွဲ့အစည်းတွေမှာ နည်းနည်းပါးပါး ပေါ်တာ၊ဖော်တာကို မြင်ရရင် ရင်ခုန်လှုပ်ရှားကြပြီး မရိုးမရွ စိတ်တွေ ပေါ်တတ်ကြတယ်ထင်ပါရဲ့။ စောစောက ရွှေမန်းတင်မောင်သီချင်းထဲက ရသေ့ဈာန်လျှောရရှာသလိုပေါ့။ အ၀တ်မကပ်တဲ့ လူရိုင်းတွေလို လူ့အဖွဲ့အစည်းမှာတော့ တင်သား၊ ရင်သားတွေကို ပကတိအတိုင်း အထင်းသားမြင်နေရလည်း ထူးခြားပြီး မရိုးမရွ မဖြစ်စေတော့သလိုပဲ။
အဲဒီတော့ အ၀တ်အစားကို လုံလုံခြုံခြုံဝတ်ဆင်တာဟာ လိင်စိတ်ကို မလှုံ့ဆော်စေချင်လို့ ဆိုတဲ့ အယူအဆဟာ အလုံးစုံ မှန်မှ မှန်ပါ့မလားလို့ စဉ်းစားမိလာတယ်။ ဘာကြောင့်လဲဆိုတော့ အဲသည်လို လုံလုံခြုံခြုံဝတ်ဆင်တဲ့ လူ့အဖွဲ့အစည်းမှာမှ ခြေသလုံးပေါ်တာကြည့်ရုံနဲ့ မရိုးမရွ ဖြစ်တတ်ကြတာမျိုးကလား။ အ၀တ်အစားကို လုံလုံခြုံခြုံဝတ်ခြင်းဟာ လိင်စိတ်ကို Pressure Cooker လို ပေါင်းဖိုထဲမှာ ဖိအားများများနဲ့ နှိပ်ကွပ်ထားပြီး နည်းနည်းလေးဖော်လိုက်တာနဲ့ အင်နဲ့အားနဲ့ ပေါက်ကွဲထွက်လာစေအောင်များ ရှေးလူကြီးတွေက ပရိယာယ်ေ၀၀ုစ်နဲ့ တမင်သက်သက် စီမံထားခဲ့လေရော့သလားလို့ ရောက်တတ်ရာရာ တွေးတောမိသလို တင်ပြလိုက်ပါတယ်။

23 comments:
very nice Mr.Paul
In 1997, r u attend high school? i'm not believe.
Annonymous!
Thanks for pointing out. Typo error! It should be 1987. :-) I will correct it in the post. Thanks.
u r right.
Anonymous,
Thanks. Due to my own typo mistake, I felt I was 10 years younger for a while, ha ha. :-)
ဖတ်ရကျိုးနပ်တဲ့ ပို့စ် ပါရှင်။ ကျမတို့ ငယ် ငယ် ၁၀ တန်းအောင်ပီး အထိ ဘောင်းဘီအရှည် ၀တ်ရင်တောင် အခန့်မသင့်ရင် အလှောင်ခံရပါသေးတယ်။ ဒါ ကျပ်ကျပ်ထုတ်ထုတ် မဟုတ်သေးဘူး ရှင့်။ ရိုးရိုး ဂျင်းဘောင်းဘီ :D
ကိုပေါကို အဖေါ်အချွတ်နဲ့ ပါတ်သက်ပြီး ပို့စ်တင်လောက်အောင် ဖြစ်စေတဲ့ အကြောင်းရင်းကိုပဲ တွေးနေမိတယ်။
မလေးရည်ရေ.... အခုလို အားပေးတဲ့အတွက် ကျေးဇူးပါ။ အာဖဂန်နစ်စတန်လို တကိုယ်လုံးကို အလုံဖုံးရတဲ့ ယဉ်ကျေးမှုအောက်မှာ ကြီးပြင်းရမှာနဲ့ စာရင်တော့ ကံကောင်းသေးပါတယ်လို့ ကြံဖန်ယူဆရမှာပါ။း-)
အိုဘယ့်...လီယိုနာဒို ဒါကိုဘွိုင်းဇ်.... ကမ္ဘာ့စီးပွားပျက်ကပ်ကြီး တာရှည်နေရင်ကြောင့်လည်းကောင်း၊ ဂလိုဘယ်ဝမ်းမင်းခေါ် ကမ္ဘာကြီး တစထက်တစ ပူနွေးလာတဲ့အတွက်ကြောင့်လည်းကောင်း လူတွေ အ၀တ်အစားချွေတာတန်သင့်ရင် ချွေတာရတော့မှာမို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ရေးလိုက်တာပါ။ (အဟီး....နောက်တာပါ။)
ဒီနှစ်ဆန်းပိုင်းမှာ ကျနော်အစချီလာတဲ့ အားနာခြင်း၊ ယဉ်ကျေးခြင်း၊ အမှန်တရား၊ ရိုင်းပြခြင်း၊ မုသားပြောခြင်း၊ ယဉ်ကျေးမှု စတာတွေရဲ့ နောက်ဆက်တွဲအဖြစ် ကျနော်တို့ ကြီးပြင်းခဲ့ရတဲ့ မြန်မာ့လူအသိုင်းအ၀ိုင်းရဲ့ အတွေးအခေါ်၊ ကျနော့်ရဲ့ ငယ်ငယ်ကအတွေးအခေါ်၊ အခုအတွေးအခေါ်တွေအပြင် အခုလောလောဆယ် စိတ်ဝင်စားစရာဖြစ်နေတဲ့ လက်ရှိအကြောင်းအရာတွေအားလုံးဟာ ကျနော့်ကို စေ့ဆော်တဲ့ အကြောင်းတွေပါ။ နောက်ဆုံးအနေနဲ့ စင်္ကာပူရွှေမြို့တော်ကြီးမှာ (ဆရာဒဂုန်တာရာရဲ့ စကားကိုယူသုံးရရင်) ၀တ်လစ်စလစ်အလှနဲ့ အမျိုးသားအမျိုးသမီး စုံတွဲတတွဲ ဗိုလ်ရှုခံထွက်တဲ့သတင်းက အစပေါ့ခင်ဗျာ။ အို.... စုံလို့စုံလို့ပေါ့။
ဒါါဆို များမကြာမီ မောင်ပေါလဲ မဒမ်ပေါနဲ့ ချွတ်ပီးလမ်းသလားတော့မယ်ပေါ့
ကြိုပြောနော်
ပုံလှလှလေးရိုက်ပေးမယ်
အမည်မသိသို့....
တချိန်ကျရင်တော့ လျှောက်ဖြစ်ချင်လည်း လျှောက်ဖြစ်မှာပေါ့ဗျာ။ ဘယ်ပြောနိုင်ပါ့မလဲ။ အခုလောလောဆယ်တော့ အစီအစဉ်မရှိသေးပါဘူး။
Lady Godiva တောင် ကော်ဗင်ထရီ မြို့ထဲမှာ ကိုယ်တုံးလုံးချွတ်နဲ့ မြင်းစီးပြီး ပတ်သေးတာပဲ။ မြို့လူထုကတော့ Lady Godiva ကို လေးစားစိတ်နဲ့ ဘယ်သူမှ တံခါးဖွင့်မကြည့်ပဲ ၀မ်းနည်းစွာ အိမ်ထဲမှာ တိတ်ဆိတ်နေကြသတဲ့။ ဒါပေမယ့် နောက်ပိုင်းမှာ “Peeping Tom” လို့ နာမည်ဆိုးနဲ့ ကျော်ကြားမယ့် သတ္တ၀ါကတော့ ချောင်းကြည့်မိလို့ ရာဇ၀င်မှာ အရှက်တကွဲ အကျိုးနည်းနဲ့ နာမည်ဆိုးကြီး တွင်ကျန်ခဲ့ရပါလေရော။

အဲဒီအကြောင်းလေးပြောပြပါဦးဗျ။ မကြားဖူးလို့ ဗဟုသုတအနေနဲ့ နည်နည်းအကျယ်ချဲ့ ပြောပြပါဦး။
အမည်မသိသို့.....
ကျနော်လည်း ဆရာတက်တိုးဘာသာပြန်တဲ့ စာအုပ်တခုမှာ သူ့အကြောင်း ဖတ်ဖူးတာပဲ။ (စာအုပ်နာမည်က အတ္ထုပ္ပတ္တိဝတ္ထုတိုများ ထင်ရဲ့။ သေချာ မမှတ်မိတော့ဘူး။ ရှိတဲ့စာအုပ်က မီးထဲပါသွားပြီတဲ့။)
စိတ်ဝင်စားတယ်ဆိုရင်ဖြင့် ၀ီကီပီဒီးယားလင့်ခ်မှာ သွားဖတ်ပါ။ အတန်အသင့်တော့ ခြုံငုံမိအောင် တွေ့ရပါလိမ့်မယ်။
http://en.wikipedia.org/wiki/Lady_Godiva
ပို့စ်မှာ ကိုယ့်နာမည်ပါလာတော့ တင်းသွားတယ်ဗျာ (ပဏ္ဍုကဗ္ဗလာကျောက်ဖျာ ကိုပြောတာပါ.. :D)
အလုပ်သွားခါနီး ကမန်းကတန်း ဖတ်သွားပါတယ်။
ညကျမှ မှတ်ချက် ရေးချင်လာရေးပါဦးမယ်။
တော်ပါတော့ ကိုပေါရယ်.. အစိုးရအသစ် တက်ရင် ခင်ဗျားကို ယဉ်ကျေးမှုဝန်ကြီး ခန့်ပါ့မယ်တဲ့... ရပလား..
ဟုတ်ဘူး
ဝတ်လစ်စလစ်ဝန်ကြီး
အဝတ်အစားမဝတ်ရ ဥပဒေသစ်ထုတ်ပြန်မှာ..
ဟဲဟဲ။ နောက်ဆုံးတော့ အမြင်မတော်ဘူးပြောတဲ့ ငနဲတွေပဲ ခိုးခိုးကြည့်နေကြတာပဲ မဟုတ်ဘူးလား။
ကိုပေါနဲ့အပေါင်းအပါတစုလုပ်တာနဲ့ပဲ
အရိုင်းနိုင်ငံတော်ကြီးတည်ဆောက်ကြတော့မှာပေါ့
အခြေခံအုတ်မြစ်ခိုင်ခံဖို့ ငပေါပြောသမျှ လိုက်နာကြဟေ့..
ဝတ်လစ်စလစ်နိုငှ်ု့ငံတော်ကြီးတည်ဆောက်ကြဟေ့
မိဘဆိုတာမရှိဘူးဟေ့..
သားသမီးဆိုတာမရှိဘူးဟေ့..
အားလုံးနေချင်သလိုနေကြဟေ့..
လူတိုင်းလွတ်လပ်တယ်ဟေ့..
လူမြင်ကွင်းမှာလဲ မတော်တရော်တွေလုပ်ကြဟေ့
အနာဂတ်မြန်မာနိုင်ငံအတွက် ငပေါဖန်တီးမဲ့ လွတ်လပ်မှူများ
စည်းမဲ့ကမ်းမဲ့ ဗရမ်းဗတာ လွတ်လပ်ချင်သူများ ငပေါတည်ထောင်မဲ့တိုင်းပြည်ထဲ သွားကြပါဗျို့
အမည်မသိသို့.....
ကိုပေါရဲ့ဆိုလိုရင်းကို နားလည်အောင် ကြိုးစားပြီးတော့ ဖတ်ကြည့်ပါ ။
ထုံးစံမဟုတ်တဲ့ ထုံးစံတွေနဲ့ ခေါက်ရိုးကျိုးနေတဲ့ အတွေးအခေါ်တွေကို ပြင်ဖို့သင့်နေပါပြီ ။
ထုံးစံတိုင်းက လိုက်နာဖို့မှ အဟုတ်တာ ။
ပြီးတော့ ...
ကိုယ့်စိတ်နဲ့ နှိုင်းပြီး မရိုင်းပါနဲ့ရှင် ။
ကိုပေါ ဘာကိုဆိုလိုတယ်ဆိုတာ ရှင်သေချာဖတ်ပြီး စဉ်းစားရင် နားလည်လာပါလိမ့်မယ် ။
ကိုပေါသို့...
ရှေးလူကြီးတွေက ပရိယာယ်သုံးပြီး တမင်သက်သက် စီမံဖန်တီး ထားခဲ့တာတော့ ဟုတ်ဟန်မတူပါဘူး။
Sex ကိစ္စကို အလွန်အမင်း တန်ဖိုးထားတဲ့ မြန်မာ့ယဉ်ကျေးမှု နဲ့ လိုက်လျောညီထွေ ဖြစ်အောင် လောကပါလတရားဖြစ်တဲ့ “ဟီရိ သြတ္တပ္ပ” ကို ရှေးပညာရှိများက ဝတ်စားဆင်ယဉ်မှုမှာ ကိုယ်လိုရာ ဆွဲပြီး ပုံဖော်ခဲ့ဟန် တူပါတယ်။ ဒါကြောင့်လည်း ခြေသလုံးလေး မပေါ့တပေါ် မြင်ရရုံနဲ့ ဈာန်လျှောရတဲ့ စာချိုးတွေ ပေါ်ပေါက်ခဲ့တာပေါ့။
ဒါပေမဲ့ ယဉ်ကျေးမှုဆိုတာ ရပ်တန့်မနေပဲ... အမြဲတမ်း အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ အရာဆိုတော့... အရာအားလုံးလည်း ထိုက်သင့်သလို လိုက်ပြီး ပြောင်းလဲခဲ့... ပြောင်းလဲနေ... ပြောင်းလဲရအုံးမှာပါ။ ယဉ်ကျေးမှုကို ပိတ်ပင်တားဆီးလို့ မရပါဘူး။
အခုပဲ ကျနော်တို့ လက်မခံနိုင်လောက်တဲ့ သီချင်းစာသားတွေ၊ ဝတ်စားဆင်ယဉ်မှုတွေ၊ ဆက်ဆံမှုပုံစံတွေကို လက်တွေ့ကြုံတွေ့နေရပြီလေ...။
ဒါတွေကို ကျနော်တို့ လူ့အဖွဲ့အစည်းက လက်ခံလာတဲ့ တနေ့ကျရင် “ဂျင်းဘောင်းဘီဝတ် ယဉ်ကျေးမှု” ထွန်းကားသလိုမျိုး ဖြစ်လာအုံးမှာ မလွဲသေခြာပါဘဲ။
တစ်ခုတော့ ရှိတာပေါ့ဗျာ... မြတ်ဗုဒ္ဓ ရဲ့ လမ်းညွှန်ချက်တွေကို စကားလုံးတွေနဲ့ ဝေ့ဝိုက်မနေကြဘဲ... လက်တွေ့ အပြုအမူနဲ့ ရှေ့ဆောင်လမ်းပြ လုပ်ဖို့တော့ လိုအပ်တာပေါ့။
ဒါနဲ့ ဦးအောင်ခင်ရဲ့ လေလှိုင်းထဲက စာအုပ်စင် ကို တစုတစည်းထဲ ဖတ်ရှုခွင့် ရတဲ့အတွက် အထူး ကျေးဇူးတင်ရှိကြောင်းပါ။ ဦးမောင်မောင်ကြီးရဲ့ စာအုပ်ကလည်း ဈေးကြီးလှတာမို့ မဝယ်နိုင်သေးပါဘူး။ လမ်းညွှန်ပေးတဲ့ အတွက် ကျေးဇူးပါ။
ကိုပေါရေ - ဘလော့ခ်လောကကြီးကို ပြန်ရောက်ရင်း ကိုပေါဘလော့ခ်ဘက် စာလာဖတ်ဖြစ်တယ်။ မဒမ်ပေါက ကိုပေါသဘောကျတတ်တဲ့ ခပ်ချောချော ကောင်မလေးတွေမြင်ရင် လက်တို့ပြောတယ်ဆိုတာ တော်တော်လေး စိတ်ထားရင့်ကျက်ပါပေတယ်။ ကျွန်မဆိုရင်တော့ အဲဒီလိုမရဘူး။ မဒမ်ပေါဆီမှာ အဲဒီလောက်ထိ စိတ်ထားနိုင်ဖို့ လာသင်ဦးမယ် :P
u called those ppl barbarian. so u r the cultured one. haha..
cultural imperialism, isn't?
သင်စရာ မလိုပါဘူးကွယ်၊ ကိုနိုင်မိုးအောင် ကိုပေါခန္ဓာကိုယ်လောက် ဖြစ်လာတဲ့အခါ ညီမလဲ မဒမ်ပေါလို စိတ်ထားရင့်ကျက်လာမှာပါ (ဟဲဟဲ)
ko Paw,
Come to Thailand. Thai ladies are good in scantly dress and most of them are fabulous.
Really!
Post a Comment